← Chapters

ကောင်းကင်ပေါ်က မျက်လုံး (၁)

Vol. 75 Ch. 1167

ကောင်းကင်ပေါ်က မျက်လုံး (၁)

Vol. 75 Ch. 1167

ကီကီ၏ မျက်နှာက ဖြူလျော်နေပြီး စိတ်သောကရောက်နေပုံရသည်၊၊ ချူယန်၏ မေးခွန်းကို ကြားရုံမျှဖြင့် သူမ၏ ခေါင်းထဲတွင် ဝုန်းခနဲဖြစ်သွားသည်။ သူမက ဝေခွဲမရပဲ ခံစားနေရသော လင်းရှန်၏ မျက်နှာကို စိုးရိမ်တကြီးကြည့်ရင်း တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်သော်လည်း စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့နေခဲ့သည်။

မမျှော်လင့်ဘဲ ချူယန်က လင်းရှန်ကို အလွန်တည်ငြိမ်သောအမူအရာဖြင့် ကြည့်ကာ ရုတ်တရက်စကားပြောလာသည်။

“လင်းရှန်… ငါ့မှတ်ဉာဏ်ထဲက နင်က ဒီလောက် မတုံးအဘူး”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ဘာပြောချင်တာလဲ”

ချူယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ အမူအရာက တည်ကြည်သွားသည်။

“ငါ အခုလေးတင် နင့်ကို ဘာပြောခဲ့လဲဆိုတာ မမေ့နဲ့လေ… ဒါက တပ်မှူးရဲ့ ဆုံးဖြတ်ချက်ပဲ”

“ပရော်ဖက်ဆာယဲ့...”

“နင့်အသက်ကို ကယ်တင်ဖို့အတွက် ငါတို့က အဲ့ဒီအခြေအနေတွေအောက်မှာ ဓားကိုင်ဆောင်သူရဲ့ ယန္တရားနှလုံးသားအကြောင်းလျှို့ဝှက်ချက်ကိုပဲ ဆုံးရှုံးခဲ့ရတယ်လို့ နင်ထင်နေတာလား”

ချူယန်က စူးစမ်းသော အကြည့်ဖြင့် မေးလိုက်သည်။

“ဒါမှမဟုတ် တပ်မှူးယဲ့က ဟန့်တားမှုခေတ်ကို ချိုးဖျက်ပြီးရင် ကမ္ဘာတစ်ဝှမ်းမှာ လူဘယ်လောက်များများသေဆုံးမလဲဆိုတာကို မချင့်ချိန်ခဲ့ဘူးလို့ နင်ထင်နေတာလား”

“နင် သတိမေ့သွားပြီးတဲ့နောက် အာရှ-ပစိဖိတ်တိုက်ကြီး၊ ဥရောပ၊ ရီပက်ဘလစ်ကန်ကျွန်းစုတွေ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတို့မှာ သွေးနီရောင်ကျရောက်မှုကြောင့် သေဆုံးသူဦးရေဟာ သုံးသန်းကျော်သွားပြီ၊၊ အာရုဏ်ဦးမြို့တော်မှာ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲနဲ့ တွင်းနက်ကြီး ခဏတာငြိမ်သက်သွားပြီးနောက် တစ်လအကြာက မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းသက်သက်ပဲ၊၊ အဲ့ဒါအားလုံးက လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် ဖြစ်လာတဲ့ မုန်တိုင်းတစ်ခုပဲ၊၊ ဖီးနစ်က ဒီဆုံးဖြတ်ချက်ကို ချခဲ့တာက နင့်ဆီမှာရှိတဲ့ တတိယယဉ်ကျေးမှုက သော့ချက်ဟာ လူသားတွေရဲ့ ကယ်တင်ခြင်းဖြစ်လာနိုင်ခြေရှိတယ်ဆိုတာ သူတို့ သိနားလည်သွားလို့ပဲ၊၊ အခုတော့ နင်က ငါ့ကို အမြင်လာမေးနေတယ်၊၊ နင်က တကယ်ပဲ အဲ့ဒီလောက်ကိုယ်ကျိုးစွန့်ပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ သတ်မှတ်ထားတာလား၊၊ ဖောင်ဒေးရှင်းရဲ့ဆန္ဒအတိုင်းလုပ်မလို့လား”

