အရှိန်ကုန်မြှင့် (၁)
Vol. 75 Ch. 1174
“ဒီညကတော့ တိုက်ပွဲပြင်းထန်လိမ့်မယ်”
လုချန်သည် မီးနတ်ဘုရားစက်ရုပ်ကို မောင်းနှင်ရင်း တိုက်ခိုက်ရေးတပ်ဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေသည်။ သူ့ဘေးတွင် တာလို့က နဂါးနက်တိုက်ခိုက်ရေးဝတ်စုံဖြင့် ရှိနေသည်။ အနန္တရထားမှ လူများသည် ပထမဆုံးတိုက်ခိုက်ရေးဇုန်တွင် မရှိကြသော်လည်း ဤမြူထူသောလအမှောင်ည၌ သတ္တဝါများသည် ရှေ့မျက်နှာစာတစ်ခုတည်းမှ တိုက်ခိုက်လာမည် မဟုတ်ပေ။
“ကမ္ဘာပျက်ကပ်နေ့ကတည်းက ငါတို့ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတွေထဲမှာ ဘယ်တိုက်ပွဲကများ မပြင်းထန်ခဲ့လို့လဲ”
ရှုချင်း၏အသံက ဆက်သွယ်ရေးလိုင်းထဲတွင် ပဲ့တင်ထပ်လာသည်။
“လူအများကြီးသေခဲ့ပြီးပြီ၊၊ ငါတို့က အသက်ရှင်ဖို့ ကံကောင်းခဲ့ရုံပဲ”
တာလို့က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“အမဲလိုက်သတ္တဝါတွေကို သတိထားကြ… အဲဒီအကောင်တွေ အတွင်းပိုင်းထဲအထိ ဖောက်ထွက်မလာစေနဲ့”
ဘန်း ဘန်း ဘန်း။
ရှေ့ရှိ သံမဏိအစောင့်တပ်ရင်းများက စတင်လှုပ်ရှားလာကြသည်။ ဒုတိယခံစစ်ကြောင်း၏ အနန္တမဟာမိတ်အဖွဲ့၏ အဓိကတိုက်ခိုက်ရေးအင်အားများသည် စစ်ဘက်သုံးယာဉ်များဖြင့် ရထားချီတက်မှုနှင့်အတူ လိုက်ပါလာကြသည်။
ကောင်းကင်အမိုးခုံးရထား ပင်မကွပ်ကဲတံတားပေါ်တွင် ချန်ဆီရွှမ်သည် ရထားတစ်ခုလုံးကို မြေပြင်အထက် မီတာ ၅၀၀ အောက်တွင် ကောင်းကင်၌ ပျံဝဲနေစေပြီး ဖြည်းညှင်းစွာ ရှေ့သို့တိုးစေသည်။
“မီးတောက်၊ ကျန်းယွမ်၊ အာရုံမလွင့်စေနဲ့။ ရထားက တစ်ခါစပြီး ရွေ့သွားရင် ရပ်လို့မရတော့ဘူး၊၊ မဟုတ်ရင် အကုန်လူစုကွဲကုန်လိမ့်မယ်။ ဆင့်ကဲပြောင်းလဲမှုအဆင့်မှာရှိတဲ့ နင်တို့စွမ်းအားရှင်တွေက လမ်းတစ်ခုဖောက်ပေးရမယ်”
ချန်ဆီရွှမ်က အဆက်အသွယ်လိုင်းမှတစ်ဆင့် ပြောလိုက်သည်။
“အမိန့်တိုင်းပါ”
“ကောင်းပါပြီ… စိတ်မပူနဲ့”
လက်နက်တိုက်သင်္ဘောကြီး၏ ဦးခေါင်းပိုင်းတွင် လုရှင်းချန်၊ ကျန်းယွမ်နှင့် အခြားတာဝေးပစ်စွမ်းအားသုံးစွဲနိုင်သော စွမ်းအားရှင်အချို့ စုဝေးနေကြသည်။ သူတို့၏ တာဝန်မှာ ရထားလမ်းကြောင်းတစ်လျှောက် ချောမွေ့စွာ ပြေးဆွဲနိုင်ရန် လမ်းရှင်းပေးရမည်ဖြစ်သည်။
