အခန်း ၁၅၀၃
Vol. 104 Ch. 1503
အခန်း (၁၅၀၃) အင်အားစုကြီးများ ဂုဏ်ပြုကြခြင်း။
ကျွင်းမိသားစုနှင့် ကျန်းမိသားစုတို့သည် မျိုးရိုးအစဥ်အဆက် လက်ထပ်ထိမ်းမြားလာခဲ့ကြသဖြင့် ဆက်ဆံရေးမှာ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာသည်။
အခြေခံအားဖြင့် လက်ရည်တစ်ပြင်တည်း စားသောက်ခဲ့ကြသူလိုပင်။
ယခုအခါ ကျွင်းရှောင်ယောက်၊ ကျန်းစန်းယီနှင့် ကျန်းလော့လီ...
အထူးချွန်ဆုံးသော လူငယ်လေးနှင့် အမျိုးသမီးနှစ်ဦးတို့ ပေါင်းစည်းတော့မည်ဖြစ်ရာ ၎င်းမှာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ချစ်ခင်ကြည်နူးစရာ ဖြစ်နေတော့သည်။
ကျန်းတောက်ရွှီနှင့် အခြားသော ကျန်းမိသားစုဝင် ဆွေမျိုးများလည်း အခမ်းအနားသို့ စောစောစီးစီး ရောက်ရှိလာကြသည်။
လူတိုင်းမှာ ပျော်ရွှင်လွန်းသဖြင့် မျက်နှာများ နီမြန်းကာ ပြုံးရွှင်နေကြတော့သည်။
ကျန်းမိသားစုကို ဦးဆောင်လာသူမှာ ယခင်က ယိုပြည်ထောင်ကို စစ်ချီစဉ် ပါဝင်ခဲ့သော ကပ်ဘေးကိုးပါး ဧကရာဇ်တစ်ပိုင်း ကျန်းဟန် ဖြစ်သည်။
သူကိုယ်တိုင် ရှေ့မှ ထွက်လာခြင်းက လုံလောက်သော မျက်နှာပေးခြင်းဟု မှတ်ယူနိုင်ပေသည်။
စားပွဲဝိုင်းများ၏ အပြင်ဘက်တွင် နတ်သံစဉ်များ ပျံ့လွင့်နေသည်။
အလှနတ်သမီးလေးများမှာလည်း ကခုန်နေကြ၍ အလွန်ပင် စည်ကားလှပေသည်။
ကျွင်းမိသားစု၏ နန်းဆောင်တစ်ခုအတွင်းဝယ်...
ကျွင်းရှောင်ယောက်၊ ကျန်းရို့နှင့် အခြားသော ဆွေမျိုးသားချင်းများ စုဝေးနေကြသည်။
ကျွင်းရှောင်ယောက်က ဧည့်သည်များကို ဧည့်ခံရန် ထွက်ခွာတော့မည်။
နောက်ဆုံးမှာတော့ သူသည် ယနေ့ပွဲ၏ အဓိကလူဖြစ်ရာ ဧည့်ခံရန်အတွက် ဦးဆုံး ပေါ်ထွက်လာရမည် ဖြစ်သည်။
"နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ။ အမေ တကယ် ပျော်ပါတယ်... ဒါပေမဲ့ ဝူဟွေ့ ရောက်မလာတာ တစ်ခုပဲ စိတ်မကောင်းဖြစ်ရတယ်"
ကျန်းရို့၏ မျက်ဝန်းများက အနည်းငယ် နီရဲနေကာ သက်ပြင်းချလိုက်သည်။
သူသည် အလွန်ဝမ်းသာနေသော်လည်း ကျွင်းဝူဟွေ့ မရှိခြင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိလေသည်။
"အမေ... ဒါက စေ့စပ်ပွဲပဲ ရှိသေးတာပါ၊ မင်္ဂလာဆောင် မဟုတ်သေးဘူး"
"ပြီးတော့ အဖေ့မှာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေဦးမှာပါ"
ကျွင်းရှောင်ယောက်က နှစ်သိမ့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင်...
