အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း ၉၁ ပြဿနာရှာခြင်း
ဆိုင်အတွင်းရှိ ဝယ်သူများ အားလုံးလည်း အပြင်သို့ ထွက်လာကြသည်။ ကျန်းကျောက်တိနှင့် အခြားသူများကလည်း ဆိုင်ထဲသို့ ခိုးဝင်ပြီး ပစ္စည်းများ ခိုးယူခံရမည်ကို စိုးရိမ်သဖြင့် ဆိုင်တံခါးကို ပိတ်လိုက်ကြသည်။
ကျန်းကျောက်တိက သူမ၏ ခါးပေါ်သို့ လက်ထောက်ကာ ထိုအမျိုးသားကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ပြောစမ်း၊ နင်တို့ ဒါကို ဘယ်တုန်းက ဝယ်တာလဲ။ ဘယ်နှစ်ဘူး ဝယ်ခဲ့တာလဲ။ ဘယ်လောက် ပေးလိုက်ရလဲ။ ငါတို့က ပစ္စည်းတွေ အများကြီး ရောင်းထားပြီးပြီ၊ အခုမှ နင်တို့က ပထမဆုံးအကြိမ် ပြဿနာ လာရှာတာပဲ။ တကယ်လို့ ငါတို့ ကုန်ပစ္စည်းတွေမှာ ပြဿနာရှိနေရင် တခြားသူတွေက ဘာလို့ လာမပြောကြတာလဲ။ နင်တို့ဘာသာ ဘယ်ကနေ ကောက်ရလာမှန်းမသိတဲ့ ပုလင်းတစ်လုံးကို ကိုင်ပြီး ငါတို့ကို အပြစ်ပုံချလို့ ရမယ်လို့ မထင်နဲ့။ ဒီမှာကြည့်နေတဲ့သူတွေ အကုန်လုံးက မျက်စိရှိကြတယ်၊ နင့်ရဲ့ ဒီလိုပုတ်ခတ်စွပ်စွဲမှုတွေကို ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး"
ကျန်းကျောက်တိ၏ စကားကြောင့် ပတ်ဝန်းကျင်မှ လူများလည်း အနည်းငယ် ပြန်တည်ငြိမ်သွားကြသည်။
‘ဟုတ်သားပဲ... ထောင်ယောင်ဖန့်က အခုမှ စဖွင့်တာဆိုပေမဲ့ ပစ္စည်းတွေ အများကြီး ရောင်းထွက်ထားပြီးသားလေ။ တကယ်လို့ ပစ္စည်းတွေမှာ ပြဿနာရှိနေရင် တစ်ယောက်တည်းပဲ ဖြစ်နေစရာ အကြောင်းမရှိဘူး၊ ဒါက တကယ်ကို ထူးဆန်းနေပြီ’
ပတ်ဝန်းကျင်မှ လူများက ကျန်းကျောက်တိ၏ စကားကို ယုံကြည်သွားသည်အား မြင်လိုက်ရချိန်တွင် ထိုအမျိုးသားက သူ့ဘေးရှိ အမျိုးသမီး၏ မျက်နှာကို လက်ညှိုးထိုးပြကာ ထပ်အော်ပြောလိုက်သည်။
"သူ့မျက်နှာက ဒီလိုဖြစ်သွားပြီလေ၊ ကျုပ်က မုသားစကားတွေ ပြောနေတယ်လို့ ခင်ဗျား ထင်နေတာလား"
"ကျွန်မက ဆေးပညာကို နည်းနည်းပါးပါး နားလည်တယ်။ သူ့မျက်နှာ ဘာလို့ ဒီလိုဖြစ်သွားရတာလဲဆိုတာကို သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ပြီး ရှင်းပြပေးနိုင်ပါတယ်"
ကျန်းကျင့်က ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ အခမဲ့ ဆေးစစ်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ ကျွန်မတို့ရဲ့ ဆေးဆရာမလေးနဲ့ စစ်ဆေးခံဖို့ ရှင်တို့မှာ သတ္တိရှိလား"
စူးယောင်ကွမ်းကလည်း ဝင်မေးလိုက်သည်။
"အစစ်ဆေးမခံရဲဘူးဆိုရင် ရှင်တို့ စိတ်ထဲမှာ အပြစ်ရှိနေပြီး ကျွန်မတို့ကို ရင်ဆိုင်ဖို့ ကြောက်နေတာပဲ"
ထိုအမျိုးသားက ပါးစပ်ကို ဟလိုက်ပြီး အတင်းအကြပ် ပြုံးလိုက်ကာ သဘာဝမကျသော အသံဖြင့် ပြန်ပြောလိုက်သည်။
"ဘာလို့ အစစ်မခံရဲရမှာလဲ။ စစ်လေ... ဘာမှ မကြောက်ဘူး"
'သေပြီ... ဒီမိသားစုက ကိုင်တွယ်ရတာ ခက်ခဲလွန်းတယ်။ ဒီနေ့ ငါ အခက်တွေ့တော့မှာပဲ'
ကျန်းကျင့်က ရှေ့သို့ တိုးလာပြီး ထိုအမျိုးသမီး၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ထိုအမျိုးသမီးက အမျိုးသားကို စိုးရိမ်တကြီး ကြည့်လိုက်ရာ အမျိုးသားက သူမကို စိတ်မပူရန် မျက်ရိပ်ပြလိုက်သည်။
"ရှင် ဖြစ်နေတဲ့ အရေပြားအဖုအပိမ့်တွေက အရည်အသွေးနိမ့်တဲ့ မျက်နှာချေတွေကို အလွန်အကျွံ သုံးမိလို့ ဖြစ်တာပါ။ ကျွန်မတို့ဆိုင်က ပစ္စည်းတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ကျွန်မတို့ ပစ္စည်းတွေက မျက်နှာချေနဲ့ အလှဆီတွေဆိုပေမဲ့ လှပစေတဲ့အပြင် အသားအရေကို အာဟာရဖြည့်တင်းပေးတဲ့ အာနိသင်တွေ ပါလို့ အသားအရေကို ကျန်းမာစေပါတယ်"
