ကော်လိုရာဒိုဆုတ်ခွာမှု (၁)
Vol. 75 Ch. 1172
ညမှောင်စပြုလာပြီဖြစ်ရာ အမှောင်ထုကြောင့် သွေးနီရောင်မြူများက ပိန်းပိတ်အောင်မှောင်မိုက်သွားပြီး ရထား၏ ရှာဖွေရေးမီးမောင်းများသည် ကောင်းကင်ထက်သို့ သွေးကဲ့သို့ နီရဲသောအလင်းတန်းကြီးများအဖြစ် ထိုးဖောက်လင်းလက်နေသည်။
ကောင်းကင်တွင် ဆိုင်းငံ့နေသော ကြောက်မက်ဖွယ်ဧရာမမျက်လုံးကြီးသည် အခြားကမ္ဘာမှ ဂြိုဟ်တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ ခြိမ်းခြောက်နေဟန် ငုံ့ကြည့်နေပြီး အေးစက်တုန်လှုပ်ဖွယ်အရှိန်အဝါများကို သယ်ဆောင်လာသည်။ ထိုကဲ့သို့ ပြင်းထန်စွာ ထုတ်လွှတ်နေသော အမှောင်စွမ်းအင်များက လေထုကိုယ်တိုင်ကပင် အရေပြားကို တိုက်စားနေသကဲ့သို့ ခံစားရစေသည်။
မကြုံစဖူး ပြင်းထန်လှသောဖိအားကြီးက အသက်ရှင်ကျန်ရစ်သူအားလုံး၏ နှလုံးသားပေါ်သို့ လေးလံစွာ ဖိစီးနေလေသည်။ ယာဉ်တန်းအဖွဲ့တစ်ခုချင်းစီအတွင်း၌ စိတ်ပိုင်းဆိုင်ရပြိုလဲမှုများကြောင့် လူအများပြားသည် ရုတ်တရက်သန္ဓေပြောင်းလဲမှုများ အချိန်မရွေးဖြစ်ပေါ်နေလေပြီ။ စစ်သားများသည် နာကျင်မှုနှင့် တွန့်ဆုတ်မှုများကို အောင့်အီးကာ မိမိတို့၏ လက်နက်များကို မိတ်ဆွေဟောင်းများထံသို့ လှည့်၍ ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမိပါက နှင်းပြိုသကဲ့သို့ ကွင်းဆက်တုံ့ပြန်မှုများဖြစ်ပွားကာ လူများပို၍ သေဆုံးသွားနိုင်သောကြောင့်ပင်။
ငိုကြွေးသံများ၊ ထိတ်လန့်တုန်လှုပ်သံများနှင့် အော်ဟစ်သံများသည် ရထားတွဲတစ်ခုချင်းစီအတွင်း အဆက်မပြတ် ပျံ့နှံ့နေတော့သည်။ လက်နက်ကိုင်အစောင့်များသည် ရထားပြတင်းပေါက်များမှတစ်ဆင့် ပြင်ပရှိ ထူထပ်လှသောမြူများကို စိုက်ကြည့်နေကြပြီး တင်းမာမှုနှင့် မွန်းကျပ်မှုများက ရထားတွဲတိုင်းတွင် ပြည့်နှက်နေချေပြီ။ အမျိုးသားများသည် မိမိတို့၏ လက်နက်များကို တင်းတင်းဆုပ်ကိုင်ထားကြပြီး မြူများထဲမှ အချိန်မရွေးထွက်ပေါ်လာနိုင်သည့် ထူးဆန်းသော သတ္တဝါဆိုးကြီးများကို စောင့်ဆိုင်းနေကြသည်။
ဤအခြေအနေသည် ဝန်းရံပိတ်ဆို့ခံရသည့် တိုက်ပွဲ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲမျိုးမဟုတ်ဘဲ မျှော်လင့်ချက်မဲ့စွာ ထွက်ပြေးရသည့် ဆုတ်ခွာမှုကြီးတစ်ခုသာ…၊၊
“အင်ဂျင်ကို နှိုးစမ်း၊ ရထားက ဘာလို့ အခုထိမလှုပ်ရှားသေးတာလဲ”
“ပြေးကြ... မပြေးရင် ငါတို့ အားလုံး အသေဆိုးနဲ့ သေရလိမ့်မယ်...”
