← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း ၁၀၉ လုပ်ငန်းအသစ်

ချန်ယုံချမ်းက မြင်းစျေးတာဝန်ခံ၏ သားဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူနှင့်အတူ မြင်းစျေးကို ဦးစီးဦးဆောင် ပြုလုပ်လာခဲ့သူဖြစ်သဖြင့် အရပ်အမောင်း မြင့်မားကာ သန်မာထွားကျိုင်းသူ ဖြစ်သည်။

ရှောင်းယန်ချီက သူ့ကို ထီးဖြင့် လှမ်းရိုက်လိုက်စဉ် အစပိုင်း၌ သူ သတိမထားမိသောကြောင့် ဘာမှ မတုံ့ပြန်နိုင်လိုက်ချေ။ သို့သော် အခြေအနေကို ရိပ်မိသွားသည့်အခါတွင်တော့ သူ့လက်သီးချက်များက ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး ရှောင်းယန်ချီတစ်ယောက် မြေပြင်ပေါ်သို့ လဲကျကာ မထနိုင်တော့သည်အထိ ထိုးနှက်ခံလိုက်ရသည်။

ကျန်းရိဟွမ်းက ဘေးမှ စိုးရိမ်တကြီး အော်ဟစ်တားမြစ်နေခဲ့သည်။

"မရိုက်ပါနဲ့တော့... အစ်ကိုချန်၊ အစ်ကိုရှောင်း... တော်ကြပါတော့ရှင်။ ဒါက နားလည်မှုလွဲသွားတာပါ။ စိတ်အေးအေးထားပြီး စကားပြောကြရအောင်နော်"

စူးယောင်ကွမ်းက ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေပြီး ဘေးနားရှိ ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ခဏလောက် စောင့်ဦး။ ငါတို့ ဒီပွဲကို နည်းနည်းလေး ပိုကြည့်ကြမယ်"

ကျိုးဝမ်ရှူက သူတို့နောက်မှ ဆိုင်ရှင်ကို လှမ်းမေးလိုက်သည်။

"ဦးလေး... ဖရဲစေ့တွေ ရှိလား"

ဆိုင်ရှင်ကလည်း အားရပါးရ ပွဲကြည့်နေရင်းက ခေါင်းငြိမ့်ပြလိုက်သည်။

"ရှိတာပေါ့"

သူက ဘေးနားရှိ ဗီရိုထဲမှ ဖရဲစေ့တစ်ဆုပ်ကို ကောက်ယူကာ ကျိုးဝမ်ရှူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကျိုးဝမ်ရှူက ကြေးပြားတစ်ပြား ပေးချေလိုက်ပြီး ထိုဖရဲစေ့များကို စူးယောင်ကွမ်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

စူးယောင်ကွမ်းက ဖရဲစေ့များကို တစ်ဖြောက်ဖြောက် ကိုက်နေရင်း ပွဲကို ဆက်ကြည့်ရှုနေခဲ့သည်။

ကံမကောင်းစွာဖြင့် ရှောင်းယန်ချီက အလွန်အားနည်းလွန်းသောကြောင့် ထိုးနှက်ချက်များကို လုံးဝ ခုခံနိုင်စွမ်းမရှိချေ။ ကျန်းရိဟွမ်းက အရှေ့မှ ပိတ်ဆို့ကာဆီးထားပြီး ချန်ယုံချမ်းကို အကြိမ်ကြိမ် တောင်းပန်တိုးလျှိုးနေခဲ့ရသည်။ ချန်ယုံချမ်းကလည်း သူမ၏ မျက်နှာကို ထောက်ထားသောအားဖြင့် နောက်ထပ် အကြမ်းဖက်ခြင်း မပြုတော့ချေ။

"ဟွမ်းအာနဲ့ ငါ့အကြားက ကိစ္စကို မင်းက ဘာကောင်မို့လို့ ဝင်ပါနေရတာလဲ"

သို့တိုင်အောင် ချန်ယုံချမ်းက မကျေမနပ် မာန်မဲနေသေးသည်။

"မင်း အမြင်မှန်ရပြီး ငါတို့လမ်းကို ပိတ်မရပ်တာက ပိုကောင်းလိမ့်မယ်။ ငါက ဟွမ်းအာကို သေချာပေါက် လက်ထပ်ယူမှာကွ"

"စိတ်ကူးတောင် မယဉ်နဲ့..."

ရှောင်းယန်ချီကလည်း ပြန်ချေပလိုက်၏။

"မင်းက တကယ်ကို သေဖို့ တောင်းဆိုနေတာပဲ။ ငါ့ကိုတောင် ပြန်ပြောရဲတယ်ပေါ"

ချန်ယုံချမ်းက သူ့ကို နောက်ထပ် ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ထပ်ကန်ကျောက်လိုက်ပြန်သည်။

"တော်ပါတော့... ရှင် ဒီလို ဆက်လုပ်နေရင် ကျွန်မ တကယ် စိတ်ဆိုးတော့မှာနော်"

ကျန်းရိဟွမ်းက ချန်ယုံချမ်းကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

ချန်ယုံချမ်းက သူ့လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းရိဟွမ်းကို လှမ်းပြောလိုက်သည်။

"ဟွမ်းအာ... မင်းတို့အိမ်က အစေခံက တကယ့်ကို စည်းကမ်းမရှိတာပဲ။ ငါက သူ့ကို ဆုံးမပေးနေတာ။ ဒါက သူ့ကို ဘယ်လို နေထိုင်ပြုမူရမလဲဆိုတာ သွန်သင်ပေးနေတာပဲ"

"မင်းက ကိုယ့်ကို မင်းတို့ရဲ့ အစေခံလို့ ပြောထားခဲ့တာလား"

ရှောင်းယန်ချီက နာကျင်နေသော မျက်ဝန်းများဖြင့် ကျန်းရိဟွမ်းကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

ကျန်းရိဟွမ်းက ခေါင်းခါပြနေသည်။

"အဲ့လို.... မဟုတ်ပါဘူး။ အဲ့ဒါက အမေ..."

