အခန်း ၁၅၂၀
Vol. 105 Ch. 1520
အခန်း ( ၁၅၂၀ ) ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် အင်မော်တယ်ခုံရုံး၊ ကျွင်းမိသားစုနှင့် ဧကရာဇ်ကြွေလွင့်တောင်။
စိုးရိမ်သောက၊ နာကျင်စွာ အော်ဟစ်သံနှင့် ငိုကြွေးသံများ...
မရေမတွက်နိုင်သော အင်အားစုများ ပြိုကွဲပျက်စီးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်နတ်ဆိုး ရှေးနန်းတော်ကဲ့သို့ အစွမ်းထက်သော အင်မော်တယ်အင်အားစုပင်လျှင်...
ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုကပ်ဘေး ဒီရေလှိုင်းအောက်တွင် အနည်းငယ်မျှ လှိုင်းမထနိုင်ဘဲ ခဏချင်းအတွင်း နစ်မြုပ်သွားခဲ့ရပေသည်။
လူသားတို့က မုန်တိုင်းကြားမှ မြက်ပင်ငယ်များကဲ့သို့ဖြစ်ပြီး သက်ရှိတို့က လေပြင်းကြားမှ စွန်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ဆိုလိုက်ခြင်းမှာ အမှန်ကန်ဆုံးသော ပုံဖော်ချက်ပင်။
အင်မော်တယ်နယ်မြေရှိ သတ္တဝါများစွာမှာ အချိန်နှင့်အမျှ သေဆုံးနေခဲ့ရသည်။
ဟုတ်သည်၊ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးမှာ သဘာဝအတိုင်း အလွန်တရာ ကျယ်ပြော၏။
အင်မော်တယ်နယ်မြေ တစ်ခုစီတိုင်းတွင် သတ္တဝါပေါင်း သိန်းသန်းမက ရှိနေကြသည်။
အမှောင်ထု ကပ်ဘေးကြီးအတွင်းမှာပင် အင်မော်တယ်နယ်မြေရှိ သတ္တဝါအများစုကို အချိန်တိုအတွင်း သုတ်သင်ပစ်ရန်မှာ မဖြစ်နိုင်ချေ။
အင်မော်တယ်နယ်မြေကြီးရှိ သတ္တဝါအားလုံး၏ သောကနှင့် ငိုကြွေးသံများကို ရင်ဆိုင်ရသော်လည်း...
ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ ဆင်းသက်လာသော ဧကရာဇ်များ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် လှုပ်ခတ်မှု မရှိချေ။
ဧကရာဇ်တစ်ပိုင်း တစ်ဦးက မိသားစုကို ကာကွယ်ရင်း အသက်လုထွက်ပြေးနေသည်။
သို့သော်လည်း ရလဒ်အနေဖြင့် သူတို့က အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ အစွမ်းထက်သော ဧကရာဇ်တစ်ပါး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ သတ္တဝါများက သာမန်သတ္တဝါများနှင့် မတူပေ။
၎င်းကို သတ်ဖြတ်ပြီး အင်မော်တယ်ယဇ်ပလ္လင်သို့ ပူဇော်ပါက အောင်မြင်မှု ရမှတ်များစွာ ရရှိနိုင်သည်။
အောင်မြင်မှုရမှတ်ဆိုသည်မှာ အမှတ်များနှင့် ဆင်တူပေသည်။
၎င်းတို့ကို စုဆောင်းနိုင်လေလေ၊ အင်မော်တယ်တံခါး ပွင့်လာသည့်အခါ ရရှိမည့် အကျိုးကျေးဇူးများ ပိုမိုကြီးမားလေလေ ဖြစ်သည်။
ထို့ကြောင့် ဤတားမြစ်နယ်မြေမှ ကျွမ်းကျင်သူများက ထိုအကျော်အမော်မျိုးကို မည်သည့်အခါမျှ လက်လွှတ်ပေးမည် မဟုတ်ချေ။
