← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း ၁၁၃ ဒေါသပုံချခြင်း

မြေပြင်တစ်ခုလုံး ရေများပြည့်လျှံနေသဖြင့် မြေပြင်ပေါ်သို့ လဲကျနေသည့် ကျိုးဝမ်ရှူတစ်ယောက် ခြေဆုံးခေါင်းဆုံး ရွှံ့များ ဖုံးလွှမ်းနေလေသည်။

စူးယောင်ကွမ်းက သူမဘာသာ ရုန်းကန်ထရပ်လိုက်ကာ ကျိုးဝမ်ရှူကိုပါ တွဲထူရင်း လှမ်းမေးလိုက်သည်။

"နင် အဆင်ပြေရဲ့လား၊ ဘယ်နေရာကို ထိခိုက်သွားသေးလဲ"

ကျိုးဝမ်ရှူက ခေါင်းခါပြနေသည်။

သူက ထိုင်ရက်အနေအထားသို့ ပြောင်းလဲလိုက်ပြီး စောစောက ဘေးသို့ လွင့်သွားသည့် ထီးကို ကောက်ယူကာ ရှောင်းယန်ချီဆီသို့ လှမ်းပစ်ပေါက်လိုက်သည်။

ဘုန်း....

ရှောင်းယန်ချီလည်း ခါးကို အရှိန်ဖြင့် အရိုက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အကြိမ်အနည်းငယ်မျှ လိမ့်ဆင်းသွားခဲ့သည်။

"အား..."

ရှောင်းယန်ချီက သူ့ခါးဆီမှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏လက်ထဲတွင် ကိုင်ထားသော စာအုပ်များကလည်း လွင့်ထွက်သွားကာ ရွှံ့နွံထဲသို့ နစ်ဝင်သွားသည်ကို သူ မြင်လိုက်ရသည်။

သူက ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကာ ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"မင်းတို့..."

"မင်းတို့.... ဘာဖြစ်လဲ၊ နင် လမ်းလျှောက်တာ မျက်စိမပါဘူးလား"

စူးယောင်ကွမ်းက အရင်ဦးအောင် ငေါက်ငမ်းလိုက်သည်။

"ဝမ်ရှူသာ တစ်နေရာရာ ထိခိုက်သွားလို့ကတော့ နင့်ကို ငါ ရှစ်ပိုင်းပိုင်းပစ်မယ်။ နင် စာတွေ ဒီလောက်သင်ထားတာ အလကားပဲလို့ ငါ ထင်တယ်"

ကျိုးဝမ်ရှူကတော့ ညင်သာစွာ ဝင်ပြောနေရှာသည်။

"ဒေါသ မထွက်ပါနဲ့ ယောင်ကွမ်းရယ်၊ ခင်ဗျား ဒေါသထွက်ဖို့ မတန်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အဆင်ပြေပါတယ်၊ အိမ်ပြန်ရောက်လို့ ရေဆေးလိုက်ရင် အဆင်ပြေပါပြီ"

စူးယောင်ကွမ်းက သူမ၏ရင်ခွင်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ကျိုးဝမ်ရှူ၏ ပါးပြင်ပေါ်ရှိ ရွှံ့များကို သုတ်ပေးလိုက်သည်။

ရှောင်းယန်ချီကလည်း သူ့ဘာသာသူ ထရပ်ရန် ကြိုးစားလိုက်သော်လည်း အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် အလွန်အမင်း နာကျင်လာရသည်။ သူ့မျက်နှာက ပျက်ယွင်းသွားပြီး ကျိုးဝမ်ရှူရှိရာသို့ အော်ဟစ်လိုက်သည်။

"ငါ့ခါးကို ထိခိုက်သွားပြီ၊ ငါ့ကို ဆေးခန်းဆီ အမြန် လိုက်ပို့ပေးဦး"

"သူ့ကို ဂရုမစိုက်နဲ့"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"နင့်တစ်ကိုယ်လုံးလည်း ရွှံ့တွေ ပေနေပြီ၊ မိုးကလည်း ပိုသည်းလာပြီဆိုတော့ ငါတို့ မြန်မြန် ပြန်မှ ဖြစ်မယ်"

ရှောင်းယန်ချီကလည်း သူတို့ ထွက်ခွာတော့မည်ကို မြင်နေခဲ့သည်။

စူးယောင်ကွမ်းက စောစောက လွင့်ပစ်လိုက်သည့် ထီးကို ပြန်ကောက်ယူလိုက်သည်။

ရှောင်းယန်ချီက သူမ၏ခြေထောက်ကို လှမ်းဖက်လိုက်ပြီး မျက်ဝန်းအိမ်များ နီရဲလျက် ယခင်က တစ်ခါမျှ မရှိဖူးသော ဒေါသနှင့် နာကျည်းမှုများ ပြည့်နှက်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။

"စူးယောင်ကွမ်း... မင်း တကယ်ပဲ ဒီလောက်အထိ ရက်စက်တော့မှာလား။ အရင်တုန်းကဆို မင်း ငါ့ကို ဘယ်တော့မှ ထိခိုက်စေချင်ခဲ့တာ မဟုတ်ဘူးလေ"

ထိုစကားကြောင့် စူးယောင်ကွမ်းတစ်ယောက် ခဏမျှ မှင်တက်သွားရသည်။

သို့သော်လည်း သူမ ချက်ချင်း သတိပြန်ဝင်လာပြီး ရွံရှာစက်ဆုပ်စွာဖြင့် သူ့ကို ကန်ထုတ်လိုက်ကာ ကျိုးဝမ်ရှူကို ပြောလိုက်ပြန်သည်။

"ဒီလူ ရူးသွားပြီလား မသိဘူး၊ စိတ်ကူးယဉ်အတွေးတွေနဲ့ ကယောင်ကတမ်းတွေ လာလုပ်နေတယ်"

"သူ့ဦးနှောက်ထဲ ရေတွေ ဝင်သွားလို့ ရူးသွားတာနေမှာပေါ့"