လင်းရှန်၏ ရင်ထဲတွင် ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဤလောင်းကြေးသည် အာရုဏ်ဦးမြို့တော်တွင်ကတည်းက မှတ်ကျောက်တင်ထားပြီးသားဖြစ်ကြောင်း တုံ့ဆိုင်းနေရန် လုံးဝမလိုကြောင်း ချက်ချင်းသဘောပေါက်သွားသည်။

သူ ရုတ်တရက် ခပ်တိုးတိုးရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများက ပြတ်သားမှုများဖြင့် လက်ခနဲဖြစ်သွားကာ ချူယန်ကို ကြည့်လိုက်သည်။

“စောစောက ပြောရမှာပေါ့၊၊ ငါတို့က တစ်ဖက်တည်းမှာပဲရှိသေးတယ်မဟုတ်လား… ဒါဆို အခု မေးခွန်းက...”

ချူယန်၏ မျက်လုံးများက ထက်ရှသွားပြီး ရထား၏ ရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ငါတို့မှာ ၁၁ နာရီပဲ ကျန်တော့တယ်၊၊ နင့်ရဲ့ ရထားက ပျံသန်းမှရမယ်”

လင်းရှန်နှင့် ကီကီတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

“နားလည်ပြီလား”

ကီကီက အနည်းငယ် ပြုံးလိုက်သည်။

“နားလည်ပြီ”

….

ပစိဖိတ်သမုဒ္ဒရာ၏ လှိုင်းတံပိုးများသည် ရွှေရောင်ဂိတ်တံတား၏ စွန့်ပစ်ထားသော တံတားတိုင်များကို ရိုက်ခတ်နေပြီး သံချေးတက်နေသည့် သံမဏိကြိုးများသည် ဆားငန်လေထဲတွင် တဂျိဂျိမြည်နေကြသည်။ တစ်ချိန်က စည်းကားခဲ့သော ဟိုင်းဝေး ၁၀၁ ကမ်းခြေပတ်လမ်းပိုင်းတွင်မူ တိမ်းမှောက်နေသည့် ကွန်တိန်နာထရပ်ကားများသည် အစိမ်းပုပ်ရောင်ရေပြင်အောက်သို့ တစ်ဝက်ခန့်နစ်မြုပ်နေပြီဖြစ်သည်။

ဖုတ်ကောင်အရိုးစုများက တွန့်လိမ်နေသည့် လက်ရန်းများပေါ်တွင် တွဲလောင်းခိုရင်း လေထဲတွင် ယိမ်းထိုးနေကြသည်။ သွေးနီရောင်ကောင်းကင်ယံအောက်တွင် ရုတ်တရက်ဆိုသလို မွန်းကျပ်ဖွယ်တိတ်ဆိတ်ခြင်းအငွေ့အသက်များကျရောက်လာသည်။

ကမ်းရိုးတန်းတစ်လျှောက်တွင် ကြိုတင်သတိပေးချက်မရှိဘဲ ပင်လယ်ရေများ ရုတ်ခြည်းဆုတ်ခွာသွားပြီး အရိုးစုများပြန့်ကျဲနေသည့် ပင်လယ်ကြမ်းပြင်ကြီးပေါ်ထွက်လာသည်။ သမုဒ္ဒရာအောက်ခြေတွင် ရေနုတ်မြောင်းတစ်ခုပွင့်သွားသည့်အလား ရေထုသည် တိတ်တဆိတ် ကုန်ခမ်းသွားခဲ့သည်။

