အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁ အခြေချခြင်း
အမွှေးတိုင်တစ်တိုင်စာမျှ အချိန်မကုန်မီမှာပင် ဖုန်းချောင်ယန်နှင့် သူ၏သူငယ်ချင်းများက ကပွဲခန်းမ၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
အချိန်က အတော်နောက်ကျနေပြီဖြစ်သဖြင့် ကျိုးဝမ်ရှူက သူတို့ အခြေချနိုင်ရန် စီမံပေးဖို့ ချန်ပုယွိထံ လွှဲအပ်လိုက်ပြီး အသေးစိတ်ကိစ္စများကို မနက်ဖြန်မှ ဆွေးနွေးရန်နှင့် လောလောဆယ်တွင် တည်းခိုရန်နေရာ အရင်စီစဥ်ပေးထားရန် မှာကြားလိုက်သည်။
မီးထွန်းပွဲတော်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး ညဉ့်နက်သန်းခေါင်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က ကပွဲခန်းမတွင် အချိန်အကြာကြီး မနေတော့ဘဲ အနားယူရန်အတွက် ထောင်ယောင်ဖန့်၏ နောက်ဖေးခြံဝင်းသို့ ခပ်သွက်သွက် ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့မနက် ကျိုးဝမ်ရှူ စာသင်ကျောင်းသို့ သွားချိန်အထိ စူးယောင်ကွမ်းက အိပ်ပျော်နေဆဲပင်။ သူမ နိုးလာသည့်အချိန်တွင် အခြားသူများက ဆိုင်ရှိ အလုပ်ကိစ္စများကို စီစဥ်ပြီးနေချေပြီ။ သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာလေးကို မြင်သောအခါ သူမတို့က တစ်ယောက်ကို တစ်ယောက် တွန်းထိုးလိုက်ကြပြီး တစ်ခုခုကို မေးချင်သော်လည်း တွန့်ဆုတ်နေကြကာ သူမတို့၏ မျက်ဝန်းများက စူးစမ်းလိုစိတ်များဖြင့် တောက်ပနေသည်။
"သမီး... မနေ့ညက သမီးနဲ့ ဝမ်ရှူ လျောက်လည်ရတာ ပျော်ခဲ့ရဲ့လား"
ကျန်းကျောက်တိက စမေးလိုက်သည်။
စူးယောင်ကွမ်းက မုန့်ပေါင်းကို တမြုံ့မြုံ့ဝါးရင်း ပြန်ပြောလိုက်သည်။
"အရမ်းပျော်ဖို့ကောင်းတယ်"
"မီးထွန်းပွဲတော်က ပျော်စရာကောင်းလား"
"အင်း၊ ပျော်စရာကောင်းတယ်"
စူးယောင်ကွမ်းက ထိုသို့ ပြောပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်ကို လက်ဖြင့် တို့ကာ အလန့်တကြား ညည်းတွားလိုက်သည်။
"ဒုက္ခပါပဲ... မနေ့ညက မုန့်တွေ အများကြီး လျှောက်စားမိလို့ ထင်တယ်၊ ပါးစပ်ထဲမှာ အပူဖုလေးတွေ ပေါက်နေပြီ"
ကျန်းကျင့်က သူမ၏ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"ပါးစပ်ဟ... ကျွန်မ ကြည့်ပေးမယ်"
စူးယောင်ကွမ်းက ရေတစ်ငုံသောက်လိုက်ပြီး ကျန်းကျင့် ကြည့်ရှုစစ်ဆေးနိုင်ရန် သူမ၏ ပါးစပ်ကို ဟပြလိုက်သည်။
စူးယောင်ကွမ်း၏ ပုံစံက ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိဘဲ ခါတိုင်းလို ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျောက်တိက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ ဘာတွေ မျှော်လင့်နေမိတာပါလိမ့်... ဒီကလေးနှစ်ယောက်က လက်ထပ်ပြီးသွားရင်တောင်မှ လက်ထပ်တာနဲ့ လက်မထပ်တာ ဘာကွာခြားချက်ရှိလို့လဲ"
"အလျင်စလို မလုပ်ပါနဲ့၊ ဝမ်ရှူက ငယ်ပါသေးတယ်၊ နောက်နှစ်အနည်းငယ်ကြာရင် အဆင်ပြေသွားမှာပါ"
ကျန်းဖန့်တိက ဝင်ပြောလိုက်သည်။
"ကျွန်မ မြင်တာတော့ ဝမ်ရှူက တော်တော်လေး ရိုးရိုးသားသား ရှိပါတယ်"
"သူက အခု စာသင်နေတာလေ၊ နောက်နှစ်နှစ်နေလို့ တော်ဝင်စာမေးပွဲ အောင်မြင်သွားရင် ငါတို့ ယောင်ကွမ်းကို ကောင်းကောင်းမွန်မွန် ပြန်ကြည့်ပါဦးမလား။ အမှန်အတိုင်းပြောရရင်... သူ စာသိပ်မတော်ဘဲ စာမေးပွဲတွေ မဖြေနိုင်မှာကို ငါ ပိုလိုလားတယ်"
ကျန်းကျောက်တိက လေသံကို နှိမ့်ပြီး ထပ်ပြောလိုက်သည်။
"မဟုတ်ရင်... သူ့ကို ဒီလောက်အကြာကြီး ကျွေးမွေးပြုစုလာပြီး နောက်ပိုင်းမှ ကျေးဇူးကန်းတဲ့ လူယုတ်မာတစ်ယောက် ဖြစ်သွားရင် အချိန်နဲ့ ပိုက်ဆံတွေ အလဟဿ ဖြစ်ကုန်မှာပေါ့"
"ဝမ်းကွဲအစ်မက အရမ်း တော်တဲ့သူပါ၊ တကယ်လို့ သူက တကယ်ပဲ အဲ့ဒီလိုလူမျိုး ဖြစ်သွားတယ်ဆိုရင်တော့ ဝမ်းကွဲအစ်မနဲ့ မထိုက်တန်လို့ပေါ့"
