အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
Chapter 227
သူတို့ တောင်ပေါ်သို့ တက်နေစဉ် ကောင်းကင်တွင် ကြယ်တာရာများက တောက်ပနေသည်။ ညလေညင်းကလည်း ချမ်းစိမ့်စိမ့်ဖြစ်လာခဲ့လေပြီ။ တောအုပ်တစ်ခုလုံးတွင် သစ်ရွက်ခြောက်များ စုပုံနေသဖြင့် သူတို့၏လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အဆင်ပြေလှသည်။ မြောက်အရပ်ငန်းများက တောင်ဘက်သို့ ပျံသန်းသွားကြပြီး ညကျီးကန်းများပျောက်ကွယ်သွားကာ လမင်းကြီးမြင့်တက်လာပြီး ချင်းလင်တောအုပ်တစ်ခုလုံးတွင် အဖြူရောင်မြူများဖုံးလွှမ်းသွားတော့သည်။
ဝမ်ရှန်း အနည်းငယ်ရုန်းကန်နေရသည်ကို သတိပြုမိသဖြင့် ကျင်းယွမ်က ကမ်းလှမ်းလာသည်။
“ငါ အဲ့ဒီကျောက်တုံးကို ကူသယ်ပေးမယ်လေ။ မင်းကလည်း ဘာမဟုတ်တာကြီးကို ဘာလို့အလကားနေရင်း အပင်ပန်းခံသယ်နေရတာလဲ”
“ရှုဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကျွန်တော့်ကို ငှားလိုက်တာပါ ဆရာဒေါ်လေး”
ဝမ်ရှန်းက အသက်ရှူသံ ပြတ်တောင်းပြတ်တောင်းဖြင့် ပြန်ပြောလိုက်သည်။
“ဒါကို ကျင့်ကြံခြင်းအတွက်သုံးရမှာမို့ ကျွန်တော်ကိုယ်တိုင်ပဲ သယ်လိုက်ပါ့မယ်”
ကျင်းယွမ် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
“ကျင့်ကြံခြင်းဆိုတာ ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ သဘာဝတရားအတိုင်း လိုက်နာရမှာလေ။ အခုလို ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်တွန်းအားပေးနေတာက မကောင်းတဲ့ လမ်းစဉ်ပဲ”
“အွန်း” မုဝမ်ရွှမ်းက သူမဆရာဒေါ်လေး၏ စကားကို လုံးဝထောက်ခံသည့်အလား တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ရှန်းသည် ထိုအမျိုးသမီးနှစ်ဦးကို မချေပဝံ့ချေ။ သူသည် ခေါင်းငုံ့ကာ တောင်ပေါ်သို့ ဆက်တက်လှမ်းနေမိတော့သည်။ တောင်ထိပ်နားရှိ ခြံဝင်းလေးသို့ ရောက်ရှိချိန်တွင်မူ သူ၏ အစစ်မှန်ချီအများစုမှာ ကုန်ခမ်းလုနီးပါးဖြစ်နေခဲ့လေပြီ။
အကယ်၍ သူ၏ ကျန်ရှိသော အစစ်မှန်ချီအားလုံးကို ထိုကျောက်တုံးထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက ၎င်းကို အနည်းငယ်မျှပင် မမြှောက်နိုင်တော့ဘဲ ကျရှုံးသွားပေလိမ့်မည်။
“ဆရာ... ဆရာလားဟင်” လမ်းကွေ့တစ်ခုအနီးမှ တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့်လှမ်းခေါ်လိုက်သည်။
“အင်း…. ငါပဲ။ ဘယ်သူတွေ ရောက်လာလဲဆိုတာ ကြည့်လိုက်ဦး ကျန်းဝမ်” ကျင်းယွမ်က ညင်သာစွာ ပြန်ပြောလိုက်သည်။
“စီနီယာအစ်မ... စီနီယာအစ်ကို”
ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် ချီဝမ်သည် လမ်းအတိုင်း သူတို့ထံသို့ ပေါ့ပါးစွာ ပြေးထွက်လာခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူမ အတော်လေးပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝူတန်းတောင်သို့ ပထမဆုံးပြန်ရောက်ခါစက သူမသည် နုနယ်ပျော့ပျောင်းပုံရသော်လည်း ယခုအခါ ကျင်းယွမ်၏ လမ်းညွှန်မှုအောက်တွင် စင်ကြယ်ခြင်းနှင့် ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်များထွက်ပေါ်နေသည်။
အနည်းဆုံးတော့ သူမ၏ မျက်ဝန်းများသည် ယခင်ကထက် များစွာပိုမိုတောက်ပနေခဲ့ပြီ ဖြစ်သည်။
ကျင်းယွမ်၏ မျိုးဆက်မှ ကျောက်စိမ်းမိန်းမပျိုမန္တန်ကို အသုံးပြု၍ ကျင့်ကြံနေခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊၊ သူမ၏ အငွေ့အသက်များမှာ အနည်းငယ်ပင် နတ်သမီးဆန်နေသည်။ သူမ၏ အသားအရေမှာ ဝင်းပဖြူစင်နေပြီး သူမ၏ ကိုယ်လုံးကိုယ်ထည်မှာလည်း အနည်းငယ်ပိုမိုဖွံ့ဖြိုးလာသဖြင့် ယခုအခါ သွယ်လျပြီး ကျော့ရှင်းလှပနေသည်။ သန့်ရှင်းနေသောလေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်များကို မြင်းမြီးပုံစည်းနှောင်ထားသဖြင့် သပ်ရပ်ပြတ်သားနေလေသည်၊၊
ချီဝမ်က ရှေ့သို့ အမြန်လှမ်းလာပြီး ဓားတိုကို ရင်ခွင်ထဲပိုက်လျက် ကျင်းယွမ်ကို ဂါရဝပြုလိုက်ကာ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကိုလည်း ဝမ်းသာအားရဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။ သူမက မုဝမ်ရွှမ်း၏ ဘေးသို့ ချက်ချင်းပြေးကပ်သွားပြီး သူမထံမှ ဓားရှည်တစ်လက်ကို ကူညီသယ်ဆောင်ပေးလိုက်ကာ ဝမ်ရှန်းကိုမူ သိသိသာသာရှောင်ဖယ်နေခဲ့သည်။
