← Chapters

ကောင်းကင်ပေါ်က မျက်လုံး (၂)

Vol. 75 Ch. 1168

ကောင်းကင်ပေါ်က မျက်လုံး (၂)

Vol. 75 Ch. 1168

ငွေကြယ်၏ အရှေ့ဘက် ၃ ကီလိုမီတာခန့်အကွာတွင် သံမဏိအစောင့်တပ်ရင်းနှင့် အဓိကယာဉ်တန်းမှ အထူးချွန်ဆုံးအဖွဲ့များပူးပေါင်းကာ ကြီးမားသောကာကွယ်ရေးလိုင်းတစ်ခုကို တည်ဆောက်ထားကြသည်။ ဒရုန်းများ၊ ဆောက်လုပ်ရေးယန္တရားများနှင့် အင်ဂျင်နီယာ၊ လုပ်သား သုံးသောင်းကျော်၏ ကြိုးပမ်းမှုကြောင့် စတုရန်းမီတာ ၂၀၀၀ ကျော် ကျယ်ဝန်းသည့် ယာယီရထားလမ်းသံမဏိစက်ရုံတစ်ခုကို တည်ဆောက်ထားခဲ့သည်။ စက်ရုံတစ်ခုလုံးမပြီးစီးသေးသော်လည်း အတွင်းဘက်ရှိ ရထားလမ်းပုံစံခွက်ကိုတော့ အရင်ဆုံးတည်ဆောက်ထားပြီးပြီဖြစ်သည်။ သံသတ္တုပစ္စည်းများ၊ ကားဟောင်းများ၊ တင့်ကားများနှင့် ရထားတွဲဟောင်းများကိုပင် စက်ရုံထဲသို့ အဆက်မပြတ်သယ်ဆောင်နေကြသဖြင့် သတ္တုကြိတ်ခွဲသံများသည် တိတ်ဆိတ်မှုကြားတွင် ကီလိုမီတာအနည်းငယ်အကွာအထိ အတိုင်းသားကြားနေရသည်။

“အလုပ်လုပ်နှုန်းကတော့ တကယ်ကို အများကြီးတိုးတက်လာတာပဲ”

စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းရှု့ဝေသည် အင်ဂျင်နီယာများ၏ စုဆောင်းထားသော အချက်အလက်များကို သုံးဖက်မြင်မြင်ကွင်းထဲတွင် ကြည့်ရင်း အမြန်ဆုံးချိန်ညှိလိုက်သည်။ တစ်ဖက်တွင်လည်း ချန်ဆီရွှမ်က ကောင်းကင်အမိုးခုံးရထားပေါ်မှနေ၍ ကွပ်ကဲနေသည်။ ဆက်သွယ်ရေးမျက်နှာပြင်ပေါ်တွင် သံမဏိအစောင့်တပ်ရင်း ၁၃ မှ ဗိုလ်ချုပ်လီရှန်းနှင့် သံမဏိအစောင့်တပ်ရင်း ၂၂ မှ ဗိုလ်ချုပ်ကျန်းဝေကောင်းတို့ထံမှ သတင်းစကားများပြသနေပြီး အဓိကရှေ့တန်းစစ်မျက်နှာအားလုံးတွင် ရန်သူ့သတိပေးချက်တစ်ခုမျှမရှိကြောင်း အစီရင်ခံထားကြသည်။

“ကမ္ဘာ့အဆင့်ခြိမ်းခြောက်မှုဆိုတဲ့ တွေးဆချက်နဲ့ ပတ်သက်ပြီးတော့ အတွင်းပိုင်းမှာပဲ လောလောဆယ်ဆွေးနွေးထားကြတာပေါ့”

ဗိုလ်ချုပ်လီရှန်းက သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။

“ယာဉ်တန်းအသီးသီးရဲ့ တုံ့ပြန်ချက်တွေအရတော့ ငါတို့က S-Class အဆင့် ခြိမ်းခြောက်မှုကို ရှင်းလင်းနိုင်ခဲ့ပြီလို့ အားလုံးက ယုံကြည်နေကြပြီး စိတ်ဓာတ်တက်ကြွနေကြတယ်”

“ဒါက သတင်းကောင်းပဲ”

