← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း ၉၅ မူးယစ်ခြင်း

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းစေခဲ့သည်။ သူ မျက်လုံးများ မှိတ်သွားသည်နှင့် စူးယောင်ကွမ်းလည်း သူ့အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

ဆိုင်၏ အနောက်ဘက်တွင် အခန်းငါးခန်း ရှိသည်။ ကျိုးဝမ်ရှူ၏အခန်းက ညာဘက်အစွန်ဆုံးတွင် ဖြစ်ပြီး စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့၏ အခန်းဘေးတွင် တည်ရှိသည်။

ကျိုးဝမ်ရှူကို အိပ်ရာဝင်စေပြီးနောက် စူးယောင်ကွမ်းတစ်ယောက် သူမ၏ကိုယ်ပေါ်မှ အရက်နံ့များကြောင့် စိတ်မသက်မသာ ဖြစ်နေမိသည်။ ထို့ကြောင့် ရေချိုးရန် ရေနွေးတည်လိုက်သည်။

အချိန်က စောနေသေးပြီး စာရင်းဇယားများ ပြန်စစ်ရန် ရှိနေကာ အိပ်ယာစောစောဝင်ရန် မရည်ရွယ်ထားသောကြောင့် သူမက ခေါင်းကိုပါ တခါတည်း လျှော်လိုက်သည်။ ဆံပင်ကို တစ်ဝက်ခန့် အခြောက်ခံပြီးနောက် အရှေ့ခန်းသို့ သွားကာ စာရင်းစာအုပ်များကို ယူဆောင်လာပြီး အခန်းထဲ၌ အလုပ်ပြန်လုပ်နေလိုက်သည်။

စူးယောင်ကွမ်း ပေသီးခုံကို ကျွမ်းကျင်စွာ အသုံးပြုပြီး တွက်ချက်နေစဉ်တွင် ဘေးအခန်းမှ တစ်စုံတစ်ခု ပြုတ်ကျသံများ ထွက်ပေါ်လာခဲ့သည်။ သူမလည်း အလုပ်ကို ရပ်တန့်လိုက်ပြီး သွားရောက်ကြည့်ရှုလိုက်သည်။

သူမ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ကျိုးဝမ်ရှူတစ်ယောက် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်လျက် ငေးမောနေသည်ကို တွေ့လိုက်ရသည်။ စူးယောင်ကွမ်းကို မြင်သည်နှင့် သူက ဝမ်းနည်းသံဖြင့် ပြောလာခဲ့သည်။

"ဘာလို့ ကျွန်တော့် ကုတင်ကို ယူသွားတာလဲ"

စူးယောင်ကွမ်း : "..."

'ဒါက ဘယ်တော့မှ ပြီးဆုံးတော့မှာလဲ...'

‘အရက်ခွက်ကလည်း သေးသေးလေးပါ၊ တစ်ဝက်လောက်ပဲ သောက်တာတောင် သူက ဘာလို့ ဒီလောက်အထိ မူးနေရတာလဲ။’

သူမ သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး သူ့ဆံပင်များကို ပွတ်သပ်ပေးကာ နူးညံ့သော အသံဖြင့် ချော့မော့လိုက်သည်။

"ကုတင်ဆီ ပြန်ပို့ပေးမယ်၊ မြန်မြန်ထတော့"

ကျိုးဝမ်ရှူက ထလာပြီး စူးယောင်ကွမ်း၏ ခေါ်ဆောင်ရာအတိုင်း ကုတင်ဆီသို့ ပြန်ရောက်လာခဲ့သည်။ စောင်ခြုံပေးလိုက်သည်နှင့် သူက စူးယောင်ကွမ်း၏ လက်ချောင်းကို တင်းတင်းဆုပ်ကိုင်ထားရင်း မျက်လုံးများ ဖြည်းညင်းစွာ မှိတ်သွားခဲ့သည်။

"အရက်တစ်ငုံလေးသောက်ပြီး ဒီလောက်ထိ ဒုက္ခပေးမယ်မှန်းသိရင် နင့်ကို တစ်စက်တောင် အထိမခံပါဘူး။ နောက်ဆိုရင် အရက်ကို အဝေးကြီးကနေ ရှောင်နေတော့"

စူးယောင်ကွမ်းက အိပ်ပျော်သွားသည့် ကျိုးဝမ်ရှူကို ကြည့်ရင်း ဆူပူလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူသံများ ထွက်ပေါ်လာပြီး အခြားသူများ ပြန်ရောက်လာကြပုံရသည်။ စူးယောင်ကွမ်းက သူမ၏လက်ချောင်းများကို ဆွဲထုတ်လိုက်ပြီး ကျိုးဝမ်ရှူကို စောင် ထပ်ခြုံပေးကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ကျန်းကျောက်တိက စူးယောင်ကွမ်း ကျိုးဝမ်ရှူ၏ အခန်းထဲမှ ထွက်လာသည်ကို မြင်သွားပြီး ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

"ဝမ်ရှူကို နောက်ထပ် အရက် သောက်ခွင့်မပေးတော့ဘူး။ တစ်ငုံလေးသောက်တာနဲ့တင် ဟူး... သူ သတိလွတ်နေပြီ"

"ဒီကလေးက ဘာလို့ အရက်ဒဏ်ကို ဒီလောက် မခံနိုင်ရတာလဲ"

