← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း ၁၀၅ အလျင်မလိုနဲ့

ရှောင်းယန်ချီက သူ့ရှေ့တွင် ရှိနေသော ယန်ချွမ်ကို အကဲခတ်နေခဲ့သည်။

‘ပုပြတ်ပြတ်၊ ရုပ်ဆိုးဆိုးနဲ့ ကြောက်တတ်လွန်းတဲ့ ဒီလိုလူမျိုးက အရင်ကဆိုရင် ငါ့ဆီမှာ အစေခံလုပ်ဖို့တောင် အရည်အချင်းမမီဘူး’

‘ကျန်းရိဟွမ်းက သူ့လိုလူမျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ စားစရာသွားလုပ်ပေးမယ်တဲ့လား။ သူမက တကယ့်ကို သဘောကောင်းလွန်းတယ်။ ဒီလို နိမ့်ကျတဲ့ လူတစ်ယောက်ကတော့ သူမဆီက ဂရုစိုက်မှုကို ရရှိနိုင်တယ်’

ရှောင်းယန်ချီက ကျန်းရိဟွမ်းအနေဖြင့် ယန်ချွမ်အပေါ် ကြင်နာပြနေခြင်းကို မတားမြစ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ယန်ချွမ်၏ လက်ရာက သူတို့ဆိုင်၏ အသက်သွေးကြောဖြစ်ပြီး ထိုလူက ကျုံးလန်ဟွာနှင့် သူမ၏သမီးအပေါ် လုံးဝ သစ္စာရှိရှိ အလုပ်အကျွေးပြုနေခြင်းက အကောင်းဆုံး ဖြစ်သည်ဟု သူ ယူဆနေခဲ့သည်။

"ဒါဆို ကိုယ်လည်း စာဖတ်ဖို့ အခန်းထဲကို ပြန်တော့မယ်။ ဟွမ်းအာလည်း စောစောနားတော့နော်"

ရှောင်းယန်ချီက ကျန်းရိဟွမ်း၏ ဆံပင်များကို ကြင်နာယုယစွာ ပွတ်သပ်ပေးနေပြီး ကျန်းရိဟွမ်းကလည်း အလိုက်သင့်လေး ခေါင်းညိတ်ပြကာ ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မ သိပါပြီ၊ အစ်ကိုရှောင်း"

ရှောင်းယန်ချီက ယန်ချွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့၏ ပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာ ပြသလိုက်သည်။ ယန်ချွမ်က ရုပ်ဆိုးလွန်းလှသောကြောင့် ကျန်းရိဟွမ်းက သူ့ကို စိတ်ဝင်စားမည် မဟုတ်ချေ။ သို့သော်လည်း ကျန်းရိဟွမ်းက လူတိုင်းအပေါ် နူးညံ့လွန်းပြီး ကြင်နာတတ်သူ ဖြစ်သည်။ အရှက်မရှိသော သူများက သူတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို မသိဘဲ သူမအား လိုချင်တပ်မက်ကာ စိတ်ကူးယဉ်နေမည်ကို သူ မလိုလားပေ။

ထောင်ယောင်ဖန့်၏ နောက်ဖေးခြံဝင်းအတွင်း၌ ကျိုးဝမ်ရှူက ကြေးမှန်တစ်ချပ်ရှေ့တွင် ရပ်နေပြီး သူ့ဝတ်ရုံကို ကျယ်ကျယ်ဟထားရာ မျိုးစုံသော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည့် သူ၏ ခန္ဓာကိုယ် ပေါ်ထွက်နေခဲ့သည်။

ထိုဒဏ်ရာများကို မြင်ရသည့် အကြိမ်တိုင်းတွင် သူ၏ ရင်ထဲ၌ သတ်ဖြတ်လိုစိတ်များ တလိပ်လိပ် တက်မတ်လာရစမြဲ ဖြစ်သည်။

"ဝမ်ရှူ... နင် အိပ်နေပြီလား"

ထိုအခိုက်အတန့်တွင် တံခါးဝဆီမှ စူးယောင်ကွမ်း၏ ခေါ်သံ ထွက်ပေါ်လာခဲ့သည်။

ကျိုးဝမ်ရှူက သူ၏ ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြန်ပြင်ဝတ်လိုက်ပြီး တံခါး ဖွင့်ပေးလိုက်သည်။ ထို့နောက် မှောင်မိုက်သော ညဉ့်သန်းခေါင်၌ လင်းလက်နေသည့် ကြယ်တာရာများကဲ့သို့ ကြည်လင်သော မျက်ဝန်းများဖြင့် သူမကို တည်ငြိမ်စွာ စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"မအိပ်သေးပါဘူး။ တစ်ခုခု ရှိလို့လား"

သူ့လေသံက နူးညံ့နေဆဲဖြစ်ပြီး အလွန်အမင်း လိမ္မာယဉ်ကျေးပုံရနေသော်လည်း စူးယောင်ကွမ်းကတော့ တစ်ခုခု မှားယွင်းနေသည်ကို မသိစိတ်မှ အလိုအလျောက် ခံစားလိုက်ရသည်။

အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုက လေထုထဲတွင် ပျံ့လွင့်နေသကဲ့သို့ ဖြစ်နေလေသည်။

သူမက သူမရှေ့မှ လူငယ်လေးကို အကဲခတ်ကြည့်ရင်း သူမ၏ အတွေးများအတွက် စိတ်ထဲမှ ရယ်မောလိုက်မိသည်။

'ငါကလည်း အတွေးတွေ များနေလိုက်တာ... ဒီလောက် လိမ္မာတဲ့ကလေး၊ အမြီးတုတ်တုတ်နဲ့ နာခံတတ်တဲ့ ခွေးပေါက်လေးလို ကောင်လေးက... ဘယ်မှာ အန္တရာယ်ရှိမှာလဲ'

