အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း ၁၁၅ ပြဇာတ်ကြည့်ခြင်း
ချန်ယုံချမ်းက ကျန်းရိဟွမ်း၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်၏။
"ဟွမ်းအာ... ကိုယ် မင်းကို ဘယ်လောက်အထိ သဘောကျလဲဆိုတာ မင်းလည်း သိပါတယ်။ မင်းသာ ကိုယ့်ကို လက်ထပ်မယ်ဆိုရင် ကိုယ် မင်းကို ဘယ်တော့မှ ဒုက္ခမရောက်စေရဘူး။ နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ စားရစေမယ့်အပြင် ပြုစုလုပ်ကျွေးဖို့ အစေခံတွေပါ ထားပေးမှာပါ"
"မဖြစ်ဘူး"
ကျန်းရိဟွမ်းက ချန်ယုံချမ်း၏ လက်ကို ဖယ်ထုတ်လိုက်သည်။
"အစ်ကိုချန်... ကျွန်မ အခုအချိန်မှာ အစ်ကို့ကို လက်မထပ်နိုင်သေးဘူး"
"ဘာလို့လဲ"
ချန်ယုံချမ်းက သူမကို ဝမ်းနည်းကြေကွဲစွာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက ငါ့ကို လက်ထပ်ရမှာမလို့ပဲ"
ရှောင်းယန်ချီက သူတို့နားသို့ လျှောက်လာပြီး ကျန်းရိဟွမ်း၏ ရှေ့တွင် ကာဆီးရပ်လိုက်ကာ ချန်ယုံချမ်းအား မကျေမနပ်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးတာနဲ့ သူ့ကို လက်ထပ်မှာ၊ အဲ့ဒီအခါကျရင် သူက အရာရှိကတော် ဖြစ်လာလိမ့်မယ်။ ငါက သူ့အတွက် မြင့်မြတ်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါ ရအောင် ယူပေးနိုင်တယ်။ ဒါတွေကို မင်း ဘယ်တော့မှ ပေးနိုင်မှာ မဟုတ်ဘူး၊ မင်းက ဘာအခြေအနေနဲ့ ငါ့ကို လာပြိုင်ချင်နေတာလဲ"
ကျုံးလန်ဟွာ၏ မျက်ဝန်းများက ဝေဝေဝါးဝါး လှုပ်ခတ်သွားခဲ့သည်။
အစပိုင်းတွင် စေ့စပ်ကြောင်းလမ်းသည့် လက်ဆောင်ပစ္စည်း အမြောက်အမြားကို မြင်တွေ့ခဲ့ရစဥ်က သူမ စိတ်လှုပ်ရှား လက်ခံချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရှောင်းယန်ချီ၏ စကားများကြောင့် သူမ၏ စိတ်က ပြန်လည်တုန်လှုပ်သွားကာ ဝေခွဲမရ ဖြစ်သွားရသည်။
အကယ်၍ ရှောင်းယန်ချီသာ နန်းတွင်းစာမေးပွဲကို အမှန်တကယ် အောင်မြင်သွားခဲ့လျှင် သူမ၏ သမီးက အရာရှိကတော် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျန်းကျောက်တိနှင့် သူမ၏ သမီးထက် အဆပေါင်းများစွာ ပိုမြင့်မြတ်ပြီး ဂုဏ်ကျက်သရေရှိသွားနိုင်သည်ဟု သူမ တွက်ဆနေခဲ့သည်။
အကယ်၍ သူမ၏ သမီးသာ ဘွဲ့ထူးရ သခင်မကြီး ဖြစ်လာခဲ့လျှင် သူမကိုယ်တိုင်လည်း အဘွားတော်ကြီးအဖြစ် အရှိန်အဝါ ရှိသွားနိုင်ပေသည်။
ဤအကြောင်းကို တွေးတောလိုက်မိသည့်အချိန်တွင်တော့ ယခု သူမ ရရှိမည့် တင်တောင်းပစ္စည်းများက ရေရှည်တွင် ဘာမှမဟုတ်တော့ချေ။ အနာဂတ် ရေရှည်ကောင်းစားဖို့အတွက်ဆိုလျှင် သမီးဖြစ်သူကို ရှောင်းယန်ချီနှင့် ပေးစားသင့်သည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
"ဟွမ်းအာ... မင်းက သူ့ကို လက်ထပ်ချင်နေတာလား"
ချန်ယုံချမ်းက ရှောင်းယန်ချီကို လက်ညှိုးထိုးပြရင်း ကျန်းရိဟွမ်းအား မေးမြန်းလိုက်သည်။
ကျန်းရိဟွမ်းက သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်ရည်များ တရဟော စီးကျလာလျက် ငိုကြွေးလိုက်သည်။
"ကျွန်မကို အတင်းအကျပ် မလုပ်ကြပါနဲ့တော့... ဟင့်..."
