← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ၁၀၃ ခိုးယူခြင်း

ကျန်းဖန့်တိက စိုးရိမ်တကြီး ဝင်ပြောလာပြန်သည်။

"ယောင်ကွမ်း... သူတို့ဆိုင်က ငါတို့ရဲ့ ဖောက်သည်တွေကို အကုန်လုသွားပြီ။ ငါတို့တွေ ဘာဆက်လုပ်ကြမလဲ"

မကြာသေးမီက သူမတို့ ငွေအချို့ ရရှိထားကြသဖြင့် ချွေချွေတာတာ သုံးစွဲလျှင် နှစ်အတော်ကြာ သက်တောင့်သက်သာ နေထိုင်နိုင်သည်ဆိုသော်လည်း ယခုကဲ့သို့ ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကို ဆုံးရှုံးလိုက်ရသည်က နှမြောစရာကောင်းလှသည်။ ၎င်းက သူမတို့၏နှလုံးသားကို ဆွဲဖြဲခံလိုက်ရသလို ခံစားရစေသည်။

"သူတို့က ဘယ်လိုလုပ် အကုန်လုသွားနိုင်မှာလဲ"

စူးယောင်ကွမ်းက ချက်ချင်း ထပ်ရှင်းပြလိုက်သည်။

"သူတို့ ခုမှ ဆိုင်ဖွင့်ခါစမို့လို့ ဖောက်သည်တွေက စပ်စုချင်လို့ သွားကြည့်ကြတာလေ။ ဒီရက်ပိုင်းမှာ အဲ့ဒီဘက်ကို လူစုပြုံသွားကြတာ သဘာဝပဲ။ ဒီရက်ပိုင်းတွေ ကုန်လွန်သွားရင် ပစ္စည်းအကြောင်း နားလည်တဲ့သူတွေက ကျွန်မတို့ ဆိုင်ရဲ့ ပစ္စည်းတွေက အစစ်အမှန်ဆိုတာ သိသွားလိမ့်မယ်၊ အဲ့အချိန်ရောက်လာရင် သူတို့ သေချာပေါက် ပိုက်ဆံအကုန်ခံပြီး ပြန်လာဝယ်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က စျေးနှုန်းကို လျှော့ချလို့ မဖြစ်ဘူး။ တကယ်လို့ ကျွန်မတို့ဘက်က စျေးလျှော့လိုက်ရင် အရင် ဝယ်ထားတဲ့ ဖောက်သည်ဟောင်းတွေက ဘယ်လိုထင်သွားကြမလဲ။ ဒီရက်ပိုင်း ဖောက်သည်မရှိတုန်း ကျွန်မတို့လည်း အနားယူရင်း နောက်ထပ် ထုတ်ရမယ့် ကုန်ပစ္စည်းအသစ်တွေကို ဆက်လုပ်ထားကြတာပေါ့။ ဒါနဲ့... ကျွန်မ အရင်က ကိုယ်ပိုင်သေရည် ချက်ဖို့ စဥ်းစားထားတာ၊ အရင်တုန်းက အချိန်မရခဲ့ဘူး။ အခု အချိန်ရတုန်းလေး အဲ့ဒီအလုပ်ကိုပဲ လုပ်လိုက်တော့မယ်"

"ပိုက်ဆံအများကြီး သုံးနိုင်တဲ့လူက လူနည်းစုပဲရှိတယ်လို့ နင်ပဲ ခုနက ပြောခဲ့တယ်မဟုတ်လား။ ငါတို့ဘက်က စျေးမလျှော့ရင် သာမန်ဖောက်သည်တွေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ငါတို့အနေနဲ့ လူနည်းစု ဖောက်သည်တွေကိုပဲ ဆွဲဆောင်ဖို့ ကြိုးစားရတော့မှာပေါ့"

ကျန်းယင်းတိက ဝင်ပြောလိုက်သည်။

"ပိုက်ဆံသုံးနိုင်တဲ့လူက နည်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲ့ဒီလူတစ်ယောက်ရဲ့ ဝယ်လိုအားက သာမန်ဖောက်သည် ဒါဇင်ပေါင်းများစွာ ဒါမှမဟုတ် ရာနဲ့ချီတဲ့သူတွေရဲ့ ဝယ်လိုအားနဲ့ ညီမျှတယ်လေ။ ရှင်းရှင်းပြောရရင် ကျွန်မတို့ဆိုင်ရဲ့ ပစ္စည်းတွေက နာမည်ရပြီးသားပဲ။ စျေးနှုန်းကို လျှော့ချလို့မရသလို အရည်အသွေးကိုလည်း လျှော့ချလို့ မဖြစ်ဘူး။ နောက်ပိုင်းမှာလည်း ပစ္စည်းတွေကို ပိုကောင်းအောင် ထုတ်ရမယ်၊ ကျွန်မတို့အနေနဲ့ ကိုယ်တန်ဖိုးကို ချလို့ မဖြစ်ဘူး။ ကျွန်မတို့ သူတို့နဲ့ ဘယ်လိုစျေးနှုန်းပြိုင်ဆိုင်မှု လုပ်မလဲဆိုတာနဲ့ အဲ့ဒီသာမန်ဖောက်သည်တွေကို ဘယ်လိုနည်းနဲ့ ပြန်လုယူမလဲဆိုတာကိုပဲ စဥ်းစားနေလို့ မရဘူး"

အခြားသူများကတော့ အခြေအနေကို စိုးရိမ်နေကြဆဲပင်။

ထိုအခိုက်အတန့်တွင် ချွမ်းအော်က ပစ္စည်းအိတ်အကြီး၊ အသေးများကို သယ်ဆောင်ကာ ဝင်ရောက်လာပြီး အော်ပြောလိုက်သည်။

"ယောင်ကွမ်းရေ... ငါ မျက်နှာချင်းဆိုင် ဆိုင်ကနေ ပစ္စည်းတချို့ ဝယ်ခဲ့တယ်။ သူတို့ဆီမှာ အဝတ်အစား၊ ဖိနပ်နဲ့ ခြေအိတ်မျိုးစုံ ရှိပြီး တကယ်ကို စျေးပေါတာပဲ။ ဖောက်သည်တွေအားလုံး အဲ့ဒီဘက်ကိုပဲ သွားနေကြတယ်"

