အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
Chapter 225
ထိုမေးခွန်းကြောင့် မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့ ခေတ္တမျှ ကြောင်အမ်းသွားကြသည်။ ထို့နောက်မှ ဝမ်ရှန်းသည် ထိုကိုယ်တော်မှာ အွန်လိုင်းဂိမ်းများကို မကြာခဏဆော့ကစားလေ့ရှိကြောင်း သတိရမိသွားပြီး ဟိုင်ကျင်း၏ ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။
သူသည် “တာအိုကို ဖော်ထုတ်ပြသ၍ရလျှင် ထိုတာအိုသည် ထာဝရတာအိုမဟုတ်ပေ” ဟူသော ကျမ်းစာများကိုသာ အချိန်အတော်ကြာ ရွတ်ဖတ်ပူဇော်နေခဲ့သဖြင့် အွန်လိုင်းပေါ်မှ သုံးနှုန်းလေ့ရှိသည့် စကားစုအတော်များများကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“သေချာတာပေါ့” ဝမ်ရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
ဟိုင်ကျင်းက ပြုံး၍ သူ၏ မိစ္ဆာနှိမ်နင်းတုတ်ကြီးကို ပခုံးပေါ်ထမ်းကာ အခန်းထဲသို့ ဝင်လာခဲ့၏။ တုတ်ကြီးကို ထောင့်တစ်နေရာတွင် ထောင်ထားပြီးနောက် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ မုဝမ်ရွှမ်းကို ပတ်၍ ဝမ်ရှန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဟမ်း... ငါက မုရွှယ်နဲ့ တိုင်ပင်ထားပြီးပြီ။ နောက်ဆိုရင် မင်းတို့နှစ်ယောက်နဲ့အတူ တာဝန်တွေ အတူတူထွက်ချင်လို့”
ဟိုင်ကျင်းက ထိုသို့ပြောပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက အဖွဲ့လိုက်လှုပ်ရှားရတာ ဘယ်လောက်အရေးကြီးလဲဆိုတာ ကောင်းကောင်းကြီးခံစားလိုက်ရတယ်။ ပြီးတော့ ဖေးယွီ... မင်းရဲ့ ပြောင်မြောက်တဲ့ ဓားသိုင်းပညာရယ်… ပုယွီ... မင်းရဲ့ ယင်ယန်မဟာအစီအရင်ရဲ့ စွမ်းအားတွေကိုလည်း တွေ့ခဲ့ရတယ်။ မင်းတို့နှစ်ယောက်ကို ငါ တကယ်ပဲလေးစားမိပါတယ်”
“ဟိုင်ကျင်း... မင်းရဲ့ တုတ်သိုင်းကလည်း တကယ့်ကို အထင်ကြီးစရာပဲ။ ငါ့ရဲ့ ဓားသိုင်းထက် မနိမ့်ပါဘူး” ဝမ်ရှန်းက ပြန်ချီးကျူးလိုက်သည်။
“ဒီလောက် မဟုတ်ပါဘူး။ ငါက ကြမ်းတမ်းတဲ့ခွန်အားရယ်၊ နှစ်အနည်းငယ်လောက်လေ့ကျင့်ထားတဲ့ တုတ်သိုင်းအပေါ်မှာပဲ အခြေခံထားတာဆိုတော့ ရှေ့ဆက်ပြီး တိုးတက်ဖို့ နေရာသိပ်မရှိတော့ဘူး။ သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ ပိုသန်မာတဲ့ခွန်အားနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းမယ့် လမ်းစဉ်ကိုပဲ ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါဘုရားကျောင်းကို ပြန်ရောက်ရင် မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်မယ့် ဗုဒ္ဓပညာရပ်တွေကို ပိုပြီး အာရုံစိုက်လေ့လာတော့မယ်”
ဝမ်ရှန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဗုဒ္ဓပညာရပ်များအကြောင်း သိပ်မသိသော်လည်း ၎င်းတို့မှာ အလွန်စွမ်းအားကြီးမားမည်မှာ အသေအချာပင်ဖြစ်သည်။
“မင်းရဲ့ ဒဏ်ရာတွေကော ဘယ်လိုလဲ”
“ဒါတွေက ဒဏ်ရာအသေးအဖွဲတွေပါ”
