အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း ၉၉ ငါးမျှားခြင်း
စူးယောင်ကွမ်း နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျန်းရိဟွမ်းနှင့် အဝတ်အစား ထည်ထည်ဝါဝါ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်တို့ ကပွဲခန်းမထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက် ဝင်လာပြီးနောက် စားပွဲထိုးက သူတို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။
စူးယောင်ကွမ်းက ချန်ပုယွိကို မေးလိုက်သည်။
"ရှင်... ကျွန်မကို သတင်းအချက်အလက်လေး တစ်ခုလောက် စုံစမ်းပေးလို့ရမလား"
ချန်ပုယွိက အလွယ်တကူ ပြန်ဖြေလိုက်သည်။
"မေးစရာရှိတာ မေးပါ၊ ကျွန်တော် သိသမျှကို ဘာမှ ဖုံးကွယ်မထားဘဲ အကုန်ပြောပြပေးပါ့မယ်"
"အခုလေးတင် အပေါ်ထပ်ကို တက်သွားတဲ့ ယောင်္ကျားလေးနဲ့ မိန်းကလေးက ဘယ်အခန်းမှာလဲဆိုတာ သိချင်လို့ပါ"
စူးယောင်ကွမ်းက ကျန်းရိဟွမ်းတို့နှစ်ယောက်၏ နောက်ကျောကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါက လွယ်ပါတယ်၊ စားပွဲထိုးကို ခေါ်ပြီး မေးကြည့်လိုက်မယ်လေ။ ဘာဖြစ်လို့လဲ၊ သူတို့ကို သိလို့လား"
"ရှင်လည်း သူတို့ကို သိတယ်လေ"
"ကျွန်တော် မသိပါဘူး"
"သူ့ရဲ့ အစ်ကိုကို ရှင် သိတယ်၊ ပြီးတော့ သူမရဲ့ ဆွေမျိုးအရင်းမဟုတ်တဲ့ ဝမ်းကွဲကိုလည်း သိတယ်။ သူ့နာမည်က ကျန်းရိဟွမ်း၊ သူမရဲ့အစ်ကိုနာမည်က ကျန်းယီဟွေ့၊ ပြီးတော့ သူမရဲ့ ဝမ်းကွဲနာမည်က ရှောင်းချီ"
"အော်၊ သူတို့လား၊ ရှောင်းချီလည်း ဒီကပွဲခန်းမမှာပဲ ရှိနေတာပဲ၊ ကျွန်တော် ခုနကပဲ သူ့ကို တွေ့လိုက်တာ။ သူကတော့ ကျွန်တော့်ကို မမြင်လိုက်ဘူး၊ ပြီးတော့ ဒီကပွဲခန်းမက ကျွန်တော့်မိသားစုပိုင်မှန်းလည်း သူ မသိဘူး"
"တကယ်လား"
စူးယောင်ကွမ်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွတ်ခံလို့ ရပါ့မလဲ။ ဒီလိုကောင်းကင်က ပေးတဲ့ အခွင့်အရေးကို အလကားဖြုန်းတီးလိုက်ရင် အတော်လေး နှမြောစရာ ဖြစ်သွားလိမ့်မယ်'
"တကယ်ပေါ့၊ သူလည်း အပေါ်ထပ်မှာပဲ၊ ဟုန်ရှင်းခန်းဆောင်ထဲမှာ"
ချန်ပုယွိက ပြန်ဖြေလိုက်သည်။
ထို့နောက်တွင်ချန်ပုယွိက ကျန်းရိဟွမ်းတို့ကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သော စားပွဲထိုးကို ခေါ်လိုက်ပြီး သူတို့နှစ်ယောက် ဘယ်အခန်းမှာလဲဟု မေးမြန်းလိုက်သည်။ စားပွဲထိုးက သူတို့ ကွေ့ဟွာခဆောင်န်းသို့ ရောက်သွားကြောင်း ပြန်ဖြေလာခဲ့သည်။
ကွေ့ဟွားခန်းဆောင်နှင့် ဟုန်ရှင်းခန်းဆောင်အကြားတွင် အခန်းအချို့ ခြားနေသေးသည်။ ရှောင်းယန်ချီက တစ်ဖက်အခန်းတွင် သူငယ်ချင်းများနှင့် အရက်သောက်နေပြီး ကျန်းရိဟွမ်းကတော့ သူမ၏ အဖော်နှင့် အခန်းတစ်ခုထဲ၌ အချစ်စခန်းဖွင့်နေကြသည်။ အကယ်၍ သူမသာ အခွင့်အရေးတစ်ခု ဖန်တီးမပေးခဲ့လျှင် သူတို့ပြန်သွားသည့်တိုင်အောင် နှစ်ယောက်စလုံး ဤနေရာ၌ ရှိနေကြမှန်းပင် သိကြမည် မဟုတ်ဟု စူးယောင်ကွမ်း သတ်မှတ်လိုက်သည်။
‘ဒါမျိုးတော့ ဖြစ်လို့ မရဘူးလေ’
‘ဒီလို သာယာတဲ့နေ့မျိုးမှာ ဒီလို 'ချစ်သူနှစ်ဦး' ဆုံတွေ့သွားမှ ဖြစ်မှာပေါ့’
ထိုအချိန်တွင် ဇီသာသံ ထွက်ပေါ်လာခဲ့သည်။ စူးယောင်ကွမ်းတစ်ယောက် ခဏတာမျှ ငေးမောသွားရပြီး ဂီတသံ ထွက်ပေါ်လာသည့် အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ချန်ပုယွိက တစ်စုံတစ်ခုကြောင့် စိတ်ထဲမှ မလုံမလဲ ဖြစ်သွားပြီး မေးလိုက်ပြန်သည်။
"ဘာဖြစ်လို့လဲ"
"ဒီသခင်လေး 'ဇီကျန့်' ရဲ့ ဇီသာလက်ရာက တကယ်ကို ထူးချွန်တာပဲ။ ဂီတနဲ့ ပတ်သက်ရင် ဘာမှနားမလည်တဲ့ ကျွန်မတောင် သူ့ရဲ့ တေးသွားတွေကို နားထောင်ရင်း စွဲလမ်းသွားမိတယ်"
ချန်ပုယွိ : "..."
