← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇ ပြန်လည်မွေးဖွားခြင်း

ကျန်းကျင့်က ဘေးမှ ဝင်ပြောလိုက်သည်။

"တကယ်တော့ အိမ်တိုင်ရာရောက် သွားပြီး ဝန်ဆောင်မှုပေးရတဲ့ လုပ်အားခဆိုတာက နည်းနည်းလေးပါပဲ။ တကယ့် ဝင်ငွေအစစ်အမှန်က ကျွန်မတို့ ရောင်းရမယ့် ကုန်ပစ္စည်းတွေကနေ ရောက်လာမှာ။ ဆံပင်ထိန်းသိမ်းတာကိုပဲ နမူနာကြည့်လေ... ဆံပင်လိမ်းဆီ တစ်ပုလင်းကို အလွန်ဆုံး ငါးကြိမ်ပဲ သုံးလို့ရတယ်။ ဒါကြောင့် ဖောက်သည်တစ်ယောက်က အနည်းဆုံးတော့ တစ်လကို တစ်ပုလင်း ဒါမှမဟုတ် နှစ်ပုလင်း ဝယ်ကြမှာပဲ၊ အဲ့ဒါတင် ငွေခြောက်လျန် ရှိနေပြီ။ အဲ့ဒါအပြင် မျက်နှာပေါင်းတင် ရွှံ့စေးနဲ့ တခြား အရေပြားထိန်းသိမ်းတဲ့ အလှဆီတွေ၊ ခန္ဓာကိုယ်လိမ်းဆေးဆီတွေလည်း ရှိသေးတယ်လေ။ ကျွန်မ ခန့်မှန်းရသလောက်တော့ ဖောက်သည်တစ်ယောက်ချင်းစီကနေ တစ်လကို ငွေဆယ်လျန်ဖိုးလောက် ရောင်းရနိုင်တယ်။ ယောင်ကွမ်းက ဖောက်သည်ဆယ်ယောက်ကျော်ရဲ့ သဘောတူညီမှုကို ယူလာနိုင်ခဲ့တာဆိုတော့ စုစုပေါင်း ငွေနှစ်ရာလျန်နီးပါး ရမှာလေ။ ဒါက အစပျိုးရုံပဲ ရှိသေးတာ... နောက်ပိုင်း ဖောက်သည်တွေ ပိုများလာရင် ကျွန်မတို့ အပြင်ထွက်ပြီး ဝန်ဆောင်မှုပေးရုံတင်နဲ့တင် အများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်"

"ကျွန်မတို့ဆိုင်က ပစ္စည်းတွေက ဈေးမပေါဘူးလေ။ သာမန်ဖောက်သည်တွေဆိုရင် တစ်ခါဝယ်ပြီးရင် တစ်နှစ်၊ နှစ်နှစ်လောက်အထိ သုံးကြတာဆိုတော့ ငွေပြန်ပေါ်ဖို့က အရမ်းနှေးတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အဓိကဖောက်သည်တွေက အဲ့ဒီလို ချမ်းသာတဲ့ သခင်မကြီးတွေနဲ့ သခင်မလေးတွေပဲ ဖြစ်နေသင့်တယ်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"ဒါကြောင့်မို့လို့ သခင်မကြီးတွေနဲ့ သခင်မလေးတွေရဲ့ စိတ်ကြိုက်ဖြစ်လာအောင်၊ ပြီးတော့ ကျွန်မတို့ရဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကို သဘောကျလာအောင် ထူးခြားတဲ့အရာတစ်ခုခုကို ကျွန်မတို့ စဉ်းစားရမယ်။ ဒီနေ့တော့ ကျွန်မ ကျင့်အာ သင်ပေးထားတဲ့ နှိပ်နယ်တဲ့နည်းပညာကို သုံးလိုက်တာ။ အဲ့ဒီသခင်မကြီးတွေနဲ့ သခင်မလေးတွေက အရမ်းသဘောကျသွားကြတယ်လေ။ မနက်ဖြန်ကျရင် ကျွန်မ အကုန်လုံးကို အဲ့ဒီနည်းသင်ပေးမယ်၊ ဒါမှ လူတွေ အရမ်းများလာတဲ့အခါ အခြားသူတွေလည်း ကျွန်မရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူပြီး မျှဝေပေးနိုင်လိမ့်မယ်"

"ယောင်ကွမ်း... နင် တော်တော်လေး ပင်ပန်းနေပြီပဲ။ ဒီညတော့ စောစောအနားယူလိုက်ဦး၊ မနက်ဖြန်ကျမှ ငါတို့ နင့်ဆီကနေ ပြန်သင်ကြတာပေါ့"

ကျန်းယင်းတိက ဝင်ပြောလာပြန်သည်။

"ဒီညစာအတွက် သိုးသားစွပ်ပြုတ်နဲ့ ဘဲသားဟင်း ချက်ထားတယ်၊ အကုန်လုံး နင်အကြိုက်ဆုံးတွေချည်းပဲ"

"ငါ တစ်နေ့လုံး စောင့်ကြည့်နေတာ။ လမ်းတစ်ဘက်က ဆိုင်က ဝယ်သူအနည်းငယ်ကိုပဲ ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြတယ်။ သူတို့ ငွေတစ်လျန်ဖိုးတောင် ရောင်းရရဲ့လား မသိဘူး။ ဆိုင်က အခုမှ ဖွင့်ရုံတင်မကဘူး ဈေးလည်း လျှော့ပေးနေတာတောင် စီးပွားရေးက ဒီလိုဖြစ်နေပြီလေ"

ကျန်းကျောက်တိက ဝမ်းသာအားရဖြင့် ပြောနေပြန်သည်။

"ကျုံးလန်ဟွာက ငါတို့စီးပွားရေးကို လုဖို့အတွက် ငါတို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ တမင်တကာ ဆိုင်လာဖွင့်တာလေ။ အခုတော့ သူ ငိုင်တိုင်တိုင် ဖြစ်နေရပြီ မဟုတ်ဘူးလား။ ငါတို့ရဲ့ စီးပွားရေးကို လုနိုင်မယ်လို့ သူ ထင်နေတာလား"