ကျားချွန်းနီက မကျေမနပ်ဖြင့် ဒေါသတကြီး ပြောလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"ဝမ်းကွဲအစ်မက ဒီကမ္ဘာပေါ်က အကောင်းဆုံး အမျိုးသားနဲ့ပဲ ထိုက်တန်တယ်"
"ချွန်းနီ ပြောတာ မှန်တယ်"
ကျန်းယင်းတိကလည်း ထောက်ခံလိုက်သည်။
ထိုအချိန်မှသာ ကျန်းကျောက်တိလည်း စိတ်အနည်းငယ် သက်သာရာရသွားခဲ့သည်။
ယနေ့တွင် ဧည့်သည် အလွန်အမင်း မများလှသဖြင့် စူးယောင်ကွမ်းက ကျန်းကျင့်၊ သူမ၏ အဒေါ်နှစ်ယောက်တို့နှင့်အတူ နောက်ဖေးခြံဝင်း၌ အသားအရေထိန်းသိမ်းမှုပစ္စည်း နောက်တစ်သုတ်ကို ဆက်လက်ပြုလုပ်နေကြသည်။ အရှေ့ဘက်ဆိုင်တွင် ကျားချွန်းနီတစ်ယောက်တည်းသာ ရှိနေပြီး အကယ်၍ သူမ အလုပ်များလာပါက ကျန်းကျောက်တိက အနောက်ဘက်သို့ လှမ်းခေါ်တတ်ပြီး ထိုအခါမှ သူမတို့က ဝယ်သူများကို ကူညီဧည့်ခံပေးရန် အရှေ့ခြံဝင်းသို့ သွားလေ့ရှိကြသည်။
"လမ်းတစ်ဖက်က ဆိုင်ခန်းကို တစ်ယောက်ယောက်က ငှားလိုက်ပြီ ထင်တယ်၊ ဆူညံပွက်လောရိုက်နေတာပဲ... ဘာဆိုင်ဖွင့်မလဲတော့ မသိဘူး"
စူးယောင်ကွမ်းက သူမ၏ လုပ်လက်စ အလုပ်ကို ရပ်တန့်လိုက်ပြီး ကျန်းကျောက်တိကို မော့ကြည့်ကာ ပြန်ပြောလိုက်သည်။
"အမေ... မျက်နှာချင်းဆိုင်က ဆိုင်ခန်းကို ငှားလိုက်တာ ကျန်းရိဟွမ်းနဲ့ ကျုံးလန်ဟွာတို့ ဖြစ်နေမလားလို့ တစ်ချက်လောက် စုံစမ်းကြည့်ပေးပါဦး"
"သူတို့ ဟုတ်လား၊ နင်က ဘာလို့ သူတို့ကို သံသယဝင်ရတာလဲ"
"မနေ့က သမီး ကျန်းရိဟွမ်းနဲ့ ရှောင်းယန်ချီတို့ကို တွေ့ခဲ့တယ်။ ပြီးတော့ သူတို့ ပြောနေတဲ့ စကားတွေကို မတော်တဆ ကြားခဲ့ရတယ်။ ကြည့်ရတာတော့ စီးပွားရေးလုပ်ဖို့ ပြောနေကြပုံပဲ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သေးသည်။
"သမီး သူတို့အကြောင်းကို ကောင်းကောင်းသိတယ်။ သူတို့က သမီးတို့ကို ဒုက္ခပေးဖို့ နည်းလမ်းမျိုးစုံ သုံးကြမှာ အသေအချာပဲ။ ဒါက သမီးရဲ့ ခန့်မှန်းချက်သက်သက် ဆိုပေမဲ့လည်း... ကိုယ့်ဘက်က ဘာမှ မလုပ်ခင် ကြိုတင်စုံစမ်းထားတာက အကောင်းဆုံးပဲလေ"
"ကောင်းပြီ... အခုချက်ချင်းပဲ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"
ခဏအကြာတွင် ကျန်းကျောက်တိ ပြန်ရောက်လာပြီး ပြောပြနေပြန်သည်။
"စုံစမ်းရသလောက်တော့... အဲ့ဒီ မိန်းမယုတ်နှစ်ယောက် မဟုတ်ဘူးဟေ့။ ဆိုင်ခန်းငှားတဲ့သူက တခြားမြို့ကလူတဲ့၊ အမျိုးသမီးတစ်ယောက်လို့တော့ ပြောတာပဲ"
"ဒါဆို လမ်းတစ်ဖက်မှာ ဘယ်လိုဆိုင်မျိုးဖွင့်ဖို့ စီစဥ်ထားတာလဲ"
"အဲ့ဒါတော့ စုံစမ်းလို့ မရခဲ့ဘူး"
ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။
"ပွဲစားတွေကလည်း ဆိုင်ခန်းငှားတဲ့သူက တခြားမြို့ကလာတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာပဲ သိကြတယ်၊ သူ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာကိုတော့ သူတို့လည်း မသိကြဘူး"
"ဒီရက်ပိုင်းအတွင်း သမီးတို့အနေနဲ့ လမ်းတစ်ဘက်က ဆိုင်ရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုသေးတယ်"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှေ့တည့်တည့်မှာတင် ရှိနေတာလေ။ တကယ်လို့ သူတို့က ဆက်ဆံရခက်တဲ့လူတွေ ဖြစ်နေရင် သမီးတို့ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်စေလိမ့်မယ်"
တစ်ဖက်တွင်လည်း စာသင်ကျောင်းတွင် ရှိနေသည့် ကျိုးဝမ်ရှူက ကျောင်းအုပ်ကြီးထံသို့ သွားရောက်ပြီး နေ့တိုင်း အိမ်ပြန်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ အစပိုင်းတွင် ကျောင်းအုပ်ကြီးက တွန့်ဆုတ်နေသော်လည်း ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ နှစ်ယောက်လုံးပါ လာရောက်ခွင့်တောင်းကြသောကြောင့် သူ ခွင့်ပြုပေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့ သုံးယောက်တည်းကိုသာ အိမ်ပြန်ခွင့်ပြုပါက အခြားသူများ၏ မကျေမနပ်ဖြစ်မှုကို ကြုံရနိုင်ကြောင်း ကြိုသိနေသည့် ကျောင်းအုပ်ကြီးက စည်းမျဥ်းများကို ပြောင်းလဲကာ အနီးနားတွင် နေထိုင်သူများအားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်သည်။