အားနည်းသူများအတွက်လည်း ခြင်တစ်ကောင်က မည်မျှပင် သေးငယ်ပါစေ အသားတစ်ဖတ်ပင်ဖြစ်သည်ဟု မှတ်ယူကာ စုပေါင်း၍ ရရှိမည့် အမှတ်များကို စွန့်လွှတ်မည် မဟုတ်ပါ။
"မင်းတို့အတွက် ငါ့အသက်ကို စွန့်လွှတ်ဖို့ အသင့်ရှိပါတယ်။ ငါ့မိသားစုကို ချန်ထားပေးဖို့ပဲ မျှော်လင့်တာပါ၊ သူတို့က သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါ"
ထိုဧကရာဇ်တစ်ပိုင်းက သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားဟန်ဖြင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်ကြီးကို ပြောလိုက်သည်။
သို့သော် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ကို မြှောက်လိုက်သည်။
လက်ဝါးတစ်ချက်တည်းဖြင့် ထိုဧကရာဇ်တစ်ပိုင်းနှင့် သူ၏နောက်ကွယ်မှ မိသားစုပါ အတူတကွ သုတ်သင်ခံလိုက်ရ၏။
သူတို့၏ အသက်ဓာတ်များ၊ အသားနှင့်သွေး အနှစ်သာရများက အင်မော်တယ်ယဇ်ပလ္လင်ဆီသို့ စီးဆင်းသွားတော့သည်။
"တကယ်ကို မိုက်မဲပြီး ရယ်စရာကောင်းတဲ့ ခံစားချက်ပဲ။ မင်းတို့ ပုရွက်ဆိတ်တွေရဲ့ အကြီးမားဆုံး တန်ဖိုးက ငါတို့ကို အသွင်ကူးပြောင်းဖို့ အခွင့်အရေး ပေးတာပဲ"
ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများက အင်မော်တယ်နယ်မြေ အသီးသီးတွင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ဟုတ်သည်၊ နေရာတိုင်းမှာတော့ ထိုသို့ဖြစ်နေသည် မဟုတ်ချေ။
အင်မော်တယ်နယ်မြေကြီးများအနက် တစ်ခုဖြစ်သော ဟွင်းထျန်း အင်မော်တယ်နယ်မြေတွင်...
ဤနေရာမှာ အင်မော်တယ်ခုံရုံး၏ နယ်မြေ ဖြစ်သည်။
သို့သော်လည်း ယခုအခါ ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်ကြီး ခုနစ်ပါးတို့က ဤနေရာတွင် သွေးစွန်းသော သုတ်သင်မှုများကို စတင်နေကြပြီ။
သတ္တဝါအားလုံး ပူဆွေးသောကရောက်နေကြပြီး ကောင်းကင်နှင့်မြေပြင်မှာပင် အတူတကွ ငိုကြွေးနေကြပုံရသည်။
အတိတ်က ကပ်ဘေးများတွင် အင်မော်တယ်ခုံရုံးသည် အမှောင်ထု ကပ်ဘေးလှိုင်းကို တားဆီးလိမ့်မည်မဟုတ်သော်လည်း...
၎င်းတို့၏ နယ်မြေဖြစ်သော ဟွင်းထျန်း အင်မော်တယ်နယ်မြေကြီးသို့ ကပ်ဘေးများ ပျံ့နှံ့လာရန်မူ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင်၊ ဤနေရာက သူတို့၏ နယ်မြေ ဖြစ်သည်။
အကယ်၍ ဆုံးရှုံးမှု များပြားလွန်းပါက သူတို့အတွက် မကောင်းချေ။
သို့သော် လက်ရှိ အင်မော်တယ်ခုံရုံးမှာ ယခင်က အင်မော်တယ်ခုံရုံး မဟုတ်တော့ပါ။
ကျွင်းရှောင်ယောက်၏ စီစဉ်တွက်ချက်မှုများအောက်တွင် ဤဘီလူးအဆင့် အင်အားစုကြီးမှာ အတွင်းပိုင်းမှ စတင်၍ ကွဲအက်နေပြီ ဖြစ်သည်။
အမှောင်ထု ကပ်ဘေးများကြောင့် ပြင်ပရန်သူကို အတူတကွ ရင်ဆိုင်ရန် သဘောတူနိုင်သော်လည်း...
