အခန်း ၁၅၁၃
Vol. 105 Ch. 1513
အခန်း ( ၁၅၁၃ ) အတွင်းစိတ်နတ်ဆိုး စတင်မွေးဖွားခြင်း။
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက အစွန်းအထင်းမရှိသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး တည်ငြိမ်စွာ ရပ်နေသည်။
အရိုးရှင်းဆုံးဖြစ်သကဲ့သို့ ယုံကြည်မှုနှင့် မာန်မာနတို့ ပြည့်နှက်နေသော စကားများက နေရာအနှံ့ ပဲ့တင်ထပ်သွား၏။
"ကစဉ့်ကလျားခန္ဓာက ဒီလောကမှာ တစ်ခုတည်းမဟုတ်ဘူး။ ဒါပေမဲ့ ငါ ကျွင်းရှောင်ယောက်ရဲ့ ကစဉ့်ကလျားခန္ဓာကတော့ ဒီလောကမှာ အသန်မာဆုံး ဖြစ်လိမ့်မယ်"
ဤစကားမှာ ယခင်ခေတ်အဆက်ဆက်မှ ကစဉ့်ကလျားခန္ဓာပိုင်ရှင်အားလုံးကို စော်ကားရာကျသည်။
သို့သော်လည်း ရောက်ရှိနေသော ကျင့်ကြံသူများထဲတွင် မည်သူမျှ ပြန်လည် မချေပဝံ့ကြချေ။
သူတို့သည် ကျွင်းရှောင်ယောက်၏ စကားများက မှားယွင်းခြင်းမရှိဟုပင် ခံစားနေကြရသည်။
တစ်ဦးတစ်ယောက်၏ စွမ်းအားက စစ်မှန်သော မွေးရာပါ ကစဉ့်ကလျားခန္ဓာ အပါအဝင် ကောင်းကင်သားတော်ရှစ်ပါးလုံးကို အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့သည် မဟုတ်ပါလား။
နောင်အနာဂတ်တွင် ကျွင်းရှောင်ယောက်က သမိုင်းတစ်လျှောက် အသန်မာဆုံးသော ကစဉ့်ကလျားခန္ဓာ ဖြစ်လာလိမ့်မည်ဟု ဆိုခြင်းမှာလည်း ကြွားဝါပြောဆိုခြင်း မဟုတ်ဟု ထင်ရသည်။
"ကျွင်း...ရှောင်...ယောက်"
ဖေးထျန်း၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါနေသည်။
သူ၏ဝတ်ရုံမှာ သွေးများဖြင့် စွန်းထင်းနေပြီး အရိုးများမှာလည်း ကျိုးကြေနေ၏။
ကံကောင်းထောက်မစွာဖြင့်၊ သူသည် ကစဉ့်ကလျားခန္ဓာပိုင်ရှင် ဖြစ်သဖြင့် အခြားခုနစ်ဦးထက် အခြေအနေ ပိုကောင်းသည်။
သို့သော်...
ကျန်သူများမှာမူ အရိုးများ ကြေမွကာ အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေကြရှာသည်။
ရောက်လာစဉ်က ထောင်လွှားခဲ့သော မာနများက ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိသွားပြီနည်း။
သူတို့ရှစ်ဦး ပေါင်းစပ်ထားသော စွမ်းအားမှာပင် ကျရှုံးသွားခဲ့ရချေပြီ။
ဖေးထျန်းဆိုလျှင် သူ၏ ကစဉ့်ကလျားခန္ဓာ မူလရင်းမြစ် တစ်ဝက်ကို ဆုံးရှုံးလိုက်ရသဖြင့် ရင်ကွဲနေရသည်။
ယနေ့ ဆုံးရှုံးသွားသောအရာများကို ပြန်လည်ဖြည့်တင်းရန် အချိန်မည်မျှ ယူရမည်ကို သူ မသိတော့ချေ။
ထို့ပြင် စန်းမျိုးနွယ်စု၏ နောက်ခံနှင့်ပင် ကစဉ့်ကလျားမူလရင်းမြစ် ပါဝင်သောအရာများကို ရှာဖွေရန်မှာ အလွန် ခဲယဉ်းသည်။
ဖေးထျန်း၏ အနာဂတ်က လုံးဝ ထိခိုက်သွားပြီဟု ဆိုနိုင်ပေသည်။
အကယ်၍ သူသာ အနာဂတ်ကို ကြိုတင်သိမြင်နိုင်ပါက ယခုကဲ့သို့ မဆင်မခြင် လာရောက်မည်မဟုတ်ပေ။
သူက ကစဉ့်ကလျားခန္ဓာဖြင့် စစ်မှန်သော ဧကရာဇ်အဆင့်သို့ ရောက်ရှိချိန်မှသာ ကျွင်းရှောင်ယောက်ကို လာရောက်စိန်ခေါ်ပေလိမ့်မည်။