"ဟွမ်းအာ... ဒါက မင်းကို အတင်းအကျပ် လုပ်နေတာမှ မဟုတ်တာ။ မင်း သူ့ကို သဘောကျတာလား၊ ကိုယ့်ကို သဘောကျတာလား။ မင်း ဘယ်သူ့ကို လက်ထပ်ချင်လဲဆိုတာပဲ ပြောပါဦး"
ချန်ယုံချမ်း၏ မျက်ဝန်းများကလည်း နီမြန်းနေခဲ့ပြီး သူမကို စိုးရိမ်တကြီး ကြည့်ကာ ထပ်မေးလိုက်သည်။
ကျန်းရိဟွမ်းက ချန်ယုံချမ်းကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက်တွင် ရှောင်းယန်ချီကို တစ်ချက်ကြည့်လိုက်ပြီးမှ ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။
"ရှင်တို့ နှစ်ယောက်လုံးက ကျွန်မအတွက် အရမ်း ကောင်းမွန်ပြီး အရေးကြီးတဲ့ မိတ်ဆွေတွေပါပဲ။ ကျွန်မ အသက်က ငယ်သေးတော့ အဲ့ဒီလို အိမ်ထောင်ရေး ကိစ္စတွေကို တကယ် မစဥ်းစားချင်သေးဘူး။ ကျွန်မကို နောက်ထပ် အချိန်လေး နည်းနည်းလောက် ထပ်ပေးလို့ မရဘူးလားဟင်"
"သခင်လေးချန်... မင်း ကြားလိုက်ရတယ်မလား၊ ငါ့ရဲ့ သမီးက လောလောဆယ် အိမ်ထောင်မပြုချင်သေးဘူးတဲ့။ ဒီလိုလုပ်ပါလား... မင်း နောက်ထပ် နှစ်နှစ်လောက် စောင့်ပေးလေ၊ အဲ့ဒီအခါကျမှ တစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာရှိ မရှိ ပြန်ကြည့်ကြတာပေါ့"
ကျုံးလန်ဟွာက သူတို့ သုံးယောက်ကြားထဲသို့ ဝင်လာပြီး စကားလမ်းကြောင်း လွှဲပေးလိုက်သည်။
စူးယောင်ကွမ်းက ဘေးဘက်သို့ လက်လှမ်းလိုက်ရင်း မေးမြန်းလိုက်သည်။
"ဖရဲစေ့ ရှိလား"
ချက်ချင်းဆိုသလိုပင် ဖရဲစေ့တစ်ဆုပ်က သူမ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
သူမက ကျေးဇူးတင်စကား ပြောရန် လှည့်ကြည့်လိုက်သည့်အခါမှသာ အပြင်ဘက်မှ ပြန်လာသည့် ကျိုးဝမ်ရှူ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
"ဝမ်ရှူ... နင် ဒီနေ့ ဘာလို့ ဒီလောက်တောင် စောစော ပြန်လာရတာလဲ"
"ကျောင်းက စစ်တုရင်အတန်းကို ခိုးပြန်လာတာလေ"
ကျိုးဝမ်ရှူက ပြောလိုက်သည်။
ကျန်းကျောက်တိက စိတ်မရှည်သလိုဖြင့် ကြိမ်းမောင်းနေလေသည်။
"ငါတို့က နှစ်တိုင်း ကျောင်းလခတွေ အများကြီး ပေးနေရတာကို နင်က ခိုးပြန်လာတယ်ဆိုတော့ အကြီးအကျယ် ရှုံးတာပေါ့။ နောက်ခါ အတန်း မပျက်စေနဲ့တော့၊ နင် နားမထောင်ချင်ရင်တောင် နားထောင်ရမယ်။ အဲ့ဒီထဲမှာ နေနေရင် အနည်းဆုံးတော့ တစ်ခုခု တတ်လာနိုင်တယ်"
"အမေကလည်း... အမေဆိုရင်ရော စာသင်ခန်းထဲမှာ ထိုင်နေချင်ပါ့မလား"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူဘက်မှ ဝင်ပြောပေးလိုက်သည်။