"အစ်မချွမ်းအော်... မျက်နှာချင်းဆိုင် ဆိုင်က အဝတ်အစား၊ ဖိနပ်နဲ့ ခြေအိတ်တွေကို ကြည့်ရတာ ဘယ်လိုနေလဲ"

စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။

"အမှန်အတိုင်း ပြောရရင်တော့ တော်တော်လေး ကောင်းတယ်။ ငါတို့ဆိုင်က ပစ္စည်းတွေထက်စာရင်တော့ သေချာပေါက် ပိုလှတယ်"

ချွမ်းအော်က သူမ ဝယ်လာသော ပစ္စည်းများကို အခြားသူများထံ ကမ်းပေးရင်း ဆက်ပြောနေသည်။

"ငါ့ဆိုင်လည်း နောက်ဆုံးမှ ဖောက်သည်အနည်းငယ် ရလာခဲ့တာကို... အခုတော့ ပြန်ပြီး ခြောက်ကပ်သွားရပြန်ပြီ"

"သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကနေ သွင်းတာလဲဆိုတာကိုရော မေးခဲ့သေးလား"

ကျန်းကျောက်တိက လှမ်းမေးလိုက်၏။

"မေးခဲ့တယ်၊ ဒါပေမဲ့ ဆိုင်ရှင်က လျှို့ဝှက်လွန်းတယ်၊ ကျွန်မကို ပစ္စည်းဝယ်ဖို့ပဲ တိုက်တွန်းနေပြီး အရေးကြီးတဲ့ အချက်အလက်တွေကိုတော့ လုံးဝ ထုတ်မပြောဘူး"

ချွမ်းအော်က ကျန်းကျောက်တိကို ပြန်ဖြေလိုက်ပြီး စူးယောင်ကွမ်းကို လှမ်းမေးလိုက်သည်။

"ယောင်ကွမ်း... ဖောက်သည်တွေကို ပြန်ဆွဲဆောင်ဖို့ နည်းလမ်းတစ်ခုခု ရှိလား"

"ကျွန်မရဲ့ နည်းလမ်းကတော့ ငြိမ်ငြိမ်လေး စောင့်ကြည့်ဖို့ပဲ။ ဒီလောက်များပြားတဲ့ ဖောက်သည်တွေအားလုံးကို လုယူသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်မတို့ရဲ့ ထောင်ယောင်ဖန့်က ပစ္စည်းတွေကို သဘောကျတဲ့သူတွေလည်း အမြဲရှိနေမှာပါ။ ထောင်ယောင်ဖန့်အနေနဲ့ ဆိုင်ရဲ့ မူလရည်ရွယ်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသရွေ့တော့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို ကျွန်မတို့ ကြောက်နေစရာမလိုပါဘူး"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"အစ်မ... အစ်မလည်း ဒီအချိန်လေးမှာ ဆိုင်ကို သေသေချာချာ ပြန်ပြင်ဆင်ထားသင့်တယ်၊ အကောင်းဆုံးကတော့ ဆိုင်ကို အပြင်အဆင်အသစ် လုပ်တာမျိုးလေ၊ ပြီးရင်တော့ အရင်က ကျန်နေတဲ့ လက်ကျန်ပစ္စည်းဟောင်းတွေကို ပြန်ထုတ်ပြီး ပုံစံအသစ် ဖြစ်အောင် ပြန်ဆန်းသစ်ကြည့်ပေါ့"

မြို့တစ်မြို့လုံးတွင် ဆိုင်ပေါင်းမြောက်မြားစွာ ရှိနေပြီး ဖုန်းဟွာကော့ ပေါ်ပေါက်လာခြင်းက သူမတို့ဆိုင်၏ စီးပွားရေးကိုသာမက အခြားဆိုင်များ၏ စီးပွားရေးကိုပါ ထိခိုက်စေခဲ့သည်။ နောင်တွင် ဖောက်သည်များအား ပြန်လည်ဆွဲဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်ကတော့ သူမတို့၏ အရည်အချင်းအပေါ်၌သာ မူတည်ပေလိမ့်မည်။

ကျိုးဝမ်ရှူ လောင်းကစားအိမ်မှ ပြန်လာချိန်တွင် စူးယောင်ကွမ်းတစ်ယောက် သိုလှောင်ရုံထဲ၌ အိုးအကြီးကြီးများအား စီနေသည်ကို မြင်တွေ့ရသဖြင့် လှမ်းမေးလိုက်သည်။

"ယောင်ကွမ်း... ဘာလုပ်နေတာလဲ"

"ငါ ကိုယ်ပိုင် သေရည်ချက်ဖို့ စဥ်းစားနေတာလေ။ အဲ့ဒါကြောင့် ဒီပစ္စည်းတွေကို ကြိုတင် ဆေးကြောသန့်စင်ပြီး အခြောက်ခံထားတာ။ နင် ဒီနေ့ ပြန်လာတာ နည်းနည်းနောက်ကျတယ်နော်၊ စာသင်ကျောင်းမှာပဲ စားခဲ့တာလား"

ကျိုးဝမ်ရှူက သူမ အနားသို့ လျှောက်လှမ်းလာပြီး ငွေအိတ်တစ်အိတ်ကို ထုတ်ကာ သူမ၏ရှေ့၌ လွှဲရမ်းပြလိုက်သည်။

"ဒါက ဘာလဲ"

စူးယောင်ကွမ်းက ငွေအိတ်ကို လှမ်းယူကာ ဖွင့်ကြည့်လိုက်ပြီး အထဲမှ ငွေစများကို မြင်သွားသောကြောင့် အံ့အားသင့်သွားကာ သူမ၏ မျက်လုံးအစုံလည်း ပြူးကျယ်လာခဲ့သည်။

"ဒါတွေကို ဘယ်ကနေ ရလာတာလဲ"

"ဒါက စာအုပ်ကူးရေးရာကနေ ရလာတာပါ"