"တကယ်လို့ မင်းတို့က ထပ်ပြီး တိုက်ချင်သေးတယ်ဆိုရင်တော့ မင်းရဲ့ ကျန်တဲ့ မူလရင်းမြစ် တစ်ဝက်ကိုပါ ငါ ကျွင်းရှောင်ယောက်က သိမ်းပိုက်လိုက်ဖို့ ဝန်မလေးဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဖေးထျန်း၏ မျက်ဝန်းထဲတွင် ဒေါသတို့ဖြင့် ရုန်းကန်နေသော အမူအရာများ ပေါ်ထွက်လာသည်။
ထို့နောက်တွင်မူ ဘာတစ်ခွန်းမှ မဆိုဘဲ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။
သူ၏ ပုံစံမှာ အိမ်ခြေမဲ့ ခွေးတစ်ကောင်နှင့်ပင် ဆင်တူနေသည်။
ကျန်ရှိသော ကောင်းကင်သားတော် ခုနစ်ဦး၏ မျက်နှာများမှာလည်း ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေကြ၏။
အထူးသဖြင့် ကျွင်းရှောင်ယောက်နှင့် အာဃာတရှိသော ကောင်းကင်သားတော် ကျိုးထျန်းမှာ ယခုအခါ အီးပုံလက်ထောက်မိသကဲ့သို့ အကြည့်ရဆိုးစွာ ရှုံ့မဲ့နေတော့သည်။
သူတို့သည် မြင့်မြတ်သော ကောင်းကင်သားတော် ရှစ်ပါး ဖြစ်သော်လည်း ယခုအခါတွင်မူ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပေသည်။
"ကျွင်းရှောင်ယောက်... ငါတို့ မင်းကို လျှော့တွက်ခဲ့မိတယ်။ ဒါပေမဲ့... နောက်ပိုင်းမှာ မင်း ဆက်ပြီး ရယ်နိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"
ကျိုးထျန်းက အေးစက်စွာ ပြောဆိုပြီး ထွက်ခွာသွားသည်။
ကျွင်းရှောင်ယောက်ကလည်း သူတို့ကို မတားဆီးခဲ့ချေ။
ယနေ့တွင် သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးပြီးသား ဖြစ်သည်။
ထို့ပြင် အကယ်၍ သူတို့ ရှစ်ဦးလုံးကို သတ်လိုက်မည်ဆိုပါက စန်းမျိုးနွယ်စုသည် ထိုင်နေနိုင်တော့မည် မဟုတ်ပေ။
ယနေ့သည် သူ၏ စေ့စပ်ပွဲနေ့ ဖြစ်သဖြင့် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့အတွက် မလိုလားအပ်သော အမှတ်တရဆိုးများ မကျန်ရစ်စေလိုပါ။
'ကျိုးထျန်း ပြောသွားတဲ့ လေသံအရဆိုရင် ဒီကပ်ဘေးလှိုင်းတွေက ငါ့ရဲ့ ကျွင်းမိသားစုအထိ ပျံ့နှံ့လာနိုင်တယ်လို့ သူတို့ ခန့်မှန်းထားကြတာလား'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်မိသည်။
ကောင်းကင်သားတော် ရှစ်ပါး ထွက်ခွာသွားပြီးနောက် ရောက်ရှိနေသော ဧည့်သည်တော်များမှာ တီးတိုးပြောဆိုသံများဖြင့် ပြန်လည်သက်ဝင်လာတော့သည်။
"မွေးရာပါ ကစဉ့်ကလျားခန္ဓာကို ကြည့်ကြပါဦး... ကစဉ့်ကလျားတံခါးကနေ နိုးထလာပြီးနောက် ကမ္ဘာကြီးကို စိုးမိုးနိုင်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ မကြာခင်မှာပဲ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆီမှာ သင်ခန်းစာ အပေးခံလိုက်ရတယ်။ တကယ်ကို သနားစရာကောင်းပါတယ်"