ထိုစကားက ရှောင်းယန်ချီကို အနည်းငယ် စိတ်သက်သာရာရသွားစေခဲ့သည်။

"ဒါဆို သူကရော... သူနဲ့က ဘာတွေလဲ"

"အစ်ကိုချန်က ကျွန်မကို အများကြီး ကူညီပေးထားတာပါ။ သူက ကျွန်မရဲ့ မိတ်ဆွေပါပဲ"

ကျန်းရိဟွမ်းက ထိုသို့ ပြောပြီးနောက် ချန်ယုံချမ်းကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာလေးကတော့ ရှက်သွေးဖြာကာ နီမြန်းနေခဲ့သည်။

ကြည့်စရာ ပွဲမရှိတော့သည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတွင် သူမ ဝဝဖိုင့်ဖိုင့်မိန်းကလေးကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် ကျန်းကျောက်တိကို လှမ်းကြည့်လိုက်မိသည်။

ကျန်းကျောက်တိက ချက်ချင်း ရှင်းပြလိုက်သည်။

"ဒီမိန်းကလေးက ဆေးခန်းကို သွားခဲ့ပေမဲ့ သမားတော်တွေအားလုံးက မကုသနိုင်ဘူးလို့ ပြောကြလို့ ငါတို့ဆီကို ပြန်ရောက်လာတာလေ။ ကျင့်အာကလည်း အခကြေးငွေ ဘယ်လောက် ယူရမလဲဆိုတာ မသိတာနဲ့ နင် ပြန်လာမှ ဆုံးဖြတ်ဖို့ စောင့်နေကြတာ"

"ကျွန်မ အခုတင်ပဲ ထွက်သွားပြီး အခု ပြန်ရောက်လာတာလေ။ ရှင်တို့က ကျွန်မကို ဆေးကုပေးဖို့ လိုလိုလားလား ရှိနေတုန်းပဲလား"

ဝမ်ချွန်းဟွာဟု အမည်ရသည့် ဝဝဖိုင့်ဖိုင့်မိန်းကလေးက သူမတို့ကို ရင်ဆိုင်ရန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။

"အစ်မ... အစ်မကသာ ကျွန်မတို့ကို ယုံကြည်မယ်ဆိုရင် အချိန်မရွေး ပြန်လာလို့ ရပါတယ်။ ကျွန်မတို့က အစ်မရဲ့ ရောဂါကို မကုသနိုင်ဘဲ ပိုက်ဆံတွေ အလဟဿ ကုန်သွားမှာကို အစ်မ စိုးရိမ်နေတာမလား။ ဒါဆိုရင် ကျွန်မတို့ ငွေပေးချေတဲ့ပုံစံကို ပြောင်းလဲလိုက်ရင်ရော ဘယ်လိုလဲ။ ဆေးမကုသခင်မှာ အစ်မရဲ့ ကိုယ်အလေးချိန် ဘယ်လောက်ရှိလဲဆိုတာ အရင် တိုင်းထားမယ်။ ပြီးရင် ပထမဆုံးလအတွက် စာချုပ်တစ်ခု ချုပ်ဆိုကြမယ်။ အဲ့ဒီတစ်လအတွင်းမှာ အစ်မရဲ့ ကိုယ်အလေးချိန် အနည်းဆုံး ဆယ်ကျင်း ကျရမယ်။ တကယ်လို့ ဆယ်ကျင်းအောက်ပဲ ကျရင်တော့ ကျွန်မတို့ ကြေးပြားတစ်ပြားတောင် မယူပါဘူး။ တကယ်လို့ အတိအကျ ဆယ်ကျင်း ကျသွားတယ်ဆိုရင်တော့ ကြေးပြားသုံးရာ ကောက်ခံပါမယ်။ အဲဒီနောက်ပိုင်း ကျသွားတဲ့ ကိုယ်အလေးချိန် တစ်ကျင်းချင်းစီအတွက် ကြေးပြားနှစ်ဆယ်စီ တိုးပိုကောက်ခံသွားပါမယ်။ ဒီအစီအစဉ်အပေါ် အစ်မ ဘယ်လိုထင်လဲ"

"တကယ်လို့ ငါက ကိုယ်အလေးချိန် ကိုးကျင်းပဲ လျှော့ချပြီးတော့ ဆက်မကြိုးစားဘဲ နေလိုက်မှာကို နင်တို့ မစိုးရိမ်ဘူးလား"

ဝမ်ချွန်းဟွာက ပြန်မေးလိုက်သည်။

စူးယောင်ကွမ်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"အစ်မ... အမှန်အတိုင်း ပြောရရင်တော့ စိတ်မဆိုးနဲ့နော်။ တကယ်လို့ အစ်မက ကိုယ်အလေးချိန် နည်းနည်းပါးပါးပဲ လျှော့ချမှာဆိုရင်တော့ မလုပ်တာကမှ ပိုကောင်းဦးမယ်။ ကျွန်မတို့ဘက်က အလွန်ဆုံး ဆေးဝါးတချို့နဲ့ အချိန်နည်းနည်းပဲ ဆုံးရှုံးရမှာ ဆိုပေမဲ့ အစ်မဘက်ကတော့ ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ကျွန်မ ကြည့်ရသလောက်တော့ အစ်မ နေမကောင်းမဖြစ်ခင်တုန်းက အရမ်း ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့မှာ သေချာပါတယ်။ အစ်မရဲ့ အသက်အရွယ်က အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီလေ၊ အစ်မကိုယ်အစ်မ အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် ပြင်ဆင်ပြီးမှ ကောင်းမွန်တဲ့ ဖူးစာဖက်ကို ရှာဖွေချင်တာ မဟုတ်ဘူးလား"