"ငါ မုန့်တွေ လုပ်လာခဲ့တယ်။ နင် စာဖတ်ရတာ ပင်ပန်းနေရောပေါ့... စားလိုက်ဦးနော်"

စူးယောင်ကွမ်းက မုန့်များကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ညဉ့်နက်နေပြီလေ... ခင်ဗျားလည်း စောစောနားသင့်ပြီ"

ကျိုးဝမ်ရှူက သူ့လက်ထဲမှ မုန့်များကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲမှ အမှောင်ထုများက ပျောက်ကွယ်သွားကာ မူလအတိုင်း ပြန်လည်ကြည်လင်သွားခဲ့သည်။

သူက သူ့ရှေ့မှ အပြစ်ကင်းစင်သော မိန်းကလေးကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

"ငါ ခဏနေရင် အိပ်တော့မှာပါ။ ဪ... ဒါနဲ့ မနက်ဖြန်မနက်ကျရင် ငါ နင့်အတွက် မုန့်ပေါင်း လုပ်ပေးမယ်နော်။ အလောတကြီး မသွားနဲ့ဦး။ စာသင်ကျောင်းက နင့်ရဲ့ အတန်းဖော်တွေကို ကျွေးဖို့လည်း ယူသွားဦး"

"ကောင်းပါပြီ"

မုန့်များကို ပေးပြီးနောက် စူးယောင်ကွမ်းက ကျိုးဝမ်ရှူတစ်ယောက် အဝတ်အစား တစ်ထပ်တည်း ဝတ်ဆင်ထားသည်ကို သတိပြုမိသွားပြီး မအိပ်ခင် အဝတ်အစား ထူထူဝတ်ထားရန် မှာကြားပြီးမှ ဘေးအခန်းသို့ ပြန်လာခဲ့သည်။

သူမ၏ အခန်းထဲသို့ ပြန်ရောက်လာချိန်တွင် ကျန်းကျင့်က တစ်ခုခုကို အသည်းအသန် ရေးမှတ်နေသည်အား မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက သူမ၏အနားသို့ တိုးသွားကာ လှမ်းမေးလိုက်သည်။

"နင် ဘာတွေ ရေးနေတာလဲ"

"ကျွန်မတို့ရဲ့ မျက်နှာလိမ်းအလှဆီ ဖော်စပ်နည်းကို ပိုအာနိသင်ကောင်းလာအောင် ထပ်မွမ်းမံမလို့ပါ"

ကျန်းကျင့်က ပြန်ပြောလိုက်သည်။

"ဒါမှလည်း ဝယ်သူတွေက ကျွန်မတို့ရဲ့ ပစ္စည်းက အကောင်းဆုံးဆိုတာ သိလာကြမှာလေ။ ဟိုဘက်က ဈေးပေါတဲ့ ပစ္စည်းတွေကတော့ ဒီလောက် ကောင်းမွန်တဲ့ ရလဒ်မျိုး ဘယ်လိုမှ ထွက်လာနိုင်မှာ မဟုတ်ဘူး"

"အဲလောက်အထိ စိတ်ပူနေဖို့ မလိုပါဘူးဟယ်။ နင့်ရဲ့ စမ်းသပ်မှုတွေကိုပဲ အေးအေးဆေးဆေး လုပ်ပါ။ ငါတို့က ကိုယ့်အရည်အချင်းနဲ့ကိုယ် လုပ်ကိုင်စားသောက်နေကြတာပဲ။ တကယ်လို့ သူတို့လက်ထဲမှာ ကျရှုံးသွားခဲ့ရင်တောင် ငါတို့ဘက်က အရည်အချင်း မပြည့်မီလို့ပဲလို့ ပြောရမှာပေါ့။ ဒါပေမဲ့ ငါတို့တွေ သူတို့ရဲ့ အင်အားကို သိထားတာပဲ။ သူတို့အနေနဲ့ ငါတို့ကို လုံးဝ အနိုင်ပိုင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခု ရက်ပိုင်းလေးကိုတော့ အနားယူခွင့်ရတဲ့ ရက်တွေလို့ပဲ သဘောထားလိုက်ပါ"

ကျန်းကျင့်က စိတ်မကျေနပ်သေးသော်လည်း သူမ၏ စမ်းသပ်မှုူများကိုသာ ဆက်လုပ်နေလေသည်။

"ကျင့်အာ..."

စူးယောင်ကွမ်းက လှဲလျောင်းလိုက်ခါစ ရှိသေးသော်လည်း ကျန်းကျင့်၏ မျက်နှာကို မြင်သွားပြီး ရုတ်တရက် ထထိုင်လိုက်ကာ အံ့ဩတကြီး အော်ဟစ်လိုက်သည်။

"နင့်မျက်နှာပေါ်က အမည်းစက်တွေ တော်တော်လေး မှေးမှိန်သွားပြီပဲ"

ကျန်းကျင့်က သူမ၏ ပါးပြင်ကို ပြန်စမ်းကြည့်ရင်း ဘေးနားရှိ မှန်ကို ကောက်ကိုင်ကာ သူမ၏မျက်နှာကို ပြန်ကြည့်နေသည်။

"တကယ် ဟုတ်နေတာပဲ။ ကျွန်မ မကြာသေးခင်က ကိုယ့်ဘာသာ ဖော်စပ်ထားတဲ့ ဆေးက အလုပ်ဖြစ်တယ် ထင်တယ်"

"နင် နင့်ခန္ဓာကိုယ်ပေါ်မှာ ဆေးတွေ ထပ်စမ်းပြန်ပြီပေါ့"

