← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း ၁၁၁ ကလဲ့စားချေခြင်း

ကျိုးဝမ်ရှူက သူမ၏လက်ထဲမှ မုန့်ပန်းကန်ကို လှမ်းယူလိုက်ပြီး သူမကို အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

စူးယောင်ကွမ်းက သူ့နောက်မှ လိုက်လာရင်း လှမ်းမေးလိုက်၏။

"ဖုန်းချောင်ယန်နဲ့ တခြားကလေးတွေ... ချန်ပုယွိရဲ့ ကပွဲခန်းမမှာ ဘယ်လိုနေကြလဲဟင်"

"မဆိုးပါဘူး"

ကျိုးဝမ်ရှူက မုန့်တစ်ခုကို ကောက်ကိုင်ကာ စူးယောင်ကွမ်းထံ ကမ်းပေးလိုက်ရင်း ပြန်မေးလိုက်သည်။

"သူတို့ကို သွားကြည့်ချင်လို့လား"

"သူတို့ကို အကူအညီ သေးသေးလေးတစ်ခု တောင်းချင်လို့ပါ"

စူးယောင်ကွမ်းက ပြောလိုက်၏။

"ဒီအချိန်ဆို ကပွဲခန်းမမှာ လူအတော်များများ ရှိနေလောက်ပြီ။ သူတို့ အားရဲ့လား၊ ဒါမှမဟုတ် အချိန်နည်းနည်းလောက် ဖယ်ပေးနိုင်မလားမသိဘူး"

"သူတို့ကို ဘာကူညီခိုင်းမလို့လဲ။ ကျွန်တော့်ကို ပြောပြလေ၊ တခြားဖြေရှင်းနည်း ရှိ၊ မရှိ ကြည့်ကြတာပေါ့"

"ငါ သူတို့ကို..."

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏အနားသို့ တိုးကပ်သွားပြီး သူ့၏နားရွက်နားတွင် စကားအနည်းငယ် တိုးတိုးလေး ကပ်ပြောလိုက်သည်။

ကျိုးဝမ်ရှူက နားအာရုံ အလွန်ခံစားလွယ်သူ ဖြစ်ကာ သူမ၏ တိုးတိုးလေး ကပ်ပြောသံကြောင့် သူ့နားထဲတွင် ယားကျိကျိ ဖြစ်သွားရသော်လည်း မကုတ်မိစေရန် အောင့်ခံထားလိုက်ရ၏။ သူမ စကားပြောပြီးသွားသောအခါမှ သူက နားရွက်ကို ပွတ်သပ်ရင်း သူမကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဒါတွေက ဘာအတွက် လိုတာလဲ"

"ဘာပဲဖြစ်ဖြစ် အသုံးဝင်လို့ပေါ့၊ ဒါက ကလေးတွေနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အများကြီး မမေးနဲ့"

ကျိုးဝမ်ရှူ : "..."

"အဆင်မပြေရင်လည်း ထားလိုက်ပါတော့၊ ငါ တခြားသူတောင်းစားလေးတွေကိုပဲ သွားရှာလိုက်တော့မယ်"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"အဲ့ဒီသူတောင်းစားလေးတွေဆိုရင် ဒါမျိုးကို ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိမှာပဲ"

"ကျွန်တော် သွားရှာပေးမယ်၊ ခင်ဗျား အိမ်မှာပဲ သတင်းစောင့်နေလိုက်"

ကျိုးဝမ်ရှူက မုန့်နောက်တစ်ခုကို ထပ်စားပြီးမှ တံခါးအပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် လှမ်းထွက်သွားတော့သည်။

စူးယောင်ကွမ်းက အနည်းငယ် စိုးရိမ်နေဆဲဖြစ်ကာ ကျိုးဝမ်ရှူကို လှမ်းဆွဲလိုက်သည်။

"ငါပါ အတူတူ လိုက်ခဲ့ရမလား။ ကပွဲခန်းမလိုနေရာမျိုးက သိပ်ပြီး ဘေးမကင်းဘူးလေ"

ယခုဘဝတွင် သူက ဂုဏ်သိက္ခာမရှိသည့် နေရာမျိုးသို့ ရောင်းစားခံရခြင်း မဟုတ်တော့သော်လည်း ကပွဲခန်းမ၏ ဖောက်သည်များထဲတွင် အကျင့်ပျက်သူများ ရှိနေဆဲဖြစ်ရာ မည်သည့်အရှက်မဲ့သူက သူ၏ချောမောလှပသော မျက်နှာလေးအား မျက်စိကျလာမည်ကို မည်သူမျှ ကြိုမသိနိုင်ချေ။

ကျိုးဝမ်ရှူက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ကပွဲခန်းမက ချန်ပုယွိပိုင်တာလေ၊ အဲ့ဒီက တာဝန်ခံနဲ့ အစေခံတွေအကုန်လုံးက ကျွန်‌တော့်ကို သိကြတာပဲ၊ ကျွန်တော် အနိုင်ကျင့်ခံရရင် သူတို့ ရပ်ကြည့်နေမှာ မဟုတ်ဘူးလေ"

‘သူမက ငါ့ကို တကယ်ပဲ ကလေးတစ်ယောက်လို သဘောထားနေတာလား’

သူ၏ ခေါင်းမာမှုကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းလည်း သူ့ကို လွှတ်ပေးလိုက်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။

ကျိုးဝမ်ရှူ ထွက်သွားပြီးနောက် ကျန်းကျောက်တိက လျှို့ဝှက်ဟန်ဖြင့် ရောက်ရှိလာကာ တိုးတိုးလေး ပြောပြနေသည်။

"ငါ အကြာကြီး လိုက်ရှာပြီးမှ နှစ်ကောင်ပဲ မိခဲ့တယ်"