ကျိုးဝမ်ရှူကလည်း သူမကို ဆွဲခေါ်ရင်း ပြန်ပြောလိုက်သည်။

ရှောင်းယန်ချီက ဝေးကွာသွားသည့် စူးယောင်ကွမ်း၏ ကျောပြင်ကို ကြည့်ကာ လှမ်းအော်နေပြန်သည်။

"စူးယောင်ကွမ်း... ဒီကို ပြန်လာခဲ့စမ်း"

စူးယောင်ကွမ်းက နောက်သို့ ပြန်လှည့်ကာ ရှောင်းယန်ချီကို တစ်ချက် ကြည့်လိုက်သည်။

ကျိုးဝမ်ရှူက သူမအတွက် ထီးမိုးပေးထားပြီး သူမ ရှောင်းယန်ချီဘက်သို့ လှည့်ကြည့်သည်ကို မြင်လိုက်ရသောကြောင့် သူက မေးမြန်းလာခဲ့သည်။

"သူ့ကို ဆေးခန်း ပို့ပေးဖို့ လူနှစ်ယောက်လောက် ခေါ်ပေးလိုက်ရမလား"

စူးယောင်ကွမ်း ပြန်မပြောနိုင်သေးမီမှာပင် သူက ဆက်ပြောနေပြန်သည်။

"သူက ကျွန်တော်တို့နှစ်ယောက်ကြားထဲကို တမင်တကာ တိုးဝင်ပြီး ခင်ဗျား လဲကျအောင် လုပ်ခဲ့တာလေ။ သူ အလွန်အကျွံ မလုပ်ရင် ကျွန်တော်လည်း သူ့ကို ထီးနဲ့ ရိုက်မှာ မဟုတ်ဘူး။ သူ့ဘက်က ဒီလောက်အထိ အားနည်းလိမ့်မယ်လို့တော့ ကျွန်တော် မထင်ထားမိဘူးလေ။ အဲ့ဒီထီးက ဘယ်လောက်တောင် လေးနေလို့လဲ၊ ရိုက်ခံရရုံနဲ့ကို ပြန်မထနိုင်တော့ဘူး။ သူက စက္ကူနဲ့ လုပ်ထားတာလား"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"သူ မိုးမိပြီး သေသွားရင်တောင် သူ့အပြစ်နဲ့သူပဲ၊ ငါတို့က ဘာလို့ သူ့ကို ဂရုစိုက်နေရမှာလဲ"

"သူ အခုတင်ပဲ ပြောသွားသေးတယ်၊ အရင်တုန်းက ခင်ဗျားက သူ့ကို ဘယ်တော့မှ ထိခိုက်ခံခဲ့တာ မဟုတ်ဘူးတဲ့။ အဲ့ဒါ ဘယ်တုန်းကလဲ။ ကျွန်တော် မှတ်မိသလောက်တော့ ကျွန်တော်တို့တွေ ရွာထဲကို အတူတူ ဝင်လာခဲ့ကြတာလေ၊ အရင်က ခင်ဗျားနဲ့ သူနဲ့ ပတ်သက်မှုတစ်ခုခု ရှိခဲ့တာမျိုးကို ကျွန်‌တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး"

"အဲ့ဒါကြောင့်မလို့ သူ စိတ်မမှန်ဘူးလို့ ငါ ပြောခဲ့တာပေါ့"

စူးယောင်ကွမ်း၏ သဘောထားကို မြင်လိုက်ရသောကြောင့် ကျိုးဝမ်ရှူက ထပ်မမေးတော့ချေ။

သို့သော်လည်း စူးယောင်ကွမ်း၏ ရင်ထဲတွင်တော့ အတွေးလှိုင်းတချို့ လှုပ်ခတ်နေခဲ့ရသည်။

‘စောစောက ရှောင်းယန်ချီ ပြောသွားတဲ့ စကားက ဘာအဓိပ္ပာယ်လဲ...’

‘ဒီဘဝမှာ ငါ ရှောင်းယန်ချီကို မျက်နှာသာတစ်ချက်တောင် မပေးခဲ့သလို သူနဲ့လည်း ဘာမှ ပတ်သက်ခဲ့တာ မဟုတ်ဘူး။ ဒီဘဝမှာ ငါ့ရဲ့မူဝါဒက သူ့ကို လျစ်လျူရှုထားဖို့နဲ့ ဘာပြဿနာမှ မရှာဘဲ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲလေ။ ဒါပေမဲ့ သူက အဲ့ဒီစကားတွေကို ပြောလာခဲ့တယ်။ ဘယ်နေရာမှာ လွဲချော်သွားတာလဲ’

‘သူ ပြောနိုင်တာဆိုလို့ အတိတ်ဘဝအကြောင်းပဲ ရှိတယ်။ ဒါဆို အဲ့ဒီလူကလည်း အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားတာများလား’

"ဘုရားရေ... နင်တို့နှစ်ယောက် ဘာဖြစ်လာကြတာလဲ"

ကျန်းဖန့်တိက သူမတို့နှစ်ယောက်စလုံး ရွှံ့များ ပေပွနေသည်ကို မြင်သွားပြီး အထူးသဖြင့် ကျိုးဝမ်ရှူတစ်ယောက် ရွှံ့နွံထဲတွင် လိမ့်လာသည့်အလား ဖြစ်နေသည်ကို မြင်လိုက်ရ‌သောကြောင့် လှမ်းအော်လိုက်သည်။

"ချွန်းနီ... ရေအမြန် သွားကျိုလိုက်ဦး"

ယနေ့ ဆိုင်တွင် ဝယ်သူ သိပ်မရှိသဖြင့် ကျားချွန်းနီက ကျန်းကျင့်နှင့်အတူ အတွင်းခန်းထဲ၌ ပါးနီမှုူန့်နှင့် မျက်နှာချေမှုန့်များ ပြုလုပ်နေခြင်း ဖြစ်သည်။

သူမက ကျန်းဖန့်တိ၏ စကားကို ကြားလိုက်သောကြောင့် အတွင်းထဲမှ ပြန်ထူးလိုက်သည်။

"သိပြီ"

