အရေးပေါ်အစီအစဥ် (၂)
Vol. 75 Ch. 1171
ရုတ်တရက် ပေါ်လာတတ်သည့် အမဲလိုက်သတ္တဝါအနည်းငယ်မှလွဲ၍ နီရဲသော အင်းစက်ဒီရေကြီးသည် အရှေ့ဘက်နှင့် အနောက်ဘက်ရထားတွဲများ၏ ဘေးတစ်ဖက်တစ်ချက်တွင် မမြင်ရသော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ရှိနေပြီး မြူများထဲတွင် ပုန်းအောင်းကာ တိတ်ဆိတ်စွာ အော်ဟစ်ရင်း တိုက်ခိုက်ရန်အသင့်ပြင်နေကြသည်။
“ဇီဝရေဒါထောက်လှမ်းမှုအရ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ အင်းစက်ဒီရေတွေက ရထားရဲ့ ဘေးတစ်ဖက်တစ်ချက် ကီလိုမီတာ ၅၀ ဝန်းကျင်မှာ စုပြုံနေကြပါတယ်”
အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ ကွပ်ကဲခန်းမအတွင်း သုံးဖက်မြင်မြေမျက်နှာသွင်ပြင်မြေပုံပေါ်ရှိ ရေဒါမျက်နှာပြင်တွင် သိပ်သည်းလှသော အနီစက်များက ရထား၏ အရှေ့ဘက်နှင့် အနောက်ဘက်တစ်ပြင်လုံးကို သွေးကဲ့သို့ နီရဲစေပြီး ရထားလမ်းကြောင်းနှင့်အပြိုင် သွေးနီရောင်ဒီရေလှိုင်းကြီးနှစ်ခုပမာဖြစ်နေလေသည်။ တစ်ချိန်တည်းမှာပင် ပို၍နက်ရှိုင်းသော နယ်မြေများမှ အနီစက်များ ပိုမိုများပြားစွာ စီးဝင်လာပြီး မျက်နှာပြင်တစ်ခုလုံးကို တဖြည်းဖြည်းချင်းနီရဲသွားစေကာ ရှင်းလင်းနေသော ကွက်လပ်လမ်းကြောင်းလေးတစ်ခုသာ ကျန်ရှိတော့သည်။
“ထူးဆန်းလိုက်တာ... ဒီအကောင်တွေက အုပ်စုလိုက်ကြီး အကုန်စုပြုံပြီး တိုက်ခိုက်ဖို့ ပြင်နေကြတာလား”
ကျန်းဝေကောင်းက မျက်နှာပြင်ကို ကြည့်ကာ ချက်ချင်းပင် ပြောလိုက်သည်။
“ဒါမှမဟုတ် အမိန့်ကို စောင့်နေကြတာလည်းဖြစ်နိုင်တယ်...”
ဗိုလ်ချုပ် လီရှန်းက အသက်ပြင်းပြင်းရှူရင်း စားပွဲကို ရိုက်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့အတိတ်နိမိတ်တော့ မဟုတ်ဘူး။ အခုက ညဘက်ရောက်နေပြီ။ ဒီအင်းစက်ဒီရေတွေက ရက်စက်ကြမ်းကြုတ်ပြီး အဆုံးမရှိနိုင်လောက်ဘူး။ စွန့်စားကြည့်ကြတာပေါ့... ဒီအခွင့်အရေးကို အသုံးချပြီး အရင်ဆုံးဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ကြမယ်”
“ငါ သဘောတူတယ်”
“ငါလည်း သဘောတူပါတယ်”
စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်အမြောက်အမြားက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က “ငါတို့ဘက်က ဘာမှမလုပ်သေးလို့ပဲ သူတို့က ငြိမ်နေတာများလား... ငါတို့ စလှုပ်ရှားတာနဲ့ သူတို့တွေ စပြီးတိုက်ခိုက်လာနိုင်မလား”
“တိုက်ခိုက်လာရင်လည်း အတူတူပဲ။ အဲဒီသတ္တဝါတွေ ပိုပြီးစုမိလာလေလေ... ငါတို့ ဒီမှာဆက်စောင့်နေဖို့ ပိုပြီးခက်ခဲလေလေပဲ”
ဗိုလ်ချုပ်လော့က သွေးကဲ့သို့ နီရဲနေသော ရေဒါကို ကြည့်ကာ သူ့၏ လင်းယုန်တစ်ကောင်လို မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။
“ဒါက သတ္တဝါကြီးတွေ ဝင်တိုက်ဖို့အတွက် ထောင်ချောက်ဆင်စောင့်ဆိုင်းနေတဲ့ ပုံစံမျိုးပဲ...”
