← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

Chapter 229

ဒုတိယအပတ်သို့ ရောက်သောအခါ ဝမ်ရှန်းသည် ဓားဖိကျောက်တုံးကို ကျောပေါ်တွင် ထမ်းထားလျက် ခုနှစ်စင်ကြယ်ဓားအစီအရင်တစ်ခုလုံးကို ထုတ်ဖော်နိုင်ခဲ့သည်။ အမြဲတမ်းအလေးချိန်ထမ်းထားရခြင်းကြောင့်ဖြစ်နိုင်သော်လည်း ခုနှစ်စင်ကြယ်ခြေလှမ်းအပေါ် သူ၏ နားလည်မှုက သိသိသာသာနက်ရှိုင်းလာခဲ့သည်။

ဤပင်ပန်းခက်ခဲသော လေ့ကျင့်မှု၏ တတိယပတ်တွင် ဝမ်ရှန်းသည် ဓားဖိကျောက်တုံးထဲသို့ အစစ်မှန်ချီများကို စတင်ထည့်သွင်းကာ ၎င်း၏ အလေးချိန်ကို တိုးမြှင့်လိုက်ပြီး အချိန်မရွေး သူ့ကိုပြားချပ်သွားအောင် ဖိထားနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။

တစ်လကြာပြီးနောက် သူ၏ အစစ်မှန်ချီများသည် အမှန်တကယ်ပင် ပိုမိုသန့်စင်လာခဲ့ပြီး သွေးကြောများကျယ်လာခြင်းကလည်း ပို၍ပင် ထင်ရှားလာသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ထိပ်ဆုံးသို့လည်း ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။

ထိုသို့ဖြစ်လင့်ကစား သူ၏ အစစ်မှန်ချီများသည် ပိုမိုသန့်စင်လာနိုင်သေးကြောင်း၊ သွေးကြောများ ပိုမိုကျယ်လာနိုင်သေးကြောင်းနှင့် ခန္ဓာကိုယ်တွင်းစွမ်းအင်လှည့်ပတ်မှုသည် ပိုမိုမြန်ဆန်ပြီး တည်ငြိမ်စွာ စီးဆင်းနိုင်သေးကြောင်း သူ ရှင်းလင်းစွာခံစားသိရှိနေရသည်။ ထို့အပြင် သန့်စင်ယန်အင်မော်တယ်မန္တန်၏ အခြေခံတည်ဆောက်ခြင်းမှ ရရှိမည့် ထိုးထွင်းသိမြင်မှုများလည်း ရှိနေသေးသည်။ သူသည် ဓားဖိကျောက်တုံး၏ အကျိုးကျေးဇူးများကို အပြည့်အဝအသုံးမချရသေးချေ။

ဝမ်ရှန်းသည် သူ၏ဆရာပေးခဲ့သော မှတ်စုစာအုပ်အသေးလေးကို ဖတ်ရှုပြီးစီးခဲ့သည်မှာ ကြာပြီဖြစ်သည်။ သပ်ရပ်ပြီး ကျော့ရှင်းသောလက်ရေးမှာမူ စီနီယာအစ်မ၏ လက်ရေးနှင့် ပို၍ တူနေသော်လည်း…

ထားပါတော့၊ ဒါက အရေးမကြီးပါဘူး။

ပုံရိပ်ယောင်အမြုတေအဆင့်သည် ရွှေအမြုတေဖွဲ့စည်းရန်အတွက် ပြင်ဆင်မှုအဖြစ် ဆောင်ရွက်ပေးသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် အခြေခံအုတ်မြစ်ပိုခိုင်မာလေလေ၊ ရွှေအမြုတေကို ဖွဲ့စည်းရာတွင် အခက်အခဲနှင့် အန္တရာယ်ပိုနည်းပါးလေဖြစ်သည်။

အကယ်၍ ချင်လုံက သူ့ကို ဓားဖိကျောက်တုံးမငှားခဲ့ပါက ဝမ်ရှန်းအနေဖြင့် ဤအဆင့်တွင်ပင် သူ၏ တာအိုခန္ဓာကိုယ်သည် ဤမျှအထိ ကြီးထွားရန် နေရာရှိနေသေးကြောင်းသိလိမ့်မည်မဟုတ်ပေ။ ကံမကောင်းစွာဖြင့် သူ၏ စီနီယာအစ်မက ပုံရိပ်ယောင်အမြုတေအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ဤအခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ယခုအခါ သူမသည် နောက်ထပ် အောင်မြင်မှုတစ်ခု၏ အရိပ်အယောင်များကို ပြသနေပြီး မကြာမီ ပုံရိပ်ယောင်အမြုတေအလယ်အဆင့်သို့ ရောက်ရှိနိုင်ခြေ ရှိသည်။

နောက်ဆုံးတွင် ခန္ဓာကိုယ် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီးနောက် ကျင်းယွမ်သည် ကျင့်ကြံရန်အတွက် နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံလိုက်သည်။ သူမသည် နဂါးစိမ်းနှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှ ထိုးထွင်းသိမြင်မှုအသစ်များ ရရှိခဲ့သည်မှာ ထင်ရှားသည်။

