ကော်လိုရာဒိုဆုတ်ခွာမှု (၂)
Vol. 75 Ch. 1173
ဒုကပ္ပတိန်ကျိုးယန်လည်း ဇဝေဇဝါဖြစ်သွားသော်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“အားကျန်၊ ဇီလုံ… ငါ့နောက်လိုက်ခဲ့။ ကျန်တဲ့လူတွေ နေရာမှာပဲစောင့်နေ… ငါပြန်မလာရင် ယာဉ်တန်းကို မာအဖွဲ့ကပဲ ဦးစီးလိုက်”
သူက အလျင်စလိုညွှန်ကြားပြီးသည်နှင့် အဖွဲ့သားနှစ်ဦးကို ခေါ်ဆောင်ကာ ကားအမိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် စွမ်းအားဝတ်စုံ၏ တွန်းကန်အားစနစ်ကို နှိုးကာ တောင်စောင်းဆီသို့ ပျံသန်းခုန်သွားလိုက်ကြသည်။
“လူအိုကြီးဝေ့… ဂျစ် ဂျစ်”
“သေစမ်း”
ကျိုးယန်လည်း လိုင်းထဲမှ လျှပ်စစ်သံများကို ကြားလိုက်ရသဖြင့် မဆဲဘဲမနေနိုင်တော့ပေ။ ယခုကဲ့သို့ သေရေးရှင်ရေးအရေးကြီးနေသောအချိန်၌ မိမိတို့ယာဉ်တန်း၏ ကပ္ပတိန်သည် အဘယ်ကြောင့် ရုတ်တရက်ထွက်ပြေးသွားရသည်ကို သူ လုံးဝနားမလည်နိုင်ဖြစ်နေသည်။
ဝူး ဝူး၊၊
သံမဏိမုဆိုးစွမ်းအားဝတ်စုံ သုံးခုသည် စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ထားသည်။ ကြယ်တာယာအဆင့်ဝတ်စုံများကဲ့သို့ အမြင့်ပျံသန်းနိုင်ခြင်းမရှိသော်လည်း ၎င်းတို့၏ အမြန်နှုန်းမှာ အလွန်ပင်မြန်ဆန်လှရာ ခဏချင်းအတွင်း အံ့မခန်းစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
မကြာမီ ကျိုးယန်နှင့် သူ၏ အဖွဲ့သားနှစ်ဦးသည် အဝေးရှိပျံသန်းနေသည့် မော်တော်ဆိုင်ကယ်ကို တဖြည်းဖြည်းမှီသွားကြသည်။ ထိုစဉ် ဆိုင်ကယ်က တောင်စောင်းထိပ်၌ ရပ်တန့်သွားသည်ကို သူ မြင်လိုက်ရသည်။
တီ။
လိုင်းပြန်ပွင့်လာသည်နှင့် ကျိုးယန်က ချက်ချင်းအော်ပြောလိုက်သည်။
“လူအိုကြီးဝေ့”
သို့သော်လည်း သူ့တို့၏ ကပ္ပတိန်က ပြန်မထူးဘဲ သူတို့၏ မျက်စိရှေ့တွင်ပင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် မော်တော်ဆိုင်ကယ် နောက်ခုံပေါ်မှ အသေးစားလျှပ်စစ်လောင်ချာ-သံလိုက်မုန်တိုင်းဗုံးကို ဖြုတ်ယူကာ ပခုံးပေါ်ထမ်းလိုက်သည်။ ထို့နောက် မျက်နှာဖုံးကို ဖွင့်ဟလျက် ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်မျက်လုံးကြီးဆီသို့ ချိန်ရွယ်လိုက်သည်။
ထိုအပြုအမူကို မြင်လိုက်ရသောအခါ ကျိုးယန်နှင့် ကျန်နှစ်ဦးလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ကျောရိုးထဲအထိ စိမ့်တက်သွားကာ သူက ချက်ချင်းအော်ဟစ်တားဆီးလိုက်သည်။
“လူအိုကြီးဝေ့… ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ”
ထိုအချိန်တွင် လူအိုကြီးဝေ့က လှည့်ကြည့်လာသည်။ ကင်ဆာအဖုအကျိတ်များ အလျင်အမြန် စွဲကပ်လာနေသော သူ၏ရင့်ရော်လှသည့် မျက်နှာသည် သွေးနီရောင်များအောက်တွင် အထင်အရှားပေါ်လွင်နေသည်။ သူသည် ပြေးလွှားလာနေသော အဖွဲ့သားများကိုကြည့်ကာ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
“သူတို့ပြောတာမှန်တယ်၊၊ ဒါက ထိပ်တိုက်ရင်ဆိုင်ရမယ့်အရာမဟုတ်ဘူး၊၊ လူသားမျိုးနွယ်က တခြားနည်းလမ်းရှာရလိမ့်မယ်၊၊ လောင်ကျိုး… အားလုံးကို တောင်းပန်ပါတယ်...”