စူးယောင်ကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ နင့်ကို အရင်ကတည်းက မှာထားတယ်မလား။ ဆေးညွှန်းကို သေသေချာချာ အတည်မပြုနိုင်သေးဘဲနဲ့ ဆေးတွေကို လျှောက်မသောက်ပါလို့ ငါ ပြောထားတယ်လေ"

"သိပါတယ် အစ်မရဲ့။ ကျွန်မက အဲ့ဒီဆေးတွေကို ဘာအတွက် သုံးတာလဲ၊ သောက်ရင် ဘာတုံ့ပြန်မှုတွေ ရှိလာမလဲဆိုတာ ကောင်းကောင်း သိပါတယ်။ သောက်ခါနီးမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ မျိုးစုံ လုပ်ထားပါသေးတယ်။ ကြည့်စမ်းပါဦး... အခု ကျွန်မ မျက်နှာပေါ်က အမည်းစက်တွေ ဒီလောက်တောင် မှေးမှိန်သွားပြီ၊ မကြာသေးခင်က ကျွန်မ သောက်နေတဲ့ ဆေးက အလုပ်ဖြစ်တာ ထင်ရှားနေတာပဲ။ ဘယ်ဆေးဘက်ဝင်ပစ္စည်းက ကောင်းကောင်း အာနိသင်ပြနေလဲဆိုတာကိုတော့ သေသေချာချာ ထပ်လေ့လာပြီး နောက်ထပ် ဆေးအနည်းငယ်လောက် ထပ်သောက်ကြည့်ရမယ်"

စူးယောင်ကွမ်းက ပြုံးလိုက်ပြီး ဘေးနားရှိ ပုံပြင်စာအုပ်ကို ကောက်ကိုင်ကာ ဟိုလှန်ဒီလှန် လုပ်နေလိုက်သည်။

ကျန်းကျင့်ကလည်း စာဖတ်ခြင်းထဲတွင် အာရုံနစ်ဝင်နေပြီး စောစောစီးစီး အိပ်ရာမဝင်ချင်သေးပေ။

‘ကောင်းသားပဲ... ငါ ဒီလောက် စိတ်အေးလက်အေး မရှိခဲ့ရတာ ကြာပြီဆိုတော့ ဒီနေ့ ဒီပုံပြင်စာအုပ်ရဲ့ ကျန်နေတဲ့ အပိုင်းတစ်ဝက်ကို အပြတ်ဖတ်ပစ်မယ်’

'အတိတ်ဘဝတုန်းကဆိုရင် ငါ့မှာ ဒီလို အားလပ်ရက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး'

‘ဒီလို နေ့ရက်တွေကမှ လူတစ်ယောက် ဖြတ်သန်းသင့်တဲ့ ဘဝပဲ’

.....။.....။.....

ညဉ့်သန်းခေါင်ယံအချိန်တွင် စူးရှသော မိုးခြိမ်းသံကြောင့် စူးယောင်ကွမ်း လန့်နိုးလာခဲ့သည်။

မိုးခြိမ်းသံအပြီးတွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ပြတင်းပေါက်များကို ဝုန်းဒိုင်းကြဲအောင် ဆွဲခါနေခဲ့သည်။ ထို့နောက်တွင်တော့ တစ်ခုခုက နောက်မှ အမီလိုက်နေသည့်အလား သည်းထန်စွာ ရွာသွန်းလာသော မိုးစက်မိုးပေါက်များက ပြင်းထန်စွာ ကျဆင်းလာတော့သည်။

သူမ ထိုင်လိုက်ပြီး ပြတင်းပေါက်များကို ပိတ်လိုက်သော်လည်း ထိုအချိန်တွင် ဘေးအခန်းဆီမှ ချောင်းဆိုးသံများကို ကြားလိုက်ရသည်။

သူမ ဘေးအခန်းသို့ သွားကာ တံခါးကို အသာအယာ ခေါက်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ သူမ ဘေးနားရှိ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သော်လည်း ကုတင်ပေါ်တွင် ကျိုးဝမ်ရှူကို မတွေ့ရချေ။

ချောင်းဆိုးသံက အတွင်းထဲမှ ထွက်ပေါ်နေခြင်းဖြစ်ရာ အခန်းထဲတွင် လူရှိနေသည်မှာ သေချာနေသည်။ သို့သော် သူက ကုတင်ပေါ်တွင် မရှိဘဲ မည်သည့်နေရာသို့ ရောက်နေမှန်း မသိနိုင်တော့ချေ။

စူးယောင်ကွမ်းက တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

"ဝမ်ရှူ..."

နောက်ဆုံးတွင် ဗီရို၏ ထောင့်စွန်းလေး၌ ‌ ကွေးနေသည့် ကျိုးဝမ်ရှူကို စူးယောင်ကွမ်း ရှာတွေ့သွားခဲ့သည်။

ဗီရို၏ ထောင့်စွန်းနှင့် ကုတင်ထောင့်စွန်းကြားတွင် အလွန်ကျဥ်းမြောင်းသော နေရာလွတ်လေးတစ်ခု ရှိနေပြီး ထိုနေရာလေးက သူ ကွေးကွေးလေး ပုန်းနေရန် ကွက်တိ ဖြစ်နေခဲ့သည်။

"ဝမ်ရှူ..."

စူးယောင်ကွမ်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကို ညင်သာစွာ ခေါ်လိုက်သည်။

သူမက ကျိုးဝမ်ရှူတစ်ယောက် တစ်ခုခုမှားယွင်းနေသည်ကို ရိပ်မိသွားခဲ့ပြီး သူ့လက်မောင်းကို အသာအယာ တွန်းကြည့်လိုက်ရင်း ထပ်ခေါ်လိုက်သည်။

"ဝမ်... အား..."