ကျင့်ကြံသူအချို့က ပြောလိုက်ကြသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ခေတ်တစ်ခုတည်းမှာ မွေးဖွားလာရသူ ဘယ်သူကများ သနားစရာ မရှိလို့လဲ။ သူရှိနေသရွေ့ ဘယ်ပါရမီရှင်မှ ထိပ်ဆုံးကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး"
"လူတစ်ယောက်က ခေတ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်တယ်ဆိုတာ... စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလွန်းတယ်"
ဧည့်သည်တော်များက သက်ပြင်းချလိုက်ကြလေသည်။
အခြားတစ်ဖက်တွင်မူ၊ ကျွင်းရှောင်ယောက်၏ မူလခန္ဓာနှင့် တိဟောက်ထျန်းတို့က တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ကစဉ့်ကလျားခန္ဓာ အပါအဝင် ကောင်းကင်သားတော် ရှစ်ပါးလုံးကို ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာ ကိုယ်ပွားက အနိုင်ယူလိုက်သည်ကို မြင်သောအခါ တိဟောကမထျန်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရ၏။
အကယ်၍ ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာပါ ဤတိုက်ပွဲတွင် ဝင်ရောက်လာပါက သူသည် မည်သို့မျှ အနိုင်ရရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ချေ။
'ဟင်... ငါ တကယ်ပဲ ကြောက်စိတ် ဝင်နေမိတာလား'
ရုတ်တရက်၊ တိဟောက်ထျန်း၏ စိတ်ထဲတွင် အတွေးများ လှုပ်ခတ်လာသည်။
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားကိုယ်ပွားပါ ဝင်ရောက်တိုက်ခိုက်မည်ကို သူ စိုးရိမ်နေမိခြင်း ဖြစ်၏။
ထိုအတွက် သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။
တိဟောက်ထျန်း၏ အတွေးများကို သိနေဟန်ဖြင့် ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... ငါ့ရဲ့ ကိုယ်ပွားခန္ဓာက ဒီတိုက်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူး"
ထိုစကားကြောင့် တိဟောက်ထျန်းက စိတ်သက်သာရာ မရသည့်အပြင် မိမိကိုယ်ကိုယ်ပင် မုန်းတီးစိတ်များ ဖြစ်ပေါ်လာရသည်။
သူက အမှန်တကယ်ပင် ကြောက်ရွံ့နေမိပြီ မဟုတ်ပါလား။
'ကြောက်စိတ်လား... ငါက ဟောက်ထျန်းနဂါးဧကရာဇ်၊ ဧကရာဇ်ငယ် တိဟောက်ထျန်းပဲ'
'ငါက ဘယ်လိုလုပ်ပြီး ကြောက်ရွံ့မှာတဲ့လဲ၊ ဘယ်လိုလုပ် ကြောက်ရမှာလဲ'
"ကျွင်းရှောင်ယောက်"
တိဟောက်ထျန်း၏ မျက်ဝန်းများက တောက်ပလာပြီး ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့ရဲ့ အတွင်းစိတ်နတ်ဆိုး ဖြစ်လာပြီ။ မင်းကို အနိုင်ယူနိုင်မှသာ ငါ့ရဲ့ ကျင့်ကြံမှုလမ်းစဉ်က ပိုပြီး တိုးတက်လာနိုင်လိမ့်မယ်။ ဒါကြောင့် တစ်ကွက်တည်းနဲ့ အရှုံးအနိုင် ဆုံးဖြတ်ကြစို့"
တိဟောက်ထျန်းက သူ၏ စွမ်းအားကို အကုန်အစင် ပေါက်ကွဲစေလိုက်သည်။
သူ့မျက်လုံးများတွင် သန်မာသော တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေ၏။