“ရှေ့က လမ်းကြောင်းပိတ်နေလို့လား”
“အဲဒီမြူတွေထဲမှာ သတ္တဝါဆိုးတွေ အပြည့်ရှိနေတာ သေချာတယ်... ငါတို့ ဘာလုပ်ကြမလဲ”
“ငါတို့မှာ တိုက်ခိုက်ဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိဘူး”
ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်မဲ့မှုနှင့် စိုးရိမ်ပူပန်မှုများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး မိုင်ရာချီ ရှည်လျားသော သံမဏိယာဉ်တန်းကြီးသည် ရထားသံလမ်းပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေကာ ရေနွေးငွေ့ဟိုက်ဒရောလစ်စနစ်များ၏ တရှဲရှဲမြည်သံများသာ ထွက်ပေါ်နေသည်။ ရထားပြင်ပရှိ မော်တော်ယာဉ်တပ်ရင်းဒါဇင်ပေါင်းများစွာတွင်လည်း မငြိမ်မသက်မှုများဖြင့် ဆူညံနေချေပြီ။
မော်တော်ယာဉ်တပ်ရင်းများသည် ရထားများနှင့် နှိုင်းယှဉ်ပါက ပို၍လျင်မြန်ပြီး အချိန်မရွေ ထွက်ပြေးနိုင်သော်လည်း လက်ရှိအခြေအနေတွင်မူ ဤအားသာချက်မှာ လုံးဝမရှိတော့ချေ။ လက်နက်တပ်ဆင်ထားသော ရထားတွဲ ငါးထောင်၊ ခြောက်ထောင်ခန့်၏ ပစ်အားနှင့် လူသန်းပေါင်းများစွာ၏ ပံ့ပိုးမှုမရှိဘဲ ဤသွေးနီရောင်ညအမှောင်အောက်တွင် သိပ်သည်းလှသော သတ္တဝါဆိုးအုပ်ကြီးနှင့် ထိပ်တိုက်ကြုံရပါက လေထဲက ဖယောင်းတိုင်မီးပမာ အချိန်တိုအတွင်း လုံးဝဝါးမျိုခံရပေလိမ့်မည်။ ယခုအခါတွင်မူ ၎င်းတို့သည် ရထားအုပ်စုကြီး၏ ချီတက်မှုကို အမှီပြု၍သာ ဆုတ်ခွာနိုင်ကြမည်ဖြစ်ရာ သို့မဟုတ်ပါက လွတ်မြောက်ရန် အခွင့်အရေးလုံးဝရှိမည်မဟုတ်ချေ။
ပထမခံစစ်ကြောင်းတွင် အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၊ သံမဏိအစောင့်တပ်ရင်း ၁၃၊ ၂၂ တို့မှ စုစုပေါင်း စစ်သား ၁၅၀,၀၀၀ ဖြင့် ဖွဲ့စည်းထားသော သံမဏိအတားအဆီးကြီးရှိနေသည်။ ဝေဟင်၌မူ အလတ်စားလေတပ် သုံးခုက ကောင်းကင်ကို ခုခံကာကွယ်ပေးထားပြီး ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းတပ်ဖွဲ့များ၏ အဓိကခံစစ်စွမ်းအားပင်၊၊ စစ်တပ်စနစ်ဖြင့် ဖွဲ့စည်းထားသော အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများနှင့် နှိုင်းယှဉ်ပါက အဖျက်စွမ်းအားမြင့် လက်နက်ကြီးများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ စတာ့ဖလိ့ထံမှလာခြင်းဖြစ်သောကြောင့် အကယ်၍ စတားဖလိ့၏ သံမဏိအစောင့်တပ်ရင်းသာ ချေမှုန်းခံရပါက လူသန်းပေါင်းများစွာ ပါဝင်သော ရထားယာဉ်တန်းတစ်ခုလုံးသည် ချက်ချင်းပင် တစ်ပိုင်းတစ်စစီပြိုလဲသွားပေလိမ့်မည်။