“မလုပ်နဲ့”
ကျိုးယန်၏ မျက်ဝန်းများ နီမြန်းသွားကာ ထိုအခိုက်အတန့်တွင် တုံ့ဆိုင်းမှုမရှိဘဲ လျှပ်စစ်အမြောက်ကို ဆွဲထုတ်ကာ အပျက်အစီးများကြားမှ သူ့ကို တစ်ချိန်က ကယ်တင်ခဲ့ဖူးသော ကပ္ပတိန်ဆီသို့ ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲညှစ်လိုက်သည်။
ဘန်း၊၊
လျှပ်စစ်အမြောက်က ပေါက်ကွဲထွက်သွားပြီး လူအိုကြီးဝေ့၏ စွမ်းအားဝတ်စုံကို ချက်ချင်းဖောက်ထွက်သွားသည်။
သို့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့လေပြီ။ အသေးစားလျှပ်စစ်လောင်ချာမှာ ပစ်လွှတ်ပြီးသားဖြစ်နေခဲ့သည်။ ဒုံးကျည်ငယ်သည် စူးရှသောမြည်ဟီးသံနှင့်အတူ ကောင်းကင်ဆီသို့ ထိုးတက်သွားသည်၊၊ ကျယ်ပြောလှသော လွင်ပြင်ကျယ်ကြီးထဲ၌ သေးငယ်လွန်းလှသည့် မီးပွားလေးတစ်ခုကဲ့သို့ ကောင်းကင်ရှိ မျက်လုံးကြီးဆီသို့ အရှိန်ပြင်းစွာ ဦးတည်သွားသည်။
အနီးနားရှိ ယာဉ်တန်းနှင့် သံမဏိအစောင့်တပ်ရင်းမှ စစ်သားအများအပြားလည်း ထူးဆန်းစွာ အထက်သို့ ပျံတက်သွားသော သံလိုက်မုန်တိုင်းဗုံးကို မြင်လိုက်ရသဖြင့် အလွန်တုန်လှုပ်သွားကြသည်။
ကျိုးယန်နှင့် သူ၏ အဖွဲ့သားနှစ်ဦးလည်း တောင့်တင်းနေသည်၊၊
သူတို့သည် သံလိုက်မုန်တိုင်းဗုံးက ဆက်လက်ထိုးတက်သွားပြီး ကောင်းကင်မျက်လုံးကြီး၏ အောက်တည့်တည့်တွင် ပေါက်ကွဲသွားကာ မထင်မရှားသံလိုက်မုန်တိုင်းမီးရှူးမီးပန်းငယ်တစ်ခုအဖြစ် လင်းထိန်သွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ကျိုးယန် ကောင်းကင်ကြီးကို ကြည့်ရင်း ရုတ်တရက် နောက်သို့ နှစ်လှမ်းဆုတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ လျှပ်စစ်အမြောက်မှာလည်း ဘေးနားသို့ လွင့်စင်သွားသည်။ စွမ်းအားဝတ်စုံမျက်နှာဖုံးအတွင်း၌ သူသည် ချွေးစေးများဖြင့် စိုရွှဲနေပြီး သူတို့၏ကပ္ပတိန်ပြုလုပ်ခဲ့သည့်အရာကို မယုံကြည်နိုင်ဖြစ်နေလေသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်။ အချိန်များသည် ယခုအခိုက်အတန့်တွင် အေးခဲရပ်တန့်သွားသကဲ့သို့ ရှိသည်။
ထိုစဉ်မှာပင် မူလက ငြိမ်သက်နေသော ကောင်းကင်မျက်လုံးကြီးသည် သွေးကဲ့သို့ နီရဲလာသည်ကို သန်းပေါင်းများစွာသော လူများက မြင်တွေ့လိုက်ရသည်။