"ကျွန်မ ဆေးဆိုင်ကနေ ဆေးဘက်ဝင်အပင်တွေရယ်၊ ဆန်ဆိုင်ကနေ ကောက်ပဲသီးနှံတွေရယ် အများကြီး မှာထားတယ်။ သူတို့ ဒီည အရောက်ပို့ပေးလိမ့်မယ်။ ဒီအကြောင်းကို လူသိအောင် လုပ်လို့ မရဘူး၊ ကျွန်မတို့ တိတ်တဆိတ်ပဲ လုပ်ရမယ်"

စူးယောင်ကွမ်းက အားလုံးကို လှမ်းပြောလိုက်သည်။

"ဘာလို့ ဒီလိုလုပ်ရတာလဲ"

ကျန်းယင်းတိက ပြန်မေးလိုက်သည်။

"ငါတို့ ဆန်နဲ့ ဆေးဝါးတွေကို ရိုးရိုးသားသား ဝယ်တာပဲလေ။ အခုကျတော့ ခိုးကြောင်ခိုးဝှက် လုပ်နေရသလိုပဲ"

"ဒီမိုးကို ကြည့်ဦးလေ... ဘယ်တော့တိတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ မိုးက ဒီလောက်အထိ ကာလရှည်ကြာ ရွာနေတာဆိုတော့ ကောက်နှံတွေ သယ်ယူဖို့ ပိုပိုပြီး ခက်ခဲလာလိမ့်မယ်၊ နောက်ဆိုရင် ကုန်စျေးနှုန်းတွေကလည်း ကျိန်းသေပေါက် တက်လာတော့မှာ။ ကောက်နှံတွေက သိုလှောင်ရလွယ်ကူတယ်၊ အကုန်မစားနိုင်ရင်တောင် တစ်နှစ်၊ နှစ်နှစ်လောက်အထိ ပျက်စီးသွားမှာ မဟုတ်ဘူး။ ရိက္ခာတွေ ပိုသိုလှောင်ထားနိုင်ရင် တခြားအရာတွေ ပြတ်လပ်သွားတာတောင် ကျွန်မတို့ စိုးရိမ်စရာ မလိုတော့မှာ မဟုတ်ဘူးလား"

စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။

"ရိက္ခာတွေ ပိုသိုလှောင်ထားတာက မှန်တယ်"

ကျန်းကျောက်တိက အတွင်းခန်းထဲမှ ထွက်လာရင်း ဝင်ပြောလိုက်သည်။

"ဆန်စပါးဆိုတာက ကောင်းတဲ့အရာပဲ၊ အကုန်မစားနိုင်ရင်လည်း ဖြည်းဖြည်းချင်း စားလို့ရတာပဲလေ။ ငါတို့ယောင်ကွမ်း ပြောတာ မှန်တယ်၊ အခုလို အခြေအနေမျိုးနဲ့ဆိုရင် ရိက္ခာသယ်ယူပို့ဆောင်ရေးက ဘယ်အချိန်မှာ ပြတ်တောက်သွားမလဲ မသိနိုင်ဘူး"

"ဒါဆိုရင်တော့ ကျွန်မတို့ အနောက်ဘက်က သိုလှောင်ရုံကို ရှင်းလင်းလိုက်ကြရအောင်"

ကျန်းယင်းတိက ပြန်ပြောလိုက်သည်။

"ဒီမိုးသာ ရက်အနည်းငယ်လောက် တိတ်သွားရင် အရမ်းကောင်းမှာပဲ။ အနောက်ဘက်ခြံဝင်းကို ရှင်းလင်းပြီး အခန်းအနည်းငယ်လောက် ထပ်တိုးဆောက်ဖို့ ကျွန်မ စဥ်းစားနေတာ။ အခုလောလောဆယ်တော့ ကျွန်မတို့ နေဖို့တောင် အနိုင်နိုင်ရှိသေးတယ်၊ ပစ္စည်းတွေ သိုလှောင်ဖို့ နေရာ မရှိဘူး"

စူးယောင်ကွမ်းက ညည်းညူလိုက်သည်။

"သမီးလေး... အဲ့ဒီ အဝတ်အစား အစိုကြီးတွေကို မြန်မြန်သွားလဲလိုက်ဦး။ ပြီးတော့ ဝမ်ရှူ... မင်းလည်း ရေချိုးပြီး အဝတ်အစား သွားလဲလိုက်ဦး။ နင်တို့နှစ်ယောက် ဘာဖြစ်လာကြတာလဲ"

ကျန်းကျောက်တိက စိတ်မကောင်းခြင်းကြီးစွာဖြင့် လှမ်းပြောလိုက်သည်။

"မပြောပါနဲ့တော့ အမေရယ်။ လမ်းလျှောက်ရင်းနဲ့ အရူးတစ်ယောက်ကို ဝင်တိုးမိတယ်"

စူးယောင်ကွမ်းက ရွံရှာစက်ဆုပ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒီနေ့ ဝယ်သူလည်း မရှိတော့ဘူးဆိုတော့ တံခါးပိတ်ပြီး ခဏလောက် အနားယူကြရအောင်"

ကျန်းကျောက်တိက ဝမ်ဟွမ်ကျစ်နှင့် ကျန်းယင်းတိတို့ကို ညွှန်ကြားလိုက်သည်။

ဝမ်ဟွမ်ကျစ်က တံခါးပိတ်ရန် သွားနေပြီး သူ အဝင်ဝသို့ ရောက်သွားချိန်တွင် လမ်းတစ်ဖက်ရှိ ဖုန်းဟွာကော့ဆီသို့ ရွှံ့ရုပ်တစ်ခုကို ထမ်းလာသည့် လူနှစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။

သူ စူးစမ်းလိုစိတ်ဖြင့် ခေတ္တမျှ စောင့်ကြည့်နေမိရာ ထိုလူနှစ်ယောက်က ဖုန်းဟွာကော့၏ တံခါးကို ခေါက်ပြီး ကျုံးလန်ဟွာအား ပြောနေသည့်စကားများကို သူ ကြားလိုက်ရသည်။