ဝမ်ချွန်းဟွာက မျက်ဝန်းများ နီမြန်းလျက် ခေါင်းငြိမ့်ပြနေရှာသည်။

“ငါ့မှာ ငယ်ချစ်ဦးတစ်ယောက် ရှိခဲ့ဖူးတယ်။ ငါ အသက်ဆယ့်ငါးနှစ် ပြည့်တဲ့အချိန်ရောက်တာနဲ့ အိမ်ထောင်ပြုကြဖို့ ကတိပြုခဲ့ကြပေမဲ့ အခုတော့ သူက စိတ်ပြောင်းသွားပြီး တခြားသူတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပြီ။ အမေကလည်း ငါ့ကို အိမ်ထောင်ပြုစေချင်တယ်။ ဒါပေမဲ့ လူတိုင်းက ကျွန်မကို ရုပ်ဆိုးတယ်ဆိုပြီး မလိုချင်ကြဘူး။ ငါ စိတ်မနာဘဲ မနေနိုင်ဘူး။ နေမကောင်းမဖြစ်ခင်တုန်းက ငါက ရွာမှာ အချောဆုံး မိန်းကလေးဆိုတော့ လာပိုးပန်းတဲ့သူတွေ တန်းစီနေခဲ့တာလေ။ ငါ့ကိုယ်ငါ ပြောင်းလဲပစ်ချင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် တချိန်လုံး စိုးရိမ်ပူပန်နေခဲ့သည့် ကျန်းကျောက်တိတစ်ယောက် စိတ်အေးသွားရသည်။

ဝမ်ချွန်းဟွာက စူးယောင်ကွမ်း၏ အစီအစဉ်ကို သဘောတူလိုက်သည်။

သူမ၏ ဖခင်က ရွာလူကြီးဖြစ်ပြီး မိသားစုတွင် လယ်မြေ ဧကများစွာ ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမတွင် အစ်ကိုကြီး ငါးယောက်ရှိသဖြင့် သူမ၏ မိသားစု အခြေအနေက အတော်အတန် ချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရောဂါပျောက်ကင်းနိုင်မည်ဆိုလျှင် သူမအတွက် ငွေကြေးက ပြဿနာမဟုတ်ချေ။

စူးယောင်ကွမ်းက ဝမ်ချွန်းဟွာနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် သူမကို အပြင်သို့ ခေါ်ထုတ်လာခဲ့ပြီး လမ်းသွားလမ်းလာများကို လှမ်းပြောလိုက်သည်။

"လူကြီးမင်းတို့ရှင်... ဒီနေ့မှာ ကျွန်မက အစ်မဝမ်နဲ့ စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ကျွန်မတို့ရဲ့ ထောင်ယောင်ဖန့်က ဒီတစ်လအတွင်းမှာ သူ့ရဲ့ ကိုယ်အလေးချိန် ဆယ်ကျင်းထက်မက ကျဆင်းသွားစေရမယ်လို့ အာမခံပါတယ်။ တကယ်လို့ အဲ့ဒီသတ်မှတ်ချက် မပြည့်မီဘူးဆိုရင်တော့ ကျွန်မတို့ ကြေးပြားတစ်ပြားတောင် ကောက်ခံမှာ မဟုတ်ပါဘူး။ လူကြီးမင်းတို့အားလုံးပဲ သက်သေအဖြစ် စောင့်ကြည့်ပေးကြပါဦးရှင်။ နောက်တစ်လကြာတဲ့အခါ အံ့ဖွယ်တစ်ခုကို အတူတူ သက်သေထူဖို့ ပြန်လာခဲ့ကြပါဦး"

"ဒီမိန်းကလေးက ဒီလောက် ဝဖြိုးနေတာလေ... သူ့ရဲ့ မိသားစုက အစားအသောက် အရမ်းကောင်းလို့ နေမှာပေါ့။ နင်တို့အနေနဲ့ သူ့ကို ရက်အနည်းငယ်လောက် သတ်သတ်လွတ် ကျွေးလိုက်ရုံနဲ့ ကိုယ်အလေးချိန်က သဘာဝအတိုင်း ကျသွားမှာ။ ဒါက သိပ်ပြီးတော့ မခက်ခဲပါဘူး"

ဝမ်ချွန်းဟွာက စိတ်ပျက်လက်ပျက် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ရှင်တို့ ဘာမှမသိဘဲနဲ့ မပြောကြပါနဲ့၊ ကျွန်မ ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းက အစားအသောက် အရမ်းကောင်းလို့ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီလောက်အထိ ရိုးရှင်းနေမယ်ဆိုရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ဝလာအောင် အဖြစ်ခံမှာ မဟုတ်ဘူး။ ကျွန်မ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ဖူးတယ်၊ အစာငတ်ခံလွန်းလို့ သတိလစ်လဲကျတဲ့အထိ ရက်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ကိုယ်အလေးချိန်က လုံးဝ ကျွန်မလာခဲ့ဘူး။ ထောင်ယောင်ဖန့်က သမားတော်မလေး ပြောတာတော့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖျားနာမှုမှာ သုံးစွဲမိတဲ့ ဆေးဝါးရဲ့ အဆိပ်အတောက်တွေကြောင့်လို့ ပြောတယ်။ ကျွန်မ သူတို့ကို ယုံကြည်ပြီး တစ်ခါလောက် ထပ်ကြိုးစားကြည့်ချင်တယ်"

"ဒါက ဝမ်ချွန်းဟွာ မဟုတ်လား၊ ငါ သူ့ကို သိတယ်။ သူက ကိုယ်အလေးချိန် လျှော့ချဖို့ နည်းလမ်းအမျိုးမျိုးနဲ့ တကယ် ကြိုးစားခဲ့တာ။ နောက်ဆုံး သူ့ဝမ်းဗိုက်ထဲက အစာအိမ်တောင် ပြသနာ ဖြစ်ခဲ့ရှာသေးတယ်။ အခုဆိုရင် သူက လုံးဝ အစာငတ်မခံနိုင်တော့ဘူး။ ဒီမိန်းကလေးက ဝမလာခင်တုန်းက တကယ့်ကို နုနုနယ်နယ်နဲ့ အလှလေးတစ်ယောက်ပါအေ"

စူးယောင်ကွမ်း အကယ်၍ သူမ ဤအရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးမည်ဆိုပါက ဝမ်ချွန်းဟွာထံမှ ကောက်ခံမည့် ဝန်ဆောင်ခကို ကြေးပြားနှစ်ရာ လျှော့ပေးမည်ဟု တိုင်ပင်ဆွေးနွေးထားခဲ့သည်။