သူတို့၏ရင်ထဲ၌ နာကြည်းမှုများနှင့် အမုန်းများ ရှိနေကြသေးသည်။
အခြားသော အင်မော်တယ်မျိုးရိုးများမှ လူများက ဤအခွင့်အရေးကို အသုံးချ၍ မိမိကို ကြံစည်ကြမလားဟု တွေးတောမိကြလိမ့်မည်။
အထူးသဖြင့် ဖူရှီ အင်မော်တယ်မျိုးရိုးနှင့် ဝါဟွမ်အင်မော်တယ်မျိုးနွယ်စုတို့ ဖြစ်သည်။
ဤအင်မော်တယ်မျိုးရိုးနှစ်ခုမှာ ကိုယ်ပိုင်တွက်ချက်မှုများ ရှိနေကြသဖြင့် ပြင်ပရန်သူကို ရင်ဆိုင်ရာတွင် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထိုအချက်ကပင် လက်ရှိ ဟွင်းထျန်း အင်မော်တယ်နယ်မြေအတွင်းရှိ သတ္တဝါအားလုံးကို ပျက်စီးခြင်းသို့ ရောက်စေခဲ့ခြင်း ဖြစ်သည်။
"ဘာလို့လဲ၊ ဘာလို့ အင်မော်တယ်ခုံရုံးက ဟွင်းထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို မကာကွယ်ပေးတာလဲ"
"အင်မော်တယ်ခုံရုံးက အင်မော်တယ်နယ်မြေကြီးရဲ့ တရားဝင် အုပ်ချုပ်သူလို့ လူသိများတာ မဟုတ်ဘူးလား၊ အခုတော့ နယ်မြေတစ်ခုကိုတောင် မကာကွယ်နိုင်တော့ဘူးလား"
"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ အင်မော်တယ်နယ်မြေကြီးကို တစ်ချိန်က စိုးမိုးခဲ့တဲ့ အမြင့်မြတ်ဆုံး အင်မော်တယ်ခုံရုံးက အခုတော့ ဒီလောက်တောင် သူရဲဘောကြောင်နေပြီလား"
ဟွင်းထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးမှ ကျင့်ကြံသူများက ခါးသီးစွာ ပြုံးလိုက်ကြသည်။
အစက ကြိုသိခဲ့လျှင် သူတို့သည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေသို့ သွားခဲ့ကြပေလိမ့်မည်။
ဤကာလအတွင်း ကျွင်းရှောင်ယောက်၏ ဖြစ်ရပ်များကြောင့် အင်မော်တယ်ခုံရုံး၏ ဂုဏ်သတင်းမှာ မူလကပင် ကျဆင်းနေခဲ့သည်။
ယခုအခါတွင်မူ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အထင်သေးခြင်းကို ခံနေရပြီ။
ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါးတို့လည်း လမ်းတစ်လျှောက် မည်သည့်အတားအဆီးမျှ မရှိဘဲ သတ္တဝါများကို သတ်ဖြတ်ခဲ့ကြပြီး အင်မော်တယ်ခုံရုံးနှင့် နီးကပ်သော နေရာအထိ ရောက်လာခဲ့ကြသည်။
"အားလုံးပဲ ရပ်လိုက်ကြပါ၊ ဒါက မင်းတို့ လာရမယ့် နေရာမဟုတ်ဘူး"
နောက်ဆုံးတွင် အင်မော်တယ်ခုံရုံးမှာ ငြိမ်မနေနိုင်တော့ပေ။
ဖူရှီ အင်မော်တယ်မျိုးရိုး၊ ရှင်းထျန်း အင်မော်တယ်မျိုးရိုး၊ စန်းကျဲ အင်မော်တယ်မျိုးရိုးများနှင့် အခြား မျိုးရိုးများထံမှ အသံများ ထွက်ပေါ်လာသည်။
သို့သော်လည်း ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါးမှာမူ မတုန်လှုပ်ကြချေ။