ကျိုးဝမ်ရှူက သူမ၏လက်မောင်းကို ဆွဲကိုင်ကာ လက်ဖမိုးကို ခပ်ပြင်းပြင်း ကိုက်ချလိုက်လေသည်။

"ဝမ်ရှူ... အား... နာတယ်... လွှတ်ပါဦး"

စူးယောင်ကွမ်းတစ်ယောက် နာကျင်လွန်းသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားရသည်။

ဂျိန်း!

မိုးခြိမ်းသံကြီးက ဝုန်းဒိုင်းကြဲလျက် ထစ်ချုန်းကျရောက်လာပြန်သည်။

လျှပ်စီးလက်သွားသည့် ခဏတွင် စူးယောင်ကွမ်းအနေဖြင့် ကျိုးဝမ်ရှူ၏ လက်ရှိအခြေအနေကို အသေအချာ မြင်လိုက်ရသည်။

သူ၏ မျက်ဝန်းအိမ်များက သွေးရောင်လွှမ်းနေပြီး အသိစိတ် လွတ်နေသည့်အလား ဖြစ်နေခဲ့သည်။

စူးယောင်ကွမ်းက သူ့ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း ချော့မော့နှစ်သိမ့်ပေးလိုက်သည်။

"ဝမ်ရှူ... မကြောက်နဲ့နော်၊ မမ မင်းနဲ့ အတူရှိနေတယ်လေ"

အစပိုင်းတွင် ကျိုးဝမ်ရှူ၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လျော့ကျသွားပြီး တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့သည်။

ထို့နောက် သူက စူးယောင်ကွမ်း၏ လက်ကို လွှတ်ပေးလိုက်သည်။

"ကုတင်ပေါ် သွားပြီး အနားယူရအောင်နော်"

စူးယောင်ကွမ်းက သူ့ကို တွဲထူလိုက်သည်။

ကျိုးဝမ်ရှူက ကြိုးဆွဲရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေကာ အသက်ဝိညာဉ် ကင်းမဲ့နေဟန်ဖြင့် လိုက်ပါလာခဲ့သည်။

စူးယောင်ကွမ်းက လှဲအိပ်လိုက်ရန် ပြောသည့်အခါတွင်လည်း သူက အလိုက်သင့်လေး လှဲအိပ်လိုက်သည်။

သို့သော် သူ၏ မျက်လုံးများကတော့ ပွင့်နေဆဲပင်။

ဂျိန်း!

မိုးခြိမ်းသံ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာသည့်အခါ သူက တုန်တုန်ယင်ယင်ဖြင့် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

သူက သူမ၏ ခါးကို တင်းကျပ်စွာ ဖက်ထားရင်း တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ တိုးညှင်းသော ညည်းသံလေးများ ပြုလုပ်နေသည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ... မမ ဒီမှာ ရှိတယ်၊ မကြောက်နဲ့နော်"

စူးယောင်ကွမ်းက သူ့ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

"အိပ်တော့နော်... မမ ဒီမှာပဲ အတူ စောင့်ပေးမယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူတစ်ယောက် မိုးခြိမ်းသံကို အလွန်အမင်း ကြောက်လန့်နေသဖြင့် ဤကဲ့သို့ တုံ့ပြန်နေခြင်းဖြစ်ကြောင်း ရိပ်မိနေခဲ့သည်။

'သူ အရင်က ဘာတွေ ကြုံတွေ့ခဲ့ရလို့ ဒီလောက်တောင် ကြောက်နေရတာလဲ'

မိုးသက်မုန်တိုင်းက မိုးလင်းသည်အထိ ကြာမြင့်ခဲ့ပြီး မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့သည်။ မိုးလင်းပြီးနောက်တွင်တော့ မိုးခြိမ်းသံများ စဲသွားပြီး မိုးလည်း တော်တော်လေး စဲသွားခဲ့သည်။ သို့သော်လည်း လုံးဝ ရပ်တန့်သွားခြင်းတော့ မရှိသေးပေ။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ကုတင်ဘေးတွင် တစ်ညလုံး ထိုင်နေပေးခဲ့သည်။

ကျိုးဝမ်ရှူ နိုးလာချိန်တွင် သူ စူးယောင်ကွမ်း၏ ပေါင်ပေါ်၌ မှီအိပ်နေပြီး သူမ၏ လက်တစ်ဖက်က သူ့ခေါင်းပေါ်၌ ရှိနေသည်ကို မြင်လိုက်ရသည်။

သူ မျက်နှာချင်းဆိုင်ရှိ မှန်ချပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မှန်ထဲမှ ပုံရိပ်က အလွန်ပင် နွေးထွေးပြီး စိတ်အေးချမ်းစရာ ကောင်းနေခဲ့သည်။

‘မနေ့ညက သူ အတက်ရောဂါ ထဖောက်ခဲ့ပြန်တာလား’

သူက အသာအယာ ထထိုင်လိုက်ရာ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် စူးယောင်ကွမ်းက သူ၏ ဆံပင်များကို ယုယစွာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"မကြောက်နဲ့နော်... မမ ဒီမှာ ရှိတယ်"

ထိုအသံက ကျိုးဝမ်ရှူ၏ ရင်ထဲမှ ခံစားချက်များကို ရှုပ်ထွေးသွားစေခဲ့သည်။

'ဒီမိန်းကလေးက အရမ်းတုံးအလွန်းတာလား...'

'သူမက ဘယ်လို စိမ်းသက်တဲ့လူမျိုးကိုမဆို နည်းနည်းလေး သနားစရာကောင်းရုံနဲ့တင် စိတ်နှလုံး အကြွင်းမဲ့ ဖွင့်ဟပေးတတ်တာလား...'