ဟိုင်ကျင်းက ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏အမူအရာမှာ လေးလံပြီး စိတ်ပျက်အားလျော့နေသည့် အရိပ်အယောင်များလွှမ်းမိုးနေသည်။
“ဟူး... ငါ့ကိုယ်ငါ Tank တစ်ယောက်အဖြစ် သတ်မှတ်ရတာ သိပ်မကြိုက်ပေမဲ့ ငါ့ဆရာသင်ပေးခဲ့တဲ့ ကျင့်စဉ်တွေအကုန်လုံးက အသားအရေထူထဲဖို့နဲ့ ဒဏ်ရာတွေ အမြန်ပြန်ကောင်းဖို့အပေါ်မှာပဲ ဗဟိုပြုနေတာ... နောက်ဆိုရင် တာဝန်တွေ အတူတူထွက်တဲ့အခါ ခံစစ်နဲ့ မိစ္ဆာမောင်းထုတ်တဲ့ အပိုင်းကို ငါတာဝန်ယူမယ်။ ဖေးယွီ... မင်းရဲ့ ထက်မြက်တဲ့ ဓားသိုင်းက ငါတို့အဖွဲ့ရဲ့ အဓိကတိုက်စစ်ဖြစ်လိမ့်မယ်။ ပုယွီ... မင်းကတော့ ရန်သူတွေကို ထိန်းချုပ်တာ၊ ပံ့ပိုးပေးတာနဲ့ အပိုဆောင်းတိုက်ခိုက်မှုတွေ လုပ်ပေးပေါ့။ ငါတို့တွေ စည်းချက်ကျကျပူးပေါင်းလှုပ်ရှားနိုင်ရင်… ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို နည်းနည်းလောက်ပိုမြှင့်တင်နိုင်မယ်ဆိုရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် တောင့်ခံနိုင်လိမ့်မယ်”
ဟိုင်ကျင်းသည် သူ၏ ဓားသိုင်းတစ်ခုတည်းအတွက်ရောက်လာခြင်းမဟုတ်ကြောင်း ဝမ်ရှန်း ကောင်းကောင်းနားလည်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် မုဝမ်ရွှမ်း၏ ယင်ယန်မဟာအစီအရင်ကြောင့် အဓိကရောက်လာခြင်းဖြစ်သည်။
မုဝမ်ရွှမ်း၏ အစီအရင်အတွင်း၌ ယင်ယန်ချီသည် သူ၏အင်အားကို အနည်းဆုံး ၂၀ရာခိုင်နှုန်းခန့် တိုးမြင့်ပေးနိုင်သည်။ ထို့အပြင် သူမ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သည်နှင့် သူမ၏ ယင်ယန်ချီသည် တူညီသောအဆင့်ရှိ ကျင့်ကြံသူအများစုကို လွှမ်းမိုးနိုင်ပြီး ဟာကွက်များဖြစ်ပေါ်စေလိမ့်မည်။ ဝမ်ရှန်းသည် ထိုဟာကွက်များကို အသုံးချကာ ရန်သူများကို ချက်ချင်း ရှင်းပစ်နိုင်လောက်အောင် လျင်မြန်ထက်မြက်သူဖြစ်သည်။
လက်ရှိတွင် စီနီယာအစ်မက သူ့ထက် များစွာ ပိုမိုသန်မာနေသော်လည်း သူက ကိုယ့်ကိုယ်ကို အားငယ်ခြင်းမရှိတော့ပေ။ ကမ္ဘာဦးချီများပြန်လည်နိုးထလာကတည်းက သူသည် သူမကို အမီလိုက်နိုင်ရန် အမြဲကြိုးစားနေခဲ့သည်။ ယခုအခါတွင်မူ သူသည် သူမ၏ နောက်ကျောကို စတင်မြင်တွေ့နေရလေပြီ၊၊
“ငါတော့ မကြာခင်မှာ တံခါးပိတ်ကျင့်ကြံခြင်းဝင်ဖို့ စိတ်ကူးထားတယ်။ ပုံရိပ်ယောင်အမြုတေအဆင့်ကို အမြန်ရောက်ချင်နေပြီ” ဝမ်ရှန်းက ပြောသည်။
“အင်း”
မုဝမ်ရွှမ်းက သူမ၏ ဖုန်းပေါ်တွင် စာရိုက်၍ သူ့ထံ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ရာ သူမကိုယ်တိုင်လည်း အချိန်အနည်းငယ်မျှ တံခါးပိတ်ကျင့်ကြံခြင်းဝင်လိုကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂နှစ်လုံး လူ့လောကထဲတွင် အမြဲလိုလိုအလုပ်ရှုပ်နေခဲ့ရသဖြင့် သူမအနေဖြင့် တကယ်တမ်း ဆိတ်ငြိမ်စွာကျင့်ကြံရန် အခွင့်အရေးမရခဲ့ပေ။
သို့သော် သူတို့အနေဖြင့် ဆရာ၏ ခွင့်ပြုချက်ကို အရင်ဆုံးရယူရန်လိုအပ်သည်။
“ငါလည်း Season Rank ပွဲတွေမှာ အဆင့်တက်ဖို့ အချိန်နည်းနည်းပေးရဦးမယ်... အာ... မဟုတ်သေးပါဘူး... ဆိုလိုတာက သီးသန့်ကျင့်ကြံပြီး ဗုဒ္ဓပညာရပ်တွေကို လေ့လာဖို့နဲ့ ကျင့်ကြံခြင်းအဆင့်အတွက် အချိန်ပေးရဦးမယ်”