ဧကရာဇ်တစ်ပါးက အနည်းငယ် လှောင်ပြောင်သရော်သော လေသံဖြင့်ပင် ဆိုလိုက်သည်။
"တစ်ချိန်က အင်မတန်ထွန်းကားခဲ့ပြီး အင်မော်တယ်နယ်မြေကြီးကို စိုးမိုးလုနီးပါး ဖြစ်ခဲ့တဲ့ အင်မော်တယ်ခုံရုံးက ဒီအဆင့်အထိ ကျဆင်းသွားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"
"အနောက်ဘက်မှာ ဝင်လုဆဲဆဲ နေမင်းကြီးလိုပဲ၊ ဒါက အတိတ်မှာလို ဘုန်းအသရေမျိုး ရှိတော့မှာ မဟုတ်ဘူး"
ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါးတို့က လှောင်ပြောင်လိုက်ကြ၏။
သူတို့၏ မျက်လုံးများက အနည်းငယ် ဝင်းလက်သွားပြီး သူတို့၏ရင်ထဲ၌ တွက်ချက်မှုများ ရှိနေသည်။
အကယ်၍ အင်မော်တယ်ခုံရုံးကို ဝါးမြိုနိုင်ပါက အောင်မြင်မှုမှတ် မည်မျှအထိ ရရှိမည်နည်း။
အင်မော်တယ်တံခါးမှ မည်သို့သော အကျိုးကျေးဇူးများကို ရရှိနိုင်မည်နည်း။
ထို့ပြင် သူတို့၏ ပြန်လည်ဝင်စားခြင်းပင်လယ်သည်လည်း ရှေးကျသော တားမြစ်နယ်မြေများအနက် တစ်ခုဖြစ်သဖြင့် အင်မော်တယ်ခုံရုံးကို စိန်ခေါ်ရန်မှာ မဖြစ်နိုင်တာ မဟုတ်ပေ။
"ဟမ့်... မင်းတို့ ပြန်လည်ဝင်စားခြင်းပင်လယ်က အတင့်ရဲလွန်းနေပြီ"
ဖူရှီး အင်မော်တယ်မျိုးရိုးမှ မိုးကြိုးထစ်ချုန်းသံကဲ့သို့ အေးစက်သော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
အလွန်တရာ အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး နေနှင့်လကို တုန်ခါသွားစေခဲ့၏။
"ဪ... ကျွမ်းကျင်သူတစ်ယောက် ပေါ်လာပြီ"
ပြန်လည်ဝင်စားခြင်းပင်လယ်ဘက်မှ တစ်စုံတစ်ဦးက ရေရွတ်လိုက်သည်။
"ပြန်လည်ဝင်စားခြင်းပင်လယ်... မင်းတို့ စည်းမျဉ်းကို လိုက်နာဖို့ ငါမျှော်လင့်တယ်။ ငါတို့ အင်မော်တယ်ခုံရုံးက ဝင်မပါဘူးဆိုပေမဲ့ မင်းတို့တွေ မထီမဲ့မြင် လုပ်လို့ရတယ်လို့ မဆိုလိုဘူး"
ရှင်းထျန်း အင်မော်တယ်မျိုးရိုးတွင်လည်း ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
"မှန်တယ်... ငါတို့ကို ရန်စတာက တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ။ ဒါက နှစ်ဖက်စလုံးကို ဆုံးရှုံးမှုတွေဆီကိုပဲ ဦးတည်သွားစေလိမ့်မယ်"
"မင်းတို့ ပြန်လည်ဝင်စားခြင်းပင်လယ်က အတိတ်မှာ အကြီးအကျယ် ဒဏ်ရာရခဲ့ဖူးတယ်၊ အခု အဲဒီလိုမျိုး ထပ်ဖြစ်ချင်နေတာလား"
စန်းကျဲ အင်မော်တယ်မျိုးရိုးတွင်လည်း ဧကရာဇ် အငွေ့အသက် ပေါ်လာခဲ့၏။
ထို့ပြင် အခြားသော အင်မော်တယ်မျိုးရိုးများမှ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များက ထွက်မလာကြသော်လည်း...