လော့ရှောင်ခိုင်က ဤအချက်ကို ကောင်းစွာသိရှိထားသည်။ ရေဒါမျက်နှာပြင်ပေါ်ရှိ နီရဲနေသောအလင်းရောင်များကို ကြည့်ရင်း အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ၏ မျက်ဝန်းများမှာ လေးလံလှသော ခဲဆွဲထားသကဲ့သို့ပင်၊၊
ယခင်က မြို့ရိုးအောက်တွင် တိုက်ခိုက်ခဲ့ဖူးသော ခံစစ်တိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့ မြေရိုင်းလွင်ပြင်ထက်တွင် တပ်ဖွဲ့များကို အပိုင်းပိုင်းခွဲ၍ ကျယ်ပြန့်စွာ ဖြန့်ကျက်ထားရသည့် ခံစစ်ဗျူဟာမှာ စစ်သားများကို အသေခံခိုင်းသည်နှင့် အလားတူပင်၊၊ လွန်ခဲ့သော တစ်လအတွင်းမှာတင် စစ်သည် ၂၀၀,၀၀၀ ရှိသည့်အနက် ၆၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ရထား၏ လှုပ်ရှားမှုကို ကာကွယ်ရန်အတွက် ၎င်းတို့သည် ခိုင်မာသော ခံစစ်စခန်းများကို မတည်ဆောက်နိုင်ကြသလို ပစ်အားများမှာလည်း လူစုကွဲနေချေသည်။ ၎င်းတို့သည် ဝိုင်းရံပိတ်ဆို့မှုကို တက်ကြွစွာ မဖောက်ထွက်နိုင်ဘဲ ရထားနောက်သို့ လိုက်ပါရင်း ခံစစ်ချီတက်မှုကိုသာ လုပ်ဆောင်နိုင်ကြသည်။
လော့ရှောင်ခိုင်သည် ရှင်သန်လွတ်မြောက်ရေးမှာ ဤသံလမ်းပေါ်တွင်သာ ရှိကြောင်း ကောင်းစွာသိရှိထားသည်။ နာရီကို ကြည့်ရင်း သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
“ဒီကီလိုမီတာ ၂၀၀အတွင်းမှာ လူဘယ်လောက်တောင် သေဦးမယ်ဆိုတာ မပြောတတ်တော့ဘူး...”
သူသည် ယခင် တောင်ဘက်ကောင်းကင်ဂိတ်ကြောင့် ဖြစ်ပွားခဲ့သော မီးတောက်ကြီးကို ပြန်လည်အမှတ်ရရင်း အကယ်၍ ကြီးမားသော ပစ်ကူများသာ ရှိခဲ့လျှင် အခွင့်အရေးရှိနိုင်ဦးမည်ဟု ငြိမ်၍ တွေးနေမိသည်။ သို့သော်လည်း ယနေ့ည၏ အကျပ်အတည်းမှာ ရွှေ့ပြောင်းနေသော တပ်ဖွဲ့များအတွက် နောက်ဆုံးသေမင်းတမန်ခေါင်းလောင်းသံဖြစ်လာတော့မည်ကို သူ အာရုံရနေလေသည်၊၊
…
ဘန်း ဘန်း၊၊
ရထားခေါင်မိုးပေါ်တွင် လေကြောင်းရန်ကာကွယ်ရေးအမြောက်များ သိပ်သည်းစွာ တပ်ဆင်ထားသော ရထားတစ်စီးပေါ်၌ စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော အဖွဲ့ဝင်တစ်ဒါဇင်ခန့်က သန္ဓေပြောင်းလဲသွားသော ရဲဘော်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။ သန္ဓေပြောင်းလဲသွားသူသည် ရထားခေါင်မိုးပေါ်မှ လဲကျသွားပြီး ကွဲအက်သွားသော စွမ်းအားဝတ်စုံမျက်နှာဖုံးနှင့် အကွဲကြောင်းများကြားမှ မရေမတွက်နိုင်သော သေးငယ်သည့် အသားမျှင်များ ဖရိုဖရဲလှုပ်ရှားရုန်းကန်နေသည်။ မီးတောက်မှုတ်စက်ကြီးတစ်ခုက ကောင်းကင်ယံဆီသို့ မီးလျှံများ ဝုန်းခနဲမှုတ်ထုတ်လိုက်သည်။
“တောင်းပန်ပါတယ်... လူအိုကြီးလု...”