ချီဝမ်သည်လည်း လုံ့လစိုက်ထုတ်ကာ ကျင့်ကြံခဲ့သည်။ သူမသည် သတ်မှတ်ထားသောအချိန်တွင် နေ့တိုင်းတရားထိုင်ပြီး ဝမ်ရှန်း ဓားသိုင်းလေ့ကျင့်သည့်အခါတိုင်း ဂရုတစိုက်စောင့်ကြည့်လေ့ရှိသည်။ သူမသည် သူမ၏ဆရာ၊ စီနီယာအစ်မ သို့မဟုတ် စီနီယာအစ်ကိုတို့၏အချိန်ကို မည်သည့်အခါမျှ မဖြုန်းတီးခဲ့ဘဲ သူတို့အားလပ်ချိန်တွင်သာ လမ်းညွှန်မှုတောင်းခံရန် ချဉ်းကပ်တတ်သည်။

သဘာလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ ဖြစ်ရပ်အပြီးတွင် ချီဝမ်သည် ၎င်းက ချန်ထားခဲ့သော အရိပ်မည်းအတွင်း၌ အတော်ကြာပိတ်မိနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချင်ယန်ဇီက သူမကိုစိတ်အပန်းပြေစေရန် တောင်တန်းများနှင့် မြစ်ချောင်းများတစ်လျှောက် နှစ်လခန့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူသည် သူမကို စိတ်ရှည်လက်ရှည် နှစ်သိမ့်ဆွေးနွေးပေးခဲ့ပြီးနောက် ကျင်းယွမ်၏ တရားဝင်တပည့်ဖြစ်လာစေရန် ကူညီပေးခဲ့သည်။

ချင်ယန်ဇီသည် သူ၏သမီးဖြစ်သူ ပေးဆပ်ရန်ရှိသောအကြွေးကိုဆပ်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ မိမိသဘောဆန္ဒအလျောက်ဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုအချိန်အထိ ချီဝမ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က သူမထားခဲ့သော ကတိကို မှတ်မိနေဆဲဖြစ်သည်— သူမ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိသွားသည်နှင့် တောင်ပေါ်မှဆင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရှေ့တန်းစုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ တောင်ပေါ်တွင် သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဟွာသမ္မတနိုင်ငံတစ်ဝန်းလုံးတွင် တာအိုဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများသည် အကြီးစားတိုက်ပွဲများဆင်နွှဲနေကြသည်။

အထူးခြားဆုံးမှာ ဤတိုက်ပွဲများသည် အာဏာပိုင်များ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝဖြစ်ပွားခဲ့ခြင်းပင်၊၊

ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို တတ်နိုင်သမျှ အမြန်ဆုံးအမြစ်ပြတ်ချေမှုန်းရန်အတွက် မြင့်မြတ်တောင်တန်းများမှ တာအိုဂိုဏ်းများသည် ကျွမ်းကျင်သူအများအပြားကို စေလွှတ်ခဲ့ကြသည်။ ဂိုဏ်းမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူအများအပြားလည်း အားတတ်သရောပူးပေါင်းပါဝင်ခဲ့ကြသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် သတင်းအချက်အလက်စုဆောင်းခြင်းကို ကိုင်တွယ်ပြီး ဒေသခံဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တစ်လအတွင်းမှာပင် တာအိုကျင့်ကြံသူများသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ အခြေစိုက်စခန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ပြီး ဟွာသမ္မတနိုင်ငံတစ်ဝန်းရှိ မိစ္ဆာကျင့်ကြံသူကွန်ရက်များ၏ ထက်ဝက်နီးပါးကို ချေမှုန်းနိုင်ခဲ့သည်။

မိစ္ဆာကျင့်ကြံသူများသည်လည်း ထိုင်ပြီး သေရမည့်နေ့ကို စောင့်မနေကြဘဲ အတော်များများက လျှို့ဝှက်လှုပ်ရှားလာကြသည်။ ထို့ပြင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ပြန်လည်တိုက်စစ်ဆင်ရန်အတွက် အမျိုးမျိုးသောမိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းများကို လျှို့ဝှက်ပူးပေါင်းစေခဲ့သည်။ အခြေအနေအရ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းတွင် မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့ကို လိုက်လံရှာဖွေရန် အင်အားသိပ်မရှိတော့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လကုန်ဆုံးသွားခဲ့သည်။ ယခုအခါ ကျုံးနန်တောင်တန်းတွင် နှင်းများဖုံးလွှမ်းနေပြီ ဖြစ်သည်။ ထိုကာလအတွင်း ဓားဖိကျောက်တုံးကို ထမ်းထားစဉ် ဝမ်ရှန်း၏ ကိုယ်ဟန်အနေအထားက ပိုမိုတည်ငြိမ်ပြီး ခိုင်မာလာခဲ့သည်။ သူသည် ကျောက်တုံးထဲသို့ ထည့်သွင်းသည့် အစစ်မှန်ချီပမာဏကိုလည်း တဖြည်းဖြည်းတိုးမြှင့်ခဲ့သည်။

ထိုအချိန်တွင် သူသည် မမျှော်လင့်ဘဲ ကြီးကြီးမားမားဝမ်းသာစရာသတင်းတစ်ခုကို ရရှိခဲ့သည်— ၎င်းက ပြင်ပမှ တိုက်ပွဲများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။

မွန်းတည့်ချိန်တွင် ဝမ်ရှန်းသည် ဓားဖိကျောက်တုံးကို ကျောပေါ်တွင် ထမ်းထားလျက် တောင်စောင်းတစ်ခုအောက်၌ အစစ်မှန်ချီများကို သန့်စင်နေစဉ် ချီဝမ်က အလောတကြီးပြေးလာခဲ့သည်။ သူမက သူ၏ဖုန်းကို သူ့နားနားသို့ တိုက်ရိုက်ကပ်ပေးလိုက်သည်။

