အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း ၉၃ အောင်ပွဲခံခြင်း
ချွမ်းအော်က စူးယောင်ကွမ်းနှင့် မိနစ်အနည်းငယ်မျှ စကားစမြည် ပြောဖြစ်ခဲ့သည်။ စူးယောင်ကွမ်းဆီသို့ လာရောက်သည့် ဝယ်သူများ တဖြည်းဖြည်း တိုးပွားလာပြီး အလုပ်များလွန်းနေသည်ကို မြင်လိုက်ရချိန်တွင်တော့ ချွမ်းအော်လည်း ကူညီပေးရန်အတွက် ဆိုင်တွင် ဆက်နေလိုက်သည်။
ဝယ်သူတစ်ဦးကို ဝန်ဆောင်မှုပေးပြီးနောက် စူးယောင်ကွမ်းက ချွမ်းအော်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အစ်မ... အစ်မရဲ့ ဆိုင်ကိစ္စတွေကရော၊ စီမံခန့်ခွဲစရာ မလိုတော့ဘူးလား"
"ငါ ဆိုင်အကူတစ်ယောက် ငှားထားလိုက်ပြီ။ အခုတော့ ငါက ကြီးကြပ်ဖို့ပဲလိုတဲ့ လူတစ်ယောက် ဖြစ်သွားပြီ"
ချွမ်းအော်က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
"နင် သင်ပေးလိုက်တဲ့ နည်းလမ်းတွေက တကယ့်ကို ထိရောက်တယ်။ အခုဆိုရင် ငါက အဝတ်အစားတွေကို ပုံစံကျအောင် တွဲဖက်ပေးနိုင်နေပြီ"
"ဒါဆိုရင် အကောင်းဆုံးပေါ့။ အစ်မလည်း ခဏနားလိုက်ပါဦး"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ဒီည ညစာအတူတူ စားကြမယ်၊ ဒီနေ့က ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် နေ့ကောင်းရက်မြတ်လေးဆိုတော့ စိတ်ကြိုက် အောင်ပွဲခံကြတာပေါ့"
"ကောင်းပြီလေ... ဒါဆိုရင်တော့ ငါလည်း အားနာမနေဘဲ စားသောက်လိုက်တော့မယ်"
မနက်ခင်း ဆိုင်ဖွင့်ချိန်မှစ၍ ဆိုင်တွင် လူများ ပြည့်နှက်နေခဲ့သည်။ နေ့လယ်စာအတွက် လမ်းတစ်ဖက်ခြမ်းရှိ ခေါက်ဆွဲဆိုင်သို့ အလှည့်ကျ သွားရောက်စားသောက်ကြပြီးနောက် ဆိုင်သို့ ပြန်လာကာ ဝယ်သူများကို ဝန်ဆောင်မှုပေးကြရသည်။ ညနေခင်းတွင်မှ ဝယ်သူ အရေအတွက် အနည်းငယ် လျော့နည်းသွားသည်။ ပစ္စည်းများလည်း ကုန်ခါနီးဖြစ်သည့်အတွက် ဆိုင်ကို ပိတ်လိုက်ပြီး စားသောက်ဆိုင်သို့ တန်းသွားကာ ဟင်းပွဲများ အစုံအလင် မှာကြားပြီး စားသောက်ကြတော့သည်။
"ဒီနေ့တော့ ဘာမှ အားနာမနေကြနဲ့၊ စားချင်တာတွေကို စိတ်ကြိုက်မှာလို့ ရတယ်"
စူးယောင်ကွမ်းက ရက်ရောစွာ ပြောလိုက်သည်။
အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ အဆက်မပြတ် ထွက်ပေါ်နေပြီး ရယ်မောသံများ ထွက်ပေါ်နေသည်။ တစ်နေ့တာလုံး အလုပ်များခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသော်လည်း စိတ်ဓာတ်များကတော့ အလွန်တက်ကြွနေကြသည်။ အထူးသဖြင့် သူတို့၏ ယုံကြည်မှုများက ယခင်ကထက် ပိုမို ခိုင်မာလာခဲ့သည်။
ချွမ်းအော်က သေရည်အနည်းငယ် မှာယူလိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ဒီဆိုင်က သေရည်က အရမ်းကောင်းတယ်၊ ဒီကို ရောက်လာမှတော့ မဖြစ်မနေ မြည်းကြည့်ရမှာပေါ့"
"အစ်မချွမ်းအော်... ဒီနေရာနဲ့ ပတ်သက်ပြီး အစ်မက အသိဆုံးပဲ၊ အစ်မပဲ စိတ်ကြိုက် မှာပေးလိုက်ပါ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"ဒီနားမှာ အစည်ကားဆုံးဆိုင်က ဒီဆိုင်ပဲ။ သူတို့ရဲ့ နာမည်ကျော် ဟင်းပွဲတွေကိုသာ ချခိုင်းလိုက်၊ ဘယ်တော့မှ မမှားဘူး"
ထိုသို့ ပြောပြီးနောက် ချွမ်းအော်က အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"စားပွဲထိုး..."