ရှောင်းယန်ချီကတော့ ထူးဆန်းနေပြီး ထိုကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ချေ။
အမှန်တကယ်တွင် ကျန်းမိသားစုက စီးပွားရေး စတင်တော့မည် ဖြစ်ရာ မြို့ထဲတွင် နေထိုင်စရာ နေရာရလာလျှင် သူလည်း ကျန်းရိဟွမ်းကို တွေ့ရန် အိမ်သို့ မကြာခဏ ပြန်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက 'မတတ်သာသလိုမျိုး' ပုံစံနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
"မင်းက အဲ့ဒီလူဆယ်ယောက်အတွက် တခြားစီစဥ်ထားတာ ရှိတယ်လို့ ပြောနေတာလား"
ချန်ပုယွိက အံ့အားသင့်စွာ မေးမြန်းနေသည်။
"အစ်ကိုကျိုး... အဲ့ဒီသူတောင်းစား ဆယ်ယောက်လုံးက တော်တော်လေး ငယ်ကြသေးတယ်။ ငါ့အမြင်တော့... ငါတို့ ကပွဲခန်းမမှာပဲ အလုပ်ကြမ်းလုပ်ဖို့ စီစဥ်ပေးလိုက်တာက ပိုအဆင်ပြေလိမ့်မယ်။ ငါတို့ဆီမှာ စုစုပေါင်း လူတစ်ရာကျော် ရှိပေမဲ့လည်း လူအင်အားက ခဏခဏ ပြတ်လပ်နေတာ။ အလုပ်သမားလေး သုံးလေးယောက် ပိုခန့်ဖို့က ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်းက သူတို့ကို သီးသန့်စီစဥ်ပေးချင်တယ်ဆိုရင် မင်း သူတို့အတွက် ဘာလုပ်ပေးနိုင်မှာမို့လို့လဲ"
"သူတို့က ငါ့လူတွေဆိုတာ မင်း သိထားရင် ရပြီ။ လောလောဆယ်တော့ မင်းဆီမှာ ခဏထား ထားမယ်။ ငါ့ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူတို့ကို ပြန်ခေါ်သွားမှာ... ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကိုတော့ မင်း သေချာ တာဝန်ယူပေးရမယ်"
"တကယ်လို့ သူတို့က မိန်းမငယ်လေးဆယ်ယောက်ဆိုရင်တော့ ငါ အာမမခံနိုင်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ငါ့အဖေရဲ့ အာဏာကို မလွန်ဆန်နိုင်ဘူးလေ။ ဒါပေမဲ့ သူတို့က အလုပ်ကြမ်းလုပ်မယ့် ကောင်လေးတွေဆိုတော့ ငါ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးလို့ ရပါတယ်"
"တကယ်လို့ မင်း ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင် ငါ့ဆီပဲ လွှဲပေးလိုက်ပါလား။ ငါတို့ လောင်းကစားခန်းမမှာလည်း လူလိုနေတာပဲ။ သူတောင်းစားလေး ဆယ်ယောက်ကို ကျွေးမွေးထားဖို့ဆိုတာ လိုတာထက်တောင် ပိုတောင်ပိုသေးတယ်"
ကျုံးချူရှန်းက မြက်ပင်တစ်ပင်ကို ကိုက်ဝါးရင်း ပျင်းရိပျင်းတွဲ လေသံဖြင့် ဝင်ပြောလိုက်သည်။
"မင်းတို့ လောင်းကစားအိမ်ရဲ့ စီးပွားရေးက အခုလောလောဆယ် အရမ်း ရိုးရှင်းလွန်းနေတယ်။ ငါ့မှာ စိတ်ကူးတချို့ ရှိတယ်၊ မင်း နားထောင်ကြည့်ချင်လား"
ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။
ကျုံးချူရှန်းက သူ့ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်လိုက်ပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ ပြန်မေးလိုက်သည်။
"အစ်ကိုကြီး... အမြန် ပြောပြပါဦး၊ ငါတို့ ဘယ်လိုလုပ်ရမှာလဲ"
ကျိုးဝမ်ရှူက သူကိုယ်တိုင် လျှို့ဝှက်ဆန်းကြယ်လှသော ‘သခင်လေးဇီကျန့်’ ဖြစ်နေသည်ဟူသောအချက်ကို ကျုံးချူရှန်းထံမှ ဖုံးကွယ်မထားခဲ့ပေ။ ဤမိတ်ဆွေသစ်က ချန်ပုယွိ၏ မိသားစုအတွက် ပိုက်ဆံအမြောက်အမြား ရှာဖွေပေးခဲ့သဖြင့် ချန်ပုယွိ၏ဖခင်အပေါ် သြဇာလွှမ်းမိုးမှုရှိလာခဲ့ကြောင်း ကျုံးချူရှန်း သိထားခဲ့သည်။ ချန်ပုယွိ၏ဖခင်က သခင်လေးဇီကျန့်ကို သူ့သား ရှာဖွေတွေ့ရှိခဲ့သည့်လူမှန်း သိထားသဖြင့် ချန်ပုယွိအပေါ် ဆက်ဆံပုံ ပြောင်းလဲသွားသည့်အပြင် မကြာသေးမီကပင် သူ့ကို ရိုက်နှက်ခြင်းမပြုတော့ချေ။