စူးမိသားစုတစ်စုလုံး သူမတို့၏ လုပ်ငန်းသစ်ဖြင့် အလုပ်ရှုပ်နေကြစဉ်တွင် အခြားတစ်ဖက်ကတော့ အချစ်ဇာတ်လမ်း၏ ရှုပ်ထွေးမှုများကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ကြသည်။

ကျုံးလန်ဟွာက ရှောင်းယန်ချီ၏ ဖူးရောင်နေသော ခေါင်းကို ကြည့်ရင်း ဒေါသတကြီး ဆူပူနေပြန်သည်။

"ဒါပဲလား... မရဘူး၊ ငါတို့ ဆေးဖိုးဝါးခအတွက် ချန်မိသားစုဆီကနေ သေချာပေါက် လျော်ကြေး တောင်းရမယ်"

"အမေ... အစ်ကိုချန်က ပေးလိုက်ပါပြီ"

ကျန်းရိဟွမ်းက သူမ၏ ငွေအိတ်ကို ထုတ်ပြလိုက်သည်။

ကျုံးလန်ဟွာက ထိုငွေအိတ်ကို မြင်သည်နှင့် လှမ်းယူကာ အထဲမှ ကြေးပြားများကို သွန်ချပြီး ရေတွက်လိုက်သည်။ ထို့နောက် အထင်သေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်ပြန်သည်။

"ကြေးပြားနှစ်ရာတည်းလား... နင်က ဘာလို့ ပိုမတောင်းခဲ့တာလဲ"

"အမေ... အစ်ကိုရှောင်းအတွက် ဆေးကျိုပေးဖို့ လူတစ်ယောက်ကို အရင် စီစဉ်ပေးပါဦးနော်"

ကျန်းရိဟွမ်းက မျက်ရိပ်ပြလိုက်သည်။

ကျုံးလန်ဟွာက မကျေမနပ် နှုတ်ခမ်းမဲ့လိုက်ကာ ပြောပြောဆိုဆိုဖြင့် ထွက်သွားတော့သည်။

"တကယ့်ကို ဒုက္ခများစေတာပဲ"

ကျုံးလန်ဟွာ ထွက်သွားပြီးနောက် ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အပြစ်မကင်းသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ တိုးတိုးလေး ပြောနေရှာသည်။

"ဒါတွေအားလုံးက ကျွန်မရဲ့ အပြစ်တွေပါ... ကျွန်မသာ စောစောစီးစီး ရှင်းရှင်းလင်းလင်း ပြောပြခဲ့ရင် အစ်ကို အခုလို နားလည်မှုလွဲပြီး ဒဏ်ရာရမှာ မဟုတ်ဘူး"

"အဲ့ဒီလူက မင်းကို နှောင့်ယှက်နေတာ သိသာတယ်လေ။ မင်းက ဘာလို့ သူ့ကို မိတ်ဆွေလို ဆက်ဆံနေရတာလဲ"

ရှောင်းယန်ချီက မကျေမနပ် မေးမြန်းနေပြန်သည်။

"သူက မင်းကို သေချာပေါက် လက်ထပ်ယူမှာလို့ ပြောခဲ့တယ်၊ အဲ့ဒါ တကယ်ပဲလား"

ကျန်းရိဟွမ်းက ပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး။ အရင်တုန်းက ကျွန်မတို့ မိသားစု အခက်အခဲရှိနေတုန်းက သူက မကြာခဏ ကူညီပေးခဲ့ဖူးလို့ပါ။ ကျွန်မလည်း သူ့ကို ဘယ်လို ငြင်းပယ်ရမလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အချိန်ကြာလာရင် ကျွန်မ သူ့အပေါ်မှာ တခြားစိတ်မရှိဘူးဆိုတာ သူ နားလည်သွားမှာပါ။ ကျွန်မက သူ့ရဲ့ ဂရုစိုက်မှုတွေကို အရမ်းကျေးဇူးတင်လို့ သူ့ကို အစ်ကိုအရင်းတစ်ယောက်လိုလည်း လေးစားနေတာပါ၊ အစ်ကိုရှောင်း... ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ကျွန်မကြောင့်နဲ့ အစ်ကို အခုလို နာကျင်သွားရတာပါ"

"ဒါဆို ကိုယ်ကရော... မင်းရဲ့ မျက်လုံးထဲမှာ ကိုယ်ကလည်း အစ်ကိုတစ်ယောက်လိုပဲလား"

ရှောင်းယန်ချီက ထိုမေးခွန်းကို မေးရင်း သူ၏ ယခင်ဘဝကို ပြန်တွေးတောနေမိပြန်သည်။

'အဲ့တုန်းက ကျန်းရိဟွမ်းရဲ့ ဘေးနားမှာ ဒီလို အစ်ကိုဆိုတဲ့လူမျိုးတွေ မရှိခဲ့သလို ငါကလည်း ဘယ်သူနဲ့မှ ပဋိပက္ခမဖြစ်ခဲ့ဖူးဘူး...'

‘ဒါပေမယ့် အဲ့အချိန်တုန်းက ငါ စူးယောင်ကွမ်းရဲ့ နှောင့်ယှက်မှုကို တစ်ချိန်လုံး ခံနေရပြီး ကျန်းရိဟွမ်းနဲ့အတူ ရှိနေဖို့ အချိန်အများကြီး မရှိခဲ့ဘူး။ တကယ်လို့ အဲ့တုန်းက သူမ တခြားအမျိုးသားတွေရဲ့ နှောင့်ယှက်တာကို ခံခဲ့ရရင်တောင် သူကိုယ်တိုင် သတိမထားမိခဲ့တာလည်း ဖြစ်နိုင်တယ်’

အခန်း ၁၁၀ မရေမရာ

ကျန်းရိဟွမ်းက ရှက်သွေးဖြာကာ မျက်နှာလေးနီမြန်းလျက် သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။

"ဟင့်အင်း... အစ်ကို့ကို မပြောတော့ဘူး"