ဘာဖြစ်လို့လဲ။

“ဟဲလို… ရှန်းလေးလား”

ဝမ်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“အဖေလား”

“ရှန်းလေး… ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်း၊၊ မင်းအမေမှာ ကိုယ်ဝန်ရှိနေပြီကွ… မင်းက ညီလေးလိုချင်တာလား၊ ညီမလေးလိုချင်တာလား… ဟားဟားဟား”

ဝမ်ရှန်း ခြေချော်သွားပြီး ဓားဖိကျောက်တုံးကြီးက သူ့ကို ဖိမိလုနီးပါးဖြစ်သွားသည်။ သူသည် ပြုံးရွှင်စွာဖြင့် အမြန်မေးလိုက်သည်။

“ဒါနဲ့ နေပါဦး… အဖေက အဲဒါကို ထိန်းချုပ်လို့ရလို့လား”

“မဟုတ်ဘူး… မဟုတ်ဘူး၊၊ အဖေက အဲဒီလိုပြောတာမဟုတ်ဘူး၊ မင်းမှာ မကြာခင် မောင်နှမတစ်ယောက်ရတော့မယ်လို့ ပြောတာ… ဟားဟားဟားဟား”

ဝမ်ရှန်းသည် သူ၏ခေါင်းကို ကုတ်ရင်း အရူးတစ်ယောက်လိုပြုံးကာ မတ်တတ်ရပ်နေမိလေသည်။

ဤအရာသည် သူ၏ ယခင်ဘဝတွင် တစ်ခါမျှဖြစ်မလာခဲ့ဖူးချေ။ ထင်ရှားသည်မှာ သူ့၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲခြင်းဖြင့် သူသည် မိဘများ၏ ဘဝလမ်းကြောင်းကိုပါ ပြောင်းလဲပေးနိုင်ခဲ့ခြင်းပင်၊၊

ကမ္ဘာဦးချီများပြန်လည်မနိုးထလာမီ ခြောက်လအလိုနှင့် နိုးထလာပြီးနောက် နှစ်နှစ်တာကာလအတွင်း ဝမ်ရှန်း၏ မိဘများသည် ချင်ယန်ဇီထံသို့ ငွေကြေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို မကြာခဏပေးပို့ခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် ဂိုဏ်း၏ နေထိုင်မှုအခြေအနေကို မြှင့်တင်ပေးခဲ့ကြ၏။

ထို့ကြောင့် ချင်ယန်ဇီ တောင်ပေါ်မှဆင်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ဝင်ရောက်ပြီးနောက်တွင် အားနာခြင်းမရှိတော့ပေ။ သုတေသနအဖွဲ့က သာမန်လူများနှင့် သင့်တော်သော ကျန်းမာရေးဆေးလုံးများကို စတင်ထုတ်လုပ်နိုင်သည့်အချိန်မှစ၍ သူသည် ဝမ်ရှန်း၏ မိဘများထံသို့ နုပျိုစေသော၊ ကျန်းမာရေးကောင်းမွန်စေသော၊ သက်တမ်းကို အနည်းငယ်ရှည်စေသော ဆေးလုံးကို တစ်ခါတစ်ရံပါဆယ်ပို့ပေးခဲ့သည်။

ဤအရာကို လူသိရှင်ကြားပြုလုပ်၍မရသဖြင့် သူက ဝမ်ရှန်း၏ မိဘများကို လျှို့ဝှက်ထားရန် ကြိုတင်ပြောထားခဲ့သည်။

၎င်းမှာ ဘေးကင်းလုံခြုံရေးအတွက်သာမက ဝမ်ရှန်းသည် နတ်ဘုရားငါးပါးဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသောကြောင့်လည်း ဖြစ်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် စောစောစီးစီးကြိုတင်ကာကွယ်သည့်အနေဖြင့် သူနှင့်ပတ်သက်သော မှတ်တမ်းအားလုံးကို ပိတ်သိမ်းထားခဲ့သည်။

ဝမ်ရှန်း၏ မိဘများ၏ လူနေမှုဘဝကို မည်သူမျှ မနှောင့်ယှက်နိုင်ချေ။ သူတို့က လျှောက်ပြီး ကြွားလုံးမထုတ်သရွေ့ သူတို့၏ နီးစပ်သောဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက်များက သူတို့၏သားဖြစ်သူမှာ နိုင်ငံရပ်ခြားသို့ ပညာတော်သင်သွားနေသည်ဟုသာ ထင်မှတ်နေကြသည်။ ၎င်းက ဝမ်ရှန်းအနေဖြင့် မိဘများ၏ လုံခြုံရေးကို စိတ်ပူစရာမလိုဘဲ အေးချမ်းစွာ ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းရင်းလည်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ခန့်က ကမ္ဘာဦးချီများပြတ်တောက်သွားချိန်တွင် ကျင့်ကြံခြင်းလောကထဲသို့ ခြေစုံပစ်ဝင်ခြင်းသည် လောကီလူသားတို့နှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သည်။ တစ်ခါတစ်ရံမှသာ စာအပြန်အလှန်ရေးနိုင်ကြပြီး ပါဆယ်ပစ္စည်းတစ်ခု ပို့ခိုင်းရန်ပင် ခက်ခဲလှသည်။

ယခုအခါတွင်မူ အခြေအနေများပြောင်းလဲသွားခဲ့ပြီ။ ကျင့်ကြံသူများသည် ခြေသလုံးအိမ်တိုင်သမားများမဟုတ်ကြပေ။ အကယ်၍ မိမိ၏ ဇာစ်မြစ်ကိုပင် အသိအမှတ်မပြုနိုင်ပါက တာအိုလမ်းခရီးသည် မည်သည့်နေရာသို့မျှ ရောက်ရှိနိုင်မည်မဟုတ်ချေ။