ကျိုးဝမ်ရှူက သူမ၏ အစောပိုင်းမေးခွန်းကိုလည်း ပြန်ဖြေလိုက်သေးသည်။

"ကျောင်းမှာ စားခဲ့ပြီးပြီ။ နောက်ပိုင်းကို အိမ်ကို ပြန်စားဖြစ်မယ်ဆိုရင် ထမင်းစားချိန် မတိုင်ခင် သေချာပေါက် ပြန်လာပါ့မယ်။ တကယ်လို့ ပြန်မလာဘူးဆိုရင်တော့ စားစရာ ချန်မထားနဲ့တော့"

"ဝမ်ရှူ... ဒါက သုံးလျန်တောင် ရှိတာနော်။ နင် ဘယ်လောက်တောင် စာအုပ်တွေ ကူးရေးခဲ့လို့ ဒီလောက်အများကြီး ရတာလဲ"

စူးယောင်ကွမ်းက မျက်မှောင်ကြုတ်ရင်း သတိပေးနေပြန်သည်။

"နင့်ရဲ့ အခုလက်ရှိ အလုပ်က စာကို ကြိုးကြိုးစားစား သင်ယူဖို့ပဲ။ မိသားစုမှာ ပိုက်ဆံမပြတ်လပ်တော့ဘူး၊ နင် စိတ်ပူနေစရာ မလိုဘူးလေ"

"ကျွန်တော့်ရဲ့ လက်ရေးက လှတော့... ကျွန်တော် ကူးရေးတဲ့ စာအုပ်တွေက အခြားသူတွေရဲ့ စာအုပ်တွေထက် ပိုစျေးကြီးတယ်"

ကျိုးဝမ်ရှူက ပြန်ရှင်းပြနေသည်။

"အခြားသူတွေ စာအုပ်တစ်အုပ် ကူးရင် ကြေးပြား ငါးဆယ်၊ ခြောက်ဆယ်ပဲ ရကြပေမဲ့ ကျွန်တော်ကတော့ တစ်ရာ ရတယ်။ တကယ်လို့ မှတ်စုတိုလေးတွေပါ ထပ်ကူးထည့်ပေးနိုင်ရင် ကြေးပြားနှစ်ရာနဲ့ ရောင်းလို့ ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း သင်ခန်းစာတွေကို ပြန်နွှေးဖို့ လိုအပ်နေတာဆိုတော့ စာအုပ်ကူးရင်းနဲ့ ပိုက်ဆံရှာတာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်ဘူးလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ရေးကို မြင်ဖူးသဖြင့် သူ ပုံကြီးချဲ့ပြောနေခြင်း မဟုတ်မှန်း သိနေခဲ့သည်။ သူ၏ လှပသော လက်ရေးက အမှန်တကယ် တန်ဖိုးရှိပြီး အကယ်၍ ဆရာများ သင်ကြားပေးထားသော အသိပညာနှင့် မှတ်စုတိုများကိုပါ ထည့်သွင်းလိုက်မည်ဆိုပါက ပိုတန်ဖိုးကြီးမားသွားပေလိမ့်မည်။ အရေးအကြီးဆုံး အချက်က လက်ရှိစျေးကွက်တွင် မှတ်စုတိုများ ပါဝင်သော မိတ္တူစာအုပ်မျိုး မရှိသေးသဖြင့် သူ၏ လုပ်ဆောင်ချက်က ထူးခြားဆန်းသစ်ပြီး ပိုရှားပါးနေချေသည်။

စူးယောင်ကွမ်းတစ်ယောက် ထပ်မံစိတ်လှုပ်ရှားသွားပြီး ရင်ထဲသို့ ထိမိသွားရပြန်သည်။

'တကယ်ပဲ လူတစ်ယောက်နဲ့တစ်ယောက်က ဒီလောက်တောင် ကွာခြားရတာလား...'

သူမ၏ ယခင်ဘဝတွင် ရှောင်းယန်ချီက သူမနှင့် သူမ၏မိခင်တို့ ပေးဆပ်ခဲ့သမျှကို ဘယ်တုန်းကမှ တန်ဖိုးမထားခဲ့ချေ။ ထိုစဥ်က သူမ အချစ်စိတ်မွှန်ကာ မျက်စိကန်းနေခဲ့သဖြင့် မည်သည့် ကွာခြားချက်ကိုမျှ သတိမပြုမိခဲ့ပေ။ ယခု နှိုင်းယှဥ်ကြည့်လိုက်မှသာ ရှောင်းယန်ချီကဲ့သို့ ကျေးဇူးကန်းတတ်သော လူယုတ်မာတစ်ဦးက သူမ၏ ပေးဆပ်မှုများနှင့် လုံးဝ မထိုက်တန်မှန်း သိလိုက်ရသည်။

'ငါ့ရဲ့ ယခင်ဘဝတုန်းက ငါ တကယ့်ကို မိုက်မဲခဲ့တာပဲ... စောစောစီးစီး နိုးကြားမလာခဲ့ဘူး။ တကယ်လို့ ငါသာ နည်းနည်းလောက် ပိုပြီး အသိဉာဏ်ရှိခဲ့မယ်ဆိုရင်...'

သူမသာ အနည်းငယ်လောက် ပိုအသိဉာဏ်ရှိခဲ့မည်ဆိုပါက ယခင်ဘဝတွင် ထိုကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလောက်အောင် သေဆုံးခဲ့ရမည် မဟုတ်ချေ။ တစ်ဖန်ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ သူမက ရှောင်းယန်ချီနှင့် ပတ်သက်သည့် မည်သည့်အရာတွင်မျှ ပါဝင်ပတ်သက်လိုခြင်း မရှိတော့သလို ကလဲ့စားချေရန်လည်း မစဥ်းစားတော့ပေ။ အဆုံးသတ်တွင် ယခင်ဘဝက သူ့ကို ငွေပေးပြီး ဝယ်ယူခဲ့သည်က သူမကိုယ်တိုင် ဖြစ်သည်။ ထိုအရာက သူမကိုယ်တိုင် စိုက်ပျိုးခဲ့သည့် အကြောင်းတရား ဖြစ်ပြီး နောက်ပိုင်း ထိတ်လန့်ဖွယ်ရာ အကျိုးပေးကို ရရှိခဲ့ခြင်း ဖြစ်ရာ သူမဘက်မှ တာဝန်ယူရမည် ဖြစ်သည်။