၎င်းမှာ စိတ်အာရုံချောက်ခြားခြင်း မဟုတ်ပေ။ သွေးနီရောင်ကောင်းကင်အောက်တွင် ကောင်းကင်မျက်လုံးကြီးသည် ကောင်းကင်၌ ချိတ်ဆွဲထားသော သွေးရောင်လွှမ်းသည့် ဂြိုဟ်ကြီးတစ်ခုကဲ့သို့ စတင်ပြောင်းလဲလာသည်။ ကျိုးယန်နှင့် ကျန်နှစ်ဦးသည် ဤမြေပြင်၏ ဆွဲငင်အားက တဖြည်းဖြည်းမြင့်တက်လာသကဲ့သို့ မိမိတို့၏ ခန္ဓာကိုယ်များလေးလံလာသည်ကို ခံစားလိုက်ရသည်။
မြေပြင်တွင် လေများ စတင်တိုက်ခတ်လာပြီး တဖြည်းဖြည်းနှင့် လေပြင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ သွေးနီရောင်မြူများကို မုန်တိုင်းတစ်ခုကဲ့သို့ လွင့်ပျံစေသည်။
ဝူးဝူးဝူး။
မြေပြင်ပေါ်တွင် ထိုင်နေသော ကျိုးယန်လည်း သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ မြေပြင်တွင် ငလျင်အသေးစားတစ်ခုလှုပ်ခတ်နေသကဲ့သို့ ရှိနေပြီး ကျောက်ခဲကလေးများသည် သူ၏လက်အနားတွင် ခုန်ပေါက်တုန်ခါနေကာ တဖြည်းဖြည်းနှင့် ထိုတုန်ခါမှုများမှာ ပြင်းထန်လာသည်။
“ကပ္ပတိန်ကျိုး… မွန်းစတားလှိုင်းကြီးလာနေပြီ”
သူ့နောက်မှ လူနှစ်ဦးသည် တောင်စောင်းနောက်ရှိ ထူထပ်သောမြူများကို ကြည့်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
သွားပြီ။
ကျိုးယန်၏ ဦးနှောက်မှာ ခေတ္တဗလာဖြစ်သွားသော်လည်း ချက်ချင်းအသိပြန်ဝင်လာကာ မြေပြင်ပေါ်ရှိ လျှပ်ပွင့်အမြောက်ကို ဆွဲကိုင်လျက် နောက်ဆုတ်ရင်း အဖွဲ့သားများကို အော်ပြောလိုက်သည်။
“မြန်မြန် နောက်ဆုတ်…. ပြန်ပြေးကြ”
…
ရှေ့တန်းစစ်မျက်နှာအသီးသီး၏ ကွပ်ကဲခန်းများတွင်မူ စတားဖလိ့၏ ခေါင်းဆောင်များနှင့်အတူ အနန္တမဟာမိတ်အဖွဲ့၊ ယူတိုးပီးယာနှင့် ရီပက်ဘလစ်ကန်မဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်များအားလုံးသည် ယခုလေးတင် ဖြစ်ပွားခဲ့သော ပုံမှန်မဟုတ်သည့် သတင်းကို ရရှိလိုက်ကြသည်။ ထိုအခိုက်တွင် ထောက်လှမ်းရေးအရာရှိ၏ အော်ဟစ်သံသည် ကွပ်ကဲခန်းတစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
“ရေဒါမှာ ကြီးမားတဲ့ မွန်းစတားလှိုင်းကြီးကို ထောက်လှမ်းမိပါတယ်”
“အရှေ့နဲ့ အနောက်လမ်းကြောင်းနှစ်ခုလုံးကနေ အရှိန်အဟုန်နဲ့ ချဉ်းကပ်လာနေပါတယ်”
“နောက်စက္ကန့် ၃၀ အတွင်းမှာ ပစ်ခတ်မှုနယ်ပယ်ထဲကို ရောက်ရှိလာတော့မှာပါ”
ခွမ်း။
လော့ရှောင်ခိုင်က လက်ထဲမှ ရေခွက်ကို ခြေမွှပစ်လိုက်ပြီး ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။ ဖောင်ဒေးရှင်းမှ တစ်စုံတစ်ယောက်က အမိန့်တစ်ခုခုကို လက်ခံရရှိကာ သူတို့၏ ဆုတ်ခွာမှုလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သူ ချက်ချင်းရိပ်မိလိုက်ပြီး ကောင်းကင်အမိုးခုံးရထားနှင့် ငွေကြယ်ရထားဆီသို့ ချက်ချင်းမေးမြန်းလိုက်သည်။