ကျန်းကျင့်က ရှင်းပြနေသည်။
"မင်းတို့နဲ့ မသက်ဆိုင်ဘူးလို့ ပြောနေတာလား၊ ငါတို့က မင်းတို့ဆိုင်က ပစ္စည်းကို သုံးမိလို့ ဒီလိုဖြစ်သွားတာလေ။ လူတိုင်း ကြားလိုက်ကြတယ်နော်၊ သူတို့ကိုယ်တိုင်က အရည်အသွေးနိမ့် မျက်နှာချေတွေကို သုံးမိလို့ ဖြစ်တာလို့ ဝန်ခံသွားတာ။ ငါတို့ သုံးခဲ့တဲ့ ပစ္စည်းတွေက သူတို့ဆိုင်က ဝယ်ထားတာလေ"
ထိုအရပ်ရှည်ရှည် အမျိုးသားက အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီအစ်မရဲ့ မျက်နှာက အနံ့က အရမ်းကို စူးရှနေတာပဲ၊ ကျွန်မတို့ဆိုင်က ဒီလိုမျိုး မျက်နှာချေနဲ့ ပါးနီမှုန်တွေကို မထုတ်လုပ်ဘူး။ ကျွန်မတို့ဘက်က အမှန်အတိုင်း ပြောနေတာကို ရှင်တို့က မယုံဘူးဆိုရင်တော့ အာဏာပိုင်တွေဆီ တိုင်ကြားရုံပဲ ရှိတော့တယ်"
ကျန်းကျင့်က စူးယောင်ကွမ်းဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ယောင်ကွမ်း... အာဏာပိုင်တွေဆီ တိုက်ရိုက် တိုင်လိုက်ကြရအောင်။ ကျွန်မတို့ဆိုင်က အခုမှ စဖွင့်တာ၊ နာမည်ဂုဏ်သတင်းက အရမ်း အရေးကြီးတယ်။ တစ်ယောက်ယောက်က တမင်တကာ ပြဿနာလာရှာပြီး ကျွန်မတို့ဆိုင် ပိတ်သွားအောင် လုပ်နေတာ သေချာတယ်။ ဒီလိုလူမျိုးကို ကျွန်မတို့ လုံးဝ သည်းမခံနိုင်ဘူး"
"တကယ်လို့ အာဏာပိုင်တွေက ဒါကို အသရေဖျက်မှုလို့ ဆုံးဖြတ်လိုက်ရင် သူတို့ဘက်က ငါတို့ကို လျော်ကြေးတွေ အများကြီး ပေးရမှာ မဟုတ်လား"
ကျန်းကျောက်တိက ပတ်ဝန်းကျင်မှ လူများကို လှမ်းမေးလိုက်သည်။
"တကယ်လို့ ဒါက အသရေဖျက်မှုဆိုရင် သူတို့ တစ်ယောက်ချင်းစီကို ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်နှက်ခံရရုံတင်မကဘဲ ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုအတွက်ပါ လျော်ကြေး ပေးဆောင်ရလိမ့်မယ်။ ခင်ဗျားတို့သာ အပြစ်ကင်းတယ်ဆိုရင် အာဏာပိုင်တွေဆီ တိုက်ရိုက် သွားတိုင်လိုက်ပါ။ သူတို့နဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး"
စူးယောင်ကွမ်းက လက်ခုပ်တီးကာ ထပ်အော်ပြောလိုက်သည်။
"ဒါဆိုရင် အဆင်ပြေသွားပြီ။ ဘယ်သူက ကျွန်မတို့ကိုယ်စား အာဏာပိုင်တွေဆီ သွားတိုင်ပေးမှာလဲ။ ကျွန်မတို့ အခကြေးငွေ ပေးပါ့မယ်"
ထိုအမျိုးသမီးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူမဘေးမှ လူကို တိုးတိုးလေး ပြောလိုက်သည်။
"အခု ဘယ်လို လုပ်ကြမလဲ။ ဒီနည်းလမ်းက အဆင်မပြေဘူးလို့ ကျွန်မ ပြောသားပဲ။ ဒီပိုက်ဆံကို မယူသင့်ဘူးလို့ ပြောတာကို ရှင့်မှ နားမထောင်တာ။ သူတို့သာ ဒီလောက်နဲ့ အလွယ်တကူ အရှုံးပေးမယ့်သူတွေဆိုရင် တာဝန်ခံချန်က ရှင့်ကို ပိုက်ဆံပေးပြီး ဒီမှာ ပြဿနာလာရှာခိုင်းစရာမှ မလိုတာ"
ဝမ်ဟွမ်ကျစ်က ထိုအမျိုးသားဆီသို့ တိုးကပ်သွားပြီး အသံကို လျှော့ကာ ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
"ခင်ဗျား ကြိမ်ဒဏ်မခံချင်ရင် အခုချက်ချင်း ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ တစ်ခုတော့ ပြောခဲ့ရမယ်၊ ဘယ်သူက ခင်ဗျားတို့ကို ဒီလို ပြဿနာရှာခိုင်းတာလဲ။ အဲ့ဒီအကြောင်းကို ပြောပြရင် အစိုးရရုံးကို သွားစရာမလိုတဲ့ နည်းလမ်းကို ကျွန်တော် ပြောပြပေးမယ်"
