အခန်း ၁၅၁၀
Vol. 104 Ch. 1510
အခန်း (၁၅၁၀) ကစဉ့်ကလျားမှာ ငါက အရှင်သခင်။
ကျွင်းရှောင်ယောက်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
သူက စွမ်းအင်ခုခံကာကွယ်ခြင်း နတ်ဘုရားစက်ဝန်းကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ့လက်ကို မြှောက်လိုက်ရာ အရာခပ်သိမ်းကို ဝါးမြိုပစ်နိုင်သည့် တွင်းနက်တစ်ခု ပေါ်ထွက်လာပြီး ထိုဟင်းလင်းပြင် အမှတ်အသားကို ဝါးမြိုရန် ကြိုးစားလိုက်တော့သည်။
၎င်းမှာ တစ်ခုတည်းသော ရေဝဲတွင်းနက် ဖြစ်သည်။
"အဲဒါက... ကောင်းကင်ဘုံရဲ့အမှတ်အသားပဲ၊ သူက ဒီနည်းလမ်းကိုတောင် တတ်နေတာလား"
ကျွင်းမိသားစု၏ ဘိုးဘေးများပင် အံ့အားသင့်သွားကြရသည်။
ဤသည်မှာ အလွန်ပင် ရှေးကျသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပြီး ပြိုင်ဘက်၏ တာအိုလမ်းစဉ်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသည်ဟု ပြောကြလေသည်။
၎င်းမှာ အလွန်အားကောင်းသော ပညာရပ်တစ်ခု ဖြစ်သည်။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်အတွက်မူ ဤသည်မှာ အသက်အန္တရာယ်ဖြစ်စေသည့် လှုပ်ရှားမှု မဟုတ်နိုင်ချေ။
သူက တစ်ခုတည်းသော ရေဝဲတွင်းနက်ဖြင့် ခုခံထားပြီး ၎င်းကို ပြန်လည်သန့်စင်ရန်ပင် ကြိုးစားနေသည်။
ပြင်းထန်သော ထိပ်တိုက်တွေ့မှုဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး နိယာမသံကွင်းဆက်ကြိုးများမှာလည်း ပြိုကျလာတော့သည်။
ထိုကဲ့သို့ အရေးကြီးဆုံးသော အခိုက်အတန့်တွင်...
ကောင်းကင်သားတော် ဖေးထျန်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူသည် ကစဉ့်ကလျားတိုက်ခိုက်မှု တစ်ခုဖြင့် ကျွင်းရှောင်ယောက်၏ နောက်ကျောမှ ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
ဖေးထျန်းက ဤအချိန်ကို ရွေးချယ်ပြီး တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
"ရှောင်ယောက်"
ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။
ကျွင်းရှောင်ယောက်မှာ အရာအားလုံးကို ကိုင်တွယ်နိုင်စွမ်းရှိသည်ကို သိကြသော်လည်း သူ့အတွက် စိုးရိမ်စိတ်ကိုမူ မထိန်းနိုင်ကြချေ။
ထိုအခိုက်အတန့်၌ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်းက ဖေးထျန်း၏ လက်ဝါးသည် ကျွင်းရှောင်ယောက်၏ နောက်ကျောသို့ ကျရောက်တော့မည်ကို မတတ်သာဘဲ ငေးကြည့်နေကြရ၏။
သို့သော်...