“ပတ်လမ်းပြင်ဆင်ရေးအဖွဲ့ အဆင်သင့်ဖြစ်ပြီလား”
“မဖြစ်သေးဘူး၊၊ ဒါပေမဲ့ ကီလိုမီတာ ၄၀ အကွာအဝေးကြားခံနယ်မြေရှိသေးတော့ ရထားတွဲအုပ်စုက အရင်ဆုံး စတင်ထွက်ခွာလို့ရတယ်” ကျန်းရှု့ဝေ၏ အသံ ထွက်ပေါ်လာသည်။
“အရှိန်အပြည့်မြှင့်ဖို့ အနည်းဆုံး ၁၅ မိနစ်လောက်ကြာလိမ့်မယ်၊၊ ကီလိုမီတာ ၄၀ က မလောက်နိုင်ဘူး”
“ထပ်စောင့်နေလို့ မရတော့ဘူး၊၊ ဒီလိုအရှိန်အဟုန်မျိုးနဲ့သာ အခုမစရင် ဘယ်တော့မှ ရွေ့နိုင်တော့မှာ မဟုတ်ဘူး”
“နားလည်ပြီ”
ငွေကြယ်ရထား၏ အဓိကထိန်းချုပ်ခန်းအတွင်း၌ ကျန်းရှု့ဝေသည် ရှေ့တွင် ကောင်းကင်အမိုးခုံးရထားပျံတက်သွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းအမိန့်ပေးလိုက်သည်။
“အင်ဂျင်တွေ အရှိန်အပြည့်မြှင့်… ထွက်ခွာမယ်”
သွေးနီရောင်မြူများမှာ ရုတ်တရက်ဆုတ်ဖြဲခံလိုက်ရပြီး ငွေကြယ်ရထား၏ ထာဝရအဆင့်-နျူကလီးယားစွမ်းအင်သုံးရထားခေါင်း၏ နက်မှောင်သော ခရမ်းရောင်လျှပ်စီးကြောင်းများလက်ခနဲဖြစ်သွားသည်။ ၂၉၀ မဂ္ဂါဝပ်ရှိသော လျှပ်စီးကြောင်းသည် စွမ်းအင်သံလမ်းကို ဖြတ်သန်းသွားကာ လျှပ်စစ်ရထားခေါင်း ဒါဇင်ပေါင်းများစွာ မြည်ဟီးလာသည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ သံလမ်းသွားယာဉ်တန်းတစ်ခုလုံးကို မောင်းနှင်ရန်အတွက် ယာဉ်တန်းအားလုံး၏ ပူးပေါင်းထုတ်လုပ်မှုစွမ်းအားလိုအပ်သည်။ အချက်ပြလှိုင်းပေးပို့မှုအောက်တွင် နောက်ဘက်ရှိ နဂါးတောင် ၁၊ ဟာဝိုင်အီကျွန်းမှ သိမ်းဆည်းရမိသော စစ်ဘက်သုံး တိုက်ကြီးဖြတ်ကျော်အဆင့် လက်နက်တပ်ဆင်ထားသည့်ရထားနှင့် ယာဉ်တန်းပေါင်း ၂၀၀၀ကျော်၏ ထိန်းချုပ်ခန်းများအားလုံး စတင်ထွက်ခွာရန် အမိန့်များကို လက်ခံရရှိသွားကြသည်။
ချက်ချင်းပင် သံဘီးများ တုန်ခါမြည်ဟီးလာပြီး ထိုတုန်ခါမှုများသည် အလွိုင်းသံလမ်းများအတိုင်း လှိုင်းတံပိုးများကဲ့သို့ ကူးစက်သွားသည်။ ငွေကြယ်ရထား၏ ထာဝရအဆင့်ရထားခေါင်း၏ လျှပ်စစ်သံလိုက်ဘီးသည် သံလမ်းကိုကုပ်တွယ်ကာ မီးတောက်ပြာများမှုတ်ထုတ်လိုက်သည်။ နောက်ဘက်ရှိ ကီလိုမီတာ ၁၀၀ကျော် ရှည်လျားသော သံမဏိနဂါးကြီးသည် လျှပ်စစ်စီးကြောင်းကျောရိုးကြောင့် အသက်ဝင်လာသကဲ့သို့ရှိနေပြီး ရထားတွဲတစ်ခုချင်းစီ၏ ချိတ်ဆက်မှုအပိုင်းများမှ ပိုမိုစူးရှသော သံမဏိရိုက်ခတ်သံများ ပေါက်ကွဲထွက်လာသည်။