"ကျင်းလဲ့ဖုန့်ဆိုင်က တာဝန်ခံပါ။ သူက ကျွန်မတို့ကို ပြဿနာ လာရှာခိုင်းပြီး ငွေငါးလျန် ပေးမယ်လို့ ပြောခဲ့တယ်"
အမျိုးသမီးက ချက်ချင်း ဝန်ခံလိုက်သည်။
"ဒီမိန်းမယုတ်... ဘာလို့ ပြောလိုက်ရတာလဲ"
အမျိုးသမီးက ဝန်ခံလိုက်သည်ကို မြင်လိုက်ချိန်တွင် ထိုအမျိုးသား၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
"ငါတို့က ကျင်းလဲ့ဖုန့်က လူတွေကို အပြစ်ပြုရဲလို့လား"
"ကျွန်မ ရုံးတော်ကိုသွားပြီး အရိုက်မခံချင်ဘူး"
အမျိုးသမီးကလည်း ငိုယိုရင်း ပြန်ရန်တွေ့နေသည်။
"ပြဿနာ ရှာဖို့နဲ့တင် ကျွန်မ မျက်နှာက ဒီလောက်ဖြစ်နေပြီ။ အခုချက်ချင်း ဆေးမလိမ်းရင် ကျွန်မ မျက်နှာမှာ အမာရွတ်တွေ ထင်ကျန်ခဲ့တော့မှာလေ"
သူတို့၏ အကြံအစည် ပေါ်ပေါက်သွားပြီကို သိလိုက်ရသောကြောင့် ထိုအမျိုးသား၏ မျက်လုံးများက လည်ပတ်သွားကာ သူ့မျက်ဝန်းများ၌ တစ်ခုခုကြံစည်နေသည့် အရိပ်အယောင်များ ပေါ်လာပြန်သည်။
"ကျုပ် အခုချက်ချင်း စကား ပြောင်းပြောပေးလို့ ရတယ်။ ခင်ဗျားတို့ဘက်က နည်းနည်းပါးပါး လျော်ကြေးလေး ပေးမယ်ဆိုရင်ပေါ့... ငွေနှစ်လျန်လောက်ဆိုရင် ဘယ်လိုလဲ"
"ရဲမက်တွေ ရောက်လာပြီ"
ထိုအခိုက်အတန့်တွင် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။
"ဘယ်သူက ရုံးတော်ကို သွားတိုင်လိုက်တာလဲ။ ဆိုင်ရှင်က လူလွှတ်ပြီး တိုင်တယ်ဆိုရင်တောင် ဒီလောက်မြန်မြန် ရောက်လာစရာ အကြောင်း မရှိဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာရတာလဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ လမ်းတစ်ဖက်မှ လျှောက်လာနေသည်ကို မြင်သွားပြီး ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ဘယ်လို လုပ်ပြီး ရောက်လာတာလဲ"
"ဒီနေ့က အားလပ်ရက်မို့လို့ပါ"
ကျိုးဝမ်ရှူက ဆက်ရှင်းပြနေသည်။
"ခင်ဗျား ပေးထားတဲ့ လိပ်စာအတိုင်း လာခဲ့တာ။ ရောက်လာတာနဲ့ ဒီလူတွေ ပြဿနာရှာနေတာ မြင်လိုက်ရလို့ အရင် မနှုတ်ဆက်တော့ဘဲ ရုံးတော်ကို အရင်သွားပြီး ရဲမက်တွေကို ခေါ်လာခဲ့တာ"
"တော်လိုက်တာ... လူငယ်လေး... မင်းက တော်တော် ပါးနပ်တာပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပခုံးကို ပုတ်ကာ ရဲမက်များဘက်သို့ လှည့်လိုက်သည်။
"အရာရှိကြီးတို့... ဒီလူနှစ်ယောက်က ကျွန်မတို့ဆိုင်ကို ငွေညှစ်ဖို့နဲ့ ကျွန်မတို့ရဲ့ ပစ္စည်းတွေကို အသရေဖျက်ဖို့ ရောက်လာတဲ့သူတွေပါ။ သူတို့က ကျင်းလဲ့ဖုန့်က တာဝန်ခံချန်နဲ့ ပတ်သက်တယ်လို့ ပြောခဲ့တယ်။ ကျွန်မအနေနဲ့ ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားပြီး သေသေချာချာ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်ရှင့်"
ပတ်ဝန်းကျင်ရှိ လူအများကလည်း တစ်ယောက်တစ်ပေါက် တီးတိုးဆွေးနွေးနေကြပြန်သည်။
"ဒီကိစ္စက ကျင်းလဲ့ဖုန့်နဲ့ ဘာများ ပတ်သက်နေတာလဲ"
"ကျင်းလဲ့ဖုန့်က အလှကုန်နဲ့ မျက်နှာချေမှုန့်တွေ ရောင်းတာလေ။ ထောင်ယောင်ဖန့် ပေါ်လာပြီးကတည်းက ကျင်းလဲ့ဖုန့်ရဲ့ အရောင်းအဝယ်တွေ ထိုးကျသွားတယ်လို့ ငါ ကြားဖူးတယ်။ အခုဆိုရင် သူတို့ရဲ့ ဆယ်ရက်စာ ရောင်းအားက အရင် တစ်ရက်ရောင်းရတဲ့ ပမာဏနဲ့ မယှဉ်နိုင်တော့ဘူးတဲ့။ ဒါက မနာလိုလို့ လုပ်တာပဲ ဖြစ်ရမယ်"