ကျန်းကျောက်တိက အထင်သေးသည့်အကြည့်ဖြင့် ဆက်ပြောနေသေးသည်။

"ယောက်ျားသားတစ်ယောက်က အရက်မသောက်တတ်လို့ ဘယ်ဖြစ်မလဲ။ နင့်အဖေဆိုရင် တစ်ခါတည်းနဲ့ အရက်အိုးကြီးတစ်လုံးလုံး ကုန်အောင် သောက်နိုင်တယ်"

စူးယောင်ကွမ်း : "... အမေ၊ ဒါက ဂုဏ်ယူစရာ ကိစ္စမဟုတ်ဘူးလေ'

"ဘာလို့ မဟုတ်ရမှာလဲ။ နင့်အဖေကမှ တကယ့်ယောက်ျားပီသတာ"

ကျန်းကျောက်တိက ဆက်ပြောလိုက်သည်။

"ထားပါတော့၊ ဒီကလေးက ငယ်သေးတာပဲ။ အခုက ပထမဆုံးအကြိမ် သောက်ဖူးတာဆိုတော့ နောက်ပိုင်းကျရင် အဆင်ပြေသွားမှာပါ"

"ကျန်တဲ့သူတွေကရော..."

"နင့်ရဲ့ ဦးလေးနဲ့ အဒေါ်တို့က နောက်ကနေ လိုက်လာကြလိမ့်မယ်။ သူတို့ကို စောင့်မနေတော့ဘူး။ ချွန်းနီနဲ့ သူ့အမေကတော့ တံခါး သေသေချာချာ ပိတ်ထားလားဆိုတာ သွားစစ်နေကြတယ်။ သူတို့နှစ်ယောက်ကတော့ အပိုတွေ လျှောက်တွေးပြီး ပူပန်တတ်လွန်းတယ်။ တံခါးကို ငါကိုယ်တိုင် ပိတ်ထားတာပဲ၊ ဘယ်လိုလုပ် မပိတ်မိဘဲ ရှိမှာတုန်းအေ"

ကျန်းကျောက်တိက စိတ်မရှည်သံဖြင့် ‌ရေရွတ်နေဆဲပင်။

"ကျင့်အာကလည်း ငါ့ကို မျက်နှာသစ်၊ ခြေထောက်ဆေးမယ်ဆိုပြီး ရေနွေးသွားယူဖို့ ထွက်သွားတယ်။ ငါ့သမီးကတော့ လူရွေးတတ်လိုက်တာ။ ပထမတစ်ခါ ဝယ်လာတဲ့ ခင်ပွန်းကလည်း ရုပ်ရည်ချောမောတယ်၊ အခု ဒုတိယတစ်ခါ ခေါ်လာတဲ့ မွေးစားသမီးလေးကလည်း သဘောကောင်းပြီး ဂရုတစိုက် ရှိတယ်"

ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ ပြန်ရောက်လာပြီး တံခါးကို သေချာပိတ်ခဲ့ကြောင်း ပြောပြနေကြသည်။ ကျားချွန်းနီက စူးယောင်ကွမ်း၏ လက်ကို တွဲထားရင်း မီးပုံးပွဲတော်က မည်မျှ လှပကြောင်း၊ မနက်ဖြန်ည၌ မဖြစ်မနေ သွားကြည့်သင့်ကြောင်း စိတ်လှုပ်ရှားစွာ ပြောပြနေသည်။

"မနက်ဖြန် လူတွေ အများကြီး မလာတော့ဘူးဆိုပေမဲ့ အားအင်အပြည့်နဲ့ ရှိနေဖို့ လိုသေးတယ်၊ အခုတော့ သွားနားကြပါဦး"

စူးယောင်ကွမ်းက အပြုံးဖြင့် တိုက်တွန်းလိုက်သည်။

"ဒါနဲ့… ဒီနေ့ ဘယ်လောက်ရောင်းရလဲ"

ကျန်းကျောက်တိက စပ်စုလိုက်သည်။

"သမီး စာရင်းမပိတ်ရသေးဘူး"

"ငါ မအိပ်သေးဘူး။ နင် စာရင်းပိတ်ပြီးတဲ့အထိ စောင့်နေမယ်"

ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ကလည်း ယနေ့ မည်မျှရောင်းရသည်ကို သိချင်နေကြသော်လည်း သူတို့က သူဌေး မဟုတ်သဖြင့် မေးမြန်းရန် အားနာနေကြသည်။ နောက်ဆုံးတွင် သူမတို့လည်း အိပ်ငိုက်လာပြီဟု ဆိုတာ သူမတို့၏ အခန်းဆီသို့ ပြန်သွားကြသည်။

ကျန်းကျင့် ရေနွေးပူပူ လာပို့ပေးချိန်တွင် ကျန်းကျောက်တိကို သူမ၏အခန်းထဲ၌ မတွေ့ရဘဲ ဘေးအခန်းမှ စကားပြောသံများ ကြားလိုက်ရသဖြင့် ရေနွေးကို စူးယောင်ကွမ်း၏အခန်းထဲသို့ သယ်လာခဲ့သည်။

"ဒီလောက်တောင်လား"

စူးယောင်ကွမ်း ပြောပြလိုက်သည့် ပမာဏကို ကြားလိုက်ရသည့် ကျန်းကျောက်တိက အံ့ဩသွားပြီး စိတ်လှုပ်ရှားလွန်းသောကြောင့် အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေရှာသည်။