စားပွဲထိုးက မြေပဲလှော်ပန်းကန်ကို ကိုင်ကာ အပြုံးဖြင့် ရောက်လာခဲ့သည်။
"ဧည့်သည်တော်တို့ခင်ဗျာ... ဒါက ကျွန်တော်တို့ဆိုင်ကနေ အခမဲ့ တည်ခင်းတဲ့ အဆာပြေ မုန့်လေးတွေပါ။ စိတ်ကြိုက် သုံးဆောင်ကြပါခင်ဗျ၊ နောက်ထပ် လိုအပ်တာ ရှိရင်လည်း ပြောကြပါဦး။ သခင်မတို့ ဘာများ မှာယူချင်ပါသလဲခင်ဗျာ"
ချွမ်းအော်က ပြန်မေးလိုက်သည်။
"ငါက ဒီကို တစ်ခေါက်ပဲ လာဖူးတာလေ... နင်က ငါ့ကို မှတ်မိနေတာလား"
"သခင်မက ရုပ်ရည်ကလည်း ထူးခြားတဲ့အပြင် အရမ်းလည်း ကျက်သရေ ရှိနေတော့ ဘယ်သူမှ မေ့နိုင်မှာ မဟုတ်ပါဘူး"
စားပွဲထိုးက အပြုံးဖြင့် ထပ်ပြောနေသေးသည်။
"ဒါပေမဲ့ သခင်မက နောက်ဆုံးတွေ့တုန်းကထက် ပိုတောင် နုပျိုနေသလိုပဲ၊ အသားအရေကလည်း ပိုပြီး တောက်ပနေတယ်ဗျ"
"ဒါပေါ့... ငါ့ရဲ့ မွေးစားညီမလေးမှာ မျက်နှာလိမ်းအလှဆီတွေ လုပ်တတ်တဲ့ အရည်အချင်း ရှိတယ်လေ။ သူ လုပ်တဲ့ မျက်နှာလိမ်းအလှဆီက လိမ်းလိုက်ရင် အသက်အတော်များများ နုသွားသလိုပဲ၊ ကဲ... မိတ်ဆက်ပေးရဦးမယ်၊ ဒီတစ်ယောက်က ငါ့ရဲ့ သွေးသစ္စာဆို ညီမလေး၊ ပြီးတော့ အခုမှ အသစ်ဖွင့်လိုက်တဲ့ ထောင်ယောင်ဖန့်ရဲ့ ဆိုင်ရှင်ပဲ။ နောက်တစ်ခါ သူ ဒီဆိုင်ကို လာရင် ဂရုတစိုက် ဆက်ဆံပြီး အဆာပြေမုန့်တွေကို အများကြီး ကျွေးလိုက်ဦးနော်"
“စိတ်ချပါခင်ဗျာ... ဒီက မမလေးက တကယ့်ကို ငယ်ရွယ်နုပျိုနေပုံပဲ”
စားပွဲထိုး၏ ချိုသာသော စကားကြောင့် ချွမ်းအော်တစ်ယောက် ပိုပြုံးရွှင်သွားပြီး ကျန်ရှိနေသော ကျန်းမိသားစုဝင်များလည်း ပိုစိတ်ရွှင်လန်းသွားကြသည်။
ချွမ်းအော်၏ စကားအရ စူးယောင်ကွမ်းက စားပွဲထိုးအား ထပ်မေးလိုက်သည်။
"ဒီမှာ နာမည်ကြီးတဲ့ ဟင်းပွဲတွေက ဘာတွေလဲ၊ အဲ့ဒီအထဲကမှ အကောင်းဆုံးဖြစ်တဲ့ ဟင်းပွဲတချို့ ယူခဲ့ပေးပါ"
"ဧည့်သည်တော်ကြီးတို့က... ရှစ်ယောက်ဆိုတော့ ဟင်းပွဲတော်တော်များများ လိုမှာပေါ့။ ဟင်းငါးပွဲနဲ့ ဟင်းရည်တစ်ပွဲလောက်ဆိုရင် အဆင်ပြေမယ် ထင်တယ်။ မလောက်သေးဘူးဆိုရင် နောက်မှ ထပ်မှာလို့ရပါတယ်"
စားပွဲထိုးက အကြံပေးလိုက်သည်။
"အစ်မချွမ်းအော်က ဒီဆိုင်ကို ဘာလို့ ဒီလောက်တောင် ချီးကျူးရတာလဲဆိုတာ အခုတော့ နားလည်သွားပြီ။ စီးပွားရေး လုပ်တယ်ဆိုတာ ဒီလိုမျိုး လုပ်တတ်ရမှာ။ ကောင်းပြီ... မင်း ပြောတဲ့အတိုင်းပဲ ဆိုင်ရဲ့ နာမည်ကြီး ဟင်းပွဲတွေကိုပဲ ချပေးလိုက်ပါ"
စားပွဲထိုးက သူ့အပေါ် ယုံကြည့်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောပြီး ဟင်းပွဲများ စီစဉ်ပေးရန် ပြန်ထွက်ခွာသွားခဲ့သည်။ စူးယောင်ကွမ်းကတော့ ထိုစားပွဲထိုး၏ လိမ္မာပါးနပ်မှုကို ချီးကျူးစကားဆိုနေသေးသည်။
"ဝမ်ရှူ... အဲဒီနှစ်ယောက်က သူတို့ အရိုက်ခံရပြီးတဲ့နောက်မှာ ကျင်းလဲ့ဖုန့်ဆီ သွားခဲ့တယ်လို့ အစ်မချွမ်းအော်က ပြောပြတယ်။ နင် အဲ့ဒီအကြောင်း သိပြီးပြီလား"
"မသိဘူး"
ကျိုးဝမ်ရှူက ခေါင်းခါယမ်းလိုက်သည်။
"သူတို့ အရိုက်ခံပြီးတာနဲ့ ကျွန်တော်လည်း ပြန်ထွက်လာခဲ့တာ။ သူတို့ ကျင်းလဲ့ဖုန့်ကို သွားမယ်ဆိုတာသာ သိရင် ကျွန်တော်လည်း လိုက်သွားပြီး သူတို့နဲ့အတူ သွားဆဲဆိုမိမှာ သေချာတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော် အဲ့ဒီလောက်ထိ မစဉ်းစားမိခဲ့ဘူး"