ထောင်ယောင်ဖန့်၌ အောင်ပွဲခံ ပျော်ရွှင်နေကြစဉ်တွင် မျက်နှာချင်းဆိုင်မှ ဆိုင်တွင်တော့ ဆဲဆိုသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

"ငါ့အမြင်တော့... အဲ့ဒီ ရှောင်းချီက ငါတို့အတွက် အဆုံးမဲ့ ရန်သူပဲ။ လမ်းလျှောက်နေရင်းတောင် ခြေချော်လဲနိုင်တယ်၊ လဲကျရုံနဲ့ ခေါင်းပါ ကွဲသွားသေးတယ်။ အခုတော့ ငါတို့မှာ ရှိတဲ့ ကောင်းလှချည်းရဲ့ဆိုတဲ့ ဆေးတွေကိုလည်း အများကြီး သုံးနေရသေးတယ်။ သူ့ကို ဝယ်ခဲ့ရတာက တကယ့်ကို အရှုံးကြီး ရှုံးတာပဲ"

"အမေကလည်း... အဲ့လို မပြောပါနဲ့"

ကျန်းရိဟွမ်းက ညင်သာစွာ ဟန့်တားလိုက်သည်။

"ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီပဲ။ ညည်းညူနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ။ ကံကောင်းတာက... သမီးတို့ အခု ပိုက်ဆံရှာနိုင်နေပြီဆိုတော့ ဒီလောက် ပိုက်ဆံနည်းနည်းလေးကို ထည့်တွက်နေဖို့ မလိုတော့ဘူးလေ"

"နင် ပိုက်ဆံရှာနိုင်တာ ဘယ်နှရက် ရှိသေးလို့လဲ။ အခုကတည်းက ငွေနှစ်လျန်ကို ဘာမှမဟုတ်သလိုမျိုး သဘောထားနေပြီပေါ့။ နင် တကယ်ပဲ ဒီကောင်လေးအပေါ် စိတ်ယိုင်နေတာတော့ မဟုတ်ပါဘူးနော်"

ကျုံးလန်ဟွာက မကျေမနပ်ဖြင့် ထပ်ပြောလိုက်သည်။

"ငါ့အမြင်တော့ သူက ယန်ချွမ်လောက်တောင် အသုံးမကျဘူး"

"အမေကလည်း... အစ်ကိုရဲ့ ပညာသင်စရိတ် ကင်းလွတ်ခွင့်ရအောင် ဘယ်သူကူညီပေးခဲ့တာလဲ၊ ပြီးတော့ သမီးတို့ ဒီဆိုင်ကို ဖွင့်နိုင်အောင် ဘယ်သူကူညီပေးခဲ့လဲဆိုတာ အမေ မမေ့နဲ့ဦးလေ"

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို အပြင်သို့ ဆွဲခေါ်ရင်း ဆက်ချော့မော့နေသည်။

"မြန်မြန် သွားပြီး ဆေးကြိုကြမယ်လေ။ အစ်ကိုရှောင်းကို ဆေးမြန်မြန် တိုက်နိုင်မှ သူ စောစောနိုးလာမှာပေါ့။ သမားတော်က ပြောတယ်... သူ ဒီတစ်ခါ ခေါင်းထိသွားတာမို့လို့ တကယ်လို့ မြန်မြန် နိုးမလာရင် အရူးဖြစ်သွားလိမ့်မယ်တဲ့"

ကျန်းရိဟွမ်းနှင့် ကျုံးလန်ဟွာတို့ ထွက်သွားပြီးနောက် ရှောင်းယန်ချီက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့ဦးနှောက်ထဲတွင် မှတ်ဉာဏ်အချို့ ပေါ်လာခဲ့ပြီး ထိုအရာများက စူးယောင်ကွမ်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ ဖြစ်နေလေသည်။ သူ့ နှလုံးသားက ကမောက်ကမ ဖြစ်နေရုံမက ကျန်းရိဟွမ်းအား မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိတော့သဖြင့် မျက်လုံးများကို ပြန်မှိတ်ကာ သတိမရသေးသည့်အလား ဟန်ဆောင်နေခဲ့ခြင်းပင်။

သူ့၏ မှတ်ဉာဏ်များထဲတွင် သူနှင့် စူးယောင်ကွမ်းက ဇနီးမောင်နှံများ ဖြစ်ခဲ့ကြသည်။ စူးယောင်ကွမ်းက သူ စာသင်နိုင်ရန်အတွက် ပံ့ပိုးပေးခဲ့ပြီး သူက နန်းတွင်းစာမေးပွဲတွင် ပထမရကာ ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။ အရာရှိကြီးတစ်ဦးက သူ့အား သမက်တော်အဖြစ် ကမ်းလှမ်းသည်ကို သူ ငြင်းပယ်ခဲ့ပြီး စူးယောင်ကွမ်းကိုသာ အဓိကဇနီးအဖြစ် ဆက်လက်ထားရှိခဲ့သည်။ သို့သော် အမှန်တကယ်တွင် သူ အသက်ထက်ချစ်ရသည့်သူက ကျန်းရိဟွမ်း ဖြစ်ပြီး သူတို့နှစ်ဦးတွင် ကလေးတစ်ယောက်ပင် ရှိခဲ့ဖူးသည်။ သူက ကျန်းရိဟွမ်းကို ကိုယ်လုပ်တော်အဖြစ် ထားရှိရန် ကမ်းလှမ်းခဲ့ဖူးသော်လည်း သူမက စူးယောင်ကွမ်းအပေါ် မတရားရာကျွန်မည်ကို စိုးရိမ်သဖြင့် ငြင်းပယ်ခဲ့သည်။

ထိုမှတ်ဉာဏ်များက သူ၏ဦးနှောက်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး လက်ရှိမှတ်ဉာဏ်များနှင့် ရောယှက်သွားခဲ့သည်။ ထိုမှတ်ဉာဏ်နှင့် လက်တွေ့အဖြစ်အပျက်များက ရှုပ်ထွေးပွေလီနေသဖြင့် ၎င်းက အိပ်မက်တစ်ခုလားဟုပင် ခဏတာ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ အရာအားလုံးကို သေချာပြန်လည်စီစစ်ပြီးမှသာ ၎င်းက အမှန်တရားတစ်ခုမှန်း သူ နားလည်သွားခဲ့ရသည်။ ထိုမှတ်ဉာဏ်များက အစစ်အမှန် ဖြစ်ပြီး အတိတ်ဘဝက တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြစ်နေခဲ့သည်။ တစ်နည်းအားဖြင့် သူ လွန်ခဲ့သော နှစ်အနည်းငယ်၏ အတိတ်ဆီသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တာ့ လွန်ခဲ့သော နှစ်အနည်းငယ်က အခြေအနေနှင့် ကွဲပြားခြားနားနေခဲ့သည်။