ဤသည်မှာ ကျွင်းရှောင်ယောက်နှင့် နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။
"ကောင်းပြီလေ... အဲဒီလိုဆိုရင်လည်း လာခဲ့ပါ"
ကျွင်းရှောင်ယောက်ကမူ အေးဆေးတည်ငြိမ်စွာ ရပ်တည်နေပြီး သူ၏ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေပေသည်။
အမှန်အတိုင်းဆိုရလျှင်၊ အစပိုင်းတွင် သူက တိဟောက်ထျန်းကို သိပ်ပြီး အလေးမထားခဲ့ပါ။
အနည်းငယ် ပို၍သန်မာသော ကြက်သွန်မြိတ်တစ်ခုဟုသာ သတ်မှတ်ခဲ့သည်။
သို့သော်၊ ယခုအခါတွင်မူ တိဟောက်ထျန်း၏ တိုက်ခိုက်လိုစိတ်နှင့် ခိုင်မာသော မျက်ဝန်းများကြောင့် သူ့ကို အနည်းငယ် အသိအမှတ် ပြုရပေတော့မည်။
"လာစမ်း"
တိဟောက်ထျန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
မွေးရာပါ နဂါးဧကရာဇ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
နတ်ဆိုးနတ်ဘုရားခန္ဓာသည်လည်း အစွမ်းကုန် နိုးထလာသည်။
ထို့ပြင် သူ၏ 'ပုံရိပ်ယောင်ခွင်း ငွေမျက်လုံး'ကိုလည်း အစွမ်းကုန် အသုံးပြုလိုက်၏။
သူ၏ တစ်ကိုယ်လုံးရှိ သွေးများက ဆူပွက်လောင်ကျွမ်းနေပြီး စွမ်းအားမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။
သူက စွမ်းရည်အမျိုးမျိုးတို့ကို ပေါင်းစပ်လိုက်ရာ ထိုအရှိန်အဝါကြောင့် ကောင်းကင်ကြီးပင် အရောင်ပြောင်းသွားတော့သည်။
"ဒီအရှိန်အဝါက... နတ်ဖန်ဆင်းခြင်းအဓိပတိတောင် တားဆီးနိုင်ပါ့မလား"
ကျင့်ကြံသူ အများစု မအောင့်နိုင်တော့ဘဲ ဝုန်းခနဲ ထရပ်လိုက်ကြသည်။
မျိုးဆက်သစ်လူငယ်များက ဤအဆင့်အထိ တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
ကျန်းစန်းယီ၊ ကျန်းလော့လီ၊ လင်ယွမ်၊ ယွမ်ချယ်၊ ကျွင်းမိသားစုဝင်များနှင့် ကျွင်းဧကရာဇ်ခုံရုံးမှ လူတိုင်း၏ မျက်လုံးအကြည့်များမှာလည်း တစ်နေရာတည်းသို့ စူးစိုက်နေကြပြ္။
ကျွင်းရှောင်ယောက်၏ စွမ်းအားကို သူတို့ ယုံကြည်သော်လည်း တိဟောက်ထျန်း၏ အရှိန်အဝါက ပြင်းထန်လွန်းလှသည်။
တိဟောက်ထျန်း၏ ပတ်ပတ်လည်တွင် နိယာမ သံကွင်းဆက်ကြိုးပေါင်း ထောင်ချီ၍ ပေါ်ထွက်လာသည်။
ဤအခိုက်တွင်၊ သူသည် ရွှေရောင်အလင်းတန်းများကြားတွင် နင်းလျှောက်နေသကဲ့သို့ ဖြစ်၏။
သူက လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ညွှန်ပြပြီး အခြားလက်တစ်ဖက်ဖြင့် မြေပြင်ကို ညွှန်ပြလျက် ဆိုလိုက်သည်။
"ကောင်းကင်နဲ့ မြေပြင်ကြားမှာ ငါသာလျှင် အတုမဲ့သူ ဖြစ်တယ်"
တိဟောက်ထျန်း၏ ခန္ဓာကိုယ်က ရွှေရောင် အင်မော်တယ်ဧကရာဇ်တစ်ပါး ဆင်းသက်လာသကဲ့သို့ တောက်ပနေသည်။
ဤသည်မှာ သူ၏ နောက်ဆုံးတိုက်ကွက် ဖြစ်၏။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က စတင် လှုပ်ရှားလိုက်သည်။
သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း...