ကမ်းခြေနှင့် ကီလိုမီတာအနည်းငယ်အကွာ မြူထူထပ်သောပင်လယ်ပြင်အတွင်းရှိ ရေထုသည် ရုတ်တရက် အတွင်းဘက်သို့ ပြိုဆင်းသွားပြီး အချင်းမီတာထောင်ချီရှိသော ဝဲဂယက်တွင်းနက်ကြီးတစ်ခုက တဖြည်းဖြည်းဖြစ်ပေါ်လာသည်။ ၎င်း၏ အနားသတ်များတွင် ဆွေးမြည့်နေသည့် သန္ဓေပြောင်းသတ္တဝါများ၏ အလောင်းကောင်များစွာ မျောပါနေကြပြီး အလောင်းများထံမှ အမှောင်စွမ်းအင်များသည် ဝါးမျိုခံထားရသည်မှာကြာပြီဖြစ်သည်။ ထိုဝဲဂယက်ကြောင့် အထက်ကောင်းကင်တွင် အလွန်နိမ့်သော လေဖိအားဇုန်ဖြစ်ပေါ်လာကာ မိုးတိမ်တောင်ကြီးများ စုဝေးလာပြီး မိုးခြိမ်းသံများမြည်ဟီးလာခဲ့သည်။

“ဂူး—“

တွင်းနက်ကြီး၏ အောက်ခြေနက်ရှိုင်းသော နေရာမှ ရှေးဟောင်း ဝေလငါးအော်သံကဲ့သို့ အက်ရှရှအသံနက်ကြီးတစ်ချက်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ထို့နောက် ရုတ်တရက်ဆိုသလို ပင်လယ်ကြမ်းပြင်ကြီး မြင့်တက်လာပြီး တန်ချိန်သန်းပေါင်းများစွာရှိသော ပင်လယ်ရေများကို မီတာထောင်ချီမြင့်တက်အောင် တွန်းတင်လိုက်သည်။ ချားရဟတ်ကြီးတစ်ခုထက်ပင် ပိုမိုတုတ်ခိုင်သော မီးခိုးပြာရောင် ရေဘဝဲလက်တံကြီးတစ်ခုသည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ ပေါက်ထွက်လာခဲ့သည်။ ၎င်း၏ မျက်နှာပြင်တစ်ခုလုံးတွင် မာကျောသော အကြေးခွံကြီးများ ဖုံးလွှမ်းနေပြီး ၎င်းနောက်တွင် ကျွန်းတစ်ခုအလား ကုန်းတန်းကြီးတစ်ခုက ပင်လယ်ရေပြင်ကို ဖောက်ထွက်ကာ ပစိဖိတ်သမုဒ္ဒရာထဲမှ ဖြည်းညှင်းစွာ မြင့်တက်လာတော့သည်။

ဆန်ဖရန်စစ္စကို၏ မြောက်ဘက် စီအက်တဲလ်မြို့တွင်မူ... တစ်ချိန်က စည်းကားခဲ့သော ဤမြောက်အမေရိက၏ မြို့တော်ကြီးသည် ယခုအခါ သွေးနီရောင်တိတ်ဆိတ်ခြင်းများနှင့် ပျက်စီးခြင်းများအကြားနစ်မြုပ်နေပြီ ဖြစ်သည်။ သိပ်သည်းလှသော ဖုတ်ကောင်အုပ်ကြီးသည် လမ်းပျက်ကြီးများပေါ်တွင် တိုင်လုံးများကဲ့သို့ မလှုပ်မယှက်ရပ်နေကြသည်။ ကျူးကျော်သူမရှိသဖြင့် ကျောက်ရုပ်များအလားငြိမ်သက်နေကြခြင်းဖြစ်သည်။

ထိုစဉ် မြေပြင်မှ သဲမှုန်အနည်းငယ်က အပေါ်သို့ ရုတ်တရက် စတင်လွင့်ပျံလာသည်။ မီတာ ၃၀၀ အမြင့်တွင် တွဲလောင်းကျနေသည့် အာကာသအပ်မျှော်စင်၏ ကျိုးပဲ့နေသော ထိပ်ဖျားကြီးက တုန်ခါလာသည်၊၊ မြို့ထဲရှိ ဖုတ်ကောင်အားလုံး အက်ကွဲသံများနှင့်အတူ စတင်လှုပ်ရှားလာကြပြီး အဆက်မပြတ်အော်ဟစ်နေကြသည်။ ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းကြောင့်ဖြစ်ပုံရသည်။ မြို့တွင်းအနက်ပိုင်းနှင့် မြေအောက်ထဲတွင် ပုန်းအောင်းနေသည့် သန္ဓေပြောင်းသတ္တဝါကြီးများပင် ထွက်ပေါ်လာကြပြီး သွေးနီရောင်မြူထုထဲတွင် ၎င်းတို့၏ ကြီးမားလှသော ခြေလက်များကို ရမ်းခါကာ ဟိန်းဟောက်နေကြသည်။