ထို့နောက် သူမက ကြွက်နှစ်ကောင်၏ အမြီးများကို ကိုင်မြှောက်ကာ စူးယောင်ကွမ်းအား ပြသလိုက်၏။

စူးယောင်ကွမ်းက နောက်သို့ တစ်လှမ်းဆုတ်လိုက်ရင်း ထိတ်လန့်တကြား ပြန်ပြောလိုက်သည်။

"အမေ... အဲ့ဒါတွေကို လှောင်အိမ်ထဲပဲ ထည့်ထားလိုက်ပါ၊ လက်နဲ့ မကိုင်နဲ့၊ အရမ်း ညစ်ပတ်လွန်းတယ်"

"လာ... ငါတို့ လမ်းတစ်ဖက်ကို သွားပစ်ကြစို့"

"ဒါက နည်းလွန်းသေးတယ်၊ သမီး လူလွှတ်ပြီး ထပ်ရှာခိုင်းထားတယ်"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"သမီးတို့ ကစားပွဲ စမယ်ဆိုမှတော့ အကြီးအကျယ် ကစားကြတာပေါ့"

အရုဏ်တက်ချိန်တွင်တော့ ဖုန်းဟွာကော့၏ အပေါ်ထပ်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံများ လွင့်ပျံလာခဲ့သည်။

မိုးမလင်းသေးမီ အလွန်စောလွန်းသည့် အချိန် ဖြစ်နေသောကြောင့် ပထမဆုံး အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်၊ စတုတ္ထတစ်ကြိမ်စသည့်ဖြင့် အော်သံအမြောက်အမြား ထွက်ပေါ်လာကာ မကြာမီမှာပင် ဖုန်းဟွာကော့တစ်ခုလုံးတွင် အော်ဟစ်သံများ ဟိန်းထွက်လာခဲ့သည်။

"မနက်စောစောစီးစီး ဘာတွေအော်ဟစ်နေကြတာလဲဟဲ့"

ဘေးအိမ်မှ ပန်းပဲဆရာ၏ဇနီးသည်က ကျိန်ဆဲလျက် ထွက်လာခဲ့သည်။ အခြားအိမ်နီးနားချင်း တချို့ကလည်း စတင်ညည်းညူပြစ်တင်ကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဖုန်းဟွာကော့မှ အော်ဟစ်သံများက ပျောက်ကွယ်မသွားသည့်အပြင် ပို၍ စူးစူးဝါးဝါး ကျယ်လောင်လာခဲ့သည်။ အနီးနားရှိ မိသားစုအချို့က ကျိန်ဆဲရင်း အိပ်ရာမှထကာ အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်ပြီးနောက် တံခါးကို ထုရန် ဖုန်းဟွာကော့ဆီသို့ ထွက်လာခဲ့ကြသည်။

တံခါးပွင့်လာသည်နှင့် ကျုံးလန်ဟွာတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြင်သို့ ပြာပြာသလဲ ပြေးထွက်လာသည်။ ထို့နောက်တွင်တော့ ကျန်းရိဟွမ်းကလည်း ခါးဝတ်အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆွဲစေ့ရင်း ပြေးထွက်လာခဲ့သည်။

ဆိုင်အတွင်း၌ မရေမတွက်နိုင်သော ကြွက်များ ဟိုဟိုဒီဒီ ကူးလူးနေကြပြီး ပစ္စည်းများကို ကိုက်ဖြတ်ကာ ကမောက်ကမ ဖြစ်အောင် ဖျက်ဆီးနေကြသည်။ ထို့တင်မကသေးဘဲ အနောက်ဘက်ခြံထဲမှလည်း ကြွက်များ ထပ်မံတိုးထွက်လာနေဆဲ ဖြစ်သည်။

"ဘုရားရေ... ဘာလို့ နေရာအနှံ့ ကြွက်တွေချည်းပဲ ဖြစ်နေရတာလဲ။ ဒီနေရာက ကြွက်သိုက်ကြီး ဖြစ်နေတာလား"

တို့ဟူးဆိုင်ပိုင်ရှင် အမျိုးသမီးက သူမ၏ မျက်နှာကို လက်ဖြင့် အုပ်ကာ စက်ဆုပ်ရွံရှာဟန်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"ကြွက်တွေက အရမ်းများနေတာပဲ၊ အနည်းဆုံး အကောင်တစ်ရာလောက်တော့ ရှိလိမ့်မယ်။ အိုက်ယား..... ရှင်တို့နေရာက ဘယ်လောက်တောင် ညစ်ပတ်နေလို့ ကြွက်တွင်းကြီး ဖြစ်သွားရတာလဲ"

"ငါ ခုနတင် မြင်လိုက်သေးတယ်၊ ကြွက်တွေက သူတို့ရဲ့ အဝတ်အစားတွေ၊ ခြေအိတ်တွေ၊ ဖိနပ်တွေပေါ်မှာ တက်ပြေးနေကြတာ။ မျက်နှာသုတ်ပုဝါမှာဆိုရင် ကြွက်တွေက ဆီးတောင် သွာနေကြသေးတယ်"

ဖုန်းဟွာကော့မှ ဆိုင်အကူတစ်ယောက်ကလည်း ပြေးထွက်လာခဲ့သည်။

ရှောင်းယန်ချီက ဒဏ်ရာရရှိထားဆဲ ဖြစ်သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အိမ်၌သာ အနားယူ နေခဲ့ရသည်။ သူ့မျက်နှာက ဖူးရောင်နေဆဲဖြစ်ပြီး အဝတ်အစားများကလည်း ဖရိုဖရဲ ဖြစ်နေခဲ့၏။ အရေးကြီးဆုံးက သူ မျက်လုံးပွင့်လာသည့်အချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ကြွက်များ တွားသွားနေသည်ကို မြင်လိုက်ရခြင်းပင်။ သူ ထိတ်လန့်တကြားဖြင့် ကုန်းထလိုက်ရာ အိပ်ရာပေါ်မှ လိမ့်ကျသွားပြီး ကြွက်အချို့ကို ဖိမိခဲ့သဖြင့် သူ၏အတွင်းခံအင်္ကျီတွင် ကြွက်သွေးများ ပေကျံသွားခဲ့သည်။ သူ တစ်ကိုယ်လုံးတွင် ပိုးမွှားများစွာ တွားသွားနေသကဲ့သို့ ခံစားရသဖြင့် သူ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေရရှာသည်။