"အိုက်ယား၊ တစ်ရက်တည်းနဲ့ လျန်ရှစ်ရာ့ငါးဆယ်တောင် ရောင်းရတယ်ပေါ့"

"ဒါက ရောင်းရတဲ့ စုစုပေါင်းပမာဏပါ။ ကုန်ကြမ်းစရိတ်တွေ၊ သယ်ယူစရိတ်တွေ၊ သမီးတို့အတွက် လုပ်အားခ၊ ဆိုင်ငှားခနဲ့ နေ့စဉ်စားသောက်စရိတ်တွေကို နုတ်ရဦးမယ်။ ပြီးတော့ ဒီနေ့ လူတွေအများကြီးလာတော့ အလကားပေးလိုက်တာတွေကလည်း အများကြီးပဲ၊ အဲ့ဒါတွေကိုလည်း စာရင်းထဲ ထည့်ရမယ်။ နောက်ပြီး အမြတ်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုလည်း ဝန်ထမ်းတွေအတွက် အပိုဆုကြေးအဖြစ် ခွဲပေးဖို့ ပြောထားတော့ အဲ့ဒါကိုလည်း နုတ်ရဦးမယ်။ အကုန်လုံး နုတ်ပြီးရင်တော့ သမီးတို့ အသားတင် လျန်သုံးရာလောက်ပဲ ကျန်လိမ့်မယ်"

"ငါတော့ ယုံတောင် မယုံနိုင်တော့ဘူး"

ကျန်းကျောက်တိက သူမကိုယ်သူမ ဆိတ်ကြည့်လိုက်သည်။

"အိုက်ယား... နာလိုက်တာ၊ ဒါဆို အိပ်မက် မဟုတ်ဘူးပဲ"

"မွေးစားအမေ... ဒါက အိပ်မက် မဟုတ်ပါဘူး။ ဒီတေ့ ဆိုင်ဖွင့်ပွဲအတွက် ကျွန်မတို့ ဘယ်လောက်တောင် ပင်ပန်းခဲ့ကြလဲ။ မနက်ဖြန် ဒီလောက်အထိ လျှော့ဈေးမပေးတော့ဘူးဆိုတော့ ဒီနေ့လောက် ရောင်းရဖို့ မလွယ်တော့ဘူး"

"ဒါဆို မနက်ဖြန်လည်း လျှော့ဈေးပဲ ဆက်ပေးလိုက်ရင်ရော"

ကျန်းကျောက်တိက အကြံပေးလိုက်သည်။

"ဈေးနည်းနည်းနဲ့ ရောင်းရင်တောင် အမြတ်ရနေတာပဲဟာ၊ ဈေးလျော့ရောင်းလိုက်ရင် ပစ္စည်းတွေ ပိုမြန်မြန်ကုန်ပြီး ပိုရောင်းရမှာ မဟုတ်ဘူးလား"

"မနက်ဖြန်မှာ သုံဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမယ်ဆိုရင်တောင် လူသိပ်များတော့မှာ မဟုတ်ဘူး။ ဒီနေ့က အပျော် ကြည့်ချင်သူတွေ အကုန်လာခဲ့ကြပြီးပြီလေ။ မနက်ဖြန်ကျရင်တော့ သတင်းကို နောက်ကျမှ သိလိုက်ရတဲ့ ဝယ်သူတွေပဲ ကျန်တော့မှာ။ ဒီအလှကုန်ပစ္စည်းတွေက အစားအစာတွေလို တစ်ခါစားလိုက်တာနဲ့ ကုန်သွားတာမျိုး မဟုတ်ဘူး။ တစ်ခါဝယ်ထားရင် တစ်လ၊ နှစ်လလောက် သုံးလို့ရတယ်၊ သေသေချာချာ သုံးတတ်တဲ့သူဆိုရင် ခြောက်လလောက်အထိ အသုံးခံနိုင်တယ်။ သမီးတို့ ဈေးကို ဒီထက်ပိုပြီး လျှော့လို့ မရတော့ဘူး။ ဒီနေ့ လူတွေအများကြီးရှေ့မှာ တစ်ရက်ပဲ လျှော့ဈေးပေးမယ်လို့ ပြောထားပြီးသား၊ ပြောထားတဲ့အတိုင်းပဲ လုပ်ရမယ်၊ စကားကို ပြန်ရုပ်သိမ်းလို့ မရဘူး"

"ဒီနေ့ ရထားတဲ့ ပမာဏကလည်း သမီးတို့အတွက် နောက်ထပ် ခြောက်လစာ လောက်ကို လုံလောက်နေပါပြီ မွေးစားအမေရဲ့။ စိတ်မပူပါနဲ့၊ မနက်ဖြန် ဒီနေ့လောက် လူမများရင်တောင် ဝယ်သူတွေတော့ ရှိနေဦးမှာပါ။ ဒါတင်မကသေးဘူး၊ ယောင်ကွမ်းရဲ့ မျက်နှာချေလိမ်းခြယ်တဲ့ လက်ရာက လူတော်တော်များများကို စိတ်ဝင်စားသွားစေတယ်။ သူ့ဆီမှာ မျက်နှာချေပြင်ချင်တဲ့သူတွေ ရောက်လာတာနဲ့ တံခါးဝမှာ လူစည်ကားနေမှာ သေချာတယ်"