ထိုယောက်ျားနှင့် မိန်းမတို့က ထွက်ပြေးရန် ကြိုးစားနေကြသော်လည်း ရဲမက်များ ရောက်လာပြီ ဖြစ်၍ လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။ သူတို့နှစ်ယောက်စလုံးက ကောင်းကင်ပြိုကျလာသကဲ့သို့ မျက်နှာများ ပျက်ယွင်းနေကြသည်။
အမျိုးသားက ကျန်းကျောက်တိ၏ ရှေ့တွင် ဒူးထောက်ကာ ငိုယိုတောင်းပန်နေသည်။
"အစ်မကြီး... ကျွန်တော်တို့ကို သနားညှာတာပြီး ခွင့်လွှတ်ပေးပါဗျာ။ အစ်မကြီးတို့ဆိုင်က အရောင်းအဝယ်ကောင်းနေတာကို မြင်တော့ ပိုက်ဆံလေး ဘာလေး ရချင်လို့ပါ။ နောက်တစ်ခါ ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး"
"အားလုံး ကြားလိုက်ကြတယ်မလား၊ ဒီလူလိမ်က သူတို့ကိုယ်တိုင် တမင်သက်သက် ငွေညှစ်ဖို့ လုပ်ခဲ့တာလို့ ဝန်ခံလိုက်ပြီ။ ကျွန်မတို့ရဲ့ ပစ္စည်းတွေက စစ်မှန်ပါတယ်၊ ဘယ်တော့မှ ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး။ အားလုံး ကျွန်မတို့ဘက်ကနေ သက်သေလိုက်ပေးကြပါဦး"
ကျန်းကျောက်တိက ပတ်ဝန်းကျင်မှ လူများကို အော်ပြောလိုက်သည်။
"ဒီနေ့က ဆိုင်ဖွင့်ပွဲနေ့ပါ၊ ဒီလို ကံဆိုးမိုးမှောင်ကျစေတဲ့ လူတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
"အမေ... အမေတို့ ဆိုင်မှာပဲ ဆက်နေပြီး ဝယ်သူတွေကို ဧည့်ခံပေးထားဦးနော်။ သမီး အရာရှိကြီးတွေနဲ့အတူ လိုက်သွားပြီး ဒီလူနှစ်ယောက်ကို အစိုးရရုံး အပ်လိုက်မယ်၊ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းလိုက်မယ်"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"ကျွန်တော် တာဝန်ယူဖြေရှင်းပေးပါ့မယ်"
ကျိုးဝမ်ရှူက ဝင်ပြောသည်။
"ဆိုင်မှာ ခင်ဗျား မရှိရင် မဖြစ်ဘူး။ ခင်ဗျားသာ ထွက်သွားရင် ဦးဆောင်မယ့်သူ မရှိဖြစ်သွားပြီး ဒီနေ့ ဖွင့်ပွဲမှာ လိုအပ်ချက်တွေ ရှိလာလိမ့်မယ်။ တခြားတော့ ကျွန်တော် ဘာမှ မသိပေမဲ့ ဒီလို အလုပ်မျိုးလောက်တော့ ကျွန်တော့်ကို စိတ်ချလက်ချ အပ်လိုက်ပါ"
"နင် လုပ်နိုင်ပါ့မလား"
"လုပ်နိုင်ပါတယ်၊ ကျွန်တော့်ကို ယုံကြည်ပေးပါ"
ကျိုးဝမ်ရှူက ပြတ်ပြတ်သားသား အာမခံလိုက်သည်။
ကျိုးဝမ်ရှူက ရဲမက်များနှင့်အတူ ထိုပြဿနာရှာသူနှစ်ဦးကို ခေါ်ဆောင်သွားပြီးနောက် ကျန်းယင်းတိက စူးယောင်ကွမ်းဆီသို့ လျှောက်လာကာ ပြောလိုက်သည်။
"ဒီခင်ပွန်းငယ်လေးက တကယ်ကို တော်တာပဲ။ ယောင်ကွမ်း... နင်ရဲ့ လူရွေးချယ်မှုက မှန်တယ်။ ရွာသားတွေ ပြောတာကို ငါ ကြားဖူးတယ်၊ မင်းက ရှောင်းမျိုးရိုး ပညာသင်သားကို မရွေးဘဲ ဈေးအပေါဆုံးနဲ့ ရုပ်ရည်သန့်တဲ့သူကို ဝယ်ခဲ့တယ်လို့ ပြောကြတော့ ငါလည်း တစ်စိတ်တစ်ပိုင်းတော့ ယုံမိခဲ့သေးတယ်။ အခု ကြည့်ရတာတော့ သူတို့ကမှ လူကို မခွဲတတ်ကြတာပဲ၊ ငါတို့ ယောင်ကွမ်းရဲ့ အမြင်က တကယ့်ကို ကောင်းလွန်းတာပဲ"
ကျန်းကျောက်တိက စူးယောင်ကွမ်းအား ချီးကျူးစကား ပြောသံကို ကြားရလျှင် အလွန် နှစ်သက်သူ ဖြစ်သည်။ ယခင်ကဆိုလျှင် စူးယောင်ကွမ်းက အရည်အချင်းရှိကြောင်း ချီးကျူးသံကို ကြားရသည်အား သူမ နှစ်သက်သော်လည်း၊ ယခုတော့ စူးယောင်ကွမ်း၏ လူရွေးချယ်မှု မှန်ကန်ကြောင်းနှင့် ယောက်ျားကောင်း ရွေးတတ်ကြောင်း ချီးကျူးသံကို ကြားရသည်အား သူမ ပိုနှစ်သက်နေမိသည်။
"ဝမ်ရှူက အရမ်းတော်တဲ့ ကောင်လေးပါ။ သူ စာဖတ်တတ်လာပြီး မိသားစုကို ဝိုင်းကူနိုင်စေဖို့ ဆိုပြီး ငါတို့က သူ့ကို ကျောင်းထားပေးခဲ့ကြတာ။ တခြား ပညာသင်သားတွေနဲ့ မတူတာက သူက အိမ်ကို ပြန်ရောက်လာတိုင်း အလုပ်ကိစ္စတွေကို ကူညီပေးတတ်တယ်"