အခန်း ၁၀၆ စိတ်အနှောက်အယှက်

ယနေ့တွင် မိုးများ တဖွဲဖွဲနှင့် အဆက်မပြတ် ရွာသွန်းနေသဖြင့် ထောင်ယောင်ဖန့်သာမက မျက်နှာချင်းဆိုင်ရှိ ဖုန်းဟွာကော့ပါ ဝယ်သူတစ်ယောက်မှ မရှိဘဲ ခြောက်ကပ်နေလေသည်။

ကျန်းကျောက်တိက လမ်းတစ်ဘက်ရှိ ဆိုင်ကို လှမ်းကြည့်ကာ “ထွီ”ခနဲ တံတွေးထွေးရင်း ဆဲဆိုလိုက်သည်။

"အဆုံးမရှိအောင် တွယ်ကပ်တတ်တဲ့ တစ္ဆေတွေ..."

စူးယောင်ကွမ်းက သူမ၏ သေတ္တာကို ကောက်ကိုင်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသော ကျန်းကျောက်တိက လှမ်းမေးလိုက်၏။

"မိုးရွာထဲမှာ ဘယ်ကို သွားမလို့လဲ"

"သမီးတို့ဆိုင်မှာ ဖောက်သည်ကြီးတွေ အများကြီး ရှိတယ်လေ။ ဆိုင်ဖွင့်တုန်းက သူတို့က ပစ္စည်းတွေ အများကြီး ဝယ်ထားကြတာဆိုတော့ သမီးတို့ရဲ့ အရေးအပါဆုံး ဝယ်သူတွေပေါ့။ အခု ပစ္စည်းအသစ်တွေ ရလာပြီဆိုတော့ သူတို့ စမ်းသုံးကြည့်လို့ရအောင် လိုက်ပို့ပေးမလို့ပါ"

စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။

"ဒီနေ့က မိုးရွာနေတော့ သခင်မတွေနဲ့ သခင်မလေးတွေက အပြင်မထွက်ချင်ကြဘူးလေ။ သူတို့ အပြင်မထွက်ရင် သမီးတို့ဘက်က အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးရုံပေါ့"

"မင်းရဲ့ အကြံက ကောင်းသားပဲ"

ဝမ်ဟွမ်ကျစ်က ဝင်ပြောလိုက်သည်။

"ဒီလို မိုးရွာတဲ့ရက်မျိုးမှာ ဘယ်သူမှ အပြင်မထွက်ချင်ကြသလို အိမ်မှာ နေရတာလည်း ပျင်းစရာကောင်းတာ။ တကယ်လို့ တစ်ယောက်ယောက်က အိမ်အထိ လာပြီး အလှအပနဲ့ အရေပြားထိန်းသိမ်းမှုတွေ လုပ်ပေးမယ်ဆိုရင် သူတို့ ဘယ်ငြင်းကြမလဲ။ ချမ်းသာတဲ့ မိသားစုက သခင်မတွေနဲ့ သမီးပျိုလေးတွေက ပိုက်ဆံမရှားဘူး... သူတို့ လိုချင်တာက သူတို့ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ပျော်ရွှင်စေဖို့ပဲ"

စူးယောင်ကွမ်းက ခေါင်းလေး အနည်းငယ် စောင်းကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"သမီး ပြောသားပဲ... သမီးတို့ပစ္စည်းတွေက အကောင်းစားတွေဆိုတော့ ဟိုဘက်က လူတွေနဲ့ ဈေးပြိုင်ရောင်းနေစရာ မလိုဘူး။ သမီး သွားပြီနော်။ မွန်းတည့်လို့မှ ပြန်မရောက်ရင် နေ့လယ်စာအတွက် သမီးကို စောင့်မနေကြနဲ့တော့။ အပြင်မှာပဲ အဆင်ပြေတာတစ်ခုခု စားလိုက်တော့မယ်"

စူးယောင်ကွမ်းက စာရင်းအတိုင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ ဝန်ဆောင်မှု ပေးခဲ့သည်။ အိမ်တွင် လူမရှိသည့် မိသားစု နှစ်စုမှ လွဲ၍ ကျန်ရှိသော မိသားစုများက သူမ၏ ဝန်ဆောင်မှုကို လက်ခံခဲ့ကြသည့်အပြင် နောက်တစ်ကြိမ်အတွက်ပါ ကြိုတင် ချိန်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

သူမ အလုပ်အားလုံး ပြီးလုနီးပါးဖြစ်သွားချိန်တွင် ကျောင်းဆင်းချိန်နှင့် နီးကပ်နေပြီဖြစ်သည့်အပြင် ကျောင်းရှေ့မှလည်း ဖြတ်သွားရမည် ဖြစ်သောကြောင့် ကျောင်းအဝင်ဝတွင် ကျိုးဝမ်ရှူကို စောင့်ဆိုင်းနေလိုက်သည်။

"သူ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ"

စူးယောင်ကွမ်းက ကျောင်းသားများ တဖွဲဖွဲ ထွက်လာကြသည်ကို မြင်နေရပြီး ကျောင်းအဝင်ဝဆီသို့ လှမ်းမျှော်ကြည့်နေခဲ့သည်။

ရှောင်းယန်ချီက စူးယောင်ကွမ်းကို မြင်သွားပြီး သူ့မျက်ဝန်းများ မှေးမှိန်သွားကာ သူမ၏ ဘေးမှ တမင်တကာ ဖြတ်လျှောက်လာခဲ့သည်။ သူက သူမကို အခုမှ မြင်လိုက်ရသည့်အလား ဟန်ဆောင်ကာ ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်ပြီး အေးအေးဆေးဆေး လှမ်းပြောလိုက်သည်။