ဝမ်ရှန်းသည် သီးသန့်ကျင့်ကြံနေသဖြင့် တောင်ပေါ်မှ မဆင်းနိုင်သောကြောင့် ဖုန်းထဲမှတစ်ဆင့် မိဘများကို အကြံဉာဏ်အများအပြားပေးခဲ့သည်။ ဖုန်းချပြီးနောက် သူသည် ဓားဖိကျောက်တုံးကို ကျောပေါ်တွင် ထမ်းထားလျက် တောင်စောင်းကိုမှီကာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအကြောင်း အင်တာနက်တွင် စိတ်အားထက်သန်စွာ ရှာဖွေပြီး သူတွေ့ရှိသမျှကို ဖခင်ဖြစ်သူထံ သတိပေးချက်များစွာဖြင့် ဆက်တိုက်ပေးပို့ခဲ့သည်။

သူ၏ ပင်ပန်းခက်ခဲသောလေ့ကျင့်မှုပြီးဆုံး၍ ပုံရိပ်ယောင်အမြုတေအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါက သူသည် ပင်ပန်းကြီးစွာအားထုတ်နေရသော မိခင်ဖြစ်သူထံသို့ ချက်ချင်းအိမ်ပြန်လည်ရန် စီစဉ်ထားသည်။

သူ၏ ဓားဖြင့် ကာကွယ်ပေးရမည့်သူတစ်ဦးထပ်တိုးလာခဲ့လေပြီ။

သူ့တွင် ရှိလာမည့် ညီမလေး/ညီလေးက မည်မျှအထိ ပါရမီထူးချွန်လိမ့်မည်နည်းဟု သူ တွေးနေမိသည်။ ကမ္ဘာဦးချီများပြည့်နှက်နေသည့်ကာလအတွင်း မွေးဖွားလာမည်ဖြစ်ရာ သေချာပေါက် သူ့ထက်သာလွန်ပေလိမ့်မည်။ ထိုကလေးကိုလည်း ဂိုဏ်းထဲသို့ သွင်းပြီး သူ၏ဆရာ့ထံတွင် တပည့်ခံခိုင်းရမလားဟု သူစဉ်းစားမိသည်။

မဟုတ်သေးဘူး… ဒါကို အလွယ်တကူဆုံးဖြတ်၍မရပေ။ သူ၏ဆရာသည် ယခုအခါ အလွန်အလုပ်ရှုပ်နေပြီး နောင်တွင် ကျင့်ကြံခြင်းနှင့် လောကီရေးရာများအပေါ် ပိုမိုအာရုံစိုက်ရဖွယ်ရှိသဖြင့် သူ၏အချိန်ကို သွားရောက်မဖြုန်းတီးသင့်ချေ။

ထို့အပြင် လူတိုင်းတွင် မတူညီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ရှိကြသည်။ တောက်တယ်ကျင်းနှင့် အခြားသောတာအိုကျမ်းများ... သန့်စင်ယန်အင်မော်တယ်မန္တန်သည် သူ၏ ညီလေး/ညီမလေးနဲ့ ကိုက်ညီချင်မှ ကိုက်ညီလိမ့်မည်။ မဟုတ်သေးဘူး၊၊ ထိုကလေးသည် ကျင့်ကြံခြင်းကို စိတ်ဝင်စားချင်မှပင် စိတ်ဝင်စားလိမ့်မည်။ သူ၏ ညီလေး/ညီမလေးက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသင့်သည်။ အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူသည် ကျင့်ကြံခြင်းလမ်းခရီးကို အတင်းအကျပ်ရွေးချယ်ခိုင်းမည်မဟုတ်ဘဲ ထိုကလေး၏ ရွေးချယ်မှုကိုသာ လေးစားသွားမည် ဖြစ်သည်။

လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဘဝလမ်းခရီးကို လျှောက်လှမ်းကြရမည်ဖြစ်ရာ သူနှင့် မိဘများအနေဖြင့် လမ်းညွှန်ပြသပေးခြင်းနှင့် သတိပေးခြင်းတို့ကိုသာပြုလုပ်နိုင်ပေသည်။

မကြာမီ ဝမ်ရှန်းသည် သူ၏လေ့ကျင့်မှုကို ပြန်လည်စတင်ခဲ့သည်။

သူ ပို၍သန်မာလာရမည်။ သူ အားနည်းစဉ်က သူ့ကိုကာကွယ်ပေးမည့် ဆရာနှင့် စီနီယာအစ်မရှိခဲ့သည်။ နောင်တွင်မူ သူ၏ ညီလေး/ညီမလေးမှာ အားနည်းပြီး ငယ်ရွယ်နေဦးမည်ဖြစ်ရာ ထိုကလေးကို အရာအားလုံးမှ အကာအကွယ်ပေးနိုင်ရန် သူကိုယ်တိုင်သန်မာနေရမည် ဖြစ်သည်။

Chapter 230

သူ့နောက်မှနေ၍ ‘အစ်ကိုကြီး’ ဟု ခေါ်မည့် အသံလေးကို တွေးမိရုံမျှဖြင့် ဝမ်ရှန်း၏ တာအိုနှလုံးသားသည် ပျော်ရွှင်မှုဖြင့်တုန်လှုပ်သွားသည်၊၊ သူ စိတ်ကို လုံးဝတည်ငြိမ်အောင် ထိန်းမရတော့ချေ။