ဝမ်ရှန်း အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။ အချိန်အတော်ကြာ လမ်းခွဲခဲ့ပြီးနောက်မှ သူ၏ဂျူနီယာညီမလေးသည်
အရင်ကထက် ဘာလို့ ပိုပြီးရှက်တတ်သွားရတာလဲ။ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ သူက တကယ်ပဲ မနှစ်သက်စရာကောင်းနေလို့လား။
ခြံဝင်းလေးသို့ ရောက်ရှိချိန်တွင်မူ ဝမ်ရှန်းလည်း သူမ၏ အပြုအမူကို ချက်ချင်းသဘောပေါက်သွားတော့သည်။ ချီဝမ်က သူမ အဝတ်အစားလဲဦးမည်ဟု တိုးတိုးလေးပြောကာ မီးပင်မဖွင့်ဘဲ သူမ၏ အခန်းသို့ ပြေးဝင်သွားခဲ့သည်။
ဝမ်ရှန်း လျှာကိုက်မိသွားသည်။ သူမသည် လူသူအရောက်အပေါက်နည်းပါးလှသည့် ဤတောင်ပေါ်တွင် သူမ၏ဆရာနှင့် နှစ်ယောက်တည်းနေထိုင်ရသည်ကို ကျင့်သားရနေခဲ့ပုံရသည်။ သူမအနေဖြင့် မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ လွတ်လွတ်လပ်လပ်လေ့ကျင့်ရသည်ကို ပိုမိုနှစ်သက်ပုံပင်။
ချီဝမ် အခန်းထဲမှ ပြန်ထွက်လာချိန်တွင်မူ သူမသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပြီ။ သူမက “စီနီယာအစ်ကို” ဟု ရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။
ခြံ၏ ထောင့်တစ်နေရာရှိ သင်္ချိုင်းဂူကျောက်စာတိုင်နှင့် တူသောအရာကို ဝမ်ရှန်း အကဲခတ်နေသည်ကို သတိပြုမိသဖြင့် ချီဝမ်သည် စူးစမ်းလိုစိတ်ဖြင့် လှမ်းလာခဲ့သည်။ သူမသည် လက်နှစ်ဖက်ကို ကျောနောက်မှာထားပြီး အတန်ကြာ စောင့်ကြည့်နေပြီးနောက် မေးလိုက်သည်။
“စီနီယာအစ်ကို... အဲ့ဒါကြီးက ဘာလုပ်ဖို့လဲဟင်”
“ဘာလဲဆိုတာ ကြည့်လိုက်လေ” ဝမ်ရှန်းက ပြန်ပြောသည်။
“ဓားလား”
“အတိအကျပဲ” သူက တည်ငြိမ်စွာ ပြောလိုကိသည်။
“ဒါက ဓားသန္ဓေသားပဲ။ ငါက ဒါကို ငါ့ရဲ့ သွေးနဲ့ အစစ်မှန်ချီတွေသုံးပြီး နေ့ရောညပါ သန့်စင်သွားရမှာ... ပြီးတော့ စစ်မှန်တဲ့ ရတနာဓားတစ်စင်းဖြစ်အောင် ဖြည်းဖြည်းချင်းတောက်ပြောင်အောင်လုပ်ရမှာပေါ့။ ဒါက ဓားကျင့်ကြံသူတွေ ပြောလေ့ရှိတဲ့ ဓားတစ်လက်တည်းကို သွန်းလုပ်ဖို့ နှစ် ၁၀၀ အချိန်ယူရတယ်ဆိုတာမျိုးပဲ”
ချီဝမ် သိပ်ပြီးနားမလည်သော်လည်း အံ့အားသင့်သွားခဲ့သည်။ သူမသည် ဓားဖိကျောက်ကို လှမ်းကိုင်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် အထင်ကြီးလေးစားမှုများပြည့်နှက်နေသည်။
“ဒါက သံချောင်းကို အပ်ဖြစ်အောင် သွေးရတယ်ဆိုတဲ့ ရှေးပုံပြင်လိုမျိုးလားဟင်”
ဝမ်ရှန်းက ရယ်မောလိုက်ပြီး ထိုကျောက်တုံး၏ ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်သည်။ ထိုအခါမှ ချီဝမ်က သူ့ကို မျက်စောင်းထိုးလိုက်တော့သည်။
“မင်းရဲ့ ကျင့်ကြံခြင်းကလည်း အတော်လေးတိုးတက်လာတာပဲ” ဝမ်ရှန်းက ချီးမွမ်းလိုက်သည်။
ချီဝမ်ကမူ အနည်းငယ် စိတ်ပျက်အားလျော့နေသည့်အလား တီးတိုးသက်ပြင်းချလိုက်သည်။ ၂နှစ်ကြာ ကျင့်ကြံပြီးနောက်တွင် သူမသည် နောက်ဆုံး၌ ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ကျင့်ကြံခြင်းအတွက် မသင့်တော်သော်လည်း ကျင်းယွမ်က သူမကို တစ်ဆင့်ချင်းစီ လမ်းညွှန်ပြသပေးခဲ့သဖြင့် စနစ်တကျတိုးတက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
“အကယ်၍ ဆရာက တခြားလူတစ်ယောက်ကို လူကိုယ်တိုင်သင်ကြားပေးခဲ့မယ်ဆိုရင် သူတို့က ညီမထက် အများကြီးပိုသန်မာနေလောက်ပြီ”
သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့နေခြင်းမှာ ထင်ရှားစွာပင် ပြောင်းလဲခြင်းမရှိသေးချေ။
ဝမ်ရှန်းသည် သူမကို ဆုံးမခြင်းမပြုခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ယခုအခါ သူမသည် သူ၏ဆရာဒေါ်လေး၏ တပည့်တစ်ဦးဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမအား အကြံဉာဏ်ပေးမည်ဆိုပါက ၎င်းမှာ သူ မဖြစ်သင့်ချေ။
၎င်းတို့၏ ခရီးဆောင်အိတ်များကို နေရာချထားပြီးဖြစ်သော ကျင်းယွမ်နှင့် မုဝမ်ရွှမ်းတို့သည် လျှောက်လာခဲ့ကြသည်။
“ဖေးယွီ... ဒီမှာ အခန်းသုံးခန်းပဲ ရှိတယ်...”
