← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း ၉၇ စည်းကမ်းချက်များ ညှိနှိုင်းခြင်း

ကျင်းလဲ့ဖုန့်မှ ဆိုင်တာဝန်ခံကြီးက သူ့ရှေ့တွင်ရှိနေသည့် မိန်းကလေးငယ်ကို လျှော့တွက်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။

ယခင်ကဆိုလျှင် ဤမျှငယ်ရွယ်သည့် မိန်းကလေးတစ်ယောက် ဆိုင်ဖွင့်ထားသည်ကို မြင်ပါက သူ လှောင်ပြောင်မိပေလိမ့်မည်။ သို့သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ကျင်းလဲ့ဖုန့်အနေဖြင့် နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသည်။

‘ဒီမိန်းခလေးမှာ ထူးချွန်တဲ့ အရည်အချင်းမရှိရင် ဒီအန္တရာယ်တွေကနေ ဘယ်လိုလုပ်ပြီး အကြိမ်ကြိမ် လွတ်မြောက်လာနိုင်ပါ့မလဲ။ ဒီမိန်းကလေးက သာမန်လူ မဟုတ်ဘူး’

ချန်ဖူကွေ့၏ နည်းလမ်းများက အလွန်တရာ စည်းကမ်းမဲ့ပြီး ယုတ်မာလွန်းလှသည်။ အတွေ့အကြုံရင့်ကျက်သော ကုန်သည်ကြီးများပင်လျှင် သူ၏အကွက်များကို အလွယ်တကူ မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ဤမိန်းကလေးက ထိုအကွက်များကို မြင်နိုင်ရုံတင်မကဘဲ သူမအတွက် အခွင့်အရေးတစ်ခုအဖြစ်ပါ ပြောင်းလဲပစ်ကာ သူမ၏ဆိုင် ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်လည်း သူမက လျှော့တွက်၍မရနိုင်သည့် လူငယ်ပါရမီရှင်တစ်ယောက်ဟု သူ သတ်မှတ်လိုက်ခြင်းပင်။

"ကျင့်အာ၊ လက်ဖက်ရည် ပြင်ပေးပါဦး"

စူးယောင်ကွမ်းက ညွှန်ကြားလိုက်သည်။

ကျန်းကျင့်က ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ပြင်ရန် အနီးရှိ လက်ဖက်ရည်ခန်းသို့ ထွက်သွားသည်။

တာဝန်ခံကြီးက ချန်ဖူကွေ့ကို အော်ဟစ်လိုက်သည်။

"ဒူးထောက်ပြီး တောင်းပန်စမ်း"

ချန်ဖူကွေ့က အရင်ကတည်းက ဝနေသူဖြစ်သည့်အပြင် ယခုအခါ သူ့မျက်နှာက ယောင်ကိုင်းနေပြီး ကိုယ်ခန္ဓာတွင် ဒဏ်ရာများစွာ ရရှိထားကာ အတော်လေး ဒုက္ခခံခဲ့ရမှန်း သိသာနေသည်။

သူက နာခံမှုရှိရှိဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ကာ စူးယောင်ကွမ်းကို ဦးညွှတ်လိုက်သည်။

"ဆိုင်ရှင်စူး၊ ကျွန်တော် မှားသွားပါတယ်၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး၊ ဒီတစ်ခေါက်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါခင်ဗျာ"

ကျန်းကျင့်က လက်ဖက်ရည်ဗန်းကို ယူလာပေးသည်။

ကျန်းကျောက်တိနှင့် တခြားသူများကလည်း စူးယောင်ကွမ်းကို တစ်စုံတစ်ရာ အနိုင်ကျင့်မည့်သူများ ရှိလာမည်ကို စိုးရိမ်သဖြင့် အနီးတွင် အသင့်စောင့်ကြည့်နေကြသည်။

ကျန်းကျောက်တိက လှောင်ပြောင်သံဖြင့် ဝင်ပြောလိုက်သည်။

"အရင်တစ်ခေါက်ကိစ္စကိုတော့ ထားလိုက်ပါတော့။ ရှင့်ရဲ့ လုပ်ပုံကိုင်ပုံတွေက နည်းနည်း ယုတ်မာလွန်းပေမဲ့ အနည်းဆုံးတော့ ပိုက်ဆံပေးခဲ့သေးတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်မှာတော့ ရှင်က လူမိုက်နှစ်ယောက်ကို ငှားပြီး ကျွန်မတို့ကို အသရေဖျက်အောင် လုပ်ခဲ့တာလေ။ အဲ့ဒါကို 'ကျွန်တော် မှားသွားပါတယ်' ဆိုတဲ့ စကားလုံးလောက်နဲ့ ခွင့်လွှတ်ပေးရမှာလား၊ ဒီကိစ္စကို အခုချက်ချင်း အာဏာပိုင်တွေဆီ တိုင်ကြားပြီး ရှင့်ကို တရားဥပဒေနဲ့အညီ အပြစ်ပေးခိုင်းသင့်တာ"

"ချန်ဖူကွေ့က ကျွန်တော်တို့ ကျင်းလဲ့ဖုန့်ရဲ့လူပါ။ ကျင်းလဲ့ဖုန့်ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ကျွန်တော့်လက်အောက်ငယ်သားကို ကောင်းကောင်း မထိန်းကျောင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ ရိုးသားစွာနဲ့ တောင်းပန်ပြီး ဆိုင်ရှင်စူးနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်၊ ရန်ငြိုးတွေကို ဖြေဖျောက်ပြီး ရန်သူမဟုတ်တော့တဲ့ မိတ်ဆွေအဖြစ် ပြောင်းလဲချင်ပါတယ်။ ဆိုင်ရှင်စူး၊ ဒီမကျေနပ်မှုတွေကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တိုဘက်က လုပ်ပေးရမှာကို ပြောပြပေးနိုင်မလား"