"ဝုန်း"
လက်ဝါးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဖေးထျန်း၏ လက်ဝါးကို တားဆီးလိုက်တော့သည်။
လူတိုင်း၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားကြသည်။
ထိုပုံရိပ်မှာလည်း အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အနှိုင်းမဲ့သော အရှိန်အဝါ ရှိ၏။
သူ့တစ်ကိုယ်လုံးတွင် ကစဉ့်ကလျားစွမ်းအင်များ ရစ်ပတ်နေကာ ကစဉ့်ကလျား နတ်ဘုရားဘုရင် တစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။
၎င်းမှာ ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာပင် ဖြစ်သည်။
"ချီတစ်ခုကို သုံးခုပြောင်းစေခြင်း"
လူအများအပြားက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
ကျင့်ကြံသူ အမျိုးသမီးများစွာမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ဟစ်အော်နေကြ၏။
ဤသည်မှာ ဝတ်ရုံဖြူ နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ နာမည်ကျော် ပညာရပ်ဖြစ်ပြီး ယခုအခါ ကျွင်းရှောင်ယောက်ထံတွင် ပြန်လည်မြင်တွေ့နေရခြင်း ဖြစ်သည်။
"ကစဉ့်ကလျားမှာ... ငါကသာ အရှင်သခင်ပဲ"
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက မြင့်မားပြီး အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
သူ၏မျက်ဝန်းများအတွင်း၌ ကစဉ့်ကလျား အလင်းတန်းများ စီးဆင်းနေ၏။
ရောက်ရှိနေသူအားလုံး တုန်လှုပ်သွားကြရသည်။
တိဟောက်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာ ဖေးထျန်း...
ဤအသန်မာဆုံးသော ပါရမီရှင်နှစ်ဦးက ကျွင်းရှောင်ယောက်တစ်ဦးတည်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က ကိုယ်ပွားနှစ်ခု ခွဲထုတ်လိုက်ပြီး တစ်ဦးချင်းစီကို ရင်ဆိုင်နေခြင်းပင်။
ဤသည်မှာ မည်မျှကြီးမားသော သတ္တိနှင့် အရှိန်အဝါမျိုး ဖြစ်သနည်း။
မည်သူမျှ ဤကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"နတ်ဘုရားသားတော်ကတော့ အနှိုင်းမဲ့ပါပဲ"
ကျင့်ကြံသူများစွာမှာ အံ့အားသင့်မှုကို မထိန်းနိုင်တော့ဘဲ ချီးမွမ်းဂုဏ်ပြုလိုက်ကြသည်။
သူတို့၏ မျက်နှာများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကြတော့သည်။
သူတို့၏ သွေးများမှာပင် ပူနွေးလာပြီး လောင်ကျွမ်းနေသကဲ့သို့ ခံစားနေကြရသည်။
ကမ္ဘာကို စိုးမိုးထားသည့် ထိပ်သီးပါရမီရှင် နှစ်ဦးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်သူမှာ ကျွင်းရှောင်ယောက်မှလွဲ၍ မည်သူရှိဦးမည်နည်း။
"ရှောင်ယောက်"
ကျန်းစန်းယီနှင့် ကျန်းလော့လီတို့၏ မျက်နှာထက်တွင် တောက်ပသော အပြုံးများ ပေါ်ပေါက်လာကြသည်။
ဤသူမှာ သူတို့၏ အမျိုးသား၊ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင်ပင် အရှိန်အဝါမျိုးဖြင့် စွမ်းအားကြီးမားသော ခင်ပွန်းလောင်းပင် ဖြစ်ပေသည်။