ဟိုင်ကျင်းက ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးသဘောတူညီမှုရပြီဆိုတော့… ငါတို့ အဖွဲ့ဖွဲ့ဖြစ်သွားတဲ့အကြောင်း မုရွှယ်ဆီကိုလည်း မက်ဆေ့ခ်ျလှမ်းပို့လိုက်မယ်”
“ကောင်းပါပြီ။ ငါ Group Chat တစ်ခုဖွဲ့လိုက်မယ်”
ဝမ်ရှန်းက ပြန်ပြောလိုက်သည်။
“အရမ်းကောင်းတယ်”
ဟိုင်ကျင်းက သူ၏ဖုန်းကို ထုတ်ကာ စောင့်ဆိုင်းနေလိုက်သည်။ မကြာမီ ဝမ်ရှန်းက ဟိုင်ကျင်း၊ မုဝမ်ရွှမ်းနှင့် မုရွှယ်တို့ကိုပါ Chat Group ထဲသို့ ထည့်သွင်းလိုက်သည်။
၎င်းတို့၏ အဖွဲ့ဖွဲ့စည်းမှုပုံစံသည် အမှန်တကယ်ပင် အားပေးမြှင့်တင်ရန် ထိုက်တန်လှသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျင့်ကြံသူများထံမှ အကူအညီလိုအပ်သည့်အခါတိုင်း အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မယ့် တာအိုပညာရပ်များရှိသူများကို အဖွဲ့များအဖြစ် စုစည်းပေးနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းက လူတိုင်း၏ ကွန်ရက်ကို ကျယ်ပြန့်စေပြီး အပြန်အလှန်သင်ယူလေ့လာမှုကို ဖြစ်ထွန်းစေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ အချင်းချင်းနားလည်မှုရရှိလာပြီးနောက် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း များစွာတိုးတက်စေမည်ဖြစ်သည်။
ကိစ္စရပ်များအဆင်ပြေသွားသဖြင့် ဟိုင်ကျင်းလည်း စိတ်အားထက်သန်စွာဖြင့် ထွက်ခွာသွားခဲ့ပြီး ဝမ်ရှန်းကမူ အတွေးနက်နေမိသည်။
စီနီယာအစ်မ၊ ဟိုင်ကျင်း… ပြီးတော့ ငါ့ရဲ့ တာအိုပညာရပ်တွေကို ဘယ်သူက ထပ်ပြီး ဖြည့်ဆည်းပေးနိုင်ဦးမလဲ…၊၊
မော်ရှန်းတောင်မှ လျှိုယွမ်ကျိက သူ့စိတ်ထဲသို့ ပထမဆုံးရောက်ရှိလာသည်။
နတ်ဘုရားမြန်နှုန်းအဆောင်နှင့် မျောက်ဝံခုန်ပျံအဆောင်များသည် အထူးစစ်ဆင်ရေးအဖွဲ့ဝင်တိုင်းအတွက် စံပြပစ္စည်းများဖြစ်သည်။ အဆောင်များကို ထောက်ပံ့ပေးနိုင်မှုက ဝမ်ရှန်းကဲ့သို့သော ဓားကျင့်ကြံသူတစ်ဦး၏ အင်အားကို ပိုမိုတိုးတက်စေနိုင်သည်။
ထို့အပြင် လျှိုယွမ်ကျိသည် လျှပ်စီးပညာရပ်များတွင် ကျွမ်းကျင်သူဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မော်ရှန်းတောင်မှ တာအိုနှီးနှောဖလှယ်ပွဲအတွင်း လျှိုယွမ်ကျိက သူ၏ဓားဖြင့် ကောင်းကင်ယံမှ လျှပ်စီးများကို ဆွဲယူခဲ့သည်ကို ဝမ်ရှန်း မှတ်မိနေဆဲပင်။ ထိုစဉ်က သူ၏ လျှပ်စီးများမှာ သေးသွယ်တိုတောင်းလှသော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူ အများကြီးတိုးတက်လာခဲ့လောက်သည်၊၊
ကံဆိုးသည်မှာ လျှိုယွမ်ကျိ၏ ကျင့်ခြင်းခြင်းအဆင့်မှာ နိမ့်နေသည်။ သူသည် မျိုးဆက်သစ်တပည့်များထဲတွင် အကောင်းဆုံးစာရင်းဝင်သော်လည်း ကျင့်ကြံခြင်းလောက၏ ကြီးမားသောအတိုင်းအတာနှင့် ယှဉ်လျှင်မူ သာမန်အဆင့်သာရှိသေးသည်။ သူတို့သုံးယောက်နှင့် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲလိမ့်မည်။
မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ ပစ်မှတ်မှာ လူငယ်လား၊ လူကြီးလားဟူသည်ကို ဂရုမစိုက်ကြချေ။ လမ်းမှန်တာအိုဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများအကြား ထိပ်တိုက်တွေ့ဆုံမှုများ၌ အင်အားမပြည့်မီသူများသည် ချက်ချင်းသတ်ဖြတ်ခံရလိမ့်မည်။
ဝမ်ရှန်း မတ်တတ်ရပ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ အဆုံးတွင်မူ သူသည် သင့်တော်မည့် အဖွဲ့ဝင်များကို သေချာရှာဖွေရန် စိတ်ထဲတွင်သာ တေးထားလိုက်သည်။ လောလောဆယ်တွင်မူ သူနှင့် မုဝမ်ရွှမ်း၏ အင်အားကို အနည်းငယ်မျှ ပိုမိုတိုးတက်စေရန်အတွက် အခြေခံအဆောင်အချို့ပြင်ဆင်ပေးရန် မုရွှယ်ကို တောင်းဆိုထားနိုင်ပေသည်။
“စီနီယာအစ်မ... ကျင့်ကြံဖို့အတွက် တောင်ပေါ်ကို ပြန်လို့ရမလားဆိုတာ ဆရာ့ကို သွားမေးရအောင်”
“အွန်း”
သူတို့နှစ်ဦးသည် အစည်းအဝေးခန်းမထဲမှ ထွက်ခွာပြီး တောင်ပေါ်ရှိ တာအိုကျောင်းတော်သို့ ဦးတည်ခဲ့ကြရာ ထိုနေရာတွင် ချင်ယန်ဇီသည် တာအိုအကြီးအကဲများ၊ တာအိုဆရာများနှင့်အတူ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်းဆွေးနွေးနေသည်ကို တွေ့ရသည်။
ချင်ယန်ဇီသည် သူ၏တပည့်များ တံခါးပိတ်ကျင့်ကြံခြင်းဝင်ပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်လိုသောဆန္ဒကို မငြင်းပယ်ခဲ့ချေ။
ဝမ်ရှန်းသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ အမြန်ဆုံးရောက်ရှိလိုပြီး မုဝမ်ရွှမ်းသည်လည်း ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းနှင့်ပတ်သက်သည့် ရုန်းရင်းဆန်ခတ်မှုများမှ ခေတ္တဝေးဝေးနေရန် လိုအပ်ပေသည်။ သူတို့နှစ်ဦးက စမပြောခဲ့လျှင်ပင် ချင်ယန်ဇီသည် သူတို့ကို ပြဿနာများနှင့်ဝေးရာ တောင်ပေါ်သို့ ပြန်လွှတ်မည်သာဖြစ်သည်။
သို့သော် ချင်ယန်ဇီသည် သူတို့ကို ဝူတန်းတောင်သို့ ပြန်မလွှတ်ခဲ့ဘဲ ကျုံးနန်တောင်တန်းသို့ သွားရောက်ကာ ကျင်းယွမ်ထံတွင် ခိုလှုံရန် ပြောခဲ့လေသည်။
ယွမ်ဖူကျန်းရန်နှင့် အခြားတာအိုအကြီးအကဲအချို့၏ ရှေ့တွင် ချင်ယန်ဇီက သူ၏ဝတ်ရုံထဲမှ ငါးယွမ်ထက် မပိုတန်သော ဈေးပေါသော မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
“ငါကတော့ မင်းတို့ရဲ့ ဆရာကတော်ကို ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကူညီဖြေရှင်းပေးဖို့ အပြင်လောကထဲမှာ ခဏနေခဲ့ရဦးမယ်။ မင်းတို့နှစ်ယောက်လုံးက မိစ္ဆာကျင့်ကြံသူတွေရဲ့ အာရုံစိုက်ခံနေရလောက်ပြီဆိုတော့ လောလောဆယ် လူမသိအောင်နေထိုင်တာ အကောင်းဆုံးပဲ။ ဖေးယွီ... ဒီထဲမှာ သန့်စင်ယန်အင်မော်တယ်မန္တန်ကို သုံးပြီး ပုံရိပ်ယောင်အမြုတေအဆင့်ကို ဘယ်လိုချိုးဖျက်ရမလဲဆိုတဲ့ ငါ့ရဲ့ ထိုးထွင်းသိမြင်မှုအချို့ ပါဝင်တယ်။ မင်း ကျင့်ကြံနေစဉ်အတွင်း ဒါကို အကိုးအကားအနေနဲ့ သုံးပါ”
မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်မိသည်။ ထိုမှတ်စုစာအုပ်က အလွန်ရင်းနှီးနေသကဲ့သို့ သူမ ခံစားနေရသည်...