အခန်း ၉၂ ဝမ်းတွင်းမဲ
ကျင်းလဲ့ဖုန့်က နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဆိုင်ဟောင်းတစ်ခုဖြစ်ပြီး ဒေသခံ မိန်းမပျိုလေးများနှင့် အိမ်ရှင်မများအကြား ရေပန်းစားကာ ဝယ်သူများဖြင့် အမြဲတမ်း စည်ကားနေတတ်သည့် နေရာ ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက တစ်ဆိုင်လုံး လူသူကင်းမဲ့နေပြီး တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။ အထူးသဖြင့် ယနေ့တွင် ပုံမှန်လာနေကျ ဖောက်သည်များပင် ပျောက်ကွယ်သွားပြီး ဆိုင်ထဲသို့ ဝင်လာမည့်သူ တစ်ယောက်မျှပင် မရှိတော့ချေ။
မျက်နှာအမူအရာ ခပ်တင်းတင်း ဖြစ်နေသည့် ဆိုင်တာဝန်ခံက ပုလင်းတစ်ခုကို ဖွင့်ကာ အနံ့ခံကြည့်လိုက်ပြီး ဘေးနားရှိ လက်ထောက်ဖြစ်သူအား လှမ်းမေးလိုက်သည်။
"ငါတို့ရဲ့ အဆင့်မြင့်ရနံ့ပညာရှင်တွေက ပိုကောင်းတဲ့ ထုတ်ကုန်အသစ်ကို မဖန်တီးနိုင်သေးဘူးလား"
"အဆင့်မြင့်ရနံ့ပညာရှင်တွေလည်း အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒီနှစ်ပေါင်းများစွာအတွင်းမှာ သူတို့က သူတို့ရဲ့ အလှကုန် ဖော်စပ်နည်းတွေကို အစွမ်းကုန် ပေါင်းစပ်ဖို့ သူတို့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်တွေကို ထည့်ဝင်ပြီး ထုတ်လုပ်ခဲ့ကြတာဆိုတော့ သူတို့ တွေးမိသမျှ နည်းလမ်းတွေကို အကုန်သုံးပြီးသွားကြပြီ"
"ဒါဆိုရင်လည်း ငယ်ရွယ်တဲ့ ပညာရှင်အသစ်တွေကို ရှာဖို့ လိုလိမ့်မယ်။ ပညာရှင်ကြီးတွေက အတွေ့အကြုံ ရင့်ကျက်ပေမဲ့ လူငယ်တွေလိုမျိုး ဆန်းသစ်တဲ့ အတွေးအခေါ်မျိုး မရှိကြဘူး။ ချန်ဖူကွေ့ ဘယ်ရောက်သွားလဲ"
ဆိုင်တာဝန်ခံက ထပ်မေးလိုက်သည်။
"သူ ဒီနေ့ ဘာဖြစ်လို့ ဆိုင်ကို မလာတာလဲ"
"လက်ထောက်တာဝန်ခံက ဒီနေ့ ဆိုင်ကို မလာသေးပါဘူး၊ တစ်ခုခုကြောင့် အလုပ်များနေတာ ဖြစ်ပါလိမ့်မယ်"
လက်ထောက်ဖြစ်သူက ခန့်မှန်းပြောဆိုလိုက်သည်။
"သူ ဘာလုပ်နေလဲဆိုတာကိုတော့ ကျွန်တော်လည်း သေချာမသိပါဘူး"
ထိုအချိန်တွင် ဆိုင်အပြင်ဘက်မှ ကျင်းလဲ့ဖုန့်၏ နာမည်ကို ခေါ်ဆိုကာ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာသည်။
ဆိုင်တာဝန်ခံက အပြင်သို့ ထွက်ကြည့်လိုက်ပြီး ဆိုင်ရှေ့တွင် သွေးစွန်းဒဏ်ရာများဖြင့် လဲကျနေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူများက သူ့ကို မြင်သည်နှင့် ပို၍ ပူဆွေးသောကရောက်ဟန်ဖြင့် အော်ငိုကြတော့သည်။
"မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ ငါတို့ဆိုင်ရှေ့မှာ လာပြီး ပြဿနာရှာနေတာလဲ"
"အိုက်ယား... အားလုံးပဲ နားထောင်ပေးကြပါဦး၊ ကျွန်တော်တို့ကို ထောင်ယောင်ဖန့်ဆီသွားပြီး ပြဿနာရှာခိုင်းတာက ကျင်းလဲ့ဖုန့်ကပါ။ အခုတော့ ထောင်ယောင်ဖန့်က ကျွန်တော်တို့ကို တရားစွဲလိုက်လို့ ရုံးတော်မှာ ကြိမ်ဒဏ်အပေးခံခဲ့ရတယ်။ အခုတော့ သူတို့က ကျွန်တော်တို့ကို ပစ်ထားကြပြီ၊ ကျွန်တော့်ခြေထောက်တွေလည်း သုံးမရတော့ဘူး။ ကျောပြင်လည်း ပျက်စီးကုန်ပြီ။ အထူးသဖြင့် တင်ပါးတွေမှာ အသားကောင်းကောင်းတောင် မကျန်တော့ဘူး... အား... နာလိုက်တာ... အရမ်း နာတယ်"