ဖုတ်ကောင်အုပ်ကြီးသည် ထွက်ပြေးရန် ဖရိုဖရဲလှုပ်ရှားနေကြသော်လည်း ထိုတုန်ခါမှုသည် မြေပြင်မှမဟုတ်ဘဲ ကောင်းကင်မှ လာခြင်းဖြစ်ကြောင်း သူတို့ မကြာခင်မှာပဲ သိလိုက်ရလေသည်။

ဝုန်း၊၊

မိုးတိမ်မည်းကြီးများသည် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အဆောက်အအုံအပျက်အစီးများ၊ ကားများ၊ သစ်ပင်ခြောက်များနှင့်အတူ အော်ဟစ်နေကြသည့် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသတ္တဝါများသည် ဒြပ်ဆွဲအားကို ဆန့်ကျင်ကာ မမြင်ရသော တိုင်တန်လက်ဝါးကြီးတစ်ခု၏ ဖမ်းဆုပ်ခြင်းခံလိုက်ရသည့်အလား သွေးနီရောင်ကောင်းကင်ဆီသို့ မြင့်တက်သွားကြလေသည်။ ပုပ်ပွနေသည့် ဖုတ်ကောင်ခွေးတစ်ကောင်သည် လေထဲရှိ ဓာတ်ဆီဆိုင်းဘုတ်တစ်ခုနှင့် တိုက်မိကာ သွေးမြူများအဖြစ် ပေါက်ကွဲသွားသော်လည်း ထိုသွေးစက်များသည် ထူးဆန်းစွာပင် အပေါ်သို့ ဆက်လက်မျောပါသွားခဲ့သည်။

တိမ်တိုက်များ ပွင့်ထွက်သွားပြီး ကောင်းကင်တစ်ခုလုံးကို နေရာယူထားသည့် ကြီးမားလှသော မီးခိုးအနက်ရောင် ရုပ်အလောင်းကြီး၏ ဝမ်းဗိုက်သားကြီးပေါ်လာသည်။ ၎င်း၏ ခြောက်သွေ့တွန့်လိမ်နေသော အရေပြားပေါ်တွင် ကီလိုမီတာရာချီ ရှည်လျားသည့် အက်ကြောင်းကြီးများဖြစ်ပေါ်နေပြီး အက်ကြောင်းတစ်ခုထဲတွင် လေယာဉ်ပျံတစ်စင်းက တစ်ဝက်ခန့်ညှပ်နေသည်ကို မြင်ရသည်။ ၎င်း၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်လုံးအိမ်ကြီးက မြေပြင်ဆီသို့ လှည့်လာသောအခါ မြေအောက်ရထားဥမင်လိုဏ်ခေါင်းထဲမှ ပျာယာခတ်နေသော အသက်ရှင်ကျန်ရစ်သူများပေါ်ထွက်လာပြီး လူများနှင့် ဥမင်လိုဏ်ခေါင်းအပျက်အစီးများအားလုံး ကောင်းကင်ထံသို့ စုပ်ယူခြင်းခံလိုက်ရသဖြင့် ၎င်းတို့၏ အော်ဟစ်သံများ ချက်ချင်းတိတ်သွားခဲ့သည်။

ဝုန်း။

မြောက်အမေရိကအလယ်ပိုင်း ကန့်ဆက်ပြည်နယ်တွင်မူ ကမ္ဘာအောက်ခြေမှ ပြင်းထန်သော မိုးခြိမ်းသံနက်ကြီးတစ်ချက် မြည်ဟီးလာပြီး မီးလောင်ကျွမ်းထားသည့် ဂျုံခင်းကြီးများအလယ်တွင် အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီးတစ်ခု အက်ကွဲပွင့်ထွက်သွားသည်။ လမ်းပေါ်တွင် ပိတ်မိနေသည့် ယာဉ်များသည် ကစားစရာများကဲ့သို့ ချောက်ထဲသို့ လိမ့်ကျသွားကြပြီး အက်ကြောင်းကြီးထဲမှ ကန့်အပူငွေ့များ မှုတ်ထုတ်လာခဲ့သည်။ မီတာသောင်းချီ ရှည်လျားပြီး တူးရွင်းထိပ်ဖျားပုံစံရှိသော အသားရောင်လက်တံကြီးများ ထွက်ပေါ်လာရာ လက်တံမျက်နှာပြင်ပေါ်တွင် ကပ်ပါလာသည့် ကျောက်တုံးစများသည် မုန်တိုင်းအလား အရှိန်အဟုန်ဖြင့် ပြုတ်ကျလာကြသည်။