သူ၏ သွေးကြောများက အနည်းငယ် လှုပ်ခတ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။
သို့သော်လည်း ထိုလှုပ်ခတ်မှုမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွား၏။
သတိမထားပါက သိရှိရန်ပင် မလွယ်ပေ။
"ဟင်"
ကျွင်းရှောင်ယောက် အံ့သြသွားသည်။
သူ၏ သွေးထဲတွင် အဘယ်ကြောင့် ဤကဲ့သို့ အပြောင်းအလဲများ ဖြစ်ရသနည်း။
'ဒါက... ဖြစ်နိုင်မလား...'
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"ရှောင်ယောက်... ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က ခေတ္တ ငြိမ်သက်သွားသည်ကို မြင်သောအခါ ကျန်းရို့က မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး အမေ... ကျွန်တော် ဧည့်သည်တွေကို သွားကြိုလိုက်ဦးမယ်"
ကျွင်းရှောင်ယောက်လည်း ပြောဆိုပြီးနောက် ထွက်ခွာလာခဲ့လေသည်။
သူ၏ နှုတ်ခမ်းထက်၌မူ အပြုံးတစ်ခု ခပ်ယဲ့ယဲ့ ပေါ်လာတော့သည်။
...........
ကျွင်းမိသားစု၏ တောင်တံခါး အပြင်ဘက်တွင် ဧည့်သည်များ ပြည့်နှက်နေသည်။
သို့သော်လည်း ၎င်းမှာ အင်အားစု အနည်းငယ်သာ ရှိသေးပြီး အများစုက လမ်းခုလတ်၌ ရှိနေကြသေးသည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
"နတ်ဘုရားသားတော် ပေါ်လာပြီဟေ့"
"နတ်ဘုရားသားတော်ကို ဂုဏ်ပြုပါတယ်"
"ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို ဂုဏ်ပြုပါတယ်"
"ကျွင်းသခင်လေးရဲ့ ဒီနေ့ စေ့စပ်ပွဲအတွက် ဂုဏ်ပြုပါတယ်"
အဖက်ဖက်မှ မရေမတွက်နိုင်သော အကျော်အမော်များ၊ အင်အားစုများက လက်ယှက်ပြကာ ဂုဏ်ပြုလိုက်ကြသည်။
"ကျွန်တော့်ရဲ့ စေ့စပ်ပွဲကို လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီစေတနာကို ကျွန်တော် လက်ခံလိုက်ပါပြီ"
ကျွင်းရှောင်ယောက်ကလည်း အနည်းငယ် ဦးညွတ်ပြီး ပြန်လည် နှုတ်ဆက်လိုက်၏။
သူ၏ တည်ငြိမ်အေးဆေးပြီး ယဉ်ကျေးသော အမူအရာကြောင့် လူအများမှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
"ကျွင်းဧကရာဇ်ခုံရုံးက နန်းတော်ရှင်ကို ဂုဏ်ပြုပါတယ်"
ကျွင်းဧကရာဇ်ခုံရုံးမှ ကျွမ်းကျင်သူများလည်း ရောက်ရှိလာကြသည်။
ကျွင်းရှောင်ယောက်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
မိသားစုဝင်များကြားတွင် စည်းကမ်းများစွာ မလိုပေ။
"ရှေးဟောင်းမင်းမျိုးနွယ် ရဲ့မိသားစု ရောက်ရှိလာပါပြီ"
အခမ်းအနားမှူးက အော်ပြောလိုက်သည်။
လူအုပ်စုတစ်စု ရောက်ရှိလာကာ တန်ဖိုးကြီး လက်ဆောင်များ ပေးအပ်ကြ၏။
"နတ်ဘုရားသားတော်နဲ့ ကျုပ်တို့မိသားစုရဲ့ ခေါင်းဆောင်ငယ် ရဲ့ကူချန်တို့ ကိုးပါးကောင်းကင်မှာ လုပ်ဆောင်ခဲ့တာတွေကို အားလုံးက ချီးကျူးနေကြတာပါ"
"နောက်ပိုင်းမှာတော့ ခေါင်းဆောင်ငယ်က လူလွှတ်ပြီး မှာထားပါတယ်၊ စေ့စပ်ပွဲကို သေချာပေါက် တက်ရောက်ဖို့ပေါ့။ ဟုတ်ပါတယ်၊ ခေါင်းဆောင်ငယ်က မမှာရင်တောင် ကျုပ်တို့ ရဲ့မိသားစုက ပျက်ကွက်မှာ မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့၏ ဆက်ဆံရေးကြောင့် ရဲ့မိသားစုမှာ ကျွင်းမိသားစုနှင့် ပိုမိုနီးကပ်လာခဲ့သည်။