စစ်ဦးစီးချုပ်လော့၏ အသံသည် တည်ငြိမ်ပြီး အားမာန်ပါလှသည်။

“ဒီအဆုံးအဖြတ်က မှန်သည်ဖြစ်စေ… မှားသည်ဖြစ်စေ… စိတ်အားတက်ကြွစေတဲ့ ခံစားချက်တွေက စိတ်ပျက်အားငယ်ရတာထက်စာရင် အမြဲပိုကောင်းတယ်၊၊ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ အတွင်းပိုင်းသန္ဓေပြောင်းလဲမှုတွေကြောင့် ငါတို့ဘက်က အကျအဆုံးတွေ အများကြီးရှိခဲ့ပြီးပြီ”

“ဟုတ်တယ်၊၊ ဒါက တကယ်ကို သတင်းကောင်းပဲ”

ကျန်းယွမ်က ယူတိုးပီးယာယာဉ်တန်းမှ ရှောနှင့် မားကပ်စ်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါတို့ လောင်းကြေးထပ်ခဲ့တာ မှန်သွားပုံရတယ်၊၊ အရင်ကပုံစံအတိုင်း ထပ်မဖြစ်တော့ဘူး”

“အရင်းမြစ်တွေကို စုစည်းပြီး စက်ရုံတွေကို ချဲ့ထွင်လိုက်ရင်တော့ အရင်ကလို တိုက်ရင်းခိုက်ရင်း လမ်းဖောက်ရတဲ့ဗျူဟာထက် အများကြီးပိုမြန်လာလိမ့်မယ်”

“ဒါက လောလောဆယ် ငါတို့မှာရှိတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်လိမ့်မယ်”

မားကပ်စ်က ကျန်းယွမ်ကို ပြုံးပြလိုက်သည်။

“ရှင်သန်ဖို့အတွက် ပြည်နယ်တစ်ခုလုံးကို ဖြတ်ပြီး ရထားလမ်းဖောက်ရမယ်လို့ ငါတို့ အရင်က တစ်ခါမှ မတွေးဖူးခဲ့ဘူး”

ကျန်းယွမ်က ပခုံးတွန့်ပြလိုက်သည်။

“ဒါက ရထားတွေရဲ့ အားနည်းချက်ပဲ၊၊ ဒါပေမဲ့ အားသာချက်ကတော့ သယ်ဆောင်နိုင်စွမ်းကြီးမားပြီး ကာကွယ်ရေးအားကောင်းတာပဲ၊၊ မဟုတ်ရင် ငါတို့ ဒီလောက်လူအများကြီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”

“သယ်ဆောင်နိုင်စွမ်း ဘယ်လောက်ပဲကြီးကြီး… ရထားလမ်းတွေမှာလည်း အကန့်အသတ်ရှိတာပဲ”

ယူတိုးပီးယာယာဉ်တန်း၏ ခေါင်းဆောင်ရှောက လှည့်ကြည့်လိုက်သည်။

“ရထားတွေက ကြယ်သင်္ဘောတွေ မဟုတ်ဘူး၊၊ ပျံသန်းနိုင်တာလည်း မဟုတ်ဘူး၊ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က ယူရှူးယာကို ရောက်ဖို့ပဲ၊၊ ဒါပေမဲ့ စိတ်မကောင်းစရာက... ငါတို့ မြောက်အမေရိကကနေတောင် မထွက်ရသေးဘူး”

ထိုစကားကြောင့် ကျန်းယွမ်က မျက်ခုံးပင့်လိုက်သည်။

“ပျံသန်းတာနဲ့ ပတ်သက်လို့ ပြောရရင်... ရထားကို ပျံသန်းစေချင်ခဲ့ပြီး တကယ်လည်း လုပ်ပြနိုင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို ငါသိတယ်”

“မင်းပြောတာ အဲ့ဒီဓားကိုင်ဆောင်သူလား”

ရှောက ပြောသည်။ “အာရုဏ်ဦးမြို့တော်ရဲ့ ခုခံမှုတုန်းက မင်းတို့လုပ်ခဲ့တာတွေက ငါတို့ ဥရောပစစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်၊၊ ကောင်းကင်ကနေ ယန္တရားစက်ရုပ်ကြီးတွေ ဆင်းသက်လာပြီး ကောင်းကင်အကာကွယ်ကို ဖြတ်ကျော်ပြီး တောင်ဘက်ကောင်းကင်ဂိတ်ကနေ ပစ်ခတ်ခဲ့တာက တကယ်ကို ခမ်းနားလွန်းတယ်၊၊ ဖုတ်ကောင်အုပ်တွေကိုတောင် အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့တာပဲ”

“တကယ်ပဲ...”