'ဒီလူနှစ်ယောက်က အိမ်ခေါင်မိုးတစ်ခုတည်းအောက်မှာ အတူနေနေတာတောင် တစ်ယောက်နဲ့တစ်ယောက် ဒီလောက်တောင် ရင်းနှီးမှု မရှိကြတာလား'
"သခင်လေး... ကျွန်မ အကူအညီတစ်ခုလောက် တောင်းချင်လို့"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"နောက်ပိုင်းကျရင် ရှင်တို့ရဲ့ စားပွဲထိုးလေးကို အလုပ်တစ်ခုလောက် ခိုင်းပေးပါလား"
"မရီးက အဲ့ဒီမိန်းကလေးကို မုန်းနေတာလား"
ချန်ပုယွိက စိတ်ဝင်တစား မေးလာခဲ့သည်။
"မုန်းတာပေါ့၊ အရိုးစွဲအောင် မုန်းတာ"
စူးယောင်ကွမ်းက ကျန်းရိဟွမ်းအပေါ် ထားရှိသည့် သူမ၏ စက်ဆုပ်ရွံရှာမှုကို ဖုံးကွယ်မနေတော့ပေ။
"ကောင်းလိုက်တာ၊ ကျွန်တော်လည်း ရှောင်းယန်ချီကို မုန်းတာပဲ။ ရှောင်းယန်ချီ မပျော်ရွှင်ရသရွေ့တော့ ကျွန်တော် စိတ်ချမ်းသာရမှာည သေချာတယ်။ အဲ့ဒီမိန်းကလေးကို အရင်က မသိခဲ့ပေမဲ့ သူ့အစ်ကို ကျန်းရီဟွေ့ကလည်း လူကောင်း မဟုတ်ဘူး၊ ရှောင်းယန်ချီကလည်း အတူတူပဲ။ သူတို့နဲ့ ရင်းနှီးနေတဲ့ မိန်းကလေးဆိုတော့ သူလည်း လူကောင်း မဟုတ်လောက်ဘူး။ အဲ့ဒီတော့ ကျွန်တော် မင်း ပြောတဲ့ကိစ္စကို ကူညီပေးမယ်"
စူးယောင်ကွမ်းက ချန်ပုယွိနောက်မှ လိုက်သွားပြီး အပေါ်ထပ်သို့ တက်သွားခဲ့သည်။
တစ်ဖက်မှ ကျိုးဝမ်ရှူကလည်း သူမ၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေလေသည်။ သီချင်းတစ်ပုဒ် ပြီးဆုံးသွားပြီးနောက် သူ ပြန်ရတော့မည်ဖြစ်သော်လည်း အောက်ထပ်မှ လူအုပ်ကြီး၏ အားပေးသံများက ဆူညံလွန်းနေသဖြင့် သူ သီချင်းတစ်ပုဒ် ထပ်မံ တီးခတ်ပေးလိုက်ရသည်။
ဒုတိယမြောက် သီချင်းပြီးဆုံးသွားချိန်တွင် အောက်ထပ်မှ လူများက မည်မျှပင် တောင်းဆိုပါစေ သူက တာဝန်ခံ၏ တောင်းဆိုမှုကို ငြင်းပယ်ပြီး ယနေ့အတွက် ဖျော်ဖြေမှုကို အဆုံးသတ်လိုက်သည်။
ကိုယ်ပိုင်အခန်းမှ ထွက်လာပြီးနောက် စားပွဲထိုးကို မေးမြန်းရာ စူးယောင်ကွမ်းနှင့် ချန်ပုယွိတို့ မလှမ်းမကမ်းရှိ အခန်းတစ်ခုတွင် ရှိနေကြောင်း သိလိုက်ရသောကြောင့် သူလည်း ထိုအခန်းဘက်သို့ လျှောက်သွားလိုက်သည်။ သူ အခန်းတံခါး ခေါက်ရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်သွားပြီး စူးယောင်ကွမ်းက သူ့ကို အတွင်းသို့ ဆွဲသွင်းလိုက်သည်။ ချန်ပုယွိလည်း စူးယောင်ကွမ်းဘေးတွင် ရှိနေပြီး သူတို့နှစ်ယောက်က တစ်စုံတစ်ခုကို စူးစိုက်ကြည့်နေကြကာ လျှို့ဝှက်မှုတစ်ခုခု လုပ်နေသည့်ပုံစံမျိုး ဖြစ်နေကြသည်။
"ရှူး... တိုးတိုး"
"ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ"
"ဇာတ်လမ်းကြည့်နေတာလေ"
စူးယောင်ကွမ်းက တံခါးပြင်ပသို့ ကြည့်လိုက်ရာ ရှောင်းယန်ချီ မျက်နှာပျက်နေဟန်ဖြင့် ထွက်ခွာသွားသည်ကို တွေ့လိုက်ရပြီး သူက အဝတ်အစားပေါ်ရှိ ရေစက်များကို ခါထုတ်နေသည်။