‘ကောင်းကင်ဘုံက ငါ့ကို ဒုတိယအကြိမ်မြောက် အသက်ရှင်သန်ခွင့် ပေးသနားခဲ့တာက ဒီလူယုတ်မာအတွက် အချိန်ဖြုန်းဖို့ မဟုတ်ဘဲ ငါ့ကိုယ်ငါအတွက်၊ ငါ့ဘဝအတွက် တကယ် အရေးပါတဲ့ လူတွေကို တန်ဖိုးထား စောင့်ရှောက်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်’

ကျိုးဝမ်ရှူက သူမ ငေးမော်သွားသည်ကို သတိပြုမိသွားသဖြင့် သူ့လက်ကို သူမ၏မျက်နှာရှေ့၌ လွှဲရမ်းပြလိုက်သည်။

"ပိုက်ဆံကို ငါ ယူထားလိုက်မယ်"

"ကျွန်တော် ပြန်လာတော့ လမ်းတစ်ဖက်ခြမ်းမှာ ဆိုင်အသစ်တစ်ဆိုင် ဖွင့်ထားတာကို တွေ့ခဲ့တယ်။ ပြီးတော့ ကျန်းယီဟွေ့ရဲ့ အမေနဲ့ ညီမကိုလည်း မြင်လိုက်ရသေးတယ်။ သူတို့ကလည်း အလှကုန်ပစ္စည်းဆိုင် ဖွင့်ထားကြတာများလား"

ကျိုးဝမ်ရှူက ထပ်မေးလိုက်သည်။

"အလှကုန်တင် ဘယ်ကမလဲ... အလှကုန်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေနဲ့ ချည်ထိုးထည်တွေကိုပါ ရောင်းချနေကြတာ။ ငါ ကြားတာတော့ ရှောင်းယန်ချီရဲ့ ကဗျာတွေ၊ လက်ရေးစာမူတွေ၊ ပန်းချီကားတွေကိုပါ ရောင်းချပေးနေတယ်တဲ့။ အတော်လေး စုံစုံလင်လင်နဲ့ စည်စည်ကားကား ရှိနေပုံပဲ"

စူးယောင်ကွမ်းက ဆက်ပြောနေသေးသည်။

"သူတို့က ငါတို့ဆိုင်ရဲ့ စီးပွားရေးကို လုယူပြီး ဆိုင်ပိတ်သွားအောင် လုပ်ချင်နေကြတာလေ။ နင် စိုးရိမ်မနေပါနဲ့... သူတို့ရဲ့ ကုန်ပစ္စည်းတွေက သာမန်ပါပဲ။ အစပိုင်းမှာတော့ ဆိုင်အသစ်လည်းဖြစ်၊ စျေးလည်း သက်သာတော့ လူတွေက သေချာပေါက် အားပေးကြမှာပေါ့။ ဒါပေမဲ့ အချိန်ကြာလာလို့ ပစ္စည်းကောင်းကို သိတဲ့သူတွေကတော့ ငါတို့ဆိုင်ကိုပဲ ပြန်လာကြလိမ့်မယ်။ ငါတို့ဆိုင်က အဆင့်မြင့် ကုန်ပစ္စည်းတွေကိုပဲ အဓိကထားတာဆိုတော့ သူတို့ရဲ့ ဖောက်သည်တွေကို လုယူဖို့ စိတ်မလောပါဘူး"

ဖုန်းဟွာကော့တွင်တော့ ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က ကြေးပြားများ၊ ငွေစများနှင့် ငွေစက္ကူများကို ရေတွက်နေကြသည်။ သုံးကြိမ်တိုင်တိုင် သေသေချာချာ ရေတွက်ပြီးနောက်တွင်မှ စာရင်းများကို အပြီးသတ် စစ်ဆေးလိုက်ကြသည်။

ကျုံးလန်ဟွာက သူမ၏ နဖူးကို ဖိနှိပ်လိုက်ရင်း ပြောလိုက်သည်။

"ငါတော့ မလုပ်နိုင်တော့ဘူး"

“သမီးတို့ စာရင်းကိုင်တစ်ယောက်လောက် ငှားမှ ဖြစ်မယ်။ ဒါက တကယ့်ကို အလုပ်ရှုပ်လွန်းတယ်"

ကျန်းရိဟွမ်းက အကြံပေးလိုက်သည်။

"ဒီနေ့မှ ပထမဆုံးနေ့ပဲ ရှိသေးတာ။ နေ့တိုင်း စာရင်းပိတ်ဖို့ ဒီလောက်တောင် အချိန်ပေးနေရမယ်ဆိုရင် ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ"

"ကောင်းပြီ... မနက်ဖြန်ကျရင် စာရင်းကိုင်တစ်ယောက် သွားဝယ်ကြတာပေါ့"

ကျုံးလန်ဟွာက ချက်ချင်း သဘောတူလိုက်သည်။

"သူ့ကို ဝယ်ရမှာလား... အဲ့ဒီလိုမျိုး စာတတ်ပေတတ် အစေခံတွေက အရမ်း စျေးကြီးမှာနော်"

"ဝယ်ထားလိုက်မှပဲ ငါတို့ စိတ်အေးရမှာ။ တကယ်လို့ ငါတို့ ဒီတစ်ခေါက် အစေခံတွေကို သွားမဝယ်ခဲ့ဘူးဆိုရင် ဒီလိုမျိုး ရွှေအိုးကြီးကို ဘယ်တွေ့နိုင်ပါ့မလဲ။ ဒါနဲ့... အဲ့ဒီကလေးက အခု ဘာလုပ်နေလဲ"