"ငါက သူနဲ့မှ မတူတာ၊ ငါက မိန်းမသား ဖြစ်တဲ့အပြင် အသက်ကလည်း ဒီလောက်ကြီးနေပြီ"
ကျန်းကျောက်တိက လိပ်ပြာမလုံသလို ရေရွတ်လိုက်သည်။
"အမေ မေ့သွားပြီလား... စူးမိသားစုကလူတွေက သမီးတို့ စာမတတ်ဘူးထင်ပြီး လှည့်စားခဲ့ကြတာလေ။ တကယ်လို့ စာမတတ်ရင် သူများက ကျွန်စာချုပ်မှာ အတင်းလက်မှတ်ထိုးခိုင်းရင်တောင် သိလိုက်မှာ မဟုတ်ဘူး။ အမေ စာသင်ပါမယ်လို့ သမီးကို ကတိပေးထားတယ်မလား"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"တတိယဒေါ်လေးတောင် စာလုံးအတော်များများ တတ်နေပြီ မဟုတ်ဘူးလား"
ကျန်းယင်းတိက ရှက်ကိုးရှက်ကန်းဖြင့် ဝင်ပြောလာသည်။
"နင့်ဦးလေးက နှစ်တွေအကြာကြီး ကြုံရင်ကြုံသလို စာသင်ပေးခဲ့လို့ပါ၊ ငါလည်း ရိုးရိုးရှင်းရှင်း စာလုံးလေးတချို့ပဲ တတ်တာပါ"
"ဒေါ်လေးကလည်း နှိမ့်ချလွန်းနေပြန်ပြီ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"မနေ့က ကျွန်မ ဒေါ်လေးဆီ လာတုန်းက အဒေါ် လက်ရေးလှ ရေးနေတာ မြင်ခဲ့တယ်၊ လက်ရေးက တကယ်ကို လှတာနော်၊ တကယ်လို့ ဒေါ်လေးက စာရင်းကိုင် လုပ်ချင်တယ်ဆိုရင်တောင် အလွယ်တကူ လုပ်နိုင်တယ်"
"အေးပါ... ငါ သင်ပါ့မယ်"
ကျန်းကျောက်တိက ခေါင်းကိုက်နေဟန်ဖြင့် ဝင်ပြောလိုက်သည်။
"မွေးစားအမေ... ကျွန်မ သင်ပေးမယ်လေ"
ကျန်းကျင့်က ဝင်ပြောလိုက်သည်။
"ကျွန်မ ပြောတာကို နားထောင်နော်၊ စာတတ်တာက တကယ်ကို အကျိုးကျေးဇူး ရှိတာပါ"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လှမ်းသတိပေးလိုက်သည်။
"လမ်းတစ်ဖက်က ပြဇာတ်က ပြီးသွားတော့မယ်"
ထိုအခါမှသာ စူးယောင်ကွမ်းတစ်ယောက် သူတို့ ဤနေရာတွင် ရပ်ပြီး ပြဇာတ်ကြည့်နေခြင်းဖြစ်ကြောင်း သတိရသွားတော့သည်။
ကျန်းရိဟွမ်းက ရှိုက်ကြီးတငင် ငိုကြွေးနေရင်း ချန်ယုံချမ်းကို အချိန်ဆွဲသည့် စကားအချို့ ပြောလိုက်ရာ ချန်ယုံချမ်းလည်း စိတ်ပျက်အားလျော့စွာဖြင့် သူ့လူများကို ခေါ်ဆောင်ကာ ပြန်ထွက်ခွာသွားခဲ့သည်။
"အစ်ကိုရှောင်း... ကျွန်မက တကယ်ပဲ မကောင်းတဲ့မိန်းမတစ်ယောက်လားဟင်"
ကျန်းရိဟွမ်းကတော့ ငိုယိုနေရင်း ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချိနဲ့သွားဟန်ဖြင့် မြေပြင်ပေါ်သို့ ပုံရက်သားလဲကျသွားခဲ့သည်။
ရှောင်းယန်ချီက သူမကို ပွေ့ပိုက်ဖမ်းထိန်းလိုက်ပြီး ဆိုင်ထဲသို့ ပွေ့ချီခေါ်ဆောင်သွားရင်း ပြန်ပြောလိုက်သည်။
"ဟွမ်းအာ... မင်းက အဲ့ဒီလိုလူ မဟုတ်ပါဘူး။ မင်းက ကမ္ဘာပေါ်မှာ အကြင်နာဆုံး မိန်းကလေးပါ"
စူးယောင်ကွမ်း : "..."