ယန်ချွမ် ထွက်လာသည့်အခါတွင်တော့ အနီးနားရှိ မြို့ခံလူအချို့က သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။

"ဒါက သူတို့ဆိုင်က ဆိုင်အကူလား။ တကယ့်ကို ရုပ်ဆိုးလွန်းတာပဲ"

"မွေးရာပါအမှတ်အကြောင်း ပြောရရင် ထောင်ယောင်ဖန့်က ကောင်မလေးမှာလည်း အဲ့ဒီလို အမှတ်တစ်ခု ရှိတယ်မလား။ ဒီဆိုင်နှစ်ဆိုင်က တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဆိုင်ရှင်အမျိုးသမီးတွေက အမြဲတမ်း ပြိုင်ဆိုင်နေကြသလို၊ သူတို့ရဲ့ ဆိုင်အကူတွေကပါ ရုပ်ချင်း အရမ်းဆင်နေကြတယ်"

ယန်ချွမ်က နောက်သို့ တွန့်ဆုတ်သွားပြီး ကျန်းရိဟွမ်း၏နောက်ကွယ်တွင် ဝင်ပုန်းလိုက်ကာ လမ်းတစ်ဖက်ရှိ ထောင်ယောင်ဖန့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"နင်တို့... ဒီရွံစရာကောင်းတဲ့ အကောင်တွေကို အခုချက်ချင်း ဖယ်ရှားပစ်လိုက်ကြစမ်း၊ မြန်မြန်လုပ်"

ကျုံးလန်ဟွာက ဆိုင်အကူများကို အော်ဟစ်အမိန့်ပေးနေသည်။

"သူဌေးရယ်... တစ်ကောင်နှစ်ကောင်တည်း မဟုတ်ဘဲ အကောင်ရာနဲ့ချီရှိနေတာကို ကျွန်မတို့က ဘယ်လိုလုပ်ပြီး ရှင်းနိုင်မှာလဲရှင်"

ဆိုင်အကူတစ်ယောက်က မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကြွက်သတ်ဆေး သွားဝယ်ကြလေ"

ရှောင်းယန်ချီက သူ၏ရင်ဘတ်မှ အရေပြားကို ကုတ်ခြစ်ရင်း ဝင်ပြောလိုက်သည်။

"ငါ တောင့်မခံနိုင်တော့ဘူး၊ ကျောင်းကို ပြန်သွားပြီး ရေချိုးမှ ဖြစ်မယ်"

သူ အမှန်တကယ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ တစ်ညလုံး ကြွက်များနှင့် အိပ်စက်ခဲ့ရရုံတင်မကဘဲ ခုနက ၎င်းတို့အပေါ်သို့ ထပ်လျက်သား လဲကျခဲ့ရပုံကို ပြန်တွေးမိရုံဖြင့် သူ ပျို့အန်ချင်လာပြီး အရေပြားတစ်လွှာလုံးကို ပွတ်တိုက်ပစ်ချင်စိတ်များ ပေါ်ပေါက်နေလေသည်။

လမ်းတစ်ဖက်ရှိ ထောင်ယောင်ဖန့်တွင်တော့ ကျန်းကျောက်တိက ပြတင်းပေါက်မှ နေပြီး ထိုရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကို လှမ်းကြည့်ကာ အားရပါးရ ရယ်မောနေခဲ့သည်။

ကျန်းဖန့်တိနှင့် သူမ၏သမီး၊ ကျန်းယင်းတိနှင့် သူမ၏ခင်ပွန်းတို့အပြင် စူးယောင်ကွမ်း၊ ကျန်းကျင့်နှင့် ကျိုးဝမ်ရှူတို့ကလည်း ပြတင်းပေါက်ဘေးတွင် ရပ်လျက် ထိုပွဲကြီးပွဲကောင်းကို ဝိုင်းဝန်းကြည့်ရှုနေကြသည်။

သူတို့က ယခုကဲ့သို့ ပွဲကောင်း‌လေးကို အလွတ်ခံကြမည် မဟုတ်သည်မှာ အသေအချာပင်။ ထို့ပြင် ကျိုးဝမ်ရှူကလည်း ဤပွဲကြီးပွဲကောင်းအတွက် ရှီးချန်ပေါင်းများစွာ အလုပ်ရှုပ်ခဲ့ရပြီး ညသန်းခေါင်ယံအချိန်၌ စူးယောင်ကွမ်းနှင့်အတူ တိတ်တဆိတ် သွားရောက်ကာ ဤလက်ဆောင်မွန်ကြီးကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှည့်ကြည့်ကာ ကျေကျေနပ်နပ် ပြောနေပြန်သည်။

"ဖုန်းချောင်ယန်ကတော့ ငါ့ကို တကယ် စိတ်မပျက်စေဘူးပဲ၊ ဒီတစ်ခါတော့ သူ တကယ်ကို အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ နောက်မှ သူ့နဲ့ သူ့ညီအစ်ကိုတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်တွေ လုပ်ကျွေးရမယ်"

"ကျွန်တော် ပိုက်ဆံပေးပြီးပြီလေ"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။

"ကြွက်တစ်ကောင်ကို ကြေးပြားနှစ်ပြားနှုန်းနဲ့..."