ကျောပေါ်တွင် ဓားဖိကျောက်တုံးကို ထမ်းထားလျက်ပင် သူသည် မကျင့်ကြံခြင်းမီ တစ်ယောက်တည်း အတော်ကြာပြုံးပျော်နေမိသည်။ သူ စတင်လှုပ်ရှားလိုက်သည့် ခဏ၌ပင် သူ့ခန္ဓာကိုယ်အတွင်းမှ တစ်ခုခုပွင့်သွားသကဲ့သို့ စူးရှသောအသံတစ်ချက်ကို နားထဲတွင် ကြားလိုက်ရသည်။ သူ၏ အစစ်မှန်ချီများသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ လှည့်ပတ်စီးဆင်းလာပြီး သန့်စင်သောအစစ်မှန်ချီများသည် ရွှေရောင်ဖျော့ဖျော့အဆင်းသို့ ပြောင်းလဲလာခဲ့သည်။

ငါ ဘာထိုးထွင်းသိမြင်မှုမှလည်း မရခဲ့ဘဲနဲ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက်အဆင့်တက်သွားတာလဲ။

၎င်းက တာအိုနယ်ပယ်တိုးတက်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ သန့်စင်ယန်အစစ်မှန်ချီသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် သန့်စင်ယန်အင်မော်တယ်မန္တန်၏ အခြေခံတည်ဆောက်ခြင်းအခန်းနှင့် လုံးဝမတူညီသော လမ်းကြောင်းအသစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဒါက ဝမ်းသာစရာသတင်းကြောင့် ရရှိလာတဲ့ ကောင်းချီးပဲ။

သူ၏ ခံစားချက်များက လွတ်လပ်စွာ စီးဆင်းသွားသည်။ ဝမ်ရှန်း ဤကာလအတွင်း တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်သည် နောက်ဆုံးတွင် ရုတ်တရက်အဆင့်တက်လှမ်းခြင်းသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သည်။

ကျောပေါ်ရှိ ဓားဖိကျောက်တုံးမှာ ယခင်ကထက် များစွာ ပေါ့ပါးသွားသကဲ့သို့ ခံစားရသည်။ ဝမ်ရှန်းသည် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများနှင့် အစစ်မှန်ချီစီးဆင်းမှုကို ခံစားသိရှိနိုင်ရန် မျက်လုံးများကို အမြန်ပိတ်လိုက်သည်။

ထိုသို့ ခံစားသိရှိနေစဉ်အတွင်းမှာပင် သူသည် စိတ်လှုပ်ရှားမှုများကြောင့် ခဏခဏပြုံးမိနေလေသည်။

နာရီဝက်ခန့်ကြာပြီးနောက် သူ မျက်လုံးများကို ဖွင့်လိုက်ပြီး ဓားရှည်ကို လက်ထဲသို့ ဆင့်ခေါ်လိုက်သည်။ သူက ဓားထဲသို့ အစစ်မှန်ချီများကို ထည့်သွင်းလိုက်ရာ ဓားဖျားမှနေ၍ ခြောက်လက်မခန့်ရှိသော ဓားရောင်ခြည်များ ပေါက်ကွဲထွက်လာသည်။ လက်ကောက်ဝတ်ကို အသာအယာလှည့်လိုက်ရုံမျှဖြင့် ရွှေရောင်ဖျော့ဖျော့ဓားချီတစ်ခုက အရှိန်အဟုန်ဖြင့် ထွက်ပေါ်သွားပြီး အနီးရှိ လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံးကြီးတစ်ခုကို ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချက်ချင်းအမှုန့်ဖြစာသွားစေသည်။

ဒါက ငါ့ရဲ့ အစစ်မှန်ချီစွမ်းအားပဲ…၊၊

ဝမ်ရှန်း အသက်ပြင်းပြင်းရှူကာ အသာအယာခုန်လိုက်သည်။ သူသည် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို အသုံးပြုရင်း ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်တုံးကြီး၏ အလေးချိန်မရှိတော့သကဲ့သို့ ချောမွေ့စွာ လှုပ်ရှားနိုင်ခဲ့သည်။

ရုတ်တရက် စိတ်ကူးပေါက်လာသဖြင့် သူသည် တောင်စောင်းနံရံဆီသို့ ဓားချီများကို တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်လွှတ်လိုက်သည်။ တောင်ထိပ်တစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများလွှမ်းမိုးသွားခဲ့သည်။ ကျောက်ချပ်များ နေရာအနှံ့သို့လွင့်စင်သွားပြီး ဖုန်မှုန့်များ ကောင်းကင်ယံသို့ ဖုံးလွှမ်းသွားသည်။

ဓားချီများသည် ပေ ၃၀၀ကျော်အထိ လေထုထဲသို့ ဖြတ်သန်းသွားသည်။ ဓား၏ ဟိန်းဟောက်သံများက တိမ်တိုက်များကို လှုပ်ခါစေပြီး လေထုကို တုန်လှုပ်စေခဲ့သည်။

ထိုအသံကြောင့် မိန်းကလေးသုံးဦးသည် တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြသည်။ မုဝမ်ရွှမ်းက ဝမ်ရှန်း အဆင့်တက်သွားသည်ကို ချက်ချင်းသိရှိသွားပြီး သာယာစွာပြုံးလိုက်သည်။ ချီဝမ်က သူ့ကို ချီးမွမ်းစကားဆိုနေပြီး ကျင်းယွမ်၏ မျက်လုံးများတွင်မူ နွေးထွေးသော ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