"ဒါ အဒေါ်တို့အိမ်က လူလားဗျ။ သူ ဒဏ်ရာရပြီး မြေကြီးပေါ်မှာ မလှုပ်နိုင်ဘဲ လဲနေလို့။ ကျွန်တော်တို့ ပြန်ထမ်းလာပေးတာ။ သူ့ကို ထမ်းလာပေးရင် တစ်ယောက်ကို ကြေးပြားဆယ်ပြားစီ ပေးမယ်လို့ သူ ပြောတယ်၊ ပိုက်ဆံပေးရင် သူ့ကို အထဲအထိ ထမ်းခေါ်သွားပေးပါ့မယ်"

ကျုံးလန်ဟွာက ဖရိုဖရဲဖြစ်နေသော ရှောင်းယန်ချီကို ကြည့်ပြီး မျက်နှာ ပျက်သွားခဲ့သည်။

"ငါ ပြောလိုက်မယ်... နင်က ငါတို့မိသားစုဆီကို ကံဆိုးမှုတွေ တမင်တကာ ယူဆောင်လာတာလား။ ဒဏ်ရာရထားတာ မကြာသေးဘူး၊ ဒီနေ့ အပြင်ထွက်တာနဲ့ တခါ ထပ်ပြီး ဒဏ်ရာရပြန်ပြီ။ ငါတို့အိမ်က ပိုက်ဆံတွေက ရေတွက်လို့ မကုန်ဘူးလို့ နင် ထင်နေတာလား။ နင်က ငါတို့အိမ်ရဲ့ ရေရှည်အလုပ်သမားဆိုတာ မမေ့နဲ့ဦး။ နင်ကိုယ်နင် တကယ်ပဲ သခင်များ မှတ်နေလား၊ ငါတို့မှာ ပိုက်ဆံမရှိဘူး"

"ပိုက်ဆံမပေးရင် သူ့ကို အပြင်မှာပဲ ပစ်ထားခဲ့ရမှာလား"

လူလာပို့ပေးသည့် သူတောင်းစားက ခြိမ်းခြောက်လိုက်သည်။

"ပစ်ထားလိုက်လေ၊ ဘယ်သူက ဂရုစိုက်မှာလဲ"

ထိုအချိန်တွင် ကျန်းရိဟွမ်းတစ်ယောက် အလောတကြီး ပြေးထွက်လာပြီး တားနေရှာသည်။

"မပစ်ပါနဲ့၊ ကျွန်မ ပိုက်ဆံပေးပါ့မယ်"

ရှောင်းယန်ချီက စောစောကပင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့၏ အရှက်ခွဲခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ယခုအခါ ကျုံးလန်ဟွာ၏ စော်ကားမှုကိုပါ ထပ်မံခံလိုက်ရသဖြင့် သူ လူသတ်ချင်စိတ်များပင် ပေါက်လာရသည်။ သူက ကျုံးလန်ဟွာကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေမိပြီး ဤရိုင်းစိုင်းသော မိန်းမကြီးကို ယခုချက်ချင်း သတ်ပစ်ချင်နေမိသည်။ ကျန်းရိဟွမ်း ပေါ်လာပြီးနောက်မှသာ သူ၏ ဒေါသများ အတန်ငယ် ပြေလျော့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤမိန်းမကြမ်းကြီးက ကျန်းရိဟွမ်း၏ မိခင်ဖြစ်နေသဖြင့် သူမ၏ မျက်နှာကို ထောက်ထားကာ ယခုတစ်ကြိမ် လွှတ်ပေးလိုက်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ကျန်းရိဟွမ်းက ငွေပေးလိုက်သဖြင့် သူတောင်းစားနှစ်ဦးက ရှောင်းယန်ချီကို အထဲသို့ ထမ်းခေါ်သွားကြသည်။

ကျုံးလန်ဟွာကတော့ ဒေါသတကြီး ဆဲဆိုနေဆဲဖြစ်ပြီး ကျန်းရိဟွမ်းတစ်ယောက် အတန်တန် ဖျောင်းဖျပြောဆိုမှသာ စိတ်ဆိုးမာန်ဆိုးဖြင့် အထဲသို့ ဝင်သွားတော့သည်။

ဝမ်ဟွမ်ကျစ်က တံခါးကို ပိတ်လိုက်ပြီး ကျန်းကျောက်တိအား လှမ်းပြောလိုက်သည်။

"တော်သေးတာပေါ့၊ ယောင်ကွမ်းက အဲ့ဒီ ရှောင်းမျိုးရိုးကောင်လေးကို မဝယ်ခဲ့ဘူး။ လူကဖြင့် ဒီလောက် အရွယ်ရောက်ပြီ၊ အခုလို အားနည်းပြီး အားကိုးမရမှတော့... သူ့ကို အလှပြဖို့ ဝယ်ရမှာလား"

အခန်း ၁၁၄ မိုးတိတ်သွားခြင်း

နောက်တစ်နေ့ မိုးတိတ်သွားချိန်တွင် ကျန်းဖန့်တိက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ငါတို့ ယောင်ကွမ်းလေးရဲ့ ပါးစပ်က တကယ် ကောင်းချီးပေးခံထားရတာပဲ။ မိုးတိတ်စေချင်တယ်လို့ ပြောရုံရှိသေးတယ်၊ တကယ်ကြီး မိုးတိတ်သွားတာပဲ"

ကျားချွန်းနီက ဘေးမှ ဝင်မေးလိုက်၏။

"အခု မိုးတိတ်သွားပြီဆိုတော့ ကောက်ပဲသီးနှံစျေးတွေ တက်မှာကို စိုးရိမ်စရာ မလိုတော့ဘူးမဟုတ်လား"

"ဒါကတော့ အသေအချာ ပြောလို့ မရသေးဘူး"