"ဒါက ဖြစ်သင့်တာပဲလေ။ ဘာပဲဖြစ်ဖြစ် ဒါက ကျွမ်းကျင်မှုလိုတဲ့ အလုပ်တစ်ခုပဲ၊ လူတိုင်း လုပ်နိုင်တာမှ မဟုတ်တာ"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"နင်လည်း တော်တော်လေး ပင်ပန်းနေပြီမလား။ ဒီနေ့တော့ အနားယူလိုက်လေ၊ ကျောင်းကို မသွားနဲ့တော့"

ကျိုးဝမ်ရှူက သမ်းဝေလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော် တကယ်ပဲ နည်းနည်း အိပ်ချင်နေပြီ။ သွားအိပ်လိုက်ဦးမယ်။ ဒီမနက်ပိုင်း ဂီတသင်တန်း ရှိပေမယ့် ကျွန်တော် အဲ့ဒါကို တကယ် မကြိုက်ဘူး၊ ဒါကြောင့် မသွားတော့ဘူး။ မွန်းလွဲပိုင်းမှပဲ သွားတော့မယ်"

"နှမြောစရာပဲ၊ သခင်လေးဇီကျန့်ရဲ့ ဇီသာလက်သံက အရမ်းကောင်းတယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမယ့် ဝမ်ရှူ မကြိုက်ရင်လည်း မသွားနဲ့ပေါ့။ လူတိုင်း အကြိုက်ချင်း မတူကြဘူးလေ၊ ကိုယ် ကြိုက်တာကသာ အရေးကြီးဆုံးပဲ"

စူးယောင်ကွမ်းက သူ့ကို နှစ်သိမ့်ပေးလိုက်၏။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

"ခင်ဗျားကလည်း ဇီကျန့်ရဲ့ ဇီသာသံကို သာယာတယ်လို့ ထင်နေတာလား"

"သာယာတာပေါ့"

စူးယောင်ကွမ်းက ပြန်ဖြေလိုက်၏။

"ငါ ဇီသာအကြောင်း နားမလည်ပေမယ့် သူ တီးတာကို ကြားရတိုင်း စိတ်ထဲမှာ အရမ်း အေးချမ်းသွားသလိုပဲ။ အဲ့ဒီအချိန်ကျရင် စိတ်ထဲမှာ ဘာမှ မရှိတော့ဘဲ ဗလာဖြစ်သွားသလို ခံစားရတယ်"

ကျန်းကျောက်တိက အနားသို့ တိုးကပ်လာပြီး စူးယောင်ကွမ်းကို လှမ်းပြောလာပြန်သည်။

"နှမြောစရာပဲ၊ ကြွက်တွေ အများကြီးပဲ၊ အကုန်လုံးက အသားတွေချည်းပဲ။ အဲ့ဒါတွေကို ကြွက်ခြောက် လုပ်စားရင် အရမ်း အရသာရှိမှာ"

စူးယောင်ကွမ်း : "..."

"အမေရယ်... အခု သမီးတို့မှာ ပိုက်ဆံမပြတ်လတ်တော့ပါဘူး။ အသားစားချင်ရင် သမီး ဝယ်ကျွေးပါ့မယ်၊ အဲ့ဒီအကောင်တွေကိုတော့ မစားကြရအောင်နော်"

"ဒါက ကျုံးလန်ဟွာရဲ့ ဆိုင်ထဲကို ဝုန်းဒိုင်းကြဲဝင်သွားရတာထက် ပိုပြီးတော့ အားရဖို့ကောင်းတယ်ဟေ့။ သူတို့ဆိုင် အခြေအနေကို ကြည့်ရသလောက်တော့ ပိုက်ဆံ တော်တော်များများ ဆုံးရှုံးရလိမ့်မယ်။ အခုလောက်ဆို ကျုံးလန်ဟွာတစ်ယောက် ရင်နာ နေလောက်ပြီ။ ဟား ဟား..."

အခန်း ၁၁၂ မြှောက်ပင့်သွေးထိုးခြင်း

စူးကွေ့လန်က အန်းနင်ရွာသို့ အပြေးအလွှား ရောက်ရှိလာပြီးနောက် ဒုတိယဦးလေးစူး၏ အိမ်တံခါးကို ခပ်သွက်သွက် လှမ်းထုလိုက်သည်။

ဒုတိယအဒေါ်စူးက စိတ်မရှည်စွာဖြင့် တတွတ်တွတ် ညည်းညူရင်း တံခါးလာဖွင့်ပေး၏။

"ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲဟဲ့။ နောက်ကနေ သရဲတစ္ဆေတွေ လိုက်လာလို့လား"

ပြီးခဲ့သည့်တစ်ခေါက်က ကျန်းကျောက်တိနှင့် သူမ၏သမီး လက်ချက်ကြောင့် အရှုံးကြီးရှုံးကာ နာကျင်ခဲ့ရကတည်းက ဒုတိယအဒေါ်စူးက စူးကွေ့လန်အပေါ် အမြင်ဆိုးရှိနေခဲ့သည်။

ဒုတိယအဒေါ်စူး၏ အမြင်တွင်တော့ စူးကွေ့လန်ကို ကူညီပြီး စူးယောင်ကွမ်းအား သူမ၏ ဉာဏ်ရည်မမှီသော သားဖြစ်သူနှင့် လက်ထပ်ရန် လှည့်ကွက်ဆင်ခဲ့မိခြင်းကြောင့် မဟုတ်ခဲ့လျှင် စူးယောင်ကွမ်းက အဘိုး၊ အဘွားများနှင့် ယခုကဲ့သို့ အဆက်အသွယ် ပြတ်တောက်သွားစရာ အကြောင်းမရှိချေ။ ယခုအခါ စူးယောင်ကွမ်းတို့ သားအမိနှစ်ယောက်က ငွေကြေးများစွာ ရှာဖွေနိုင်နေပြီ ဖြစ်သော်လည်း သူတို့မိသားစုကတော့ တစ်ပြားတစ်ချပ်မျှ အကျိုးအမြတ် မခံစားရဘဲ ရှိနေခဲ့သည်။ ဤအရာအားလုံးက ကံဆိုးမိုးမှောင်ကျစေသည့် စူးကွေ့လန်ကြောင့်သာ ဖြစ်ခဲ့ရခြင်းပင်။

"အမေရော..."