"တာဝန်ခံကြီးက ဒီလောက်တောင် စိတ်ရင်းမှန်နဲ့ တောင်းပန်နေမှတော့ ကျွန်မတို့ကလည်း အငြိုးအတေး ထားနေမှာ မဟုတ်ပါဘူး။ ဒီကိစ္စကို လက်လွှတ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ ကြိုပြောထားမယ်။ ဒီလူရဲ့ အပြုအမူတွေက သိပ်မကောင်းဘူး။ နောက်တစ်ခါ အကြောင်းပြချက် အမျိုးမျိုးနဲ့ ထပ်ပြီး အနှောင့်အယှက်ပေးလာရင်တော့ အာဏာပိုင်တွေဆီ တန်းတိုင်မှာပါ။ အဲ့ဒီအခါကျရင် အဟောင်းရော အသစ်ပါ အကုန်ရှင်းရမယ်။ အခုလောလောဆယ်တော့ သူ ကျွန်မတို့ဆိုင်ရှေ့မှာ ဆိုင်းဘုတ်တစ်ခုနဲ့ တစ်နေကုန် ရပ်နေပေးမယ်ဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ပေးပါ့မယ်။ ကျင်းလဲ့ဖုန့်ဘက်က နောက်တစ်ခါ ထပ်မနှောင့်ယှက်သရွေ့ ကျွန်မတို့ဘက်ကလည်း ဘာမှ လုပ်မှာ မဟုတ်ဘူး"

"ဘာဆိုင်းဘုတ်မျိုး ကိုင်ထားရမှာလဲ"

"သူ ထောင်ယောင်ဖန့်ကို ဘယ်လိုမျိုး စော်ကားခဲ့လဲ၊ သူ ဘယ်လောက်ထိ နောင်တရပြီး တောင်းပန်နေလဲဆိုတာကို အကုန်လုံး ရှင်းရှင်းလင်းလင်း ရေးသားထားရမယ်"

"တာဝန်ခံကြီး... ကျွန်တော့်ကို ဆိုင်းဘုတ်ဆွဲခိုင်းမလို့လား၊ ဒီကိစ္စက..."

ချန်ဖူကွေ့က တာဝန်ခံကြီးကို တောင်းပန်သံဖြင့် လှမ်းပြောလိုက်သည်။

တာဝန်ခံကြီးအနေဖြင့် ဤသည်မှာ အရှက်ခွဲခံရခြင်းထက်ပိုကြောင်း ကောင်းကောင်း နားလည်နိုင်သည်။ လျော်ကြေးပေးရသည်ထက်ပင် ပိုနာကျင်စရာကောင်းနေခဲ့သည်။ သို့သော် သူတို့ဘက်မှ အရင် အမှားလုပ်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်လူ၏ တောင်းဆိုချက်ကလည်း မတရားသည့်အရာ မဟုတ်ပေ။ ငြင်းဆိုစရာ အကြောင်းပြချက် မရှိနေပေ။

"တော်စမ်း.... သူ့ကို ဒီမှာပဲ ရပ်ခိုင်းထားလိုက်"

တာဝန်ခံကြီးက ချန်ဖူကွေ့ကို အော်ဟစ်လိုက်ပြီးမှ ကျန်သူများကို ညွှန်ကြားလိုက်သည်။

"ကျင်းဟွာ...ကျင်းဟောင်၊ မင်းတို့ ဒီမှာ ပဲနေပြီး ချန်ဖူကွေ့ကို စောင့်ကြည့်နေလိုက်"

တာဝန်ခံကြီးက ချန်ဖူကွေ့ နောက်တစ်ကြိမ် အမှားလုပ်မည်ကို စိုးရိမ်သဖြင့် ယုံကြည်ရသော ဆိုင်အကူနှစ်ဦးကို အနီးတွင် ချန်ထားခဲ့သည်။

"ဆိုင်ရှင်စူး၊ တခြား ဘာများ လိုအပ်သေးလဲ။ တခြား စည်းကမ်းချက်တွေ ရှိသေးရင်လည်း ပြောပြပေးပါ။ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့..."

"အမှန်တော့ ဒီကိစ္စရဲ့ တရားခံက ချန်ဖူကွေ့ပါ၊ တာဝန်ခံကြီး ဒါမှမဟုတ် ကျင်းလဲ့ဖုန့်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျင်းလဲ့ဖုန့်က ဒီနေရာရဲ့ အကောင်းဆုံး အလှကုန်ဆိုင်ကြီးပါ။ ဒီလောက်လေးအတွက်နဲ့ ကျွန်မတို့လို ဆိုင်သစ်လေးနဲ့ အငြင်းပွားနေဖို့ မလိုပါဘူး။ ချန်ဖူကွေ့က သဘောထားသေးပြီး အမှားလုပ်ခဲ့တယ်၊ အဲ့အတွက်နဲ့ ကျင်းလဲ့ဖုန့်ကိုပါ ထိခိုက်သွားတာလေ။ အခု သူ့ကို အပြစ်ပေးပြီးသွားပြီဆိုတော့ ကျွန်မတို့ဘက်က ဘာလျော်ကြေးမှ မတောင်းတော့ပါဘူး။ တကယ်လို့ လျော်ကြေးပေးချင်တယ်ဆိုရင်တော့ ရှင့်တို့ရဲ့လူတွေကိုပဲ သေချာဂရုတစိုက် စီမံဖို့ ပြောချင်ပါတယ်"