ထို့နောက် သူမက သူမ၏လက်ကလေးဖြင့် မျက်နှာကို အုပ်ကာ အခန်းထဲမှ လစ်ခနဲ ပြေးထွက်သွားတော့သည်။

ရှောင်းယန်ချီက ကျန်းရိဟွမ်း၏ နွဲ့နှောင်းသော ကျောပြင်လေးကို ငေးကြည့်နေရင်း သူ့နှလုံးသားတွင် အလိုဆန္ဒများ ထကြွလာကာ စိတ်ထဲမှ ယားယံနေလေသည်။

သူ့၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ ပြန်ရလာကတည်းက သူက ကျန်းရိဟွမ်းကို သူ့မိန်းမအဖြစ် သတ်မှတ်လိုက်ချေပြီ။

သို့သော် နှမြောစရာကောင်းသည်က သူ အတိတ်ကို ပြန်ရောက်လာချိန်က စောလွန်းနေခဲ့သည်။ ယခုအချိန်တွင် ကျန်းရိဟွမ်းက ဖြူစင်ပြီး အပြစ်ကင်းစင်နေဆဲဖြစ်ကာ အချစ်အကြောင်းကို လုံးဝ နားမလည်သေးချေ။ ထို့ကြောင့် သူ သူမ လန့်ဖျန့်သွားအောင် မလုပ်ရဲသေးချေ။

ထိုအချိန်တွင် ယန်ချွမ်က ဆေးရည်အိုးကို ကိုင်ကာ ဝင်လာခဲ့သည်။

ယန်ချွမ်ကို မြင်လိုက်ရသည့် ခဏ၌ ရှောင်းယန်ချီ၏ မျက်ဝန်းများထဲတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွား၏။

ယန်ချွမ်က ရုပ်ဆိုးလှပြီး သူက ရုပ်ဆိုးသော အရာများကို အမုန်းဆုံး ဖြစ်သည်။

ယန်ချွမ်က သူ့ခေါင်းကို ငုံ့ထားပြီး အသံခပ်တိုးတိုးဖြင့် ပြောလာခဲ့သည်။

"သခင်လေးရှောင်း... ဆေးသောက်ရမယ့် အချိန်ရောက်ပါပြီ"

ရှောင်းယန်ချီက အေးစက်စက် လေသံဖြင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"ချထားလိုက်"

.....။......။....

အခြားတစ်ဖက်ရှိ ထောင်ယောင်ဖန့်တွင်တော့ စူးယောင်ကွမ်းက ဆေးရေချိုးရာမှ ထွက်လာသော ဝမ်ချွန်းဟွာကို ကြည့်ကာ အပြုံးဖြင့် လှမ်းမေးလိုက်သည်။

"အစ်မ... ဘယ်လိုနေလဲ"

ဝမ်ချွန်းဟွာက သူမ၏ ခါးကို ပြန်ကိုင်ကြည့်ရင်းမှ ပြန်ဖြေလိုက်သည်။

"ကျွန်မ စိတ်ထင်လို့လားတော့ မသိဘူး၊ နည်းနည်း ပေါ့သွားသလိုပဲ"

"ကိုယ်အလေးချိန် ပြန်ချိန်ကြည့်ရင် သိရမှာပေါ့"

စူးယောင်ကွမ်းက ဘေးနားရှိ ချိန်ခွင်ကြီးကို လက်ညှိုးထိုးပြရင်း ထပ်ပြောလိုက်သည်။

"ကိန်းဂဏန်းတွေနဲ့ပဲ သက်သေပြကြတာပေါ့"

ဤချိန်ခွင်ကြီးကို ဝမ်ချွန်းဟွာအတွက် အထူးတလည် ဝယ်ယူထားခြင်း ဖြစ်သည်။ သူမ ဆေးရေမချိုးခင်က တစ်ကြိမ် ချိန်တွယ်ထားပြီး ဖြစ်သဖြင့် ယခု ဆေးရေချိုးခြင်းက ထိရောက်မှု ရှိ၊ မရှိ သိနိုင်ရန် ထပ်မံ ချိန်တွက်ကြည့်ခြင်း ဖြစ်သည်။

ဝမ်ချွန်းဟွာက အခန်းထဲတွင် တစ်ရှီးချန်နီးပါး ကြာအောင် နေခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ ရှီးချန်တစ်ဝက်ကို ဆေးရေနွေးထဲတွင် စိမ်ကာ ကုန်ဆုံးစေခဲ့သည်။ ကျန်ရှိသည့် အချိန်ကိုတော့ ကျန်းကျင့်၏ အနှိပ်ဝန်ဆောင်မှုကို ခံယူခဲ့ခြင်း ဖြစ်သည်။ ကျန်းကျင့်က မိန်းမငယ်လေးတစ်ဦး ဖြစ်သဖြင့် အားအင်အကန့်အသတ် ရှိသောကြောင့် ကျန်းကျောက်တိနှင့် ကျန်းဖန့်တိတို့က ဘေးမှ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ သူမတို့နှစ်ဦးကလည်း နှိပ်နယ်နည်းစနစ်များကို ကျန်းကျင့်ထံမှ သင်ယူခဲ့ကြရာ တစ်ခါတည်း တတ်မြောက်သွားသဖြင့် နောက်တစ်ကြိမ်တွင် သူမတို့ဘာသာ နှိပ်နယ်ပေးနိုင်တော့မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိန်းကလေးငယ်လေး ကျန်းကျင့်နှင့် နှိုင်းယှဉ်ပါက သူမတို့နှစ်ဦးက အင်အား ပိုမိုသန်မာကြသည်။

"ကျွန်မ သုံးကျင်းတောင် ကျသွားပြီ"