ယွမ်ဖူကျန်းရန်က ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး သူ၏မုတ်ဆိတ်မွေးကို သပ်နေလိုက်သည်။ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ဝူတန်းတောင်အတွင်းသို့ တစ်ကြိမ်ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို သီးသန့်ကျင့်ကြံရန် ထိုနေရာသို့ပြန်သွားခိုင်းခြင်းက မဖြစ်နိုင်သောအရာပင်။
“ဖေးယွီ... ရှုဓားဂိုဏ်းကို ကူညီခဲ့တုန်းက ငါက တံခါးပိတ်ကျင့်ကြံပြီး ရွှေအမြုတေအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားနေတာဆိုတော့ အဲ့ဒီတုန်းက မင်းကို လူကိုယ်တိုင်မတွေ့နိုင်ခဲ့တာ တကယ်ပဲ နောင်တရမိပါတယ်။ အဲ့ဒါကို အစားထိုးတဲ့အနေနဲ့ မင်းက ပုံရိပ်ယောင်အမြုတေအဆင့်ကို ချိုးဖျက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ငါ့ဘက်က အကြံပြုချက်အချို့ ပေးချင်တယ်” ချင်လုံက ပြောလိုက်သည်။
Chapter 226
ချင်ယန်ဇီက ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ လှည့်ကာ လက်သီးဆုပ်လိုက်သည်။
“ကျုပ်ရဲ့ တပည့်ကို လမ်းညွှန်ပြသပေးပါဦး စီနီယာ။ ကျုပ်ကိုယ်တိုင်က ဓားတာအိုမှာ ကျွမ်းကျင်မှုမရှိလှတာမို့ သူ့ကို သင်ကြားပေးစရာတွေ ကုန်သလောက်ရှိနေပါပြီ”
ချင်လုံက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါတွေက ရှေးဟောင်းကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ နည်းလမ်းတွေပါ။ ကျင့်ကြံဖော်အချင်းချင်းမျှဝေချင်ရုံသက်သက်ပါ”
ထို့နောက် သူက လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
“တကယ်တော့ ပုံရိပ်ယောင်အမြုတေအဆင့်ဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ကျော်က ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက် အဆိုပြုခဲ့တဲ့အယူအဆတစ်ခုပါ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်တာက ပြန်လည်မွေးဖွားခြင်းရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး လူသားတွေရဲ့ သာမန်ခန္ဓာကိုယ်ကို မူလဝိညာဉ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးတာဖြစ်တယ်။ အဲ့ဒီပထမခြေလှမ်းကို မလှမ်းရသေးသရွေ့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ခြေချနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောစမှတ်ပြုကြတယ်၊၊ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ နတ်ဘုရားသန္ဓေသားအဆင့်ရဲ့ ပထမဆုံးအတားအဆီးဖြစ်တဲ့ ရွှေအမြုတေအဆင့်ရောက်လာတယ်။ ဒါက ချောက်ကမ်းပါးကြီးတစ်ခုလိုပဲ... ကျင့်ကြံသူအများစုရဲ့ တိုးတက်မှုကို ရပ်တန့်စေတဲ့ သတ်မှတ်ချက်တစ်ခုပေါ့။ အဲ့ဒီအဆင့်ကို ရောက်ရှိသူတွေရဲ့ အင်အားက သူတို့လေ့ကျင့်တဲ့ နည်းစနစ်တွေအပေါ် မူတည်ပြီး ကွာခြားချက်အရမ်းကြီးမားတယ်၊၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ရွှေအမြုတေက ဖွဲ့စည်းဖို့ တအားခက်ခဲရုံတင်မကဘဲ သူတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေကိုပါ ဆုံးဖြတ်ပေးတာဖြစ်တယ်။ ဒါကြောင့် ငါပြောခဲ့တဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူဟာ ရွှေအမြုတေအဆင့်မတိုင်ခင် အဆင့်တစ်ခုထပ်တိုးဖို့အတွက် နှစ် ၁၀၀လုံး စဉ်းစားတွေးတောခဲ့ရတယ်။ သူက ရွှေအမြုတေဖွဲ့စည်းရတဲ့ အခက်အခဲကို လျှော့ချပေးနိုင်ဖို့ ပုံရိပ်ယောင်အမြုတေအဆင့်ကို ဖန်တီးခဲ့တာဖြစ်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါက ရွှေအမြုတေအဆင့်ကို ဖွဲ့စည်းဖို့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ်တည်ရှိနေတာပဲ...”
တာအိုအကြီးအကဲများ၏ ရှေ့မှောက်တွင် ချင်လုံက ချောမောပြေပြစ်စွာ ရှင်းလင်းပြောကြားသွားခဲ့သည်။ သူသည် ပထမဆုံး ဆယ်မိနစ်ကျော်ကို ပုံရိပ်ယောင်အမြုတေအဆင့်ဆိုသည်မှာ ဘာလဲဟူသည်ကို ရှင်းပြခဲ့ပြီး နောက်ထပ် ဆယ်မိနစ်ကိုမူ ၎င်း၏ နက်ရှိုင်းလှသောအနုစိတ်ပုံစံများကို ဝမ်ရှန်းအား အသေးစိတ်ရှင်းလင်းပြသခဲ့သည်။
အတွင်း၌ ပုံရိပ်ယောင်အမြုတေကို ဖွဲ့စည်းခြင်း၊ ချီပင်လယ်ကို ဖွင့်လှစ်ခြင်းနှင့် မိမိကိုယ်ပိုင်တာအိုကို နားလည်သဘောပေါက်ခြင်းတို့မှာ အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် ခိုင်မာသောခြေလှမ်းဝက်ပင်၊၊
အမှန်တကယ်တော့ ချင်ယန်ဇီသည် ၎င်းအကြောင်းအများစုကို ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့အား ရှင်းပြခဲ့ပြီး ဖြစ်သည်။ အခြားတာအိုအကြီးအကဲများသည်လည်း အတွေ့အကြုံရင့် ဝါစဥ်ကြီးပုဂ္ဂိုလ်များဖြစ်ကြပြီး တပည့်နှင့် မြေးတပည့်ပေါင်းများစွာရှိကြသူများဖြစ်သည်။ ချင်လုံ ထုတ်ပြောနေသည့် အကြောင်းအရာအများစုကို ၎င်းတို့က သဘာဝကျကျသိရှိပြီးသားပင် ဖြစ်သည်။