ကျုံးလန်ဟွာက အနောက်ဘက်ခြံဝင်းဆီသို့ လက်ညှိုးထိုးပြကာ မေးမြန်းနေလေသည်။

အခန်း ၁၀၄ ရွှေအိုးကြီး

ကျန်းရိဟွမ်းက သူမ၏နားထင်နားဆီသို့ ဝဲကျနေသော ဆံနွယ်စများကို သပ်တင်လိုက်ရင်း ပျင်းရိငြီးငွေ့နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"သူကတော့ ဘာမှ မညည်းညူဘဲ သမီးတို့အတွက် အမွှေးဆီတွေ စပ်ပေး၊ အလှကုန်တွေ ဖော်စပ်ပေးနဲ့ မနားမနေ အလုပ်ရှုပ်နေတာပေါ့"

ကျုံးလန်ဟွာက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း ထပ်ပြောလိုက်သည်။

"အဲ့ဒီကောင်လေးက ရုပ်ဆိုးပေမဲ့ သူ့ရဲ့ အရည်အချင်းကတော့ တကယ့်ကို ကောင်းလွန်းတယ်။ အရင်တုန်းက သမီး သူ့ကို ငွေငါးလျန်ပေးပြီး ဝယ်မယ်ဆိုတုန်းက အမေ သဘောမကျဘူး။ အခုကြည့်ရတာ သမီးက အမေ့ထက် အမြော်အမြင်ရှိတာပဲ။ ကြည့်စမ်း... ဒီနေ့ ပထမဆုံးနေ့ပဲ ရှိသေးတာကို ငွေလျန်သုံးရာဖိုးတောင် ရောင်းလိုက်ရပြီ"

"သမီးတို့ လျန်သုံးရာဖိုး ရောင်းရတယ်ဆိုပေမဲ့ ဒီဆိုင်ကို တစ်နှစ်ငှားခက လျန်တစ်ရာ၊ ယန်ချွမ်ကို ဝယ်တာက ငါးလျန်၊ ပြီးတော့ အစေခံဆယ့်နှစ်ယောက်အတွက် အဖိုးအခက လျန်သုံးဆယ် ကုန်ခဲ့သေးတယ်။ အဲ့ဒါအပြင် ကုန်ပစ္စည်းတွေ ရင်းနှီးရတဲ့ ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်လေ။ နှုတ်ခမ်းနီနဲ့ မျက်နှာချေမှုန့်တွေကတော့ ယန်ချွမ်နဲ့ အစေခံတွေ လုပ်ကြတာမို့လို့ ကုန်ကျစရိတ် မများဘူးဆိုပေမဲ့ ကျန်တဲ့ပစ္စည်းတွေ အားလုံးက တခြားလူတွေဆီကနေ ဝယ်ယူခဲ့ရတာလေ။ သမီး အကြမ်းဖျင်း တွက်ချက်ကြည့်တာတော့ ဒီရက်ပိုင်းအတွင်း ကုန်ပစ္စည်းအတွက်နဲ့တင် လျန်သုံးရာလောက် ကုန်ကျခဲ့တယ်။ တကယ်လို့ ဒီနေ့မှာ သုံးပုံတစ်ပုံပဲ ရောင်းထွက်ခဲ့တယ် ဆိုရင်တောင် ကုန်ကျစရိတ်က လျန်တစ်ရာ ရှိနေပြီ"

ကျုံးလန်ဟွာက ယခင်ကတည်းက စာရင်းအင်းတွက်ချက်မှုကို ကြောက်ရွံ့တတ်သူ ဖြစ်ရာ အစောပိုင်းက ငွေများကို ရေတွက်ရသည်ကိုပင် ခေါင်းကိုက်နေခဲ့ရပြီ ဖြစ်သည်။ ယခု ကျန်းရိဟွမ်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ အသုံးစရိတ်များအား အသေးစိတ် ရှင်းလင်းပြနေသည်ကို နားထောင်ရင်း သူမ၏ စိတ်ထဲတွင် ပိုမိုရှုပ်ထွေး ဝေဝါးလာတော့သည်။

ရှောင်းယန်ချီ အထဲသို့ ဝင်လာချိန်တွင် ကျုံးလန်ဟွာက သူ့အား ကယ်တင်ရှင်တစ်ဦးကဲ့သို့ ကြည့်ကာ လှမ်းအော်ပြောလိုက်သည်။

"ရှောင်းချီ... မြန်မြန်လာပြီး စာရင်းတွက်ပေးပါဦး"

ရှောင်းယန်ချီက ကျုံးလန်ဟွာကို မနှစ်မြို့သော်လည်း ကျန်းရိဟွမ်းကို မြင်လိုက်ရသည့်အခါတွင်တော့ သူ၏ မျက်ဝန်းများက သိသိသာသာ နူးညံ့ပျော့ပျောင်းသွားခဲ့သည်။

ယနေ့တွင် သူ စာသင်ကျောင်း၌ ရှိနေခဲ့သဖြင့် ဖုန်းဟွာကော့၏ ဆိုင်ဖွင့်ပွဲသို့ လာရောက်ရန် အချိန်မရခဲ့ချေ။ ယခုကြည့်ရသည်မှာ ထိုသားအမိနှစ်ယောက်က ကိစ္စရပ်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြပြီး သူ ထင်မှတ်ထားသည်ထက်ပင် ပိုမို သေသပ်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ကြပုံရသည်။

သူက ပေသီးခုံကို တဒေါက်ဒေါက်နှင့် အလျင်အမြန် တွက်ချက်လိုက်ပြီး စာရင်းချုပ်ပေးလိုက်သည်။

"ကုန်ကျစရိတ်တွေနဲ့ လုပ်အားခတွေကို နှုတ်လိုက်ပြီးရင် ဒီနေ့အတွက် အသားတင်အမြတ်ငွေ လျန်ငါးဆယ်လောက် ရခဲ့တယ်"

"လျန်ငါးဆယ်ပဲလား"

ကျုံးလန်ဟွာက စုပုံနေသော ငွေစများကို လက်ညှိုးထိုးပြရင်း ထပ်မေးနေသေးသည်။

"ငါတို့ လျန်သုံးရာဖိုးတောင် ရောင်းလိုက်ရတာလေ"

"အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေနဲ့ အခြား တစ်ကိုယ်ရေသုံးပစ္စည်းတွေ အားလုံးကို တခြားဆိုင်တွေကနေ မှာယူရတာလေ။ ပြီးတော့ အဒေါ် ဝယ်ထားတဲ့ အစေခံတွေရော နေ့တိုင်း ထမင်းသုံးနပ် မစားကြဘူးလား။ သူတို့အတွက် အဝတ်အစားအသစ်တွေ မလိုဘူးလား။ သူတို့က အစေခံတွေဆိုပေမဲ့ သူတို့ကို ငွေအများကြီး ပေးစရာမလိုရင်တောင် လစာနည်းနည်းတော့ ပေးဖို့ လိုအပ်သေးတယ်။ တစ်ယောက်ကို ကြေးပြားသုံးရာနှုန်းနဲ့ ပေးရင်တောင် ဆယ့်နှစ်ယောက်အတွက် ငွေသုံးလျန်ကျော် ကုန်ကျလိမ့်မယ်။ ယန်ချွမ်က အလှကုန်ပစ္စည်း အားလုံးကို ဖော်စပ်ရတဲ့သူဆိုတော့ သူ့ကို ထိန်းချုပ်ထားနိုင်ဖို့အတွက် တစ်လကို အနည်းဆုံး ငွေလျန်နှစ် ပေးသင့်တယ် မဟုတ်ဘူးလား။ ဒါတင်မကသေးဘူး... ဒီနေ့ ဖောက်သည်တွေ အများကြီး လာကြတော့ လက်ဖက်ရည် တောင်းသောက်တဲ့သူ ဘယ်နှစ်ယောက် ရှိလဲ၊ ဆိုင်ထဲက ပစ္စည်းတွေကို ခွဲမိသွားတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ၊ ပြီးတော့ အလှကုန်တွေကို စမ်းသုံးကြည့်ချင်တဲ့သူ ဘယ်နှစ်ယောက် ရှိလဲ။ အဲ့ဒီအရှုံးအမြတ်တွေကိုလည်း စာရင်းထဲမှာ ထည့်သွင်း တွက်ချက်ရမယ်"

"တော်ပြီ... တော်ပြီ... ဆက်မပြောနဲ့တော့။ အဲ့ဒီအစေခံတွေကို ငါ ဝယ်ထားတာ... သူတို့က ငါ့လူတွေပဲ။ သူတို့ကို လစာ ပေးနေရဦးမှာလား။ ချမ်းသာတဲ့ မိသားစုကြီးတွေက အစေခံတွေကို လစာ ပေးကြလို့လား"

ရှောင်းယန်ချီက ဆက်ရှင်းပြလိုက်သည်။

"သေခြင်းရှင်ခြင်းစာချုပ်နဲ့ ဝယ်ထားတာဆိုရင် လစာနည်းနည်းပဲ ပေးရပြီး၊ နှစ်ရှည်စာချုပ်နဲ့ ဝယ်ထားတာဆိုရင်တော့ လစာပိုပေးရတယ်။ အဒေါ်လက်ထဲမှာ သူတို့ရဲ့ စာချုပ်ရှိနေပြီးသားဆိုတော့ လစာမပေးဘဲ နေချင်လည်း နေလို့ ရတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ သူတို့ တက်တက်ကြွကြွနဲ့ အလုပ်ပို လုပ်ပေးချင်လာအောင် လစာလေး ဘာလေးတော့ ပေးသင့်တယ်လေ။ မြည်းတစ်ကောင်ကို ကြိတ်ဆုံ ဆွဲခိုင်းချင်ရင်တောင် အစာကျွေးပြီး ရေတိုက်ဖို့ လိုအပ်သေးတယ်"

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို နှစ်သိမ့်သည့်အနေဖြင့် ဝင်ပြောလိုက်သည်။

"အမေကလည်း... ငွေလျန်ငါးဆယ်ဆိုတာကလည်း နည်းတဲ့ပမာဏမှ မဟုတ်တာ။ အမေ စဉ်းစားကြည့်လေ... အရင်တုန်းလို သမီးတို့ဘာသာ ပန်းထိုးပြီး လိုက်ရောင်းမယ်ဆိုရင် ငွေလျန်ငါးဆယ်ရဖို့ အထည်တွေ ဘယ်လောက်တောင် အများကြီး ပန်းထိုးရမလဲ၊ ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာလေ၊ နောက်ဆိုရင် ဒီထက်မက ပိုရလာမှာပါ"

"ဟုတ်သားပဲ... တစ်ရက်ကို လျန်ငါးဆယ်ဆိုရင် တစ်လကို လျန်တစ်ထောင်ကျော်တောင် ရမှာပဲ။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ဝင်ငွေပဲ"

ကျုံးလန်ဟွာက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

"အရေးကြီးဆုံးကတော့ ဟိုဘက်ဆိုင်က မကြာခင် ပျက်စီးတော့မှာပဲ။ ဒီနေ့ ငါ အသေအချာ သွားကြည့်ခဲ့တာ... သူတို့ဆီမှာ ဝယ်သူတစ်ယောက်မှကို မရှိဘူး။ ဟင်း ဟင်း... သူတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်"

ရှောင်းယန်ချီက ကျုံးလန်ဟွာ၏ ထိုကဲ့သို့ အသေးအဖွဲကိစ္စလေးများအပေါ် ဂုဏ်ပြိုင်တတ်သည့် အောက်တန်းကျသော မျက်နှာအမူအရာကို အမုန်းဆုံး ဖြစ်သည်။ သူမသာ ကျန်းရိဟွမ်း၏ မိခင်မဟုတ်ပါက သူ သူမအား စကားတစ်ခွန်းပင် လှည့်ပြောမည် မဟုတ်ချေ။

"ဒါနဲ့... ယန်ချွမ်ရဲ့ နောက်ကြောင်းက ဘာလဲ"