"နင် ပြောမှပဲ ငါ သတိထားမိတော့တယ်။ ငါက လက်ချောင်းလေးတွေ မသန်တော့ နင် ပြောတဲ့ မျက်နှာချေလိမ်းခြယ်နည်းကို သင်နိုင်ပါ့မလား မသိဘူး၊ ဒါပေမဲ့ နင့်ရဲ့ ဝမ်းကွဲလေးကတော့ လိမ္မာပါးနပ်တယ်။ နင်သာ သူ့ကို သင်ပေးလိုက်ရင် နောက်ပိုင်း နင့်ရဲ့ လုပ်ငန်းကို ကူညီပေးနိုင်မှာ သေချာတယ်"

"သမီးလည်း အဲ့ဒီလိုပဲ တွေးထားတာပါ။ ကျင့်အာကတော့ ဆေးဖက်ဝင်အပင်တွေအကြောင်း အသိဆုံးဆိုတော့ သူနဲ့ သမီးက ဆေးနည်းအသစ်တွေ စမ်းသပ်ဖန်တီးဖို့ တာဝန်ယူမယ်။ အမေကတော့ ဆိုင်ကိစ္စတွေကို ကြည့်ပေးပေါ့။ ဦးလေးက ငွေစာရင်းကို ဆက်ကိုင်တွယ်လိမ့်မယ်၊ တတိယဒေါ်လေးက စကားပြောကောင်းတော့ ဝယ်သူတွေကို ဧည့်ခံဖို့ တာဝန်ယူသင့်တယ်။ ဒုတိယဒေါ်လေးကတော့ ဝယ်သူတွေကို ဧည့်ခံတဲ့အခါ ဝိုင်းကူပေးပေါ့၊ သူက နည်းနည်း ရှက်တတ်တော့ တတိယဒေါ်လေးက ပိုပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးရမယ်။ ချွန်းနီကတော့ ကျွန်မဆီကနေ မျက်နှာချေလိမ်းတဲ့ ပညာကို သင်ယူလိမ့်မယ်၊ ဒါဆိုရင် မျက်နှာချေပြင်ချင်တဲ့ ဝယ်သူတွေကို သူမ တာဝန်ယူပေးနိုင်မယ်။ ပြီးတော့ မိသားစုရဲ့ ထမင်းဟင်းချက်တဲ့ကိစ္စ... အခုလောလောဆယ်တော့ ဒုတိယဒေါ်လေးနဲ့ ချွန်းနီကိုပဲ အကူအညီတောင်းရဦးမယ်၊ သူတို့ရဲ့ ပင်ပန်းမှုအတွက် တစ်ရက်ကို ဆယ်ပြားစီ ထပ်ပေးပါမယ်"

"နင့်ရဲ့ ဒုတိယဒေါ်လေးနဲ့ ချွန်းနီတို့က အဲ့ဒီလို လူစားမျိုးတွေ မဟုတ်ပါဘူး၊ နင် ပေးမယ့် အပိုဆုကြေးကို သူတို့ ယူမှာ မဟုတ်ဘူး။ အမြဲတမ်း ချက်နေရမှာမှ မဟုတ်တာ၊ အလှည့်ကျ ချက်ကြတာပေါ့။ နင့်ဦးလေးကတော့ ကျန်းမာရေး မကောင်းဘူး။ သူ ချက်ဖို့ မလိုဘူး။ ငါက နင့်ရဲ့ ဒေါ်လေးငယ်နဲ့ အတူတူ ချက်ပြုတ်ပေးမယ်၊ ဒုတိယဒေါ်လေးက ချွန်းနီနဲ့ အတူချက်လိမ့်မယ်၊ ပြီးရင် နင်နဲ့ ကျင်းအာက အတူတူ ချက်ပြုတ်ကြ၊ သုံးဖွဲ့ အလှည့်ကျ ချက်ကြတာပေါ့။ တတိယညီမနဲ့ ငါ ချက်တဲ့ရက်မှာ ကျန်တဲ့သူတွေက သန့်ရှင်းရေးလုပ်ကြပေါ့၊ ဖြစ်တယ်မလား"

ကျန်းကျောက်တိက အကြံပြုလိုက်သည်။

"ဒီလောက် လူများနေတာ ဘယ်လိုလုပ် ဗိုက်ဆာနေရမှာလဲ။ အိမ်ရှေ့နဲ့ နောက်ဖေးက ကျယ်သလိုပဲ ရှိတာ၊ အလုပ်ကို ခွဲလုပ်လိုက်ရင် တစ်ယောက်ချင်းစီ လုပ်ရမယ့် အလုပ်က သိပ်မရှိပါဘူး"

"အမေက တကယ့်ကို ထက်မြက်တာပဲ၊ အရာအားလုံးကို သေသေသပ်သပ် စီစဉ်ပေးလိုက်ပြီ။ အမေ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ နောက်ပိုင်း ပင်ပန်းလွန်းလာရင် ဒါမှမဟုတ် အလုပ်တွေ အရမ်းရှုပ်လာရင်တော့ လူငှားဖို့ စဉ်းစားကြတာပေါ့"

အခန်း ၉၆ တောင်းပန်ခြင်း

ကျိုးဝမ်ရှူ မီးဖိုချောင်ထဲသို့ ရောက်လာချိန်တွင် စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့က မုန့်ပေါင်းနှင့် ဖက်ထုပ်များအား ပန်းကန်ထဲ ထည့်နေသည်ကို မြင်လိုက်ရသဖြင့် ကူညီပေးရန် ပြင်ဆင်လိုက်သည်။