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်တော့သည်။
“ကောင်းကင်အမိုးခုံးရထား၊ ငွေကြယ်နဲ့ ယူတိုးပီးယာရထားတွေက... သံလမ်းတွေကို အသင့်ပြင်ကြ။ အခြားရထားတွေနဲ့ ယာဉ်တန်းတွေကတော့ သန္ဓေပြောင်းလဲမှုတွေကို နှိမ်နင်းပြီး ရွှေ့ပြောင်းဖို့ ပြင်ဆင်ကြ။ လီရှန်း... သံမဏိထင်းရှူးတောင်ကုန်းဒေသမှာ နောက်တန်းကို အချိန်ဆွဲဖို့နဲ့ ထိန်းထားဖို့အတွက် အဝေးပစ်တပ်ရင်း သုံးခုကို ချန်ထားခဲ့ပါ... အခြားတိုက်ခိုက်ရေးယူနစ်တွေကတော့ အစီအစဉ် ၃ အတိုင်း လမ်းခွဲပြီး နောက်တန်းယာဉ်တန်းကို ကာကွယ်ကြ”
“နားလည်ပါပြီ”
“လျှိုဂန်း... ဒုတိယနဲ့ တတိယတပ်ရင်းတွေကို ဘယ်ဘက်အခြမ်းဆီ ပိုကပ်ထားလိုက်... ဟာကွက်မရှိစေနဲ့။ စတုတ္ထ၊ ဆဋ္ဌမနဲ့ သတ္တမတပ်ရင်းတွေကတော့ အလယ်ပိုင်းကနေ လိုက်ခဲ့ကြ။ မီးကျောက်တုံးယာဉ်တန်းက သံမဏိအစောင့်တပ်ရင်း ၁၃ကို ဗျူဟာမြောက်ကာကွယ်ပေးဖို့ တာဝန်ယူရမယ်... လိုအပ်ရင် လေကြောင်းကနေဖောက်ထွက်ဖို့လုပ်ပါ”
“ဟုတ်ကဲ့”
“ဝေကောင်း... မင်းရဲ့ သံမဏိအစောင့်တပ်ရင်း ၂၂က ဖောက်ထွက်ရေးတစ်ခုလုံးကို အပြည့်အဝတာဝန်ယူရမယ်။ T50 ကနေ T98 အပိုင်းတွေကိုတော့ ယူတိုးပီးယာ၊ ရီပက်ဘလစ်ကန်မဟာမိတ်အဖွဲ့၊ ဝမ်ဟုန်ယွဲ့စီးပွားရေးမဟာမိတ်အဖွဲ့၊ ခေတ်သစ်အင်ဂျင်နီယာအဖွဲ့၊ ရေခဲဒိုင်းကာအဖွဲ့နဲ့ လောင်ကျွမ်းဖီးနစ်အဖွဲ့တွေက ပူးပေါင်းခုခံကြ... နဂါးခွန်ပန်ယာဉ်တန်းက ဗျူဟာမြောက် ကာကွယ်ပေးလိမ့်မယ်။ ဝူရှန်းကွမ်... မင်းရဲ့ မိုးကြိုးယာဉ်တန်းက ကောင်းကင်အမိုးခုံးရထားနဲ့ ငွေကြယ်ရထားကို ဆက်လက်ပံ့ပိုးပေးပါ”
“အချိန်ကို ၅ မိနစ် သတ်မှတ်တယ်... တပ်ဖွဲ့အားလုံးအသင့်ပြင်ကြ... ငါတို့ ချက်ချင်းပဲ အဖျက်စွမ်းအားမြင့်လက်နက်တွေနဲ့ ဖောက်ထွက်ကြမယ်”
“Yes, Sir”
သွေးနီရောင်ကောင်းကင်အောက်တွင် ဖုံးလွှမ်းနေသော ကော်လိုရာဒိုချောက်နက်ကြီးသည် ထူးဆန်းသောတိတ်ဆိတ်မှုတစ်ခုအတွင်းသို့ နစ်မြုပ်သွားတော့သည်။ အမိန့်များထုတ်ပြန်လိုက်သည်နှင့်အမျှ ရထားအဖွဲ့ နှစ်ရာကျော်နှင့် မော်တော်ယာဉ်အဖွဲ့ သုံးဆယ်ကျော်တို့အပြင် သံမဏိအစောင့်တပ်ရင်းမှ စစ်သား တစ်သိန်းကျော်တို့သည်လည်း ချက်ချင်းပင် လှုပ်ရှားမှုထဲသို့ ဝင်ရောက်သွားကြရာ မျှော်လင့်ချက်မဲ့သော လေထုကြီးက လူတိုင်းအပေါ် ဖိစီးနေတော့သည်။ အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကျက်ချထားသည့် အမိန့်သံများသည် သွေးနီရောင်ဒီရေလှိုင်းကြီးထဲသို့ ကျောက်ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ တိတ်ဆိတ်စွာပင် ပျံ့နှံ့သွားတော့သည်။