ကျန်းယွမ်သည် စက်ရုံအတွင်းရှိ သိပ်သည်းလှသော ဒရုန်းအုပ်ကြီးများနှင့် အသစ်တည်ဆောက်ထားသည့် ကုန်တင်လိုင်းအမျိုးမျိုးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“တကယ်လို့ သူသာ ဒီမှာရှိရင် ဒီစက်ရုံက လုံးဝကို လိုအပ်မှာမဟုတ်ဘူး”

…

ယနေ့တွင် ကော်လိုရာဒိုချောက်ကမ်းပါးဧရိယာသည် ထူးခြားစွာ တိတ်ဆိတ်နေခဲ့သည်။ မိုးလင်းကတည်းကနေ မွန်းလွဲပိုင်းအထိ သွေးနီရောင်ဖုတ်ကောင်များ သို့မဟုတ် မွန်းစတားလှိုင်းများ တစ်ကောင်မျှ ပေါ်မလာခဲ့ပေ။ ရှေ့တန်းစစ်မျက်နှာအမျိုးမျိုးတွင် ခြိမ်းခြောက်မှုသိပ်မရှိလှသော စွမ်းအင်ဝါးမျိုပိုးကောင်အချို့ ရံဖန်ရံခါပေါ်လာတတ်သည်မှလွဲ၍ ကမ္ဘာမပျက်ခင်က မွန်းလွဲပိုင်းအချိန်များကဲ့သို့ အေးချမ်းနေခဲ့သည်။ ကွာခြားချက်မှာ သွေးနီရောင်ကမ္ဘာပျက်ကပ်ကောင်းကင်ကြီးဖြစ်သည်။

အဓိကရထားယာဉ်တန်းကြီးများသည် ဤရှားပါးလှသော အနားယူချိန်ကို အသုံးချကာ ရထားများကို ပြုပြင်ခြင်း၊ သံချပ်ကာများကို သန့်ရှင်းရေးလုပ်ခြင်း၊ ဒိုင်းကာပြားများကို ပြန်လည်သွန်းလုပ်ခြင်းနှင့် ဆားကစ်ပြဿနာအမျိုးမျိုးကို စစ်ဆေးပြင်ဆင်ခြင်းများပြုလုပ်နေကြသည်။ တစ်ဖက်တွင်လည်း လက်နက်များနှင့် ရိက္ခာများကို ပြန်လည်စုစည်းနေကြပြီး သန်းနှင့်ချီသော လူထုကြားတွင် ရထားလိုင်းချင်းချိတ်ဆက်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အနီးနားရှိ ယာဉ်တန်းများအကြား ရိက္ခာပစ္စည်းများကို အပြန်အလှန်ကူညီထောက်ပံ့ပေးနေကြသည်။ ဆရာဝန်များ၊ စက်ပြင်သမားများနှင့် နည်းပညာရှင်များသည် ယာဉ်တန်းအသီးသီးတွင် အလုပ်ရှုပ်နေကြပြီး ယာယီကမ္ဘာပျက်ကပ်လူမှုစနစ်တစ်ခုကို ဖော်ဆောင်ထားကြလေသည်။

သို့သော်လည်း အပြန်အလှန်ကူညီမှုဆိုသည်မှာ အနီးနားရှိယာဉ်တန်းများအကြားတွင်သာ ကန့်သတ်ထားခြင်းဖြစ်သည်။ တကယ်တော့ ဤနဂါးကြီးတစ်ကောင်အလား ရထားတန်းကြီးသည် အရှည်ကီလိုမီတာ ၁၀၀ကျော်အထိရှိနေပြီး အချို့အပိုင်းများက ချိတ်ဆက်ထားခြင်းမရှိပေ။ တွဲပေါင်း နှစ်သိန်း၊ သုံးသိန်းခန့်နှင့် သံမဏိအစောင့်တပ်ဖွဲ့ဝင်များ ရှိနေသဖြင့် ရှေ့တန်းစစ်မျက်နှာက ရှည်လျားလွန်းလှသည်။ ကံကောင်းသည်မှာ သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီဆက်သွယ်နိုင်သောကြောင့် ဗိုလ်ချုပ်လော့နှင့် အဓိကယာဉ်တန်းအချို့ကို ဗဟိုပြုထားသည့် ကွပ်ကဲမှုစင်တာက အချိန်ကိုက်ညှိနှိုင်းစေလွှတ်ပေးနိုင်ခဲ့သည်။