ကျင်းယွမ်က ပြောလိုက်သည်။
“အဆင်ပြေပါတယ်... ကျွန်တော် အပြင်မှာပဲ နေပါ့မယ်”
ဝမ်ရှန်းက အမြန်ပြန်ပြောလိုက်သည်။ သူက အချိန်ပြည့်ကျင့်ကြံနေမည်ဖြစ်သဖြင့် ကုတင်ရှိခြင်း၊ မရှိခြင်းဟူသည်မှာ အရေးမကြီးချေ။
ကျင်းယွမ်က ပြုံးလိုက်သည်။ “ဒါဆိုလည်း အဆင်ပြေတာပေါ့။ ငါက မင်းကို ရွှမ်းလေးနဲ့ အခန်းအတူမျှသုံးနိုင်မလားလို့ မေးမလို့ပဲ”
ဝမ်ရှန်းက ပြုံးရုံသာပြုံးလိုက်ပြီး မုဝမ်ရွှမ်းက မျက်တောင်ခတ်လိုက်သော်လည်း ၎င်းကို အများကြီးတွေးပုံမရချေ။
ကျင်းယွမ်လည်း အတွင်းဒဏ်ရာများကို ကုသနေဆဲဖြစ်သောကြောင့် မုဝမ်ရွှမ်းကို တောင်ပေါ်သို့ ခေါ်ဆောင်ကာ ဆေးပင်များ သွားခူးရန် စိတ်ကူးထားသည်။ ၎င်းတို့က ဝမ်ရှန်းကို ခြံထဲတွင် အနားယူရန်ပြောခဲ့ပြီးနောက် ချီဝမ်အား ဒဏ်ရာရထားသော စီနီယာအစ်ကိုအား ဂရုစိုက်ရန်တာဝန်ပေးခဲ့ကြသည်။
ထိုသန်မာသောအမျိုးသမီးနှစ်ဦး ထွက်ခွာသွားပြီးနောက် ဝမ်ရှန်းသည် ရေယူကာ ဓားဖိကျောက်ကို သေချာစွာ စတင်သန့်စင်လိုက်သည်။
ချီဝမ်က ချယ်ရီသီးပန်းကန်တစ်လုံးကို ယူဆောင်လာခဲ့ပြီး စားရင်းဖြင့် သူ့ကို စောင့်ကြည့်နေရင်း သူမက မေးလိုက်သည်။
“ဖွင့်ပြောပြီးပြီးလား”
“ဘာကိုလဲ... မင်း ဘာအကြောင်းပြောနေတာလဲ”
ဝမ်ရှန်းက မသိချင်ယောင်ဆောင်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါက လူကြီးတွေ ကိစ္စပါ... ကလေးတွေ လျှောက်တွေးရမယ့်အရာမဟုတ်ဘူး”
“ဖွီး... လူလိမ်ကြီး”
ချီဝမ်က သူ့ကို မျက်လုံးချင်းစုံကြည့်လိုက်သည်။
“စီနီယာအစ်ကိုနဲ့ အစ်မကြားထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ လူတိုင်းမြင်နိုင်တာပဲ။ ဒါကို စီနီယာအစ်ကိုက လူငယ်တစ်ယောက်တင်မကဘဲ ကျော်ကြားတဲ့ ဓားအင်မော်တယ်ဖေးယွီဖြစ်နေတာတောင် ရှက်ကိုးရှက်ကန်းလုပ်နေတုန်းပဲ”
“ဓားအင်မော်တယ်ဆိုတာ အဆင်ပြေပါတယ်။ လူငယ်ဆိုတာကို ဘာလို့ ထည့်ရတာလဲ”
ဝမ်ရှန်းက ညည်းတွားလိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။
“ပထမဆုံးအနေနဲ့ ငါတို့စီနီယာအစ်မနဲ့ ငါက တာအိုနဲ့ ထာဝရရှင်သန်ခြင်းကိုပဲ အာရုံစိုက်ကြတယ်။ ဒုတိယအနေနဲ့ သူမက ဒီလိုကိစ္စမျိုးတွေကို နားမလည်ဘူး... ပြီးတော့ ငါလည်း သူမကို ဒီလိုအရာတွေနဲ့ မရှုပ်ထွေးစေချင်ဘူး”
“တတိယအနေနဲ့ ငါတို့ရဲ့ ဆက်ဆံရေးက ဒီထက်ပိုပြီး ရှေ့ဆက်စရာမလိုဘူးလို့ မင်းမထင်ဘူးလား။ တာအိုလက်တွဲဖော်ဆိုတာ ဘာပဲဖြစ်ဖြစ် အတူတူကျင့်ကြံဖို့၊ တူညီတဲ့လမ်းစဉ်နဲ့ ရည်မှန်းချက်တွေကို မျှဝေဖို့ပဲလေ။ ငါတို့ကြားက ကိစ္စတွေကို အချစ်ဇာတ်လမ်းတွေနဲ့ ဘာလို့ရှုပ်ထွေးအောင် လုပ်ရမှာလဲ။ ငါတို့ရဲ့ အကြည့်ချင်းဆုံရုံနဲ့တင် အချင်းချင်းနားလည်နိုင်ကြတယ်။ ငါတို့ အပြန်အလှန်ကြည့်လိုက်တာနဲ့ တစ်ဖက်လူ ဘာလိုလဲဆိုတာသိနိုင်တယ်။ အဲ့ဒါတင်မလုံလောက်ဘူးလား”
ဝမ်ရှန်းက ထိုသို့ပြောကာ ခပ်တိုးတိုးရယ်မောလိုက်သော်လည်း ချီဝမ်ကမူ မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းရဲ့ တာအိုနယ်ပယ်က တိုးတက်ဖို့ လိုနေသေးတာပဲ။ ဆက်ပြီး လေ့ကျင့်ပါဦး” ဝမ်ရှန်းက ပြောလိုက်သည်။
“ကဲ... ဖယ်ဦး။ ငါ ဒါကို စမ်းသပ်ကြည့်ချင်လို့”
“အိုး”