ယခုဘဝတွင် စူးယောင်ကွမ်းက သူ့ကို မဝယ်ခဲ့သလို သူ စာသင်နိုင်ရန်အတွက်လည်း ပင်ပန်းဆင်းရဲခံပြီး ပံ့ပိုးမပေးခဲ့ချေ။ သူက ကျန်းရိဟွမ်း၏ဘေးနားသို့ စောစီးစွာ ရောက်ရှိလာခဲ့ပြီး ထိုရုပ်ဆိုးမ စူးယောင်ကွမ်းနှင့်လည်း ရင်ဆိုင်ရခြင်း မရှိတော့ချေ။

'ဖြစ်နိုင်တာက ကောင်းကင်ဘုံက ငါ့ကို မျက်မှာသာပေးလို့ စူးယောင်ကွမ်းလို ပျင်းစရာကောင်းပြီး ရိုင်းစိုင်းတဲ့ မိန်းမနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ပတ်သက်စရာမလိုအောင် ငါ့ဘဝလမ်းကြောင်းကို ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ရမယ်'

'ဒါပေမဲ့ ကျိုးဝမ်ရှူကကော ဘယ်သူလဲ... အတိတ်ဘဝတုန်းက ဒီလိုလူမျိုး မရှိခဲ့ဘူးလေ'

'ထားလိုက်ပါတော့... သူက ဘာမှမဟုတ်တဲ့ လူမမည်လေးတစ်ယောက်ပဲ ဖြစ်မှာပါ၊ သူ ငါ့ဘဝထဲမှာ ပေါ်မလာဖူးတဲ့အတွက် ဒီလိုအရေးမပါတဲ့သူကို ငါမသိတာ သဘာဝပဲ'

.....။....။...

ထိုအချိန်တွင် ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က ပြတင်းပေါက်နားမှ ထွက်ခွာသွားကြသည်။

"သူ နိုးနေတာကို သမီး ဘယ်လိုလုပ်သိတာလဲ"

ကျုံးလန်ဟွာက သူမ၏သမီးဖြစ်သူကို ပိုအထင်ကြီး လေးစားသွားပြီး ပြန်မေးလိုက်သည်။

"သူ့ရဲ့ အသက်ရှူသံက မမှန်ဘူးလေ အမေရဲ့"

ကျန်းရိဟွမ်းက ပြန်ရှင်းပြလိုက်သည်။

"သတိမေ့မြောနေတဲ့လူတစ်ယောက်က အဲ့ဒီလိုမျိုး အသက်မရှူဘူး"

"ငါ့သမီးက တော်တော်လေး ဉာဏ်ကောင်းတာပဲ၊ အဲ့ဒီယောက်ျားတွေ ငါ့သမီးအပေါ် စိတ်ညွတ်ကုန်တာ မဆန်းတော့ဘူး"

ကျုံးလန်ဟွာက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆက်ပြောနေသေးသည်။

"ဒါနဲ့... အမေ ဒီနေ့ မြင်းစျေးက တာဝန်ခံနဲ့ တွေ့ခဲ့တယ်၊ သူက ငါတို့ကို ပိုက်ဆံပြန်ဆပ်ဖို့ လာဖိအားပေးနေတာ။ အဲ့ဒီတာဝန်ခံရဲ့ သားက အမြဲတမ်း နင့်အလိုကျ လိုက်လုပ်ပေးနေကျ မဟုတ်ဘူးလား။ အခုတလော နင် သူ့ကို သွားမတွေ့လို့ သူ အချိုးပြောင်းသွားတာလား"

"မနက်ဖြန်ကျရင် သမီး သွားတွေ့လိုက်ပါ့မယ်၊ ဒီယောက်ျားတွေက တကယ်ကို ရယ်ချင်စရာ ကောင်းတာပဲ။ သူက သမီးကို ငွေအနည်းငယ်လေး ပေးထားပြီးတော့ သမီးကို လက်ထပ်ရမယ်လို့ တွေးနေတာလား၊ သမီးက အဲ့လောက်အထိ မတုံးအပါဘူး"

သန်းခေါင်ယံအချိန်တွင် မိုးစဲသွားခဲ့သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် နေမင်းကြီးက ဖြည်းညင်းစွာ ထွက်ပြူလာပြီး မနေ့က စိုထိုင်းမှုများကို မောင်းထုတ်ကာ သာယာလှပသော နေ့တစ်နေ့အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဖုန်းဟွာကော့၏ စီးပွားရေးကလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြန်သည်။ ယနေ့တွင် ထောင်ယောင်ဖန့်သို့လည်း တစ်ဦးချင်းလာရောက်သည့် ဖောက်သည်များ စတင်ရှိလာခဲ့ပြီ ဖြစ်၏။ အကြောင်းအရင်းကတော့ ကုန်ပစ္စည်းချင်း နှိုင်းယှဉ်ကြည့်ပြီးနောက် ပစ္စည်းကောင်းကို သိနားလည်သူတိုင်းက ဤဆိုင်မှ ပစ္စည်းများ၏ အရည်အသွေးက ပိုမိုကောင်းမွန်ကြောင်း သိရှိကြသောကြောင့်ပင်။

ထို့ထက်မက အရေးကြီးသည်က ထောင်ယောင်ဖန့်က မျက်နှာလိမ်းခြယ်ပြင်ဆင်ခြင်း ဝန်ဆောင်မှုကိုပါ ပေးနိုင်ခြင်း ဖြစ်သည်။ စူးယောင်ကွမ်း၏ ပြင်ဆင်ခြယ်သမှုပုံစံက ဤခေတ်အခါမှ အမျိုးသမီးများအတွက် အလွန် ခေတ်ရှေ့ပြေးလွန်းနေခဲ့သည်။ ထိုကဲ့သို့ တစ်ခါမျှ မမြင်ဖူးသည့် ထူးခြားဆန်းသစ်သော အလှအပမျိုးကို သူမတို့ ပြောင်းလဲပြင်ဆင်ကြည့်ချင်ကြသည်က သဘာဝသာ ဖြစ်သည်။