စူးကွေ့လန်ကလည်း သူမ၏ ဒုတိယယောင်းမကို သဘောမကျပေ။

အမှန်အတိုင်းပြောရလျှင် သူမက သူမ၏ အကြီးဆုံး‌ယောင်းမနှင့် တတိယယောင်းမတို့ကိုလည်း မနှစ်မြို့လှချေ။ မည်သို့ပင်ဆိုစေကာမူ သူမအတွက်တော့ ယောင်းမဟူသမျှက စိတ်အနှောင့်အယှက်ဖြစ်စရာများသာ ဖြစ်သည်။

"ခေါင်းကိုက်လို့ အိပ်ရာထဲ လှဲနေတယ်"

ဒုတိယအဒေါ်စူးက မဲ့ရွဲ့ကာ ပြန်ပြောလိုက်သည်။

‘အဲ့ဒီအဘွားကြီးက အခု ကျန်းကျောက်တိကို အနိုင်ကျင့်လို့ မရတော့ အိမ်မှုကိစ္စအားလုံးကို ငါ့အပေါ် ပုံချထားပြီး တစ်နေ့လုံး ဟန်ဆောင်ပန်ဆောင်နဲ့ အိပ်ရာထဲမှာ သေသလို လဲလျောင်းနေတာလေ’

"အမေ..."

စူးကွေ့လန်က အိမ်ထဲသို့ ပြာပြာသလဲ ပြေးဝင်သွားခဲ့သည်။

"အမေ... ကျန်းကျောက်တိနဲ့ စူးယောင်ကွမ်းဆိုတဲ့ မိန်းမယုတ်နှစ်ယောက်က မြို့ထဲမှာ ဆိုင်အကြီးကြီး တစ်ဆိုင် ဖွင့်ထားကြတယ်"

ဤစကားကို ကြားလိုက်ရသည်နှင့် ဒုတိယအဒေါ်စူးလည်း သူမ၏ မကျေနပ်ချက်များကိုပင် မေ့လျော့သွားခဲ့ပြီး စူးကွေ့လန်၏ နောက်မှ ကမန်းကတန်း လိုက်ဝင်လာခဲ့သည်။

အဘွားအိုစူးကလည်း အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး အလောတကြီး လှမ်းမေးလိုက်သည်။

"ဘယ်လိုဆိုင်မျိုးလဲ... အမြတ်အစွန်းရနေပြီလား"

"ဆိုင်က အကြီးကြီးပဲ။ အမေ.... သူတို့က အလှကုန်ပစ္စည်းတွေ ရောင်းတာ၊ တစ်ဗူးကို ငွေနှစ်လျန်တောင် ပေးရတယ်တဲ့။ ဒါတင်မကသေးဘူး... သူက သူ့ရဲ့ ဒုတိယညီမနဲ့ တတိယညီမကိုပါ အဲ့ဒီကို ခေါ်သွားသေးတယ်။ တတိယညီမရဲ့ ရောဂါသည်ယောကျာ်းက စာရင်းကိုင် လုပ်နေတာ။ သူတို့ ပိုက်ဆံတွေ အများကြီး ရနေကြမယ်လို့ အမေ မထင်ဘူးလား"

"ဒီ အသည်းနှလုံးမရှိတဲ့ ဂြိုလ်ဆိုးမ... ငါတို့က သူ့ရဲ့ မိသားစုဝင်တွေလေ။ သူက ပိုက်ဆံရတော့ ငါတို့အကြောင်းကို တစ်ချက်တောင် မတွေးဘဲနဲ့... အလကားနေ အလကားစားတဲ့ သူ့ရဲ့ မိဘဘက်က မိသားစုကိုပဲ အကုန် ပုံအောပေးနေတာလား။ မဖြစ်ဘူး... ငါ သူ့ဆီ သွားရှာရမယ်"

အဘွားအိုစူးက အိပ်ရာပေါ်မှ ထရန် ပြင်ဆင်လိုက်သည်။

ဒုတိယအဒေါ်စူးက အဘွားအိုစူးကို လှမ်းတားလိုက်ပြီး မျက်လုံးချင်း အဓိပ္ပာယ်ပါပါ ဖလှယ်လိုက်ကာ သတိလှမ်းပြောလိုက်သည်။

"အမေ... အခုအချိန်မှာ အမေ သူ့ဆီ သွားရှာလည်း သူက ကျွန်မတို့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ သူက ကျွန်မတို့နဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ထားပြီးပြီ၊ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ပြောထားတာလေ"

"ငါတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး ဟုတ်လား။ သူက ငါ့သားနဲ့ လက်ထပ်ထားတာလေ၊ ပြီးတော့ အဲ့ဒီ အသုံးမကျတဲ့ စူးယောင်ကွမ်းကလည်း စူးမိသားစုရဲ့ သွေးသားပဲ။ ငါ အဲ့ဒီ အဆက်အသွယ်ဖြတ်တဲ့ စာချုပ်ကို လုံးဝ လက်မှတ်မထိုးခဲ့သင့်ဘူး။ အခုတော့ ဘာဖြစ်ကုန်ပြီလဲ... ကြည့်စမ်း။ ဒါတွေ အားလုံးက နင့်ကြောင့် ဖြစ်ရတာ"