"သူတို့နောက်ကို နင် လိုက်စရာ မလိုပါဘူး။ မကြာခင် သူတို့ကိုယ်တိုင် နင်တို့ဆီကို လာပြီး တောင်းပန်ကြလိမ့်မယ်။ ထောင်ယောင်ဖန့်ကို သူတို့ ရောက်လာတာနဲ့ အဲ့ဒါက ထောင်ယောင်ဖန့်ရဲ့ ဂုဏ်သတင်းကို ပိုတက်လာစေမှာ အသေအချာပဲ။ ကျင်းလဲ့ဖုန့်အကြောင်း ပြောရမယ်ဆိုရင် တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်နော်။ သူတို့က အရင်တုန်းကလည်း အရူးလို လုပ်ရပ်မျိုးတွေ လုပ်ခဲ့သေးတယ်။ သူတို့ကြောင့်သာ ထောင်ယောင်ဖန့်ရဲ့ ဂုဏ်သတင်းကို စောစောစီစီး မြှင့်တင်ပေးသလို ဖြစ်ခဲ့တာ၊ အဲ့ကိစ္စကြောင့်လည်း ဆိုင် ဖွင့်ဖွင့်ချင်းမှာ လူတွေ အများကြီး ရောက်လာခဲ့တာလေ။ အခု ဆိုင်ဖွင့်တဲ့နေ့မှာလည်း ဒီလို ပြဿနာတွေ ဖြစ်အောင် ထပ်လုပ်ပြီး နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပဲ ဒုက္ခရောက်ရပြီ။ အခုဆိုရင် သူတို့ ပိုက်ဆံကို ဆုံးရှူံးရသလို လူတွေကလည်း ထွက်သွားကုန်ပြီ။ ဆယ်စုနှစ်ချီပြီး အောင်မြင်ခဲ့တဲ့ ကျင်းလဲ့ဖုန့်က နောက်ဆုံးတော့ နင့်လက်ထဲကို ရောက်လာတော့မယ့် ပုံပဲ"
ချွမ်းအော်က ဝင်ပြောလိုက်သည်။
"ကျွန်မက သူတို့ကို ဒုက္ခပေးချင်တာမှ မဟုတ်တာ။ ဒါပေမဲ့ ပြဿနာက တံခါးဝထိ ရောက်လာမှတော့ ကြောက်ရွံ့ပြီး ရှောင်ပုန်းနေလို့ မရဘူးလေ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သေးသည်။
"အစကတည်းက သူတို့က ကျွန်မတို့ပိုင်ဆိုင်တဲ့အရာတွေကို လုယူချင်နေခဲ့တာလေ"
ဝမ်ဟွမ်ကျစ်က ကျိုးဝမ်ရှူ၏ ခွက်ထဲသို့ သေရည် ဖြည့်ပေးလိုက်သည်။
ကျိုးဝမ်ရှူက တုံ့ဆိုင်းစွာ တောင်းပန်လိုက်သည်။
"ဦးလေး... ကျွန်တော် မသောက်တတ်ဘူး"
"ဒီနေ့ အားလုံး ပျော်ရွှင်နေကြတာပဲ၊ တစ်ခွက်၊ နှစ်ခွက်လောက်နဲ့ ဘာမှ မဖြစ်ပါဘူး။ အားလုံးက မိသားစုတွေပဲ၊ အဆင်မပြေဖြစ်ရင် တစ်ယောက်ယောက်က မင်းကို စောင့်ရှောက်ပေးမှာပေါ့"
"မင်းရဲ့ဦးလေးကလည်း ပုံမှန်ဆိုရင် အရက်မသောက်တတ်ဘူး၊ ဒီနေ့တော့ သူ စိတ်ပျော်နေလို့ နည်းနည်းပါးပါး သောက်ပြီး အရှိန်မြှင့်ချင်နေတာပါ"
ကျန်းယင်းတိက ကျိုးဝမ်ရှူကို နှစ်သိမ့်ပေးလိုက်သည်။
"ခဏနေရင် မင်း တွေ့ရလိမ့်မယ်၊ သူက အရက်ကို တောင့်မခံနိုင်ဆုံးလူပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ခွက်ထဲမှ သေရည်တစ်ဝက်ကို သူမ၏ ခွက်ထဲသို့ ပြောင်းထည့်လိုက်ပြီး ဝမ်ဟွမ်ကျစ်ကို ပြောလိုက်သည်။
"သူက ငယ်သေးတယ်၊ သေရည် မသောက်နိုင်ဘူး။ ဒါပေမဲ့ ဦးလေးကိုယ်တိုင် ထည့်ပေးထားတာဆိုတော့ မသောက်ဘဲ ငြင်းလို့ မရဘူးလေ၊ နည်းနည်းလောက်တော့ မြည်းကြည့်လိုက်ပါ"
"ငါတော့ ဝမ်ရှူက အသက်ငယ်သေးတယ်လို့ မထင်ဘူး။ ဆင်းရဲတဲ့မိသားစုတွေမှာဆိုရင် သူ့အရွယ်က မိသားစုစီးပွားရေးကိုတောင် ထိန်းကျောင်းနိုင်နေပြီ"
ဝမ်ဟွမ်ကျစ်က ဆက်ပြောနေသေးသည်။
"သူက မင်းရဲ့ ခင်ပွန်းလေ၊ ကလေးတစ်ယောက်လိုမျိုး ဆက်ဆံနေလို့ မဖြစ်ဘူး"
ထိုစကားက စူးယောင်ကွမ်းကို အပြစ်ရှိသလို ခံစားရစေသည်။
'ဦးလေးကတော့ အမြင်စူးရှလိုက်တာ...'