"လာပါ... ငါ မင်းတို့ကို စိန်ခေါ်ဖို့ နောက်ဆုံးအခွင့်အရေး ပေးမယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ မြင့်မြတ်ခန္ဓာမှာ ရွှေရောင်သွေးများနှင့် စွမ်းအားများ ပြည့်နှက်နေသည်။ တာအိုလမ်းစဉ်၏ အမှတ်အသားများလည်း စီးဆင်းလျက် တောက်ပနေ၏။
ကစဉ့်ကလျားခန္ဓာမှာမူ နဂါးများသဖွယ် ရစ်ပတ်နေသည့် ကစဉ့်ကလျားစွမ်းအင်များနှင့်အတူ ကစဉ့်ကလျားနတ်ဘုရားဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ထူးကဲသော ပုံစံရှိနေသည်။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ဧကရာဇ်တစ်ပိုင်းများပင် သက်ပြင်းချမိကြလေသည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်နှစ်ခုအနက် မည်သည့်တစ်ခုမဆိုသည် ခေတ်တစ်ခုကို ဖိနှိပ်ရန်နှင့် ဤခေတ်၏ ပါရမီရှင်အားလုံးကို ချေမှုန်းရန် လုံလောက်သည်။
ယခုမူ ထိုခန္ဓာကိုယ်နှစ်ခုစလုံးမှာ ကျွင်းရှောင်ယောက်တစ်ဦးတည်းနှင့်သာ သက်ဆိုင်နေပေပြီ။
"အိ... ချီတစ်ခုကို သုံးခုပြောင်းလဲခြင်းကျင့်စဉ်ဆိုရင် ခန္ဓာကိုယ်သုံးခု ရှိရမှာ မဟုတ်ဘူးလား"
တစ်ဦးက ရုတ်တရက် သံသယဖြင့် မေးမြန်းလိုက်သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တတိယမြောက်ခန္ဓာကို မကျင့်ကြံရသေးတာ ဖြစ်မယ်"
"နတ်ဘုရားသားတော်ရဲ့ ခန္ဓာကိုယ်နှစ်ခုလုံးက အလွန်ကို ကြောက်စရာကောင်းတာပဲ၊ တစ်ခုက အနှိုင်းမဲ့ မြင့်မြတ်ခန္ဓာဖြစ်ပြီး နောက်တစ်ခုက အမြင့်မြတ်ဆုံး ကစဉ့်ကလျားခန္ဓာ ဖြစ်နေတယ်"
"နတ်ဘုရားသားတော်ရဲ့ တတိယမြောက်ခန္ဓာကိုယ်က ဘယ်လိုမျိုး ဖြစ်မလဲ...၊ ဘယ်လောက်တောင် သန်မာမလဲ...၊ စဉ်းစားကြည့်ဖို့တောင် မလွယ်ဘူး"
လူများစွာမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။
ကျွင်းရှောင်ယောက်က တတိယမြောက် ခန္ဓာကိုယ်ကို မဖန်တီးရသေးသဖြင့် ဤပညာရပ်မှာ အပြည့်အဝ မပြီးမြောက်သေးချေ။
အကယ်၍ ခန္ဓာကိုယ် သုံးခုလုံးသာ ပေါင်းစည်းသွားမည်ဆိုပါက တိဟောင်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာ ဖေးထျန်းတို့မှာ ပြောပလောက်တော့မည် မဟုတ်ပါ။
"ဒါက အဇူရာဧကရာဇ်နဲ့ ရင်းမြစ်တစ်ခုတည်းက ဆင်းသက်လာတဲ့ ကစဉ့်ကလျားခန္ဓာလား"
ဖေးထျန်း၏ မျက်လုံးများမှာ လေးနက်ပြီး အေးစက်မှုတို့ ပေါ်လာသည်။
သူက ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာကို စိုက်ကြည့်လိုက်၏။
ဖေးထျန်းသည် အစောပိုင်းက တိုက်ခိုက်မှုတွင် ခံစားမိခဲ့သည်။
ဤကစဉ့်ကလျားခန္ဓာက သူ့ထက် လုံးဝ မအားနည်းပါ။
ထို့ပြင် ကစဉ့်ကလျားစွမ်းအားမှာလည်း အလွန်ပင် သန့်စင်လှပြီး သူ၏ မွေးရာပါ ကစဉ့်ကလျားခန္ဓာထက်ပင် မနိမ့်ကျချေ။
ဤသည်မှာ ဖေးထျန်းကို အလွန်ပင် မကျေမနပ် ဖြစ်စေသည်။
ကစဉ့်ကလျားခန္ဓာတစ်ခု မွေးဖွားလာသရွေ့ သူ၏ခေတ်တွင် သူသာလျှင် အဓိက ဇာတ်ဆောင် ဖြစ်ရမည်။
သို့သော်...