မြို့ထဲရှိ နာမည်ကြီး အထက်တန်းလွှာ သားသမီးများထဲမှ တစ်ဦးဖြစ်သော ကျုံးချူရှန်းကလည်း စာပေမလေ့လာနိုင်ဘဲ ဖခင်ဖြစ်သူ၏ ငြိုငြင်မှုကို အမြဲတမ်း ခံနေရသည့် အသုံးမကျသော သခင်လေးတစ်ဦး ဖြစ်သည်။ သူ၏ဖခင်က အပြင်တွင် လျှို့ဝှက်မွေးထားသော တရားမဝင်သားကို အိမ်သို့ခေါ်ဆောင်ကာ အမွေဆက်ခံသူအဖြစ် သတ်မှတ်ရန် ပြင်ဆင်နေချေပြီ။ သူ မည်မျှပင် ခေါင်းမာသူ ဖြစ်နေပါစေ အမွေဆက်ခံခွင့်ကို လက်မလွှတ်ရန်နှင့် ရည်မှန်းချက်ကြီးကြီးထားရန် မိခင်ဖြစ်သူ၏ နေ့စဥ်နှင့်အမျှ မျက်ရည်ကျကာ တောင်းပန်နေမှုများကိုတော့ သူ ကြံ့ကြံ့မခံနိုင်တော့ချေ။
"ကျွန်တော် အရင်က အပျော်တမ်း လောင်းကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ တစ်တိုင်းပြည်လုံး အနှံ့အပြားကို သွားခဲ့ဖူးပြီး လောင်းကစားအိမ်တွေရဲ့ ပုံမှန်ဖောက်သည်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်။ အပြင်ဘက် နယ်မြေတွေ၊ မြို့တော်ကနေ မြောက်ဘက်သဲကန္တာရတွေအထိ လောင်းကစားနည်းမျိုးစုံကို ငါ မြင်ဖူးခဲ့တာမို့ မင်းကို အကုန်လုံး သင်ပေးနိုင်တယ်"
ကျိုးဝမ်ရှူက ရှင်းပြလိုက်သည်။
"အစ်ကိုကြီး... ငါ့ကို သေသေချာချာ သင်ပေးပါဦးနော်"
"ငါက အကျိုးအမြတ်ခွဲဝေမှု လိုချင်တယ်"
ကျိုးဝမ်ရှူက သူ့ကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ညီအစ်ကိုအရင်းတွေ ဖြစ်နေရင်တောင်မှ ငွေကြေးကိုတော့ ရှင်းရှင်းလင်းလင်း စာရှင်း ရှင်းထားရမယ်။ ငါအတွက် ဘာအကျိုးအမြတ် ရမှာလဲ"
"ဒါပေါ့... ငါက ညီအစ်ကိုတွေအပေါ် ခေါင်းပုံဖြတ်မယ့် လူမျိုးမဟုတ်ပါဘူး"
ထိုအချိန်တွင် ရှောင်းယန်ချီနှင့် အတန်းဖော်အချို့ လမ်းလျှောက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က သူတို့သုံးယောက်ကို မြင်သွားပြီး လှောင်ပြောင်သံဖြင့် လှမ်းပြောလိုက်သည်။
"ဒီနေ့ ဇီသာတီးတဲ့အချိန်တုန်းက အဲ့ဒီသုံးယောက် တီးတာက ခွေးဟောင်တာထက်တောင် ပိုဆိုးသေးတယ်။ သူတို့က စာပေမှာလည်း မတော်ကြဘူး၊ လူကြီးလူကောင်းတစ်ယောက် တတ်မြောက်သင့်တဲ့ အတတ်ပညာခြောက်မျိုးကိုလည်း မကျွမ်းကျင်ကြသေးဘူး။ ကျုံးချူရှန်းနဲ့ ချန်ပုယွိတို့ကတော့ မိသားစုမှာ ပိုက်ဆံရှိလို့ ထားပါတော့၊ အဲ့ဒီကျိုးဝမ်ရှူက အိမ်ပါသမက် ဖြစ်နေပြီး ဇနီးသည် မိသားစုရဲ့ ပိုက်ဆံကို သုံးနေရတာတောင် ဒီကို လာပြီး အချိန်ဖြုန်းနေရဲတယ်ပေါ့လေ"
"အစ်ကိုရှောင်း... ဆရာက ပြောတယ်၊ အစ်ကို ဇီသာတီးတာက သခင်လေးဇီကျန့် တီးတာနဲ့ တော်တော်လေး ဆင်တူတယ်တဲ့။ အစ်ကိုရှောင်းက တကယ်ပဲ သခင်လေးဇီကျန့် ဖြစ်နေတာလား"
ထိုလူက ရှောင်းယန်ချီအား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် ကြည့်ကာ လှမ်းမေးလိုက်သည်။
ရှောင်းယန်ချီက ငြင်းဆိုလိုက်သည်။
"ငါလည်း သခင်လေးဇီကျန့် စောင်းတီးတာကို ကြားဖူးပါတယ်။ သူ့ရဲ့ ဂီတပညာက တကယ့်ကို ထူးချွန်ပြောင်မြောက်လွန်းတယ်။ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက် အချိန်ပေးပြီး သေသေချာချာ မလေ့လာထားရင် ဒီလောက်အဆင့်မျိုးကို ရောက်နိုင်မှာ မဟုတ်ဘူး"
သခင်လေးဇီကျန့် ဇီသာတီးနေစဥ်အချိန်က သူနှင့် အခြားအတန်းဖော်အချို့လည်း ဘေးခန်းတွင် ရှိနေခဲ့ကြသဖြင့် အနည်းငယ် စုံစမ်းကြည့်ရုံဖြင့် သူ မဟုတ်ကြောင်း ပေါ်လွင်သွားနိုင်သည်။ ထို့ကြောင့် သူက ထိုလူအဖြစ် ဟန်ဆောင်မည်မဟုတ်ပေ။
‘ဇီသာတီးသူတွေက နိမ့်ကျတဲ့ အောက်ခြေလူတန်းစားတွေလေ၊ အဲ့ဒီလူအဖြစ် ဟန်ဆောင်လို့ ဘာအကျိုးရှိမှာမို့လို့လဲ။ စက်ဆုပ်ရွံရှာဖို့ကောင်းလိုက်တာ’
အခန်း ၁၀၂ မပြယ်နိုင်သော အငြိုးတစ္ဆေ
ရက်အနည်းငယ် ကြာပြီးနောက်...