အဘွားအိုစူးက ဒေါသထွက်လာပုံဖြင့် စူးကွေ့လန်၏ လက်မောင်းကို ရိုက်နှက်ကာ သူမ၏ ဒေါသကို စူးကွေ့လန်အပေါ် ပုံချလိုက်သည်။

စူးကွေ့လန်က အဘွားအိုစူး၏ ရိုက်နှက်မှုများကို ရှောင်တိမ်းရင်း နာကျင်မှုကြောင့် မျက်နှာ ပျက်သွားခဲ့သည်။

"အား... အမေ... မရိုက်ပါနဲ့တော့။ ကျန်းကျောက်တိနဲ့ စူးယောင်ကွမ်းတို့ကို ပြန်ပြီး ဆွဲဆောင်နိုင်မယ့် နည်းလမ်းကို အတူတူ ဦးနှောက်သုံးပြီး စဥ်းစားကြရအောင်ပါ"

"အဲ့ဒီသားအမိနှစ်ယောက်က အတော်လေး စိတ်ပိုင်းဖြတ်ထားကြတာလေ၊ သူတို့ရထားတဲ့ ပိုက်ဆံကို ငါတို့အတွက် ဘယ်တော့မှ ခွဲပေးမှာ မဟုတ်ဘူး။ သူတို့ဆီက ပိုက်ဆံ လိုချင်ရင်တော့ ငါတို့ တခြားနည်းလမ်း သုံးမှဖြစ်မယ်"

ဒုတိယအဒေါ်စူးက သူမတို့ဆီသို့ လက်ဟန်ပြလိုက်ရင်း ဝင်ပြောလိုက်သည်။

"ကျွန်မမှာ အကြံတစ်ခု ရှိတယ်"

အဘွားအိုစူးနှင့် စူးကွေ့လန်တို့က တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ဒုတိယအဒေါ်စူး၏ အကြံအစည်ကို နားထောင်ရန် အနားသို့ တိုးကပ်လိုက်ကြသည်။

စူးကွေ့လန် ပေါ်လာကတည်းက ထိုမိသားစုတစ်စုလုံး ရောက်လာပြီး ပြဿနာရှာမည်ကို စူးယောင်ကွမ်းက ကြိုတင်တွေးထားပြီး စောင့်ကြည့်နေခဲ့သော်လည်း သုံးလေးရက်ခန့် ကြာသည်အထိ ထိုမိသားစု ပေါ်မလာကြသေးချေ။

စူးယောင်ကွမ်း အပြင်မှ ပြန်ရောက်လာချိန်တွင် ထိုဆိုးသွမ်းသော ဆွေမျိုးများ လာရောက်ခဲ့ခြင်း ရှိ မရှိ လှမ်းမေးလိုက်ရာ ဘေးနားတွင်ရှိနေသည့် ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့အေ။ ငါတို့တွေ အဆက်အသွယ်ဖြတ်တဲ့ စာချုပ်ကို လက်မှတ်ထိုးပြီးသားပဲဟာကို။ သူတို့ လာရှာရင်တောင် ငါတို့ဆီက ဘာမှရမှာ မဟုတ်ဘူး။ သူတို့လည်း လူနုံတွေ မဟုတ်ပါဘူး၊ ဘာကိစ္စနဲ့ ငါတို့ကို လာရှာမှာလဲ"

ကျန်းကျောက်တိကတော့ ဤရက်ပိုင်းအတွင်း စိတ်အခြေအနေ အလွန်ကောင်းနေခဲ့သည်။

ပထမအချက်က စူးကွေ့လန်နှင့် ထိုဆိုးသွမ်းသောဆွေမျိုးများ ရောက်မလာခြင်းကြောင့် ဖြစ်ပြီး ပို၍အရေးကြီးသည်က ကျုံးလန်ဟွာနှင့် သူမ၏သမီးတို့ အရှုံးကြီးရှုံးနိမ့်သွားပြီးနောက် သူမတို့၏ စီးပွားရေး ထိုးဆင်းသွားခြင်းကြောင့်ပင်။ သူတို့၏ ဆိုင် ကြွက်သိုက်ကြီး ဖြစ်သွားပြီဟူသော သတင်း ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ ယခု မည်သူမျှ ထိုဆိုင်သို့ ခြေမချချင်ကြတော့ချေ။

ထို့ပြင် သူတို့၏ ကုန်ပစ္စည်းအများအပြားကလည်း ကြွက်များကြောင့် ပျက်စီးသွားကာ ညစ်ပတ်ပေရေ ပျက်ဆီးကုန်ကြသည်။

ဖုန်းဟွာကော့ ပို၍ကံဆိုးလေလေ ကျန်းကျောက်တိ၏ ရယ်မောသံများက ပိုကျယ်ကျယ် ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျုံးလန်ဟွာက အရှုံးပေးတတ်သူတစ်ဦး မဟုတ်ပေ။ ကျန်းကျောက်တိက သရော်စကားတစ်ခွန်း ပြောလိုက်တိုင်း သူမကလည်း ကျန်းကျောက်တိကို ပြန်လည်ဆဲဆိုလေ့ရှိသည်။ ဤရက်ပိုင်းအတွင်း ပတ်ဝန်းကျင်က အတော်လေး ဆူပူနေခဲ့ပြီး လမ်းသွားလမ်းလာများကလည်း သူမတို့၏ပွဲကြီးပွဲကောင်းကို အမြဲတမ်း ရပ်ကြည့်နေကြစမြဲပင်။

"ထူးဆန်းတယ်နော်... မိုးက ပြန်ရွာနေပြန်ပြီ"