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို လှမ်းမေးလိုက်သည်။

"သူ့မိသားစုက အရင်တုန်းက ပါးနီမှုန့်နဲ့ မျက်နှာချေဆိုင် ဖွင့်ခဲ့ဖူးတယ်လို့ ကြားတယ်။ သူ ငယ်ငယ်ကတည်းက မိဘတွေဆီကနေ အမွှေးနံ့သာနဲ့ အလှဆီဖော်စပ်နည်းတွေကို သင်ယူလာခဲ့တာတဲ့။ နောက်ပိုင်းကျတော့ သူ့မိသားစုမှာ ဓားပြတိုက်ခံရလို့ ညီမဖြစ်သူနဲ့အတူ ထွက်ပြေးလာခဲ့ရတာ။ လမ်းမှာ ညီမလေးက အသည်းအသန် ဖျားနာတာကြောင့် ဆေးကုသဖို့အတွက် သူကိုယ်သူ ကျွန်အဖြစ် ရောင်းချခဲ့ရတယ်လို့ ပြောတယ်။ ကျွန်မ သူ့ညီမလေးကိုတော့ မတွေ့လိုက်ရဘူး။ သူ ပြောပြတာတော့ သူ့ညီမလေးက တောင့်မခံနိုင်ဘဲ ဆုံးသွားပြီတဲ့"

ကျန်းရိဟွမ်းက သနားကရုဏာသက်နေသော မျက်နှာလေးဖြင့် စကားကို အဆုံးသတ်လိုက်သည်။

"သူက တကယ်ကို သနားဖို့ကောင်းပါတယ်"

"ငါ သွားအိပ်တော့မယ်၊ ဒီနေရာကို နင်တို့ဘာသာ သိမ်းဆည်းလိုက်ကြတော့"

ကျုံးလန်ဟွာက ကျန်းရိဟွမ်း၏ မျက်ရိပ်ပြမှုကို အကဲခတ်မိသွားပြီး ငိုက်မြည်းချင်ယောင်ဆောင်ကာ ကျန်းရိဟွမ်းအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ကျုံးလန်ဟွာ ထွက်သွားပြီးနောက် ကျန်းရိဟွမ်းက ရှောင်းယန်ချီအား နူးညံ့ပျော့ပျောင်းသော အကြည့်များဖြင့် ကြည့်လိုက်ရင်း ငွေအိတ်လေးတစ်လုံးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

"အစ်ကိုရှောင်း... ဒါက ကျွန်မ အစ်ကို့ကို ပြန်ပေးရမယ့် ငွေတွေပါ"

"ဘာလို့ ကိုယ့်ကို ပေးတာလဲ"

ရှောင်းယန်ချီက သက်ပြင်းမောကို ချလိုက်ရင်း ထိုငွေအိတ်ကို စားပွဲပေါ်သို့ ပြန်တင်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် မေးလိုက်သည်။

"ကိုယ် ဒီငွေတွေကို မင်းအတွက် ပေးပြီးသားလေ... အဲ့ဒါက မင်းရဲ့ ငွေတွေ ဖြစ်သွားပြီ။ ဆိုင်ကလည်း ခုမှဖွင့်ခါစဆိုတော့ အသုံးစရိတ်တွေ အများကြီး လိုဦးမှာပဲ။ ဆိုင်လည်ပတ်ဖို့အတွက် ဒီငွေတွေကို ပြန်သုံးလိုက်ပါ။ ကိုယ့်ကို ပြန်ပေးဖို့ မလိုပါဘူး"

"ဒီဆိုင် ဖွင့်ဖို့အတွက် အစ်ကိုက လျန်ဆယ်ဂဏန်းမက စိုက်ထုတ်ပေးထားတာလေ။ ကျွန်မ စိတ်ထဲကနေ စာရင်းတွက်ကြည့်ပြီးပြီ။ အစ်ကို့ကို ပြန်ဆပ်ပြီး တခြားမိတ်ဆွေတွေဆီက ချေးထားတဲ့ ငွေတချို့ကိုပါ ပြန်ဆပ်မယ်ဆိုရင်... လောလောဆယ် ဆိုင်က နေ့တိုင်း ဒီလိုမျိုး အရောင်းသွက်နေသရွေ့တော့ လဝက်အတွင်း အားလုံးကို ပြန်ဆပ်နိုင်မှာပါ"

ကျန်းရိဟွမ်းက ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် ဆက်ပြောနေပြန်သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်မ တကယ့်ကို အရဲစွန့်ခဲ့မိတယ်။ ကိုယ့်မှာ ငွေအများကြီး မရှိဘဲနဲ့ ဟိုနားဒီနားကနေ ငွေတွေ လိုက်ချေးပြီး ဒီဆိုင်ကို ဇွတ်မှိတ်ဖွင့်ခဲ့မိတာ။ ဆိုင်ဖွင့်တာကလည်း ပထမဆုံးအကြိမ်ဆိုတော့ ဘာအတွေ့အကြုံမှ မရှိဘူး။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် ဒီလောက်တောင် ကုန်ပစ္စည်းတွေအများကြီး ကြိုတင်ဝယ်ယူထားရမယ်မှန်းတောင် ကျွန်မ မသိခဲ့ဘူး"

"ဒါက အရဲစွန့်တာမျိုး မဟုတ်ပါဘူး၊ နည်းဗျူဟာ မြောက်တာလို့ ခေါ်တယ်။ ဟွမ်းအာက ကြည့်လိုက်ရင် အားနွဲ့တဲ့ မိန်းမသားတစ်ယောက်လို့ ထင်ရပေမယ့် တကယ့်ကို ရဲရင့်ပြီး ထက်သန်တဲ့ နှလုံးသား ရှိနေတာပဲ။ မင်းသာ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ရင် တစ်နေရာရာမှာ နာမည်တစ်လုံးနဲ့ နေရာရနေမှာ သေချာတယ်"

"ကျွန်မက အစ်ကိုပြောသလောက် ဘယ်တော်ပါ့မလဲ"

ကျန်းရိဟွမ်းက ရှက်ရွံ့နေသည့် အကြည့်များဖြင့် ဆက်ပြောနေသေးသည်။

"ကျွန်မက အရာရာကို မသိနားမလည်ဘဲ အရမ်းတုံးအပါတယ်။ အစစ အရာရာ အစ်ကို့ကိုပဲ မှီခိုနေရတာလေ"

