← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

Chapter 221

လူသားဟူသည် ကောင်းကင်နှင့် မြေကြီးကို အမြဲဆန့်ကျင်တိုက်ခိုက်နေရသူများဖြစ်သည်။ လောကနိယာမများကို လိုက်နာနိုင်သော်လည်း ၎င်းတို့ရှေ့တွင် ဒူးထောက်မည်မဟုတ်ပေ။ မိမိတို့၏ ဓားက မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို မဆန့်ကျင်နိုင်လျှင် ထိုဓားသည် အဘယ်မှာအသုံးဝင်တော့မည်နည်း။

စွမ်းအားချင်းထိပ်တိုက်ရင်ဆိုင်ရမည်သာဖြစ်သည်။

သို့သော် ကောင်းရှီးရှင်း ရှေ့သို့ လှမ်းလိုက်သည်နှင့် အမျှ သူ၏ နောက်မှ ရင်းနှီးသောဓားဆန္ဒတစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ ပြီးပြည့်စုံသော ခုနှစ်စင်ကြယ်ဓားအစီအရင်၏ ကောင်းကင်ဇီဝေဓားဆန္ဒက သူ့ကို ကျော်ဖြတ်သွား၏။

ဇီဝေသည် ကြယ်တာရာတို့၏ အရှင်သခင်ဖြစ်သည်၊၊

ဝမ်ရှန်း ရှေ့သို့လှမ်းလိုက်ချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ကြယ်ရောင်များလင်းလက်သွားပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ဖိအားက သူ့လက်ထဲက ဓားကို မတားဆီးနိုင်တော့ပေ။

သူသည် ရန်သူကို မယှဉ်နိုင်မှန်းသိသော်လည်း သူ့၏ စီနီယာအစ်မ သူ့နောက်တွင် ရှိနေသည်။ သူက ခုနှစ်စင်ကြယ်ခြေလှမ်းကို သုံးပြီး နောက်ဆုတ်နိုင်သော်လည်း သူမကရော ဘယ်လိုဆုတ်ခွာမလဲ… ဘယ်မှာသွားပုန်းမလဲ။

သူက ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို ထုတ်ဖော်လိုက်ရာ ဓားပုံရိပ်ယောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် စုစည်းသွားကာ သူ၏ ချီများကို လျင်မြန်စွာ စုပ်ယူသွားတော့သည်။ သူ့ကိုယ်ပေါ်မှ ကမ္ဘာဦးချီစုစည်းကိရိယာလေးမှာ မလုံလောက်တော့ပေ။

ကောင်းရှီးရှင်းက သူ၏ ဓားရှည်ဖြင့် လူသန်ကြီး၏ လက်သည်းများကို ခုခံလိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် သူ လွင့်စင်သွားရသော်လည်း ထိုတစ်ချက်က လူသန်ကြီး၏ အရှိန်ကို တန့်သွားစေခဲ့သည်။

ကောင်းရှီးရှင်းက လေထဲတွင် လည်ပတ်ရင်း မနည်းဟန်ချက်ထိန်းလိုက်ရချိန်တွင် မိစ္ဆာကျင့်ကြံသူများက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ခုခံရုံသာ တတ်နိုင်တော့ပြီး လူသန်ကြီးကို ပြန်၍မရင်ဆိုင်နိုင်တော့ပေ။

သို့သော်လည်း ကိစ္စမရှိပေ။ ကောင်းရှီးရှင်း နောက်သို့ လွင့်သွားသည့်အချိန်မှာပင် ဟိုင်ကျင်းက အပေါ်သို့ ခုန်တက်သွား၏။

ဝမ်ရှန်းက သူ၏ ဓားကွက်ကို ထုတ်ဖော်နေဆဲဖြစ်ပြီး ၎င်းနှင့် လေးငါးမီတာခန့်သာ ဝေးတော့သော ရွှေအမြုတေအဆင့်ကျင့်ကြံသူက လက်သည်းများကို ရှေ့သို့ ထပ်မံဝှေ့ယမ်းလိုက်သည်။ ဝမ်ရှန်းကို ကာကွယ်ရန်အတွက် ဘယ်ဘက်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဟိုင်ကျင်းက သူ၏ မိစ္ဆာနှိမ်နင်းတုတ်ကို လေပွေတစ်ခုကဲ့သို့ ဝှေ့ယမ်းကာ လူသန်ကြီး၏ ဦးခေါင်းကို ချိန်ရွယ်ရိုက်ချလိုက်သည်။

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော ဘုန်းကြီးငယ်လေး၏ မျက်နှာတွင် ယခုအခါ တရားမျှတမှုအတွက် ဒေါသမီးများတောက်လောင်နေ၏။

“ဗုဒ္ဓရဲ့ တရားတော်တွေက အဆုံးမရှိဘူး… မင်းကို ငါ ကောင်းကင်ဘုံကို ပို့ပေးလိုက်မယ်”