စားပွဲထိုးက တောင်းပန်စကားများ ပြောကြားရင်း ရှောင်းယန်ချီကို ကျန်းရိဟွမ်းနှင့် ထိုလူငယ် ရှိနေသည့် အခန်းရှေ့သို့ ခေါ်ဆောင်လာသည်။ ထိုအချိန်မှာပင် အခန်းထဲမှ စားပွဲထိုးတစ်ယောက် ထွက်လာပြီး တံခါးကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် ကျန်းရိဟွမ်းနှင့် ထိုလူငယ်တို့ အပြန်အလှန် ကြည့်နေသည့် အချစ်ရိပ်သန်းသော မြင်ကွင်းက ရှောင်းယန်ချီ၏ မျက်စိရှေ့သို့ ရောက်လာတော့သည်။
ထိုမြင်ကွင်းက ရှောင်းယန်ချီ၏ မျက်လုံးများကို ပြူးကျယ်သွားစေပြီး သူ့အဝတ်အစားများကိုပင် သေသပ်အောင် မပြင်နိုင်တော့ဘဲ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
"ဟွမ်းအာ..."
ကျန်းရိဟွမ်းက ရှောင်းယန်ချီကို မြင်သွားပြီး အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားသည်။ သူမက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး နူးညံ့ချိုသာသောအသံလေးဖြင့် လှမ်းမေးလိုက်သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
"အဲ့ဒီစကားကို ကိုယ်က မေးရမှာ မဟုတ်ဘူးလား။ မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ပြီးတော့ ဒီလူက ဘယ်သူလဲ"
ရှောင်းယန်ချီက မကြာသေးမီကာလအတွင်း စာသင်ကျောင်းတွင် ချီးကျူးခံထားရသဖြင့် ယခင်ကဲ့သို့ ကြောက်ရွံ့တတ်သည့်ပုံစံမျိုး မဟုတ်ဘဲ ယုံကြည်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သည်။ ထို့အပြင် ကျန်းရိဟွမ်း၏ ကြင်နာမှုများကြောင့် သူက ကျန်းရိဟွမ်းအား စိတ်ဝင်စားနေပြီး စာမေးပွဲအောင်ပြီးပါက သူမနှင့် လက်ထပ်ရန်ပင် စဉ်းစားထားသူ ဖြစ်သည်။ သူက သူမကို သူ့၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သဘောထားနေသည့်အချိန်တွင် အခြားလူတစ်ယောက်နှင့် တွေ့လိုက်ရသဖြင့် သူ့ဒေါသများ ထွက်ပေါ်လာပြီး သူ့အမူအရာကမှာလည်း တည်တင်းသွားခဲ့သည်။
"ဒါက သခင်လေးကျန်းပါ။ ကျွန်မ သူ့ဆီကနေ ဆိုင်ခန်းငှားဖို့ ကိစ္စ ပြောနေတာပါ"
ကျန်းရိဟွမ်းက ပြန်ဖြေလိုက်သည်။
"ဆိုင်ခန်းငှားတာ ဟုတ်လား"
ရှောင်းယန်ချီက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။
‘သူသာ ရောက်မလာခဲ့ရင် ဒီလူက သူမရဲ့ လက်ကို ထိကိုင်မိတော့မှာလေ။ စီးပွားရေးကိစ္စဆိုရင်တောင် ဒီလောက် နီးနီးကပ်ကပ် ထိုင်နေစရာ လိုလို့လား။ အခန်းထဲမှာလည်း သူတို့နှစ်ယောက်တည်း။ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်းရှိနေရင် မိန်းခလေးအတွက် အနိုင်ကျင့်ခံရဖို့ လွယ်ကူတာ မဟုတ်ဘူးလား’
‘ဟွမ်အာက အရမ်းကို အပြစ်ကင်းလွန်းနေသေးတာပဲ။ ဒီလိုယောကျာ်းတွေရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ သရုပ်သဏ္ဌာန်တွေကို သူ ဘယ်လို သိရှာပါ့မလဲ’
ထိုသို့ တွေးပြီးနောက် ရှောင်းယန်ချီက သူ့ရှေ့မှ လူကို ရန်လိုသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။
သခင်လေးကျန်းက ရှောင်းယန်ချီကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျန်းရိဟွမ်းကို မေးလိုက်သည်။
"ရိဟွမ်း၊ သူက ဘယ်သူလဲ..."