"စောင့်မနေနဲ့တော့... ကျိုးဝမ်ရှူ ထွက်သွားတာ ကြာလှပြီ"

စူးယောင်ကွမ်းက သူ့ကို တစ်ချက် လှမ်းကြည့်ပြီးနောက် မျက်နှာပြန်လွှဲကာ ကျောင်းတံခါးဝဆီသို့ ဆက်လက် စိုက်ကြည့်နေခဲ့သည်။

သူမ၏ ထိုအမူအရာကို မြင်လိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်ဝန်းများထဲ၌ ဒေါသရိပ်များ ဖြတ်ပြေးသွားပြီး ခပ်ကျယ်ကျယ် လှမ်းပြောလိုက်သည်။

"ကျိုးဝမ်ရှူက စာသင်ချိန်တွေကို ခဏခဏ ခိုးနားတတ်တယ်။ သူက စာပေလေ့လာဖို့အတွက် မွေးဖွားလာတာ မဟုတ်ဘူး။ အချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အသုံးမကျမှန်း မသိဘဲ ဒီလို လူပေါ့လူသွမ်းက ပညာတတ်ကြီး ဖြစ်လာလိမ့်မယ်လို့ တကယ်ကြီး ယုံကြည်နေကြတာပဲ။ နှမြောစရာကောင်းလိုက်တာ။ လူတစ်ယောက်ကို ဝယ်လိုက်ရုံနဲ့တင် သူ နန်းတွင်းစာမေးပွဲ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်လို့ မရဘူးလေ"

စူးယောင်ကွမ်းက နောက်လှည့်လိုက်ပြီး ရှောင်းယန်ချီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

သူမ၏ လက်မောင်း အင်အားကြီးမားပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရဖူးသည့် ရှောင်းယန်ချီကလည်း သူမ ချဉ်းကပ်လာသည်ကို မြင်လိုက်ပြီး မျက်နှာပျက်သွားရသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း မေးလိုက်ပြန်သည်။

"မင်း... ဘာလုပ်မလို့လဲ"

စူးယောင်ကွမ်းက သူမ၏ လက်ဆစ်များကို တဗြောက်ဗြောက် မြည်အောင် ချိုးလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

"ငါက အတင်းအဖျင်းပြောတတ်ပြီး လျှာရှည်တဲ့လူတွေကို အမုန်းဆုံးပဲ။ နောက်တစ်ခါ ဝမ်ရှူအကြောင်း မကောင်းပြောတာကို ကြားတာနဲ့ ငါ နင့်လျှာကို ဖြတ်ပြီး ခွေးကျွေးပစ်မယ်"

ရှောင်းယန်ချီက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"ငါက စေတနာနဲ့ ပြောပြတာကို မင်းက ငါ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို တန်ဖိုးမထားဘူးပေါ့လေ။ မင်းပိုက်ဆံတွေ အကုန် အလိမ်ခံလိုက်ရတဲ့အခါမှ နောင်တဆိုတာ ဘာမှန်း မင်း သိရလိမ့်မယ်။ ဩော်... ဟုတ်သားပဲ၊ မင်းက တောသူမလေးတစ်ယောက်ဆိုတော့ စာတောင် မဖတ်တတ်ရှာဘူးပေါ့"

"ငါက စာမတတ်ပေမယ့် ဓားတော့ ကိုင်တတ်တယ်"

စူးယောင်ကွမ်းက သူမ၏ ခါးမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး သူ့မျက်နှာရှေ့၌ ဝှေ့ယမ်းပြလိုက်သည်။

ရှောင်းယန်ချီက ပျာပျာသလဲဖြင့် နောက်သို့ ဆုတ်ပြေးရင်း အော်ပြောလိုက်၏။

"မိန်းမတွေနဲ့ လူယုတ်မာတွေက တကယ့်ကို ကိုင်တွယ်ရခက်တာပဲ။ မင်း ငိုရမယ့်အချိန်ကိုသာ စောင့်နေလိုက်"

"အဲ့ဒီစကားကို နင်ပဲ ပြန်ယူထားလိုက်ပါ"

ထိုသို့ပြောပြီးနောက် စူးယောင်ကွမ်းက ကျောင်းအဆောက်အအုံအတွင်းမှ ထွက်လာပြီး သူမထံသို့ လှမ်းလာသော ကျိုးဝမ်ရှူကို မြင်သွားခဲ့သည်။

"ဝမ်ရှူ... ဒီလူက ငါတို့ကြားထဲကို သွေးခွဲနေတယ်။ နင်က အတန်းချိန်တွေမှာ ခဏခဏ ခိုးနားပြီး အခုလည်း အပြင် ထွက်သွားတာ ကြာပြီလို့ ပြောနေတယ်။ တော်သေးတာပေါ့... ငါ သူ့စကားကို မယုံမိလို့၊ မဟုတ်ရင် သူ့ထောင်ချောက်ထဲ မိသွားတော့မှာ"

ကျိုးဝမ်ရှူကလည်း စူးယောင်ကွမ်းကို မြင်သွားပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားဟန် ရှိနေသည်။ မနေ့ညက သူမ သူ၏ အစုတ်ပြတ်ဆုံးနှင့် အသနားစရာအကောင်းဆုံး အခြေအနေကို မြင်တွေ့သွားခဲ့သဖြင့် ယခု သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူ၏ အဝတ်အစားများကို ဗလာဖြစ်သည်အထိ ချွတ်ခွာခံထားရသည့်အလား ခံစားနေရသည်။

စူးယောင်ကွမ်း၏ စကားကို ကြားလိုက်ရချိန်တွင်တော့ သူက ရှောင်းယန်ချီကို စိုက်ကြည့်ကာ ခပ်တင်းတင်း လှမ်းပြောလိုက်သည်။