ကျယ်လောင်သော သတ္တုချင်းထိသံနှင့်အတူ လူသန်ကြီးက ထိုတုတ်ကို လက်မောင်းတစ်ဖက်ဖြင့် တည်ငြိမ်စွာ ကာကွယ်လိုက်သည်။ ထို့နောက် သူက လက်ကိုမြှောက်ကာ ဟိုင်ကျင်း၏ ရင်ဘတ်ကို နဂါးလက်သည်းဖြင့် ကုတ်ဆွဲလိုက်၏။

ဟိုင်ကျင်းလည်း လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်လိမ့်ကျသွားသည်။ သူ၏ ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်ငါးပေါက် ပွင့်ထွက်သွားသော်လည်း ၎င်းအပေါက်များထဲတွင် ရွှေရောင်အလင်းတန်းများ စီးဆင်းနေလေသည်၊၊

ထို့နောက်ချက်ချင်းပင် ဖေးလျန်ဇီ၏ ဓားပျံနှစ်လက်က ဝမ်ရှန်းကို ဖြတ်ကျော်ကာ လူသန်ကြီးကို သွားရောက်ခုတ်ပိုင်းလိုက်သည်။ လူသန်ကြီး၏ ပတ်ပတ်လည်ရှိ အရှိန်အဝါက ထိုဓားများကို လွယ်ကူစွာပင် လွင့်စင်သွားစေသော်လည်း ၎င်းတို့က ဝမ်ရှန်းအတွက် ရှေ့တိုးရန် အချိန်လုံလောက်စွာ ဆွဲပေးနိုင်ခဲ့သည်။

ရာနှင့်ချီသော ဓားပုံရိပ်ယောင်များအားလုံးက ဝိညဥ်မဲ့ဓားထဲသို့ စုစည်းသွားကြသည်။ ယခုက နေသာသောနေ့ဖြစ်သော်လည်း ဝမ်ရှန်း၏ ဓားသွားပေါ်တွင် စကြဝဠာကြီးတစ်ခုလုံး စုစည်းနေသကဲ့သို့ တောက်ပသော ကြယ်ပွင့်များပြည့်နှက်နေသည့် မှောင်မိုက်သော ကောင်းကင်ကြီးက လက်ရှိကောင်းကင်၏ နေရာတွင် အစားထိုးဝင်ရောက်လာပုံရသည်။

ရွှေအမြုတေအဆင့် လူသန်ကြီး၏ နောက်မှ မိစ္ဆာကျင့်ကြံသူများက တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသော်လည်း ထိုတိုက်ခိုက်မှုများသည် ကြယ်ရောင်များအကြားတွင် ဒြပ်မဲ့ဓားချီစွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လူသန်ကြီး၏ မျက်ဝန်းထဲတွင် ဒေါသများပြည့်နှက်နေလေ၏။ သူသည် မာနကြီးသူတစ်ယောက်ဖြစ်ပြီး ထိုသို့ မာနကြီးခွင့်လည်းရှိသည်။ သို့သော် ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုပင် မပြီးမြောက်သေးသော ကျင့်ကြံသူလူငယ်တစ်ယောက်က သူ့ကို တကယ်ပင် အန္တရာယ်ရှိသည်ဟု ခံစားရစေနေပြီဖြစ်သည်။

သူ၏ လက်ပေါ်တွင် အကြေးခွံကဲ့သို့ သွေးနီရောင်အမှတ်အသားများပေါ်လာပြီး နဂါးစိမ်းလက်သည်းအဖြစ်သို့ တကယ်ပင် ပြောင်းလဲသွားတော့သည်။ သူသည် ထိုဓားချက်ကို ရှောင်တိမ်းရန် အခွင့်အရေးရှိသော်လည်း ဇီဝေဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ခုခံရန်သာ ရွေးချယ်လိုက်သည်။

သူ ရှောင်တိမ်း၍မရပေ။ အကယ်၍ သူတို့ရှေ့က ဓားသမားနှင့် ဘုန်းကြီးကို အခုချက်ချင်း မချေမှုန်းနိုင်လျှင် သူတို့ထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

“ဖယ်စမ်း”

“စီနီယာအစ်မ”

ရွှေအမြုတေအဆင့် လူသန်ကြီးနှင့် ဝမ်ရှန်းတို့ တစ်ချိန်တည်းတွင် ဟိန်းဟောက်လိုက်ကြသော်လည်း ဝမ်ရှန်း၏ အသံက ပို၍ အသုံးဝင်သွားသည်။ မုဝမ်ရွှမ်း ထုတ်ဖော်လိုက်သော ယင်ယန်ငါးများက ထိုလူ့ကို ဝိုင်းရံသွားပြီး တစ်စက္ကန့်မျှ ရပ်တန့်သွားစေ၏။

သို့သော် ထိုခဏလေးကပင် ဝိညာဥ်မဲ့ဓားကို လူသန်ကြီးထံ ရောက်ရှိရန် လုံလောက်သွားခဲ့သည်။ ဇီဝေဓားချက်က သူ၏ နဂါးလက်သည်းကို တည့်တည့်ဖြတ်သန်းထိုးဖောက်သွားတော့သည်။