ရှုပ်ထွေးလှသော မျက်ဝန်းများစွာ၏ အောက်တွင် ထိုရဲဘော်ဟောင်းသည် ဟိန်းဟောက်နေသော မီးလျှံများကြား၌ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“အသင့်ပြင်ထားကြ… ဆူညံသံတွေ အများကြီးမထွက်စေနဲ့”
မီးလျှံနီရထားအဖွဲ့၏ ဒုကပ္ပတိန်ဖြစ်သူ ကျိုးယန်သည် ဝက်ဝံကြီးတစ်ကောင်အလား သံမဏိမုဆိုးတိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားပြီး လျှပ်စစ်သံလိုက်အမြောက်ကြီးကို ပုခုံးပေါ်ထမ်းကာ သူ့နောက်မှ အဖွဲ့ဝင်များကို ပြောလိုက်သည်။
“ငါတို့ ၅ မိနစ်အတွင်း အရှိန်မြှင့်ပြီး မောင်းနှင်ကြမယ်။ ရှေ့ဘက်မှာ ဒရုန်းတွေစုပြီး သံလမ်းခင်းနေကြပြီ။ ဒီသတ္တဝါတွေက ဉာဏ်ကောင်းတယ်... ငါတို့ ဆုတ်ခွာနေတာကို သိသွားရင် အချိန်မတိုင်ခင် စောပြီး တိုက်ခိုက်လာလိမ့်မယ်။ ဒီလောက်ရှည်တဲ့ရထားကြီးက အရှိန်မြှင့်ဖို့ အချိန်အတော်ပေးရလိမ့်မယ်... ငါတို့ ရတဲ့အချိန်ကို အမိအရဆုပ်ကိုင်ရမယ်”
မီးလျှံနီရထားအဖွဲ့သည် အဖွဲ့ဝင် ၁၀၀၀၀ကျော်နှင့် အင်အားတောင့်တင်းသော လက်နက်စနစ်များရှိပြီး တိုက်ခိုက်ရေးသမား ၄,၀၀၀ နီးပါးရှိသောကြောင့် ရထားယာဉ်တန်းကြီးတစ်ခုလုံးတွင် အဓိကအင်အားစုတစ်ခုဖြစ်သည်။
“နားလည်ပါပြီ”
“သိပါပြီ”
“ကပ္ပတိန်ကျိုး”
ထိုစဥ် နောက်ဘက်ရှိ လှေကားထစ်များမှတစ်ဆင့် အဖွဲ့၏ သတင်းအချက်အလက်အရာရှိ ရှောင်ဟယ်က ရထားခေါင်မိုးပေါ်သို့ အပြေးအလွှား တက်လာပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
“မကောင်းတော့ဘူး... ကပ္ပတိန်ဝေကို ဘယ်မှာမှရှာလို့မတွေ့တော့ဘူး”
“ဘာ”
ကျိုးယန် မျက်မှောင်ကြုတ်သွားပြီး ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် မီးလျှံနီရထားအဖွဲ့၏ ခေါင်းဆောင်ကို ချက်ချင်း လှမ်း၍ ဆက်သွယ်လိုက်သည်။
“လူအိုကြီးဝေ၊ လူအိုကြီးဝေ... ငါပြောတာ ကြားရလား”
“လိုင်းအပြင်ဘက်ရောက်နေတယ်”
“လူအိုကြီးဝေ”
“ကပ္ပတိန်ကျိုး... ဟိုမှာကြည့်လိုက်”
သူ့အနားရှိ စနိုက်ပါသမားတစ်ဦးက အရှေ့မြောက်ဘက်ဆီသို့ လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။
“ဟိုမှာ... ကပ္ပတိန်ဝေမဟုတ်လား”
ထိုစကားကြောင့် ကျိုးယန်လည်း ချက်ချင်းပင် ၎င်းညွှန်ပြရာ အရပ်သို့ လှမ်းကြည့်လိုက်ပြီး မိမိ၏ စွမ်းအားဝတ်စုံရှိ အမြင်အာရုံမြှင့်တင်ရေးစနစ်ကို သုံး၍ အမှောင်ထုကို ဖြတ်ကျော်ကာ ရှာဖွေလိုက်သည်။ သေချာပါသည်... အဝေးရှိ သွေးနီရောင်မြူများကြားတွင် မော်တော်ဆိုင်ကယ်ပျံတစ်စီးသည် ကုန်းကမူတစ်ခုဆီသို့ အရှိန်ပြင်းပြင်းမောင်းနှင်သွားနေပြီး ၎င်း၏ နောက်မီးနီလေးမှာ ဖုန်များတလိမ့်လိမ့်တတ်နေသော မြေပြင်ပေါ်တွင် လင်းလက်နေသည်၊၊
“အဲဒါ ကျွန်တော်တို့ယာဉ်ပဲ” အဖွဲ့ဝင်တစ်ဦးကလည်း ထိုအခိုက်တွင် သတိထားမိသွားသည်။
“ကပ္ပတိန်ဝေက ဘယ်ကိုဦးတည်သွားနေတာလဲ”