ရထားသည် အရှိန်တစ်ခုအထိမြှင့်တင်နိုင်မှသာ နောက်မှလိုက်ပါလာသော ရထားတွဲများနှင့် သံမဏိအစောင့်တပ်ရင်းအပေါ် ကျရောက်မည့် ဖိအားများကို လျှော့ချနိုင်မည် ဖြစ်သည်။ သတ္တဝါအားလုံးကို လိုက်လံသတ်ဖြတ်ရန်မဖြစ်နိုင်သဖြင့် ရထားသာ တစ်နေရာ၌ ရပ်တန့်သွားပါက ကီလိုမီတာရာနှင့်ချီ ရှည်လျားသော ဤခံစစ်ကြောင်းသည် မကြာမီပျက်စီးသွားလိမ့်မည်။ ခံစစ်လိုင်းက အလွန်ရှည်လျားလှရာ ရထားအုပ်စုကြီးကို ကာကွယ်ရန် သံမဏိအစောင့်တပ်ရင်းနှစ်ခု ထပ်တိုးလျှင်ပင် လုံလောက်မည်မဟုတ်ပေ။
ညအမှောင်ထဲတွင် လေပြင်းများတဝူးဝူးတိုက်ခတ်နေစဉ် မိုနီကာက လုရှင်းချန်နှင့် ကျန်းယွမ်တို့၏ ဘေးတွင် လျှောက်လာရင်း ရှေ့မှ မြူများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒီဇာတ်ကွက်က တူနေပြန်ပြီ၊၊ သစ္စာဖောက်မှုကလည်း အတူတူပဲ။ လူသားတွေရဲ့ စစ်ဗျူဟာမြောက်ရည်ရွယ်ချက်က မျှော်စင်လူသားတွေအတွက်တော့ အကုန်ကွက်ကွက်ကွင်းကွင်းမြင်နေရတာပဲ”
“တကယ်တော့ ဒီမိနစ်ပိုင်းလေးအတွင်းမှာ ငါတို့ ဘာမှမပြောင်းလဲနိုင်ဘူး။ အင်အားမမျှတမှုက အရမ်းသိသာလွန်းတယ်”
ကျန်းယွမ်က လက်ပိုက်လျက် ညကောင်းကင်၌ ချိတ်ဆွဲထားသော ဂြိုဟ်မျက်လုံးကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
“အဲဒီအရာကြီးရဲ့ ရှေ့မှာတော့ ငါတို့က ပုရွက်ဆိတ်တွေလိုပဲ။ ငါတို့ အသက်ရှူခွင့်ရနေတာတွေအားလုံးက ရန်သူက ပေးထားတဲ့ အခွင့်အရေးတွေပဲ၊၊ ငါတို့ ကြိုးစားလို့ရတာမဟုတ်ဘူး။ မွန်းစတားလှိုင်းကြီးသာမရပ်တန့်ခဲ့ရင် ငါတို့ ဒီလောက်အထိ အသက်ရှင်နေရမှာ မဟုတ်ဘူး”
“မင်းပြောတာ ကြားရတာ ငါတို့ကိုယ်ငါတို့ အတော်လေးသနားဖို့ကောင်းတယ်လို့ ထင်ရတယ်”
ချီလီက ခါးသီးစွာ ရယ်မောလိုက်သည်။
“ငါတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိဘူး၊၊ အဲဒီသတ္တဝါတွေရဲ့ ကစားပွဲထဲမှာ ကံကောင်းလို့ကပ်ပြီး အသက်ရှင်နေရရုံပဲ”
“ဒါမှမဟုတ်ရင်ကော ငါတို့ ဘယ်ကိုပြေးလို့ရဦးမှာလဲ”
“အားလုံးပဲ စိတ်ဓာတ်ကျမနေကြနဲ့”