သို့သော်လည်း ရန်သူက တကယ်ပင် အစွမ်းထက်လှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက မုဝမ်ရွှမ်း၏ ယင်ယန်စွမ်းအားမှ ရုန်းထွက်လိုက်ပြီး သူ၏ ဒဏ်ရာရနေသော လက်ကို ဘေးသို့ အနည်းငယ်ရွှေ့လိုက်ရာ သူ့လည်ပင်းကို ဦးတည်လာသည့် ဓားဖျားကို လွဲချော်သွားစေကာ ပခုံးကိုသာ တစ်ဝက်ခန့် ထိုးစိုက်မိသွားလေသည်။

သူ၏ မျက်နှာက သားရဲတစ်ကောင်ကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး မေးရိုးများ ကြေမွမတတ် အံတင်းတင်းကြိတ်ထားလိုက်သည်။ သူက လက်သည်းဖြင့် ဝမ်ရှန်း၏ လည်ပင်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။

ဝမ်ရှန်း၏ နောက်တွင်မူ မုဝမ်ရွှမ်းက သူမ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။ ယင်ယန်စွမ်းအားက ဝမ်ရှန်း၏ ရှေ့တွင် ကြီးမားသော လက်ဝါးကြီးနှစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ရိုက်ချလိုက်ပြီး ယင်ယန်ချီမျှင်နှစ်ခုက ဝမ်ရှန်း၏ ခါးကို ရစ်ပတ်ကာ နောက်သို့ ပြင်းထန်စွာ ဆွဲထုတ်လိုက်တော့သည်။

ဝိညာဥ်မဲ့ဓားက လူသန်ကြီး၏ လက်ဝါးထဲမှ ရုန်းထွက်လာချိန်တွင် သွေးကြောင်းတစ်ခုစီးကျလာ၏။ ရွှေအမြုတေအဆင့်ကျင့်ကြံသူပင်လျှင် ထိုဓား၏ ထက်မြက်မှုကို မခုခံနိုင်ပေ။

စွမ်းအားများ ပရမ်းပတာပေါက်ကွဲနေသည့် ကြားထဲတွင် လက်ဝါးပုံရိပ်နှစ်ခုက ဝမ်ရှန်း၏ ရင်ဘတ်ကို ဆက်တိုက်ထိမိသွားသဖြင့် သူသည် နောက်သို့ ပို၍ လျင်မြန်စွာ လွင့်စင်သွားတော့သည်။

“မောင်လေး”

မုဝမ်ရွှမ်း ပျာယာခတ်သွားလေသည်။ သူမက နောက်သို့ ဆက်တိုက်ဆုတ်ရင်း လက်နှစ်ဖက်ဖြင့် လေထဲတွင် စက်ဝိုင်းများဆွဲလိုက်ရာ ညင်သာသော စွမ်းအားလှိုင်းများက ဝမ်ရှန်း၏ ကျောပြင်ကို ပံ့ပိုးပေးလိုက်သည်။

ဒဏ်ရာရသွားသော လူသန်ကြီးက သူ၏ လက်မောင်းကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

“သူတို့ကို သတ်ပစ်… နတ်ဘုရားကျောက်စာချပ်ကို ယူပြီး သွားကြမယ်”

သူ့နောက်က မိစ္ဆာကျင့်ကြံသူ နှစ်ဆယ်ကျော်က တိုက်ခိုက်ရန် ရှေ့သို့ ပြေးဝင်လာကြသည်။ သို့သော် ကောင်းကင်ယံမှ ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု ကျရောက်လာပြီး မြေပြင်ကို ရိုက်ခတ်ကာ ဖုန်မှုန့်များကို လွင့်ပျံသွားစေ၏။

မျက်နှာကဖြူဖျော့နေသော်လည်း တည်ငြိမ်နေသော ကျင်းယွမ်သည် ကျောက်စိမ်းဓားနှစ်လက်ပေါ်တွင် ရပ်လျက် ပြန်လည်ရောက်ရှိလာသည်။ သူမ၏ အေးချမ်းပြီး မြင့်မြတ်သောအမူအရာနှင့် လွင့်မျောနေသောဝတ်စုံက ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ပင်၊၊

မိစ္ဆာကျင့်ကြံသူများမှာ နောက်တစ်ကြိမ် ရပ်တန့်သွားရပြန်သည်။ ရွှေအမြုတေအဆင့် လူသန်ကြီးက ရှေ့သို့ တိုးလာသော်လည်း သူ၏ ဒဏ်ရာရနေသော လက်မောင်းကို မမြှောက်နိုင်တော့သဖြင့် ကျင်းယွမ်ကို လက်တစ်ဖက်တည်းဖြင့်သာ ရင်ဆိုင်လိုက်ရသည်။

ကျင်းယွမ်က သူမ၏ ဓားတိုကို အလျားလိုက်ဝှေ့ယမ်းလိုက်၏။ ဓားဆန္ဒများပြည့်နှက်နေသော သူမ၏ လက်နက်ဖြင့် ကျောက်စိမ်းမိန်းမပျိုဓားသိုင်းကွက်များကို ထုတ်ဖော်လိုက်သည်၊၊ သူမ၏ တည်ရှိမှုက ပို၍ အေးစက်ပြီး ဝေးကွာသွားသလို ခံစားရစေသည်။