သို့သော် ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသေးစိတ်ကျသောဗဟုသုတအချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
“လောကမှာရှိတဲ့ အရာအားလုံးနဲ့ နည်းလမ်းတွေက ဓားတစ်လက်လိုပဲ... အကျိုးနဲ့အပြစ် ဒွန်တွဲနေတဲ့ အသွားနှစ်ဖက်ဓားတွေပေါ့။ လွန်ခဲ့တဲ့ နှစ် ၁၀၀၀က ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ ပုံရိပ်ယောင်အမြုတေအဆင့်ကို ရောက်ပြီး အစစ်မှန်ချီစုဆောင်းမှုကတစ်ဆင့် ချီပင်လယ်ကို ချဲ့ထွင်ပြီးတဲ့နောက် အခြေအနေအများစုမှာ အစစ်မှန်ချီပမာဏပဲ တိုးလာတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အစစ်မှန်ချီကိုယ်တိုင်ကတော့ ထပ်ပြီး သန့်စင်လို့မရတော့ဘူး၊၊ ချီပင်လယ်က အပြည့်အဝဖွံ့ဖြိုးသွားတာနဲ့ ပုံရိပ်ယောင်အမြုတေက ချက်ချင်းခဲသွားပြီး ရွှေအမြုတေအဖြစ်စုစည်းသွားတာမို့ အစစ်မှန်ချီကို ထပ်ပြီးသန့်စင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ဒါပေမဲ့ ရွှေအမြုတေအဆင့်ကို ရောက်ပြီးတဲ့နောက်မှာတော့ အစစ်မှန်ချီက နတ်ဘုရားစွမ်းအင်အဖြစ်ပြောင်းလဲသွားတယ်။ နတ်ဘုရားစွမ်းအင်ကို သန့်စင်ဖို့က အခြေခံတည်ဆောက်ခြင်းအဆင့်မှာ အစစ်မှန်ချီကို သန့်စင်ရတာထက် အဆပေါင်းများစွာ ပိုပြီး အားစိုက်ရတယ်”
တာအိုအကြီးအကဲအားလုံး အတွေးနယ်ချဲ့မိသွားကြပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ချင်လုံက ဆက်ပြောသည်၊၊
“အခုခေတ်မှာတော့ ကျင့်ကြံခြင်းလောကရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေဟာ ပုံရိပ်ယောင်အမြုတေအဆင့်ကို စံအဆင့်တစ်ခုအနေနဲ့ သတ်မှတ်ထားကြပြီ... ဒါကို ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေက နတ်ဘုရားသန္ဓေသားအဆင့်ကို မဝင်ရောက်ခင်မှာ အစစ်မှန်ချီကို သန့်စင်နိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်ဖို့ အများကြီးအားစိုက်ခဲ့ကြတယ်။ ဖေးယွီ... မင်းကော ဒါကို စမ်းသပ်ကြည့်ချင်လား”
ဝမ်ရှန်းက သူ့ဆရာကို ကြည့်လိုက်သည်။ ချင်ယန်ဇီက သူ့ကို မျက်စိတစ်ချက်မှိတ်ပြလိုက်သည်၊၊ ဆရာကြီးကို အမြန်ဆုံး ဂါရဝပြုပြီး လက်ခံရန် အချက်ပြလိုက်ခြင်းဖြစ်သည်။
ဝမ်ရှန်းက ရှေ့သို့ လှမ်းထွက်ကာ လက်သီးဆုပ်၍ ဦးညွှတ်လိုက်သည်။
“ကျွန်တော့်အနေနဲ့ ဆရာကြီးနဲ့ တွေ့ရတာဂုဏ်ယူမိပါတယ်။ ဆရာကြီးရဲ့ လမ်းညွှန်မှုကို ရိုသေစွာလက်ခံပါတယ်”
“ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းက ရှုဓားဂိုဏ်းရဲ့ ဂိုဏ်းထူးဆောင်အကြီးအကဲပဲလေ… ဖေးယွီ... ဒါက မင်းကို ငါတို့ထဲကတစ်ယောက်ဖြစ်စေတာပဲ”
ချင်လုံက သူ၏ဝတ်ရုံထဲမှ စာရွက်တစ်ရွက်ကို ထုတ်၍ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ ၎င်းက ဝမ်ရှန်းထံသို့ လွင့်ပျံလာရာ သူက လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။
ချင်လုံက ပြုံးလျက် “အဲ့ဒါက နည်းလမ်းကို အကြမ်းဖျင်းဖော်ပြထားတာပဲ။ ငါမလာခင်ကတည်းက မင်းအတွက် ပြင်ဆင်ထားတာပဲ”
ဝမ်ရှန်းက ၎င်းကို အပေါ်ယံမျှ ဖတ်ကြည့်ပြီးနောက် မော့ကြည့်လိုက်သည်။
“ဆရာကြီး… ဓားဖိကျောက်ဆိုတာ အတိအကျဘာလဲ… ဒါက ဒီနည်းလမ်းရဲ့ သော့ချက်ဖြစ်နေပုံရလို့”
“ဒီမှာလေ”
ချင်လုံက သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ရာ သင်္ချိုင်းဂူကျောက်စာတိုင်ပုံသဏ္ဌာန်ရှိသော ကြီးမားလှသည့်ကျောက်ဓားကြီးတစ်စင်းက ဝမ်ရှန်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ချင်လုံက ၎င်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်မြှောက်ထားပြီး ကျောက်ပြားခင်းလမ်းပေါ်သို့ ဖြည်းညှင်းစွာချထားလိုက်သည်။
ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်ပီသစွာပင် ချင်လုံတွင် အလွန်ကောင်းမွန်သော သိုလှောင်အိတ်ရှိနေလေသည်၊၊
“ဒါက ဓားဖိကျောက်ပဲ... ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာပေါ့။ မင်း သုံးလို့ပြီးရင်တော့ သေချာပေါက်ပြန်ပေးဖို့ မမေ့နဲ့ဦး။ ငါတို့ဂိုဏ်းမှာ သုံးတုံးပဲ ကျန်တော့တာမို့လို့”
ချင်လုံက သံမဏိဓားဖိကျောက်ကို လွှတ်ချလိုက်ရာ ၎င်း၏အောက်ရှိ ကျောက်ပြားများပင် ကွဲအက်သွားခဲ့သည်။ ဝမ်ရှန်းမှာ အံ့အားသင့်လွန်းသဖြင့် လျှာပင်ကိုက်မိသွားလေသည်၊၊
…..