ကောင်းကင်အမိုးခုံးရထားပေါ်တွင် တစ်ရက်လုံးတောင့်ခံထားသည့် ချန်ဆီရွှမ်သည် ရှုချင်းနှင့် ရှီဇီတို့ကို တာဝန်လွှဲပြောင်းပေးခဲ့ပြီး သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။ နန်ကျင်း၊ အားဖေးနှင့် ရှောင်ချင်းတို့သည် S-Class အဆင့်ကို သတ်ဖြတ်ပြီးနောက် ရှီတိယွမ်ကို ကူညီရန် နဂါးတောင် ၁ သို့ ပြန်လည်ပူးပေါင်းခဲ့ကြသည်။ ယခုအခါ နဂါးတောင် ၁ တွင် လူအင်အား ၆,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အင်အားသစ်များစွာကို စုစည်းထားနိုင်ခဲ့သည်။ ချီလီက ရှောင်မုန့်ကို ခေါ်ကာ ဂျိုကာယာဉ်တန်းမှ အဖွဲ့ဝင်အားလုံးကို ကောင်းကင်အမိုးခုံးရထားထဲသို့ ရွှေ့ပြောင်းပေးခဲ့သဖြင့် မူလရထားတွဲများကို တခြားအရေးပေါ်ယာဉ်တန်းအဖွဲ့ဝင်များအတွက် ဖယ်ပေးနိုင်ခဲ့သည်။

တစ်ဖက်တွင်မူ မိုနီကာကတော့ အတော်လေးအပူအပင်ကင်းမဲ့နေခဲ့သည်။ သူမ၏ ဘုရင်မ မိုနီကာရထားကို အနန္တရထားအသစ်အဖြစ် မွမ်းမံပြင်ဆင်ထားပြီး အဖွဲ့ဝင်များကလည်း ကောင်းကင်အမိုးခုံးရထားထဲသို့ ရွှေ့ပြောင်းထားပြီးပြီဖြစ်သည်။ အာခီစိုင်းသဲကန္တာရမှ ကယ်တင်လာခဲ့သည့် အမျိုးသမီးအဖွဲ့ကို အကောင်းဆုံးစွမ်းအားဝတ်စုံများ တပ်ဆင်ပေးထားပြီး ကောင်းကင်အမိုးခုံးရထားပေါ်သို့ တင်ဆောင်ထားခဲ့ရာ အနန္တယာဉ်တန်းတွင် အမျိုးသမီးတွေ အရမ်းများလွန်းနေသည်ဟု လုချန်ကို မြည်တွန်တောက်တီးခြင်းမပြုပဲ မနေနိုင်အောင်ဖြစ်စေခဲ့သည်။

သို့သော်လည်း မိုနီကာနှင့် ချီလီတို့၏ အဖွဲ့တစ်ခုလုံးကို အနန္တယာဉ်တန်းနှင့် ပူးပေါင်းစေမည့် ဆုံးဖြတ်ချက်ကို ချန်ဆီရွှမ်က ကန့်ကွက်ခြင်းမရှိခဲ့ပေ။ သူမ၏ အမြင်တွင် ဤအဖွဲ့များသည် အစကတည်းက သေအတူရှင်မကွာသူငယ်ချင်းများဖြစ်ကြပြီး ကောင်းကင်အမိုးခုံးရထား၏ စံပြအခန်းတွဲများသည်လည်း လူတင်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ လောလောဆယ်တွင် အနန္တမဟာမိတ်ယာဉ်တန်းရှိ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအားလုံးသည် လေကြောင်းတိုက်ပွဲအပြီးတွင် ကောင်းကင်အမိုးခုံးရထားထဲသို့ ဝင်ရောက်ခဲ့ကြပြီး လူဦးရေ ၂,၀၀၀ နီးပါးသည် ကောင်းကင်အမိုးခုံးရထား၏ ရှင်သန်ရေးအခန်းတွဲတွင် အခြေချနေထိုင်ခဲ့ကြပြီ ဖြစ်သည်။