"အစ်ကိုကျန်း၊ သူက ကျွန်မရဲ့ အစ်ကိုပါ။ အစ်ကိုက ကျွန်မကို စိုးရိမ်ပြီး နည်းနည်း စိတ်လှုပ်ရှားသွားတာပါ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်"
ကျန်းရိဟွမ်းက ရှင်းပြလိုက်သည်။
ကျန်းရိဟွမ်းက ထိုလူအား 'အစ်ကိုကျန်း' ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်နှာက တစ်ဖန်ပျက်ယွင်းသွားပြန်သည်။
"အစ်ကို၊ ညီမ နောက်မှ ရှင်းပြမယ်လေ"
ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ လက်ကို ဆွဲကိုင်ကာ တောင်းပန်လိုက်သည်။
ကျန်းရိဟွမ်းက ရှောင်းယန်ချီကို 'အစ်ကို' ဟု ခေါ်နေသည်ကို ကြားလိုက်ရသဖြင့် သခင်လေးကျန်းက သူတို့နှစ်ယောက်ကို မောင်နှမအရင်းဟု ထင်မှတ်သွားပြီး ရှောင်းယန်ချီအပေါ် အလွန်အမင်း ရင်းနှီးဖော်ရွေစွာ ပြောလိုက်သည်။
"ညီလေးကျန်း၊ ထိုင်ပါဦး၊ တစ်ခုခုစားကြရအောင်"
"မစားတော့ပါဘူး"
ရှောင်းယန်ချီက စိတ်မပါ့တပါဖြင့် ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့က စီးပွားရေးကိစ္စ ပြောဖို့ လာတာ မဟုတ်ဘူးလား၊ ကျွန်တော်ပဲ ခင်ဗျားနဲ့ စကားပြောမယ်"
စူးယောင်ကွမ်းက ထိုအခြေအနေကို နားစွင့်နေခဲ့ပြီး သူတို့သုံးယောက် စီးပွားရေးကိစ္စအတွက် ထိုင်ဆွေးနွေးနေသည်ကို မြင်လိုက်ရသောကြောင့် အံ့ဩတကြီး သက်ပြင်းချလိုက်သည်။
"ငါက ကျန်းရိဟွမ်းလောက် မတော်ဘူးပဲ"
သူမထံတွင် ထိုသို့သော ရှက်ကြောက်ခြင်းမရှိသည့် စိတ်ဓာတ်မျိုး၊ ထိုသို့သော ရဲတင်းမှုမျိုး၊ ထို့ပြင် ယောကျာ်းသားများကို အသုံးချနိုင်သည့် ထိုသို့သော အရည်အချင်းမျိုး မရှိချေ။
"မယူသင့်တာ အားလုံးကို လောဘတကြီးနဲ့ ပိုင်ဆိုင်ချင်နေတာက နောက်ဆုံးတော့ ဒုက္ခနဲ့ပဲ ရင်ဆိုင်ရမှာပါ"
ချန်ပုယွိက ဝင်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီမိန်းမကတော့ တကယ်ကို အရည်အချင်းရှိတာပဲ။ အဲ့ဒီကျန်းမျိုးရိုးလူက ကုန်စုံဆိုင်ဖွင့်ထားတာ။ ကျွန်တော်သိသလောက်တော့ သူက အိမ်ထောင်သည်ပဲ"
"တကယ်လား"
စူးယောင်ကွမ်းက စိတ်ဝင်တစား ဖြစ်သွားပြန်သည်။
"ဒါဆိုရင်တော့ နောက်ထပ် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်း တစ်ခု ထပ်ကြည့်ရတော့မှာပေါ့"
"ကျွန်တော် သူ့မိန်းမကို တစ်ခါ မြင်ဖူးတယ်။ ဒါပေမဲ့ သူ့မိန်းမက မြို့ပေါ်မှာ မနေဘဲ နယ်ဘက်က မိဘအိမ်မှာပဲ နေနေရတယ်လို့ ကြားတယ်။ နောက်ထပ် ဇာတ်လမ်းကောင်း ကြည့်ချင်သေးတယ်ဆိုရင်တော့ အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူးပေါ့"
"အိုး"
စူးယောင်ကွမ်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
“ယောင်ကွမ်း၊ ကျွန်တော်တို့ ဒီကို မီးပုံးပွဲတော်ကြည့်ဖို့ လာခဲ့ကြတာလေ၊ ဒါပေမဲ့ ခင်ဗျားက...”