ချီဝမ်က သူမ၏ ပန်းကန်ကို ကိုင်ကာ တံခါးဝသို့ ရွှေ့သွားခဲ့သည်။
ဝမ်ရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ယခင်က သူ၏ဓားသေတ္တာမှ ဖြုတ်ထားခဲ့သော ပခုံးသိုင်းကြိုးကို ကျောက်တုံးတွင် ချည်နှောင်လိုက်သည်။ ထို့နောက် သူက လှည့်ကာ လေးလံလှသော ဓားဖိကျောက်ကို သူ၏ကျောပေါ်သို့ ပိုးလိုက်တော့သည်။
နောက်ဆိုရင် သူက ဓားလေ့ကျင့်စဉ်အတွင်း ဒါကို အမြဲကျောပိုးထားရတော့မည် ဖြစ်သည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏အမည်မဲ့ရတနာဓားသည် သူ၏လက်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ ဝမ်ရှန်းသည် မတ်မတ်ရပ်ကာ သူ၏ကျောပြင်ကို ဆန့်လိုက်ပြီး ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုလိုက်သည်။
လေးလိုက်တာ...
အရိုးရှင်းဆုံးလှုပ်ရှားမှုများပင် အလွန်ပင်ပန်းလှသည်ဟု ခံစားရသည်။ သို့သော် သူသည် အရှုံးမပေးချင်လောက်အောင် ခေါင်းမာသူဖြစ်သည်။ သူ အံကြိတ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီး သူ၏ခြေလက်များထဲသို့ အစစ်မှန်ချီများကို ပိုမိုထည့်သွင်းလိုက်သည်။ ထို့နောက် နောက်ထပ် နှစ်လှမ်းလှမ်းလိုက်ပြီး သူ၏ဓားသိုင်းနည်းစနစ်များကို ဆက်လက်လေ့ကျင့်နေလိုက်သည်။
ဓားဖိကျောက်သည် သူ၏အစစ်မှန်ချီကို လျင်မြန်စွာ ကုန်ခမ်းစေပြီး သူ၏နဖူးမှ ချွေးစက်များ တပေါက်ပေါက်ကျဆင်းလာစေသော်လည်း ဝမ်ရှန်းကမူ ဓားသိုင်းတစ်ခုလုံးပြီးမြောက်အောင် ကြိုးစားအားထုတ်နေဆဲပင်။ နောက်ဆုံးတွင်မူ ၂၅ကွက်မြောက် လှုပ်ရှားမှု၌ သူ၏ အစစ်မှန်ချီစီးဆင်းမှုမှာ ရုတ်တရက်ပြတ်တောက်သွားခဲ့ပြီး ခြေချော်ကာ ဟန်ချက်ပျက်သွားခဲ့သည်။ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သံမဏိဓားဖိကျောက်မှာ သူ့ကိုအပေါ်မှ ဖိမိသွားလေသည်။
အံ့အားသင့်မှုကြောင့် ချီဝမ်လည်း ခေတ္တကြောင်၍ရပ်နေပြီးမှ အလန့်တကြားအော်ဟစ်လိုက်မိသည်။ ဝမ်ရှန်းသည် ဖုန်မှုန့်များကြားတွင် မှောက်လျက်သားလဲကျနေပြီး လုံးဝလှုပ်ရှားမှုမရှိတော့သည်ကို မြင်လိုက်ရသောအခါ သူမလည်း အလောတကြီးပြေးသွားလိုက်သည်။
Chapter 228
ဓားပညာလေ့ကျင့်ခြင်းသည် အန္တရာယ်နှင့် ဒွန်တွဲနေသဖြင့် ပေါ့ဆ၍မရပေ။ အထူးသဖြင့် ကျောပေါ်တွင် ကျောက်တုံးကြီး ထမ်းထားရချိန်မျိုးတွင် ပို၍ပင် သတိထားရမည် ဖြစ်သည်။ အမှန်တော့ ဓားဖိကျောက်တုံးကို စနစ်တကျမသုံးတတ်ပါက တပည့်များသည် မျက်ရည်ကျရသည်အထိ ဒုက္ခရောက်နိုင်၏။ အကယ်၍ သူသာ အခြေခံမခိုင်မာခဲ့ပါက ဤဓားဖိကျောက်တုံး၏ ဖိအားကြောင့် သေချာပေါက် ဒဏ်ရာရသွားပေလိမ့်မည်။
ဆရာဒေါ်လေး၏ခြံဝင်းထဲတွင် မျက်နှာနှင့် မြေကြီးမိတ်ဆက်မိသွားပြီးနောက် ဝမ်ရှန်းသည် တစ်ကိုယ်လုံးရှိ အားအင်အားလုံးကို စိုက်ထုတ်ကာ လူးလဲထလိုက်သည်။ ယောင်ကိုင်းသွားသော နှာခေါင်းကို စမ်းသပ်ရင်း အပေါ်သို့ မော့ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ရှေ့ဆက်ရမည့် ကျင့်ကြံခြင်းလမ်းခရီးသည် မည်မျှပင် ခက်ခဲလိမ့်မည်နည်းဟု သူ တွေးနေမိတော့သည်။
ချီဝမ်က ဆေးသွားယူခြင်း၊ ရေခပ်ခြင်းတို့ကို အပြေးအလွှားလုပ်ဆောင်ပေးပြီး ဝမ်ရှန်း မျက်နှာသစ်ရန် ပြင်ဆင်ပေးနေသည်။ ဝမ်ရှန်းလည်း အသက်ရှူချောင်သွားပြီး ဓားဖိကျောက်တုံးပေါ်တွင် လဲလျောင်းလိုက်သည့်အချိန်၌မူ ချီဝမ်မှာ ငိုအားထက်ရယ်အားသန်ဖြစ်နေလေသည်။