ခဏကြာပြီးနောက် ဝမ်ရှန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ တောင်စောင်းနံရံကို ကျောခိုင်း၍ ရပ်လိုက်သည်။ ထို့နောက် သူ၏ ပျော်ရွှင်မှုကို မျှဝေရန် မိန်းကလေးသုံးဦးထံသို့ လျှောက်လှမ်းလာခဲ့သည်။

သူ့နောက်မှ ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားသောအခါ တောင်စောင်းပေါ်တွင် အလျားလိုက်ဖြတ်ကာ ထွင်းထုထားသော ဓားရာကြီးများကို တွေ့လိုက်ရသည်။

“ခစ်ခစ်… ဟားဟားဟား”

ချီဝမ်က အော်ရယ်လိုက်ပြီး ကျင်းယွမ်မှာမူ ချဉ်းကပ်လာသော ဝမ်ရှန်းကို ကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် ရယ်မောနေမိသည်။ မုဝမ်ရွှမ်းမှာမူ သူမ၏ မောင်လေးကို ဂုဏ်ပြုသည့်အနေဖြင့် လက်မထောင်ပြလိုက်သည်။

တောင်စောင်းနံရံပေါ်တွင် ငါးမီတာမှ ခြောက်မီတာခန့် ကျယ်ဝန်းသော စာလုံးကြီးနှစ်လုံးကို နက်ရှိုင်းစွာ ထွင်းထုထားသည်ကို တွေ့ရ၏။

“ငါပျော်တယ်”

တစ်ရက်တည်းတွင် ဝမ်းသာစရာဖြစ်ရပ်နှစ်ခု ရှိသဖြင့် သေချာပေါက်အရက်သောက်ပြီး အောင်ပွဲခံရမည်ဖြစ်သည်။

ချီဝမ်က ဟင်းချက်ပေးပြီး မုဝမ်ရွှမ်းက အရက်ကို နွေးပေးသည်။ နှင်းဖုံးလွှမ်းနေသော ရှုခင်းကြီးထဲတွင် မိန်းကလေးသုံးဦးသည် စာပွဲအသေးလေးတစ်ခုကို ချကာ ဝမ်ရှန်းနှင့်အတူ အရက်သောက်ရန် ထိုင်လိုက်ကြသည်။

ထိုအချိန်မှသာ မုဝမ်ရွှမ်းလည်း ဝမ်ရှန်းအနေဖြင့် နောက်ထပ် ခုနစ်လ သို့မဟုတ် ရှစ်လအတွင်း အစ်ကိုကြီး ဖြစ်လာတော့မည်ကို သိရှိသွားသည်။ သူမသည် ဝမ်ရှန်း၏ ညီလေး/ညီမလေးထံသို့ သူမ စုဆောင်းထားသော ဟာသ meme အားလုံးကို လက်ဆင့်ကမ်းပေးမည်ဟု ချက်ချင်းကြေညာလိုက်သည်။

ကျင်းယွမ်က အရက်တစ်ခွက်သာ သောက်ပြီး ရပ်လိုက်သည်။ မုဝမ်ရွှမ်းမှာမူ ဝမ်ရှန်းနှင့်အတူ တစ်ခွက်ပြီးတစ်ခွက်အပြိုင်သောက်နေသည်။ သူမ၏ ကျင့်ကြံခြင်းကဲ့သို့ပင် သူမ၏ အရက်ခံနိုင်ရည်မှာလည်း သူ့ထက် သိသိသာသာပိုမိုမြင့်မားသည်။

ချီဝမ်မှာမူ တိတ်ဆိတ်စွာ စားသောက်နေသည်။ သူမသည် စားသောက်ရန်မလိုသောအဆင့်သို့ မရောက်သေးသဖြင့် တောင်ပေါ်မှဆင်း၍ ရိက္ခာများသွားရောက်ယူဆောင်နေရဆဲဖြစ်သည်။

အရက်ခံနိုင်ရည်သည် မျိုးရိုးလိုက်တတ်သဖြင့် ဝမ်ရှန်းမှာ မကြာမီမူးဝေလာခဲ့သည်။ သူသည် စားပွဲကို ရိုက်ကာ သီချင်းကို ကျယ်လောင်စွာအော်ဆိုပြီး နှင်းထဲတွင် ပျော်ရွှင်စွာ ဓားသိုင်းကပြနေသည်။

ဝမ်ရှန်းသည် ကျန်ရှိသော နေ့ဝက်အတွင်း သူ၏ ပင်ပန်းခက်ခဲသော ကျင့်ကြံမှုကို ခေတ္တရပ်နားထားခဲ့သည်။ သူ မူးသွားပြီးနောက် တောင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုကို ရှာဖွေကာ ၎င်းပေါ်တွင် လဲလျောင်းလျက် နေရောင်အောက်တွင် အိပ်မောကျသွားခဲ့သည်။

သူ၏ အိမ်မက်ထဲတွင် မျက်နှာကို ရှင်းလင်းစွာမမြင်ရသော ကလေးငယ်တစ်ဦးကို တွေ့ရသည်။ ထိုကလေးသည် တစ်ခါတရံ ဆံပင်နှစ်ဖက်ကျစ်ထားပြီး တစ်ခါတရံ ဆံပင်ကို မြှောက်ချည်ထားတတ်သည်။ ထိုကလေးသည် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ကာ သူ့နောက်မှ လိုက်လံအတုယူနေ၏။