ချန်ပုယွိနှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည့် စူးယောင်ကွမ်းကို ကြည့်ကာ ကျိုးဝမ်ရှူက မကျေမနပ် လှမ်းပြောလိုက်သည်။
“ကျွန်တော် ရှိနေတာကိုရော ခင်ဗျား မှတ်မိသေးရဲ့လား”
“မှတ်မိတာပေါ့၊ မှတ်မိတာပေါ့။ ဒီမှာကလည်း ကြည့်စရာ ပွဲမရှိတော့ဘူး၊ သွားကြမယ်၊ မီးပုံးပွဲတော်ကို သွားကြည့်ရအောင်။ လာပါ”
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဆွဲခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
အောက်ထပ်သို့ ဆင်းလာစဉ်အတွင်း စူးယောင်ကွမ်းက သူမဘာသာ တီးတိုးရေရွတ်နေသေးသည်။
“ဒီကျန်းရိဟွမ်းကတော့ တကယ်ကို ငါးမျှားတဲ့နေရာမှာ ဆရာကြီးပဲ၊ ဒီလိုမျိုး ရှောင်တိမ်းနိုင်တယ်ပေါ့။ ငါ သူ့ကို တကယ်ပဲ လျော့တွက်မိသွားတယ်”
အခန်း ၁၀၀ သက်ဝင်တက်ကြွမှု
ကပွဲခန်းမမှ ထွက်လာပြီးနောက် စူးယောင်ကွမ်းတစ်ယောက် ကချေသည်များအတွက် မျက်နှာချေမ်းသပ်မှု လုပ်ရန် ကျန်နေသေးကြောင်း သတိရမိသွားသည်။
'ထားလိုက်ပါတော့၊ မနက်ဖြန်မှပဲ လုပ်တော့မယ်။ မနက်ဖြန်ကျရင်တော့ စောစောက အကူအညီပေးခဲ့တဲ့ ချန်ပုယွိကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရေးပေါ် မျက်နှာချေလိမ်းနည်းလေး အနည်းငယ် သင်ပေးလိုက်ဦးမယ်'
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဆွဲခေါ်ကာ လူအုပ်ကြားထဲမှ လျှောက်သွားနေခဲ့သည်။ သူမတို့နှစ်ယောက် မီးအိမ်များ ဝယ်ကြပြီး စားစရာမျိုးစုံ လျှောက်စားနေခဲ့ကြသည်။ စူးယောင်ကွမ်းတစ်ယောက် ဈေးဆိုင်တန်းတစ်ခုမှ အရုပ်လေးတစ်ရုပ်ကို တွေ့သွားပြီး ကောက်ကိုင်ကာ ကျိုးဝမ်ရှူအား လှရဲ့လားလို့ မေးရန် ပြင်နေစဥ်မှာပင် ချောမောသည့် မိန်းကလေးတစ်ယောက်က ကျိုးဝမ်ရှူ၏လမ်းအား ပိတ်ရပ်ထားပြီး သူ့အတွက် မီးအိမ်လေး ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။
ကျိုးဝမ်ရှူက တစ်ခုခု ပြန်ပြောလိုက်ပုံရပြီး ထိုမိန်းကလေးက စူးယောင်ကွမ်းရှိရာဘက်ကို လှမ်းကြည့်လာသည်။
မြင်ကွင်းကို အကဲခတ်နေတဲ့ စူးယောင်ကွမ်းကလည်း ထိုမိန်းကလေး သူမကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ကျိုးဝမ်ရှူရှေ့မှ လှည့်ထွက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ဒီမိန်းကလေး ဘာလို့ ငါ့ကို ဒေါသတကြီး စိုက်ကြည့်သွားတာလဲ၊ သူက ငါ့ကို သိလို့လား"
စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။
"သူ ကျွန်တော့်ကို အနှောင့်အယှက် ပေးနေလို့... ခင်ဗျားက ကျွန်တော့်ရဲ့ ဇနီးပါလို့ သူ့ကို ပြောလိုက်တာပါ"
"အဆင်ပြေပါတယ်။ ငါလည်း နင့်ကို ဒိုင်းအဖြစ် သုံးခဲ့တာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဒိုင်းကာလုပ်ပေးရတာက အဆင်ပြေပယ်။ ဒါပေမဲ့ အဲ့ဒီမိန်းကလေးက တော်တော်လေး ချောတယ်နော်။ နင် သူ့ကို တကယ် မကြိုက်ဘူးလား"
စူးယောင်ကွမ်းက ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
"ယောင်ကွမ်း ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်က ဒီလောက်တောင် လူပေါ့လူသွမ်းဖြစ်နေပြီလား"
ကျိုးဝမ်ရှူက စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"ရုပ်ချောတဲ့သူတွေကို ကြိုက်တာက လူပေါ့လူသွမ်း မဟုတ်ဘူးလေ၊ ဒါက လူ့သဘာဝပဲ။ လူတစ်ယောက်နဲ့တစ်ယောက် စတွေ့တဲ့အချိန် ပထမဆုံး အထင်အမြင်က ရုပ်ရည်သွင်ပြင်ပေါ်မှာပဲ မူတည်တာ။ ရုပ်ချောတဲ့သူတွေကို မြင်ရင် စိတ်ထဲမှာ ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်လို့ ခံစားရတာက ငြင်းလို့မရတဲ့ အချက်တစ်ချက်ပဲ။ ဥပမာ... ငါ နင့်ကို ပထမဆုံး မြင်တုန်းကလည်း နင် ရုပ်ချောတယ်လို့ ထင်ခဲ့တာပဲ မဟုတ်လား။ ဒါကြောင့် ရုပ်ချောတဲ့သူတွေကို ကြိုက်တာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"
"ကျွန်တော်သာ ရုပ်ဆိုးနေရင် ယောင်ကွမ်းက ကျွန်တော့်ကို ဝယ်ခဲ့မှာလား"
ကျိုးဝမ်ရှူက ပြန်မေးလိုက်သည်။
"မဝယ်ဘူး"
စူးယောင်ကွမ်းက အပြုံးဖြင့် ဖြေလိုက်ပြီး သူမ ဝယ်ထားသည့် သကြားလုံးကို ကျိုးဝမ်ရှူ၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ငါက အရမ်းကို ပေါ့ပျက်တဲ့လူမျိုးပဲ"
ကျိုးဝမ်ရှူ : “…”
စူးယောင်ကွမ်းက ညဈေးထဲ၌ ဆက်လမ်းလျှောက်နေခဲ့သည်။
ကျိုးဝမ်ရှူက သူမ နောက်မှ လိုက်လာရင်း သူမ ဈေးသည်များနှင့် ဈေးဆစ်နေသည်ကို ငေးကြည့်နေမိသည်။ ဈေးသည်က ကြွေပြားသုံးဆယ်ဖြင့် ရောင်းနေသည်ကို သူမက ကြေးပြားငါးပြား၊ ခြောက်ပြားလောက်နှင့် ရအောင် ဈေးဆစ်ပြီး ဝယ်နေခဲ့သည်။ သူမက အမှန်တကယ် ရိုးရိုးသာမန် မိန်းခလေးတစ်ယောက် ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့မျိုး လုံးဝမရှိသူ ဖြစ်သည်။ သို့သော်လည်း ထိုလူမျိုးကသာ ပိုသက်ဝင်တက်ကြွနေသည်ဟု သူ ခံစားနေရသည်။
"မပြေးနဲ့..."