မိုင်ရာချီ ရှည်လျားသော သံမဏိနဂါးကြီးတစ်ကောင်သည် ရုတ်တရက်နိုးထလာချေပြီ။
ကောင်းကင်အမိုးခုံးရထား၏ ကောင်းကင်တံတားပေါ်တွင် အပြာရောင်မီးများရုတ်တရက်လင်းလာပြီး မရေမတွက်နိုင်သော ဆောက်လုပ်ရေးဒရုန်းထောင်ပေါင်းများစွာသည် ငွေရောင်ပျားအုပ်ကြီးများကဲ့သို့ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာကာ သံမဏိစက်ရုံမှ ထွက်လာသော ဒရုန်းလှိုင်းကြီးနှင့် ပေါင်းစည်းသွားကြသည်။ စက်ရုံအတွင်းမှ သံလမ်းများကို သယ်ယူပို့ဆောင်ရေးဒရုန်းများက ကောင်းကင်ယံထက်သို့ သပ်ရပ်စွာ မြှောက်တင်လိုက်ကြပြီးနောက် လျင်မြန်စွာ လှုပ်ရှားနေသော အလင်းတန်းတစ်ခုကဲ့သို့ အဝေးသို့ ပျံသန်းသွားကြတော့သည်။
ကျန်းရှု့ဝေလည်း ထွက်ခွာရန် ပျံသန်းရေးယာဥ်တစ်ခုပေါ်သို့ တက်လိုက်ပြီး သယ်ယူပို့ဆောင်ရေးယာဉ်များသည် အင်ဂျင်နီယာများနှင့် စက်ရုံဝန်ထမ်းများကို ရှေ့တန်းစစ်မျက်နှာဆီသို့ စတင်ရွှေ့ပြောင်းပေးနေကြပြီဖြစ်ရာ မကြာမီအချိန်အတွင်း အသစ်ဆောက်လုပ်ထားသောစက်ရုံတွင် လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်အတွက် ဒရုန်းများသာ ကျန်ရှိတော့သည်။ အင်ဂျင်ပါဝါကို အမြင့်ဆုံးအထိမြှင့်တင်ထားပြီး ဖောက်ထွက်မှုမစတင်မီ သံလမ်းကို တတ်နိုင်သမျှ အများဆုံးတည်ဆောက်ရန် ကြိုးစားနေကြသည်။
ရထားတွဲများအတွင်း၌ လူများစုဝေးရန် ပြင်ဆင်နေကြသည့် ရှုပ်ထွေးသော ပုံရိပ်များရှိနေပြီး မရေမတွက်နိုင်သော ခံစစ်ဝန်ထမ်းများသည် ရထားခေါင်မိုးပေါ်သို့ စတင်တက်ရောက်နေကြကာ အမြောက်များကို ပြန်လည်စတင်လိုက်ကြသဖြင့် ရထားခေါင်မိုးများပေါ်တွင် မီးရောင်များနှင့် ရှာဖွေရေးမီးမောင်းများဖြင့် ထိန်ထိန်လင်းလာသည်။ မီးမောင်းများသည် အရပ်မျက်နှာအသီးသီးရှိ ကောင်းကင်နှင့် မြူများကို အဆက်မပြတ်ထိုးဖောက်ကြည့်ရှုနေကြပြီး ထိုအခိုက်အတန့်တွင် လူတိုင်းသည် စိတ်လှုပ်ရှားလျက် ရင်ခုန်သံများမြန်ဆန်နေကြသည်။
“မြန်မြန်... ခဲယမ်းတွေ ယူခဲ့ကြ”
“ပြတင်းပေါက်တွေကို ဖွင့်ထား... သုံးလို့ရတဲ့ သေနတ်မှန်သမျှ အကုန်ထုတ်သုံး”
“လျှပ်စစ်သံလိုက်အမြောက်တွေ အားဖြည့်ထား... အရန်ပါဝါအသင့်ပြင်”
“ကလေးတွေကို ရှေ့တွဲတွေဆီ ရွှေ့လိုက်ကြ... ရထားတွဲချိတ်ဆက်မှုတွေကို စစ်ဆေး... နောက်တွဲတွေကိုတော့ အချိန်မရွေးဖောက်ခွဲဖြတ်တောက်နိုင်ဖို့ အသင့်ပြင်ထား”
ဝူး ဝူး။