"နင်က ဒီကို လာပြီး ပြဿနာရှာနေတာလား"

ကျုံးလန်ဟွာက ဝဝဖိုင့်ဖိုင့်မိန်းကလေးတစ်ဦးကို အပြင်သို့ တွန်းထုတ်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။

"ငါတို့က မျက်နှာချေ၊ နှုတ်ခမ်းနီ၊ အဝတ်အထည်၊ ဖိနပ်နဲ့ အမျိုးသမီးသုံး ပစ္စည်းတွေကိုပဲ ရောင်းတာဟဲ့... ဆေးရောင်းတာ မဟုတ်ဘူး။ နင် ကိုယ်အလေးချိန် ကျပြီး လှချင်တယ်ဆိုရင် ဆေးဆိုင်ကို သွားလေ။ ဖုန်းဟွာကော့ကို ဘာလာလုပ်တာလဲ။ လမ်းတစ်ဖက်က ဆိုင်ဆီကနေ ပိုက်ဆံယူပြီး ငါတို့ဆိုင်ရဲ့ စီးပွားရေးကို တမင်တကာ လာဖျက်ဆီးတာမလား"

"ရှင်တို့က တကယ်ကို အနိုင်ကျင့်လွန်းတယ်"

ဝဝဖိုင့်ဖိုင့်မိန်းကလေးကလည်း အော်ဟစ်ငိုယိုရင် ပြန်ချေပနေသည်။

"အရင်တုန်းက ရှင်တို့ ပစ္စည်းတွေကို ဝယ်အောင် ချော့မော့တုန်းကကျတော့ ဘာလို့ ဒီလိုမျိုး မပြောခဲ့တာလဲ"

"အဲ့ဒီတုန်းက နင်က မျက်နှာချေဝယ်ချင်တာလေ။ ဒါကြောင့် ငါက နင့်ကို ကောင်းကောင်းမွန်မွန် ဝန်ဆောင်မှု ပေးခဲ့တာပေါ့။ အခုကျမှ ဘာတွေလာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊ နင့်ကို ပိန်အောင် လုပ်ပေးရမယ် ဟုတ်လား။ ငါက နတ်ဘုရားမို့လို့လား"

ရှောင်းယန်ချီတစ်ယောက် ဆိုင်သို့ ပြန်ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ဤအခြေအနေပင် ဖြစ်သည်။ ကျုံးလန်ဟွာကလည်း ကျန်းကျောက်တိကဲ့သို့ ရန်ဖြစ်တတ်သော အမျိုးသမီးများထဲတွင် ထိပ်ဆုံးက ဖြစ်နေခဲ့သည်။ ရှောင်းယန်ချီ၏ မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွားခဲ့ပြီး ကျန်းရိဟွမ်းကို မြင်လိုက်ရမှသာ သူ၏အမူအရာက ပြန်နူးညံ့သွားခဲ့သည်။

"မမလေး... သူတို့ရဲ့ ဖုန်းဟွာကော့မှာတော့ အဲ့ဒီလိုမျိုး လုပ်ပေးနိုင်စွမ်း မရှိဘူး၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ထောင်ယောင်ဖန့်ကတော့ မမလေးကို ကူညီပေးနိုင်ပါတယ်"

စူးယောင်ကွမ်းက ဆိုင်တံခါးဝတွင် ရပ်နေကာ ဝဝဖိုင့်ဖိုင့်မိန်းကလေးကို လှမ်းပြောလိုက်သည်။

"ဆိုင်ထဲကို ဝင်ပြီး တစ်ချက်လောက် ကြည့်လိုက်ပါဦးလား"

ရှောင်းယန်ချီ လှည့်ကြည့်လိုက်ရာ သူ့မှတ်ဉာဏ်များထဲကထက် ပိုကောင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရုပ်ရည်သွင်ပြင် ပိုတောက်ပနေသည့် စူးယောင်ကွမ်းကို မြင်တွေ့လိုက်ရသဖြင့် ခဏတာမျှ မှင်တက်သွားခဲ့ရသည်။

ထိုမှတ်ဉာဏ်များကို ရရှိခဲ့ပြီးကတည်းက သူ၏စိတ်ထဲတွင် ထူးဆန်းသော အတွေးအမြင်များ အမြဲတမ်း ပေါ်ပေါက်လာတတ်သည်။ ဥပမာအားဖြင့် ယခင်က စူးယောင်ကွမ်းကို မြင်လျှင် နာကြည်းမှုကိုသာ ခံစားရသော်လည်း အခုအချိန်တွင်တော့ သူ၏ရင်ထဲ၌ ဒေါသတချို့ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် မကျေမနပ်လည်း ဖြစ်နေမိသည်။

ယခုဘဝတွင် စူးယောင်ကွမ်း သူ့ကို ဝယ်ယူခြင်း မပြုခဲ့သည့်အပေါ် သူက အရှက်ရစရာ စော်ကားမှုတစ်ခုဟု ခံစားနေရသည်။ သူက သူမကို အထင်သေးခွင့် ရှိသော်လည်း သူမက သူ့ကို အထင်သေးနေခြင်းအား သူ လက်မခံနိုင်ချေ။

အခန်း ၁၀၈ ရူးသွပ်သွားခြင်း

စူးယောင်ကွမ်းကလည်း ရှောင်းယန်ချီ၏ စိုက်ကြည့်နေမှုကို သတိထားမိသွားပြီး မျက်စောင်းပြန်ထိုးလိုက်သည်။

ထို့နောက် သူမက ဝဝဖိုင့်ဖိုင့်မိန်းကလေးအား ထပ်တိုက်တွန်းလိုက်သည်။

"မမလေး... ဆိုင်ထဲကို ဝင်ပြီး တစ်ချက်လောက် ကြည့်ပါဦးလား"