"ဆိုင်ရှင်စူး၊ တကယ်ပဲ ဒီအတိုင်း လက်လွှတ်ပေးလိုက်တော့မှာလား"

"သေချာတာပေါ့၊ ကျွန်မတို့က ပြောထားတဲ့အတိုင်းပဲ လုပ်မှာပါ"

"ဆိုင်ရှင်စူးရဲ့ စိတ်သဘောထားကတော့ တကယ်ကို ကျယ်ပြန့်လွန်းပါတယ်။ ဒါဆိုရင် အများကြီး ကျေးဇူးတင်ပါတယ်၊ ဆိုင်ရှင်စူး"

ကျင်းလဲ့ဖုန့်၏ တာဝန်ခံကြီးက စူးယောင်ကွမ်းကို လေးစားသည့်အကြည့်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။

ကျင်းလဲ့ဖုန့်၏ တာဝန်ခံက ထွက်သွားပြီးနောက် ဝမ်ဟွမ်ကျစ်က ချန်ဖူကွေ့ လုပ်ခဲ့သည့် ယုတ်မာမှုများကို ဆိုင်းဘုတ်တစ်ခုပေါ်တွင် ရေးလိုက်သည်။ ထို့နောက် ချန်ဖူကွေ့ကို ဆိုင်းဘုတ်ချိတ်ပေးလိုက်ပြီး လူတိုင်းမြင်နိုင်အောင် ဆိုင်ရှေ့၌ ရပ်ခိုင်းထားလိုက်သည်။

ချန်ဖူကွေ့တစ်ယောက် ခွေးတစ်ကောင်လို လည်ပင်းတွင် ဆိုင်းဘုတ်ချိတ်ပြီး ရပ်နေသည်ကို မြင်လိုက်ရချိန်တွင် လူအများက သိလိုစိတ်ဖြင့် စုရုံးရောက်ရှိလာကြသည်။ စာမဖတ်တတ်သူများက ဖတ်တတ်သူများကို မေးမြန်းကြပြီး ဖတ်တတ်သူများက ဆိုင်းဘုတ်ပေါ်ရှိ အကြောင်းအရာများကို အသံထွက် ဖတ်ပြနေကြသည်။

"အော်... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ခဲ့တဲ့ ပြဿနာက သူ့လက်ချက်ကိုး။ ဒီကောင် တကယ်ကို အရှက်မဲ့တာပဲ။ နောက်ထပ် ထုတ်ကုန်အသစ်တွေ မဖန်တီးနိုင်ဘဲနဲ့ သူများဆိုင်က အလှကုန်တွေ၊ မျက်နှာချေတွေကို ဝယ်ပြီး ကိုယ့်ပုလင်းထဲ ပြန်ထည့်၊ ပြီးတော့ ကိုယ်ပိုင်ထုတ်ကုန်အသစ်ဆိုပြီး ဈေးတင်ရောင်းတာပဲ။ ထောင်ယောင်ဖန့်သာ ဒါကို မမြင်ခဲ့ရင် သာမန်ဝယ်သူတွေ အများကြီး နစ်နာကုန်မှာပေါ့။ ပိုက်ဆံရှာရမယ့် အခွင့်အရေး လက်လွတ်သွားတော့ အငြိုးထားတယ်။ တခြားသူတွေကို ပစ်မှတ်ထားပြီး လူငှားပြီး လုပ်ကြံခိုင်းသေးတယ်။ တကယ့်ကို ယုတ်မာပြီး အရှက်မဲ့လွန်းတယ်"

"ကျင်းလဲ့ဖုန့်ရဲ့ တာဝန်ခံကြီးကတော့ ရိုးသားပါတယ်၊ ဒီလက်ထောက်တာဝန်ခံကတော့ လူယုတ်မာပဲ။ ကံကောင်းလို့ အချိန်မီ သိလိုက်ရတာ၊ ကျင်းလဲ့ဖုန့်အတွက် ကံကောင်းတယ်လို့ပဲ ပြောရမယ်"

"ထောင်ယောင်ဖန့်ပိုင်ရှင်က ကျင်းလဲ့ဖုန့်ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာလား၊ တကယ်ကို စိတ်သဘောထားကြီးလွန်းတာပဲ"

"ကျင်းလဲ့ဖုန့်ရဲ့ တာဝန်ခံကြီးက ကိုယ်တိုင်လာပြီး တောင်းပန်သွားတယ်ဆိုပဲ။ ထောင်ယောင်ဖန့်ပိုင်ရှင်ကို ဘယ်လောက် လျော်ကြေးလိုချင်သလဲလို့ မေးလိုက်တာ။ ထောင်ယောင်ဖန့်ပိုင်ရှင်ကတော့ ဒီလူကို တစ်ရက်လောက် ဆိုင်ရှေ့မှာ ရပ်ခိုင်းထားလိုက်ရင် အားလုံးပြီးဆုံးပြီ၊ အရင်ကိစ္စတွေကိုလည်း ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်လို့ ပြောလိုက်တယ်တဲ့"

ဆိုင်ပြင်ပတွင် လူအများက တစ်ယောက်တစ်ပေါက် စိတ်ဝင်တစား ပြောဆိုနေကြသည်။

ကျန်းကျောက်တိက စူးယောင်ကွမ်းကို နားမလည်နိုင်စွာ မေးမြန်းနေခဲ့သည်။

"သမီးလေး... အမေတော့ နားမလည်နိုင်တော့ဘူး။ ကျင်းလဲ့ဖုန့်ရဲ့ တာဝန်ခံက လျော်ကြေး ဘယ်လောက်လိုချင်လဲလို့ မေးတာကို နင်က ဘာလို့ ဘာလျော်ကြေးမှ မတောင်းလိုက်တာလဲ"