အင်မော်တယ်တာအိုညီလာခံအပြီး သုံးရက်မြောက်သောနေ့တွင် ပစ်ကပ်ကားတစ်စီးသည် စန်းချင်းတောင်မှ အနောက်မြောက်ဘက်သို့ ဦးတည်ထားသည့် အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ နောက်ခန်းတွင်မူ ဝမ်ရှန်းသည် သူ၏အစ်မကြီးနှင့်အတူ စစ်တုရင်ကစားနေသည်။ စစ်တုရင်ခုံက သူတို့ရှေ့တွင် လွင့်မြောလျက်ရှိနေပြီး မုဝမ်ရွှမ်း၏ ချီစွမ်းအင်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ကား၏လှုပ်ခါမှုများကြားတွင်ပင် တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်တည်ငြိမ်နေသည်။
ထိုကစားနည်းမှာ သူတို့အတွက် အလွန်လွယ်ကူလှသည့်အလား နှစ်ဦးသားသည် စဉ်းစားတွေးတောခြင်းမရှိဘဲ တစ်ကွက်ပြီးတစ်ကွက်ဆက်တိုက်ရွှေ့နေကြသည်။ ကားအရှေ့ခန်းမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူငယ်နှစ်ဦးသည် အတန်ကြာခိုးကြည့်နေပြီးနောက်မှ ထိုတာအိုဆရာနှစ်ယောက်ကစားနေသည်မှာ စစ်တုရင်မဟုတ်ဘဲ ပိုမိုလှပဆန်းပြားသည့် ကစားခုံဖြင့် ဖွဲ့စည်းထားသော ငါးကွက်တစ်တန်းကစားနည်းသာဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
လက်ရှိတွင် ကျင့်ကြံသူတစ်ဝက်ခန့်မှာ စန်းချင်းတောင်မှ မထွက်ခွာကြသေးချေ။ ညီလာခံမတိုင်မီက ခန့်မှန်းထားခဲ့ကြသည့်အတိုင်း ကျန်ရှိနေသူအများစုမှာ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကြသည်။ ၎င်းတို့သည် စန်းချင်းတောင်၏ ပတ်ဝန်းကျင်ကို သဘောကျသဖြင့် အနီးနားရှိ တာအိုကျောင်းတော်များသို့ပင် ဝင်ရောက်ခဲ့ကြရာ စန်းချင်းတောင်အခြေစိုက်ဂိုဏ်းအချို့ကို သိသိသာသာအင်အားတောင့်တင်းသွားစေခဲ့သည်။
အင်မော်တယ်တာအိုညီလာခံတွင် သူကြုံတွေ့ခဲ့ရသည်များကို ပြန်လည်တွေးတောရင်း ဝမ်ရှန်းလည်း အွန်လိုင်းတွင် တွေ့ခဲ့ဖူးသည့် ဟာသတစ်ခုကို သတိရမိသွားသည်။ ၎င်းမှာ ဗိုက်ဆာသဖြင့် အစားအသောက်မှာယူသည့် App တစ်ခုကို ဖွင့်လိုက်ရာမှ အကောင့်ဖွင့်ရန် နှစ်နာရီကြာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင်မူ... ကိုယ်တိုင်အစားအသောက်ပို့ဆောင်သူဖြစ်သွားရသည့် အကြောင်းပင်။
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရခြင်းက အမှန်တကယ်ပြိုင်ပွဲဝင်ရသည့် အတွေ့အကြုံမျိုးမပေးနိုင်သည်မှာ အမှန်ပင်။ သို့သော် လာမည့်ငါးနှစ်အကြာ လုံဟူရှန်းတောင်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် အင်မော်တယ်တာအိုညီလာခံကမူ မျှော်လင့်စောင့်စားရန် ထိုက်တန်ပေလိမ့်မည်။
ပထမအကြိမ်ညီလာခံ၏ ကျော်ကြားမှုနှင့် ကြိုတင်ပြင်ဆင်မှုများကြောင့် ဒုတိယအကြိမ်မြောက် အင်မော်တယ်တာအိုညီလာခံသည် ကျင့်ကြံခြင်းလောကတွင် မကြုံစဖူးကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု ခန့်မှန်းရသည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ငယ်ရွယ်သေးသဖြင့် ထိုပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိနေသေးလေသည်။