"မင်းက ငါတို့မိသားစုကြားထဲမှာ သွေးခွဲပေးရတာကို ဒီလောက်တောင် ကြိုက်နေတာလား။ အခြေအနေကို သေချာမသိတဲ့လူဆိုရင်တော့ အဲ့နေ့တုန်းက ယောင်ကွမ်း မင်းကို မဝယ်ခဲ့လို့ မင်း တော်တော်လေး မကျေမနပ်ဖြစ်နေတယ်လို့ ထင်ကြမှာပဲ။ မင်းက ငါ ယောင်ကွမ်းနောက် လိုက်ခွင့်ရလို့ ငါ့ကို မနာလိုဖြစ်ပြီး မင်းရဲ့ လက်ရှိသခင်ကို မကျေမနပ် ဖြစ်နေတာလား။ အဲ့ဒါကြောင့် မိန်းမတွေကြားထဲ လိုက်ပြီး ပြသနာရှာပေးနေတာလား"

"ဘာတွေ လျှောက်ပြောနေတာလဲ။ ဟွမ်းအာက ဒီလို ရိုင်းစိုင်းတဲ့ရွာသူမထက် အဆတစ်ရာမက သာတယ်"

ရှောင်းယန်ချီက ဒေါသထွက်သွားသလို ရှက်လည်း ရှက်သွားသဖြင့် အော်ဟစ်လိုက်သည်။

"ဒါဆိုရင်လည်း မင်းရဲ့ ဟွမ်းအာကိုပဲ သေချာ ကာကွယ်ထားပြီး ကောလာဟလတွေ လျှောက်ဖြန့်နေတာကို ရပ်လိုက်"

ထိုစကားကို ပြောပြီးနောက် ကျိုးဝမ်ရှူက စူးယောင်ကွမ်း ကိုင်ထားသည့် ထီးကို လှမ်းယူလိုက်သည်။

"အိမ်ပြန်ကြမယ်"

ရှောင်းယန်ချီက ထွက်ခွာသွားသော ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့၏ ကျောပြင်များကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ သူ ဘေးနားရှိ ကျောက်ခဲတစ်လုံးကို ဒေါသတကြီး ကန်လိုက်ရာမှ ရုတ်တရက် ခြေချော်သွားပြီး လဲ့ကျသွားကာ ခေါင်းနှင့် မြေကြီး စောင့်မိသွားသောကြောင့် ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာခဲ့သည်။

"အား..."

ထို့နောက်တွင် ရှောင်းယန်ချီ၏ စူးစူးဝါးဝါး အော်ဟစ်သံပါ ထွက်ပေါ်လာခဲ့သည်။

ကျောင်းတံခါးဝတွင် စောင့်နေသော အစေခံအိုကြီးက ထိုအသံကို ကြားသွားပြီး အပြေးအလွှား ရောက်လာခဲ့သည်။ သူ မြေကြီးပေါ်တွင် သွေးများ အလိမ်းလိမ်း ဖြစ်နေသည်ကို မြင်လိုက်ရပြီး ရှောင်းယန်ချီကတော့ သတိလစ် မေ့မြောနေခဲ့ချေပြီ။

"ကယ်ကြပါဦး.... ကယ်ကြပါဦး"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းအား မိုးမစိုစေရန် ထီးကို သူမ ဘက်သို့ ယိုင်ပေးထားခဲ့သဖြင့် သူ၏ ပုခုံးတစ်ဖက်က မိုးရေထဲတွင် ရှိနေကာ သူ့၏ ကိုယ်တခြမ်း စိုရွှဲနေခဲ့သည်။

စူးယောင်ကွမ်းသည် လှည့်ကြည့်လိုက်ပြီး သူ့အခြေအနေကို မြင်သွားကာ ကျိုးဝမ်ရှူကို အနီးအနားရှိ ဆိုင်တစ်ဆိုင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမက ဆိုင်ရှင်အား လှမ်းပြောလိုက်၏။

"ဦးလေး... ကျွန်မ ဝတ်ရုံအပြင်ဖုံးတစ်ထည် လိုချင်လို့ပါ"

"ကြွပါ မမလေး... မမလေး စိတ်ကြိုက်ကြည့်လို့ ရပါတယ်ခင်ဗျာ၊ ဒါတွေအားလုံးက ဝတ်ရုံအပြင်ဖုံးတွေပါပဲ"

"ကျွန်မက အမျိုးသားဝတ် ဝတ်ရုံအပြင်ဖုံးကို လိုချင်တာပါ၊ ပြီးတော့ အကောင်းစား ဖြစ်ရမယ်။ ဒီမှာ ပြထားတာတွေက တစ်ထည်မှ မကောင်းဘူး"

ကျိုးဝမ်ရှူက ဝင်ပြောလိုက်သည်။

"ဒါက ကျွန်တော်အတွက်ဆိုရင်တော့ ဝယ်ဖို့ မလိုပါဘူး"

"နင့်အဝတ်တွေ တစ်ကိုယ်လုံး စိုရွှဲနေပြီလေ။ ဘာလို့ မလိုဘူးလို့ ပြောနိုင်ရတာလဲ။ အစ်မပြောတာကို နားထောင်စမ်းပါ။ စကားအများကြီး မပြောနဲ့တော့"

စူးယောင်ကွမ်း စကားပြောနေစဉ်မှာပင် ဆိုင်ရှင်က အကောင်းဆုံး ဝတ်ရုံအပြင်ဖုံးကို ထုတ်ပေးလာခဲ့ပြီ ဖြစ်သည်။