အင်မော်တယ်ဘုရင် လင်းကျိုးထျန်း...
ယင်ယန် သေခြင်းရှင်ခြင်းပန်းချီကား...
ရှေးဦးပျက်ဆီးခြင်းမိုးပြာရောင်ကြာပန်း...
လှပသော တောင်တန်းနှင့်မြစ်ပြင်...
မိုးနှင့်မြေ၏ ဆန်းကြယ်တံခါး...
မြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုစလုံးကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ထို့ပြင် သူ၏ အတွင်းစကြဝဠာမှ ကမ္ဘာငယ်၏ စွမ်းအားအချို့ကိုလည်း ထည့်သွင်းလိုက်၏။
ရူပါရုံ ခြောက်မျိုး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက အရပ်မျက်နှာ အနှံ့အပြားသို့ ဖြာထွက်လာတော့သည်။
ကျွင်းရှောင်ယောက်က သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ထို့နောက်မှာတော့ စွမ်းအင်အားလုံးကို လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းနှင့် လက်သီးတစ်ချက်တည်းတွင် စုစည်းကာ ထိုးနှက်လိုက်တော့သည်။
ထိုလက်သီးချက်မှာ ပြန်လည်ဝင်စားခြင်း ကမ္ဘာခြောက်ခုဖြင့် ရိုက်ခတ်လိုက်သကဲ့သို့ ဖြစ်ပြီး အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်တော့မည့်အလား ထင်ရသည်။
ထိုကမ္ဘာခြောက်ခုက မဝေဝါးဘဲ အမှန်တကယ် တည်ရှိနေသကဲ့သို့ ဖြစ်နေရခြင်းမှာမူ ကျွင်းရှောင်ယောက်က ကမ္ဘာငယ်၏ စွမ်းအားများကို ထည့်သွင်းထားခဲ့သောကြောင့်ပင်။
"ဝုန်း"
သူတို့နှစ်ဦးမှာ ဂြိုလ်နှစ်စင်းကဲ့သို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ထိုအခိုက်အတန့်တွင် ကျွင်းမိသားစု၏ အနက်ရှိုင်းဆုံးအရပ်မှ အားကောင်းသော အရှိန်အဝါတစ်ခု မြင့်တက်လာသည်။
ဘိုးဘေးတစ်ဦး၏ လက်ဝါးတစ်ဖက်က ကောင်းကင်နှင့် မြေပြင်ကြားတွင် အတားအဆီးတစ်ခုအဖြစ် ဖန်တီးကာ ကာကွယ်ပေးလိုက်၏။
ဤတိုက်ခိုက်မှုမှာ ပြင်းထန်လွန်းသဖြင့် ကျွင်းမိသားစု၏ ဘိုးဘေးများ ဝင်ရောက်မတားဆီးပါက ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သောကြောင့်ပင်။
တိုက်ပွဲဗဟိုတွင်၊ အရာအားလုံးမှာ တည်ရှိခြင်း မရှိတော့သကဲ့သို့ ဖြစ်သွားရသည်။
နိယာမ အလင်းများနှင့် နိယာ သံကွင်းဆက်ကြိုးများစွာမှာ ရှုပ်ထွေးစွာ ရောယှက်နေကြ၏။
နောက်ဆုံးတွင် ပုံရိပ်တစ်ခုက နောက်သို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ တောင်များကို ရိုက်ခတ်ပျက်စီးသွားစေခဲ့တော့သည်။
"တိဟောက်ထျန်း... အရှုံးအနိုင်က ပေါ်သွားပြီ။ မင်း ရှုံးနိမ့်သွားခဲ့ပြီ"
ကျွင်းရှောင်ယောက်၏ အဖြူရောင် ဝတ်စုံမှာမူ နှင်းပွင့်ကဲ့သို့ ဖြူစင်နေဆဲဖြစ်ပြီး ဖုန်မှုန့်တစ်စပင် မရှိချေ။
သူ၏ လေသံမှာလည်း တည်ငြိမ်သည်။
သူက မည်သည့် ဝါကြွားမှုမျှ မပါဘဲ ရိုးရိုးရှင်းရှင်း အမှန်တရားတစ်ခုကို ပြောဆိုသကဲ့သို့ ဖြစ်တော့သည်။