ယခုအခါ ကျွင်းရှောင်ယောက်တွင်လည်း အဇူရာဧကရာဇ် ပေးအပ်ထားသော ကစဉ့်ကလျားခန္ဓာ ရှိနေသဖြင့် ဖေးထျန်း၏ ကစဉ့်ကလျားခန္ဓာမှာ တန်ဖိုးကျဆင်းသွားသကဲ့သို့ ခံစားနေရတော့သည်။
နောက်ဆုံးတွင် ရှားပါးသောအရာကသာ အဖိုးတန်ပြီး တစ်ခုတည်းသော တည်ရှိမှုကသာ အတောက်ပဆုံး ဖြစ်သည်။
ထို့ကြောင့် ဖေးထျန်းသည် ကျွင်းရှောင်ယောက်ကို အနိုင်ယူပြီး သူ၏ ကစဉ့်ကလျားခန္ဓာ ဂုဏ်သိက္ခာကို အပြည့်အဝ ပြန်လည်တည်ဆောက်လိုနေခြင်းပင်။
"ဝုန်း"
တီဟောင်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာ ဖေးထျန်းတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ကျွင်းရှောင်ယောက်ကလည်း ခန္ဓာကိုယ် နှစ်ခုဖြင့် ပြန်လည် တိုက်ခိုက်လိုက်၏။
ဤတစ်ကြိမ်တွင် တိဟောက်ထျန်းနှင့် ဖေးထျန်းတို့ နှစ်ဦးစလုံးက အစွမ်းကုန် ထုတ်သုံးလိုက်ကြပြီး သူတို့၏ အကောင်းဆုံးသော တိုက်ကွက်များကို ပြသလိုက်ကြသည်။
တိဟောက်ထျန်းက ဓားအတတ်ကို ထပ်မံထုတ်ဖော်လိုက်သည်။
သူကိုယ်တိုင် ဖန်တီးထားသည့် နတ်ဘုရားစွမ်းရည်ဖြစ်သော ကောင်းကင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း တိဟောက်ထျန်းက ရှီးဟွမ်ဓားကိုမူ အသုံးမပြုခဲ့ချေ။
အကြောင်းမှာ ၎င်းက အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်သည်လည်း အဆင့်အတန်းတူညီသော အင်မော်တယ်တစ်ပိုင်း လက်နက်ဖြစ်သည့် လွမ်ကုပုဆိန်ကို ထုတ်သုံးနိုင်သည် မဟုတ်လော။
တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို အမှန်တကယ် အနိုင်ယူပြီး သူ၏ အတွင်းစိတ်နတ်ဆိုးကို အမြစ်ပြတ် ချေမှုန်းလိုနေခြင်း ဖြစ်သည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ လက်ဝါးအတွင်းမှ တောက်ပသော အလင်းတန်းများက ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အရပ်ပျံ့နှံ့သွားသည်။
၎င်းမှာ ကမ္ဘာဦးကျမ်း... နတ်ဘုရား၏အလင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ကစဉ့်ကလျားခန္ဓာ ဖေးထျန်းက ကစဉ့်ကလျားစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသော ကြေးခေါင်းလောင်းငယ်လေးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဤကြေးခေါင်းလောင်းငယ်မှာ လေထဲတွင် ကြီးမားလာပြီး ကစဉ့်ကလျားတောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်ဆီသို့ ဖိနှိပ်လိုက်တော့သည်။
"အဲဒါက... ကစဉ့်ကလျားခေါင်းလောင်းပဲ"
မျိုးဆက်ဟောင် ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။
ကစဉ့်ကလျားခေါင်းလောင်းဆိုသည်မှာ ကျော်ကြားသော ရှေးဟောင်း အင်မော်တယ်လက်နက်တစ်ခု ဖြစ်သည်။
သို့သော်လည်း ၎င်းက အင်မော်တယ်နယ်မြေကြီးတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိရှိကြချေ။