ဝိုးတါး ထွက်ပေါ်လာသော ခမ်းနားသည့် အရှိန်အဝါများက တိတ်ဆိတ်သော သတိပေးချက်တစ်ခု ဖြစ်သည်။
အင်မော်တယ်ခုံရုံးရှိ အင်မော်တယ်မျိုးရိုး ရှစ်ခု၏ ဧကရာဇ်အရေအတွက်မှာ ပြန်လည်ဝင်စားခြင်းပင်လယ်ထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။
ထိုမရေမရာသော အရှိန်အဝါများကို ခံစားမိလိုက်သောအခါ ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါး၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားကြသည်။
ဆင်ပိန်သော်လည်း ကျွဲထက် ကြီးမားနေသေးသည်။
ထို့ပြင် အင်မော်တယ်ခုံရုံးက ယခုအခါ ကွဲအက်နေရုံသာဖြစ်ပြီး အမှန်တကယ် သေစေလောက်သော ထိုးနှက်ချက်ကို မခံရသေးချေ။
"အဟက်... လောလောဆယ်တော့ မင်းတို့ အင်မော်တယ်ခုံရုံးကို မျက်နှာသာ ပေးလိုက်ပါ့မယ်"
"အဲဒီနောက်မှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူသိမှာလဲ"
ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါးက လှောင်ပြောင်ကာ ထွက်ခွာသွားကြသည်။
အင်မော်တယ်ခုံရုံးမှ ဧကရာဇ်များလည်း ဤတော့မှ သက်ပြင်းချလိုက်ကြလေသည်။
သူတို့က ပြန်လည်ဝင်စားခြင်းပင်လယ်ကို ကြောက်နေ၍တော့ မဟုတ်ချေ။
အကယ်၍ သူတို့က တိုက်ခိုက်ကြပြီး ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ် ခုနစ်ပါးကို ရင်ဆိုင်ရလျှင်...
သူတို့၏ အင်မော်တယ်ခုံရုံးသည်လည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလိမ့်မည် ဖြစ်သောကြောင့်ပင်။
ထို့ပြင် သူတို့က ယခုအချိန်မှာ တစ်သားတည်း ဖြစ်နိုင်မဖြစ်နိုင်မှာလည်း မသေချာ မရေရာပါ။
ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံး၏ သွေးစွန်းသော သုတ်သင်မှုမှာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသော ကျင့်ကြံသူများအတွက်လည်း ပုန်းခိုရာနေရာ သိပ်မရှိတော့ချေ။
အတော်အတန် ဘေးကင်းသော အင်မော်တယ်အင်အားစုအချို့ ရှိကြသော်လည်း...
သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသူဖြစ်ပြီး အခြားသူများကို ဂရုစိုက်ရန် အချိန်မရှိကြချေ။
ဥပမာအားဖြင့် အနောက်ဘက် နိဗ္ဗာန်ဘုံ၊ ကုရ်အာန်သူတော်စင်ဂိုဏ်း၊ အလျှင်ဘိုးဘေးခန်းမ၊ အချို့သော ရှေးဟောင်းတော်ဝင်မျိုးနွယ်များနှင့် အခြား အင်အားစုတချို့ ဖြစ်သည်။
သို့သော်လည်း နေရာနှစ်နေရာမှာ အဘေးကင်းဆုံး ဖြစ်လိမ့်မည်ဟု လူတိုင်း သိကြသည်။
တစ်ခုမှာ ဟွင်းထျန်း အင်မော်တယ်နယ်မြေဖြစ်ပြီး အခြားတစ်ခုက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးပင်။
အကြောင်းမှာ တစ်ခုက အင်မော်တယ်ခုံရုံး၏ နယ်မြေဖြစ်ပြီး အခြားတစ်ခုက ကျွင်းမိသားစု၏ နယ်မြေဖြစ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်ခုံရုံးက ဟွင်းထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို မကာကွယ်ပေးခဲ့ပေ။
ထို့ကြောင့် ဟွင်းထျန်း အင်မော်တယ်နယ်မြေရှိ သတ္တဝါများစွာတို့ သေကြေပျက်စီးစေခဲ့ရသည်။
ထိုအချိန် အခြားတစ်ဖက်မှာ...