မကြာမီ သူ နိုးလာခဲ့သည်။ ၎င်းမှာ အိမ်မက်သက်သက်သာဖြစ်မည်ကို စိုးရိမ်သဖြင့် သူ၏ အစစ်မှန်ချီများကိုအမြန်စစ်ဆေးပြီး ဖခင်ဖြစ်သူထံ ဖုန်းဆက်၍ အခြေအနေကို မေးမြန်းလိုက်သည်။

၎င်းမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝမ်ရှန်း၏ တာအိုနှလုံးသားသည် နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ဤပင်ပန်းခက်ခဲသော ကျင့်ကြံမှုကို တတ်နိုင်သမျှ အမြန်ဆုံး အပြီးသတ်ကာ မိဘများထံ သွားရောက်လည်ပတ်ရန် တောင်ပေါ်မှ ဆင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုနေ့ညနေတွင် ဝမ်ရှန်းသည် နောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဓားဖိကျောက်တုံးအတွင်းရှိ မူလအစစ်မှန်ချီများကို ရှင်းထုတ်လိုက်ပြီး သူ၏ အဆင့်မြှင့်တင်ထားသော အစစ်မှန်ချီများကို ပြန်လည်ထည့်သွင်းကာ သူ၏ အစစ်မှန်ချီစုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းအထိ ထည့်သွင်းပြီးမှသာ ရပ်တန့်လိုက်သည်။

စမ်းသပ်ကြည့်ပြီးနောက်တွင် ဓားဖိကျောက်တုံးသည် သူ့ကို တည်ငြိမ်စွာ ပြန်လည်ဖိနှိမ်နိုင်ခဲ့ပြန်သည်။

သူသည် တရားထိုင်ရင်း ကျင့်ကြံကာ ခန္ဓာကိုယ်တွင်းမှ ကုန်ခမ်းသွားသော အစစ်မှန်ချီများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းရန် ချီကျောက်တုံးများဖြင့် အစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။ မမျှော်လင့်ဘဲ ယခုအခါ သူ၏ ကမ္ဘာဦးချီစုပ်ယူမှုအရှိန်မှာ ယခင်နေ့ကထက် နှစ်ဆခန့် ပိုမိုမြန်ဆန်လာခဲ့သည်။

ဝမ်ရှန်းသည် သန့်စင်ယန်အင်မော်တယ်မန္တန်မှ ရရှိလာသော အဆင့်တက်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားခဲ့ရသည်။ သူသည် ချက်ချင်းပင် ပုံရိပ်ယောင်အမြုတေကို ဖွဲ့စည်းပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်ပင် စိတ်ကူးပေါက်မိသွားသည်။

ဟာသအဖြစ်တွေးခြင်းသာဖြစ်သည်။

သူသည် ဤပင်ပန်းခက်ခဲသော ကျင့်ကြံမှု၏ ထက်ဝက်ခန့်ကို ပြီးမြောက်ခဲ့ပြီဖြစ်ရာ ဘာလို့ လမ်းတစ်ဝက်တွင် ရပ်တန့်ပစ်မည်နည်း။

ဤအဆင့်တက်ခြင်းသည် သူ၏ ပင်ပန်းခက်ခဲသော ကျင့်ကြံမှုအချိန်ကို တိုတောင်းစေခဲ့သော်လည်း သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အပြည့်အဝပြီးပြည့်စုံစေရန် အနည်းဆုံး နောက်ထပ် တစ်လ သို့မဟုတ် နှစ်လခန့် လိုအပ်သေးသည်။

ဝမ်ရှန်းသည် သူ၏ အဆင့်တက်ခြင်းအပေါ်တွင် အလွန်အမင်းဂုဏ်ယူခြင်းမရှိပေ။ အမှန်တော့ သူတို့သည် အရက်အနည်းငယ်သောက်ပြီး အိမ်မက်တစ်ခုသာ မက်ခဲ့ရသော်လည်း မုဝမ်ရွှမ်းမှာမူ အရက်မူးရုံမျှဖြင့် သေးငယ်သော ကျင့်ကြံခြင်းအဆင့်အများအပြားကို ချက်ချင်းကျော်ဖြတ်နိုင်ခဲ့သည်။ သူမ အမူးပြေသွားသည့် အချိန်တွင်မူ ပုံရိပ်ယောင်အမြုတေအလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။

ဝမ်ရှန်း လုံးဝဆွံ့အသွားသည်၊၊

သူသည် ကျင့်ကြံခြင်းလမ်းခရီးတွင် သူ့ကို အမြဲတမ်းတွန်းအားပေးနေသော စီနီယာအစ်မကို ကျေးဇူးတင်မိလေသည်။ သူမ၏ တိုးတက်မှုများသည် သူ့ကို အမြဲတမ်း အံကြိတ်ကာ နောက်မှ လိုက်၍ဖမ်းဆွဲစေခဲ့သော်လည်း မည်သည့်အခါမျှ မမီနိုင်ခဲ့ချေ။

အရက်မူးတာတောင် ကံတရားရဲ့ အခွင့်အရေးကို ရနိုင်တယ်ပေါ့။ ကောင်းကင်ဘုံက နတ်ဘုရားတွေ… ဒါက တကယ်ကို စိတ်ဓာတ်ကျဖို့ကောင်းလွန်းတယ်မဟုတ်ဘူးလား။

မုဝမ်ရွှမ်း၏ အဆင့်တတ်မှုက ဝမ်ရှန်းအတွက် အဆင်ပြေနေသေးသော်လည်း ယုံကြည်မှုစတင်ရရှိလာခါစဖြစ်သော ချီဝမ်မှာမူ ဒုတိယအကြိမ်မြောက် မိမိကိုယ်ကိုယ် သံသယဝင်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ကျင်းယွမ်က သူမကို နောက်တစ်ကြိမ်ပြန်လည်နှစ်သိမ့်ပေးခဲ့ရသည်။