ဝဝဖိုင့်ဖိုင့်မိန်းကလေးက သူမကိုယ်သူမ ပြန်ငုံ့ကြည့်ရင်း တွေဝေတုန့်ဆိုင်းစွာဖြင့် ပြန်မေးလာခဲ့သည်။

"ဒါက တကယ်ပဲ အဆင်ပြေပါ့မလား"

"အရင်ဆုံး ဝင်ကြည့်ရုံတင် ဝင်ကြည့်လိုက်ပါရှင့်၊ စိတ်မပူပါနဲ့... ကျွန်မတို့က ပစ္စည်းတွေကို အတင်းအကျပ် ဝယ်ခိုင်းမှာ မဟုတ်ပါဘူး"

စူးယောင်ကွမ်းက လမ်းတစ်ဖက်သို့ လှမ်းကြည့်ကာ ထပ်ပြောလိုက်သေးသည်။

"ကျွန်မတို့ဆိုင်က ဘယ်တော့မှ အတင်းအကျပ် ရောင်းချတာမျိုး မလုပ်ခဲ့ပါဘူး"

ထိုစကားကို ကြားရသောအခါမှ ဝဝဖိုင့်ဖိုင့်မိန်းကလေးက အနည်းငယ် စိတ်အေးသွားပြီး ဆိုင်ထဲသို့ လှမ်းဝင်လာခဲ့သည်။

"ကျင့်အာ... အမြန် ထွက်လာခဲ့ဦး"

စူးယောင်ကွမ်းက လှမ်းခေါ်လိုက်သည်။

ကျန်းကျင့်က အတွင်းခန်းထဲမှ ထွက်လာပြီး ထိုဝဝဖိုင့်ဖိုင့်မိန်းကလေးကို မြင်လိုက်ရသောကြောင့် သံသယမျက်ဝန်းများဖြင့် လှမ်းမေးလိုက်သည်။

"ဒီဖောက်သည်က ဘာများ လိုအပ်လို့လဲဟင်"

"ဒီမမလေးက ကိုယ်အလေးချိန် ချချင်လို့တဲ့၊ သူ့ကို သွေးခုန်နှုန်း စမ်းသပ်ပေးပြီး ကိုယ်အလေးချိန် ကျဖို့အတွက် စားသောက်နေထိုင်မှုကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲရမလဲဆိုတာ ကြည့်ပေးလိုက်ပါဦး"

ကျန်းကျောက်တိနှင့် ဘေးလူများက စူးစမ်းလိုစိတ်ဖြင့် အနားသို့ စုအုံလာကြသည်။ ဝဝဖိုင့်ဖိုင့်မိန်းကလေးက ပိုစိတ်ကျဉ်းကျပ်ကာ ရှက်ကိုးရှက်ကန်း ဖြစ်လာသည်ကို မြင်လိုက်သဖြင့် စူးယောင်ကွမ်းက ကျန်တဲ့သူများကို အမြန် လူစုပြန်ခွဲခိုင်းလိုက်သည်။

ကျန်းကျင့်က ဝဝဖိုင့်ဖိုင့်မိန်းကလေး၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် စမေးလိုက်သည်။

"အစ်မကြီး... အစ်မကြီး အရင်တုန်းက အပြင်းအထန် ဖျားနာဖူးတယ်မလား၊ ရောဂါပျောက်ကင်းသွားပြီးတဲ့နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ ဝလာပြီး အခုဆို ဘာလုပ်လုပ် ကိုယ်အလေးချိန် ချလို့မရတော့တာ မဟုတ်လား"

"ညီမလေးက ဒါကို ဘယ်လိုလုပ် သိတာလဲ"

"အစ်မကြီးရဲ့ ခန္ဓာကိုယ်က ကျွန်မကို ပြောပြနေတာလေ၊ အစ်မကြီး ဝိတ်ချလို့မရတဲ့ အကြောင်းရင်းက အရင်တုန်းက သောက်ခဲ့တဲ့ ဆေးဝါးတွေမှာ ကိုယ်အလေးချိန် တက်စေတဲ့ အာနိသင်တွေ ပါဝင်နေလို့ပါ၊ အဲ့ဒီဆေးအာနိသင်တွေက ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေပြီး ပိတ်မိနေလို့ အပြင်ကို မထွက်နိုင်ဘဲ ဖြစ်နေတာပါ"

"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ငါ အပြင်းအထန် ဖျားနာခဲ့ဖူးတယ်၊ အမေက ဆေးဆရာတွေ အများကြီးနဲ့ ပြသခဲ့ပေမဲ့ ဘယ်သူမှ မကုနိုင်ခဲ့ကြဘူး။ နောက်ဆုံး လမ်းကြုံလို့ ရောက်လာတဲ့ တိုင်းတပါး မှော်ပညာရှင်တစ်ယောက်ပေးတဲ့ ဆေးလုံးကို သောက်လိုက်ရလို့ ပြန်ကောင်းလာခဲ့တာ"

"အဲ့ဒါကြောင့်ပဲပေါ့၊ အဲ့ဒီဆေးက အာနိသင် အရမ်းပြင်းထန်လွန်းတယ်၊ အစ်မကြီးရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပေမဲ့ ဆေးအကြွင်းအကျန်တွေက ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့ပြီး ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်လိုက်တာ။ တကယ်လို့ အစ်မကြီး ကိုယ်အလေးချိန် ချချင်တယ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ အစ်မကြီးကို ဆေးဖက်ဝင်ပေါင်းခံခြင်း လုပ်ပေးရမှာ၊ ငါးရက်ကို တစ်ကြိမ်လာပြီး ကုသမှု ခံယူရမယ်၊ အစ်မကြီးအနေနဲ့ အဲ့ဒါကို လက်ခံနိုင်ပါ့မလား"

ကျန်းကျင့်က အခြေအနေကို ရှင်းပြလိုက်သည်။

"ဒါက ရောဂါကုသတာနဲ့ အတူတူပဲပေါ့... ဟုတ်လား"

ဝဝဖိုင့်ဖိုင့်မိန်းကလေးက ပြန်မေးလိုက်၏။

"ဟုတ်ပါတယ်၊ ဒါကို ကုသမှုလိုမျိုးပါပဲ"