စူးယောင်ကွမ်းက သူ့ကို မြင်သွားပြီး ခန့်မှန်းရခက်သော အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ကြည့်ရတာ ကောင်းကောင်းအနားယူခဲ့ရပုံပဲ၊ နင့်မျက်နှာက လန်းဆန်းနေပြီ"

ကျိုးဝမ်ရှူက မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို တစ်ခုမှ မမှတ်မိတော့သဖြင့် သူမကို ပြန်မေးလိုက်သည်။

"ကျွန်တော် ဘယ်လိုပြန်ရောက်လာတာလဲ"

"ဘယ်လို ပြန်ရောက်ရမှာလဲ၊ ငါပဲ ထမ်းပြီး ပြန်ခေါ်လာတာပေါ့"

စူးယောင်ကွမ်းက မုန့်ပေါင်းနှင့် ဖက်ထုပ်များကို စားပွဲပေါ်တင်လိုက်ပြီး ယာဂုခပ်ရန် ပြင်လိုက်ပြန်သည်။

ကျိုးဝမ်ရှူက သူ့ကိုယ်သူ တစ်ချက်ကြည့်လိုက်ပြီးမှ စူးယောင်ကွမ်းကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ခင်ဗျားက ကျွန်တော့်ကို ထမ်းလာတာလား"

"ဒါဆို နင်က ငါ့ကို ထမ်းလာနိုင်လို့လား"

စူးယောင်ကွမ်းက သူမ၏လက်ထဲမှ အလုပ်ကို ရပ်လိုက်ပြီး ကျိုးဝမ်ရှူ၏ ပါးကို ဆွဲညှစ်လိုက်သည်။

"နင် မူးနေတဲ့အချိန်မှာ နင် ဘယ်လောက်တောင် ပူညံပူညံ လုပ်ခဲ့တယ်ဆိုတာ နင် သိရဲ့လား။ ပြောထားမယ်နော်၊ နောက်ဆို သေရည်ကို တစ်စက်လေးတောင် မသောက်ရဘူး၊ ကြားလား"

ကျိုးဝမ်ရှူက သူမ၏လက်ကို ခါချလိုက်ပြီး မျက်မှောင်ကြုတ်ကာ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အသည်းအသန် ပြန်စဉ်းစားနေခဲ့သည်။ သို့သော် သူ၏ ဦးနှောက်ထဲတွင် ဗလာဖြစ်နေပြီး ဘာတစ်ခုမှ သတိမရတော့ပေ။

စူးယောင်ကွမ်းက သူ့ကို စနောက်ချင်စိတ်ဖြင့် မုန့်ပေါင်းတစ်လုံးကို ကိုင်ထားရင်း မနေ့ညက သူ ပြောခဲ့သည့်လေသံကို အတုယူကာ ထပ်ပြောပြလိုက်သည်။

"ဘာလို့ 'ပေါင်ဇီ'က စကားပြောနိုင်တာလဲ၊ အား.... ငါ့လည်ချောင်းတွေ နာလိုက်တာ၊ ငါ သေရတော့မှာလား"

ကျိုးဝမ်ရှူတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး ထိုအခိုက်အတန့်တွင် မနေ့ညက အပိုင်းအစများက ရုတ်တရက် သူ၏ ဦးနှောက်ထဲသို့ ရောက်လာပြီး ပိတ်ဆို့နေသည့်အရာတစ်ခု ရုတ်တရက် ပွင့်သွားသလို ဖြစ်သွားခဲ့သည်။ စူးယောင်ကွမ်း ပြောပြလိုက်သည့်အရာများသာမက သူမ မပြောပြသေးသည့် အရာများကိုပါ သတိရလာသွားခဲ့သည်။

....မမ၊ မမ၊ မမ

...လျန်ငါးဆယ်

...ဘာလို့ ငါ့ကုတင်ကို ခိုးသွားတာလဲ

သူမရှေ့မှ လူငယ်လေး ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် စူးယောင်ကွမ်းက သူ့မျက်စိရှေ့၌ လက်ဝေ့ယမ်းပြလိုက်သည်။

"နင် အခုထိ မနိုးသေးဘူးလား။ အိုက်ယား... အရက်လေးတစ်ငုံလောက်နဲ့တင် ရူးသွားတာလား၊ အဲ့ဒီအရက်က အဆိပ်များ ဖြစ်နေတာလား"

ကျိုးဝမ်ရှူကတော့ မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်သွားသည်။

"ကျွန်... ကျွန်‌တော် တူတွေ သွားယူလိုက်ဦးမယ်"

‘ငါ နောက်ထပ် အရက်မသောက်တော့ဘူး’

‘နောက်တစ်ခါ ထပ်သောက်မိရင် ငါ တကယ့်ကို... တကယ့်ကို အရူးဖြစ်သွားလိမ့်မယ်’

‘မနေ့ညက ငါ မပြောသင့်တာတစ်ခုခုများ ပြောမိသွားသေးလား’

ကျိုးဝမ်ရှူက တူများကို ရေတွက်ရင်း မနေ့ညက အဖြစ်အပျက်များကို ပြန်စဉ်းစားနေခဲ့သည်။ အရှက်ရစရာကိစ္စလောက်ဆိုလျှင်တော့ သူ မမှတ်မိသလို ဟန်ဆောင်၍ ရနိုင်ပြီး မပြောသင့်သည့် တစ်ခုခုကို ပြောခဲ့မိလျှင်တော့ သူ ဤနေရာ၌ ဆက်နေရန် မဖြစ်နိုင်တော့ချေ။