အကယ်၍ ငွေကြယ်နှင့် နဂါးတောင် ၁ ၏ တိုက်ခိုက်ရေးစွမ်းအားကို ယာယီမစွန့်လွှတ်နိုင်သေးဘဲ ဟယ်လင်ချူး၏ မော်တော်ယာဉ်တန်းအချို့၏ လှုပ်ရှားနိုင်စွမ်းကို လိုအပ်နေသေးခြင်းကြောင့်သာမဟုတ်လျှင် အနန္တမဟာမိတ်အဖွဲ့၏ လူသောင်းချီထဲမှ တစ်ဝက်ခန့်သည် ကောင်းကင်အမိုးခုံးရထားပေါ်သို့ ရောက်နေလောက်ပြီဖြစ်သည်။ တကယ်တော့ ဤမျှကြီးမားသောသင်္ဘောကြီးသည် အရေးကြုံလာရင် လူအများကြီးကို တစ်ပြိုင်နက်ခေါ်ထုတ်သွားနိုင်ပေသည်၊၊

ရေချိုးခန်းထဲတွင် ရက်အတော်ကြာ မျက်စိမမှိတ်ခဲ့ရသော ချန်ဆီရွှမ်လည်း ရေနွေးဖြင့် ရေချိုးလိုက်သည်။ မြူဖုံးနေသည့် မှန်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်အချို့ရှိနေသည့် သူမ၏ ချောမွေ့သော ခန္ဓာကိုယ်နှင့် ကျောပြင်က ထင်ဟပ်နေခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာကနေ ကော်လိုရာဒိုအထိ သူမ၏ စွမ်းအားဝတ်စုံသည် အကြိမ်ကြိမ်ပျက်စီးခဲ့ရသည်။ ပြင်းထန်သော အမှောင်စွမ်းအင်တိုက်စားမှုကြောင့် ထိုဒဏ်ရာများသည် အနာကျက်ရန် နှေးကွေးနေခဲ့ပြီး အရိုးထဲက စူးရှသောနာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုများကလည်း ဒွန်တွဲနေခဲ့သည်။

ရေချိုးပြီးနောက် ချန်ဆီရွှမ်က သူမကိုယ်ထဲကို အေးခဲ-အမှောင်ဆေးရည်တစ်လုံး ထိုးလိုက်သည်။ သန့်စက်သောအမှောင်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီးနောက် ပင်ပန်းနွမ်းနယ်နေသည့် သူမ၏ မျက်နှာတွင် တတ်ကြွသောအသက်စွမ်းအားအချို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

သူမ၏ ဘေးရှိ လုံခြုံရေးသေတ္တာထဲတွင်မူ ပွင့်အာလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ငွေနဂါးဆယ်ဆပန်းရှိနေသည်။ ချန်ဆီရွှမ်က ထလိုက်ပြီး အတွင်းခံဝတ်စုံကို ပြန်ဝတ်လိုက်သည်။ နာနိုတိုက်ပွဲဝတ်စုံသည် ခြေထောက်ကနေတစ်ဆင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလျင်အမြန်ဖုံးလွှမ်းသွားခဲ့ပြီး သူမအရပ်ထက်ပင် မြင့်မားသော Meteor-3 စနိုက်ပါရိုင်ဖယ်ကို လက်တစ်ဖက်တည်းဖြင့် မလိုက်သည်။ ထိုအချိန်တွင် သူမသည် ဖန်ပြွန်ဘူးထဲရှိ ပန်းဖူးလေးကို စိုက်ကြည့်ရင်း မျက်ဝန်းများအနည်းငယ်လှုပ်ရှားကာ တီးတိုးရေရွတ်လိုက်သည်။

“အနည်းဆုံးတော့ ရှင်က အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပဲ…ဟုတ်တယ်မလား”

All Chapters