"သူဌေး... ချန်ဖူကွေ့က ကျွန်မ မျက်နှာပေါ်ကို အရည်အသွေးညံ့တဲ့ အလှကုန်တွေ လိမ်းခိုင်းလို့ ကျွန်မရဲ့ မျက်နှာက အခုလို ဖြစ်သွားတာပါ။ သူက ကျွန်မကို ထောင်ယောင်ဖန့်ရဲ့ မျက်နှာချေဘူးခွံ ပေးပြီး ထောင်ယောင်ဖန့်ကို အပြစ်တင်ဖို့ ပြောခဲ့သေးတယ်။ ဒါပေမဲ့ ထောင်ယောင်ဖန့်က လူတွေက သတိထားမိသွားပြီး ကျွန်မတို့ရဲ့ အစီအစဉ် မအောင်မြင်တဲ့အပြင် ကြိမ်ဒဏ်ပါ ခံလိုက်ရတယ်။ အခု ထောင်ယောင်ဖန့်ကလည်း သူတို့ရဲ့ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ တောင်းဆိုနေတယ်၊ ကျွန်မတို့လို ဆင်းရဲသားနှစ်ယောက်မှာ ဘယ်က ပိုက်ဆံရှိမှာလဲ။ သူဌေး၊ ခင်ဗျားတို့ မဖြစ်မနေ တာဝန်ယူပေးရမယ်"
အော်ဟစ်သံများကို ကြားရသဖြင့် လူအများအပြား စုရုံးရောက်ရှိလာကြသည်။
ဆိုင်တာဝန်ခံအနေဖြင့် သူတို့ဆိုင်ရှေ့တွင် လူအများ စုရုံးနေသည်ကို မမြင်တွေ့ရသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည်။ သို့သော်လည်း ဤအချိန်တွင်တော့ လူတစ်ယောက်မျှ မရှိလျှင် ပိုကောင်းမည်ဟု သူ တွေးနေမိသည်။
"ချန်ဖူကွေ့ ဘယ်မှာလဲ။ ချန်ဖူကွေ့ကို ချက်ချင်း သွားရှာကြစမ်း"
ဆိုင်တာဝန်ခံက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျွန်တော် အခုချက်ချင်း သွားရှာလိုက်ပါမယ်"
ချန်ဖူကွေ့က ပြဿနာဖြစ်စေပြီး ပျောက်ကွယ်သွားခဲ့သည်။ ကျင်းလဲ့ဖုန့်၏ ဆိုင်တာဝန်ခံဖြစ်သူက ဤကိစ္စအတွက် တာဝန်ယူဖြေရှင်းပေးရတော့မည် ဖြစ်သည်။
ဆိုင်တာဝန်ခံက ထိုစုံတွဲအား မျက်နှာထားတင်းတင်းဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။
"ချန်ဖူကွေ့က တခြားလူကို ထိခိုက်အောင်လုပ်ဖို့ မင်းတို့ကို ငှားရမ်းခဲ့တယ်။ မင်းတို့ကလည်း ပိုက်ဆံရဖို့အတွက် ဒီလောက်ထိ ရွံရှာဖွယ်ကောင်းတဲ့ အလုပ်မျိုးကို လုပ်ရဲကြတယ်ပေါ့၊ ပြီးတော့ ကျင်းလဲ့ဖုန့်ကို လာပြီး အပြစ်ပုံချဖို့ ဘယ်လိုလုပ် သတ္တိရှိနေရတာလဲ။ ချန်ဖူကွေ့ရဲ့ လုပ်ရပ်က သူ့သဘောနဲ့သူ လုပ်တာ၊ ကျင်းလဲ့ဖုန့်နဲ့ ဘာမှမဆိုင်ဘူး။ ကျင်းလဲ့ဖုန့်ဆိုတာ အမြဲတမ်း ရိုးသားဖြောင့်မတ်တဲ့ ဆိုင်တစ်ဆိုင်ပဲ။ ဘယ်တော့မှ နောက်ကွယ်ကနေ အကောက်ကြံမှာ မဟုတ်ဘူး"
"ခင်ဗျားတို့ စဉ်းစားကြည့်ကြပါဦး၊ ကျင်းလဲ့ဖုန့်က အရင်က တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်ဖူးလို့လား။ အားလုံးလည်း မြင်နေကြတာပဲ။ ကျင်းလဲ့ဖုန့်က ရှုံးရင်လည်း ရှုံးမယ်၊ နိုင်ရင်လည်း နိုင်မယ်၊ အရှုံးအနိုင်ကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တဲ့နေရာပါ။ ဒါပေမဲ့ ချန်ဖူကွေ့က ကျွန်တော်တို့ ကျင်းလဲ့ဖုန့်ရဲ့ လက်ထောက်တာဝန်ခံ ဆိုတာတော့ အမှန်ပါပဲ။ ဒီနေ့ကစပြီး အဲ့ဒီလက်ထောက်တာဝန်ခံက ကျင်းလဲ့ဖုန့်နဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ ကျွန်တော်တို့ သူ့ကို ပြန်ရှာပြီး ထောင်ယောင်ဖန့်မှာ သွားတောင်းပန်ခိုင်းပါ့မယ်"
ငွေညှစ်ရန် ကြိုးစားခဲ့သည့် ထိုစုံတွဲက ထောင့်တစ်နေရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
အစက ထိုနေရာတွင် ရပ်နေခဲ့သည့် လူက ယခု မရှိတော့ပေ။ ထိုလူက သူတို့၏ သရုပ်ဆောင်မှုအပေါ် စိတ်ကျေနပ်သွားပုံရသည်။
ထိုစုံတွဲလည်း စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ကြသည်။
'အဲ့ဒီ လူငယ်လေးက ရုပ်ချောသလောက် တကယ်ကို ရက်စက်တာပဲ'
ထိုလူငယ်လေးက သူတို့နှင့်အတူ ရုံးတော်သို့ လိုက်ပါလာခဲ့သည်။ ထင်ရှားနေသည့် ထိုအမှုမျိုးက တရားသူကြီးပင် ကြားနာရန် မလိုတော့ဘဲ စာရေးကြီးက အပြစ်ပေးရန် ဆုံးဖြတ်ချက်ချလိုက်ပြီး တာဝန်ရှိသူများက သူတို့ကို ကြိမ်ဒဏ်ပေးခဲ့သည်။