ဝမ်ဟွမ်ကျစ်က ပြင်ပမှ မိုးကောင်းကင်ကို လှမ်းကြည့်ရင်း ဝင်ပြောလိုက်သည်။

"ကောင်းကင်ရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ မိုးက ခဏပဲ ရပ်သွားတာ ဖြစ်လိမ့်မယ်၊ နောက်ဆိုရင် ပြန်ရွာလာဦးမှာပဲ။ လောလောဆယ်တော့ အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်းစီပဲ သွားကြရအောင်"

ထိုအချိန်တွင် စူးယောင်ကွမ်းက လက်သမားဆရာများကို ဦးဆောင်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။

"ဒုတိယဒေါ်လေး၊ တတိယဒေါ်‌လေး... ဒါက ဆရာကြီးထန်ပါ။ ပစ္စည်းတွေ သိုလှောင်ဖို့ အခန်းအနည်းငယ် ထပ်တိုးဆောက်ဖို့ရယ်၊ ကျွန်မတို့နေတဲ့ အခန်းတွေကို ပြုပြင်ဖို့ရယ်အတွက် ဆရာကြီးထန်ကို အကူအညီတောင်းထားတာ။ ဒေါ်လေးတို့အနေနဲ့ ကျွန်မအတွက် ကူညီ ဂရုစိုက်ပေးကြပါဦး။ ဆရာကြီးထန် တစ်ခုခု လိုအပ်တာရှိရင်ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြပါဦးနော်"

"ရတာပေါ့၊ ဆရာကြီးထန်... တစ်ခုခု လိုအပ်တာရှိရင် ကျွန်မတို့ကို အားမနာတမ်း ပြောပါနော်"

ကျန်းဖန့်တိက လက်သမားဆရာကို အနောက်ဘက်ခြံဝင်းဆီသို့ လမ်းပြခေါ်ဆောင်သွားရင်း ပြောလိုက်သည်။

"ဒီဘက်ကို ကြွပါ"

ဆရာကြီးထန်က ပြောလိုက်၏။

"သခင်မလေးက သူ လိုချင်တဲ့ လိုအပ်ချက်တွေကို သေသေချာချာ မှာကြားထားပြီးပြီဆိုတော့ ကျွန်တော် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်။ အခု အခြေအနေကို အရင် ကြည့်ရှုပြီး ဒီနေ့မွန်းလွဲပိုင်းကျရင် တပည့်တွေကို ခေါ်လာပြီး အလုပ်စလိုက်ပါ့မယ်"

"ကျွန်မတို့က အရှေ့ဘက်ခြံဝင်းမှာ စျေးရောင်းနေရတာဆိုတော့ အနောက်ပေါက်ကနေပဲ ဝင်ထွက်ပေးပါရှင်"

"ဒါပေါ့၊ ရပါတယ်"

ကျန်းယင်းတိက စူးယောင်ကွမ်းအား ထပ်မေးလိုက်သေးသည်။

"ယောင်ကွမ်း... ဘာပဲပြောပြော ဒီအိမ်က ငှားထားတာလေ။ အခုလိုမျိုး ပြုပြင်မွမ်းမံပြီး အခန်းတွေ အများကြီး ထပ်တိုးဆောက်လိုက်လို့ အိမ်က အရမ်းကောင်းသွားတဲ့အခါ အိမ်ရှင်က ငါတို့ကို ဆက်မငှားတော့ဘူးလို့ ပြောလာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီကျရင် ငါတို့ မရွှေ့ချင်လည်း ပြောင်းရွှေ့ရတော့မှာဆိုတော့ အရှုံးကြီး ရှုံးသွားလိမ့်မယ်"

"စိတ်မပူပါနဲ့ တတိယဒေါ်လေးရယ်၊ အဲ့ဒီအကြောင်းကို ကျွန်မ ကြိုတင်စဥ်းစားထားပြီးသားမလို့ အိမ်ကို တစ်ခါတည်း ဝယ်လိုက်ပါပြီ"

စူးယောင်ကွမ်းက သူမ၏ အိတ်ကပ်ထဲမှ ပိုင်ဆိုင်မှုစာချုပ်ကို ထုတ်ပြလိုက်သည်။

"ကျွန်မ ဒီအလုပ်မစခင်ကတည်းက အိမ်ရှင်နဲ့ ဆက်သွယ်ပြီး စာချုပ်ကို အပြီးအပိုင် လွှဲပြောင်းထားတာပါ"

"ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်သွားပြီ"

ကျားချွန်းနီက ဝမ်းသာအားရ ဝင်ပြောလိုက်သည်။

"ဒါက အကြီးဆုံးဒေါ်လေးနဲ့ အစ်မဝမ်းကွဲတို့ရဲ့ ကိုယ်ပိုင်အိမ် ဖြစ်သွားပြီဆိုတော့ ကျွန်မတို့တွေ ခိုကိုးရာမဲ့ဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

"သမီး ကျင်းအာဆီကို သွားကြည့်လိုက်ဦးမယ်"

စူးယောင်ကွမ်းက ပိုင်ဆိုင်မှုစာချုပ်ကို ပြန်သိမ်းလိုက်ပြီး အတွင်းခန်းရှိ ဆေးဘက်ဝင်ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းကျင့်က ဝမ်ချွန်းဟွာအား သတိထားရမည့် အချက်များကို ရှင်းပြနေပြီး ထပ်ပြောလိုက်သည်။

"အစ်မရဲ့ သွေးခုန်နှုန်းကို ကြည့်ရသလောက်တော့ ခန္ဓာကိုယ်ထဲက အစိုဓာတ်တွေ အများကြီး သက်သာသွားပြီ။ မကြာသေးခင်က အိပ်စက်ရတာ ပိုပြီး အဆင်ပြေလာတာကို သတိထားမိလားဟင်"