စူးယောင်ကွမ်းက ထုတ်ကုန်အသစ်များကို စစ်ဆေးရင်း အပြုံးဖြင့် ပြန်မေးလိုက်သည်။

"ဒါဆို အမေကရော... လျော်ကြေး ဘယ်လောက် တောင်းသင့်တယ်လို့ ထင်လဲ"

"အင်း... တစ်လျန်၊ နှစ်လျန်လောက်တော့ မဟုတ်ရဘူးပေါ့။ အနည်းဆုံး လျန်နှစ်ဆယ်၊ လျန်သုံးဆယ်လောက်တော့ တောင်းသင့်တယ်”

"လျန်နှစ်ဆယ်၊ လျန်သုံးဆယ်ဆိုတာက မဆိုးပါဘူး။ ဒါပေမဲ့ အဲ့ဒီပိုက်ဆံကို ယူလိုက်မယ်ဆိုရင် ထောင်ယောင်ဖန့်က ကျင်းလဲ့ဖုန့်ကို အခွင့်အရေးယူပြီး ဖိအားပေးနေသလို ဖြစ်သွားလိမ့်မယ်။ လူတွေရဲ့ သဘာဝက အမြဲတမ်း အားနည်းသူဘက်ကပဲ ရပ်တည်ကြတာလေ။ ကျင်းလဲ့ဖုန့်က အခု လုပ်ငန်းတွေ မကောင်းဘူး၊ ဒါပေမဲ့ တာဝန်ခံကြီးက လူချစ်လူခင်ပေါတဲ့သူ။ မြို့ထဲကလူတိုင်း သူ့ကို သိကြတယ်။ ဒီပြဿနာ အားလုံးက ချန်ဖူကွေ့ကြောင့် ဖြစ်ရတာ။ ကျင်းလဲ့ဖုန့်က လုပ်ငန်းတွေ ထိခိုက်ရုံတင်မကဘဲ လျော်ကြေးပါ ပေးရဦးမယ်။ အဲ့ဒီလိုဆိုရင် ကျင်းလဲ့ဖုန့်က ပိုက်ဆံအနည်းငယ်ပဲ ဆုံးရှုံးရမှာ ဖြစ်ပေမယ့် တာဝန်ယူတတ်တဲ့ ဆိုင်ဆိုတဲ့ ဂုဏ်သတင်း ကျန်ခဲ့မယ်။ သမီးတို့ ထောင်ယောင်ဖန့်က အခုမှ လုပ်ငန်းတွေ တိုးတက်လာတာ၊ မြို့ထဲကလူတွေထဲမှာ သမီးတို့ကို မနာလိုသူတွေ အများကြီးပဲ။ အခုချိန်မှာ ကျင်းလဲ့ဖုန့်ဆီက ပိုက်ဆံသွားတောင်းရင် သမီးတို့က မှန်နေရင်တောင် ထောင်ယောင်ဖန့်က လောဘကြီးပြီး အတင်းအဓမ္မ ငွေညှစ်ယူနေသလို ဖြစ်သွားလိမ့်မယ်"

"တစ်လျန်၊ နှစ်လျန်လောက်အတွက်နဲ့ လောဘကြီးတဲ့သူဆိုတဲ့ နာမည်ပျက်မျိုး မယူသင့်ဘူး။ လျန်နှစ်ဆယ်၊ လျန်သုံးဆယ်အတွက်နဲ့လည်း လူတွေရဲ့ အားပေးမှုကို လက်လွှတ်မခံနိုင်ဘူး။ အခုလို စိတ်သဘောထား ကြီးကြီးထားလိုက်တာအတွက် လူတွေ ပိုပြီး သိလာမှာက ထောင်ယောင်ဖန့်က ဂုဏ်သိက္ခာရှိပြီး စိတ်ထားပြည့်ဝတဲ့ဆိုင်ဆိုတာမျိုး ဖြစ်လာလိမ့်မယ်"

"ယောင်ကွမ်း ပြောတာ မှန်တယ်။ အဲ့ဒီလူကို ဆိုင်ရှေ့မှာ ရပ်ခိုင်းထားလိုက်တဲ့အတွက် လူတွေက ဖြစ်စဉ်အမှန်ကို ပိုသိသွားကြပြီ၊ သူတို့အနေနဲ့ ကျွန်တော်တို့ဘက်က ပိုရပ်တည်ကြတော့မှာ။ အပြင်ကလူတွေအားလုံးက ယောင်ကွမ်းရဲ့ စိတ်သဘောထား ကြီးမားမှုကို ချီးကျူးနေကြတာ။ ဒီလောက်ကြီးမားတဲ့ ပြဿနာကိုတောင် ကျင်းလဲ့ဖုန့်ကို အခက်အခဲ မဖြစ်စေဘဲ တာဝန်ခံနဲ့ လက်တွဲပြီး အေးချမ်းသွားအောင် လုပ်နိုင်တယ်တဲ့လေ"

ဝမ်ဟွမ်ကျစ်က ဝင်ပြောလိုက်သည်။

"ဝမ်ရှူ... ဒီမှာ ဘာတွေ ရပ်ကြည့်နေတာလဲ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ ကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်သည်။