သူမ၏ ခန္ဓာကိုယ်ထဲက ‌ရွှေအမြုတေက လျင်မြန်စွာ လည်ပတ်နေပြီး သူမ၏ စွမ်းအားအားလုံးကို ထုတ်ကာ ရန်သူများထံသို့ ဓားရိပ်များကို ဆက်တိုက်ထုတ်လွှတ်လိုက်လေသည်။

ကောင်းရှီးရှင်းကလည်း မကြာမီပြန်လည်ရောက်ရှိလာပြီး သူမ၏ ဘေးတွင် ရပ်လိုက်သည်။ ဖေးလျန်ဇီကလည်း သူ၏ ဓားပျံကို ထိန်းချုပ်ကာ ၎င်းတို့နှင့် ပူးပေါင်း၍ မိစ္ဆာကျင့်ကြံသူများကို ပိတ်ဆို့သတ်ဖြတ်ရန် ကူညီပေးနေ၏။

ဟိုင်ကျင်းကမူ မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တရားစာများကို ဆက်တိုက်ရွတ်ဆိုနေသည်။ သူ၏ ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းများထွက်ပေါ်နေပြီး မိစ္ဆာကျင့်ကြံသူများ၏ ဂါထာမန္တန်များကို နှောင့်ယှက်နေ၏။ သူ၏ ရင်ဘတ်က သွေးထွက်နေသော အပေါက်ကြီးမှာလည်း ဖြည်းဖြည်းချင်း ပြန်လည်ပိတ်သွားနေပြီဖြစ်သည်။

ဝမ်ရှန်းကမူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ ကံကောင်းသည်မှာ သူ၏ ဒဏ်ရာများက အသက်အန္တရာယ်မစိုးရိမ်ရဘဲ ရင်ဘတ်ထဲတွင် စွမ်းအားများ ကမောက်ကမဖြစ်သွားပြီး သွေးကြောအချို့ရှုပ်ထွေးသွားခြင်းမျှသာဖြစ်သည်။

ယခုအခါ သူသည် မုဝမ်ရွှမ်း၏ နောက်တွင် ထိုင်နေပြီး ညာလက်ဖြင့် ဝိညာဥ်မဲ့ဓားကို ကိုင်ထားကာ ဘယ်လက်ဖြင့်မူ ဓားလက်ဟန်လုပ်၍ လေထဲတွင် ဆွဲလိုက်သည်။ နတ်ဘုရားအဆင့်ဓားပျံသည် နောက်တစ်ကြိမ် တောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီး မိစ္ဆာကျင့်ကြံသူများအကြား ဖြတ်သန်းသွားလာနေလေသည်။

၎င်းတို့အဖွဲ့ထဲတွင် လူသန်ကြီးက နှစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး တစ်ယောက်ကိုမူ အနည်းငယ် ဒဏ်ရာရစေခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ရန်သူများထဲတွင် အသန်မာဆုံးသူကို အောင်မြင်စွာ တားဆီးထားနိုင်ခဲ့ပြီဖြစ်သည်။

ကံကောင်းထောက်မစွာပင် ကျင်းယွမ်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ထိုလူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဝမ်ရှန်းနှင့် ဟိုင်ကျင်းသည် ယခုအချိန်တွင် သေဆုံးသွားလောက်ပြီဖြစ်သည်။

ဒီလူက ဘာဖြစ်လို့ ဒီလောက်တောင် ကြမ်းကြုတ်နေရတာလဲ။

ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ တပည့်များသည် နတ်ဘုရားငါးပါးဂိုဏ်းမှ လူများနှင့် လုံးဝမတူပေ။

စစ်မှန်သော သွေးထွက်သံယိုတိုက်ပွဲကြီးက တောင်စောင်းအောက်ခြေတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ဝမ်ရှန်းတို့အဖွဲ့က အန္တရာယ်နှင့် ထပ်ခါတလဲလဲရင်ဆိုင်နေရသော်လည်း မိစ္ဆာကျင့်ကြံသူများကို အသည်းအသန်တားဆီးထားနိုင်သည်ကို မြင်လိုက်ရသဖြင့် အောက်ခြေရှိ တာအိုဆရာများ၏ စိတ်ဓာတ်များ မြင့်တက်လာကြသည်။ မိမိတို့ဘက်မှ ရှစ်ရာခန့် ဆုံးရှုံးရပါစေဦးတော့… ရန်သူကို တစ်ထောင်ခန့် ဒဏ်ရာရစေရန်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဘေးဖယ်ထားကာ အားလုံးက စွမ်းအားကုန်ထုတ်သုံးလိုက်ကြသည်။

ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုက ၎င်းတို့ကို စောင့်ကြိုနေဆဲဖြစ်ကြောင်းသိထားသဖြင့် ဝမ်ရှန်းက သူ၏ အသက်ရှူနှုန်းကို ထိန်းညှိရန် အာရုံစိုက်လိုက်သည်။ သူသည် နာကျင်မှုကို အောင့်အည်းကာ မတ်တပ်ရပ်ရန် ကြိုးစားလိုက်စဉ် ကောင်းကင်ယံ၌ အနိမ့်ပျံသန်းလာသော လေယာဉ်တစ်စင်း၏ အသံကိုကြားလိုက်ရသည်။

တောင်စောင်းအောက်ခြေမှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက အော်ဟစ်လိုက်၏။

“စစ်ကူတွေရောက်လာပြီ၊၊ သူတို့ကို တားထားကြ… ထွက်ပြေးခွင့်မပေးနဲ့”

အနောက်ဘက်ကောင်းကင်ယံတွင် စစ်ဝတ်စုံဝတ်ထားသော စစ်သားများသည် တိုက်ပွဲမြေပြင်သို့ ဦးတည်ကာ လေထီးများဖြင့် ဆင်းသက်လာကြတော့သည်။

Chapter 222

အခြေအနေကို စောင့်ကြည့်နေကြသော ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများလည်း သူတို့သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းမိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြလေသည်။

အင်မော်တယ်တာအိုညီလာခံ၏ အဆင့်သတ်မှတ်ပွဲများ မစတင်မီကပင် ချင်ယန်ဇီသည် ယင်ယန်လျှို့ဝှက်ကျမ်းစာ၏ နိဒါန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် အသံကျယ်ကျယ်ဖတ်ကြားခဲ့ဖူး၏။ ထိုအရာသည် နတ်ဘုရားကျောက်စာချပ်ကို စိတ်ဝင်စားနေကြပြီးဖြစ်သော ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသားများ၏ စိတ်ဝိညာဉ်ကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော အနှစ် ၁၀၀၀က ဆုံးရှုံးခဲ့ရသည့် အဓိကကျမ်းစာကို ပြန်လည်ရယူရန် ပြတ်ပြတ်သားသားဆုံးဖြတ်ကာ လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၌ ထိပ်တန်းတာအိုအမွေအနှစ် (၁၀) ခုထက်မကရှိနေသော်လည်း ယင်ယန်လျှို့ဝှက်ကျမ်းစာသည်ကား သူတို့ အလိုချင်ဆုံးကျမ်းစာအဖြစ်ရှိနေဆဲပင်ဖြစ်သည်။ နှစ် ၁၀၀၀ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုကျမ်းစာဆုံးရှုံးခဲ့ရသည့် အရှက်ကွဲမှုကိုမူ သူတို့ ရင်ထဲမှ ဖြေဖျောက်နိုင်ခြင်းမရှိသေးပေ။

အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ကြပြီးနောက် ယခုအခါ၌ သူတို့သည် လုံလောက်သောအင်အားကို စုဆောင်းမိထားကြပြီ ဖြစ်သည်။ သူတို့၏ မူလအင်မော်တယ်တစ်ပါးလည်း ဖမ်းဆီးခံထားရပြီဖြစ်ရာ ဆက်လက်ပုန်းအောင်းနေရန် မဖြစ်နိုင်တော့ပေ။

တိုက်စစ်ဆင်ရန် ရွေးချယ်ခဲ့ကြသဖြင့် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် စုစည်းနိုင်သမျှ ကျွမ်းကျင်သူအားလုံးကို လျင်မြန်စွာ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးအင်အားစုများကို လမ်းလွှဲရန် လုံဟူရှန်းတောင်ကို အလစ်အငိုက်တိုက်ခိုက်မည့် အစီအစဉ်ကို ရေးဆွဲခဲ့ကြသည်။ ထို့ပြင် နတ်ဘုရားကျောက်စာချပ် သယ်ယူပို့ဆောင်မည့် လမ်းကြောင်းကိုလည်း တိကျစွာ တွက်ချက်ကာ လုယူရန် ချုံခိုတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

အရာအားလုံးမှာ ဟာကွက်မရှိအောင် စီမံထားပုံရသည်။ သူတို့၏ ထိပ်တန်းကျွမ်းကျင်သူအချို့ အသက်ပေးလိုက်ရလျှင်ပင် ယင်ယန်လျှို့ဝှက်ကျမ်းကို ပြန်လည်ရရှိနိုင်မည်ဆိုပါက ထိုက်တန်သည်ဟု ယူဆထားကြသည်။

သို့သော်လည်း နတ်ဘုရားကျောက်စာချပ်အနီးတွင် ပုန်းအောင်းနေခဲ့သော ရွှေအမြုတေအဆင့်ကျင့်ကြံသူအမျိုးသမီးသည် အစွမ်းကုန်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အနောက်ဘက်ဆီမှလည်း မိုးပျံအဆောင်စာရွက်များ တပ်ဆင်ထားသော အထူးစစ်ဆင်ရေးအဖွဲ့စစ်သည်တော်များက ငှက်များကဲ့သို့ ပျံသန်းရောက်ရှိလာကြသည်။