"ဒါပေါ့။ နတ်သမီးလေးလို တော်တဲ့ သမားတော်မလေးရယ်... အိပ်လို့ ကောင်းရုံတင်မကဘူး၊ အခုဆို အရင်လို လမ်းအနည်းငယ် လျှောက်ရုံနဲ့တင် အသက်မရှူနိုင်တာမျိုး မဖြစ်တော့ဘူး။ ပြီးတော့ ကျွန်မရဲ့ အသားအရေကို ကြည့်ပါဦး၊ ဒီမှာ ကိုင်ကြည့်ပါဦး... တကယ့်ကို တို့ဟူးလေးလို နုဖတ်နေတာပဲ။ ကျွန်မရဲ့ အဒေါ်ကတောင် ကုန်ရတဲ့ ပိုက်ဆံနဲ့ တန်တယ်လို့ ပြောနေတာ။ ဒါကြောင့်မလို့ မနက်ဖြန်ကျရင် ကျွန်မရဲ့ ဝမ်းကွဲညီမလေးကိုပါ ဒီကို ခေါ်လာခဲ့ဦးမလို့လေ။ ကျွန်မ ညီမလေးက ကိုယ်အလေးချိန်ချဖို့ မလိုပေမဲ့ သူ့အသားအရေက ကြမ်းတမ်းနေလို့လေ။ နောက်နှစ်ကျရင် အိမ်ထောင်ဖက်ကောင်းကောင်းလေး ရနိုင်အောင် သူ့အသားအရေကို သေသေချာချာ ထိန်းသိမ်းရမယ်လေ"

ဝမ်ချွန်းဟွာက စိတ်လှုပ်ရှားဟန်ဖြင့် ပြောပြနေလေသည်။

"အစ်မကြီး ဘယ်လောက်အထိ ကိုယ်အလေးချိန် ကျသွားပြီလဲ"

စူးယောင်ကွမ်းက ကျန်းကျင့်အား လှမ်းမေးလိုက်သည်။

"လောလောဆယ်အထိတော့ ရှစ်ကျင်းအထိ ကျသွားပြီ"

ကျန်းကျင့်က ထပ်ရှင်းပြနေသေးသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းတင် အစ်မဝမ်ချွန်းဟွာရဲ့ ဆေးညွှန်းကို ပြောင်းပေးလိုက်တယ်။ အစ်မကြီးရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိဖို့ အဓိက အာရုံစိုက်ထားတာမလို့ ဒီကာလအတွင်းမှာတော့ ကိုယ်အလေးချိန်ကျတာ နည်းနည်း နှေးကွေးလိမ့်မယ်"

"အစ်မချွန်းဟွာ... ဒီရလဒ်ကို စိတ်တိုင်းကျရဲ့လားဟင်"

စူးယောင်ကွမ်းက ဝမ်ချွန်းဟွာကို လှမ်းမေးလိုက်ပြန်သည်။

"စိတ်တိုင်းကျတာပေါ့၊ တကယ့်ကို စိတ်တိုင်းကျတယ်။ ကျွန်မရဲ့ မိသားစုဝင်တွေလည်း ကျွန်မရဲ့ ပြောင်းလဲမှုကို မြင်ပြီး အရမ်း ဝမ်းသာနေကြတာ"

ဝမ်ချွန်းဟွာက ပြန်ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ကျွန်မရဲ့ ဝမ်းကွဲညီမနှစ်ယောက်ကိုပါ ဒီကို ခေါ်လာခဲ့ဦးမှာမလို့ ကျွန်မအတွက် နေရာလေး ချန်ထားပေးပါဦးနော်"

"မနက်ဖြန် ကျွန်မက ဝယ်သူတစ်ယောက်ဆီ သွားတွေ့စရာ ရှိတယ်၊ ကျန်တဲ့လူတွေကတော့ ဆိုင်မှာ ရှိနေမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဆိုင်မှာရှိတဲ့ လူတိုင်းကလည်း ပညာရပ်တိုင်းမှာ ထူးချွန်ကြပါတယ်"

စူးယောင်ကွမ်းက ဝမ်ချွန်းဟွာနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုနေခဲ့သည်။ ထို့နောက် ကျန်းယင်းတိက အခန်းထဲသို့ ဝင်လာပြီး ဝမ်ချွန်းဟွာအား အနှိပ်ကုထုံး ဆက်လက် လုပ်ဆောင်ပေးရန် ကျန်းကျင့်ကို လူစားလဲပေးလိုက်သဖြင့် စူးယောင်ကွမ်းလည်း အပြင်ဘက် ဆိုင်ခန်းသို့ ထွက်လာကာ အလုပ်များကို ဆက်ဦးစီးနေလိုက်သည်။

ဝမ်ချွန်းဟွာ၏ ရလဒ်ကောင်းများကြောင့် ဆိုင်၏ နာမည်ဂုဏ်သတင်းက ခိုင်မာကျော်ကြားနေခဲ့ပြီ ဖြစ်သည်။ ယနေ့ မိုးတိတ်သွားသည်နှင့် ဆိုင်သို့ လာရောက်သည့် ဖောက်သည်များက တဖြည်းဖြည်းနှင့် မပြတ်တမ်း ရှိလာခဲ့သည်။ လမ်းတစ်ဖက်မှ ဆိုင်ကို လှမ်းကြည့်လိုက်လျှင်တော့ ကြွက်ပြဿနာ ဖြစ်ပွားခဲ့ပြီးကတည်းက သူတို့၏ စီးပွားရေးက ထိုးဆင်းသွားခဲ့ချေပြီ။

သို့သော်လည်း ကျုံးလန်ဟွာက အေးအေးဆေးဆေး ငြိမ်ခံမနေခဲ့ပေ။ သူမက ဤအခွင့်အရေးကို အသုံးချကာ ဆိုင်ကို ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေခဲ့သည်။ သူမ လွန်ခဲ့သော ရက်ပိုင်းကတည်းက အသည်းအသန် ကြိုးစားပမ်းစား လုပ်ကိုင်နေခဲ့ပြီး ဆိုင်ကို အကြီးအကျယ် တိုးချဲ့ရန် စီစဥ်နေပုံရသည်။

"ဦးလေး... အမေ ဘယ်ကို သွားနေတာလဲဟင်"

စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။

"အကြီးဆုံးမရီးက ပစ္စည်းတချို့ သွားဝယ်တယ်"