ကျိုးဝမ်ရှူက သူမကို လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ကျွန်တော် ကျောင်းကို ပြန်တော့မှာလေ။ ဒီညက နောက်ဆုံး မီးပုံးပွဲတော်ညဆိုတော့ တစ်ချက်လောက် သွားကြည့်ရင် ကောင်းမလား ကြည့်နေတာပါ"

အခန်း ၉၈ မီးပုံးပွဲတော်

စူးယောင်ကွမ်းက မှန်တင်ခုံရှေ့တွင် ထိုင်နေပြီး ကျားချွန်းနီက သူမ၏ ဆံပင်များကို ဖြီးပေးနေသည်။ ထိုအချိန်တွင် ကျန်းကျောက်တိ၊ ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့က ဝတ်စုံများ ရွေးချယ်ပေးနေကြသည်။

"ယောင်ကွမ်းမှာ ဘာလို့ ဝတ်စုံတွေ ဒီလောက်နည်းနေရတာလဲ"

"တကယ်ကို နည်းနည်းလေးပါလား။ အရောင်တွေကလည်း အရမ်းဖျော့တော့နေတာပဲ။ ဒီအရွယ်က မိန်းကလေးတစ်ယောက်ရဲ့ အကောင်းဆုံး အချိန်လေ။ အနီရောင်၊ ခရမ်းရောင်လိုမျိုး လှပတောက်ပတဲ့ အရောင်တွေကို ဝတ်သင့်တာပေါ့"

ကျန်းကျင့်က တံခါးကို တွန်းဖွင့်ဝင်လာပြီး လှမ်းပြောလိုက်သည်။

"သမီး အစ်မချွမ်းအော်ဆီက ဝတ်စုံနှစ်စုံ ဝယ်လာခဲ့တယ်။ အမေတို့ ကြည့်ပေးပါဦး၊ ဒီပုံစံတွေက အဆင်ပြေရဲ့လား"

ကျန်းကျောက်တိက ဝတ်စုံကို ယူကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ဒါတွေကို ယောင်ကွမ်းအတွက် သီးသန့်ဝယ်လာတာလား"

"ဟုတ်ကဲ့၊ အစ်မယောင်ကွမ်းက ခဲအိုနဲ့ မီးပုံးပွဲတော်သွားမှာလေ။ သူ့မှာ သင့်တော်မယ့် ဝတ်စုံ သိပ်မရှိဘူးလို့ ထင်မိလို့ အစ်မချွမ်းအော်ဆီ သွားပြီး ဝယ်လာခဲ့တာပါ။ အဆင်ပြေ၊ မပြေတော့ မသိဘူး"

"ပြေတာပေါ့၊ အရမ်း ပြည့်စုံတယ်"

ကျန်းကျောက်တိက စူးယောင်ကွမ်းဘက်ကို လှည့်ကြည့်ကာ ပြောလိုက်ပြန်သည်။

"နင်က တခြားသူတွေကိုသာ လှပအောင် ပြင်ဆင်ပေးတတ်တာ၊ ကိုယ့်တိုင်ကျတော့ ဘာလို့ ဂရုမစိုက်တာလဲ။ ကံကောင်းလို့ ကျင့်အာက အမြင်ရှိပြီး ဝယ်လာပေးခဲ့တယ်၊ ဒီဝတ်စုံနှစ်စုံက အရမ်း လှတယ်။ ဒီနေ့က ပွဲတော်နေ့ဆိုတော့ ဒီအနီရောင်လေးပဲ ဝတ်လိုက်"

"အနီရောင်ဝတ်စုံနဲ့ အဖြူရောင် အတွင်းခံ... ဒီအဝတ်အစားတွဲစပ်ပုံကို ချွမ်းအော်ဆီ သင်ပေးခဲ့တာ ယောင်ကွမ်းပဲ မဟုတ်လား။ အခုတော့ သူကိုပဲ ပြန်ဝတ်ခိုင်းရတော့မယ်။ တကယ်ကို ကြည့်ကောင်းတာပဲ"

ကျန်းယင်းတိက ဝင်ပြောလိုက်သည်။

စူးယောင်ကွမ်းက သူမတို့ကို ဝိုင်းဝန်းလုပ်ကိုင်နေကြသည်ကို ကြည့်နေပြီး ကူကယ်ရာမဲ့ဟန်ဖြင့် လှမ်းပြောလိုက်သည်။

"ဒါက နည်းနည်းလေး လွန်မနေဘူးလား။ ဝမ်ရှူက တစ်စိမ်းမှမဟုတ်တာ၊ သူနဲ့က အကြိမ်ပေါင်းများစွာ တွေ့ဖူးပြီးသားလေ"

"အဲ့ဒီလို ပြောလို့ မရဘူးလေ၊ ဒီလောက်တော့ ဂရုစိုက်ရမှာပေါ့"

ကျန်းကျောက်တိက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"သူများတွေ ပြောကြတဲ့ စကားတောင် ရှိသေးတယ်လေ၊ 'မိန်းကလေးဆိုတာ ကိုယ်ချစ်တဲ့သူအတွက် လှပအောင် ပြင်ဆင်ရတယ်' တဲ့။ နင်နဲ့ ဝမ်ရှူမှာ အိမ်ထောင်‌ရေးစာချုပ် ရှိပြီးသားဆိုပေမဲ့ မင်္ဂလာပွဲ မလုပ်ရသေးဘူးလေ။ ပြီးတော့ ဝမ်ရှူက ချောမောတဲ့သူ။ နင် သူ့ဘေးမှာ ဒီလို ပေါ့ဆတဲ့ပုံစံနဲ့ ရပ်နေရင် လူတွေက နင့်ကို သူ့အစ်မလို့ ထင်နေကြလိမ့်မယ်။ ဘယ်သူကများ စုံတွဲလို့ ထင်မှာတုန်း။ အခုကစပြီး နင့်ကိုယ်နင် ပိုဂရုစိုက်ရမယ်။ ဝမ်ရှူ အရှက်ရအောင် မလုပ်မိစေနဲ့၊ နားလည်လား"

စူးယောင်ကွမ်း : "..."