‘အိုး.... အတိတ်ဘဝက ကျန်းရိဟွမ်းကို ငါ ရှုံးနိမ့်ခဲ့တာက တကယ်ကို ထိုက်တန်တာပဲ’
ကျိုးဝမ်ရှူက သူမ၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိသွားပြီး လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"တကယ်ကို အဲ့ဒီတုန်းက ကျန်းရိဟွမ်းသာ နင့်ကို ဝယ်ခဲ့မယ်ဆိုရင်... နင် သူ့ကို သဘောကျမိမှာလား"
ကျိုးဝမ်ရှူ : "တကယ့်ကို ရက်စက်တဲ့ ကျိန်စာပဲ"
သူ၏ ထူးထူးဆန်းဆန်း အမူအရာကြောင့် စူးယောင်ကွမ်းက သဘောကျကာ ရယ်မောလိုက်သည်။
"ငါက အတည်မေးနေတာနော်၊ သေသေချာချာ ပြန်ဖြေ"
"သူက ချန်ယုံချမ်းကိုလည်း ကတိစကား မပေးဘဲ မရေမရာ စကားတွေနဲ့ အချိန်ဆွဲထားတယ်၊ ရှောင်းယန်ချီကိုလည်း တိုက်ရိုက် ပြန်မပြောရဲဘူး။ ဘာလို့လဲဆိုတော့ ရှောင်းယန်ချီ တော်ဝင်စာမေးပွဲ မအောင်ဘဲ ဘာမှ ဖြစ်မလာမှာကို သူ စိုးရိမ်နေတာလေ။ တကယ်လို့ ရှောင်းယန်ချီသာ တကယ် စာမေးပွဲအောင်သွားရင်တော့ သူ့ရဲ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းပြောလိမ့်မယ်။ ကျွန်တော်သာ အဲ့ဒီလို စိတ်ထား မတည်မငြိမ်ဖြစ်နေတဲ့ မိန်းမလက်ထဲ ရောက်သွားရင်တော့ တခြားပတ်သက်မှုတွေ ရှိလာမယ့်အစား တစ်သက်လုံး ကျွန်အဖြစ်ပဲ နေချင်တယ်"
"ဒါဆိုရင်တော့ ဒီလောကမှာ မျက်စိပွင့်နားပွင့် ရှိတဲ့လူ ကျန်နေသေးတာပေါ့"
"ယောင်ကွမ်း... ဒီနေ့ ချန်ပုယွိက ကျွန်တော့်ကို စကားပါးလိုက်တယ်၊ ကပွဲခန်းမက မိန်းကလေးတွေက ခင်ဗျားဆီကနေ ကုန်ပစ္စည်းတစ်သုတ်လောက် မှာချင်လို့တဲ့"
"ရတာပေါ့... မှာယူတဲ့စာရင်း ပါလား"
"ပါတာပေါ့"
ကျိုးဝမ်ရှူက စာရင်းကို သူမထံသို့ ကမ်းပေးလိုက်သည်။
"ပစ္စည်းတွေကိုသာ ထုတ်ပိုးပြင်ဆင်ပေးလိုက်၊ ကျွန်တော်ပဲ သွားပို့ပေးလိုက်မယ်"
"နင့်အတွက် အဆင်ပြေပါ့မလား"
"ကျွန်တော် ချန်ပုယွိဆီ တိုက်ရိုက်သွားပြီး ပစ္စည်းတွေကို သူ့လက်ထဲ အပ်လိုက်မှာပေါ့၊ အဆင်မပြေစရာ ဘာရှိလို့လဲ"