ကျန်းဖန့်တိက အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"မိုးရွာတဲ့အချိန်တိုင်း ဝယ်သူတွေက အပြင်မထွက်ချင်ကြဘူး၊ အဲ့ဒါဆိုရင် ကျွန်မတို့ဆိုင်လည်း စီးပွားရေး ထိခိုက်တာပေါ့"

ကျန်းယင်းတိကလည်း ဝင်ပြောလိုက်၏။

"ဒီတစ်လော မိုးရွာတာ အရမ်းများနေတာလားမသိဘူး"

"ဒီလိုရာသီဥတုမျိုးမှာ မိုးနည်းနည်းရွာတာ သဘာဝပဲလေ"

ကျန်းကျောက်တိကတော့ ဂရုမစိုက်ဟန်ဖြင့် ဝင်ပြောလိုက်သည်။

သို့သော် စူးယောင်ကွမ်းကတော့ ထိုအရာအားလုံးကို သူမ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးနေရာအထိ ဆွဲထည့်လိုက်မိသည်။

‘ငါ အရေးကြီးတဲ့အရာတစ်ခုကို မေ့လျော့နေခဲ့ပုံပဲ’

အချိန်အတော်ကြာသွားခဲ့ပြီ ဖြစ်သဖြင့် ဤကာလအတွင်း ဤမျှကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ကို သူမ မမှတ်မိလုနီးပါး ဖြစ်နေခဲ့သည်။

သူမ၏အတိတ်ဘဝတွင်လည်း မိုးများ အဆက်မပြတ် ဆက်တိုက်ရွာသွန်းခဲ့သော ကာလတစ်ခု ရှိခဲ့ဖူးသည်။ ထိုစဉ်က သူမအနေဖြင့် မိသားစုကို ထောက်ပံ့ရန် အလုပ်ရှုပ်နေခဲ့ရပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်တိုင်အောင် သူမနှင့် ကျန်းကျောက်တိတို့ သားအမိနှစ်ယောက်ကတော့ ဝမ်းရေးအတွက် နေ့စဉ်နှင့်အမျှ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ကြရသည်။

ရှောင်းယန်ချီကတော့ ကျောင်းတော်တွင်သာ နေထိုင်ခဲ့ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေခဲ့သဖြင့် ထိုကာလအတွင်း သူမတို့သားအမိနှစ်ယောက် မည်သို့ပင်ပန်းစွာ ပိုက်ဆံရှာခဲ့ရသည်ကို လုံးဝ သိရှိခဲ့ခြင်းမရှိချေ။

ထိုအလှည့်အပြောင်းကာလ၏ အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်နိုင်ရန်အတွက် သူမနှင့် သူမ၏မိခင်ဖြစ်သူတို့ မိုးထဲရေထဲ၌ တစ်အိမ်တက်ဆင်း အလုပ်လိုက်ရှာကာ လုပ်ခလစာအနည်းဆုံးဖြင့် အပင်ပန်းဆုံးအလုပ်များကို မငြိုမငြင် လုပ်ကိုင်ခဲ့ကြရသည်။

ပို၍အရေးကြီးသည်က ထိုသို့မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့ထဲရှိ လူအများအပြား ဖျားနာကုန်ကြခြင်းပင်။ ထိုရောဂါက သာမန်အအေးမိနှာစေးသည့် လက္ခဏာမျှသာ ဖြစ်သဖြင့် အစပိုင်းတွင် သိပ်မပြင်းထန်လှဟု ထင်ရသော်လည်း နောက်ပိုင်းတွင်တော့ လူအတော်များများ အသက်မရှင်နိုင်ခဲ့ကြချေ။

ထိုစဥ်က သူမလည်း ထိုရောဂါ ကူးစက်ခံခဲ့ရသဖြင့် မိခင်ဖြစ်သူမှာ သူမအား ဆေးကုသပေးရန်အတွက် ရှိသမျှလယ်ယာမြေများကို ရောင်းချခဲ့ရသည်။ သူမ ခုတင်ပေါ်တွင် လဝက်နီးပါးမျှ လဲလျောင်းနေခဲ့ရပြီးမှသာ နောက်ဆုံး ပြန်လည်သက်သာလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောင်းယန်ချီ စာပေလေ့လာရာ၌ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် သူမ ထိုအကြောင်းအရာများကို သူ့ရှေ့၌ တစ်ခွန်းမျှ မဟခဲ့ပေ။

သူမ ရောဂါပျောက်ကင်းသွားပြီးနောက် ရှောင်းယန်ချီဆီသို့ ချက်ချင်း သွားရောက်တွေ့ဆုံခဲ့သော်လည်း သူ၏အေးစက်စက် ဆက်ဆံမှုကိုသာ ရရှိခဲ့သည်။ သူက သူမ သူ့အတွက် စားစရာနှင့် ငွေကြေးများ ယူမလာပေးနိုင်ပါက ငွေရှိသလို ဟန်မဆောင်ရန်နှင့် သူမကြောင့် သူ စာမသင်နိုင်တော့မည်ကို စိုးရိမ်ကြောင်း ကဲ့ရဲ့ရှုတ်ချခဲ့ဖူးသည်။

"အား..."