စူးယောင်ကွမ်းက ဈေးနှုန်းကို မေးမြန်းပြီးနောက် ငွေကို ရက်ရက်ရောရော ပေးချေလိုက်ပြီး ထိုဝတ်ရုံအပြင်ဖုံးကို ကျိုးဝမ်ရှူ၏ ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။

"နင့်ရဲ့ သေးသေးညှက်ညှက် ခန္ဓာကိုယ်လေးက အအေးဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက သူ၏ ပုခုံးကို ပုတ်ပေးရင်း ထပ်ပြောလိုက်သည်။

"ကဲ... အိမ်ပြန်ကြမယ်။ ဒီနေ့ အပြင်မထွက်ခင် ငါ ကျင့်အာကို သိုးသားဝယ်ခိုင်းထားတယ်။ ချွန်းနီက လက်ရာကောင်းကောင်းနဲ့ အရသာရှိတဲ့ ဟင်းတွေ ချက်ထားပြီးလောက်ပြီ။ ပြောရဦးမယ်.... ငါ တစ်နေ့လုံး အပြင်မှာ အလုပ်ရှုပ်နေတာ၊ နေ့လယ်စာကို အဆင်ပြေသလို ခေါက်ဆွဲတစ်ပွဲပဲ စားခဲ့ရတယ်။ အဲ့ဒီခေါက်ဆွဲကလေ... တကယ်ကို စားလို့ မကောင်းဘူး"

စူးယောင်ကွမ်းက တတွတ်တွတ်နှင့် မရပ်မနား ပြောနေသော်လည်း ကျိုးဝမ်ရှူက သူမ၏ စကားကို ဖြတ်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ သူက သူမ၏ အသံကြောင့် အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်နေခြင်း မရှိခဲ့ချေ။ သူမက ကျိုးဝမ်ရှူကို ကြည့်ရင်း ယခုတလောတွင် ဤမောင်လေးကို ပိုချစ်ခင်မိလာသည်။

'မနေ့ညက သူ အဲ့ဒီလို တုံ့ပြန်ခဲ့တာက အတိတ်မှာ ဒုက္ခတွေ အများကြီး ခံခဲ့ရလို့ ဖြစ်ရမယ်... ရပါတယ်၊ နောက်ဆိုရင် ငါတို့က သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးဆိုတော့ သွေးသားမတော်စပ်ရင်တောင် မိသားစုဆိုတာ ရှိနိုင်တယ်ဆိုတာကို သူ သိသွားစေရမယ်'

"ယောင်ကွမ်း... ဒါတွေက နင် ဒီနေ့ ရှာလာတဲ့ ပိုက်ဆံတွေလား"

ကျန်းကျောက်တိက ငွေတုံးအချို့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်ရင်း လှမ်းမေးလိုက်သည်။

"အမေကလည်း... ဘာတွေ တွေးနေတာလဲ။ ချမ်းသာတဲ့လူတွေရဲ့ ပိုက်ဆံက မိုးပေါ်က ကျလာတာမှ မဟုတ်တာ။ သမီးတို့ ဒီလောက် ပိုက်ဆံအများကြီးကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ရှာနိုင်မှာလဲ"

စူးယောင်ကွမ်းက ဆက်ရှင်းပြနေသည်။

"ဒါက သူတို့ ကြိုတင်ပေးထားတဲ့ လစဥ်ကြေးလေ"

"လစဥ်ကြေးဆိုတာက..."

ကျန်းဖန်တိက ထပ်မေးလိုက်သည်။

"အခုကစပြီး သမီးတို့က တစ်လကို ဆယ်ကြိမ် ဝန်ဆောင်မှု ပေးရမှာ။ သူတို့ဘက်က အားတဲ့အချိန်အလိုက် နေ့ခင်းဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် လူလွှတ်ပြီး အချိန် ညှိုနှိုင်းလိမ့်မယ်။ ဆံပင်ထိန်းသိမ်းတာကနေ မျက်နှာအရေပြား ထိန်းသိမ်းတာ၊ ခန္ဓာကိုယ်အသားအရေ ထိန်းသိမ်းတာတွေအထိ အကုန်လုံးအတွက် တစ်လကို ငွေငါးလျန် ပေးရမယ်လေ။ တကယ်လို့ သူတို့က သမီးတို့ရဲ့ ပစ္စည်းတွေကို ဝယ်ချင်တယ်ဆိုရင်တော့ နောက်တစ်မျိုး တွက်ချက်ရမှာပေါ့။ ဒီငွေငါးလျန်ကတော့ သမီးတို့ရဲ့ လုပ်အားခ သီးသန့်ပဲ"

"အချိန်ကန့်သတ်ချက်ကော ရှိလား။ တကယ်လို့ ဖောက်သည်တွေက ကျေနပ်အောင် လုပ်ပေးဖို့က ခက်ခဲတယ်၊ နင့်ရဲ့ အချိန်တွေ အလဟဿ ကုန်သွားရင်တော့ မတန်တော့ဘူးနော်"

ကျန်းယင်းတိက ဝင်မေးလိုက်သည်။

"တစ်ကြိမ်ကို တစ်ရှီးချန်ပဲ"

စူးယောင်ကွမ်းက ဆက်ရှင်းပြနေသည်။

"သူတို့ရဲ့ အစေခံတွေက လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို လုပ်ပေးထားလိမ့်မယ်။ သမီးတို့က သူတို့ကို လိုတာ ပြင်ဆင်ပေးဖို့ ပြောရုံပဲ။ ရေနွေးပြင်ခိုင်းတာမျိုးကအစ သူတို့ဘက်က လုပ်ပေးလိမ့်မယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ သမီးတို့ဘက်က အလုပ်စလုပ်ရုံပဲ"

All Chapters