လူသန်ကြီးတစ်ယောက်က သူတောင်းစားလေးတစ်ယောက် အနောက်သို့ အပြေးလိုက်နေပြီး အော်ဟစ်နေသည်။
"ကောင်စုတ်လေး... ငါ့ဆီကနေတောင် ခိုးရဲတယ်ပေါ့"
သူတောင်းစားလေးက အမောတကောဖြင့် ဟောဟဲလိုက်နေပြီး စူးယောင်ကွမ်းကို မြင်လိုက်သည့်အခါ သူမ နောက်သို့ ဝင်ပုန်းလိုက်သည်။
"အစ်မကြီး... ကျွန်တော့်ကို ကယ်ပါဦး"
သူတောင်းစားလေး ရပ်သွားသည်ကို မြင်လိုက်ရချိန်တွင် လူသန်ကြီးကလည်း အနားသို့ ရောက်လာပြီး ခြိမ်းခြောက်လိုက်သည်။
"ငါ့ပစ္စည်း ပြန်ပေးစမ်း"
"ဒါက ခင်ဗျားပစ္စည်း မဟုတ်ဘူး၊ ဘာလို့ ပေးရမှာလဲ"
သူတောင်းစားလေး ဖုန်းချောင်ယန်က အော်ဟစ် ငြင်းဆန်လိုက်သည်။
"ချောင်ယန်... ဘာဖြစ်တာလဲ"
စူးယောင်ကွမ်းက မေးမြန်းလိုက်သည်။
"အစ်မကြီး... ဒီလူက တကယ့် လူမိုက်ပဲ။ တစ်နေ့က သူ ကုန်းတန်ရဲ့ ရွှေသော့လေးကို လုယူသွားပြီး ကုန်းတန်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ ကျွန်တော် သည်းမခံနိုင်လို့ သူ့ဆီက ရွှေသော့ကို ပြန်ခိုးယူလာခဲ့တာ။ အဲ့ဒါက ကုန်းတန်ရဲ့ အမေအရင်းက သူ့ကို ချန်ခဲ့ပေးတဲ့ တစ်ခုတည်းသော အရာပါ၊ သူ့ရဲ့ မူလနောက်ခံနဲ့ ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော အရာပဲ၊ အဲ့ဒါက သူ့အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော အကြောင်းပြချက်လည်း ဖြစ်နေသေးတယ်။ ကုန်းတန်ရဲ့ ပစ္စည်းကို ဒီလူမိုက် လက်ထဲကို အရောက်မခံနိုင်ဘူး"
"ဘယ်လို ရွှေသော့မျိုးလဲ"
ဖုန်းချောင်ယန် ခဏလောက် တွေဝေသွားပြီးမှ သူ၏ အိတ်ကပ်ထဲမှ ရွှေသော့လေးတစ်ခုကို ထုတ်ပြလိုက်သည်။
ထိုရွှေသော့က အတော်လေး လေးလံပြီး သူတောင်းစားလေးတစ်ယောက်အတွက်ဆိုလျှင် ယင်း၏ အစိတ်အပိုင်းအနည်းငယ်မျှက ဗိုက်ဝစေရန် လုံလောက်နေသည်။ သို့သော်လည်း ၎င်းက မပျက်မစီးဘဲ ကောင်းမွန်စွာ ရှိနေသေးသည်။ ပိုင်ရှင်က အစာငတ်ခံရလျှင်ပင် ထိုအရာကို မရောင်းချခဲ့ပဲ သူ မည်မျှတန်ဖိုးထားမှန်း သိသာနေသည်။
"သူ ပြောတာ တကယ်ပဲလား။ ဒီပစ္စည်းက တခြားသူတောင်းစားကလေးတစ်ယောက်ရဲ့ ပစ္စည်းဖြစ်နေပြီး ရှင့်ရဲ့ပစ္စည်း မဟုတ်ဘူးမလား"
စူးယောင်ကွမ်းက ထိုလူသန်ကြီးကို ပြန်မေးလိုက်သည်။
"မင်းနဲ့ ဘာဆိုင်လို့လဲ၊ မိန်းမယုတ်လေး၊ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ"
ထိုလူက အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ရာ ထူထဲသော လက်မောင်းကြွက်သားများ ထွက်ပေါ်လာသည်။
"အဲ့ဒါဆိုရင် အမှန်ပဲပေါ့"
စူးယောင်ကွမ်းက တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
"ရှင့်ပစ္စည်း မဟုတ်မှတော့ ရှင့်မှာ ဒါကို ယူဖို့ ဘာအခွင့်အရေးမှ မရှိဘူး"
"မင်း... သေချင်နေတာပဲ"