သူမက ကျိုးဝမ်ရှူဘက်သို့ ခပ်ယိုင်ယိုင်လေး တိုးကပ်သွားပြီး အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
"အရက်သောက်တာ နင့်ကျန်းမာရေးကို ထိခိုက်စေမှာလား၊ တချို့လူတွေက အရက်နဲ့ မတည့်ဘူးလေ၊ သောက်လိုက်တာနဲ့ မူးလဲသွားတာမျိုး ဒါမှမဟုတ် ယားယံပြီး အဖုအပိမ့်တွေ ထွက်လာတာမျိုး ဖြစ်တတ်တယ်လို့ ကြားဖူးတယ်"
"အဲ့လို မဖြစ်ပါဘူး၊ အရက်မူးလွယ်ရုံလောက်ပါပဲ"
"ဒါဆိုလည်း ကောင်းတာပေါ့"
ကျိုးဝမ်ရှူက သူမ၏ နဖူးကို လက်ကိုင်ပဝါလေးဖြင့် သုတ်ပေးလိုက်သည်။
"ဒီမှာ ဖုန်မှုန့်လေး တစ်ခုကပ်နေတယ်၊ ဆိုင်မှာ အလုပ်ရှုပ်နေတုန်းက ကပ်ပါလာတာ ဖြစ်မယ်"
ဝမ်ဟွမ်ကျစ်၏ အကြည့်များက ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့ဆီတွင် ခဏတာ ရပ်တန့်နေခဲ့သည်။
'ကျိုးဝမ်ရှူက သိပ်ပြီး တောက်ပလွန်းနေတာပဲ။ ဒီလိုလူမျိုးက ယောင်ကွမ်းနဲ့ တကယ်ပဲ တဘက်လုံး အတူနေထိုင်နိုင်ပါ့မလား...'
ထိုအချိန်တွင် ဟင်းပွဲများ ရောက်ရှိလာခဲ့သည်။ စားပွဲထိုး ပြောပြသည့်အတိုင်း ဟင်းပွဲတိုင်းက လှပစွာ ပြင်ဆင်ထားပြီး ရနံ့ကလည်း မွှေးကြိုင်နေသည်။ ပမာဏကလည်း လူရှစ်ယောက် ဗိုက်ဝအောင် စားနိုင်လောက်သည့်အထိ များပြားနေသည်။
သေရည် ငှဲ့လိုက်ကြပြီးနောက် ခွက်ချင်းတိုက်ကာ မော့သောက်လိုက်ကြသည်။
"ဒီနေ့ အောင်မြင်မှုအတွက် ပထမဆုံးခွက်ကို အတူတူ သောက်ကြစို့"
ကျန်းကျောက်တိက တက်တက်ကြွကြွ အော်ပြောလိုက်သည်။
"ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အားလုံး ပင်ပန်းခဲ့ရတယ်။ ဒီနေ့ ရတဲ့ အမြတ်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို အပိုဆုအနေနဲ့ အားလုံးကို ခွဲပေးမယ်လို့ ယောင်ကွမ်းက ပြောတယ်။ ကျန်တာတွေကိုတော့ နောက်ထပ်ကုန်ကြမ်းအတွက် ပန်းတွေ ဝယ်ဖို့ သုံးမယ်"
ထိုစကားက အားလုံးကို အံ့အားသင့်သွားစေသည်။
စူးယောင်ကွမ်းက ထိုစကားကို အရင်က တစ်ခါမှ မပြောထားဖူးသည့်အတွက် ထိုမျှော်လင့်မထားသော ဝမ်းသာစရာ သတင်းကို ကြားရချိန်တွင် အားလုံး ထိတ်လန့်သွားကြသည်။
"မဖြစ်နိုင်ဘူး"
ဝမ်ဟွမ်ကျစ်က ခေါင်းခါရင်း စပြောလိုက်သည်။