ဖောက်ခွဲလိုက်သော မီးရှူးမီးပန်းများ၏ တဖြောင်းဖြောင်း မြည်သံများနှင့်အတူ လမ်းတစ်ဖက်မှ မျက်နှာချင်းဆိုင်ရှိ ဆိုင်ခန်းက လုပ်ငန်းစတင်ရန် တံခါးဖွင့်လှစ်လိုက်ကြသည်။
မီးရှူးမီးပန်းသံကို ကြားရသည်နှင့် စူးယောင်ကွမ်းနှင့် အခြားသူများလည်း အခြေအနေကို စုံစမ်းရန်အတွက် လမ်းတစ်ဖက်သို့ အပြေးအလွှား သွားကြည့်ခဲ့ကြသည်။
ထိုနေရာတွင် လူအုပ်ကြီးတစ်ခု တိုးမပေါက်အောင် စုရုံးရောက်ရှိနေပြီး လမ်းပင် ပိတ်ဆို့နေချေပြီ။ သူတို့အဖွဲ့ လူအုပ်ကြားထဲသို့ အတော်ကြာအောင် တိုးဝှေ့ဝင်ရောက်သွားပြီးမှသာ ဆိုင်၏ဆိုင်းဘုတ်နှင့် ဆိုင်ဝ၌ ရပ်နေကြသော မိခင်နှင့် သမီးကို တွေ့လိုက်ရသည်။
"ချစ်ခင်ရတဲ့ အိမ်နီးနားချင်းတို့ရှင်... ကျွန်မတို့ရဲ့ ဆိုင်လေးက ပြင်ဆင်မှုတွေ မပြည့်စုံသေးဘဲ အလောတကြီး ဖွင့်လှစ်လိုက်ရတာမို့ နည်းနည်းလေး ရိုးရှင်းနေရင်လည်း စိတ်မရှိကြပါနဲ့နော်"
ကျုံးလန်ဟွာက မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။ သူမက တောက်ပဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ကိုင်ပုဝါကို တလှပ်လှပ် ယမ်းခါနေလေ၏။
"ကျွန်မတို့ရဲ့ ဆိုင်နာမည်ကိုတော့ 'ဖုန်းဟွာကော့' လို့ ခေါ်ပါတယ်။ အဓိကအနေနဲ့ အလှကုန်ပစ္စည်းတွေ၊ ရေပန်းအစားဆုံး အဝတ်အထည်အသစ်တွေ၊ ဖိနပ်၊ ခြေအိတ်နဲ့ အမျိုးသမီးသုံး အတွင်းခံ အဝတ်အထည်တွေကို စုံစုံလင်လင် ရောင်းချပေးသွားမှာပါ။ ဒီနေ့ကတော့ ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပစ္စည်းအားလုံးကို ငါးဆယ်ရာခိုင်နှုန်းအထိ လျှော့စျေးနဲ့ ရောင်းချပေးနေတာမို့လို့... တစ်သက်မှာ တစ်ခါသာ ရနိုင်မယ့် ဒီလိုအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့ရှင်"
ကျန်းရိဟွမ်းကလည်း ဘေးနားမှ ညင်သာသောလေသံဖြင့် ဝင်ရောက်အားဖြည့် ပြောဆိုနေသည်။
"ကျွန်မတို့က ဆိုင်ဖွင့်ပွဲ အထူးလျှော့စျေးကို သုံးရက်တိုင်တိုင် ပေးသွားမှာပါရှင့်။ ဒီသုံးရက်အတွင်းမှာ ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမှာ ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ မူလစျေးနှုန်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဆိုင်ထဲကို ဝင်ရောက်ကြည့်ရှုပေးကြပါဦးနော်၊ ကျွန်မတို့ရဲ့ စျေးနှုန်းတွေက တကယ့်ကို မျှတလွန်းတာမို့... ကျွန်မတို့ဆိုင်ထက် စျေးသက်သာတဲ့ဆိုင်ကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူးရှင့်"
ဘေးမှ ကြည့်ရှုနေသူများအားလုံး ချက်ချင်း စိတ်ဝင်စားသွားကြသည်။
ဤဆိုင်အသစ်က စျေးနှုန်းချိုသာမည်ဟု ကတိပေးထားရုံသာမက ကုန်ပစ္စည်း အမျိုးအမည်လည်း စုံလင်လှသည်။ အဝတ်အထည်၊ ဖိနပ်၊ ခြေအိတ်၊ အမျိုးသမီးသုံး အတွင်းခံများနှင့် အလှကုန်ပစ္စည်းများပါ တစ်နေရာတည်းတွင် အကုန်ရနိုင်သဖြင့် သူတို့အတွက် အလုပ်ရှုပ်သက်သာစေသည်။
အရေးကြီးဆုံးအချက်က ဆိုင်ရှင်အမျိုးသမီးကြီးနှင့် သူမ၏သမီးဖြစ်သူတို့က လှပချောမောနေကြရုံသာမက ဆိုင်တွင် ခန့်အပ်ထားသော အလုပ်သမားလေးများကလည်း ရုပ်ရည်ချောမောပြေပြစ်သည့် မိန်းကလေးငယ်များနှင့် လူငယ်လေးများ ဖြစ်နေကြခြင်းပင်။ လှပချောမောသော လူများကို မည်သူကမျှ မကြိုက်ဘဲ နေမည်မဟုတ်ချေ။ အမျိုးသားများက ချစ်စရာကောင်းသော မိန်းကလေးများကို သဘောကျကြပြီး အမျိုးသမီးများကလည်း ရုပ်ချောသော လူငယ်လေးများအား ကြည့်ရသည်ကို နှစ်သက်ကြသည်။ ယခုခေတ်တွင် အဝတ်အစား သို့မဟုတ် အလှကုန်ပစ္စည်း ဝယ်ယူရုံမျှဖြင့် ဤမျှ ရုပ်ရည်ချောမောသော ဆိုင်ဝန်ထမ်းများနှင့် ပြောဆိုဆက်ဆံရသည်က ဆိုင်ထဲတွင် အချိန်ကြာကြာ ပိုနေချင်စိတ် ဖြစ်ပေါ်စေသည်။