ကျိုးဝမ်ရှူက အခန်းထဲတွင် စာဖတ်နေရင်း ဘေးအခန်းမှ ဆူညံသံများနှင့် အတားအဆီးမရှိ ပြောဆိုနေကြသည့် အသံများကို ကြားနေရပြီး ခံစားချက်များ ရှုပ်ထွေးလာရသည်။

ထိုအမျိုးသမီးများက အပြင်လူများနှင့် ဆက်ဆံရာတွင် အလွန် ရက်စက်တတ်သော်လည်း မိသားစုဝင်များအပေါ်တွင်တော့ အကောင်းဆုံးများကိုသာ ပေးချင်နေကြသည်။

အစပိုင်းတွင် သူက ဤမိသားစုထံ၌ ခိုလှုံရန်သာ ရည်ရွယ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤနေရာက ပိုသက်သောင့်သက်သာ ရှိလာသည်ကို ကျိုးဝမ်ရှူ သတိထားမိလာခဲ့သည်။

"ဝမ်ရှူ... ယောင်ကွမ်း ပြင်ဆင်လို့ ပြီးပြီ။ အပြင်ထွက်တော့မလား"

ကျန်းကျောက်တိက တံခါးခေါက်ရင်း မေးလာခဲ့သည်။

ကျိုးဝမ်ရှူက ချက်ချင်း ထရပ်ပြီး တံခါးဖွင့်ပေးလိုက်ကာ ကျန်းကျောက်တိကို နူးညံ့သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"အမေ... ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ"

"ယောင်ကွမ်းလည်း ပြီးပြီ။ အပြင်သွားကြတော့လေ။ အော်... ဒါနဲ့..."

ကျန်းကျောက်တိက ပိုက်ဆံအိတ်တစ်လုံးကို သူ့လက်ထဲ ထိုးပေးလိုက်သည်။

"ဒါလေး ယူသွားလိုက်။ မလောက်ရင် ယောင်ကွမ်းဆီက ယူသုံးနော်"

"ကျေးဇူးတင်ပါတယ် အမေ"

ကျိုးဝမ်ရှူက ပိုက်ဆံအိတ်ကို သိမ်းလိုက်သည်။

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို အပေါ်အောက် အကဲခတ်ကြည့်နေခဲ့သည်။ ရိုးရှင်းသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူက ကြည့်ကောင်းနေဆဲပင်။

ထိုအချိန်တွင် ကျန်းဖန့်တိက စူးယောင်ကွမ်းကို အခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

ကျိုးဝမ်ရှူ မော့ကြည့်လိုက်ရာ စူးယောင်ကွမ်း၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူမ အလှပြင်ထားသည်မှာ လှပနေသော်လည်း တစ်စုံတစ်ခုကြောင့် ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့် ရပ်နေခဲ့သည်။

သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်နှင့် နှိုင်းယှဉ်လျှင် ယခု စူးယောင်ကွမ်းက ပိုလှပနေချေပြီ။ သူမ၏ အသားအရေက ပိုနူးညံ့လာပြီး မျက်နှာသွင်ပြင်များကလည်း ပိုရင့်ကျက်လာခဲ့သည်။ ထို့အပြင် သူမ၏ မျက်ဝန်းများတွင်လည်း အသက်ဝင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

"ကဲ... မင်းတို့နှစ်ယောက် မီးပုံးပွဲတော်ကို အမြန်သွားကြတော့။ အရမ်းနောက်ကျအောင် မနေနဲ့ဦး၊ မဟုတ်ရင် ကောင်းတာတွေ အကုန် ကုန်သွားလိမ့်မယ်"

ကျန်းကျောက်တိက တိုက်တွန်းလိုက်သည်။

"အမေ... သမီးတို့ သွားတော့မယ်နော်"

ထိုစကားကို ကြားလိုက်သည်နှင့် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို ဆွဲကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

သူမက အလျင်အမြန် လမ်းလျှောက်နေသောကြောင့် ထွက်ပြေးနေသလို ဖြစ်နေခဲ့သည်။

နောက်ဖေးတံခါးမှ ထွက်လာပြီးနောက် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ကို လွှတ်လိုက်ကာ သက်ပြင်းတစ်ချက် ချရင်း ညည်းညူလိုက်သည်။

"နောက်ဆုံးတော့ အပြင်ရောက်လာပြီ။ သူတို့ ခုနက အရမ်း အလွန်အကျွံလုပ်နေကြတာပဲ။ ငါ့ကို အလှပြင်ပေးထားတာကိုလည်း ကြည့်ဦး..."