ဝမ်ချွန်းဟွာက အံ့အားသင့်တကြီး အော်ဟစ်လိုက်သည်။

"ဒီလောက်တောင် မြန်တာလား"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"ကျွန်မတို့ အစ်မအတွက် ဆေးတချို့ ဖော်စပ်ပေးထားပါတယ်။ ထမင်းစားပြီးရင် တစ်ခွက်သောက်ပါ၊ ဒီည ကောင်းကောင်း အနားယူလိုက်ရင် မနက်ဖြန်မှာ ကိုယ်အလေးချိန်က ပိုကျလာပါလိမ့်မယ်။ အစပိုင်းမှာတော့ ထိရောက်မှုက အရမ်းသိသာလိမ့်မယ်၊ ဒါပေမဲ့ အကြိမ်ရေများလာရင်တော့ ထိရောက်မှု နှေးသွားပါလိမ့်မယ်"

"ကျွန်မ နားလည်ပါတယ်၊ အစပိုင်းမှာ အဆီတွေ အများကြီးရှိနေတော့ မြန်မြန်ကျပြီး နောက်ပိုင်း အဆီနည်းသွားရင် ကျဖို့ မလွယ်တော့ဘူးဆိုတာ ရှင်းနေတာပဲလေ။ ဒါတွေကို ကျွန်မ အကုန်နားလည်ပါတယ်"

ဝမ်ချွန်းဟွာက ဆက်ပြောနေသေးသည်။

"ဒါနဲ့... ကျွန်မရဲ့ မျက်နှာကို ဘာတွေ လိမ်းပေးထားတာလဲဟင်၊ အဲ့ဒါကို သုံးပြီးတာနဲ့ ကျွန်မရဲ့ အသားအရေ ပိုပြီး ချောမွေ့လာသလို ခံစားရတယ်"

စူးယောင်ကွမ်းက ဘေးနားမှ မျက်နှာပေါင်းတင်ဆေးဘူးကို ကောက်ကိုင်လိုက်ရင်း ရှင်းပြလိုက်သည်။

"ဒါက မျက်နှာပေါင်းတင်ဆေးလေ။ တစ်နေ့တစ်ကြိမ် သုံးပေးရမယ်၊ မျက်နှာအနှံ့ ညီညီညာညာ လိမ်းပေးပြီး တစ်ခဲကျူံးလောက် စောင့်ရမယ်၊ ပြီးရင် ရေဆေးချလိုက်ရုံပဲ။ ဒါက အသားအရေကို စိုပြေဝင်းပစေတဲ့ အာနိသင် ရှိပါတယ်"

(တစ်ခဲကျူံး - ဆယ့်ငါးမိနစ်)

"ကျွန်မ တစ်ဘူး ဝယ်မယ်"

ဝမ်ချွန်းဟွာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ရှင်တို့ဆီမှာ တခြား ဘာကောင်းတာတွေ ရှိသေးလဲ၊ ကျွန်မကို ထပ်ပြောပြပါဦး။ ကျွန်မ ကိုယ်အလေးချိန်လည်း ကျချင်သလို တစ်ပြိုင်နက်တည်းမှာ ပိုပြီးတော့လည်း လှပလာချင်တယ်"

"ကျွန်မတို့ဆီမှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်၊ အချိန်တိုအတွင်းမှာ အကုန်ရှင်းပြဖို့တော့ မလွယ်ဘူးရှင့်။ ရှင်းပြရင်တောင် အစ်မ ချက်ချင်း နားလည်ချင်မှ နားလည်မှာပါ။ မနက်ဖြန် အနှိပ်ခံဖို့ လာတဲ့အခါကျရင် အသားအရေ ထိန်းသိမ်းမှုပါ တစ်ခါတည်း လုပ်ပေးရင်း အသေးစိတ် ရှင်းပြပေးပါ့မယ်။ အစ်မ စိတ်ဝင်စားတဲ့အရာတွေကိုပဲ သုံးပေးမှာမို့လို့ စိတ်မဝင်စားတာတွေအတွက် စိုးရိမ်စရာ မလိုပါဘူးနော်"

"ကောင်းပြီလေ"

"အခု အစ်မ ဘယ်မှာ တည်းနေတာလဲဟင်၊ နေ့တိုင်း လာလို့ အဆင်ပြေရဲ့လား"

"ကျွန်မ လောလောဆယ် အဒေါ်အိမ်မှာ တည်းနေတာပါ။ ကျွန်မ ဒီကို လာတာကိုလည်း အဒေါ် သိပါတယ်"

ဝမ်ချွန်းဟွာကို လိုက်ပို့ပေးပြီးနောက် မိုးချုပ်လာသည်ကို မြင်ရသဖြင့် စူးယောင်ကွမ်းတစ်ယောက် ဆိုင်တံခါးပိတ်ရန် ပြင်ဆင်နေစဉ်မှာပင် စူးကွေ့လန်က ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

သူမက စူးယောင်ကွမ်းကို တစ်ချက်ကြည့်ကာ ဆိုင်ကို တစ်ချက်ကြည့်ရင်း မျက်ဝန်းထဲတွင် တုန်လှုပ်မှုအပြည့်ဖြင့် မေးလာခဲ့သည်။

"ဒါ... ဒါ နင့်ဆိုင်လား"

စူးယောင်ကွမ်း၏ မျက်ဝန်းများထဲတွင် စိတ်မရှည်မှုများ ဖြတ်ပြေးသွားပြီး သူမကို နှင်လွှတ်လိုက်သည်။

"အဒေါ်နဲ့ ဘာဆိုင်လို့လဲ၊ ဆိုင်ပိတ်တော့မှာမို့လို့ ထွက်သွားပေးပါ"

"ငါက နင့်အဒေါ်အရင်းဟဲ့၊ လူကြီးသူမကို ဒီလိုလေသံနဲ့ စကားပြောနေတာလား"

စူးကွေ့လန်က ခါးထောက်ပြီး မောက်မာစွာ ပြန်ပြောလာခဲ့သည်။

"အကြီးဆုံးအစ်မ... အကြီးဆုံးအစ်မ... တစ်ယောက်ယောက်က ယောင်ကွမ်းကို လာအနိုင်ကျင့်နေတယ်"