ကျိုးဝမ်ရှူ၏ နာကျင်စွာ အော်ဟစ်သံကြောင့် စူးယောင်ကွမ်းတစ်ယောက် အတွေးကမ္ဘာမှ ရုတ်တရက် နိုးထလာခဲ့သည်။

စူးယောင်ကွမ်း သူမ၏သတိကို ပြန်လည်စုစည်းလိုက်မိချိန်တွင် သူမ၏လက်က ကျိုးဝမ်ရှူ၏ လက်မောင်းကို ခပ်နာနာလေး ဆိတ်မိနေကြောင်း သတိပြုလိုက်မိသည်။

"တောင်းပန်ပါတယ်... ငါ သတိလွတ်သွားလို့"

ခင်ဗျား ဘာတွေ ဒီလောက် တွေးနေရတာလဲ။ အမူအရာကလည်း တစ်ယောက်ယောက်ကို သတ်တော့မယ့်အတိုင်းပဲ"

ကျိုးဝမ်ရှူက နီရဲသွားသည့် သူ့လက်မောင်းကို လက်ညှိုးထိုးပြရင်း ညည်းညူနေသေးသည်။

"ကြည့်ဦး... နီရဲကုန်ပြီ"

"ဝမ်ရှူ... ဒီတစ်လော မိုးရွာတာ အရမ်းများနေတယ်၊ တစ်ခုခုတော့ မမှန်ဘူး။ ငါ ဆိုင်မှာ ဆေးဝါးတချို့ ကြိုပြီး စုဆောင်းထားချင်တယ်"

"ဒါက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ဆိုင်မှာ ဆေးဆရာတစ်ယောက်ရှိနေတာပဲ၊ ဆေးဝါးအပိုအလျှံ အဆင်သင့်ရှိနေတာက အမြဲတမ်း ကောင်းမွန်တဲ့အရာလေ"

ကျိုးဝမ်ရှူက သူမ၏စကားကို ထောက်ခံလိုက်သည်။

"ခင်ဗျား လိုချင်တဲ့ ဆေးစာရင်းကိုသာ ရေးပေးလိုက်၊ ကျွန်တော် ဆေးဆိုင်ကို သွားဝယ်ပေးမယ်"

"ငါလည်း ဘာတွေလိုမလဲဆိုတာ သေချာမသိသေးဘူး။ အဲ့ဒါကြောင့် ကျင့်အာဆီ သွားပြီး သူ့ကို ဆေးစာရင်းတစ်ခုလောက် ရေးခိုင်းလိုက်ဦးမယ်"

စူးယောင်ကွမ်းက ကျန်းကျင့်ကို ချက်ချင်း သွားရှာလိုက်ပြီး သူမ စိုးရိမ်နေသည့်အရာများကို အသေးစိတ် ပြောပြကာ သာမန်အအေးမိခြင်းနှင့် တူသော်လည်း တကယ်တမ်း အအေးမိခြင်းမဟုတ်သည့် ရောဂါလက္ခဏာမျိုး ရှိ မရှိ မေးမြန်းလိုက်သည်။

ကျန်းကျင့်က စူးယောင်ကွမ်း ပြောနေသည့်အရာကို သေသေချာချာ နားမလည်သော်လည်း သူမ ဖော်ပြသည့် လက္ခဏာများအပေါ် မူတည်ပြီး အခြေခံ ဆေးညွှန်းများ စီစဥ်ပေးခဲ့သည်။

ကျိုးဝမ်ရှူက ထိုဆေးစာရင်းကို လွှဲပြောင်းယူသွားပြီး စူးယောင်ကွမ်းလည်း သူ့ကို စိတ်မချသဖြင့် ဆေးခန်းသို့ လိုက်ပါသွားခဲ့ကာ ဆေးဘက်ဝင်အပင်မျိုးစုံကို အတူတူ ပြင်ဆင်ကြတော့သည်။

"ဒါတွေပြီးရင် ငါတို့ အိမ်မှာ သိုလှောင်ထားဖို့ ဆန်နဲ့ ကောက်ပဲသီးနှံတွေပါ သွားဝယ်ကြရမယ်။ စဥ်းစားကြည့်လေ... မိုးက ဒီလောက်အထိ သည်းသည်းထန်ထန် ရွာနေတာဆိုတော့ ရိက္ခာသယ်ယူပို့ဆောင်ရေးက ပိုခက်ခဲလာလိမ့်မယ်၊ အဲ့ဒါဆိုရင် ကုန်စျေးနှုန်းတွေကလည်း ကျိန်းသေပေါက် တက်လာတော့မှာ"

"ယောင်ကွမ်း ပြောတာ မှန်တယ်"

ကျိုးဝမ်ရှူက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ကျွန်တော်လည်း ချန်ပုယွိနဲ့ ကျုံးချူရှန်းတို့ကို သူတို့အိမ်မှာ ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ သွားပြောဦးမယ်"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က ထီးတစ်ချက်အောက်မှ အတူတူ လမ်းလျှောက်လာခဲ့ကြသည်။

ထိုစဥ် ထီးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ရှောင်းယန်ချီကလည်း စာအုပ်ဆိုင်ထဲမှ ထွက်လာခဲ့သည်။

သူတို့နှစ်ဦး အတူတူ ရယ်မောကာ စကားပြောဆိုနေကြသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းယန်ချီ၏ ရင်ထဲမှ ဒေါသအလိပ်လိုက် ထွက်ပေါ်လာပြီး စာအုပ်များကို ရင်ခွင်ထဲပိုက်ကာ သူတို့ရှိရာဘက်သို့ ခပ်သွက်သွက် ပြေးလာခဲ့သည်။

သူက အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ပြီး စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့နှစ်ဦး၏ ကြားထဲသို့ တည့်တည့် တိုးဝင်လာခဲ့သည်။

"သတိထား..."

စူးယောင်ကွမ်း မြေပြင်ပေါ်သို့ လဲကျတော့မည်ကို မြင်လိုက်ရသော်လည်း ကျိုးဝမ်ရှူက သူမကို အချိန်မီ လှမ်းမဖမ်းနိုင်တော့ဘဲ သူ့၏ခန္ဓာကိုယ်ကို လူသားထိုင်ဖုံအဖြစ် ခံပေးလိုက်ပြီး အကျသက်သာအောင် ကာကွယ်ပေးလိုက်သည်။

All Chapters