"ညီမလေးက ငယ်ငယ်လေး ရှိသေးတာလေ၊ ငါ့ထက်တောင် အသက်ငယ်ဦးမယ်၊ မင်းရဲ့ ဆေးပညာက ဒါကို တကယ် ကိုင်တွယ်နိုင်ပါ့မလား။ ဒါက ရောဂါတစ်ခု ဖြစ်နေတာဆိုတော့ ငါ့အနေနဲ့ အတွေ့အကြုံရှိတဲ့ ဝါရင့်သမားတော်ကြီးတစ်ယောက်ဆီမှာ သွားပြတာက ပိုကောင်းလိမ့်မယ်ထင်တယ်၊ အင်း... ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်နော်၊ ငါ ပြန်လိုက်ပါဦးမယ်"

ဝဝဖိုင့်ဖိုင့်မိန်းကလေးက စူးယောင်ကွမ်းတို့ သူမကို အတင်းအကျပ် ဆွဲထားမည်အား စိုးရိမ်နေသည့်အလား သူမတို့ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ တတ်နိုင်သမျှ အမြန်ဆုံး အပြင်သို့ ပြေးထွက်သွားတော့သည်။

ဤမြင်ကွင်းကို တစ်ဖက်မှ စောင့်ကြည့်နေခဲ့သည့် ကျုံးလန်ဟွာက ကျယ်လောင်စွာ ရယ်မောပြီး လှောင်ပြောင်နေသည်။

"နင်တို့တွေက ကိုယ့်ကိုကိုယ် တော်လှပြီ ထင်နေတာပေါ့လေ... အခုတော့လည်း ဘာမှ ထူးထူးခြားခြား မဟုတ်ပါလား။ ငါ သိသားပဲ၊ နင်တို့က နတ်ဘုရားတွေမှ မဟုတ်တာ၊ ဒီလောက်ကြီးတဲ့ အသားတုံးကြီးကို ဒီအတိုင်း အငွေ့ပျံသွားအောင် ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ"

"ကျွန်မတို့မှာ အဲ့လို လုပ်နိုင်စွမ်း ရှိတာပေါ့၊ ဒါပေမဲ့ ဒီအစ်မကြီးမှာက စိုးရိမ်ပူပန်မှုတွေ ရှိနေသေးလို့ အိမ်ပြန်ပြီး မိသားစုနဲ့ အရင်တိုင်ပင်ချင်သေးတာလေ။ တကယ်လို့ သူ ကျွန်မတို့ဆီကို ပြန်လာခဲ့မယ်ဆိုရင်တော့ သူ ဖြစ်ချင်တဲ့ ဆန္ဒကို ကျွန်မတို့ သေချာပေါက် ဖြည့်ဆည်းပေးမှာပါ"

"ကြွားလုံးထုတ်နေလိုက်"

ကျုံးလန်ဟွာက နှာခေါင်းရှုံ့ကာ အထင်သေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။ ထို့နောက် လမ်းလျှောက်လာသည့် ဖောက်သည်တစ်ဦးကို လှမ်းမြင်လိုက်သောကြောင့် အပြုံးမျက်နှာဖြင့် ကြိုဆိုရန် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ရှောင်းယန်ချီက ထီးတစ်ချောင်းကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ကျုံးလန်ဟွာက သူ ဘယ်သွားမလို့လဲဟု လှမ်းမေးလိုက်ရာ သူက ပြန်ဖြေနေခဲ့သည်။

"ဟွမ်းအာက အခုထိ ပြန်မလာသေးဘူး၊ ကျွန်တော် သူ့ကို သွားကြိုမလို့လေ။ အမေပြောတော့ သူက ကျွန်တော့်အတွက် မုန့်သွားဝယ်တယ်ဆို"

ကျုံးလန်ဟွာ၏ မျက်ဝန်းထဲတွင် ပျာယာခတ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

အမှန်တကယ်တွင် ကျန်းရိဟွမ်းက ရှောင်းယန်ချီအတွက် မုန့်သွားဝယ်ခြင်း မဟုတ်ဘဲ မြင်းစျေးတာဝန်ခံ၏ သားဖြစ်သူကို သွားရောက်ချော့မြူနေခြင်း ဖြစ်သည်။

မုန့်ဆိုင်က မြင်းစျေးနှင့် မဝေးလှသဖြင့် ရှောင်းယန်ချီကို ထိုနေရာသို့ ပေးမသွားနိုင်ချေ။ သို့မဟုတ်ပါက သူတို့နှစ်ဦးနှင့် ထိပ်တိုက်တိုးသွားကြပေလိမ့်မည်။

စူးယောင်ကွမ်းကလည်း ထီးတစ်ချောင်းကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့ပြီး ရှောင်းယန်ချီနှင့် ပခုံးချင်းယှဥ်ကာ ဘေးမှ ဖြတ်ကျော်လျှောက်လှမ်းသွားခဲ့သည်။

ရှောင်းယန်ချီက သူမ မြေပြင်ပေါ်သို့ အိတ်ငယ်လေးတစ်လုံး ပြုတ်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ကောက်ယူကာ သူမနောက်သို့ အပြေးလိုက်သွားခဲ့သည်။

ကျုံးလန်ဟွာက မျက်လုံးပြူးသွားပြီး အော်မေးလိုက်၏။

"မင်း ဘယ်သွားမလို့လဲ"

'ဒီကောင်လေးက စူးယောင်ကွမ်းရဲ့ အိတ်ငယ်ကို ကောက်ပြီး နောက်ကနေ လိုက်သွားတာလား၊ သူက စူးယောင်ကွမ်းနောက်ကို လိုက်ပိုးမလို့လား။ ဒီကောင်လေးရဲ့ အမြင်အာရုံက ဒီလောက်အထိတော့ မညံ့ဖျင်းလောက်ပါဘူး။ သူ စူးယောင်ကွမ်းကို သဘောကျနေတာများလား'

စူးယောင်ကွမ်းက လမ်းကို အလွန်ခပ်သွက်သွက် လျှောက်နေသဖြင့် ရှောင်းယန်ချီ လှမ်းခေါ်နေသည်ကို မကြားလိုက်ရချေ။ အကယ်၍ သူမ ကြားခဲ့လျှင်ပင် လှည့်ကြည့်မိမည် မဟုတ်ချေ။ သူမ၏အမြင်တွင် ဤလူနှင့် ဆုံရခြင်းက မည်သည့်အခါမျှ ကောင်းကျိုးမပေးနိုင်သောကြောင့်ပင်။