ဤအရာအားလုံးမှာ သူတို့ကိုယ်ထွက်ပေါ်လာစေရန်နှင့် တစ်ခါတည်းအမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့်ဆင်ထားသော ထောင်ချောက်တစ်ခုမျှသာ၊၊

ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူအားလုံးသည် ကျင်းယွမ်နှင့် အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သော လူသန်ကြီး နဂါးစိမ်းကို ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် နဂါးစိမ်းက ဒေါသတကြီးငေါက်ငမ်းလိုက်သည်၊၊

“တိုက်ပွဲထဲမှာ အချိန်မဖြုန်းနဲ့တော့… နတ်ဘုရားကျောက်စာချပ်ကို ယူပြီး သွားကြတော့”

သို့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

ဝှစ်... ဝှစ်... ဝှစ်...၊၊

မိစ္ဆာကျင့်ကြံသူများ၏ အထက်ကေင်းကင်တွင် လူစုလူဝေးကြီးတစ်ခု ပျံသန်းဖြတ်သန်းသွားသည်။

စစ်သည်တော်များ၏ ကျောပိုးအိတ်များမှ ပျံသန်းရေးစနစ်သည် အရှိန်လျှော့ရန်အတွက် စတင်အလုပ်လုပ်နေပြီ ဖြစ်သည်။ အောက်ခြေရှိ ရှုပ်ထွေးနေသော တိုက်ပွဲမြေပြင်နားသို့ ချဉ်းကပ်မိသည်နှင့် သူတို့သည် မိမိတို့၏ အစစ်မှန်ချီကို ကျွမ်းကျင်စွာ ထုတ်ဖော်လိုက်ကြပြီး ရင်ဘတ်ရှိ ဂျက်များကို အရှိန်အမြင့်ဆုံး မြှင့်တင်လိုက်ကြသည်။ မြေပြင်နှင့် မီတာအနည်းငယ်အကွာတွင် မှိုပွင့်ပုံသဏ္ဌာန် လေထီးများကို တစ်ယောက်ပြီးတစ်ယောက်ဖွင့်လှစ်လိုက်ကြရာ သူတို့၏ အရှိန်အဟုန်မှာ လုံးဝရပ်တန့်သွားခဲ့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ထိုထက်မြင့်သော ကျင့်ကြံသူများသာလျှင် ဤကဲ့သို့ မြေပြင်သို့ ဆင်းသက်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုအားကြောင့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများသာဆိုလျှင် မြေပြင်သို့မရောက်မီ ခန္ဓာကိုယ်စုတ်ပြတ်သွားနိုင်လေသည်။ ဤကဲ့သို့ တိုက်ပွဲအတွင်းသို့ လျင်မြန်ထိရောက်စွာ ပူးပေါင်းနိုင်ရန်အတွက် လေထီးခုန်စစ်သည်များသည် လေ့ကျင့်ရေးကာလအတွင်း မည်မျှအကြိမ်ကြိမ်လေ့ကျင့်ခဲ့ရသည်… မည်မျှ ဒဏ်ရာရရှိခဲ့သည်ကိုပင် ရေတွက်၍ပင် မရနိုင်တော့ပေ။

တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် လူများမှာ သစ်ရွက်ကြွေများကဲ့သို့ ဆင်းသက်လာကြ၏။ သူတို့သည် လေထီးကြိုးများကို ဖြတ်တောက်လိုက်သည့်အချိန်တွင် ရန်သူများကို ဝိုင်းရံပိတ်ဆို့ပြီးဖြစ်နေခဲ့လေပြီ၊၊

တာအိုဆရာအချို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး အချို့ကမူ ရန်သူများကို ကျိန်ဆဲလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာကျင့်ကြံသူများသည် အကာအကွယ်ကို ဖောက်ထွက်ရန်အတွက် ကုန်းမြင့်ပေါ်သို့ အသည်းအသန်တိုးဝင်လာကြသည်။ သို့သော်လည်း ကျင်းယွမ်သည် သူမထုတ်သုံးနိုင်သော စွမ်းအားအားလုံးကို ထုတ်ဖော်ထားသည်။ ထိုလူသန်ကြီး၏ တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရသော်လည်း သူမသည် မိစ္ဆာကျင့်ကြံသူများ ထွက်ပြေးမသွားနိုင်စေရန် ဒဏ်ရာများကို အောင့်အည်းလျက် တားဆီးထားလေသည်။

“အထူးစစ်ဆင်ရေးအဖွဲ့... တိုက်ခိုက်ကြ… မိစ္ဆာကျင့်ကြံသူတွေကို ရှင်းလင်းပြီး ငါတို့မဟာမိတ်တွေကို ကာကွယ်စောင့်ရှောက်ကြ”

အထူးစစ်ဆင်ရေးအဖွဲ့ နည်းပြတစ်ဦးက အော်ဟစ်ညွှန်ကြားလိုက်သည်။ ဝမ်ရှန်း ထိုသူကို မှတ်မိနေသည်။