"ညီနောင်ရဲ့က ဓားသင်္ချိုင်းမှာ ကျင့်ကြံနေတာမို့ တကယ်ကို မလာနိုင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒီစေတနာကို ကျွန်တော် လက်ခံပါတယ်"
ကျွင်းရှောင်ယောက်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
သူနှင့် ရဲ့ကူချန်ကြားတွင် စကားအများကြီး ပြောနေစရာ မလိုပါ။
၎င်းမှာ သံမဏိကဲ့သို့ ခိုင်မာသည့် သူငယ်ချင်း သံယောဇဉ် ဖြစ်သည်။
"ရှေးဟောင်းမင်းမျိုးနွယ် ကျိမိသားစု ရောက်ရှိလာပါပြီ"
ကျိမိသားစုကလည်း ဂုဏ်ပြုလက်ဆောင် ပေးပို့ခဲ့သည်။
ကျိချင်းယီမှာမူ ကောင်းကင်ကိုးပါးတွင် ကျင့်ကြံနေဆဲ ဖြစ်သဖြင့် ယခုအကြိမ်မှာ ပေါ်မလာခဲ့ပေ။
ထို့နောက်တွင် လူသားအင်မော်တယ်ဂိုဏ်း၊ မိစ္ဆာအင်မော်တယ်ဂိုဏ်းနှင့် အခြားအင်အားစုများလည်း ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော နတ်ဆိုးမလေး ရှောင်မိုရှန်းလည်း ပေါ်လာခဲ့လေသည်။
"ရှောင်ယောက် မောင်လေး... ဂုဏ်ပြုပါတယ်နော်...၊ဒါနဲ့... နောက်ထပ် လူတွေ လိုသေးလား"
သူ့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ယခင်အတိုင်းပင် ရွှတ်နောက်နောက် အမူအရာမျိုး ရှိနေဆဲ ဖြစ်သည်။
ထိုစဉ်က သူသည် ကျန်းလော့လီနှင့် အမြဲ စကားနိုင်လုတတ်ပေသည်။
ကျွင်းရှောင်ယောက်က ပြုံးရုံသာ ပြုံးပြလိုက်သည်။
ထို့နောက်တွင် ဟိန်းထွက်နေသော ရယ်သံကြီးနှင့်အတူ ကောင်းကင်ကိုးပါး အင်မော်တယ်အကယ်ဒမီမှ လူများ ရောက်ရှိလာကြသည်။
အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲကိုယ်တိုင် ပေါ်လာခြင်း ဖြစ်၏။
သူက ပေါ်လာသည်နှင့် ကျွင်းရှောင်ယောက်၏ ပခုံးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်လေသည်။
"မိတ်ဆွေလေး ရှောင်ယောက်... မင်းက ကောင်းကင်ကိုးပါးကို အောင်မြင်ပြီး ဟိုအထက်က ကောင်တွေကို ပညာပေးနိုင်လိမ့်မယ်ဆိုတာ ငါသိတယ်"
အစောပိုင်းတွင် ကောင်းကင်ကိုးပါးက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အချို့ကို ခေါ်ယူခဲ့ပြီး အင်မော်တယ်အကယ်ဒမီမှ ပါရမီရှင်များစွာပင် ပါသွားခဲ့သည်။
သူသည် ထိုပါရမီရှင်များက ပထွေးကို အဖေခေါ်နေကြသည်ဟု ယူဆကာ အလွန်ဒေါသထွက်ခဲ့ပေသည်။
ယခုတော့ ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေအတွက် ဂုဏ်သိက္ခာပြန်ဆယ်ပေးခဲ့ပြီး ဖြစ်သည်။
"ဒါက အတိုးနှုန်း ပြန်ယူတာပဲ ရှိပါသေးတယ်"
ကျွင်းရှောင်ယောက်က ပြုံးလျက် ဆိုလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ၊ အဘိုးကြီးက မင်း ကောင်းကင်ကိုးပါးကို အကြွေးပြန်တောင်းမဲ့နေ့ကို စောင့်နေမယ်"
အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက ရယ်မောလိုက်သည်။
ထို့နောက် ဂုဏ်ပြုမည့် အင်အားစုများ ဆက်တိုက် ရောက်လာကြလေသည်။