"သူဌေး... ကျွန်မကို ကွေ့ဟွားမုန့်၊ သစ်ကြားသီးမုန့်နဲ့ ကောက်ညှင်းလိပ် ပေးပါ။ ဝမ်ရှူက ကြာပန်းမုန့် ကြိုက်တာဆိုတော့ ကြာပန်းမုန့်လည်း နည်းနည်းလောက် ယူမယ်"

ထိုအချိန်တွင် ရှောင်းယန်ချီက အချိန်ကိုက် ရောက်ရှိလာခဲ့ပြီး စူးယောင်ကွမ်း၏ စကားများကို ကြားလိုက်ရသောကြောင့် သူ့မျက်ဝန်းများထဲတွင် မကျေမနပ်ဖြစ်မှုများ ပေါ်ပေါက်လာခဲ့သည်။

"မင်းက မင်းရဲ့ ကြေးပြားဆယ်ပြားတန် ယောက်ျားကို တကယ်ကို အလိုလိုက်တာပဲ"

ရှောင်းယန်ချီက ခပ်ထေ့ထေ့ လေသံဖြင့် ပြောလိုက်သည်။

စူးယောင်ကွမ်းက သူ့ကို အရူးတစ်ယောက်ကို ကြည့်နေသလို ကြည့်ကာ ပြန်ပြောလိုက်သည်။

"ရှင်နဲ့ ဘာဆိုင်လို့လဲ"

"မင်း... မင်းက တကယ်ကို ရိုင်းစိုင်းတာပဲ"

ရှောင်းယန်ချီက ဒေါသတကြီးဖြင့် ပြန်ချေပလိုက်သည်။

"ဒါကတော့ မတတ်နိုင်ဘူးလေ။ ညစ်ပတ်တဲ့ အရာတစ်ခုခုကို မြင်လိုက်ရရင် ဘယ်သူမဆို ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းထားနိုင်ဖို့ ခဲယဉ်းတာပဲ"

စူးယောင်ကွမ်းက ဆက်လှောင်ပြောင်နေသေးသည်။

"တချို့လူတွေက တကယ့်ကို ရူးနေတာပဲ။ ဒီလောက် ကျယ်တဲ့ လမ်းမကြီးကို အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် မသွားဘဲ အပြောအဆို ခံရဖို့ကို တမင်တကာ လာရှာနေကြတယ်"

ရှောင်းယန်ချီက သူ့လက်ထဲမှ အိတ်ငယ်လေးကို ဝှေ့ယမ်းပြလိုက်ရင်း မောက်မာစွာ ပြန်ပြောလိုက်သည်။

"ငါသာ ဒီအမှိုက်စုတ်ကို မကောက်မိရင် မင်းနဲ့ စကားတောင် ပြောနေမှာ မဟုတ်ဘူး"

သူ့၏မှတ်ဉာဏ်ထဲတွင်တော့ သူမက သူ့ကို မည်သည့်အခါမျှ ဤကဲ့သို့သော လေသံမျိုးဖြင့် စကားမပြောခဲ့ဖူးချေ။ ထိုစဉ်က သူက သူမ၏ ခင်ပွန်းဖြစ်ခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် သူ့အတွက် လေးစားမြတ်နိုးမှုနှင့် သံယောဇဉ်များသာ ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့်ပင် သူမက သူမ၏မိခင် ကျန်းကျောက်တိနှင့်မတူဘဲ နူးညံ့သိမ်မွေ့သူတစ်ဦးဟု သူ ယုံကြည်ခဲ့မိခြင်း ဖြစ်သည်။ သို့သော် ယခုဘဝတွင် သူမက အခြားသူတစ်ဦးကို ဝယ်ယူခဲ့ပြီး သူတို့ လင်မယား မဟုတ်ကြတော့သည့်အခါတွင်တော့ သူ့အပေါ် ထားရှိသည့် သူမ၏ သဘောထားက ဤကဲ့သို့ ဖြစ်နေခဲ့ချေပြီ။

'ဒါက သူမရဲ့ ရုပ်မှန်ပဲလား... ငါ အရင်ဘဝတုန်းက သူမရဲ့ လှည့်စားမှုကို ခံခဲ့ရတာပဲ'

'ကံကောင်းလို့ပဲ... ဒီဘဝမှာ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်သွားခဲ့လို့ သူမရဲ့လက်ထဲကို မကျရောက်ခဲ့တာ။ မဟုတ်ရင် ဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ မိန်းမတစ်ယောက်နဲ့ နောက်ထပ် ဆယ်နှစ်လောက် အတူတူ ဖြတ်သန်းရမှာက သေတာထက်တောင် ပိုဆိုးရွားစေလိမ့်မယ်'

'ဒါပေမဲ့ ဒီဘဝမှာ သူမက ဘာလို့ ငါ့ကို မဝယ်ခဲ့တာလဲ။ တစ်ခုခုကို ကြိုတင်သိနေလို့လား'

'ငါ့မှာ အတိတ်ဘဝက မှတ်ဉာဏ်တွေ ရှိနေသလိုမျိုး... သူမမှာလည်း အတိတ်ဘဝက မှတ်ဉာဏ်တွေ ရှိနေလို့ ဒီဘဝမှာ အခြားသူတစ်ယောက်ကို ရွေးချယ်ခဲ့တာများလား'

စူးယောင်ကွမ်းက သူ့လက်ထဲမှ အိတ်ငယ်လေးကို ဆွဲလုယူလိုက်ပြီး ရွှံ့နွံထဲသို့ ပစ်ချကာ သူမ၏ ခြေထောက်ဖြင့် အကြိမ်ကြိမ် နင်းခြေပစ်လိုက်သည်။

"ဒါက ညစ်ပတ်သွားမှတော့ ငါ သေချာပေါက် လွှင့်ပစ်လိုက်တာပေါ့။ ဒါက စာသင်သားရှောင်း လမ်းအရှည်ကြီး ပတ်ပြီး လိုက်လာရလောက်အောင်အထိ တန်ဖိုးရှိလို့လား"

"ငါက ယဉ်ယဉ်ကျေးကျေး ပြောနေတာပါ၊ တချို့လူတွေလို ကိုယ့်အဆင့်ကိုယ်မသိဘဲ အကောင်းနဲ့အဆိုး မခွဲခြားတတ်တာမျိုး မဟုတ်ဘူး"

"ယောင်ကွမ်း..."