သို့သော် သူ အချိန်တော်တော်ကြာ စဉ်းစားကြည့်သော်လည်း ဘာမှ မှတ်မိခြင်း မရှိတော့သဖြင့် သူ ဘာမှ ပြောမိမည်မဟုတ်ဟု တွေးလိုက်သည်။

"လူရှစ်ယောက်စာ တူတွေကို ရေတွက်တာက ဒီလောက်တောင် ကြာတယ်လား"

ကျိုးဝမ်ရှူ၏ဘေးသို့ ရောက်လာသော ကျန်းကျောက်တိက သူ့ကို သံသယဖြင့် ကြည့်ကာ လှမ်းပြောလိုက်သည်။

"မင်း အရက်နဲ့ လုံးဝ မတည့်ပုံပဲ။ တစ်ငုံလောက်သောက်တာနဲ့ တကယ့်ကို အရူးလို ဖြစ်သွားတာပဲ။ နောက်ထပ် နှစ်ငုံလောက်သာ ထပ်သောက်လိုက်ရင် ရက်အတော်ကြာအထိ အိပ်ရာထဲကနေ ထနိုင်မှာ မဟုတ်ဘူး"

"ဆရာ ပေးထားတဲ့ အိမ်စာတွေအကြောင်း ရုတ်တရက် သတိရသွားလို့ ခဏ သတိလွတ်သွားတာပါ"

ကျိုးဝမ်ရှူက ရှက်ရွံ့ဟန်ဖြင့် ပြန်ရှင်းပြလိုက်သည်။

"မင်း အလုပ်ရှုပ်နေတာဆိုရင်လည်း သွားလုပ်လေ။ ဆိုင်ကိစ္စကို ငါတို့ပဲ လုပ်လိုက်ပါ့မယ်၊ မင်း ကူစရာ မလိုပါဘူး"

ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။

"ကျွန်တော် အလုပ်မရှုပ်ပါဘူး။ ကျွန်တော်လည်း မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်ပါတယ်"

ကျိုးဝမ်ရှူ၏ စကားကြောင့် ကျန်းကျောက်တိတစ်ယောက် သူ့ကို ပိုသဘောကျသွားခဲ့သည်။

‘သူသာ အသက်နှစ်နှစ်လောက် ပိုကြီးနေရင် ငါတော့ အခုချက်ချင်း သူတို့ကို မင်္ဂလာပွဲ ကျင်းပပေးလိုက်ချင်ပြီ’

အချိန်က စောသေးသည်ဖြစ်ရာ ဆိုင်ကို အစောကြီး ဖွင့်စရာ မလိုသေးပေ။ အစောပိုင်း ဈေးသို့ ရောက်လာကြသူ အများစုက ဆင်းရဲသားများ သို့မဟုတ် ကုန်သည်များသာ ဖြစ်ကြပြီး သူတို့၏ ဝယ်သူများကတော့ ဤမျှ စောစောစီးစီး ရောက်မလာတတ်ကြပေ။

သို့သော်လည်း ကြိုတင်ပြင်ဆင်စရာများက ရှိနေသေးသည်။ ပထမဆုံး သူတို့၏ ဗိုက်များကို အရင် ဖြည့်ရပြီး ထို့နောက်တွင် ဆိုင်ကို အတွင်းရော အပြင်ပါ သန့်ရှင်းရေးလုပ်ကြရသည်။ နောက်ဆုံးတွင်တော့ ကုန်ပစ္စည်းများကို စနစ်တကျ စီစီရီရီ ပြန်ဖြည့်တင်းပြီး အရေအတွက်ကို ရေတွက်ကာ စာရင်းဇယားများ ပြုလုပ်ကြရသည်။

ကျိုးဝမ်ရှူက သုံးရက်ကြာ ပျောက်ကွယ်နေခဲ့ပြီး မနေ့ကမှ ပြန်ရောက်လာခြင်းဖြစ်သောကြောင့် ဆိုင်၏ လုပ်ငန်းများကို သိပ်မကျွမ်းကျင်သေးပေ။ မနေ့က နာရီအနည်းငယ်ကြာ လေ့လာခဲ့ပြီးနောက် ယနေ့တွင်တော့ အရောင်းစာရေးနေရာ၌ လုပ်ကိုင်ပေးနေရာ ငယ်ရွယ်သော အမျိုးသမီးဝယ်သူ အတော်များများကို ဆွဲဆောင်နိုင်ခဲ့သည်။

ယနေ့၏ ဝဘ်သူအရေအတွက်က မနေ့က၏ ထက်ဝက်ခန့်သာ ရှိသည်။ မနေ့က အရေပြားထိန်းသိမ်းသည့် ထုတ်ကုန်များအား ဝယ်ယူသူ ပိုများသော်လည်း ယနေ့တွင် မျက်နှာချေပြင်ဆင်လိုသူများ ပိုများနေခဲ့သည်။ မျက်နှာချေပြင်ရတာ၌ လှပသွားလျှင်တော့ မျက်နှာချေပစ္စည်း တစ်ခုခုကို မဝယ်ဘဲ မနေနိုင်ကြတော့ပေ။

စူးယောင်ကွမ်းက ကျားချွန်းနီကို သူမ၏ဘေးတွင် နေစေပြီး မျက်နှာချေပြင်ပေးပုံကို လေ့လာစေသည်။