ကျန်းယင်းတိက အထဲမှ နေပြီး လှမ်းအော်လိုက်သည်။

ကျန်းကျောက်တိက အထဲတွင် ရေဝင်သောက်နေပြီး ကျန်းယင်းတိ၏ အော်သံကို ကြားလိုက်ရသဖြင့် ချက်ချင်း ပြေးထွက်လာကာ ကြက်မွေးတံမြတ်စည်းကို ဆွဲယူပြီး စူးယောင်ကွမ်း၏ ရှေ့မှ ကာကွယ်ရပ်တည်လိုက်သည်။ ရောက်လာသူက စူးကွေ့လန် ဖြစ်နေသည်ကို မြင်သည်နှင့် သူမက ကြက်မွေးတံမြတ်စည်းဖြင့် လှမ်းရွယ်ကာ အော်ဟစ်လိုက်သည်။

"နင့်ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ၊ အခုချက်ချင်း ထွက်သွား၊ ဒီနေရာက နင်တို့ကို မကြိုဆိုဘူး"

"ကျန်းကျောက်တိ... နင် ရူးနေတာလား၊ ငါက နင့်ရဲ့ ယောင်းမဟဲ့၊ နင်က ငါ့ကို ဒီလို ဆက်ဆံရဲတယ်ပေါ့"

"တောက်... ငါ နင်တို့ မိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားတာ ကြာပြီ။ အဆက်အသွယ် ဖြတ်တောက်တဲ့ စာချုပ်က အခုထိ အမည်းရောင် စာသားအတိုင်း အဖြူရောင် စာရွက်ပေါ်မှာ ရှိနေတုန်းပဲ၊ ဟိုအဘွားကြီးနဲ့ အဲ့ဒီလူယုတ်မာတွေရဲ့ လက်ဗွေရာ အနီတွေလည်း အထင်အရှား ရှိနေသေးတယ်"

"အဲ့လိုဆိုရင်တောင် သူတို့က နင့်ရဲ့ ယောက္ခမတွေ၊ ငါက နင့်ရဲ့ ယောင်းမ ဖြစ်နေတုန်းပဲ။ ကောင်းပြီလေ... ကျန်းကျောက်တိ... အခု နင်က ပိုက်ဆံလေး ရလာတော့ ငါတို့ကို ကျောခိုင်းချင်ပြီပေါ့"

စူးကွေ့လန်က အော်ဟစ်လိုက်သည်။

"ကျုံးလန်ဟွာ ရွာကို ပြန်လာပြီး ပြောတုန်းက ငါတို့ မယုံခဲ့ကြဘူး။ သူ ပြောတာ အမှန်တရား ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နင်က မြို့ပေါ်မှာ စည်းစိမ်ခံချင်လို့ အကွက်ဆင်ပြီး အဆက်အသွယ် ဖြတ်ခဲ့တာပဲ၊ ယောက္ခမတွေအပေါ်မှာလည်း မရိုသေဘူး။ ငါ နင့်ကို တရားစွဲမယ်"

"သွားစွဲလေ... သွားစွဲ၊ ဟိုလူအိုကြီး နှစ်ယောက်က ငါ့သမီးနဲ့ ငါ့အပေါ် ဘယ်လို ကြံစည်ခဲ့လဲဆိုတာ ငါ အကုန် မှတ်တမ်းတင်ထားပြီးသား။ ရန်ကြွေးဟောင်းတွေ ဆပ်ရမယ့် အချိန်ရောက်ရင် အဲ့ဒီလူအိုကြီးတွေနဲ့ စာရင်းရှင်းဖို့ ငါ စောင့်နေတာ"

ကျန်းကျောက်တိက ပြောပြောဆိုဆိုဖြင့် ကြက်မွေးတံမြတ်စည်းကို ဝှေ့ယမ်းလိုက်ရာ စူးကွေ့လန်တစ်ယောက် အရိုက်ခံလိုက်ရပြီး အော်ဟစ်စွာအော်ဟစ်လျက် ဆိုင်အပြင်ဘက်သို့ ဆုတ်ခွာသွားရသည်။

ကျန်းယင်းတိနှင့် ကျန်းဖန့်တိတို့ကလည်း တံခါးချပ်များကို အမြန်ဆွဲပိတ်ကာ ဆိုင်တံခါးမကြီးကို ပိတ်ချလိုက်ကြ၏။

စူးကွေ့လန်က တံခါးကို တဒုန်းဒုန်း ထုကာ အပြင်မှ အော်ဟစ် ဆဲဆိုနေလေသည်။

"ကျန်းကျောက်တိ... စူးယောင်ကွမ်း... နင်တို့သားအမိနှစ်ယောက်လုံး စောင့်နေလိုက်ကြ၊ ဒီကိစ္စက ဒီလောက်နဲ့တင် မပြီးသေးဘူး"

အပြင်ဘက်မှ အသံများ ငြိမ်သက်သွားမှသာ ကျန်းဖန့်တိက တံခါးကြားမှ ချောင်းကြည့်လိုက်သည်။ စူးကွေ့လန် ရှိမနေတော့သည်ကို အတည်ပြုပြီးနောက် သူမက တံခါးကို ပြန်ဖွင့်လိုက်၏။

လမ်းတစ်ဖက်မှ ဆိုင်၏ အမိုးအောက်တွင်တော့ ကျုံးလန်ဟွာက ဖရဲစေ့များကို ကိုက်ရင်း ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ ပျော်ရွှင်မြူးထူးနေသော မျက်နှာအမူအရာဖြင့် အကဲခတ်ကြည့်ရှုနေလေသည်။

"အဲ့ဒီ ကျုံးမျိုးရိုးနဲ့ မိန်းမကတော့ တကယ်ကို ပြဿနာရှာတတ်တာပဲ၊ သူက ငါတို့ ခက်ခဲအောင် ရည်ရယ်ချက်ရှိရှိ လိုက်နှောင့်ယှက်နေတာ"