"ယွီဟွာ နတ်ဘုရားမင်းဆက် ရောက်ရှိလာပါပြီ"
ထိုကြေညာသံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်မှာ ခဏမျှ တိတ်ဆိတ်သွားသည်။
ယွီဟွာဝမ်နှင့် ယွီယွင်ရှန့်တို့ ဦးဆောင်သော အဖွဲ့ ရောက်လာခြင်း ဖြစ်သည်။
ယွီဟွာဝမ်ကို မြင်သောအခါ လူအများက ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြသည်။
ယွီဟွာဝမ်သည် အနက်ရှိုင်းဆုံး လျှို့ဝှက်နေသော ဆန့်ကျင်ခြင်း ဧကရာဇ်များအနက် တစ်ဦးဖြစ်သည်။
အစပိုင်းတွင် သူသည် ကျွင်းရှောင်ယောက်ကို ညီအစ်ကိုဟု ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် သစ္စာဖောက်ခဲ့ပေသည်။
သို့သော်လည်း ထိုနောက်တွင် ကျွင်းရှောင်ယောက်က သူ့ကို လွှတ်ပေးခဲ့ပြီး သူကလည်း ကျွင်းရှောင်ယောက်ကို စန်းမျိုးနွယ်စုနှင့် ကောင်းကင်သားတော် ရှစ်ပါးအကြောင်း သတိပေးခဲ့ဖူးသည်။
"ကျွင်း...သခင်လေး... ဂုဏ်ပြုပါတယ်"
ယွီဟွာဝမ်၏ ငွေရောင်ဆံနွယ်များက တဖျတ်ဖျတ် လွင့်နေကာ ရုပ်ရည်ချောမောခန့်ညားးသည်။
မူလက သူသည် 'ကျွင်းညီနောင်' ဟု ခေါ်ချင်သော်လည်း နောက်ဆုံးမှာတော့ 'ကျွင်းသခင်လေး' ဟုသာ ခေါ်နိုင်လေသည်။
ယွီဟွာဝမ်သည် သူ့မှာ အခွင့်အရေးမရှိကြောင်း သိသည်။
"ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်ကမူ အမူအရာ မပြောင်းပါ။
အတိတ်ကို အတိတ်မှာ ချန်ထားလိုက်ပြီး ယွီဟွာဝမ်ကိုလည်း ဂရုမစိုက်တော့ပေ။
သူက ရိုးသားစွာ နောင်တရလျှင်ပင် ကျွင်းရှောင်ယောက်အနေဖြင့် သူနှင့် မည်သည့်ခင်မင်မှုမျိုးမှ ထပ်မရှိနိုင်တော့ပါချေ။
ရဲ့ကူချန်ကဲ့သို့ စိတ်ရင်းမှန်နှင့် သစ္စာရှိကာ သူငယ်ချင်းအတွက် အဖော်ပြုပေးနိုင်သူ များများမရှိပါ။
"သခင်လေး... ဂုဏ်ပြုပါတယ်"
ယွီယွင်ရှန့်ကလည်း ရှေ့သို့ လှမ်းလာသည်။
သူသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည်။ ပြေပြစ်သော နှုတ်ခမ်းပါးနှင့် သွားလေးများမှာ ကြည်လင်၏။ သူမ၏ ခန္ဓာကိုယ်မှာလည်း သွယ်လျလေသည်။
နူးညံ့သော အလှတရားနှင့် ပြည့်စုံသည့် မျက်နှာပိုင်ရှင်လေး ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်၊ သူ့မျက်နှာက ပြုံးနေသော်လည်း သူမ၏ မျက်ဝန်းများ နက်ရှိုင်းသော နေရာတွင်မူ ဝမ်းနည်းရိပ်ကလေး တစ်စွန်းတစ်စ ရှိနေသည်။
"ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။
ယွီယွင်ရှန့်က ခေါင်းညိတ်ပြပြီး စားပွဲတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်လေသည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ လူတိုင်းမှာ သက်ပြင်းချမိကြရသည်။
အမှားအယွင်းတစ်ခုက တစ်သက်စာ နောင်တရစေတတ်သည် မဟုတ်ပါလား။
ထိုအချိန်တွင် လှပသော အမျိုးသမီးတစ်ဦး ထပ်မံ ပေါ်လာပြန်သည်။
ကျွင်းရှောင်ယောက် အားလပ်သည့် အချိန်ကို အခွင့်ကောင်းယူကာ သူက အနားသို့ တိုးကပ်ရန် ကြိုးစားလေ၏။
"နတ်ဘုရားသားတော်အရှင်..."