လုရှင်းချန်က ဤအခိုက်အတန့်တွင် စိတ်ဓာတ်ခွန်အားများပြည့်ဝနေပြီး စိတ်ပျက်အားငယ်သည့် အရိပ်အယောင်တစိုးတစိမျှပင် မရှိချေ။ သူ၏ လက်နှစ်ဖက်လုံးတွင် မီးတောက်များထွက်ပေါ်လာကာ နီရဲသော မြေပြင်ကျယ်ကြီးကို ငုံ့ကြည့်ရင်း ကောင်းကင်သို့ တဖြည်းဖြည်းပျံတက်သွားပြီး ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ပြီး ကံကြမ္မာကို လောင်းကြေးထပ်နေကြတာပဲ။ ပုရွက်ဆိတ်တွေတောင် အသက်ရှင်ဖို့ လမ်းစကို အလွယ်တကူလက်မလွှတ်ကြဘူး။ ပိုမြင့်မားတဲ့ အဆင့်မြင့်ယဉ်ကျေးမှုတွေက ငါတို့ကို သူတို့လက်ဖျားပေါ်မှာ ကစားချင်တိုင်း ကစားနေရင်တောင် ဒါက ငါတို့ လက်လျှော့ရမယ့် အကြောင်းပြချက်မဟုတ်ဘူး”
သူက နောက်သို့ လှည့်ကြည့်လိုက်ပြီး
“သတ္တဝါအားလုံးက ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကြရတာပဲ၊၊ အဲဒီဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်နိုင်မှသာ ဘဝက အဓိပ္ပာယ်ရှိမှာ”
“မီးတောက်ပြောတာ မှန်တယ်၊၊ ငါတို့ မသေသေးဘူး၊၊ ကျိန်းသေဖောက်ထွက်နိုင်မှာပါ”
ချန်ဆီရွှမ်က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ပြင်းပြသောအသံဖြင့် ပြောလိုက်သည်။
“စိတ်မပူကြနဲ့”
ထိုစဉ်မှာပင် သံမဏိအစောင့်တပ်ရင်း ၂၂၏ တပ်ခွဲ ၃ မှ တပ်ခွဲမှူး ဟယ်ရီဖုန်း၏ အသံသည် အဆက်အသွယ်လိုင်းထဲမှ ထွက်ပေါ်လာသည်။
“ငါတို့တပ်ခွဲက မင်းတို့အတွက်လမ်းဖွင့်ပေးမယ်၊၊ မင်းတို့လုပ်ရမှာက ရထားကြီးလုံးဝမရပ်သွားဖို့ပဲ”
“ဟေ့… လောင်ဟယ်၊၊ ငါတို့ တပ်ခွဲ ၇ က အဓိကတိုက်စစ်တပ်ဖွဲ့ မဟုတ်ဘူးလား။ မင်းတို့က လက်ဝဲတောင်ပံကို တာဝန်ယူရမှာလေ၊၊ ဘယ်လိုဖြစ်လို့ မင်းတို့က လမ်းဖွင့်ပေးရမှာလဲ”
တပ်ခွဲမှူး ဝမ်ယုံ၏ အော်ဟစ်သံက ဟိန်းထွက်လာသည်။
“ဟုတ်တယ်၊၊ ငါတို့ တပ်ခွဲ ၅ ကို ထည့်တွက်ပုံမရဘူး။ ဒါ့အပြင် တပ်မှူးဝူရဲ့ မိုးကြိုးယာဉ်တန်းကလည်း ကောင်းကင်မှာ ရှိနေသေးတယ်၊၊ လေတပ်ရဲ့ အခွင့်အရေးကို တစ်ယောက်တည်းအပိုင်စီးဖို့ မစဉ်းစားနဲ့ဦး” တပ်ခွဲ ၅ မှ တပ်ခွဲမှူး လီချုံယန်ကလည်း အရှုံးမပေးလိုသောလေသံဖြင့် ဝင်ပြောလိုက်သည်။
“ဟေ့… ငါက အဲဒီလို ရည်ရွယ်တာမဟုတ်ပါဘူး” ဟယ်ရီဖုန်းက ရယ်မောရင်း ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်… လက်ဝဲတောင်ပံကို ငါတို့ဆီပဲ လွှဲပေးလိုက်။ စိတ်ချပါ… ငါ့ဘက်က ကြယ်တာယာစီးနင်းသူ မီကာလေးခုက အလကားသက်သက်မဟုတ်ဘူး”