"ယောင်ကွမ်းက ကျွန်တော်တို့ကို လက်ခံပေးထားပြီး ပိုက်ဆံရှာနိုင်အောင် ကူညီပေးနေတာနဲ့တင်ပဲ အများကြီး ကျေးဇူးတင်နေပြီ။ ယောင်ကွမ်းက ပိုင်ရှင်ပဲ၊ အမြတ်တွေက သူ့အတွက်ပဲ ဖြစ်ရမှာပေါ့။ ကျွန်တော်တို့က လစာရနေတာပဲ၊ တခြားဆိုင်တွေက တာဝန်ခံတွေထက်တောင် ပိုရနေသေးတယ်။ အခုလို ဘဝမျိုး ရနေတာတင်ကိုပဲ ကျေနပ်ပြီး ကျေးဇူးတင်နေပါပြီ"
"ဟုတ်တယ်၊ ငါတို့ မယူနိုင်ပါဘူး"
ကျန်းဖန့်တိကလည်း ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ရင်း ထောက်ခံနေသည်။
ငွေဆိုသည်က ကောင်းသည့်အရာ ဖြစ်သလို လူတိုင်း လိုချင်ကြသည်မှာလည်း အမှန်ပင် ဖြစ်သည်။ အထူးသဖြင့် သူတို့လို ဆင်းရဲဒုက္ခများအား ခါးစည်းခံလာခဲ့ရသူများအတွက် ပို၍ပင် လိုအပ်နေသေးသည်။ သို့သော်လည်း ထိုကဲ့သို့ ခက်ခဲခဲ့ဖူးသည့်အတွက်ကြောင့်ပင် အခြေအနေကို အခွင့်ကောင်းယူရန် ပိုဝန်လေးနေကြခြင်း ဖြစ်သည်။
အခန်း ၉၄ အခွင့်အရေး
စူးယောင်ကွမ်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"ဒါဆို အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီနော်၊ ဒီနေ့က ဆိုင်ဖွင့်တဲ့နေ့ဆိုတော့ အားလုံး ဝမ်းသာနေကြတာပဲ၊ စကားမစပ်... ဒီညမှာ မီးပုံးပွဲတော်ရှိတယ်နော်၊ သွားကြည့်ကြမလား"
ကျားချွန်းနီက ကျန်းဖန့်တိကို မျှော်လင့်တကြီး ကြည့်ရင်း လှမ်းပြောလိုက်သည်။
"အမေ၊ သမီး သွားကြည့်ချင်တယ်"
ကျားချွန်းနီက မြို့ပေါ်သို့ သိပ်မရောက်ဖူးသူ ဖြစ်သလို ညဈေးနှင့်လည်း စိမ်းသက်နေသေးသည်။
ပြီးခဲ့သည့်ရက်များအတွင်း ဆိုင်ဖွင့်ရန် အလုပ်များနေခဲ့သောကြောင့် တစ်ယောက်မှ အပြင်ထွက်ရန် အချိန်မရခဲ့ကြချေ။ ယခု ဆိုင်ကိစ္စလည်း အဆင်ပြေသွားပြီဖြစ်သလို ယနေ့ညတွင် မီးပုံးပွဲတော်လည်း ရှိနေသောကြောင့် သူမ သွားကြည့်ချင်နေခြင်း ဖြစ်သည်။
ကျန်းဖန့်တိက ခေါင်းညိတ်လိုက်သည်။
"သွားလေ"
ကျန်းယင်းတိကလည်း ဝမ်ဟွမ်ကျစ်ကို ကြည့်နေခဲ့သည်။ သူမ စကားမပြောရသေးခင်မှာပင် ဝမ်ဟွမ်ကျစ်က သူမလက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။
"ငါတို့လည်း သွားကြတာပေါ့"
ကျန်းကျောက်တိက အရက်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ရင်း ဝင်ပြောလိုက်သည်။
"နင်တို့နှစ်ယောက်ပဲ သွားပျော်ကြ။ ငါကတော့ ဒုတိယညီမနဲ့ ချွန်းနီကို အဖော်လုပ်ပေးလိုက်မယ်"
ကျားချွန်းနီက စူးယောင်ကွမ်းဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။
"ဝမ်းကွဲအစ်မ၊ အစ်မနဲ့ အစ်ကိုဝမ်ရှူကရော..."