ထိုအမျိုးသမီး၏ မျက်ဝန်း၌ စွဲလန်းမှုများ ပြည့်နေသည်။
"အလို... မင်းက... မဟာရှန့်မင်းဆက်ရဲ့ ဘုရင်မပဲ"
ကျွင်းရှောင်ယောက် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မှတ်မိသွားလေသည်။
"နတ်ဘုရားသားတော်က ကျွန်မကို မှတ်မိနေသေးတာပဲ"
မဟာရှန့်ဘုရင်မ၏ လှပသော မျက်ဝန်းများတွင် အံ့သြဝမ်းသာမှုများ ပေါ်လာခဲ့သည်။
သူသည် ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်ပွဲ၊ ဆယ့်ရှစ်နှစ်ပြည့်ပွဲနှင့် ကျွင်းဧကရာဇ်ခုံရုံး၏ ခမ်းနားသော ပွဲများထိတိုင် အစဉ်တစိုက် တက်ရောက်ခဲ့သူ ဖြစ်သည်။
ယခုလည်း ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲကို ထပ်မံ ရောက်ရှိလာပေသည်။
သူ့ကို ကျွင်းရှောင်ယောက်၏ အမာခံအဖြစ်ဆုံး ပရိသတ်ဟုပင် ခေါ်ဆိုနိုင်သည်။
"မှတ်မိတာပေါ့... မင်းရဲ့ မဟာရှန့်မင်းဆက်ကလည်း ဧကရာဇ်ခုံရုံးထဲ ပါဝင်ထားတယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"ဟုတ်ပါတယ်... ကျွန်မက နတ်ဘုရားသားတော်ရဲ့ နောက်ကို ထာဝရ လိုက်ပါဖို့ ဆန္ဒရှိပါတယ်"
မဟာရှန့်ဘုရင်မမှာ ပျော်လွန်းသဖြင့် မူးမေ့လဲတော့မလို ဖြစ်နေပြီ။
"ဒါနဲ့... ကျုပ် မင်းရဲ့ နာမည်ကို မသိသေးဘူးထင်တယ်"
ကျွင်းရှောင်ယောက်က ရုတ်တရက် သတိရကာ မေးလိုက်သည်။
ဘုရင်မ၏ မျက်ဝန်းများ တောက်ပသွားသည်။ သူသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ပြောရန် ပြင်လိုက်၏။
"နတ်ဘုရားသားတော်...၊ ကျွန်မ နာမည်က...က..."
ထိုစဉ်...
ဝေးလံသော နေရာမှ စူးရှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မမျှော်လင့်ထားသော အင်အားစုတစ်ခု ပေါ်လာခြင်း။
ဦးဆောင်လာသူမှာ ခရမ်းရောင် ဆံနွယ်ရှည်နှင့် မိန်းကလေးငယ်တစ်ဦးပင်။
"လုံယောက်အာလား"
ကျွင်းရှောင်ယောက်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အနှီနဂါးမျိုးနွယ်စုမှ မိန်းကလေးက ရိုက်နှက်ခံရခြင်းကို အမှန်တကယ် စွဲလန်းသွားခြင်း ဖြစ်မည်လော။