ပင်လယ်ဖိနှိမ်သင်္ဘောကြီး၏ ကွပ်ကဲမှုကုန်းပတ်ပေါ်တွင် ဝူရှန်းကွမ်သည် ရေဒါမျက်နှာပြင်ကို တည်ငြိမ်စွာ စောင့်ကြည့်ရင်း ပြောလိုက်သည်။
“တိုက်ပွဲစဖို့ စက္ကန့် ၂၀ အလို…. စွမ်းအင်လက်နက်ပစ်ခတ်မှုနယ်ပယ်ထဲ ရောက်ဖို့ ၅ စက္ကန့်အလို…. အားလုံးသတိအပြည့်ကပ်ထားကြစမ်း”
သံမဏိအစောင့်တပ်ရင်း၏ အသံများကို ကြားရသောအခါ အနန္တမဟာမိတ်အဖွဲ့မှ လူများသည် စိတ်ဓာတ်များ ပိုမိုတက်ကြွလာကြသည်။ ပြင်းထန်သောတိုက်ပွဲကြီး ဆင်နွှဲရတော့မည်ဖြစ်သော်လည်း မိမိတို့ကို ကာကွယ်ပေးမည့် စစ်သည်တော်များစွာ ရှိနေသဖြင့် လူတိုင်း၏ သွေးထဲတွင် စိတ်လှုပ်ရှားမှုများနိုးထလာကြသည်၊၊
ဘန်း ဘန်း ဘန်း။
ထိုအခိုက်အတန့်တွင် ကောင်းကင်၌လည်းကောင်း၊ ယာဉ်တန်းအားလုံး၏ ကုန်းပတ်များပေါ်၌လည်းကောင်း အခြေစိုက်လက်နက်များအားလုံးသည် ပြောင်းဝများကို အထက်သို့ မြှောက်လိုက်ကြသည်။ လျှပ်စစ်သံလိုက်အမြောက်ပြောင်းဝများမှ အပြာရောင်စွမ်းအင်တန်းများ စတင်စုစည်းလာပြီး ဒုံးကျည်အကန့်များပွင့်လာကာ ထောက်လှမ်းရေးရေဒါများကို အရှိန်အပြည့်ဖွင့်လှစ်လိုက်ကြသည်။
ချန်ဆီရွှမ်၊ ဝူရှန်းကွမ်၊ ကျန်းယွမ်နှင့် အောက်ဘက် ငွေကြယ်ရထားပေါ်မှ ကျန်းရှု့ဝေတို့သည် ရေဒါမျက်နှာပြင်ပေါ်ရှိ နီရဲသော ဒီရေလှိုင်းကြီးကို ကြည့်လိုက်ကြသည်။
သူတို့အားလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်၊၊
“သူတို့ လာကြပြီ”
…
သွေးနီရောင်မြူများကြားတွင် ကောင်းကင်ကြီးမှောင်မိုက်လာသည်နှင့်အမျှ နက်မှောင်သောရထားကြီးတစ်စင်းသည် ဒရုန်းတွန်းကန်အားစနစ်ပေါင်းများစွာနှင့် ကြီးမားသော စိတ်စွမ်းအင်တို့၏ ပံ့ပိုးမှုဖြင့် မြေပြင်အထက် မီတာရာပေါင်းများစွာတွင် အရှိန်ပြင်းစွာ ပျံသန်းနေသည်။ ပြင်းထန်လှသော လေဖိအားကြောင့် သွေးနီရောင်မြူများသည် ဝဲဂယက်တစ်ခုကဲ့သို့ လှည့်ပတ်နေပြီး လေထုထဲတွင် ကျယ်လောင်စူးရှသော ပေါက်ကွဲသံကြီး ထွက်ပေါ်နေသည်။
ကီကီ၏ မျက်ဝန်းများတွင် ခရမ်းရောင်လျှပ်စီးကြောင်းများ လင်းလက်နေပြီးပြီး ထိန်းချုပ်ခန်းထဲတွင် လွင့်မြောလျက်ရှိနေသည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် တန်ချိန်ထောင်ချီလေးလံသော အနန္တရထားကြီးမှာ သာမန်သံတုံးတစ်ခုကဲ့သို့ အရှိန်ပြင်းစွာ ပျံသန်းနေသည်။