သူတို့၏ရည်မှန်းချက်မှာ ရတနာအချို့ ဆွတ်ခူးရန်ပင်။ ထိုရတနာများကို သူတို့ကိုယ်တိုင်အသုံးမပြုနိုင်လျှင်ပင် မိမိတို့ဂိုဏ်း၏ ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် အနည်းဆုံးတော့ အကျိုးပြုနိုင်မည် ဖြစ်သည်။
ပစ်ကပ်ကား၏ နောက်ခန်းတွင်မူ သံမဏိဓားဖိကျောက်ကို အဝတ်နက်တစ်ထည်ဖြင့် ပတ်ထားလျက်ရှိသည်။
ထိုကျောက်တုံးသည် တကယ့်ကို ထူးခြားလှသည်။ အကယ်၍ ၎င်းကို သုတေသနဌာသို့ ပို့လိုက်မည်ဆိုပါက မာဇီပင်းနှင့် သူ၏အဖွဲ့သည် “အစစ်မှန်ချီကို စုပ်ယူ၍ အလေးချိန်တိုးပွားစေသော ထူးဆန်းသည့် ကျောက်တုံးတစ်တုံး၏ မော်လီကျူးတည်ဆောက်ပုံခွဲခြမ်းစိတ်ဖြာခြင်း” ဟူသော ခေါင်းစဉ်မျိုးဖြင့် ပရောဂျက်အသစ်တစ်ခုကိုပင် စတင်နိုင်လောက်သည်။
လမ်းခရီးတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ကား ၄ခါ ပြောင်းလဲစီးနင်းခဲ့ရသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည်လည်း လမ်းခရီးတစ်လျှောက်လုံးတွင် ထောက်လှမ်းမခံရအောင် ကာကွယ်မှုအပြည့်အဝပံ့ပိုးပေးခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း မုဝမ်ရွှမ်း၏ အဖွဲ့တွင်းရေပန်းစားမှုသည် သူတို့ကပ္ပတိန်၏ နားရက်များကို အမြဲလိုလိုဗိုလ်ကျစိုးမိုးထားတတ်သည့် ရွှေအမြုတေအဆင့်တာအိုဆရာတစ်ပါးထက် များစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကာအကွယ်ပေးမှုအောက်ရှိ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်နေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ရပ်များကြောင့် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် သေချာပေါက်ပုန်းကွယ်သွားတော့မည်ဖြစ်သော်လည်း သတိထားခြင်းက အကောင်းဆုံးပင်။
ဝမ်ရှန်းသည် သူ၏အချိန်များကို မုဝမ်ရွှမ်းနှင့်အတူ ကစားခြင်း၊ စကားစမြည်ပြောခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် ကုန်လွန်စေခဲ့သည်။ ခရီးလမ်းက ရှည်လျားလှသော်လည်း ပျင်းရိခြင်းကို မခံစားခဲ့ရချေ။
သူတို့သည် သန်းခေါင်ယံအချိန်ခန့်တွင် လန်ထျန်းသို့ ရောက်ရှိခဲ့ကြပြီး မကြာသေးမီကမှ ပြန်ရောက်လာသည့် ကျင်းယွမ်နှင့် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။ ဝမ်ရှန်းသည် ဓားဖိကျောက်ကို သူ၏ကျောတွင် ပိုးထားပြီး မုဝမ်ရွှမ်းကမူ သူ၏ဓားသေတ္တာကို သယ်ဆောင်ကာ ဓားရှည်နှစ်လက်ကို သူမ၏ရင်ခွင်ထဲတွင် ပိုက်ထားသည်။ ထို့နောက် သူတို့သုံးဦးသည် တောင်ပေါ်သို့ အတူတူတက်ခဲ့ကြသည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ငယ်လေးတစ်ခုသည် အနီးနားရှိ မိစ္ဆာကျင့်ကြံသူများ၏ အရိပ်အယောင်များကို စုံစမ်းစစ်ဆေးရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို စောင့်ကြည့်ရန် လန်ထျန်းတွင် ဆက်လက်စခန်းချကျန်ရစ်ခဲ့လိမ့်မည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပုယွီကို တကယ်ပဲ တန်ဖိုးထားကြောင်း ထင်ရှားလှသည်။ ၎င်းနှင့်နှိုင်းယှဉ်လျှင် “ပထမအကြံပေး” ဟု ခေါ်ကြသည့် ဝမ်ရှန်းမှာမူ ယခုအခါ လူသိနည်းပါးသွားပုံရသည်။