နောက်ဆုံး မျက်နှာချေပြင်ပြီးသွားသည့် အမျိုးသမီးကို လိုက်ပို့ပေးပြီးနောက်တွင် ကျန်းကျောက်တိ ရောက်လာပြီး ပြောလာခဲ့သည်။

"ဒီနေ့ အခြေအနေကို ကြည့်ရသလောက်ဆိုရင် နောက်ပိုင်း ဆိုင်မှာ နှစ်ယောက်ပဲ ထားတော့မယ်။ ကျန်တဲ့သူတွေက နောက်ဖေးမှာ ကုန်ပစ္စည်းအသစ်တွေ ဆက်လုပ်ကြမယ်။ မနိုင်မနင်းဖြစ်နေပြီး အကူအညီလိုရင် အသံပေးလိုက်ပေါ့၊ နောက်ဖေးက လူတွေက လာကူညီလို့ ရနေတာပဲ။ ချွန်းနီကို မျက်နှာချေပြင်ပေးတာ သင်ပြီးသွားရင် နင်နဲ့ ချွန်းနီက ဆိုင်ကို တာဝန်ယူလိုက်။ ဦးလေးက စာရင်းကိစ္စ ကူလုပ်ပေးလိမ့်မယ်။ ကျင့်အာနဲ့ ငါကတော့ ဒေါ်လေးတွေနဲ့အတူ နောက်ဖေးမှာ ကုန်ပစ္စည်းတွေ လုပ်မယ်။ လူအင်အား လိုအပ်သေးတယ်ဆိုရင်တော့ နောက်ထပ် လူငှားကြတာပေါ့"

စူးယောင်ကွမ်းက ပြန်ပြောနေလိုက်သည်။

"ဆိုင်က အခုမှ စဖွင့်တာဆိုတော့ အခြေအနေကို အရင် လေ့လာကြည့်ကြရဦးမယ်၊ အလျင်စလို လူငှားဖို့တော့ မလိုသေးပါဘူး"

ထိုအချိန်တွင် ကျိုးဝမ်ရှူက ဝင်ပြောလာခဲ့သည်။

"ယောင်ကွမ်း၊ ကျွန်တော် ကျောင်းကို ပြန်သွားရင် ကျောင်းအုပ်ဆရာကြီးကို သွားပြောလိုက်မယ်။ နောက်ဆို ကျွန်တော် နေ့တိုင်း အိမ်ပြန်လာလို့ ရပြီမလား။ အဲ့ဒီလိုဆိုရင် ညဘက်တွေမှာ အလုပ် ကူလုပ်ပေးလို့ ရတာပေါ့"

"ငါတို့ အခု မြို့ထဲကို ပြောင်းလာပြီဆိုတော့ အိမ်မှာ လာနေလို့ ရတာပေါ့။ ဒါပေမဲ့ အလုပ်ကူလုပ်ဖို့က ဒုတိယပါ။ အဓိကက မိသားစုစုံစုံလင်လင် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကျောင်းက ကျောင်းသားတွေကို အပြင်ထွက်ခွင့် မပြုထားဘူး မဟုတ်လား"

"ကျောင်းအုပ်ကြီးက ခွင့်ပြုပေးမှာပါ"

ကျိုးဝမ်ရှူက ယောင်ဝါးဝါး ဆက်ပြောနေသေးသည်။

"ကျောင်းကို ပြန်ရောက်ရင် သူ့ကို ပြောကြည့်လိုက်ပါ့မယ်"

‘ငါ လွတ်လွတ်လပ်လပ် သွားလာခွင့် ရသွားရင် ကျောင်းစည်းကမ်းကြောင့် ပိတ်လှောင်မနေရတော့ဘဲ ကပွဲခန်းမကို ဝင်ထွက်သွားလာဖို့ ပိုလွယ်ကူသွားမှာ မဟုတ်ဘူးလား’

.....။.......။......

တတိယနေ့၏ နံနက်စောစောတွင်.....

ဒေါက်.. ဒေါက်.... ဒေါက်.. ဒေါက်....

ဆိုင်ရှေ့တံခါးကို ခေါက်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

အနောက်ဘက်တွင် အလုပ်ရှုပ်နေကြသည့် လူအချို့က အသံကြားသည်နှင့် အရှေ့ခန်းသို့ အလောတကြီး ပြေးလာကြသည်။ အရှေ့ခန်းတွင် လူအနည်းငယ် ရှိနေသော်လည်း တံခါးပိတ်ထားကာ စာရင်းစစ်နေကြခြင်း ဖြစ်သည်။ ဆိုင်ရှေ့မှ တံခါးခေါက်သံကြားသည်နှင့် အတွင်းမှ လူက တံခါးကို ချက်ချင်း ဖွင့်လိုက်သည်။

စူးယောင်ကွမ်း ရောက်လာချိန်တွင် ကျန်းဖန့်တိက တံခါးခေါက်သူနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ကျန်းဖန့်တိက နောက်သို့ လှည့်ကြည့်လိုက်ကြပြီး စူးယောင်ကွမ်းတို့ ရောက်လာသည်ကို မြင်မှသာ သက်ပြင်းချလိုက်သည်။

"သူက ကျင်းလဲ့ဖုန့်ရဲ့ တာဝန်ခံတဲ့။ ယောင်ကွမ်းကို တွေ့ဖို့ လာတာလို့ ပြောတယ်"

စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့က ယခင်ကတည်းက ကျင်းလဲ့ဖုန့်၏ တာဝန်ခံနှင့် တွေ့ဆုံခဲ့ပြီးသား ဖြစ်သည်။

ဆိုင်တာဝန်ခံက စူးယောင်ကွမ်းကို အရင် ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ဒါက ထောင်ယောင်ဖန့်ရဲ့ ဆိုင်ရှင်လေး ဖြစ်ရမယ်။ ကျွန်တော်က ကျင်းလဲ့ဖုန့်ရဲ့ ဆိုင်တာဝန်ခံပါ။ ဒီနေ့ ကျွန်တော့်ဆိုင်ရဲ့ ဒီအရည်အချင်းမရှိတဲ့ လက်ထောက်တာဝန်ခံကို ခေါ်လာပြီး ဆိုင်ရှင်လေးကို တောင်းပန်ခိုင်းဖို့ လာခဲ့တာပါ။ ကျေးဇူးပြုပြီး ဆိုင်ရှင်လေးအနေနဲ့ ကျယ်ပြန့်တဲ့ စိတ်ထားနဲ့ သူ့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါဦး"

စူးယောင်ကွမ်းက သူမ၏ဘေးနားရှိ ကျန်းကျင့်နှင့် ကျိုးဝမ်ရှူကို လှည့်ပြောလိုက်သည်။

"တံခါးတွေ အကုန်ဖွင့်ပြီး ကျင်းလဲ့ဖုန့်က တာဝန်ခံကို အထဲ ဖိတ်ခေါ်လိုက်ပါ"

ကျန်းကျင့်နှင့် ကျိုးဝမ်ရှူတို့က တံခါးများကို အကုန်ဖွင့်ပေးလိုက်ကြသည်။ တံခါးပွင့်သွားသည်နှင့် လမ်းသွားလမ်းလာ အတော်များများက လှမ်းကြည့်လာကြသည်။

ကျင်းလဲ့ဖုန့်၏တာဝန်ခံက ဆိုင်ဝန်ထမ်းအနည်းငယ်ကို ခေါ်လာရုံသာမက ထိုဝန်ထမ်းများက ဝက်တစ်ကောင်လို ပုကွကွနှင့် နားရွက်ကြီးသည့် လူတစ်ယောက်ကို အတင်းတွန်းခေါ်လာကြသည်။ အနီးကပ် ကြည့်ရှုလိုက်သည့်အချိန်တွင်တော့ သူမကို လှည့်စားရန် ခရီးသွားကုန်သည် အယောင်ဆောင်ခဲ့သည့် ထိုလူယုတ်မာ ဖြစ်နေခဲ့သည်။

ဖြစ်ပျက်နေသည့် အခြေအနေက အလွန်ဆူညံလွန်းနေသဖြင့် လမ်းသွားလမ်းလာအားလုံးက လာရောက်ကြည့်ရှုကြသည်။ သို့သော်လည်း ဆိုင်နှစ်ခုအကြားမှ ရန်ငြိုးကို လူတိုင်း မသိကြပေ။ ထို့ကြောင့် ဤမြင်ကွင်းကို မြင်ရချိန်တွင် အားလုံးက စိတ်ဝင်တစား ဖြစ်နေကြသည်။

ဤသို့ဖြင့် လမ်းမပေါ်တွင် ယခင်က ပျံ့နှံ့နေသော ဇာတ်လမ်းလေး ပြန်လည်စတင်လာပြန်သည်။ သို့သော် ယခင်ကထက် အကြောင်းအရာအသစ်အချို့ တိုးလာခဲ့သည်။

"ကြားတာတော့ ကျင်းလဲ့ဖုန့်က ထောင်ယောင်ဖန့်ရဲ့ ကုန်ပစ္စည်းတွေကို မနာလို ဖြစ်ပြီး လုပ်ငန်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာတဲ့။ အခုတော့ ထောင်ယောင်ဖန့်က သူတို့ကို ပြန်ဖိနှိပ်လိုက်ပြီ။ ထောင်ယောင်ဖန့်ရဲ့ နောက်ကွယ်မှာ တောင့်တင်းတဲ့ အသိုင်းအဝိုင်း ရှိရမယ်။ မဟုတ်ရင် အမျိုးသမီး အနည်းငယ်က ဒီလောက်ကြီးမားတဲ့ ဆိုင်ကို ဘယ်လိုလုပ် ဖွင့်ရဲမှာလဲ၊ ဖွင့်ကတည်းက ဒီလောက်တောင် ရောင်းကောင်းနေတာလေ"

"ငါ ကြားတာတော့ ကျင်းလဲ့ဖုန့်က ထောင်ယောင်ဖန့်ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ပြီးတော့ သူတို့ရဲ့ ထုတ်ကုန်အသစ်လို့ လိမ်ပြောပြီး ဝယ်သူတွေကို ရောင်းခဲ့တာတဲ့။ အဲ့အကြောင်း ဖော်ထုတ်ခံလိုက်ရတော့ အရှက်ကွဲပြီး ဆိုင်နှစ်ခုကြား အငြိုးအတေးတွေ ဖြစ်လာတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျင်းလဲ့ဖုန့်က ထောင်ယောင်ဖန့်ကို အပြစ်ပုံချဖို့ ကြိုးစားတာကတော့ တကယ်ကို ရုပ်ဆိုးတဲ့ လုပ်ရပ်ပဲ"

All Chapters