ထိုလူငယ်လေးက သူတို့ ကြိမ်ဒဏ်ခံရသည်ကို ကြည့်ပြီးနောက် တာဝန်ရှိသူများထံသို့ စကားသွားပြောနေသေးသည်။ သူက သူတို့ကို ရုံးတော်ဆီသို့ ခေါ်လာခဲ့ခြင်းဖြစ်ပြီး၊ သူတို့ အပြစ်ပေးခံရမည်ဖြစ်သောကြောင့် ရုံးတော်၏ မြေနေရာကို သူတို့၏ သွေးများဖြင့် မညစ်ညမ်းစေလိုကြောင်း၊ သူကိုယ်တိုင် သူတို့ကို ခေါ်သွားမည်ဖြစ်ကြောင်းများ ပြောခဲ့သည်။
သူက သူပြောခဲ့သည့်အတိုင်း သူတို့ကို ခေါ်လာပေးခဲ့သည်။ သူက သူတောင်းစားတချို့ကို ငှားရမ်းပြီး သူတို့ကို ကျင်းလဲ့ဖုန့်ရှေ့သို့ သယ်ခိုင်းခဲ့ပြီး အကယ်၍ သူတို့က အစီအစဉ်အတိုင်း ပြီးဆုံးအောင်မလုပ်ပါက တစ်သက်လုံး လမ်းမလျှောက်နိုင်တော့အောင် လုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သူ့မျက်လုံးများထဲရှိ ထိုရက်စက်မှုမျိုးကို သူတို့ တစ်သက်လုံး မေ့နိုင်မည်မဟုတ်ပေ။ ထိုလူငယ်ကသာ သူ့ကို သတ်ပစ်မည်ဟု ပြောခဲ့လျှင်ပင် သူတို့ ယုံကြည်မိလောက်သည်။
......။.....။....
ထောင်ယောင်ဖန့်၏ ဆိုင်တံခါးများ ပြန်ပွင့်လာသည်နှင့် ဝယ်သူများက ဆိုင်အတွင်းသို့ အလုအယက် ဝင်ရောက်လာကြသည်။
မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် မလိုလားအပ်သော အနှောင့်အယှက်များကြောင့် လုပ်ငန်းကို မထိခိုက်သည့်အပြင် ဖောက်သည်များ ပိုများပြားလာပြီး မျှော်လင့်ထားသည်ထက် ပိုအဆင်ပြေလာခဲ့သည်။
စူးယောင်ကွမ်းက ဆိုင်အဝင်ဝဘက်သို့ ခဏခဏ လှမ်းကြည့်နေသောကြောင့် ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။
"ဝမ်ရှူအတွက် စိတ်ပူနေတာလား"
"သူ ဘာလို့ ဒီလောက် ကြာနေတာလဲ"
စူးယောင်ကွမ်းက အပြင်သို့ ထပ်ကြည့်ရင်း ရေရွတ်နေပြန်သည်။
"သူက အမြဲတမ်း ကြောက်တတ်ပြီး ရိုးသားလွန်းတယ်။ သမီး သူ့ကို ဒီကိစ္စ တာဝန်ပေးမိတာ မှားသွားပြီထင်တယ်"
"သူက အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်လေ၊ ပြီးတော့ ရဲမက်တွေနဲ့အတူ ပါသွားတာပဲ၊ အနိုင်ကျင့်ခံရမှာ စိုးရိမ်နေစရာလား"
ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။
"အရမ်း စိုးရိမ်မနေပါနဲ့။ ကြည့်လိုက်ဦး၊ သူ ပြန်ရောက်လာပြီမဟုတ်လား"
စူးယောင်ကွမ်းလည်း ကျန်းကျောက်တိ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျိုးဝမ်ရှူတစ်ယောက် ဆိုင်ထဲသို့ လျှောက်လှမ်းဝင်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ သူ့ဆီသို့ အမြန်သွားကာ အပေါ်အောက် စစ်ဆေးကြည့်ရင်း အလောတကြီး မေးလိုက်သည်။
"နင် ဘာလို့ ဒီလောက်ကြာနေတာလဲ။ ဘာမှမဖြစ်ခဲ့ဘူးမလား"
"သူတို့ ကြိမ်ဒဏ်ခံရတာကို မြင်ပြီးမှ ကျွန်တော် ပြန်လာခဲ့တာပါ။ တစ်ယောက်ကို ကြိမ်ဒဏ်အချက် သုံးဆယ်စီ ရိုက်နှက်ခံလိုက်ရတာဆိုတော့ သူတို့ လမ်းတောင် မလျှောက်နိုင်တော့ဘဲ ထမ်းထုတ်ခံလိုက်ရတယ်"
ကျိုးဝမ်ရှူက ရှင်းပြနေသည်။
"ခံသင့်တာပေါ့"
ကျန်းယင်းတိက ဘေးနားမှ ဝင်ပြောလိုက်သည်။
"ကျင်းလဲ့ဖုန့်က ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးထားတော့မှာလား။ သူတို့ လုပ်ရပ်တွေက သိပ်ကို အရှက်မဲ့လွန်းတယ်။ တစ်ခါဖြစ်ရင် နောက်ထပ်လည်း ဖြစ်လာဦးမှာပဲ။ ငါတို့က ဒီအတိုင်းပဲ အောင့်အီးသည်းခံသွားရမှာလား"