စူးယောင်ကွမ်းက သူမဘေးမှ မျက်နှာကြီး နီရဲနေပြီး သတိမကပ်တော့သည့် လူငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
"သူ ဒီအတိုင်း ဖြစ်နေမှတော့ ငါ သူ့ကို အိမ်ပြန်ပို့ပြီး နားခိုင်းရုံပဲ ရှိတော့တယ်"
"နှမြောစရာပဲ၊ ဒီည မီးပုံးပွဲတော်ရှိနေတာကို"
ကျားချွန်းနီက တီးတိုးညည်းညူလိုက်သည်။
"နှမြောစရာ မရှိပါဘူး"
ကျန်းကျောက်တိက ထရပ်ရင်း ဝင်ပြောလိုက်သည်။
"ဒီမီးပုံးပွဲတော်က သုံးရက်ကြာမှာ၊ ဒီနေ့ လွဲသွားရင် နောက်နေ့ ကြည့်လို့ရတာပဲ။ ကဲ... အချိန်လည်း နီးနေပြီ၊ သွားကြရအောင်"
"ဒီအတိုင်း သွားကြမှာလား၊ ဝမ်းကွဲရဲ့ခင်ပွန်းက မူးနေတာလေ၊ သူ့ကို အရင် အိမ်ပြန်ပို့ ရမယ်လေ"
စူးယောင်ကွမ်းက လက်ခါပြလိုက်သည်။
"နင်တို့ သွားနှင့်ကြလေ၊ ငါ ဒီမှာပဲ ကျန်ခဲ့ပြီး သူ့ကို ဂရုစိုက်ပေးလိုက်မယ်"
"နင်က နင့်ဝမ်းကွဲလောက် သန်မာလို့လား"
ကျန်းကျောက်တိကလည်း ဝင်မေးလိုက်သည်။
"ပြီးတော့ သူ့ယောက်ျားကို သူပဲ ဂရုစိုက်ပေးရမှာပေါ့။ ဒါက သူ့ကိစ္စပဲ၊ ဘာမှ စိတ်ပူမနေနဲ့"
ကျန်းယင်းတိက ပါးစပ်ကို ပိတ်ပြီး တခစ်ခစ်ရယ်မောနေလေသည်။
ကျန်းဖန့်တိကလည်း ပြုံးစစဖြင့် ကြည့်နေခဲ့သည်။
စူးယောင်ကွမ်းကတော့ သူတို့၏ အကြည့်များ 'တစ်မျိုးကြီး' ဖြစ်နေသည်ကို ရိပ်မိလိုက်သည်။
'ဟွန့်... ဝမ်ရှူက ဆယ့်ငါးနှစ်တောင် မပြည့်သေးဘူး၊ ငါ့ထက်တောင် ငယ်သေးတာကို... သူတို့ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ အတွေးတွေ တွေးနေကြတာလဲ”
အခြားသူများကတော့ စူးယောင်ကွမ်းတို့ကို လုံးဝ လျစ်လျူရှုထားကြသည်။ စူးယောင်ကွမ်းက စားပွဲထိုးကို လှမ်းခေါ်ပြီး ငွေရှင်း လိုက်ကာ ကျိုးဝမ်ရှူကို အသာလေး လှုပ်နှိုးလိုက်သည်။
"ဝမ်ရှူ... ထတော့၊ အိမ်ပြန်ကြမယ်"
ကျိုးဝမ်ရှူက ကြောင်ပေါက်လေးတစ်ကောင်လို အသံပြုရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"မပြန်ချင်ဘူး..."
"ငါ နင့်ကို ကျောပိုးပေးရမလား"
စူးယောင်ကွမ်းက သူ့ကို မေးလိုက်သည်။ ထို့နောက် သူမက ကျိုးဝမ်ရှူကို ထူမလိုက်ပြီး သူ့ကို ကျောပိုးနိုင်ရန်အတွက် သူမကိုယ်သူမ အောက်သို့ ညွှတ်ချလိုက်သည်။
သူမက သူ့ကို မတင်နိုင်သော်လည်း ထိုမြင်ကွင်းကတော့ အနည်းငယ် ထူးဆန်းနေသည်။
အမှန်တကယ်တွင် ထိုသို့ကျောပိုးနေခြင်းက သာမန် မဟုတ်ချေ။ သူမက ခေါင်းကို ငုံ့ပြီး လမ်းလျှောက်နေသောကြောင့် ပတ်ဝန်းကျင်မှလူများ မည်သို့ကြည့်နေကြသည်ကို လုံးဝ သတိမထားမိခဲ့ချေ။
"မိန်းခလေး... အကူအညီ လိုအပ်ပါသလား"
စိတ်သဘောထား နူးညံ့ပုံပေါက်သည့် လူတစ်ယောက်က စူးယောင်ကွမ်း၏ ရှေ့သို့ ရောက်လာခဲ့သည်။
စူးယောင်ကွမ်းအတွက် ထိုမျှအရွယ်ကြီးမားသည့် အမျိုးသားတစ်ယောက်ကို ကျောပိုးထားရသည်က ပြဿနာ မရှိသော်လည်း ကျိုးဝမ်ရှူက အရပ်ရှည်လွန်းသည်။ ယခု သူမ သူ့ကို သယ်ဆောင်ထားချိန်၌ အခြားသူများ၏ အမြင်တွင် တောင်ငယ်လေးတစ်လုံးကို ထမ်းထားသည့် ပဲပင်ပေါက်လေးကဲ့သို့ ဖြစ်နေလေသည်။
သူမက စကားပြောနေသူကို သိချင်သောကြောင့် ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် သူမရှေ့မှ လူကလည်း အလွန်ရှည်နေသောကြောင့် သူမ၏လည်ပင်းကို အပေါ်သို့ ဆန့်ထုတ်ပြီး ကြည့်လိုက်ရသည်။
"မလိုပါဘူး၊ ကျွန်မပဲ သူ့ကို အိမ်ပြန်ခေါ်သွားလိုက်ပါ့မယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"မမလေး၊ သူက ကျွန်တော်တို့ရဲ့ ဆိုင်ပိုင်ရှင်ပါ"
စားပွဲထိုးလေးက မိတ်ဆက်ပေးလိုက်သည်။
"ဒီလူငယ်လေးက အရက်တွေ အများကြီး သောက်ထားပုံရတယ်။ ဒီအတိုင်း ကျောပိုးသွားရင် မိန်းခလေး ပင်ပန်းနေမှာပေါ့။ စားပွဲထိုး တစ်ယောက်လောက်ကို အိမ်ပြန်ပို့ခိုင်းလိုက်ရမလား"
စားပွဲထိုးလေး၏ အရှင်သခင်ဖြစ်သူ ကျန်းကျီချမ့်က အကြံပေးလိုက်သည်။