ဝမ်ဟွမ်ကျစ်က ပြန်ဖြေလိုက်၏။

"မကြာသေးခင်က မိုးတွေ ဆက်တိုက်ရွာနေတော့ အအေးမိမှာ စိုးလို့ အပိုဆောင် ထားနိုင်အောင် နွေးနွေးထွေးထွေး ရှိမယ့် အဝတ်အစားတချို့ သွားဝယ်နေတာ"

"ဟုတ်သားပဲ... ကျွန်မ ဘာလို့ အဲ့ဒါကို မေ့နေရတာလဲ။ အမေက တကယ်ကို အတွေးအခေါ် အမြော်အမြင် ရှိတာပဲ"

ထိုအချိန်တွင် ကျန်းကျောက်တိက ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းရင်း ဆိုင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။

စူးယောင်ကွမ်းက မိခင်ဖြစ်သူ ပြန်လာသည်ကို မြင်လိုက်သောကြောင့် အလောတကြီး ဆီးကြိုကာ မေးမြန်းလိုက်၏။

"အမေ... ဘာဖြစ်လာတာလဲ"

"လမ်းမှာ ငါ့ရဲ့ ငွေအိတ်ကို လုပြေးတဲ့ သူခိုးတစ်ယောက်နဲ့ တိုးလို့။ ငါလည်း နောက်ကနေ အတင်း လိုက်ဖမ်းတာ။ နောက်ဆုံး မိခါနီးကျမှ အဲ့ကောင်တွေက လူအုပ်စုနဲ့ ဖြစ်နေတာဟဲ့။ ကံကောင်းလို့ လမ်းမှာ လူကောင်းတစ်ယောက်က မတရားတာကို မကြည့်ရက်ဘဲ ဝိုင်းကူပေးလို့သာပေါ့၊ မဟုတ်ရင် ငါလည်း ဒုက္ခရောက်တော့မှာ။ အခုခေတ် သူခိုးတွေက တကယ့်ကို ရဲတင်းလွန်းတယ်၊ ဒေါသထွက်ဖို့ ကောင်းလိုက်တာ"

ကျန်းကျောက်တိက ဒေါသထွက်နေဆဲအသံဖြင့် ပြန်ရှင်းပြနေသည်။

"အမေရော ဒဏ်ရာရသွားသေးလား"

"ငါကတော့ ဘာမှမဖြစ်ပါဘူး"

ကျန်းကျောက်တိက ဆက်ပြောပြနေသည်။

"ဒါပေမဲ့ အဲ့ဒီလူကောင်းလေးကတော့ ငါ့ကို ကူညီရင်းနဲ့ ဒဏ်ရာရသွားတယ်။ သူ့ဒဏ်ရာကို ပတ်တီးသွားစည်းပေးဖို့ ငါပဲ သူ့ကို ဆေးခန်းအထိ လိုက်ပို့ပေးခဲ့ရတယ်"

"ဒါဆိုရင်တော့ အဲ့ဒီ ကျေးဇူးရှင်ကို သေသေချာချာ ကျေးဇူးတင်ရမှာပေါ့"

ကျန်းယင်းတိက ဝင်ပြောလိုက်သည်။

"သူ့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတစ်ခုခု သွားပေးကြမလား"

"မလိုပါဘူးဟယ်၊ ငါလည်း ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်ပေးဖို့ ပြောခဲ့ပေမဲ့ သူက ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့တယ်"

ကျန်းကျောက်တိက ထပ်ပြောနေသေးသည်။

"အဲ့ဒီလူကောင်းလေးက စိတ်သဘောထား အရမ်းပြည့်ဝတာ။ သူက ဒီလို အသေးအမွှားလေးအတွက် မျှော်လင့်ပြီး ကူညီခဲ့တာ မဟုတ်ဘူး"

နောက်ရက်များတွင် ထောင်ယောင်ဖန့်၏ အနောက်ဘက်ခြံဝင်း၌ အခန်းတိုးချဲ့ရန် ဆောက်လုပ်ရေးလုပ်ငန်းများကို အင်တိုက်အားစိုက် လုပ်ကိုင်နေကြပြီး အရှေ့ဘက်ခြံဝင်းတွင်တော့ ဝယ်သူများကို ဧည့်ခံခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ဝယ်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်စေရန်အတွက် ဝါဂွမ်းဖြင့် နားအစို့လေးများ ပြုလုပ်ပေးကာ နားထဲသို့ ထည့်ပေးထားကြသည်။ ထိုအရာက ဆောက်လုပ်ရေး အသံများကို လုံးဝ မပိတ်ဆို့နိုင်သော်လည်း အခန်းတွင်း၌ စိတ်အပန်းပြေစေမည့် အမွှေးတိုင်များကို ထွန်းညှိပေးထားသဖြင့် ဝယ်သူများအနေဖြင့် စိတ်အေးလက်အေး အသားအရေ ထိန်းသိမ်းမှုကို ခံယူရင်း နှစ်ခြိုက်စွာ အိပ်စက် အနားယူနိုင်ကြသည်။

လုပ်ငန်းစဥ်များကို ပိုမိုမြန်ဆန်ချောမွေ့စေရန်အတွက် စူးယောင်ကွမ်းက ဆရာကြီးထန်အား အလုပ်သမားများ ပိုမိုရှာဖွေပေးရန် တောင်းဆိုလိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို အမြန်ဆုံး အပြီးသတ်နိုင်ရန် စီစဥ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် မိုးများသည့်အချိန်တွင် ပြန်ရွာလာမည်ကို မည်သူမျှ မသိနိုင်ချေ။ ထို့အပြင် သူမတို့က စျေးရောင်းနေရသည်ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ကိုင်နေခြင်းက ဆိုင်၏ ဝင်ငွေအပေါ် ထိခိုက်မှုရှိစေနိုင်သည်။ အလုပ်များ စောစောစီးစီး ပြီးစီးသွားမှသာ အေးချမ်းဆိတ်ငြိမ်မှုကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။