မကြာမီ အိမ်ပြန်ရတော့မည်ဟူသော အတွေးဖြင့် ဝမ်ရှန်းသည် စွမ်းအားအပြည့်ဖြင့် ကျင့်ကြံခဲ့သည်။ သူသည် နေ့ရောညပါ ဓားသိုင်းလေ့ကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ခဲ့သည်။

နောက်ထပ် တစ်လခန့်ကြာပြီးနောက် သူသည် ဓားဖိကျောက်တုံးထဲသို့ သူ၏ အစစ်မှန်ချီအားလုံးကို ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အလေးချိန်မှာ သူခံနိုင်ရည်ရှိသော အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားခဲ့သည်။

သူ၏ စီနီယာအစ်မ သို့မဟုတ် ဆရာဒေါ်လေးကို အလေးချိန်ထပ်မံတိုးခိုင်းရန် ဖြစ်နိုင်သေးသော်လည်း ၎င်းက သူ့အတွက် အကျိုးရှိလိမ့်မည်မဟုတ်ပေ။ လူတိုင်းတွင် မိမိတို့၏ အကန့်အသတ်များရှိကြသည်။ ၎င်းကို တဖြည်းဖြည်းချင်းချဉ်းကပ်ခြင်းကသာ မိမိ၏ ပြီးပြည့်စုံမှုကို ရရှိစေမည့် မှန်ကန်သောနည်းလမ်းဖြစ်သည်။ အကယ်၍ သူက မိမိ၏ အကန့်အသတ်ကို မဆင်မခြင်ကျော်လွန်ပြီး အတင်းအကျပ်ဖိနှိပ်ခိုင်းပါက ဒဏ်ရာရရှိသွားနိုင်ပြီး ဘာမှရရှိလိမ့်မည်မဟုတ်ပေ။

ဒါက ‘လွန်ရင်လည်း မကောင်း၊ လိုရင်လည်း မကောင်း’ ဆိုသည့် အဓိပ္ပာယ်ပင်၊၊

နောက်ဆုံးတွင် ဝမ်ရှန်းသည် နှစ်သစ်ကူးအကြိုနေ့အမှီ သူ၏ ပင်ပန်းခက်ခဲသော ကျင့်ကြံမှု၏ နောက်ဆုံးအဆင့်ကို ပြီးမြောက်အောင်မြင်ခဲ့သည်။ ဓားဖိကျောက်တုံးသည် သူ့အပေါ်တွင် မည်သည့်ဖိအားမျှ မရှိတော့ချေ။ သူ၏ အစစ်မှန်ချီများကို ပိုမိုသန့်စင်ရန်အတွက် ရေရှည်ကြိုးစားအားထုတ်မှု လိုအပ်ပေလိမ့်မည်။

ထင်ရှားသည်မှာ ပုံရိပ်ယောင်အမြုတေအဆင့်သို့ တက်လှမ်းခြင်းက ပိုမိုအကျိုးရှိစေလိမ့်မည်ဖြစ်သည်။

ပုံရိပ်ယောင်အမြုတေအဆင့်သည် လက်တစ်ကမ်းအကွာတွင်သာရှိတော့သည်။ ဝမ်ရှန်းသည် ထိုအဆင့်သို့ မည်သည့်အချိန်တွင်မဆို ခြေစုံပစ်ဝင်နိုင်သကဲ့သို့ ခံစားရသော်လည်း တစ်ခုခုလိုအပ်နေသေးသည်ဟုလည်း ခံစားနေရသည်။ သူသည် သန့်စင်ယန်အင်မော်တယ်မန္တန်၏ အခြေခံတည်ဆောက်ခြင်းအခန်းကို နောက်တစ်ကြိမ် ဂရုတစိုက်နားလည်သဘောပေါက်လိုပေသည်။

သူ၏ဆရာ၊ ဆရာကတော်တို့နှင့် ဆွေးနွေးပြီးနောက် ကျုံးနန်တောင်တန်းတွင် သီးသန့်ကျင့်ကြံနေသော လူလေးဦးသည် အစီအစဉ်အသစ်များ ချမှတ်ခဲ့ကြသည်။ ကျင်းယွမ်သည် ချီဝမ်ကို ခေါ်ဆောင်ကာ မိဘများနှင့် ပြန်လည်ဆုံစည်းစေမည်ဖြစ်ပြီး ဝမ်ရှန်းက မုဝမ်ရွှမ်းကို ခေါ်ဆောင်ကာ ဓားဖိကျောက်တုံးပြန်လည်ပေးအပ်ရန် ရှုဓားဂိုဏ်းသို့ သွားရောက်ပြီးနောက် မိဘများနှင့် ပြန်လည်ဆုံစည်းရန် အိမ်သို့ အမြန်ပြန်မည် ဖြစ်သည်။

စီနီယာအစ်မကြီးကို နှစ်သစ်ကူးအတွက် အိမ်ခေါ်သွားခြင်း…၊၊

ဝမ်ရှန်းသည် မိဘများက တစ်ခုခုအထင်လွဲမည်ကို မစိုးရိမ်တော့ပေ။ အမှန်တော့ သူတို့၏ အာရုံစိုက်မှုများက သူ့အပေါ်တွင် ရှိတော့မည်မဟုတ်သည်မှာ သေချာလှပေသည်။

All Chapters