ထိုအချိန်တွင် ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ လည်ပင်းကို ပွတ်သပ်နေသောကြောင့် သူမ ယားယံပြီး အနေရခက်နေခဲ့သည်။
စူးယောင်ကွမ်းက သူတစ်ပါးကို အားနာတတ်သော်လည်း ဤအခြေအနေတွင် သူတစ်ပါး၏အကူအညီဖြင့် အိမ်ပြန်ခြင်းက ပိုအဆင်ပြေမည်ဟု တွေးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် သူဌေး။ သူဌေးက ဒီလောက် စိတ်သဘောထားကောင်းမွန်မှတော့ ဒီဆိုင် ဒီလောက် ရောင်းကောင်းနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး"
စူးယောင်ကွမ်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းခလေး"
ကျန်းကျီချမ့်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
စားပွဲထိုးလေးက ရထားလုံးတစ်စီး ခေါ်လာပြီး ရပ်လိုက်ကာ ကျိုးဝမ်ရှူကို ရထားလုံးပေါ်သို့ တင်ပေးလိုက်သည်။
စူးယောင်ကွမ်းကလည်း ထိုရထားလုံးပေါ်သို့ လိုက်တက်သွားခဲ့သည်။ သူမ ထိုင်လိုက်သည်နှင့် ရထားလုံးနံရံကို မှီထိုင်နေသည့် ကျိုးဝမ်ရှူက ချက်ချင်းဆိုသလို သူမ၏ပခုံးပေါ်သို့ ခေါင်းမှီချလိုက်သည်။
"အော့..."
သူက အန်ချင်သည့်အမူအရာကိုလည်း ပြုလုပ်လာခဲ့သည်။
စူးယောင်ကွမ်းက သူမ၏ လက်ကိုင်ပဝါကို အမြန် ထုတ်လိုက်ပြီး သူ၏ပါးစပ်ကို အုပ်လိုက်ကာ အလောတကြီး လှမ်းပြောလိုက်သည်။
"အန်ချင်ရင် ဒီထဲမှာ အန်လိုက်..."
ကျိုးဝမ်ရှူက မူးဝေနေသည့်ကြားမှ သူ့မျက်လုံးကို မှေးစင်းပြီး ပြန်ကြည့်လာခဲ့သည်။ စူးယောင်ကွမ်းကို မြင်လိုက်ရသည့်အခါ သူက သူမ၏ ပါးပြင်ကို ဆွဲညှစ်လိုက်သည်။
"ဘာလို့ 'ပေါင်ဇီ'က စကားပြောနိုင်တာလဲ"
(ပေါင်ဇီ = ပေါက်စီကို ပြောတာပါနော်)
စူးယောင်ကွမ်းက သူ့ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။
"တကယ်ကို... အရက်မသောက်တတ်တာပဲ။ နောက်တစ်ခါဆိုရင် အရက်ခွက်ကိုတောင် အထိမခံတော့ဘူး"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ဖက်ထားပြီး သူမ၏လည်ပင်းကို ပွတ်သပ်နေပြန်သည်။
"မင်းရဲ့ ရနံ့လေးက မွှေးလိုက်တာ..."
စူးယောင်ကွမ်းတစ်ယောက် သူမ အမွှေးအမျှင်ထူထပ်သော ကြောင်ကြီးတစ်ကောင်ကို ဖက်ထားရသလို ခံစားနေရသည်။ သူက သူမကို ခေါင်းနှင့် တိုးဝှေ့ပွတ်သပ်နေသောကြောင့် အလွန်ယားယံနေစေသည်။
ရထားလုံးက စတင်ရွေ့လျားသွားသည်။
ကျိုးဝမ်ရှူက သူမကို ပိုတင်းကျပ်စွာ ဖက်တွယ်လာပြီး ရုတ်တရက် ငိုချလိုက်သည်။
"ဘာဖြစ်ပြန်တာလဲ"
စူးယောင်ကွမ်းကတော့ သူမ၏ခေါင်းတစ်ခုလုံး တစစ်စစ် ကိုက်လာသလို ခံစားလိုက်ရသည်။
"လည်ချောင်းတွေ အရမ်းနာတယ်၊ ငါ သေတော့မှာလား"
စူးယောင်ကွမ်း : "..."
'အရက်သောက်လိုက်လို့ အရက်ရှိန်ကြောင့် လည်ချောင်းနာတာများ ဖြစ်နေမလား'
"မင်းက ဘယ်သူလဲ"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းအနားကို တိုးကပ်လာပြီး အကြည့်မလွှဲဘဲ စူးစိုက်ကြည့်နေကာ မေးနေပြန်သည်။ သူ့မျက်လုံးများကတော့ အာရုံစူးစိုက်မှု မရှိသလို မှုန်ဝါးနေလေသည်။
"ငါက နင့်ရဲ့ အစ်မလေ"
စူးယောင်ကွမ်းက သူ မူးနေချိန်တွင် ဘာပြောပြော နားဝင်မည်မဟုတ်မှန်း သိသဖြင့် စနောက်လိုက်သည်။
သူ့၏ နူးညံ့ပြီး ချစ်စရာကောင်းသော အမူအရာကို မြင်နေရသောကြောင့် သူမ၏ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
"အစ်မလို့ ခေါ်ကြည့်လေ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ခေါ်ပါ၊ တစ်ခွန်းလောက် ကြားချင်လို့"
"မခေါ်ဘူး"
"မမလို့ ခေါ်ရင် နင့်ကို မုန့်ဖိုးပေးမယ်လေ"
စူးယောင်ကွမ်းက ရင်ဘတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး သူ့ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
" 'မမ' တစ်ခါလို့ ခေါ်ရင် တစ်ခါပေးမယ်..."