ထိုလူက သူမတို့ဆီသို့ ပြေးဝင်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဖုန်းချောင်ယန်က စူးယောင်ကွမ်းကို ဆွဲကိုင်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် စူးယောင်ကွမ်းက မပြေးဘဲ ဖုန်းချောင်ယန်ကို ကျိုးဝမ်ရှူရှိရာသို့ တွန်းပို့လိုက်ပြီး ထိုလူကောင်ထွားကြီးနှင့် ရင်ဆိုင်ရန် ပြန်လှည့်လိုက်သည်။
ဖုန်းချောင်ယန် အံ့အားသင့်သွားရသည်မှာ စူးယောင်ကွမ်းက ထိုလူသန်ကြီး၏ မျက်နှာကို ဖူးရောင်သွားသည်အထိ ထိုးနှက်လိုက်ခြင်းပင်။
"တော်ပါတော့... မရိုက်ပါနဲ့တော့... အား... နောက်တစ်ခါ မခိုးတော့ပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... အား..."
စူးယောင်ကွမ်းက လက်သီးချက်များကို ရပ်တန့်လိုက်ပြီး တင်းမာသော လေသံဖြင့် ပြောလိုက်သည်။
"ရှင် သူတို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ၊ ဆေးဖိုးဝါးခနဲ့ အားဆေးဖိုးတွေ လျော်ပေးရမှာ မဟုတ်ဘူးလား"
"လျော်ပေးပါ့မယ်... လျော်ပေးပါ့မယ်"
ထိုလူက သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ ပိုက်ဆံထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ပိုက်ဆံအိတ်ကို ဆွဲလုခံလိုက်ရသည်။
စူးယောင်ကွမ်းက ပိုက်ဆံအိတ်ကို ဆွဲလုပြီး ဖွင့်ကြည့်လိုက်သည်။ အတွင်းထဲတွင် ကြေးပြားအနည်းငယ် ရှိနေသည်ကို မြင်လိုက်ရမှ အိတ်ကို ပြန်ပိတ်ကာ ဖုန်းချောင်ယန်ဆီသို့ ပစ်ပေးလိုက်သည်။
သူမက လက်ကို လှုပ်ရှားလိုက်ရင်း တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
"နောက်တစ်ခါ သူတို့ကို ဒုက္ခပေးဖို့ ကြိုးစားမယ်ဆိုရင် ရှင့်လက်ကို ချိုးပစ်မယ်။ လက်မောင်းတောင် မမြှောက်နိုင်တော့တဲ့အချိန်ရောက်ရင် ရှင် လူတွေကို ဘယ်လို ဒုက္ခပေးဦးမလဲဆိုတာ ကြည့်ကြတာပေါ့"
"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး..."
"သွားတော့"
ထိုလူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထွက်ပြေးသွားသည်။
ဖုန်းချောင်ယန်က စူးယောင်ကွမ်းကို အားကျသည့် အကြည့်ဖြင့် ကြည့်ကာ ချီးကျူးနေသည်။
"အစ်မကြီး၊ အစ်မကြီးက တကယ်တော်တာပဲ"
စူးယောင်ကွမ်းက သူမ၏ အဝတ်အစားနှင့် ဆံပင်ကို ပြန်လည်ပြင်ဆင်လိုက်သည်။
'သေပါပြီဟယ်... အမေနဲ့ ဒေါ်လေးတွေက ငါ့ကို သေသေချာချာ ပြင်ဆင်ပေးလိုက်တာ၊ အခုတော့ အရူးနဲ့ တူသွားလောက်ပြီ'
ကျိုးဝမ်ရှူက အနားသို့ လျှောက်လာပြီး သူမ၏ ဆံပင်မှ ဆံထိုးကို ပြန်ပြင်ပေးကာ ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပေးလိုက်သည်။ နောက်ဆုံးတွင် ဆံပင်ကို ပြန်လည်ထိန်းညှိပေးလိုက်ရင်း ပြောလိုက်သည်၊
"ကဲ... အရင်အတိုင်း ဖြစ်သွားပြီ"
"အစ်မကြီး"
ဖုန်းချောင်ယန်က စူးယောင်ကွမ်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"အဲဒီလူက အရမ်းယုတ်မာတဲ့ သူပါ၊ သူ ကျွန်တော်တို့ကို ထပ်ပြီး ဒုက္ခပေးဦးမှာ သေချာတယ်။ ကျွန်တော်တို့ကို လက်ခံပေးပါ။ ကျွန်တော်တို့ လစာမလိုချင်ပါဘူး၊ အစာနည်းနည်းလောက်ပဲ ကျွေးရင် ရပါပြီ။ အိမ်မှာ နေရာမရှိရင်လည်း ကျွန်တော်တို့အတွက် ထောင့်တစ်နေရာလောက် ဖယ်ပေးပါ၊ ထင်းတဲထဲမှာပဲ ဖြစ်ဖြစ် အိပ်လိုက်ပါ့မယ်"