ကျိုးဝမ်ရှူက အိတ်တစ်လုံးကို သယ်လာရင်း လျှောက်လှမ်းလာနေသည်။

"ဘာတွေ သယ်လာတာလဲ"

စူးယောင်ကွမ်းက သူ့ကို လှမ်းကြိုလိုက်၏။

"အိမ်မှာ ကူးရေးဖို့ စာအုပ်တချို့ ငှားလာတာလေ၊ အားတဲ့အချိန် အပိုဝင်ငွေရအောင်လို့"

ကျိုးဝမ်ရှူက ပြန်ဖြေလိုက်သည်။

"ဒါနဲ့ သူ့ကို ဘာတွေ ပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး၊ ပြဿနာလာရှာနေတဲ့သူတစ်ယောက်ကို အလိုက်သင့်လေး ပြန်ဧည့်ခံပေးလိုက်တာ"

စူးယောင်ကွမ်းက သူ့လက်ထဲမှ အိတ်ကို လှမ်းယူလိုက်ရင်း ထပ်ပြောလိုက်သည်။

"ဒီအိတ်က လေးတယ်၊ နင်က ပေါ့ပေါ့ပါးပါး မုန့်ထုပ်တွေကိုပဲ သယ်ခဲ့"

ကျိုးဝမ်ရှူက အိတ်ကို ချက်ချင်း ပြန်လုယူလိုက်သည်။

"ကျွန်တော်က ယောက်ျားတစ်ယောက်ပဲ၊ လေးတဲ့အရာတွေကို သေချာပေါက် ကျွန်တော်ပဲ သယ်ရမှာပေါ့။ ခင်ဗျားက မိန်းကလေးတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ အရာရာကို ကိုယ်တိုင်သယ်ချင်နေရတာလဲ"

"မိန်းကလေး... မုန့်တွေ ထုပ်ပြီးပါပြီ"

ဆိုင်ရှင်က ထုပ်ပိုးထားသော မုန့်များကို စူးယောင်ကွမ်းထံ လှမ်းပေးလိုက်သည်။

စူးယောင်ကွမ်းက မုန့်များကို လှမ်းယူလိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးပါပဲ ဦးလေး၊ ဒါက ကျသင့်ငွေပါ၊ သေချာ စစ်ဆေးပေးပါဦးရှင့်၊ အဆင်ပြေရင်တော့ ကျွန်မတို့ သွားလိုက်ပါဦးမယ်"

ကျိုးဝမ်ရှူက ရှောင်းယန်ချီ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သူ့အား သံသယ မျက်လုံးများဖြင့် အကဲခတ် စိုက်ကြည့်နေသည်ကို သတိထားမိသွားခဲ့သည်။

'ဒီလူက ယောင်ကွမ်းအနားကို ဘာလို့ ချဉ်းကပ်လာရတာလဲ...'

'အော်... ဟုတ်သားပဲ၊ စောစောက ငါ ကျန်းရိဟွမ်းကို တွေ့ခဲ့သလိုလို ရှိတယ်'

"ယောင်ကွမ်း... ကျွန်တော့်မျက်လုံးထဲကို တစ်ခုခု ဝင်သွားတယ် ထင်တယ်၊ နည်းနည်း နေရခက်လို့"

စူးယောင်ကွမ်းက သူမ၏လက်ထဲမှ မုန့်ထုတ်များကို ဘေးနားရှိ ဆိုင်ခုံပေါ်သို့ အမြန်တင်လိုက်ပြီး ခြေဖျားထောက်ကာ သူ့မျက်ခွံကို ညင်ညင်သာသာ ဆွဲဖွင့်ရင်း ဂရုတစိုက် ကြည့်ပေးနေသည်။

"နေဦး... ငါ မှုတ်ပေးမယ်"

ရှောင်းယန်ချီတစ်ယောက် သူတို့နှစ်ဦး ရင်းရင်းနှီးနှီး ရှိနေကြသည်ကို စောင့်ကြည့်နေရင်း သူ့ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသများ အလိပ်လိုက် ဖြစ်ပေါ်လာကာ ခေါင်းထဲအထိ တိုးဝင်လာသလို ခံစားနေရသည်။

သို့တိုင်အောင် သူကိုယ်တိုင်လည်း ဘာကြောင့် ထိုသို့ဖြစ်လာမှန်း မသိနိုင်ခဲ့ချေ။

ဤမြင်ကွင်းကို မြင်လိုက်ရရုံမျှဖြင့် သူ အလွန်အမင်း ဒေါသထွက်လာရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရိဟွမ်းနှင့် လူငယ်တစ်ဦးက မြင်းစျေးထဲမှ ထွက်လာခဲ့ကြသည်။ ထိုလူက ကျန်းရိဟွမ်း၏ ဆံပင်များကို လက်ဖြင့် ဖွဖွလေး ထိတွေ့လိုက်သော်လည်း သူမက ငြင်းပယ်သည့်အလား ထိုလူ၏လက်ကို တွန်းထုတ်နေသည်။

ထို့နောက် ထိုလူက သူမကို ဖက်ရန် ကြိုးစားလာပြန်လာသောကြောင့် သူမ ရှောင်တိမ်းနေရပြန်သည်။

"မင်း ဘာလုပ်နေတာလဲ"

ရှောင်းယန်ချီက ထိုနေရာသို့ ဒေါသတကြီး ပြေးဝင်သွားပြီး သူ့လက်ထဲမှ ထီးကို မြှောက်ကာ ထိုလူ၏ မျက်နှာတည့်တည့်ဆီသို့ လွှဲရိုက်ပစ်လိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီးမှာ မိန်းကလေးတစ်ယောက်ကို ဘယ်လိုတောင် မဖွယ်မရာ လုပ်ရဲရတာလဲ"

All Chapters