ကျိုးဝမ်ရှူက သူမကို ဖက်ထားရင်း ခေါ်လိုက်သည်။
"မမ... မမ... မမ..."
စူးယောင်ကွမ်း : "..."
'သူ တကယ်ပဲ မူးနေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား'
ကျိုးဝမ်ရှူက 'မမ' ဟု ရှည်လျားစွာ ခေါ်ပြီးနောက် သူ့လက်ဝါးကို ဖြန့်လိုက်သည်။
"လျန်ငါးဆယ်..."
စူးယောင်ကွမ်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ကြေးပြားငါးဆယ် ထုတ်ယူကာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"ရော့၊ ကြေးပြားငါးဆယ်။ လျန်ငါးဆယ်လိုချင်တယ်ပေါ့ ဟုတ်လား၊ ဘာလို့ သူများဆီက သွားမလုတာလဲ"
ကျိုးဝမ်ရှူက သူ့လက်ထဲမှ ကြေးပြားငါးဆယ်ကို ငေးကြည့်နေပြီး မျက်ရည်များ ဝဲလာပြန်သည်။
စူးယောင်ကွမ်းက အံ့ဩတကြီး ထပ်မေးလိုက်သည်။
"ဘာဖြစ်ပြန်တာလဲ"
ကျိုးဝမ်ရှူက ကြေးပြားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မျက်ရည်များဖြင့် ပြန်ဖြေနေခဲ့သည်။
"ငါ့မှာ ပိုက်ဆံရှိသွားပြီ၊ ငါ ဗိုက်ဆာတော့မှာ မဟုတ်တော့ဘူး၊ ကျေးဇူးတင်ပါတယ် မမ"
စူးယောင်ကွမ်း : "..."
'ဘာလို့ ငါ့ရင်ထဲမှာ ဒီလောက်တောင် နာကျင်သွားရတာလဲ'
သူမက သူ့ဆံပင်များကို အသာပွတ်သပ်ပေးရင်း ချော့မော့လိုက်သည်။
"လိမ္မာတယ်နော်၊ နောက်ဆို နင် ဗိုက်ဆာအောင် မထားပါဘူး"
ကျိုးဝမ်ရှူက ကြေးပြားတစ်ခုကို မြှောက်ပြီး ကိုက်ကြည့်နေပြန်သည်။
စူးယောင်ကွမ်း သူ့ကို တားလိုက်သည်။
"ဘာလုပ်တာလဲ"
"ကိုက်လို့ မရဘူး"
ကျိုးဝမ်ရှူက သူမကို မျက်စောင်းထိုးလိုက်ပြီး မျက်လုံးနီနီလေးဖြင့် ပြန်ပြောနေသည်။
"ဒါ အတု"
စူးယောင်ကွမ်း : "..."
ရထားလုံးအပြင်ဘက်မှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
စူးယောင်ကွမ်းတစ်ယောက် ပို၍ ရှက်ရွံ့သွားရသည်။
ရထားလုံးမောင်းနေသည့် စားပွဲထိုးလေးက လှမ်းပြောလိုက်သည်။
"စိတ်မပူပါနဲ့ မမလေး။ မမလေးရဲ့ မောင်လေးက အရက်မူးရင် နည်းနည်းဆူညံပေမဲ့ တကယ်တမ်းတော့ ဒါက တော်တော် ညင်သာပါတယ်။ ကျွန်တော်တို့ဆိုင်မှာ အရက်မူးရင် ကတတ်တဲ့သူတွေ ရှိတယ်၊ ကရင်းနဲ့ အဝတ်အစားတွေပါ ချွတ်တတ်ကြတာ။ နောက်တစ်ယောက်က ကဗျာတွေ ရွတ်တာ၊ ဒါပေမဲ့ သူက စာသိပ်မဖတ်ဖူးတော့ နားထောင်လို့ မကောင်းဘူး။ တခြားတစ်ယောက်ကလည်း လက်ဝှေ့ထိုးချင်တာမျိုးတွေ ရှိတတ်တယ်။ တိုတိုပြောရရင် လူတွေက မူးလာရင် ထူးဆန်းတဲ့အမူအရာတွေ အမျိုးမျိုး ရှိတတ်ပါတယ်။ မမလေးရဲ့ မောင်လေးကတော့ ချစ်ဖို့ ကောင်းပါတယ်"
စူးယောင်ကွမ်း သူမ၏နားထင်ကို ဖိနှိပ်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်"
စားပွဲထိုးလေးက စူးယောင်ကွမ်းတို့နှစ်ယောက်ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး နောက်ထပ်အကူအညီ လိုအပ်သေးသလားဟု မေးမြန်းပြီးမှ ရထားလုံးကို မောင်းနှင်ထွက်ခွာသွားတော့သည်။