ကျန်းကျောက်တိက ကျုံးလန်ဟွာကို မျက်လုံးပြူးဖြင့် ဒေါသတကြီး စိုက်ကြည့်ရင်း အံကြိတ်ကာ ရေရွတ်လိုက်သည်။
"တကယ့်ကို အငြိုးမပြေတဲ့ သရဲတစ္ဆေလို ဒုက္ခပေးမယ့် မိန်းမယုတ်ပဲ။ ငါ စုံစမ်းတုန်းက သူ မဟုတ်တာ သေချာအောင် သေသေချာချာ မေးမြန်းခဲ့တယ်လေ၊ ဘာလို့ အခု သူ ဖြစ်နေရသေးတာလဲ"
"သမီးတို့က သူတို့ကို သတိထားနေသလို... သူတို့ကလည်း သမီးတို့ကို သေချာပေါက် သတိထားနေမှာပေါ့။ တကယ်လို့ မျက်နှာချင်းဆိုင်က ဆိုင်ခန်းကို သူတို့ ငှားထားတယ်ဆိုတာကို သမီးတို့ ကြိုတင်သိခဲ့ရင် သူတို့ကို ဆိုင်ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလေ။ သူတို့က အဲ့ဒီအချက်ကို သိလို့ တမင်တကာ ဖုံးကွယ်ထားခဲ့တာ။ ဒါမှ သူတို့ တရားဝင် ဆိုင်ဖွင့်တဲ့အချိန်ကျရင် သမီးတို့ဘက်က ဘာမှလုပ်လို့မရတော့မှာမို့လို့ပဲ။ အမေ... အမေ ဒီလောက်နှစ်တွေ အများကြီး သူတို့ရဲ့ လှည့်ကွက်အောက်မှာ ပြားပြားဝပ်ခဲ့ရတာက မတရားတာတော့ မဟုတ်ပါဘူး"
စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။
ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်း နှစ်ယောက်လုံးက ကျန်းကျောက်တိထက် အဆပေါင်းများစွာ ပိုပါးနပ်ပြီး ပိုကောက်ကျစ်ကြသည်။ ကျန်းကျောက်တိ၏ စိတ်လိုက်မာန်ပါ ရှိတတ်သော တိုက်ပွဲဝင်စိတ်က သူမတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
"သူတို့က ဒါကို တမင်သက်သက် လုပ်တာပဲ။ ငါတို့ ဘာရောင်းရောင်း... သူတို့လည်း အဲ့ဒါကို လိုက်ရောင်းပြီး ငါတို့ လမ်းစပျောက်အောင် လုပ်နေတာ"
ကျန်းကျောက်တိတစ်ယောက် ပြောရင်းပြောရင်းဖြင့် ဒေါသအလိပ်လိုက် ထွက်နေလေသည်။
ကျုံးလန်ဟွာက လူအုပ်ကြားထဲမှ ကျန်းကျောက်တိနှင့် သူမ၏သမီးကို လှမ်းမြင်သွားပြီး စူးရှသောလေသံဖြင့် အော်ပြောလိုက်၏။
"အိုး... ကြည့်ပါစမ်း... ဒါ ဘယ်သူများလဲလို့။ မျက်နှာချင်းဆိုင်က 'ထောင်ယောင်ဖန့်' ရဲ့ ဆိုင်ရှင်ကြီး မဟုတ်လား။ ကျွန်မတို့ဆိုင်ကို ဘာကိစ္စများ ရှိလို့ ကြွလှမ်းလာရတာလဲရှင်။ ဆိုင်မှာ အရောင်းအဝယ် မဖြစ်လို့ အားလပ်နေတာလား။ ကျွန်မတို့လည်း စိတ်မကောင်းပါရှင်။ ကျွန်မတို့မှာ ရှင်တို့ရဲ့ ဖောက်သည်တွေကို လုယူဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝဘ်သူတွေက မျက်စိရှိကြတော့ ဘယ်သူ့ပစ္စည်းက ပိုကောင်းလဲဆိုတာကို ကောင်းကောင်းခွဲခြားတတ်ကြတယ်လေ"
"ကျုံးလန်ဟွာ... နင် သိပ်ပြီး ဘဝင်မမြင့်လိုက်နဲ့"
ကျန်းကျောက်တိက ဒေါသတကြီး ပြန်ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။
ကျားချွန်းနီကလည်း ကျုံးလန်ဟွာကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်ကာ ဝင်ပြောလိုက်၏။
"ရှင့်လို စိတ်ပုပ်တဲ့ မိန်းမကြီးရဲ့ ပစ္စည်းတွေကလည်း တကယ့်ကို ညံ့ဖျင်းမှာ အသေအချာပဲ။ ရှင့်ဆိုင် ပျက်စီးသွားမယ့် အချိန်ကိုပဲ စောင့်ကြည့်နေမယ်"
စူးယောင်ကွမ်းကတော့ ထိုနေရာမှ ချက်ချင်းလှည့်မထွက်သွားသလို ဒေါသလည်း မထွက်ခဲ့ပေ။ ထိုအစား သူမက ကျုံးလန်ဟွာနှင့် သူမ၏သမီးကို တစ်ခုခုအား အလေးအနက် စဥ်းစားနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။