"ကောင်းပြီလေ"
ကောင်းကင်ကြီးက ရက်အနည်းငယ် သာသာယာယာ ရှိနေပြီးမှ ယခုတစ်ဖန် မည်းမှောင်သော မိုးတိမ်များ ပြန်လည်အုံ့ဆိုင်းလာခဲ့ပြန်သည်။ စူးယောင်ကွမ်းက လက်သမားဆရာကြီးအား လုပ်အားခငွေ ပိုပေးလိုက်ပြီး လူအင်အား ပိုရှာကာ သုံးရက်အတွင်း အလုပ်ပြီးစီးအောင် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။
သူမက အခန်းအသစ်အချို့ကိုသာ ထပ်မံတိုးချဲ့ဆောက်လုပ်နေခြင်း ဖြစ်ရာ ကုန်ကြမ်းပစ္စည်းနှင့် လူအင်အားသာ လုံလောက်ပါက ရက်အနည်းငယ်အတွင်း ပြီးစီးရန် လုံလောက်နေသည်။
စူးယောင်ကွမ်း အနောက်ဘက်ခြံဝင်းထဲမှ ထွက်လာစဥ် အဝတ်အစားသစ်များ ဝတ်ဆင်ကာ အလှပြင်ထားသည့် ကျန်းကျောက်တိတစ်ယောက် အပြင်ထွက်ခါနီး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ရင်ထဲတွင် အချက်ပေးသံများ မြည်ဟည်းသွားခဲ့သည်။
"အမေ... ဘယ်သွားမလို့လဲ"
"ဒီနေ့က ငါ့မိတ်ဆွေရဲ့ မွေးနေ့မလို့လေ၊ အဲ့ဒါ ပြဇာတ်သွားကြည့်ဖို့ ချိန်းထားကြတာ"
ကျန်းကျောက်တိက ပြန်ဖြေလိုက်သည်။
"သမီးလေး... အမေ ဒီနေ့တစ်ရက်တော့ ခွင့်ယူပါရစေဦး။ နည်းနည်းလောက် သည်းခံပေးပါဦးနော်၊ မနက်ဖြန်ကျမှ အမေ အလုပ်တွေ ပိုလုပ်ပေးပါ့မယ်"
"အမေကလည်း အမေ နားနားနေနေ နေလို့ ရပါတယ်၊ သမီးတို့ အဆင်ပြေပါတယ်။ ဒါနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အမေ့ရဲ့ မိတ်ဆွေကို အိမ်ကို ဖိတ်ဖို့ ပြောထားကြတယ်မလား။ ဒီနေ့ တစ်ခါတည်း အိမ်ကို ဖိတ်ခေါ်ခဲ့လိုက်ပါလား"
"အေးပါ... နောက်ကျရင် ငါ သူ့ကို မေးကြည့်လိုက်ဦးမယ်"
ကျန်းကျောက်တိ၏ ကြည်လင်နေသော မျက်ဝန်းများနှင့် ရဲဝံ့ပြတ်သားသည့် တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသည့်အခါမှသာ စူးယောင်ကွမ်း၏ သံသယများ ပျောက်ကွယ်သွားခဲ့သည်။
'ငါ အတွေးလွန်နေတာပဲ နေမှာပါ'