မော်တော်ယာဉ်များ၏ အင်ဂျင်သံများက တင်းမာမှုများအောက်တွင် ဟိန်းဟောက်နေပြီး အဓိကမော်တော်ယာဉ်မဟာမိတ်အဖွဲ့များ၏ စခန်းများတွင် မီးများထိန်ထိန်လင်းနေကာ ယာဉ်တစ်စီးချင်းစီပေါ်သို့ လက်နက်ကိုင်များ တက်ရောက်နေကြသည်။ မိခင်များသည် ကလေးငယ်များကို အဝတ်စများဖြင့် ရင်ဘတ်တွင် တင်းတင်းချည်နှောင်ထားကြပြီး ဒဏ်ရာရရဲဘော်များကြားတွင် နောက်ဆုံးကျန်ရှိသော ရေများပါသည့် သံဗူးခွံလေးများက တိတ်ဆိတ်စွာ ဖြတ်သန်းစီးဆင်းနေသည်။
ကြီးမားသော လေကြောင်းယာဉ်တန်းများမှ ပျံသန်းရေးသင်္ဘောအချို့သည် အင်ဂျင်သံများနှင့်အတူ ဖုန်မှုန့်များ တလူလူထကာ တဖြည်းဖြည်းချင်းပျံတက်လာကြပြီး တိုက်လေယာဉ်များသည်လည်း ပြိုင်တူပျံတက်သွားကြသည်။ ပင်လယ်ဖိနှိမ်သင်္ဘောပေါ်ရှိ စင်္ကြံလမ်းများတွင် လူရိပ်များပြေးလွှားနေကြပြီး ဝူရှန်းကွမ်က ပင်မသင်္ဘောထဲသို့ အလျင်အမြန် ဝင်ရောက်လာကာ အော်ပြောလိုက်သည်။
“ငါတို့က ရှေ့တန်းစစ်မျက်နှာ ဖောက်ထွက်ရေးကို တာဝန်ယူရမယ်... ပျံသန်းရေးတပ်ဖွဲ့အားလုံး အမိန့်ကို နာခံကြ... ပျက်ကျရင်တောင်မှ သံလမ်းပေါ်ကို မကျစေနဲ့”
ကလစ် ကလစ်... ကလစ် ကလစ်။
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ချန်ဆီရွှမ်က လေးနက်သောမျက်နှာထားဖြင့် ရှေ့ဘက်ရှိ ကောင်းကင်ကြီးကို စိုက်ကြည့်နေသည်။ ရေဒါမျက်နှာပြင်ပေါ်တွင်မူ ၎င်းတို့သည် ရှေ့ဆုံးတပ်ဖွဲ့ဖြစ်သည့်အတွက် ယခုအခါ ရထား၏ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် အရပ်မျက်နှာသုံးခုလုံးမှ ရန်သူများနှင့် ရင်ဆိုင်နေရချေပြီ။ ဒီရေလှိုင်းကဲ့သို့ များပြားလှသော အနီရောင်ဇီဝအချက်ပြများသည် ပင်မကွပ်ကဲတံတားတစ်ခုလုံးကို နီရဲသောအလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေတော့သည်။
“အကယ်၍ အစီအစဉ် ၃ သာ ကျရှုံးသွားခဲ့ရင်...”
ချန်ဆီရွှမ်က နေရာတစ်ခုချင်းစီရှိ လူများကို လှမ်းကြည့်လိုက်သည်၊၊
“ကောင်းကင်အမိုးခုံးရထားရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ချပြီး ငွေကြယ်နဲ့ နဂါးတောင် ၁ ကို ကူညီဖို့ လမ်းခွဲလိုက်မယ်... ဟယ်လင်ချူးရဲ့ မော်တော်ယာဉ်အဖွဲ့တွေကတော့ အရင်ဆုံး ရထားပေါ်ကို ပြောင်းရွှေ့ရမယ်”
“ဒါက နောက်ဆုံးရွေးချယ်စရာပဲ”
ကျန်းရှု့ဝေ၏ အသံက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာပြီး သူမသည် ကောင်းကင်ယံရှိ ဧရာမထူးဆန်းသော မျက်လုံးကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်၊၊
“အကြောင်းတစ်ခုခုကြောင့် ငါ ရှေ့ကိုအာရုံရနေတယ်...”
“အခြေအနေက ငါတို့ ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါးနေတယ်”