"နင် မပြန်သေးဘူးလား။ ငါတို့ဆိုင်က ပစ္စည်းတွေကို တကယ်ကြီး ဝယ်ချင်နေတာလား"
ကျန်းရိဟွမ်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ရန်စလိုသော အမူအရာဖြင့် လှမ်းမေးလိုက်သည်။
"နင်တို့က ရွာကနေ မြို့အထိတောင် ငါ့နောက်ကို တကောက်ကောက် လိုက်လာကြတာလေ။ ငါက လာပြီး အားမပေးရင် နင်တို့ရဲ့ ဒီလောက်နက်ရှိုင်းတဲ့ သံယောဇဉ်ကို ဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ။ နင်က ဆိုင်ထဲဝင်ကြည့်ဖို့ ဖိတ်ခေါ်နေမှတော့... ငါလည်း ဝင်ကြည့်ပေးရတာပေါ့။ နင်တို့သားအမိကို မျက်နှာအမူအရာတဲ့အနေနဲ့ပေါ့လေ"
စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် ဆိုင်ထဲသို့ လျှောက်လှမ်းဝင်ရန် ပြင်လိုက်၏။
စူးယောင်ကွမ်းက တကယ်ကြီး ဆိုင်ထဲဝင်ရန် ပြုလုပ်လာသဖြင့် ကျန်းရိဟွမ်းတစ်ယောက် အံ့အားသင့်သွားပြီး ချက်ချင်း မကျေမနပ် ဖြစ်သွားရသည်။ သူမက စူးယောင်ကွမ်း၏ ရှေ့မှ ပိတ်ရပ်လိုက်ပြီး စူးယောင်ကွမ်းကို ဖုန်းဟွာကော့ထဲသို့ ခြေတစ်လှမ်းမျှ ပေးမနင်းချေ။
"နင် မဝင်တာပဲ ကောင်းလိမ့်မယ်။ နင် ဘာပရိယာယ်တွေ သုံးဖို့ ကြံစည်နေလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ"
"ငါ အထဲဝင်မှာကို နင်က ဒီလောက်တောင် ကြောက်နေရတာလား။ ရင်ထဲမှာ မလုံမလဲ ဖြစ်စရာမရှိရင် ဘာလို့ ဒီလောက်အထိ ထိတ်လန့်နေရမှာလဲ"
"ငါတို့ဆိုင်က ပုံမှန်အတိုင်း စီးပွားရေးလုပ်နေတာ၊ ဘာကို ကြောက်ရမှာလဲ။ နင်က အကွက်ဆင်ပြီး ငါနဲ့ ငါ့အမေကို ဒုက္ခပေးမှာ စိုးရိမ်လို့ပဲ။ စူးယောင်ကွမ်း... နင်နဲ့ငါက တောင်တစ်တောင်တည်းမှာ အတူနေလို့မရတဲ့ ကျားနှစ်ကောင်လိုပဲ"
"ကျန်းရိဟွမ်း... နင်က တကယ့်ကို မပြယ်နိုင်တဲ့ အငြိုးအတေးတွေ စွဲကပ်နေတဲ့ တစ္ဆေလိုပဲ။ ဒါပေမဲ့ နင်တို့သားအမိ ဒီတစ်ခါ ဘာလှည့်ကွက်တွေ သုံးဦးမလဲဆိုတာကိုတော့ ငါ တကယ် စိတ်ဝင်စားမိတယ်"
ထိုသို့ပြောပြီးနောက် စူးယောင်ကွမ်းက လှည့်ပြန်ထွက်လာခဲ့သည်။
စူးယောင်ကွမ်းနှင့် အခြားသူများက ထောင်ယောင်ဖန့်သို့ ပြန်လာခဲ့ကြသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဝယ်သူများဖြင့် အမြဲစည်ကားနေခဲ့သော ထောင်ယောင်ဖန့်က ယခုအခါတွင် ပထမဆုံးအကြိမ်အဖြစ် ခြောက်ကပ်တိတ်ဆိတ်နေချေပြီ။
"ငါ စဉ်းစားလို့ကို မရဘူး... တကယ်ကို စဉ်းစားလို့မရတာ။ ကျုံးလန်ဟွာနဲ့ အဲ့ဒီကျန်းရိဟွမ်းက ပန်းထိုးအလုပ်လောက်ပဲ လုပ်တတ်တာလေ၊ ပြီးတော့ သူတို့ရဲ့ ပန်းထိုးပညာကလည်း အသင့်အတင့်ပဲ ရှိတာ။ သူတို့ ပါးနီမှုန်တို့၊ မျက်နှာချေမှုန့်တို့ လုပ်တတ်တယ်ဆိုတာမျိုးကိုလည်း တစ်ခါမှ မကြားဖူးဘူး။ ဘာလို့ ငါတို့ အရှုံးပေါ်အောင် ဒီလိုဆိုင်မျိုး လာဖွင့်ရတာလဲ။ ငါတို့တွေ ရွာကနေ ထွက်လာတဲ့အချိန်လေးမှာ သူတို့ တစ်ယောက်ယောက်ဆီကနေ ပညာသွားသင်ခဲ့ကြတာလား"
ကျန်းကျောက်တိက အကြီးအကျယ် ဒေါသထွက်နေပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းရင်း ညည်းတွားနေလေသည်။
"ဒီအတတ်ပညာတွေက သူတို့ကိုယ်တိုင်တတ်နေစရာ မလိုဘူးလေ အမေရဲ့၊ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကို ပိုက်ဆံပေးပြီး ငှားလိုက်ရုံပဲ။ သူတို့က ဆိုင်ကိုပဲ ဦးစီးမှာပေါ့"
စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။