ပုံရိပ်ယောင်အမြုတေအဆင့်အရှိန်အဝါများ ထိုးတတ်လာသည်။ အဝါရောင်အဆောင်ပေါင်းများစွာ ဝန်းရံထားသော ကျန်းဇီခွမ်းက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ရှိရာသို့ ကုန်းလျှောအတိုင်း ပြေးဆင်းလာခဲ့သည်။

တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာကြသော အထူးစစ်ဆင်ရေးအဖွဲ့၏ လေထီးခုန်စစ်သည်များသည် ပျံသန်းရေးဝတ်စုံများကို လျင်မြန်စွာ ချွတ်ပစ်လိုက်ကြသည်။ ခဏအတွင်းမှာပင် သူတို့သည် ၆ယောက်တစ်ဖွဲ့၊ ၈ယောက်တစ်ဖွဲ့၊ ၁၈ယောက်တစ်ဖွဲ့ စသည်ဖြင့် အဖွဲ့များခွဲလိုက်ကြပြီး တိုက်ပွဲအစီအရင်များပြင်ဆင်လိုက်ကြသည်။ စနိုက်ပါသမားများက တစ်ပြိုင်နက်တည်း နေရာယူလိုက်ကြပြီး ရာနှင့်ချီသော စစ်သားများက ရန်သူကို ဝိုင်းရံတိုက်ခိုက်ရန် တစ်ညီတညွတ်တည်းလှုပ်ရှားလိုက်ကြသည်။

ထိုအခြေအနေတွင် မိစ္ဆာကျင့်ကြံသူများသည်လည်း အရူးအမူးပြန်လည်ခုခံနေကြသည်။ အချို့သော ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူများသည် မိမိတို့၏ အမြုတေများကိုပင် ဖောက်ခွဲပစ်လိုက်ကြပြီး တာအိုကျင့်ကြံသူများနှင့် စစ်သားအတော်များများကို အတူဆွဲခေါ်သွားခဲ့သည်၊၊

ဝမ်ရှန်း၏ မျက်နှာတည်သွားခဲ့သည်။ မိစ္ဆာကျင့်ကြံသူများ၏ မျက်လုံးများထဲရှိ အရူးအမူးဖြစ်နေသော အလင်းရောင်များကို မြင်လိုက်ရသည့်အခါ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ အမှန်တကယ် သဘောပေါက်သွားခဲ့သည်။

သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးပြီး လှုပ်ရှားလိုက်သည်နှင့် သူ၏ ဓားပျံသည် တိုက်ပွဲမြေပြင်အတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားခဲ့သည်။ ၎င်းသည် ဟာကွက်အနည်းငယ်ပြမိသော မိစ္ဆာကျင့်ကြံသူမှန်သမျှကို ခုတ်ပိုင်းပစ်လိုက်လေသည်။

အထူးစစ်ဆင်ရေးအဖွဲ့၏ ကျန်ရှိသော အင်အားစုများ တိုက်ပွဲအတွင်းသို့ အပြည့်အဝပူးပေါင်းဝင်ရောက်လာသည်ကို စောင့်ဆိုင်းပြီးနောက် မုဝမ်ရွှမ်းလည်း ဝမ်ရှန်း၏အနားမှ ထွက်ခွာသွားခဲ့သည်။ သူမ၏ လှပသောမျက်ဝန်းများတွင် ဒေါသရိပ်များယှက်သန်းလျက် ကျင်းယွမ်နှင့် နဂါးစိမ်းတို့တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူမ၏ ယင်ယန်ချီစွမ်းအင်သည် ထိုလူသန်ကြီးကို ဆက်တိုက်နှောင့်ယှက်နေကြသည့် ကျန်းဇီခွမ်းနှင့် ကျင်းယွမ်တို့ကို ခွန်အားဖြည့်တင်းပေးလိုက်သည်။

ထိုသို့ဖြစ်လင့်ကစား ဒဏ်ရာအပြင်းအထန်ရထားပြီး ယခုအခါ ရူးသွပ်လုနီးပါးဖြစ်နေသော ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ရက်စက်ကြမ်းကြုတ်မှုကိုမူ မည်သူမျှ မယှဉ်နိုင်သေးပေ။

ထိုလူသန်ကြီး၏ နောက်မှ မိစ္ဆာကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရသည်နှင့်အမျှ အလောင်းများမှာ တောင်ပုံရာပုံဖြစ်လာခဲ့သည်။ ငွေရောင်သေတ္တာကြီးမှာ သွေးအိုင်ထဲသို့ လွင့်စင်ကျသွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရထားသော မိစ္ဆာကျင့်ကြံသူနှစ်ဦးပေါ်သို့ဖိမိနေခဲ့သည်။

လမ်းမှန်ဘက်တော်သားများအနေဖြင့် တိုက်ပွဲမြေပြင်ရှိ မိစ္ဆာကျင့်ကြံသူအားလုံးကို ရှင်းလင်းရန် မိနစ်အနည်းငယ်မျှသာကြာမြင့်ခဲ့သည်။ အထူးစစ်ဆင်ရေးအဖွဲ့သည် ပုံရိပ်ယောင်အမြုတေအဆင့် ကျွမ်းကျင်သူ ၇ဦးမှ ၈ဦးခန့်ကို အရှင်ဖမ်းဆီးခဲ့ပြီး ထုပ်ပိုးထားသော မုန့်ထုပ်များကဲ့သို့ တုပ်နှောင်ကာ မြေပြင်ပေါ်သို့ ပစ်ချထားလိုက်သည်။