ကျိုးဝမ်ရှူက အနည်းငယ် ပြုံးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"ကြည့်လို့ ကောင်းပါတယ်"

"ကြည့်ကောင်းတာကတော့ ကြည့်ကောင်းတာပေါ့။ ငါ စီးပွားရေးလုပ်တဲ့အခါမျိုးမှာ ဒီလိုပြင်ထားတာ အဆင်ပြေပေမဲ့ နင်နဲ့ အတူတူ လမ်းလျှောက်ထွက်တဲ့အခါမျိုးကျတော့ ဒီလိုပြင်ထားရတာက တစ်မျိုးကြီးပဲ"

"ဘာဖြစ်လို့လဲ"

ကျိုးဝမ်ရှူက မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်မေးလိုက်သည်။

"ငါက နင့်ရဲ့ အစ်မလေ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပခုံးကို ပုတ်လိုက်ရင်း မေးခွန်းပြန်ထုတ်လိုက်သည်။

"မောင်ငယ်လေးနဲ့ အတူတူ လမ်းလျှောက်ထွက်ဖို့အတွက် အစ်မလုပ်တဲ့သူက ဒီလောက်အထိ အလှပြင်တာကို နင် အရင်က မြင်ဖူးလို့လား"

ကျိုးဝမ်ရှူက သဘောတူဟန်ဖြင့် “အမ်း”ဟု တိုးတိုးလေး တုံပြန်လိုက်သည်။

"ငါတို့ မီးပုံးပွဲတော်ကို သွားကြမှာ မဟုတ်ဘူးလား။ သွားမယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို ဆွဲကာ လူစည်ကားရာ နေရာဆီသို့ ဦးတည်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က အလုပ်ရှုပ်လွန်းသဖြင့် အေးအေးဆေးဆေး မကြည့်နိုင်ခဲ့ပေ။ ယခု သူမတွင် အချိန်ရှိနေသောကြောင့် ကြယ်တာရာများဖြင့် တောက်ပနေသည့် ကောင်းကင်အောက်မှ အရောင်အသွေးစုံလင်လှသော မီးပုံးများကို ကြည့်ရှုရခြင်းက မျက်စိပသာဒ ဖြစ်နေစေသည်။

"ယောင်ကွမ်း... ကျွန်တော် ဗိုက်နည်းနည်း နာသလို ဖြစ်နေလို့ ရေအိမ် ခဏသွားရမယ်။ ခင်ဗျား ဟိုဘက်ဒီဘက် ကြည့်နေလိုက်ဦး၊ ခဏနေရင် ကျွန်တော် ပြန်လာရှာမယ်"

ကျိုးဝမ်ရှူက စကားစလိုက်ပြန်သည်။

"ဘယ်နားသွားဖို့ စိတ်ကူးထားတာလဲ"

စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။

"အင်း... ဒီနားတစ်ဝိုက်ပဲ ဖြစ်မှာပါ"

"ငါ သိတဲ့နေရာ တစ်ခုရှိတယ်"

စူးယောင်ကွမ်းသည် မလှမ်းမကမ်းတွင် ရှိနေသည့် ကပွဲရုံတစ်ခုကို ညွှန်ပြလိုက်သည်။

"အဲ့ဒီမှာ ရေအိမ် သွားသုံးလို့ ရတယ်"

ကျိုးဝမ်ရှူ : "..."

သူက သူကိုယ်သူ အလွန်သတိထားပြီး သရုပ်ဆောင်နေသည်ဟု ထင်ထားခဲ့သော်လည်း ယခုအချိန်တွင်တော့ စူးယောင်ကွမ်းက သူ့ကို စမ်းသပ်နေသလားဟုပင် တွေးမိသွားရသည်။ အမှန်စင်စစ်တွင် သူက ကပွဲခန်းမ၌ ဖျော်ဖြေနိုင်ရန် ဗိုက်နာချင်ယောင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

သူ တစ်လလျှင် ငါးကြိမ် ဖျော်ဖြေရမည်ဖြစ်ပြီး ယခုလကလည်း ကုန်ဆုံးတော့မည်ဖြစ်ရာ တစ်ကြိမ် ဖျော်ဖြေရန် လိုနေသေးသည်။ ယနေ့တွင် အချိန်ရသဖြင့် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် သူ တွေးထားခဲ့သည်။

"အင်း... ကောင်းပြီလေ"

"သွားကြမယ်"

စူးယောင်ကွမ်းက တိုက်တွန်းလိုက်သည်။

"ကပွဲခန်းမက မိန်းကလေးတွေ ငါတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် ဘယ်လိုသဘောထားလဲ၊ သုံးရတာ ဘယ်လိုနေလဲဆိုတာ ငါ သွားမေးကြည့်ဦးမယ်"

သူတို့ ကပွဲခန်းမထဲသို့ ရောက်သွားချိန်တွင် ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့အတူတူ ရောက်လာသည်ကို မြင်လိုက်ရသည့် တာဝန်ခံက အံ့အားသင့်နေခဲ့သည်။

ကျိုးဝမ်ရှူက တာဝန်ခံကို မျက်စိတစ်ချက်မှိတ်ပြလိုက်သည်။ တာဝန်ခံက နားလည်သွားပြီး သူ့ကို ဂရုမစိုက်ဟန်ပြုကာ စူးယောင်ကွမ်းကို ခရီးဦးကြိုပြုလိုက်သည်။

"သခင်မလေး... ဒီနေ့ ကုန်ပစ္စည်းလာပို့တာလား၊ ဒါမှမဟုတ်..."