ကျန်းဖန့်တိက ဒေါသတကြီး ပြောလိုက်သည်။

"သူသာ ကြားထဲက မဖျက်ဆီးခဲ့ရင် အဲ့တုန်းက အကြီးဆုံးအစ်မ ပန်းထိုးအလုပ်ရုံမှာ ပန်းထိုးပညာရှင်အဖြစ် အရွေးခံရမှာလေ။ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးလည်း ရွာထဲမှာ အစ်မကို သက်သက်မဲ့ ဒုက္ခပေးခဲ့သလို၊ အစ်မနဲ့ ယောင်ကွမ်းကိုပါ ပြဿနာရှာခဲ့တာ။ အခု မြို့ပေါ် ပြောင်းလာတာတောင် မျက်နှာချင်းဆိုင်က ဆိုင်ကို ရအောင်ယူပြီး အစ်မတို့ကို သက်သက်မဲ့ လာနှောင့်ယှက်နေတာ၊ သူ့ရည်ရွယ်ချက်က ရှင်းနေတာပဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းကျောက်တိက ဆတ်ခနဲ လှည့်သွားပြီ နောက်ဖေးခြံထဲသို့ ဒေါသတကြီး ပြန်ဝင်သွားခဲ့သည်။

စူးယောင်ကွမ်းက သူမနောက်သို့ ခပ်သွက်သွက် လိုက်သွားရင်း လှမ်းမေးလိုက်သည်။

"အမေ... ဘာလုပ်မလို့လဲ"

"ငါ အဲ့ဒီ ကျုံးလန်ဟွာရဲ့ နံစော်နေတဲ့ ပါးစပ် ပိတ်သွားအောင် လမ်းတစ်ဖက်ကို ကူးပြီး မစင်နဲ့ သွားပက်မလို့"

"အမေ... အခု သမီးတို့က စီးပွားရေးလုပ်နေတာလေ၊ အမြဲတမ်း ပြုံးနေပြီး ယဥ်ယဥ်ကျေးကျေး ဖော်ဖော်ရွှေရွှေနေပြမှ ပိုက်ဆံရမှာပေါ့။ ဒီလို ရိုင်းစိုင်းတဲ့အလုပ်မျိုး သွားလုပ်လို့ မဖြစ်ဘူး၊ ဖောက်သည်တွေ လန့်ပြေးကုန်ကြလိမ့်မယ်။ သမီးတို့ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေတာ မြင်ရင် ဘယ်သူက ဆိုင်ထဲကို ဝင်ရဲတော့မှာလဲ"

"ဒါဆို ဒီအတိုင်း လွှတ်ထားရမှာလား၊ ငါတော့ ဒီဒေါသကို ရင်ထဲမှာ မျိုသိပ်မထားနိုင်ဘူး"

"အမေက အခု ချက်ချင်း ဒေါသဖြေလိုက်လို့ ရပေမဲ့ တကယ်လို့ တစ်လလုံး ဖောက်သည်တစ်ယောက်မှ မလာတော့ရင်ကော အမေ ခံနိုင်ရည်ရှိမှာလား"

ကျန်းကျောက်တိက ခေတ္တမျှ ဆွံ့အသွားပြီးမှ ပြန်ပြောလိုက်သည်။

"အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး။ အဲ့ဒီ ကျုံးလန်ဟွာကြောင့်နဲ့တော့ ငါ့ရဲ့ လာဘ်လာဘတွေကို ဘာလို့ အဆုံးရှုံးခံရမှာလဲ"

"ဒါပေါ့ အမေရဲ့။ ဒေါသထွက်တာကိုတော့ ချေဖျက်ရမှာပဲ၊ ဒါပေမဲ့ အခု ချက်ချင်းကြီးလည်း မဟုတ်ဘူး၊ ဒါမျိုးက အလောတကြီး မလုပ်ရဘူးလေ။ ဘာပဲဖြစ်ဖြစ် သမီးတို့ အရမ်း သိသာအောင် လုပ်လို့ မဖြစ်ဘူး၊ သူတစ်ပါး အပြစ်ရှာလို့မရအောင် အကွက်စေ့စေ့ လုပ်ရမယ်"

ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ ကျန်းကျောက်တိက ချက်ချင်း စိတ်အားထက်သန်သွားတော့သည်။

သူမအတွက် ဒေါသဖြေဖျောက်နိုင်သရွေ့ မည်သည့်နည်းလမ်းဖြင့် လုပ်သည်က အရေးမကြီးဘဲ ရလဒ်ကောင်းဖို့ကသာ အဓိက ဖြစ်သည်။

"သမီးတို့ ဒီလို လုပ်ကြတာပေါ့..."

ကျန်းကျောက်တိတစ်ယောက် စူးယောင်ကွမ်း၏ တိုးတိုးလေး ကပ်ပြောလိုက်သော စကားများကို နားထောင်နေခဲ့ပြီး သူမ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။

"ဒါဆို အဲ့လိုပဲ လုပ်ကြတာပေါ့"

ကျိုးဝမ်ရှူ စာအုပ်တစ်အုပ်ကို ကူးရေးနေစဉ် နှာခေါင်းထဲသို့ မုန့်နံ့သင်းသင်းလေး တိုးဝှေ့ဝင်ရောက်လာသဖြင့် စူးယောင်ကွမ်း မုန့်ယူလာပေးမှန်း သိလိုက်ရသည်။

သူက စုတ်တံကို ချလိုက်ပြီး ထိုင်နေရာမှ ထကာ တံခါးကို ဆွဲဖွင့်လိုက်သောကြောင့် တံခါးခေါက်ရန် ပြင်နေသော စူးယောင်ကွမ်းနှင့် အချိန်ကိုက် တိုးမိသွားသည်။

စူးယောင်ကွမ်းက မြှောက်ထားသော လက်ကို ပြန်မချနိုင်တော့ဘဲ သူမ၏ လက်ချောင်းကွေးကွေးလေးက ကျိုးဝမ်ရှူ၏ နဖူးကို တောက်ခနဲ တောက်မိသွားသည်။

ဒေါက်!

ကျိုးဝမ်ရှူတစ်ယောက် မှင်တက်သွားသလို စူးယောင်ကွမ်းကိုယ်တိုင်လည်း ကြောင်အမ်းသွားခဲ့ရသည်။

"ဖူး..."

ထို့နောက် သူမ မထိန်းနိုင်ပဲ ရယ်မောလိုက်မိသည်။

All Chapters