ရှေးခေတ်ကာလများတွင်မူ ကစဉ့်ကလျားခေါင်းလောင်းနှင့် ပတ်သက်သော မှတ်တမ်းအချို့ ရှိခဲ့ဖူးသည်။
ကောလဟာလများအရ ၎င်းမှာ ရှေးဦးပျက်စီခြင်းမှ ဆင်းသက်လာသော သဘာဝ ရှေးဟောင်း အင်မော်တယ်လက်နက် ဖြစ်ပြီး အလွန်ပင် ထူးခြားလှပေသည်။
၎င်းမှာ ကစဉ့်ကလျားခန္ဓာအတွက် အကောင်းဆုံးသော လက်နက်ဖြစ်သည်ဟု ဆိုနိုင်သည်။
အတိတ်ကာလတွင်လည်း ကစဉ့်ကလျားခန္ဓာပိုင်ရှင်အချို့က ဤခေါင်းလောင်းကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့ကြဖူးသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
ဖေးထျန်းက စစ်မှန်သော ကစဉ့်ကလျား ခေါင်းလောင်းကို ရရှိထားခြင်း ဖြစ်မည်လော။
"မဟုတ်ဘူး၊ ဒါက စစ်မှန်တဲ့ ရှေးဟောင်း အင်မော်တယ်လက်နက် မဟုတ်သေးသည်။ အရှိန်အဝါက သန်မာပေမဲ့ အင်မော်တယ် တစ်ပိုင်း လက်နက်တောင် မဟုတ်ဘူးလေ။ ဒါက အရိပ်အယောင်ပဲ"
ဧကရာဇ်တစ်ပိုင်းတစ်ဦးက အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။
၎င်းမှာ စစ်မှန်သော ခေါင်းလောင်း မဟုတ်ဘဲ အရိပ်အယောင်သာ ဖြစ်ပေသည်။
သို့သော်လည်း ၎င်း၏စွမ်းအားမှာ အလွန်ပင် သန်မာသဖြင့် အနည်းဆုံး အဓိပတိနယ်ပယ် ခုနစ်ခုအတွင်းရှိ ကျင့်ကြံသူများ... ပျက်စီးခြင်းတာအိုသခင်များပင်လျှင် ဤခေါင်းလောင်းကြောင့် တုန်လှုပ်သွားနိုင်သည်။
ကောင်းကင်သားတော် ဖေးထျန်းက ကစဉ့်ကလျားခေါင်းလောင်းကို သယ်ဆောင်လျက် ကျွင်းရှောင်ယောက်ကို ဖိနှိပ်လိုက်တော့သည်။
ဤစွမ်းအားက နတ်ဖန်ဆင်းခြင်းအဓိပတိကိုပင် ဒဏ်ရာရရှိစေနိုင်သည်ဟု ဆိုနိုင်ပေသည်။
ဤသည်မှာ ကစဉ့်ကလျားခန္ဓာ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်ပြီး၊ အဆင့်ကျော်၍ စိန်ခေါ်တိုက်ခိုက်ခြင်းက သူတို့အတွက် ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက်သည်လည်း အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိသူဖြစ်ကာ သူက ထိုပါရမီရှင်များထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။
"အရည်အသွေးနိမ့်တဲ့ အတုအယောင်တစ်ခုကို ထုတ်ယူပြီး ကိုယ့်အရှက်ကို ပြန်ခွဲနေတာပဲ"
ကျွင်းရှောင်ယောက်၏ ကစဥ့်ကလျားခန္ဓာက အရာအားလုံး၏ မိခင်ချီ ဒယ်စောက်အိုးကို ထုတ်ဖော်လိုက်သည်။
သူက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို သယ်ဆောင်လျက် ဖေးထျန်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရာ ကြယ်နှစ်စင်း တိုက်မိသကဲ့သို့ ဖြစ်၏။
"ဒေါင်..."
ခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အသံလှိုင်းများကြောင့် ကျင့်ကြံသူအချို့၏ နားစည်များပင် ကွဲထွက်မတတ် ဖြစ်သွားရတော့သည်။
"ဝုန်း..."
ထို့နောက် ပုံရိပ်တစ်ခုက လွင့်ထွက်သွားသည်။
ထိုသူမှာ အခြားမဟုတ်ဘဲ ဖေးထျန်းပင် ဖြစ်ပေတော့သည်။