"မင်းတို့က လူအများကြီးပဲ၊ အကုန်လုံးကို ကျွေးမွေးဖို့ ငါ့မှာ ပိုက်ဆံ မရှိဘူး"
စူးယောင်ကွမ်းက ကူကယ်ရာမဲ့နေဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ငါတို့ရဲ့ လုပ်ငန်းသာ ပိုကြီးမားနေရင် ငါ ကူညီနိုင်မှာပါ။ အခုတော့ ငါ့လုပ်ငန်းက အစပျိုးရုံပဲ ရှိသေးတော့ လူအများကြီးကို ထောက်ပံ့ဖို့ တကယ်ပဲ မဖြစ်နိုင်ဘူး"
ကျိုးဝမ်ရှူက ကြားဖြတ်ဝင်ပြောလိုက်သည်။
"ချန်ပုယွိဆီမှာ လူလိုနေတယ်။ သူတို့ အဲဒီမှာ အလုပ်ကြမ်းလေးတွေ လုပ်နိုင်တာပေါ့၊ ဒါဆိုရင်လည်း နေစရာနေရာလည်း ရသွားနိုင်တယ်"
ဖုန်းချောင်ယန်က ကိုယ်ခံပညာ သင်ယူရန် အရည်အချင်းရှိသူ ဖြစ်သည်။ သူက မြွေတစ်ကောင်လို လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး အလွန်သွက်လက်သည်။ လက်ရှိတွင် သူ့အတွက် လူအင်အား လိုအပ်နေသဖြင့် ကျိုးဝမ်ရှူက ဤကလေးကို အနားတွင်ထားကာ လေ့ကျင့်ပေးထားသင့်သည်ဟု တွေးနေခြင်း ဖြစ်သည်။
သို့သော် သူက ဖုန်းချောင်ယန်ကို သူ သိမ်းသွင်းချင်ကြောင်း တိုက်ရိုက်မပြောနိုင်သေးပေ။ ချန်ပုယွိ၏ နာမည်ကို အသုံးချပြီး ထိုကောင်လေးကို အနားတွင် အရင်ထားပြီးမှ ဆက်လုပ်ဆောင်ရမည် ဖြစ်သည်။
"သူ့နေရာက ကပွဲခန်းမ မဟုတ်ဘူးလား။ ဒီကလေးတွေက ငယ်သေးတယ်လေ၊ အဲဒီလိုနေရာမျိုးမှာ အလုပ်လုပ်ဖို့ဆိုတာ မသင့်တော်ဘူး မဟုတ်လား"
"သူတို့သာ မိန်းကလေးတွေဆိုရင် ကပွဲခန်းမမှာ ထားဖို့ မသင့်တော်ဘူးပေါ့၊ ဒါပေမဲ့ သူတို့က ယောက်ျားလေးတွေလေ။ နေစရာနေရာရပြီး အလုပ်ကြမ်းလေးတွေ လုပ်ရတာက သူတို့အတွက် မဆိုးပါဘူး။ ကျွန်တော် ချန်ပုယွိနဲ့ စကားပြောပြီး သူတို့ကို ဂရုစိုက်ပေးဖို့ ပြောလိုက်မယ်။ ခင်ဗျားလည်း သူ့ကို တွေ့ဖူးပြီးသားပဲ၊ သူက အရမ်းသဘောကောင်းပြီး ဒီကလေးတွေကို ဒုက္ခပေးမယ့်သူမျိုး မဟုတ်ဘူး"
"အဲဒီသခင်လေးက တကယ်ပဲ ရှားရှားပါးပါး လူကောင်းတစ်ယောက်ပါ။ ငါ ကပွဲခန်းမက မိန်းကလေးတွေနဲ့ စကားပြောကြည့်တဲ့အခါ သူတို့အားလုံးက သူ့ကို ချီးကျူးကြတယ်၊ သူ့အကြောင်း မကောင်းပြောတဲ့သူ တစ်ယောက်မှ မရှိဘူး"
စူးယောင်ကွမ်းက ကောင်လေးကို ပြန်မေးလိုက်သည်။
"ချောင်ယန်၊ မင်း သဘောတူလား"
"ကျွန်တော် သဘောတူပါတယ်"
ဖုန်းချောင်ယန်က ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြနေသည်။
"ကျေးဇူးတင်ပါတယ် အစ်မကြီး၊ ကျေးဇူးတင်ပါတယ် အစ်ကိုလေး"
"အခုချက်ချင်း ဘုရားကျောင်းပျက်ကို ပြန်သွားပြီး မင်းရဲ့လူတွေကို ခေါ်ခဲ့လိုက်။ ငါတို့ ကပွဲခန်းမရဲ့ အရှေ့မှာ စောင့်နေမယ်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲ ပေးမယ်၊ အဲဒီအချိန်အတွင်း မင်းတို့ကို မတွေ့ရရင် ငါတို့ ထွက်သွားမှာ"