“စီနီယာအစ်ကို… ဒီလိုမျိုးကြီးလေ့ကျင့်နေလို့ မဖြစ်ဘူးလေ”
ဝမ်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တုန်ခါသွားသည်။ သူသည် ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး တိတ်ဆိတ်စွာ တရားထိုင်ရင်း ဓားဖိကျောက်တုံးနှင့် တကယ်တမ်းအားပြိုင်ရန် ပြင်ဆင်လိုက်သည်။
ချီဝမ်လည်း အနီးတွင် ထိုင်ရင်း သူမကို အမြဲတမ်းဂရုတစိုက်စောင့်ရှောက်ခဲ့သော စီနီယာအစ်ကိုကို စိုးရိမ်တကြီး ကြည့်နေမိသည်။ သူမသည် ထောင့်စွန်းတစ်ခုဆီသို့ အသာအယာလျှောက်သွားပြီး တရားထိုင်ဖျာကို တံခါးဝသို့ ရွှေ့ကာ ထိုင်လိုက်သည်။ ထို့နောက် စီနီယာအစ်ကို မြေကြီးပေါ်သို့ နောက်တစ်ကြိမ် မှောက်ခုံလဲမည့်အချိန်ကို စောင့်မျှော်နေတော့၏။
ဓားဖိကျောက်တုံးလား… တကယ်ကို လိုက်ဖက်တဲ့ နာမည်ပဲ။
ဝမ်ရှန်းလည်း တစ်ညလုံးတရားထိုင်ခဲ့သည်။ သူ၏ အစစ်မှန်ချီများပြည့်လျှံနေသည်မှာ ကြာပြီဖြစ်ပြီး မကြာသေးမီက တိုက်ပွဲမှ ရရှိခဲ့သော နားလည်သဘောပေါက်မှုအနည်းငယ်က ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်တိုးတက်သွားစေသည်။
ယခုအခါ သူသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ရောက်ရှိရန် ယခင်ကထက် ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်သည်။
ချင်လုံ၏ အကြံပြုချက်အရ ဤဓားဖိကျောက်တုံးကို အသုံးပြုခြင်းဖြင့် ဝမ်ရှန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် လအနည်းငယ်ခန့်ဆက်ရှိနေနိုင်မည်ဖြစ်သည်။ ဝမ်ရှန်းသည် ဓားဖိကျောက်တုံး၏ စွမ်းရည်ကုန်ဆုံးသွားမှသာ ပုံရိပ်ယောင်အမြုတေကို ဖွဲ့စည်းမည်ဖြစ်ရာ ၎င်းက သူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းခရီးအတွက် များစွာအကျိုးရှိစေလိမ့်မည်။ ဤသို့ အပိုဆောင်းပေးလိုက်ရသည့် လအနည်းငယ်သည် ထိုက်တန်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
ပထမဆုံးခြေလှမ်းက အမြဲတမ်းအခက်ခဲဆုံးဖြစ်သော်လည်း နောက်ထပ်ခြေလှမ်းများကလည်း လွယ်ကူလိမ့်မည်မဟုတ်ပေ။
ကျုံးနန်တောင်တန်းပေါ်ရှိ ပထမဆုံးလတွင် ဝမ်ရှန်းသည် ဆရာလိုက်ရှာနေသည့် ထိုနွေရာသီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။ ထိုစဉ်က သူသည် မည်သို့ကျင့်ကြံရမည်ကိုပင် မသိသေးချေ။ ကောင်းကင်နှင့် မြေကြီးကြားတွင်လည်း ကမ္ဘာဦးချီဟူ၍ မရှိသေးပေ။ သူ၏ဆရာက သူ့ကို နေ့တိုင်းလေ့ကျင့်ခန်းလုပ်ခိုင်းပြီး ညတိုင်း မောပန်းနွမ်းနယ်စွာဖြင့် ကုတင်ပေါ်သို့ လဲကျသွားရုံသာရှိသည်။ တစ်ခါတရံမှသာ ဆရာဖြစ်သူက သူ၏ သွေးကြောပိတ်ဆို့မှုများဖွင့်ပေးကာ အရိုးအဆစ်များကို ပြုပြင်ပေးတတ်သည်။
အချိန်များကုန်ဆုံးသွားခဲ့လေပြီ။ ယခုအခါ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်ပြီး သူ၏ဆရာမှာမူ ရွှေရောင်အမြုတေအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူ၏ သွေးကြောများအားလုံးလည်း အပြည့်အဝပွင့်သွားခဲ့ပြီ ဖြစ်သည်။