"ဒါက ကျွန်မရဲ့ မောင်ငယ်လေးပါ။ သူက ဒီမှာ ရေအိမ် ခဏသုံးချင်လို့တဲ့။ တစ်ယောက်ယောက်ကို ခေါ်ပြီး လမ်းပြပေးပါဦး။ ကျွန်မကတော့ မိန်းကလေးတွေနဲ့ စကားပြောပြီး သူတို့မှာ ကုန်ပစ္စည်းအသစ် လိုသေးလားဆိုတာ မေးကြည့်ချင်သေးတယ်။ အကယ်လို့ သူတို့ လိုတယ်ဆိုရင်တော့ နောက်မှပဲ လာပို့ပေးလိုက်ပါ့မယ်"

"ကောင်းပါပြီ"

တာဝန်ခံကက စားပွဲထိုးလေးတစ်ယောက်ကို လှမ်းခေါ်ကာ ကျိုးဝမ်ရှူအတွက် လမ်းပြခိုင်းလိုက်သည်။

"မရီး ရောက်လာတာကို"

ချန်ပုယွိက အောက်ထပ်သို့ ဆင်းလာပြီး စူးယောင်ကွမ်းကို ပြုံးပြနေသည်။

"မိန်းကလေးတွေက သူတို့ရဲ့ မျက်နှာချေလိမ်းခြယ်ပုံက သိပ်ပြီး မဆန်းသစ်တော့ဘူးလို့ ခံစားနေရလို့ မရီးဆီကနေ အကြံဉာဏ် တောင်းချင်နေကြတာ။ သူတို့ ဘယ်လို ထပ်ပြင်ဆင်သင့်လဲဆိုတာ သွားကြည့်ပေးပါဦး"

"သခင်လေးချန်ကတော့ လူကို ဘယ်လို အမိန့်ပေးရမယ်မှန်း ကောင်းကောင်း သိနေတာပဲ"

စူးယောင်ကွမ်းက အပြုံးဖျော့ဖျော့ဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ရှင်က ကျွန်မရဲ့ အဓိကဖောက်သည်ကြီးဆိုတော့ ဒီလောက်တော့လည်း အရေးမကြီးပါဘူး။ ကျွန်မ အခုပဲ သွားကြည့်ပေးပါ့မယ်"

ပြီးခဲ့သည့်အကြိမ် ကုန်ပစ္စည်းလာပို့စဉ်တွင် သူမ ချန်ပုယွိနှင့် ဆုံတွေ့ခဲ့ရပြီး ထိုလူက ကျိုးဝမ်ရှူ၏ အခန်းဖော် ဖြစ်ကာ ဤကပွဲခန်းမ၏ သခင်လေး ဖြစ်ကြောင်း သိခဲ့ရသည်။

"ဝမ်ရှူ ရောက်လာသေးလား"

ချန်ပုယွိက မေးမြန်းနေပြန်သည်။

"သူ့ကို မတွေ့တာ ရက်အနည်းငယ်ရှိပြီ၊ ကျွန်‌တော်လည်း အရမ်းပျင်းနေတာနဲ့ သူနဲ့အတူ အရက်နည်းနည်းလောက် သောက်မလားလို့ စဉ်းစားနေတာ"

စူးယောင်ကွမ်းက သူ့ကို သတိကြီးကြီးဖြင့် စိုက်ကြည့်လိုက်သည်။

"အရက်သောက်မလို့လား၊ ပြောပြထားမယ်နော်၊ သူ့ကို တစ်စက်တောင် မတိုက်ရဘူး။ ရှင့်ကြောင့် သူ အရက်သောက်မိလို့ကတော့ ရှင်တို့နှစ်ယောက် အပေါင်းအသင်း လုပ်တာကို ကျွန်မ လုံးဝ ခွင့်မပြုတော့ဘူး"

"ခုနကမှ ကျွန်တော်က မရီးရဲ့ ဖောက်သည်ကြီးပါလို့ ပြောပြီး အခုတော့ ကျွန်တော့်ကို ချက်ချင်း ကျောခိုင်းချင်နေတာလား"

"ရှင် မသိပါဘူး"

စူးယောင်ကွမ်းက သူ့အနားသို့ တိုးကပ်သွားကာ မနေ့က အရက်တစ်ငုံ သောက်မိသည့်အတွက် ဖြစ်ပေါ်လာသော အကျိုးဆက်များကို တိုးတိုးလေး ပြောပြလိုက်သည်။

"ဟား ဟား ဟား..."

ချန်ပုယွိကတော့ အော်ရယ်နေသည်။

တစ်ဖက်မှ ကျိုးဝမ်ရှူကလည်း သူ့၏ အခန်းငယ်လေးထဲသို့ ဝင်သွားပြီး ဇီသာရှေ့တွင် ထိုင်လိုက်ပြီးမှ လိုက်ကာပါးလွှာလေးနောက်၌ စကားပြောနေကြသည့် လူနှစ်ယောက်ကို မြင်တွေ့သွားခဲ့သည်။ ချန်ပုယွိ၏ ရယ်သံက ကျိုးဝမ်ရှူ လျစ်လျူရှုထား၍ မရနိုင်လောက်အောင် ကျယ်လောင်လွန်းလှသည်။

ပတ်ဝန်းကျင်ရှိ လူအချို့က ချန်ပုယွိကို လှည့်ကြည့်လာကြသည်။

ချန်ပုယွိက ချက်ချင်း ရယ်သံကို တိုးလိုက်ပြီး ပြတင်းပေါက်ဘက်သို့ ကြည့်လိုက်ရာ ထိုနေရာတွင် ထိုင်နေသော ပုံရိပ်ကို အမှန်ပင် တွေ့သွားခဲ့သည်။ သူက သူ့ရယ်သံကို ချက်ချင်း ထိန်းချုပ်ပြီး ရပ်တန့်လိုက်သည်။

"မရီး... အပေါ်ထပ်ကို တက်ခဲ့ပါဦး"

"မလိုပါဘူး၊ ကျွန်မ ဒီမှာပဲ ခဏထိုင်ပြီး ဝမ်ရှူကို စောင့်နေလိုက်ပါ့မယ်"

All Chapters