“အရှိန်အပြည့်နဲ့ စတင်မယ်”
ထိန်းချုပ်ခန်းအသီးသီးမှ အမိန့်များသည် လိုင်းထဲတွင် ထပ်တူကျစွာ ထွက်ပေါ်လာသည်။ နျူကလီးယားစွမ်းအင်သုံးယန္တရား၏ လည်ပတ်မှုပန့်သည် နက်ရှိုင်းသော ပင်လယ်ရေနက်ဝေလငါးကြီး၏ ညည်းတွားသံကဲ့သို့ အသံမျိုးကို ထုတ်လွှတ်လိုက်ပြီး ဤသံမဏိနဂါးကြီးသည် ရထားတွဲတစ်ခုပြီးတစ်ခုကို ငြိမ်သက်နေရာမှ စတင်ရွေ့လျားလာစေသည်။ ရထားတွဲများအတွင်းရှိ လူများသည် ရှေ့တွဲက ဆွဲလိုက်သဖြင့် ရုတ်တရက် တုန်ခါသွားမှုကို ခံစားလိုက်ရပြီးနောက် ချိတ်ဆက်မှုများမှ သံမဏိညည်းတွားသံများ ထွက်ပေါ်လာကာ ရထားတွဲအုပ်စုတစ်ခုလုံးသည် နိမ့်ဆင်းကွေးကောက်နေသော သံလမ်းများပေါ်တွင် စတင်ရွေ့လျားသွားတော့သည်။
ငွေကြယ်ရထား၏ ရှေ့မျက်နှာစာတွင်မူ အနန္တမဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်များဦးဆောင်မှုအောက်၌ အင်အားဖြည့်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်ဦးရေမှာ ၁၀၀၀ကျော်အထိ ရှိနေသည်။ ရူဂျီ၏ သတ္တုဘီလူးကြီး ၁၂ကောင်က ရှေ့ဆုံးမှ ဦးဆောင်နေပြီး နောက်ဘက်တွင်မူ အားလုံးက မျက်နှာဖုံးအပြည့်ပါ စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ပင်မတိုက်ခိုက်ရေးတပ်ဖွဲ့မှာ အရှိန်မြှင့်တင်ကာ ရှေ့သို့ ချီတက်နေသော သံမဏိအစောင့်တပ်ရင်း ၂၂၏ လေးလံသော သံချပ်ကာတပ်ရင်း (၃)ခု ဖြစ်သည်။
ဗိုင်အိုလာသည် တွက်ချက်မှုအဓိကဗဟိုချက်အဖြစ် ယခုအခိုက်အတန့်တွင် ဒရုန်းမျိုးစုံနှင့် စက်ရုံသုံးစက်ပစ္စည်းပေါင်း ၁၀၀၀၀ နီးပါးကို ကွပ်ကဲကာ ဆောက်လုပ်ရေးစခန်းတစ်ခုဖွဲ့စည်းထားသည်။ သူမ၏ တာဝန်မှာ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် မြေမျက်နှာသွင်ပြင်ကို အလျင်အမြန်တိုင်းတာစစ်ဆေးရန်သာမက ရထားသံလမ်းကိုပါ အလျင်အမြန်ဖောက်လုပ်ရန်ဖြစ်သည်။ လူပေါင်းသိန်းချီကို တင်ဆောင်ထားသည့် ၁၀၀ကီလိုမီတာကျော် ရှည်လျားသော ရထားသည် တစ်နာရီလျှင် ၄၀ ကီလိုမီတာနှုန်းအထိ အရှိန်မြှင့်ထားသော်လည်း ရပ်တန့်ရန်အတွက် ဘရိတ်အုပ်ဖို့ အနည်းဆုံး မီတာ ၁၀၀၀ အကွာအဝေးလိုအပ်သည်။ အမှားအယွင်းအနည်းငယ်ရှိရုံမျှနှင့် ရထားလမ်းချော်ပြီး ကပ်ဘေးဆိုက်သွားနိုင်လေသည်၊၊