သူ မောပန်းနွမ်းနယ်သည့်အခါတိုင်း ကျောပေါ်တွင် ဓားဖိကျောက်တုံးကို တင်ထားပြီး ချီကျောက်တုံးများဖြင့် အစီအရင်တစ်ခုပြုလုပ်ကာ ခန္ဓာကိုယ်ထဲမှ ကုန်ခမ်းသွားသော အစစ်မှန်ချီများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းရန် ဓားဖိကျောက်တုံးအောက်တွင် ထိုင်နေတတ်သည်။ ထိုအချိန်တွင် သူ့ပုခုံးကို နှိပ်ပေးမည့်သူ သို့မဟုတ် ကျောကို ထုပေးမည့်သူတစ်ဦးမျှ အနီးအနားတွင်မရှိချေ။
ဓားဖိကျောက်တုံးကို အောင်နိုင်ရန် သွားရသော လမ်းခရီးသည် အမှန်တကယ်ပင် အခက်အခဲများနှင့်ပြည့်နှက်နေသည်။
ပထမဆုံးရက်အနည်းငယ်တွင် ဝမ်ရှန်း လုံးဝအထိနာခဲ့သည်။ အစစ်အမှန်ချီများ အနည်းငယ်လျော့နည်းသွားသည်နှင့်တစ်ပြိုင်နက် ဓားဖိကျောက်တုံးက သူ့ကို မြေကြီးပေါ်သို့ မှောက်ခုံလဲကျစေပြီး ပြားချပ်သွားအောင် ဖိထားတော့သည်။
ကံကောင်းသည်မှာ သူ မျက်နှာနှင့် မြေကြီး တိုက်မိသည့် အကြိမ်အရေအတွက် သိပ်မများလှခြင်းပင် ဖြစ်သည်။ လဲကျရသည်ကို ကျင့်သားရသွားပြီးနောက် သူသည် နည်းစနစ်အသစ်အချို့ကိုပင် ထိုးထွင်းသိမြင်လာခဲ့သည်။
သူ လဲကျချိန်တွင် အနီးအနား၌ မည်သူမျှမရှိပါက သူသည် လဲကျသွားသည့် ပုံစံအတိုင်းပင် ဆက်နေပြီး အစစ်မှန်ချီများကို ပြန်လည်ရရှိရန် ကမ္ဘာဦးချီများကို လျင်မြန်စွာ စုပ်ယူတတ်သည်။ အကယ်၍ သူ၏ဆရာဒေါ်လေး၊ စီနီယာအစ်မ သို့မဟုတ် ဂျူနီယာညီမလေးတို့က အနီးတွင်ရှိနေပြီး စိုးရိမ်တကြီးပြေးလာကြပါက သူသည် လက်မောင်းကြွက်သားများကို အသုံးပြုကာ သူ့ကိုယ်နှင့် ဓားဖိကျောက်တုံးကို မြှောက်တင်ပြီး လဲကျနေရာ၌ပင် ဒိုက်အနည်းငယ်ထိုးပြလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြန်လည်မတ်တတ်ရပ်ပြလိုက်သည်။
သို့သော်လည်း သူ၏ စီနီယာအစ်မနှင့် ဆရာဒေါ်လေးတို့လည်း စိုးရိမ်စိတ်ကို မထိန်းနိုင်ကြသဖြင့် အချိန်အတော်များများတွင် သူ့အနား၌ တစ်လှည့်စီလူစောင့်ပေးကြသည်။
သူ လဲကျသည့်အခါတိုင်း သူတို့က အပြေးအလွှားရောက်လာပြီး သူ့ကိုကယ်ဆယ်ရန် ကျောက်တုံးကြီးကို မပေးကြသည်။
လေ့ကျင့်ခန်းလုပ်ပြီး တစ်ပတ်အတွင်းမှာပင် ဝမ်ရှန်း၏ လက်မောင်းများသည် သိသိသာသာတုတ်ခိုင်လာခဲ့သည်— အဟမ်း… ဆိုလိုသည်မှာ သူ၏ အစစ်မှန်ချီများက ပိုမိုသန့်စင်လာခြင်းဖြစ်သည်။ သူသည် ခန္ဓာကိုယ်ထဲမှ အညစ်အကြေးအချို့ကိုပင် ချွေးများနှင့်အတူ စစ်ထုတ်နိုင်ခဲ့သည်။ ကျောပေါ်တွင် ဓားဖိကျောက်တုံး၏ အလေးချိန်မရှိတော့ပါက သူသည် ကောင်းကင်ယံသို့ ပျံတက်သွားနိုင်လောက်အောင် ခန္ဓာကိုယ်က ပေါ့ပါးသွားသကဲ့သို့ပင် ခံစားနေရသည်။
ထို့ကြောင့် ဝမ်ရှန်းက မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကျင့်ကြံနေစဉ်အတွင်း ဓားဖိကျောက်တုံးကို ဘယ်တော့မှချမထားရန် ဆုံးဖြတ်လိုက်တော့သည်။
ကြိုးစားအားထုတ်မှုရှိသရွေ့ ချွေးစက်တိုင်းက အမြဲတမ်းရလဒ်ကောင်းကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။ အဓိကမှာ မလုပ်ဆောင်မီ မှန်ကန်သောလမ်းကြောင်းကို ရှာဖွေရန်နှင့် ဦးနှောက်ကို အသုံးပြုရန် ဖြစ်သည်။