မြေပေါ်လွှာအောက်တွင် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်လှုပ်ရှားနေပုံရပြီး မြေအောက်ရှိ အနည်ကျကျောက်ဖျာကြီးများသည် ကြွပ်ဆတ်သောကွတ်ကီးမုန့်များကဲ့သို့ အပေါ်သို့ကြွတက်လာကာ အပူလှိုင်းများက အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

ကျောက်ဆောင်နီအက်ကွဲကြောင်း ရှေ့တန်းစစ်မျက်နှာ၊ ၀၉:၄၅ နာရီ။

သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်း၊ အသက်ရှူကျပ်မတတ် ဖိနှိပ်ထားသော တိတ်ဆိတ်ခြင်းများ စိုးမိုးနေသည်။

ကျောက်ဆောင်နီတောင်ကြားဇုန်၏ အရှေ့ဘက်တွင် သံမဏိအစောင့်တပ်ရင်း ၂၂၊ သံချပ်ကာတပ်ရင်း ၄ မှ TFV600 ပြောင်းနှစ်လုံးပူး အကြီးစားတင့်ကားအစီး ၁၀၀ကျော်သည် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။ တင့်ကားများအပေါ်ရှိ အေးစက်သော အနီအောက်ရောင်ခြည် ရေဒါတာဝါတိုင်များသည် တိတ်တဆိတ်လည်ပတ်နေပြီး ပြောင်းဝများသည် သွေးနီရောင်မြေရိုင်းကန္တာရ၏ အနက်ပိုင်းဆီသို့ တညီတညာထဲဦးတည်ထားကြသည်။ ဒရုန်းများသည် အလှည့်ကျကင်းလှည့်နေကြသော်လည်း မည်သည့် သတိပေးချက်မျှရမလာခဲ့ပေ။ စွမ်းအားဝတ်စုံဝတ်ဆင်ထားသည့် စစ်သားများသည် စကင်ဖတ်စက်များကို ကိုင်ဆောင်ကာ မီးလောင်ကျွမ်းထားသည့် မြေပြင်ကို အထပ်ထပ်အခါခါစစ်ဆေးနေကြသော်လည်း လေပြင်းက မီးလောင်ပြင်မှ သန္ဓေပြောင်းသတ္တဝါများ၏ အလောင်းကောင်ပြာများကိုသာ တိုက်ခတ်မွှေနှောက်သွားခဲ့သည်။

“ဒရုန်းတွေရဲ့ အစီရင်ခံစာအရ အပူလှိုင်း မူမမှန်မှုမရှိဘူး”

“ဆိုနာစနစ်ကလည်း ငြိမ်နေတယ်”

“သေစမ်း... ပုံမှန်ဆို မိုးလင်းတာနဲ့ ထွက်လာတတ်တဲ့ ကောင်တွေ အကုန်ဘယ်ရောက်ကုန်တာလဲ၊၊ ဘာလို့ ဒီနေ့က ဒီလောက်ငြိမ်နေရတာလဲ”

Guardian-X ပိုင်းလော့တစ်ယောက်က ဆက်သွယ်ရေးလိုင်းထဲတွင် တုန်လှုပ်ခြောက်ခြားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

“မနေ့က ငါတို့ အဲ့ဒီ S-Class အဆင့် အနက်ရောင် Disပြားကြီးကို ရှင်းထုတ်လိုက်တာက ပြဿနာကြီးကို အကုန်ဖြေရှင်းလိုက်နိုင်လို့များဖြစ်မလား”

“ဖြစ်နိုင်တယ်...”

All Chapters