အနန္တရထားကြီး၏ အနောက်ဘက်ကောင်းကင်၌ ထူးဆန်းသော သတ္တဝါအုပ်ကြီး ထူထပ်စွာလိုက်ပါလာနေပြီး ကြီးမားလှသော လှုပ်ရှားမှုများကြောင့် မြေပြင်ပေါ်ရှိ သတ္တဝါအားလုံးနိုးထလာကြသည်။
သို့သော် အနန္တရထားပေါ်မှ လူသုံးဦးမှာမူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ လမ်းကြောင်းနှင့် ပန်းတိုင်ကို အတည်ပြုပြီးနောက် သူတို့သည် အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ရန် စွမ်းအားများကို အမြင့်ဆုံးထုတ်လွှတ်လိုက်ကြသည်။
လင်းရှန်၏ အသိစိတ်က ကြယ်နက်ပန်းပဲဖိုဆီမှ ပြန်လည်ရောက်ရှိလာသည်။ ထုတ်လုပ်မှုအစီအစဉ် (၇)ခုလုံးသည် ၄၈ နာရီကျော်ကြာ လည်ပတ်နေခဲ့သော်လည်း အခြေအနေမှာ လုံလောက်မှု မရှိသေးပုံရသည်။
“ငါတို့ မြောက်အမေရိကကို ရောက်နေပြီ။ ဒီအရှိန်နဲ့ဆိုရင် အဓိကတပ်ဖွဲ့နဲ့ လမ်းလွဲသွားနိုင်မလား”
“မလွဲနိုင်ဘူး”
ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်။
“အဲဒီမှာ လူသုံးသန်းကျော်လောက် ရွှေ့ပြောင်းနေကြတယ်။ သွေးနီရောင်မြူတွေရှိနေရင်တောင် ကီလိုမီတာရာနဲ့ချီဝေးတဲ့နေရာက သံမဏိအစောင့်တပ်ရင်းတွေရဲ့ ပစ်ခတ်သံတွေကို ကြားနိုင်ရမယ်။ ဒါ့အပြင် ငါ့ရဲ့ စွမ်းရည်ကို နင်မေ့သွားတာလား”
လင်းရှန်က မျက်ခုံးပင့်လိုက်ရင်း “သြော်... ဟုတ်သားပဲ၊၊ ငါ လုံးဝမေ့သွားတယ်၊၊ မင်းက သူတို့ရှိတဲ့နေရာကို အတိအကျသိတာပဲ”
ချူယန်က လက်ပိုက်လျက် ရထား၏ ရှေ့မျက်နှာစာကို ကြည့်လိုက်သည်။
“ဖောင်ဒေးရှင်းက စတင်လှုပ်ရှားနေပြီ။ ကမ္ဘာ့အဆင့်သတ္တဝါကြီးက ဒီလောက်များပြားတဲ့ စွမ်းအင်အစာတွေကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး”
“နေဦး... မင်းပြောတာ စွမ်းအင်အစာ ဟုတ်လား”
လင်းရှန်လည်း ဤဝေါဟာရကို အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
“နင်မသိဘူးလား”
ချူယန်က လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။
“အဲဒီစွမ်းအင်ဝါးမျိုပိုးကောင်တွေက သက်ရှိစွမ်းအင်တွေနဲ့ လျှပ်စစ်စွမ်းအင်အားလုံးကို ဝါးမျိုကြတယ်၊၊ အဲဒါတွေ အားလုံးက အဆင့်မြင့်ထူးဆန်းတဲ့သတ္တဝါတွေအတွက်ပဲ”