မကြာသေးခင်က ကျန်းကျောက်တိတစ်ယောက် အပြင်သို့ ခဏခဏ ထွက်သွားတတ်သဖြင့် စူးယောင်ကွမ်းက တစ်ခုခု မမှန်ကန်ကြောင်း ရိပ်မိသွားခဲ့သည်။ သို့သော် သူမက မိခင်ဖြစ်သူအား မေးမြန်းကြည့်သည့်အခါတွင်မူ ကျန်းကျောက်တိက မိတ်ဆွေကောင်းအသစ်တစ်ယောက်နှင့် တွေ့ထားကြောင်း၊ သူတို့ချင်း စကားပြောရသည်မှာ အလွန်အဆင်ပြေကာ သူမ သဘောကျသဖြင့် ထိုမိတ်ဆွေဆီသို့ မကြာခဏ သွားလည်ဖြစ်နေခြင်းဖြစ်ကြောင်းသာ ပြောပြခဲ့သည်။

"အမေ... အဲ့ဒီအဒေါ်ကို သမီးတို့အိမ်ကို ဖိတ်လိုက်ပါလား။ အမေ့ရဲ့ မိတ်ဆွေအသစ်နဲ့ သမီးတို့ကို မိတ်ဆက်ပေးလေ၊ ပြီးတော့ သူ သမီးတို့ဆိုင်ကို လာရင်လည်း စျေးလျှော့ပေးမယ်လေ"

စူးယောင်ကွမ်းက ပြောလိုက်သည်။

ကျားချွန်းနီကလည်း ဘေးမှ နေပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည်။

"ဟုတ်တယ်လေ အဒေါ်ရဲ့"

"သူ့မိသားစုက ဆင်းရဲရှာတယ်၊ စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်နေရတာ။ အဲ့လိုအရာတွေအတွက် ပိုက်ဆံတွေကို ဘယ်လိုလုပ် သုံးနိုင်မှာလဲ။ ဒါပေမဲ့ ငါ သူ့ကို မေးကြည့်လိုက်ဦးမယ်၊ တကယ်လို့ သူ အားတယ်ဆိုရင်တော့ ဒီကို ဖိတ်ခဲ့ပါ့မယ်"

ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းကျင့်က ဆေးဘက်ဝင်အပင်များ ထည့်ထားသည့် အိတ်များကို သယ်ဆောင်လျက် အခန်းထဲသို့ ဝင်လာကာ စူးယောင်ကွမ်းအား လှမ်းပြောလိုက်၏။

"လမ်းတစ်ဖက်က ဆိုင်ကို တောင်းရမ်းစေ့စပ်ဖို့ လူတစ်ယောက် ရောက်လာတယ်။ တကယ့်ကို အကြီးအကျယ်ပဲနော်။ အောင်သွယ်လည်း ပါလာသလို စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်ပစ္စည်းတွေကိုပါ သေသေချာချာ သယ်လာကြတာ"

လမ်းတစ်ဖက်ရှိ ဆိုင်မှ ဆူညံလှုပ်ရှားမှုများကို ကြားလိုက်ရသဖြင့် စူးယောင်ကွမ်းလည်း စိတ်ဝင်စားသွားခဲ့သည်။ သူမက တံခါးဝဆီသို့ လျှောက်သွားပြီး လှမ်းကြည့်လိုက်ရာ ရုပ်ရည်သန့်ပြန့်သော လူငယ်တစ်ဦးက အောင်သွယ်ကို ဦးဆောင်ကာ ဖုန်းဟွာကော့၏ တံခါးဝဆီသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။

"အိုး... သခင်လေးချန်၊ ဘာကိစ္စများရှိလို့ ဒီကို ကြွလာတာလဲရှင်"

ကျုံးလန်ဟွာက လှမ်းမေးလိုက်သည်။

ချန်ယုံချမ်းက သူ့နောက်မှ အဖွဲ့သားများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ကျွန်တော် ပြောခဲ့သားပဲ... ဟွမ်းအာကို လာပြီး တောင်းရမ်းမယ်လို့လေ။ အဒေါ်... ဟွမ်းအာရော ဘယ်မှာလဲဟင်"

ထိုအချိန်တွင် ကျန်းရိဟွမ်းက ရှောင်းယန်ချီနှင့်အတူ အပြင်မှ လမ်းလျှောက်ပြန်လာခဲ့သည်။

"ဟွမ်းအာ... မင်းကို လက်ထပ်ခွင့်တောင်းဖို့ ကိုယ် ရောက်လာခဲ့ပြီ"

ချန်ယုံချမ်းက ပြင်းပြသော စိတ်ဆန္ဒများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကျန်းရိဟွမ်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ကျန်းရိဟွမ်း၏ မျက်နှာက ချက်ချင်းဆိုသလို အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။ သူမက ချန်ယုံချမ်းကို လူကွယ်ရာ ထောင့်တစ်နေရာသို့ အတင်းဆွဲခေါ်သွားခဲ့ပြီး နီရဲသောမျက်ဝန်းများဖြင့် ပြောလိုက်သည်။

"အစ်ကိုချန်... ဘာလို့ ကျွန်မနဲ့ အရင် ကြိုတင်မတိုင်ပင်ရတာလဲ"

'အခုလို အချိန်မျိုးမှာ လက်ထပ်လိုက်ရအောင် ငါက အရူးမှ မဟုတ်တာ'

'ငါ အိမ်ထောင်ကျသွားပြီဆိုရင် နောက်ထပ် တခြားယောက်ျားတွေက ငါ့ကို ဂရုစိုက်ကြပါဦးမလား'

'လက်ရှိအချိန်မှာ ငါ အဖိုးတန်နေရတဲ့ အကြောင်းရင်းက အဲ့ဒီယောက်ျားတွေက ငါ့ကို မပိုင်ဆိုင်နိုင်ကြသေးလို့ပဲ။ တစ်ခါ ပိုင်ဆိုင်သွားပြီးတာနဲ့ ငါ့ဘဝက အနောက်ဘက်ခြံဝင်းထဲမှာ ပစ်ထားခံရတဲ့ အလှပြပစ္စည်းတစ်ခုပဲ ဖြစ်သွားတော့မှာပေါ့'

All Chapters