‘အမေက မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် သွားတာပဲ ဖြစ်ပါလိမ့်မယ်’
စူးယောင်ကွမ်းတွင် ယနေ့အတွက် ချိန်းဆိုမှု သုံးခု ရှိနေခဲ့သည်။ နံနက်ပိုင်းတစ်ခု၊ မွန်းလွဲပိုင်းတစ်ခုနှင့် ညနေပိုင်းတစ်ခု ဖြစ်၏။
ထို့ကြောင့် သူမအနေဖြင့် အလွန် အလုပ်များနေပေလိမ့်မည်။
သို့သော်လည်း နံနက်ပိုင်း၌ အရေးကြီးသော ဖောက်သည်တစ်ဦးအတွက် တစ်ကိုယ်လုံး အသားအရေ ထိန်းသိမ်းမှု ဝန်ဆောင်မှုကို ဆောင်ရွက်ပေးပြီးစီးရုံသာ ရှိသေးချိန်တွင် ကျိုးဝမ်ရှူက တံခါးအပြင်ဘက်တွင် သူမအား စောင့်ဆိုင်းနေသည်ကို စူးယောင်ကွမ်း တွေ့လိုက်ရသည်။ ကျိုးဝမ်ရှူက သူမကို မြင်သည်နှင့်တစ်ပြိုင်နက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာနေသည်။
"နင် ဒီကို ဘာလာလုပ်တာလဲ"
"ကျွန်တော် အခုတင် အမေနဲ့ ဆုံခဲ့တာ"
ကျိုးဝမ်ရှူက သူ ရောက်လာရသည့်အကြောင်းကို ရှင်းပြလိုက်သည်။
"အမေက ပြဇာတ်ရုံမှာ ပြဇာတ်ကြည့်နေတာ၊ ဘေးနားမှာလည်း သူ့အသက်အရွယ်လောက် ရှိမယ့် အမျိုးသမီးတစ်ယောက် ရှိသေးတယ်"
"အဲ့ဒီလူက အမေ့ရဲ့ မိတ်ဆွေ ဖြစ်မှာပါ"
စူးယောင်ကွမ်းက သူ့ကို ထပ်ပြောပြလိုက်သည်။
"အမေ ပြောဖူးတယ်... သူ မကြာသေးခင်ကမှ မိတ်ဆွေတစ်ယောက် ရထားတယ်တဲ့၊ သူတို့ချင်းကလည်း အရမ်း အဆင်ပြေကြတယ်လေ"
"ကျွန်တော်က ချန်ပုယွိနဲ့အတူ ဘေးခန်းကနေ ပြဇာတ်ကြည့်နေတာ။ အမေ့ကို သွားပြီး နှုတ်ဆက်မလို့ပဲ၊ ဒါပေမယ့် အမေ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးရိမ်တာနဲ့ မသွားတော့တာ။ နောက်တော့ အမေက အရင် ပြန်ထွက်သွားတယ်၊ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ချက်ချင်း မသွားဘူး။ နောက်တော့... တခြားလူတစ်ယောက်က အဲ့ဒီအခန်းထဲကို ဝင်သွားတယ်"
အခန်း ၁၁၆ ပြဇာတ်ထဲက ပြဇာတ်
လျို့ကျောင်းလမ်းကြားရှိ ဆိတ်ငြိမ်သော ခြံဝင်းလေးတစ်ခုတွင်.....