အရပ်မျက်နှာအသီးသီးမှ အသက်လု ထွက်ပြေးလာကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ရောက်ရှိလာကြသည်။
အမျိုးမျိုးသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ရင်များ၊ ဟင်းလင်းပြင် အက်ကြောင်းများမှာ အဆက်မပြတ် ဝင်းလက်နေ၏။
စက္ကန့်တိုင်းတွင် သန်းပေါင်းများစွာသော ကျင့်ကြံသူများက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေအတွင်းသို့ စီးဝင်လာကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ၏ ဧရိယာက အလွန်တရာ ကျယ်ဝန်းလှသဖြင့် ဤမျှများပြားသော သတ္တဝါများကို လက်ခံထားရန် လုံလောက်ခဲ့သည်။
ကျွင်းမိသားစုကလည်း ထွက်ပြေးလာကြသော ဤသတ္တဝါများကို မတားဆီးဘဲ အားလုံးကို လက်ခံကာ ဝင်ရောက်ခွင့် ပေးခဲ့ပေသည်။
ဤအချက်ကပင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကျွင်းမိသားစုအပေါ် ကျေးဇူးတင်ရှိစေခဲ့သည်။
ဤအခိုက်အတန့်တွင် ကြယ်ကောင်းကင်၏ အဝေးတစ်နေရာမှ အရှိန်အဝါတစ်ခုက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လိပ်တက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော သက်ရှိဂြိုဟ်ကြီးများကို ဖျက်ဆီးလာခဲ့၏။
ဧကရာဇ်တစ်ပိုင်း အနည်းငယ်မှာလည်း သွေးပျက်ချောက်ချားစွာဖြင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ အသက်လု ထွက်ပြေးနေကြတော့သည်။
သူတို့၏ နောက်ကွယ်တွင်မူ ကမ္ဘာကြီးကို ဖျက်ဆီးနေသော နတ်ဆိုးနတ်ဘုရားများကဲ့သို့ အလွန်တရာ အရှိန်အဝါကြီးသော ပုံရိပ် ခြောက်ခု လိုက်ပါလာခဲ့သည်။
သူတို့သွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးက ပျက်စီးသွားခဲ့ပြီး ဟင်းလင်းပြင် အက်ကွဲကာ သွေးများမှာလည်း မြစ်များသဖွယ် စီးဆင်းနေခဲ့ရပေသည်။
"ကျွင်းမိသားစုကို တောင်းပန်ပါတယ်၊ ကျုပ်တို့ကို ကယ်ပါဦး"
ထိုဧကရာဇ်တစ်ပိုင်းများက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေအတွင်းသို့ ထွက်ပြေးလာခဲ့ကြသည်။
ဤတွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ သတ္တဝါများ အားလုံးက နတ်ဆိုးနတ်ဘုရားများကဲ့သို့ ပုံရိပ်များကို အထင်အရှား မြင်လိုက်ရ၏။
၎င်းက ဧကရာဇ်ကြွေလွင့်တောင်မှ ဧကရာဇ်အဆင့် အကျော်အမော် သုံးဦးပင်။
ဟွမ်ပြည်နယ်၊ ကျွင်းမိသားစုဘက်တွင်...
ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။
"ဝုန်း"
ဤအခိုက်အတန့်တွင် ရွှေရောင်နဂါး ကိုးကောင်က ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
နောက်ဆုံးတွင် တောက်ပလှသော နဂါးကိုးကောင် နတ်ဘုရားဓားအဖြစ် စုစည်းသွား၏။
ထို့နောက် အရှိန်အဝါကြီးမားသော ပုံရိပ်တစ်ခုက နိယာမများကို နင်းခြေလျက် ကျွင်းမိသားစု၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
၎င်းမှာ ကျွင်းမိသားစု၏ တတိယမြောက် ဘိုးဘေးဖြစ်သော 'ဧကရာဇ်ကြီး ကျွင်းထိုက်ဟွမ်'ပင် ဖြစ်သည်။
သူက နဂါးကိုးကောင် နတ်ဘုရားဓားကို ကိုင်ဆောင်လျက် လေထဲသို့ လွှဲခုတ်လိုက်၏။
ခဏချင်းအတွင်းမှာပင် တောက်ပလှသော ဓားအလင်းတန်းက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"ငါ ဓားနဲ့ ရေးဆွဲထားတဲ့ နေရာက ကျွင်းမိသားစုရဲ့ နယ်မြေပဲ"
"ဒီစည်းကို ကျော်လာဝံ့ရင် သက်ညှာခြင်းမရှိ သုတ်သင်ခံရမယ်"