ထိုစဉ်က ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဝမ်ရှန်းကို စာရွက်တစ်ရွက်ပေးခဲ့ဖူးသည်။ ထိုစာရွက်ပေါ်တွင် ဓားဖိကျောက်တုံးကို မည်သို့အသုံးပြုရမည်ဆိုသည့် အသေးစိတ်ညွှန်ကြားချက်များနှင့် အစစ်မှန်ချီများကို သန့်စင်ရန် နည်းစနစ်အချို့ရေးသားထားသည်။ ၎င်းတို့သည် တရားဝင်တာအိုကျမ်းစာများတွင်ပါဝင်ခြင်းမရှိသော်လည်း ရှေးခေတ်ဓားကျင့်ကြံသူများ၏ သွေး၊ ချွေးများဖြင့် ရရှိခဲ့သော ထိုးထွင်းသိမြင်မှုများဖြစ်ပြီး အပြင်လူများကို လက်ဆင့်မကမ်းသော ဂိုဏ်း၏ လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ထားကြသည်။
အစစ်မှန်ချီများလုံးဝကုန်ခမ်းသွားပါက ခန္ဓာကိုယ်သည် အလွတ်လပ်ဆုံးနှင့် အရှင်းလင်းဆုံးအခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ တာအိုအမွေအနှစ်အများအပြားတွင် ၎င်းကို ‘စစ်မှန်သော နတ္တိနယ်ပယ်’ ဟု ခေါ်ဆိုကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူတစ်ဦး၏ ဝိညာဉ်အသိစိတ်သည် ပုံမှန်ထက် များစွာပို၍နိုးကြားလာတတ်သည်။ ပတ်ဝန်းကျင်ကို ခံစားသိရှိနိုင်စွမ်းကလည်း ပိုမိုထက်မြက်လာပြီး တာအို၏ တည်ရှိမှုကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်စေသည်။
စစ်မှန်သောနတ္တိနယ်ပယ်အခြေအနေသည် တာအိုခန္ဓာကိုယ်ကို ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီများကို မထိန်းချုပ်နိုင်ဘဲ အလိုအလျောက်စုပ်ယူစေသဖြင့် ရေရှည်ထိန်းသိမ်းထားရန်ခက်ခဲလှ၏။ ထို့ကြောင့် မိမိ၏ အစစ်မှန်ချီများကို အဆက်မပြတ်ကုန်ခမ်းစေခြင်းဖြင့်သာ စစ်မှန်သောနတ္တိနယ်ပယ်အခြေအနေသို့ မကြာခဏဝင်ရောက်နိုင်ပြီး မိမိကိုယ်ပိုင်တာအိုကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်မျောနေသော ဖုန်မှုန့်လေးတစ်ခုကဲ့သို့ ဖြစ်တည်နိုင်မှသာ ကောင်းကင်၏ ကျယ်ပြောမှုနှင့် လေ၊ မီးတို့၏ အစွမ်းသတ္တိကို နားလည်နိုင်ပေလိမ့်မည်။
တာအိုခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်သော ကမ္ဘာဦးချီများသည် ခန္ဓာကိုယ်တွင်းလှည့်ပတ်မှုလမ်းကြောင်းများအတိုင်းစီးဆင်းသွားစဉ် တာအိုက ၎င်းတို့ကို မတူညီသော စွမ်းရည်များရှိသည့် အစစ်မှန်ချီများအဖြစ် ပြောင်းလဲပေးသည်။ ဤလုပ်ငန်းစဉ်ကို အဆီအနှစ်သန့်စင်ခြင်းဟု ခေါ်ဆိုကြပြီး မိမိ၏ အစစ်မှန်ချီများကို သန့်စင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
ဝမ်ရှန်း၏ တာအိုအခြေခံသည် သန့်စင်ယန်အင်မော်တယ်မန္တန်ပေါ်တွင် အခြေခံထားသည်။ သူ၏ ခန္ဓာကိုယ်တွင်းရှိ အစစ်မှန်ချီသည် သန့်စင်သောယန်စွမ်းရည်ရှိသည်။ ၎င်းကို အင်မော်တယ်မန္တန်ဟု ခေါ်ဆိုသဖြင့် သာမန်ကျင့်စဉ်များထက် များစွာသာလွန်ထူးကဲလှသည်။
ယန်တစ်ခုတည်းဖြင့် အသက်မဝင်နိုင်သကဲ့သို့ ယင်တစ်ခုတည်းဖြင့်လည်း မကြီးထွားနိုင်ပေ။ သန့်စင်ယန်အစစ်မှန်ချီသည် မျက်ကန်းတောတိုး အတင်းအကျပ်စွမ်းအားသုံးခြင်း သို့မဟုတ် လွှမ်းမိုးခြင်းမျိုးမဟုတ်ချေ။ ယင်းအစား ၎င်းသည် နေရောင်ခြည်က အပူရှိန်ကို ထုတ်လွှတ်သော်လည်း သက်ရှိခပ်သိမ်းကို စောင့်ရှောက်ပေးသကဲ့သို့ ခိုင်မာပြီး တည်တံ့ခိုင်မြဲလှသည်။