ကျန်းကျောက်တိက ထိုနေရာသို့ ရောက်ရှိလာပြီး တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်လာသည့်အချိန်တွင် သဘောကောင်းမည့်ပုံရှိသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူမအား လှိုက်လှိုက်လှဲလှဲ ဆီးကြိုပြီး အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဒီနေ့ ဆိုင်မှာ အလုပ်တွေ အရမ်းများနေတာနဲ့ နည်းနည်းနောက်ကျသွားတယ်ဟယ်။ စောင့်နေရတာ ပျင်းနေပြီလား"
ကျန်းကျောက်တိက ထိုအမျိုးသမီးအား မေးလိုက်သည်။
ကျန်းရှီက တိုးတိုးလေး ပြန်ဖြေနေသည်။
"ငါက ဘာမှလုပ်စရာမရှိဘဲ အလကားနေ အားနေတာပါ၊ နည်းနည်းလောက် ပိုစောင့်ရလည်း ဘာမှ မဖြစ်ပါဘူး။ နင် အလုပ်ရှုပ်နေရင်လည်း လုပ်စရာရှိတာတွေ အရင် လုပ်ပေါ့၊ ငါ့တံခါးက နင့်အတွက် အမြဲတမ်း ဖွင့်ထားပြီးသားပါ"
"အစ်မကျန်း.... နင်က တကယ်ကို စိတ်သဘောထားကောင်းတာပဲ"
ကျန်းကျောက်တိက ကျေးဇူးတင်နေဟန်ဖြင့် သူမ၏လက်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။
"ဒါနဲ့ ဒီနေ့ တခြားဧည့်သည်တွေ ရှိသေးလို့လား၊ ဘာလို့ ဟင်းတွေအများကြီး ပြင်ဆင်ထားရတာလဲ"
"ငါ့ရဲ့ မိခင် မိသားစုဘက်က အစ်ကိုကြီး ရောက်နေလို့ပါ"
ကျန်းရှီက ဆက်ပြောပြနေသည်။
"ယောက်ျားတွေ သောက်ရင်းစားရင်း ခံတွင်းမြိန်အောင် ဟင်းလေး နည်းနည်း ပိုချက်ထားလိုက်တာပါ"
"ဧည့်သည်ရှိနေတယ်ဆိုရင်လည်း ငါ နောက်ရက်မှပဲ လာလည်တော့မယ်လေ"
ကျန်းကျောက်တိက လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။
"ညီမလေး... မသွားပါနဲ့ဦး။ အိုက်ယား... ငါတို့တွေက မိသားစုတွေလို ဖြစ်နေကြပြီပဲ၊ ဘာတွေ အားနာနေတာလဲ"
ကျန်းရှီက အထဲသို့ လှမ်းအော်လိုက်သည်။
"အစ်ကိုကြီး... ခင်ပွန်း... မြန်မြန် ထွက်ခဲ့ကြပါဦး၊ ညီမကျောက်က ပြန်တော့မလို့တဲ့"
ကျန်းရှီ၏ ခင်ပွန်းဖြစ်ပြီး ယခင်က ကျန်းကျောက်တိအား ကူညီပေးခဲ့ဖူးသော အမျိုးသားက အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် သန့်ပြန့်ခန့်ညားသော အခြားအမျိုးသားတစ်ဦးနှင့်အတူ ထွက်လာခဲ့သည်။ ရှေ့မှ လူက ရုပ်ရည်ချောမောပြီး နောက်ကလူကတော့ ယဉ်ကျေးသိမ်မွေ့ကာ ခန့်ညားလွန်းလှသဖြင့် ထိုအမျိုးသားနှစ်ဦးစလုံးက ကြည့်ကောင်းသည့် လူရည်သန့်များ ဖြစ်ကြသည်။
"ညီမလေး... ငါတို့က မိသားစုတွေလို ဖြစ်နေကြပြီ၊ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ် စားတာပဲလေ။ အဲ့လောက်အထိ အားနာမနေပါနဲ့"
ကျန်းရှီ၏ခင်ပွန်း ထုံချွမ်းလိုင်က အပြုံးဖြင့် ပြောလိုက်သည်။
ကျန်းရှီ၏ အစ်ကိုကြီးဖြစ်သူ ကျန်းဖန်ကလည်း ဝင်ရောက်ထောက်ခံလာသည်။
"ဟုတ်ပါတယ်။ သူ့ရဲ့ သွေးသောက်ညီမလေးဖြစ်တဲ့ မင်းအကြောင်းကို တစ်ချိန်လုံး ပြောပြနေတာ။ တကယ်လို့ ငါက ဖိတ်ခေါ်ထားတာမရှိဘဲ ရောက်လာလို့ မင်းတို့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးသလို ဖြစ်သွားရင်တော့ ငါကပဲ ထွက်သွားရမှာပေါ့"