"မင်းက မတုံးပါဘူး၊ မင်းမှာ သားကိုပဲ အရာရာ ပုံပေးပြီး မင်းအတွက် ဘာမှ ထည့်မစဉ်းစားပေးတတ်တဲ့ ဘက်လိုက်လွန်းတဲ့ အမေတစ်ယောက် ရှိနေလို့ပါ။ ဒါနဲ့... ဟွမ်းအာ၊ စောစောက မင်းတို့ စာရင်းကိုင်တစ်ယောက် ရှာဖို့ ပြောနေတယ်မလား။ ကိုယ့်အမြင်တော့ စာရင်းအင်းတွေကို သူတစ်ပါးလက်ထဲ အပ်ထားတာထက် ကိုယ့်လက်ထဲမှာပဲ ထိန်းချုပ်ထားတာ ပိုကောင်းလိမ့်မယ်။ ကိုယ်တိုင် စာရင်းမတွက်ရင်တောင် အနည်းဆုံးတော့ စာရင်းစာအုပ်တွေကို ဖတ်တတ်ရမယ်လေ။ အခုဆို ကိုယ်လည်း နေ့တိုင်း အိမ်ပြန်လာနေတာပဲ၊ မင်းကို စာဖတ်နည်းတွေ သင်ပေးရင်း စာရင်းမှတ်နည်း၊ စာရင်းစစ်နည်းတွေကိုပါ တစ်ခါတည်း သင်ပေးရင် မကောင်းဘူးလား။ ဒါဆိုရင် ဘယ်သူကမှ မင်းကို လိမ်လို့ညာလို့ ရတော့မှာ မဟုတ်ဘူး"

ရှောင်းယန်ချီက အကြံပြုလိုက်သည်။

"ဒါက အစ်ကို့ရဲ့ အချိန်တွေကို အများကြီး အလဟဿဖြစ်စေမှာ မဟုတ်ဘူးလားဟင်"

"မဖြစ်ပါဘူး။ ကိုယ် ဒီလောက် အချိန်လေးတောင် မပေးနိုင်ဘူးဆိုရင် နန်းတွင်းစာမေးပွဲ ဝင်ဖြေဖို့လည်း ကြိုးစားမနေသင့်တော့ဘူး။ အဲ့ဒါဆိုရင် ကိုယ်က ဉာဏ်မကောင်းလို့ စာဖတ်ဖို့ အတွက်ပဲ အချိန်တွေ အများကြီး ပေးနေရသလို ဖြစ်သွားမှာပေါ့"

ကျန်းရိဟွမ်းက အလိုက်သင့်လေး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

"ဒါဆို အခုပဲ စသင်ပေးမယ်"

ရှောင်းယန်ချီက စိတ်အားထက်သန်သွားသော လေသံဖြင့် ပြောလိုက်သည်။

ကျန်းရိဟွမ်း : "..."

'ဘယ်သူက သင်ချင်နေလို့လဲ... ဘယ်သူက စာရင်းစာအုပ်တွေကို ကြည့်ချင်လို့လဲ'

'ငါက ပိုက်ဆံရေရတာပဲ ဝါသနာပါတာကို'

'ဒီယောက်ျားကတော့ တကယ့်ကို တခုခုပဲ။ သူကိုယ်တိုင်ကျတော့ ဒီဝန်ထုပ်ဝန်ပိုးကို မမျှဝေချင်ဘူး၊ အဲ့ဒီစာရင်းဇယားတွေနဲ့လည်း အလုပ်မရှုပ်ချင်ဘူး၊ အခု အဲ့ဒုက္ခတွေကို ငါ့ခေါင်းပေါ် ပုံချချင်နေတာ။ သူ့မျက်နှာအမူအရာကို ကြည့်ရတာတော့... ငါ့ကို သင်ပြပေးဖို့ အချိန်ဖဲ့ပေးရလို့ ငါကပဲ သူ့ကို ကျေးဇူးတင်ရတော့မလို ဖြစ်နေပြီ'

ကျန်းရိဟွမ်းတစ်ယောက် စိတ်မပါလက်မပါဖြင့် ရှောင်းယန်ချီ၏ နောက်မှ လိုက်ပါသွားခဲ့ရသည်။

သူတို့နှစ်ယောက် အပြင်ဘက်သို့ လှမ်းထွက်လိုက်စဉ်မှာပင် မျက်နှာတွင် အနီရောင်အမှတ်ပါသော လူငယ်တစ်ယောက်က ဆန့်ကျင်ဘက်အရပ်မှ လျှောက်လာနေသည်။ ကျန်းရိဟွမ်းကို မြင်လိုက်ရသည်နှင့် ထိုလူငယ်က ရှက်ရွံ့သွားပုံရပြီး အနီရောင်အမှတ်ရှိသော သူ့မျက်နှာတစ်ခြမ်းကို အမြန်ဖုံးကွယ်လိုက်ကာ အမှတ်မရှိသည့် မျက်နှာတစ်ခြမ်းကိုသာ သူမဘက်သို့ လှည့်ပြလိုက်သည်။

"ယန်ချွမ်... နောက်ဆုံးတော့ ရှင် အပြင်ထွက်လာပြီပဲ။ ကျွန်မ ရှင့်ကို အကြိမ်ကြိမ် လာရှာသေးတယ်၊ ဒါပေမဲ့ ရှင့်တံခါးက ပိတ်ထားတော့ မနှောင့်ယှက်ချင်တာတဲ့ ပြန်လာလိုက်တာ။ မီးဖိုပေါ်မှာ ကြက်ဥပေါင်းလေး နွေးထားတာ ရှိတယ်၊ သွားစားလိုက်ဦးနော်"

ကျန်းရိဟွမ်းက နူးညံ့စွာဖြင့် ပြောလိုက်သည်။

"အစ်ကိုရှောင်း... ကျွန်မတို့ ဒီနေ့ စာမသင်တော့ဘူးလေ။ ယန်ချွမ်ကို စားစရာ သွားယူပေးလိုက်ဦးမယ်၊ သူ တစ်နေ့ကုန် အလုပ်ရှုပ်နေတာဆိုတော့ ပင်ပန်းနေလောက်ပြီ"

All Chapters