သို့သော်လည်း တိုက်ပွဲမှာ မပြီးဆုံးသေးပေ။

ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် မလဲကျသေးဘဲ မတ်တပ်ရပ်နေဆဲပင်၊၊ အထူးစစ်ဆင်ရေးအဖွဲ့ စစ်သားများက သူ့ကို ဝိုင်းရံထားကြသော်လည်း မည်သူမျှ စိတ်လိုက်မာန်ပါမလုပ်ရဲကြပေ။ သူတို့သည် ထိုသူ ထွက်ပြေးမလွတ်နိုင်စေရန် စစ်ကြောင်းကို တင်းကျပ်စွာ ပိတ်ဆို့ထားကြရုံသာဖြစ်သည်။

လူသန်ကြီး၏ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့သည်။ သူ၏ ဆံပင်အရှည်ကြီးများမှာ ပြေကျနေပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အင်းများက လင်းလက်နေသည်။ သူသည် ခွန်အားများကုန်ခန်းလုနီးပါးဖြစ်နေပြီ ဖြစ်သည်။

ကျင်းယွမ်နှင့် ကျန်းဇီခွမ်းတို့သည် သူ့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် နှောင့်ယှက်ခြင်းနှင့် ရှောင်တိမ်းခြင်းနည်းဗျူဟာကိုသာ ရွေးချယ်ထားကြသည်။ တစ်ချိန်တည်းမှာပင် ဝမ်ရှန်းသည် သူ၏ ဓားပျံကို အသုံးပြု၍ ဘေးဘက်မှ တိတ်တဆိတ်တိုက်ခိုက်နေခဲ့သည်။

ဓား၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် ခွန်အားမကျန်တော့သဖြင့် ထိုမိစ္ဆာကျင့်ကြံသူသည် မိမိကိုယ်ကို ဓားဖြင့် အခုတ်ခံကာ လွှတ်ထားလိုက်တော့သည်။ သူသည် တစ်ချက်ပြီးတစ်ချက်အခုတ်ခံနေရသော်လည်း သူ၏ မျက်လုံးများမှာမူ ကျင်းယွမ်ကို မျက်ခြေပြတ်မခံပဲ အပြင်းထန်တိုက်ခိုက်နေခဲ့သည်။

“သေစမ်း”

“ဟမ့်”

အေးစက်သော အရှိန်အဝါတစ်ခု ကျင်းယွမ်ထံမှ ပေါက်ကွဲထွက်လာသည်။ သူမသည် လေထဲတွင် နွဲ့နှောင်းစွာ လှည့်ပတ်ပျံဝဲလျက် သူ၏ တိုက်ခိုက်မှုများကို အလွယ်တကူရှောင်ရှားလိုက်သည်။

မကြာမီ လူသန်ကြီး ဒယိမ်းဒယိုင်ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးရောင်လွှမ်းနေသောရွှေအမြုတေမှာ စတင်မှေးမှိန်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မသေဆုံးမီ နောက်ဆုံးအကြိမ် တောက်ပခြင်းကဲ့သို့ပင် သူ၏ အရှိန်အဝါသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး စွမ်းအားမှာ ပိုမိုပြင်းထန်လာခဲ့သည်။

“မင်းကို ငါက ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခွင့်ပေးမယ် ထင်နေလား”

ကျန်းဇီခွမ်းက ဒေါသတကြီးကြုံးဝါးလိုက်သည်။

“ဓားတစ်သောင်း ပေါင်းစည်းခြင်း”

“တိုက်ခိုက်ကြ”

အထူးစစ်ဆင်ရေးအဖွဲ့ ထိပ်တန်းစစ်သားပေါင်းများစွာက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

တိုက်ပွဲအစီအရင်၏ စုစည်းထားသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သူတို့၏ လက်ထဲမှ ဓားရှည်များမှာ တစ်စင်းပြီးတစ်စင်းပျံသန်းထွက်သွားကြသည်။

သူတို့၏ ဓားရှည်များမှာ အလင်းအနားသတ် အမှတ် ၇ ဟု အမည်ဝှက်ပေးထားပြီး အလင်းအနားသတ် အမှတ် ၆ ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်သည်။ ဓားဖျားများနှင့် ဓားသွား၏ ရှေ့အခြမ်းကိုသာ ဝိညာဉ်မဲ့ဓားကဲ့သို့သော ပစ္စည်းများ၊ နည်းစနစ်များနှင့် သွန်းလုပ်ထားခြင်းဖြစ်သည်။

ဓားများမှာ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို တစ်စင်းပြီးတစ်စင်းထိုးဖောက်သွားကြရာ သူ၏ တရှိန်ထိုးတက်လာသော ချီစွမ်းအင်များမှာ ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။

All Chapters