"လမ်းတစ်ဖက်က ဆိုင်က အကျယ်ကြီးပဲ၊ သမီးတို့ဆိုင်ထက် နှစ်ဆလောက် ပိုကျယ်တယ်။ ပြီးတော့ သူတို့ရောင်းတဲ့ ပစ္စည်းအမျိုးအမည်ကလည်း စုံလင်တယ်၊ ရွှေထည်၊ ငွေထည် လက်ဝတ်ရတနာတွေကစပြီး ခြေဆုံးခေါင်းဆုံး အဝတ်အထည်အစုံအလင်အထိ ရနိုင်တယ်။ အဝတ်အစား ဝယ်ချင်လို့ ဆိုင်ထဲဝင်လာရင်တောင် အဝတ်တင်မကဘဲ အခြားပစ္စည်းတွေကိုပါ တစ်ခါတည်း တွေ့နိုင်တာဆိုတော့... ပစ္စည်း တစ်ခု၊ နှစ်ခုလောက် ဝယ်ဖြစ်သွားရင်တောင် စီးပွားရေးက မဆိုးနိုင်ဘူးလေ။ ပြောရရင်တော့ သူတို့တွေ တကယ့်ကို အရည်အချင်းရှိတယ်လို့ ချီးကျူးရမှာပဲ"
"မဖြစ်ဘူး... ငါတို့ဘက်က သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာကို စုံစမ်းရမယ်။ တကယ်လို့ သူတို့ပစ္စည်းတွေက ငါတို့ပစ္စည်းတွေလောက် မကောင်းဘူးဆိုရင် သိပ်မကြာခင် အဲ့ဒီဖောက်သည်ဟောင်းတွေက ငါတို့ဆိုင်ကို ပြန်လာကြမှာပဲ"
ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။
"ယင်းအာက ဒီကိစ္စကို ကိုင်တွယ်ဖို့ အပြင်ကို သွားနေပါပြီ။ သူ ပြန်လာရင် လမ်းတစ်ဖက်က ဆိုင်က ပစ္စည်းရဲ့ အရည်အသွေးကို သိရမှာပါ"
ဝမ်ဟွမ်ကျစ်က ဘေးမှ ဝင်ပြောလိုက်သည်။
"အကြီးဆုံးမရီး... အရမ်း စိတ်ပူနေဖို့ မလိုပါဘူး"
ထိုအခိုက်အတန့်တွင် ကျန်းယင်းတိက အပြင်မှ ပြန်ဝင်လာပြီး သူမ၏ လက်ထဲတွင် ဖန်ပုလင်းများနှင့် ကြွေအိုးအမျိုးမျိုး ပြည့်နှက်နေသော ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်လာခဲ့သည်။
"ကျွန်မ ဒါကို ဖောက်သည်တစ်ယောက်ဆီကနေ စျေးနှစ်ဆ ပေးပြီး ဝယ်ခဲ့တာ"
ကျန်းယင်းတိက ထပ်ပြောလိုက်၏။
"စျေးနှစ်ဆပေးခဲ့ရတယ် ဆိုပေမဲ့လည်း စုစုပေါင်း ငွေငါးလျန်ပဲ ကုန်ခဲ့တယ်"
ကျန်းကျောက်တိက ပစ္စည်းများကို ခြင်းတောင်းထဲမှ ထုတ်ယူကာ စားပွဲပေါ်သို့ တစ်ခုချင်းစီ တင်လိုက်ပြီး ပုလင်းတစ်လုံးချင်းစီကို ဖွင့်လှစ်ကာ စမ်းသပ်ကြည့်ရှုရင်း မကျေမနပ် ရေရွတ်လိုက်သည်။
"ငါတို့ ယောင်ကွမ်းလုပ်တဲ့ ပစ္စည်းတွေနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုသေးတယ်"
"ပစ္စည်းချင်းကတော့ အများကြီး ကွာခြားတယ်၊ ဒါပေမဲ့ သူတို့က စျေးပေါတယ်လေ။ စုစုပေါင်း ဆယ်ပုလင်းရှိတာကို ငွေနှစ်လျန်ခွဲပဲ ကျသင့်တာ"
စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။
"ဒါ့အပြင် ဒီအလှကုန်တွေက သမီးတို့ဆိုင်က ပစ္စည်းတွေလောက် မကောင်းဘူးဆိုပေမဲ့ အခြားဆိုင်တွေက ပစ္စည်းတွေထက်စာရင်တော့ အများကြီး ပိုကောင်းပြီး စျေးလည်း ပိုသက်သာတယ်။ သာမန်လူတွေအတွက်တော့ ဒီစျေးနှုန်းက သူတို့ ပေးချင်တဲ့ စျေးနှုန်းပဲ"
"ငါတို့က ကောင်းတဲ့ ကုန်ကြမ်းတွေကို သုံးထားလို့ စျေးကြီးနေတာပါ။ အဲ့ဒီ မျက်နှာလိမ်းအလှဆီတွေထဲမှာ ဆိုရင် အမာရွတ်နဲ့ အမည်းစက်တွေကို ပျောက်ကင်းစေတဲ့ ဆေးဘက်ဝင်အပင်တွေ အများကြီး ပါတယ်။ အဲ့ဒါကို ရေရှည်သုံးရင် အသက်တောင် အများကြီး ငယ်သွားနိုင်တာ မဟုတ်ဘူးလား"
ကျန်းကျောက်တိက ပြန်လည်ချေပလိုက်သည်။
"သူတို့ဆိုင်က ပစ္စည်းတွေက စျေးပေါပေမဲ့ သုံးရုံတင် သုံးလို့ရမယ့် အဆင့်ပဲ ရှိတာပါ"
"သာမန်လူတွေက အဲ့ဒီအချက်တွေကို စိတ်မဝင်စားကြဘူးလေ အမေရဲ့။ သူတို့က စျေးအပေါဆုံး ပစ္စည်းကိုပဲ ဝယ်ကြတာ။ ပိုက်ဆံအများကြီး သုံးနိုင်တဲ့ လူတန်းစားဆိုတာက နောက်ဆုံးတော့ လူနည်းစုပဲရှိတာ"
စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။