ဝမ်ရှန်း ဓားဆန္ဒကို နားလည်သဘောပေါက်ခဲ့သကဲ့သို့ပင် သူသည် သူ၏ အစစ်မှန်ချီများကို သန့်စင်ရန် ကမ္ဘာဦးချီများကို သွေးကြောများအတွင်းလမ်းညွှန်ပေးရုံနှင့် ခန္ဓာကိုယ်တွင်းလှည့်ပတ်မှုတစ်ခုပြီးမြောက်ရုံမျှဖြင့် မလုံလောက်ပေ။ သူသည် သန့်စင်ယန်အင်မော်တယ်မန္တန်၏ အနှစ်သာရကိုလည်း နားလည်သဘောပေါက်ရမည်ဖြစ်ပြီး သန့်စင်ယန်၏ အဓိပ္ပာယ်ကို အမှန်တကယ် ဆုပ်ကိုင်ထားနိုင်ရမည်။ ထိုအခါမှသာ ဝမ်ရှန်း၏ အစစ်မှန်ချီများသည် တဖြည်းဖြည်းပိုမိုသန့်စင်လာပြီး သွေးကြောများကလည်း ဖြည်းဖြည်းချင်းကျယ်လာမည်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် အစစ်မှန်ချီများ ပြန်လည်ပြည့်နှက်သွားပါက သူသည် ချီပြည့်စုံခြင်းအခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအခါ သူသည် တရားထိုင်ခြင်းကို ရပ်တန့်နိုင်ပြီး ဓားဖိကျောက်တုံးကို နောက်တစ်ကြိမ် ပြန်လည်ထမ်းကာ ဓားသိုင်းနည်းစနစ်များနှင့် ခြေလှမ်းများကို လေ့ကျင့်နိုင်သည်။ သူ၏ အစစ်မှန်ချီအားလုံးကို တတ်နိုင်သမျှ အမြန်ဆုံးသုံးစွဲပြီးနောက်တွင်မူ စစ်မှန်သောနတ္တိနယ်ပယ်သို့ ဝင်ရောက်ကာ အဆီအနှစ်သန့်စင်ခြင်းကို နောက်တစ်ကြိမ်ထပ်မံလုပ်ဆောင်သည်။
ဤကဲ့သို့ ကျင့်ကြံခြင်းသည် စိတ်စွမ်းအားသန်မာရန် အလွန်လိုအပ်သည်။ ၎င်းကို အပင်ပန်းဆုံး ကျင့်ကြံခြင်းပုံစံတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဤကာလအတွင်း အခွင့်ကောင်းကိုယူ၍ ဝမ်ရှန်းသည် စိတ်ကို တည်ငြိမ်အောင်ထားကာ သူ၏ ခြေလှမ်းနည်းစနစ်ကို မြှင့်တင်ရန် အာရုံစိုက်ခဲ့သည်။ အခြေအနေအများစုတွင် သူသည် ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုနိုင်သော်လည်း ပိုမိုမြင့်မားသော အဆင့်ရှိသည့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်းက သူ့ကို စိတ်တိုင်းကျ တိုးခြင်း၊ ဆုတ်ခြင်း ပြုလုပ်နိုင်စွမ်း မပေးနိုင်တော့ပေ။
မီးသူတော်စင် သေဆုံးခဲ့သည့်ညက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ သခင်လေးနှင့်အတူ ပေါ်လာခဲ့သော အမျိုးသမီးကို သူ သတိရသွားသည်။ သူမ၏ ခြေလှမ်းသိုင်းသည် ပုံမှန်ထက် များစွာသာလွန်ပြီး အံ့ဩစရာကောင်းလှသည်။ ကံမကောင်းစွာဖြင့် သူမ မည်သို့လေ့ကျင့်ခဲ့သည်ကိုမူ သူ မသိခဲ့ချေ။
တိုက်ဆိုင်ချင်တော့ ထိုသခင်လေးသည် စန်းချန်တောင်၏ တစ်နေရာရာတွင် နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်သည်။ မူလအင်မော်တယ်များပင်လျှင် သူ၏ အစစ်အမှန် အထောက်အထားကို မသိကြချေ။ သူသည် အခြားသော အထောက်အထားတစ်ခုရှိနေကာ လမ်းမှန်ကျင့်ကြံသူတစ်ဦးအဖြစ်ဟန်ဆောင်နေနိုင်သည်။
ဝမ်ရှန်းက ထိုအကြောင်းကို အများကြီးတွေးမနေတော့ပေ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူအများအပြားရှိနေပြီး အစိုးရအနေဖြင့်လည်း တာအိုဂိုဏ်းများမှကျွမ်းကျင်သူအများအပြားကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းရှိနေသဖြင့် သူ့လိုလူမျိုးက ပါဝင်ပတ်သက်နေရန် မလိုအပ်ပေ။ သူသည် မရှိမဖြစ်လိုအပ်နေသော တရားမျှတမှု၏ ကိုယ်စားလှယ်တစ်ဦးမဟုတ်ပေ။
အာရုံနောက်စရာများကို ဘေးဖယ်ထားပြီး သူသည် အနားယူခြင်းနှင့် အိပ်စက်ခြင်းတို့ကို စွန့်လွှတ်ကာ တာအိုကို ရှာဖွေခြင်းနှင့် သူ၏ အခြေခံအုတ်မြစ်ကို သန့်စင်ခြင်းတို့အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။