"ဒီနေ့က ကျွန်မတို့ရဲ့ ဆိုင်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်ခဲ့တဲ့နေ့လေ။ အဲ့ဒီလူတွေကို ခဏမေ့ထားလိုက်ကြရအောင်၊ အလုပ်ကိစ္စတွေ ပြီးမှပဲ ရှင်းကြတာပေါ့"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"ဝမ်ရှူ... သွားပြီးတော့ ဦးလေးကို ကူညီပေးလိုက်ပါဦး"
ကျိုးဝမ်ရှူက ဝမ်ဟွမ်ကျစ်ကို ကြည့်လိုက်ရာ ဝမ်ဟွမ်ကျစ်က သူကို့ ခေါင်းညိတ်ပြနေသည်။
ကျိုးဝမ်ရှူက တခြားလူများကို မသိသေးမှန်း နားလည်နေသည့် ကျန်းကျောက်တိက တစ်ယောက်ချင်းစီကို စတင် မိတ်ဆက်ပေးလိုက်သည်။ အားလုံးက ကျိုးဝမ်ရှူကို သိထားပြီးသား ဖြစ်သော်လည်း ကျိုးဝမ်ရှူကတော့ ဘယ်သူက ဘယ်သူမှန်း မသိသေးပေ။ အကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက်တွင်တော့ သူလည်း တစ်ယောက်ချင်းစီကို မှတ်မိသွားပြီး အားလုံးက လုပ်စရာရှိသည့်အလုပ်များကို ဆက်လက် လုပ်ဆောင်ကြသည်။
ယနေ့တွင် ဧည့်သည်များ အလွန်များပြားနေသဖြင့် အချိန်ဖြုန်းနေရန် မဖြစ်နိုင်ချေ။ စကားပြောချင်လျှင်ပင် ဧည့်သည်များကို လိုက်ပို့ပြီး ညဘက်တွင် တစ်နေ့တာအတွက် စာရင်းချုပ်ပြီးမှသာ အချိန်ရကြမည် ဖြစ်သည်။
"ယောင်ကွမ်း..."
ချွမ်းအော်က အပြင်ဘက်မှ စိတ်လှုပ်ရှားစွာ ပြေးဝင်လာသည်။
"တစ်ခုခုတော့ ဖြစ်သွားပြီ၊ တကယ့်ကို ဆိုးဝါးတဲ့ ကိစ္စပဲ"
'တစ်ခုခုတော့ ဖြစ်ပြီ' ဟူသည့် စကားကို ကြားလိုက်ရသည်နှင့် စူးယောင်ကွမ်းတစ်ယောက် ခေါင်းရှုပ်သွားရပြန်သည်။ သို့သော် ချွမ်းအော်၏ မျက်နှာအမူအရာကို ကြည့်ရလျှင်တော့ မကောင်းသည့် သတင်းမျိုး ဖြစ်ပုံမပေါ်ပေ။
"အစ်မချွမ်းအော်... အစ်မမှာ ကျွန်မကို ပြောပြချင်တဲ့ သတင်းကောင်းလေးများ ရှိနေတာလား"
"ဒါ အစ်မရဲ့ သတင်းကောင်း မဟုတ်ဘူး၊ နင့်အတွက် သတင်းကောင်း"
ချွမ်းအော်က ပြန်ပြောလိုက်သည်။
"နင့်ဆိုင်မှာ လာပြီး ပြဿနာရှာတဲ့ လူနှစ်ယောက်က အခု ကျင်းလဲ့ဖုန့်ရှေ့မှာ ငိုယိုပြီး အော်ဟစ်နေကြတယ်။ ကျင်းလဲ့ဖုန့် ဘာလုပ်ခဲ့သလဲဆိုတာ မြို့ထဲက လူတိုင်း သိကုန်ကြပြီ။ ကြားရသလောက်တော့ ဆိုင်တာဝန်ခံက ချန်ဖူကွေ့ကို လိုက်ရှာနေပြီး နင့်ဆီကို ခေါ်လာပြီး တောင်းပန်ခိုင်းဖို့ စီစဉ်နေပုံပဲ၊ ဒါပေမဲ့ သူတို့ အခုထိ မရောက်လာသေးဘူးမလား။ ချန်ဖူကွေ့က ပုန်းနေပြီး သူလည်း တရားခံကို ရှာမတွေ့သေးလို့ ဖြစ်မယ်"
"အဲ့ဒီလူနှစ်ယောက်က ကြိမ်ဒဏ်အချက်သုံးဆယ်တောင် အရိုက်ခံထားရတာလေ၊ ကျင်းလဲ့ဖုန့်မှာတောင် ပြဿနာထပ်ရှာနိုင်သေးတယ်လား”
စူးယောင်ကွမ်း အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ဟုတ်တယ်လေ။ အဲ့လိုလူစားမျိုးတွေက လျော်ကြေးရဖို့ပဲ စဉ်းစားနေမှာပေါ့"
ချွမ်းအော်က နှုတ်ခမ်းကို စူရင်း ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ကံကောင်းတာက ဒါက ထောင်ယောင်ဖန့်ကို နာမည်ကြီးသွားစေတယ်။ လူတွေက နင်တို့ကြားက အမုန်းတရားတွေကို ပိုသိသွားကြတာပေါ့။ နင် ကျင်းလဲ့ဖုန့်ရဲ့ ပခုံးပေါ်ကို နင်းပြီး အပေါ်ကို တက်လှမ်းနေသလို ဖြစ်သွားပြီ။ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ ကျင်းလဲ့ဖုန့်တောင်မှ နင်တို့ရဲ့ ထောင်ယောင်ဖန့်က ပစ္စည်းတွေကို ကြောက်နေရတဲ့အကြောင်း လူတိုင်း သိသွားကြပြီ။ နင်တို့ပစ္စည်းတွေ ဘယ်လောက်တောင် ကောင်းသလဲဆိုတာ သက်သေပြလိုက်သလိုပဲပေါ့"