"ကောင်းပါပြီရှင်... ဒါဆိုရင်တော့ ကျွန်မ မပြန်တော့ပါဘူး"
ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။
"ဒါနဲ့ ငါ ဒီနေ့ လာတာက မကြာသေးခင်ကစပြီး ဆိုင်မှာ အလုပ်တွေ အရမ်းရှုပ်နေလို့ ခဏတဖြုတ်လောက် လာမလည်နိုင်တော့မယ့်အကြောင်း လာပြောတာပါ"
ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့က တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ကြသည်။
ထုံချွမ်းလိုင်က သူ့နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ရင်း ပြောလိုက်ပြန်သည်။
"ဪ... ငါ မေ့နေလိုက်တာ။ အိမ်မှာ သောက်စရာအရက် ကုန်နေပြီပဲ၊ ငါ အပြင်ထွက်ပြီး သွားဝယ်လိုက်ဦးမယ်။ မင်းတို့ အရင်စားနှင့်ကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်"
"အရင်ဆုံး သောက်ကြတာပေါ့"
ကျန်းရှီက ကျန်းကျောက်တိအတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ကျန်းကျောက်တိက ကျန်းဖန်၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
သို့သော် ရင်းနှီးကျွမ်းဝင်မှုမရှိသော အမျိုးသားများနှင့် ဤမျှနီးကပ်စွာ ထိုင်နေရခြင်းကြောင့် ကျန်းကျောက်တိအနေဖြင့် စိတ်ထဲတွင် အနည်းငယ် နေရခက်သလို ခံစားနေရသည်။
ကျန်းရှီက ထိုအခြေအနေကို ရိပ်မိသွားပြီး ကျန်းကျောက်တိ စိတ်လက်ပေါ့ပါးသွားစေရန်အတွက် စကားများကို မပြတ်တမ်း ပြောဆိုပေးနေသည်။
"လာ... ညီမကျောက် ဒီအရက်က အရသာ တကယ်ကောင်းတာနော်၊ နည်းနည်းလောက် မြည်းကြည့်ပါဦး"
ကျန်းရှီက ကျန်းကျောက်တိ၏ ခွက်ထဲသို့ အရက် ထပ်ဖြည့်ပေးလိုက်ပြန်သည်။
"အစ်မကျန်းရယ်... ဒီနှစ်တွေအကြာကြီးအတွင်းမှာ နင်က ငါ့အတွက် ပထမဆုံးရတဲ့ မိတ်ဆွေပါပဲ"
ကျန်းကျောက်တိက ကျန်းရှီနှင့် ကျန်းဖန်တို့၏ ခွက်များထဲသို့ အရက် ပြန်ငှဲ့ပေးလိုက်ရင်း ပြောလိုက်သည်။
"အဲ့ဒီနေ့က ငါ အလုခံရတုန်းက ခဲအိုရဲ့ အကူအညီကြောင့်သာ ငါ့ပိုက်ဆံတွေ ပြန်ရခဲ့တာ။ သူက ငါ့ကို ကယ်ရင်းနဲ့ ဒဏ်ရာရသွားခဲ့လို့ ငါ တကယ်ကို လိပ်ပြာမလုံ ဖြစ်ခဲ့ရသေးတယ်။ အဲ့ဒါနဲ့ပဲ သူ့ကို ဆေးခန်း ပို့ပေးပြီး အိမ်အထိ လိုက်ပို့ပေးရင်း အစ်မနဲ့ ဆုံခဲ့ရတာလေ။ ငါတို့ ညီအစ်မချင်းကလည်း တွေ့တွေ့ချင်းပဲ စိတ်တူကိုယ်တူ ဖြစ်သွားကြပြီး ဒီရက်ပိုင်းအတွင်းမှာ တကယ်ကို အဆင်ပြေပြေ နေနိုင်ခဲ့ကြတယ်"
ကျန်းရှီက ကျန်းကျောက်တိ၏ တတွတ်တွတ် ပြောဆိုနေမှုများကို နားထောင်ပြီးနောက် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်တာပေါ့.. ငါ့မှာလည်း မိတ်ဆွေသူငယ်ချင်း သိပ်ရှိတာ မဟုတ်ဘူး၊ ကံကောင်းလို့ နင်နဲ့ဆုံရလို့သာ စကားပြောဖော် ရတာ။ ငါ့ယောက်ျားကလည်း အမြဲတမ်း မတရားတာမြင်ရင် မနေနိုင်တဲ့လူစားမျိုးလေ၊ ဒါက သူ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါပဲ။ သူကတောင် ငါ့အတွက် ညီမတစ်ယောက် ကောက်ရလာတယ်ဆိုပြီး နောက်ပြောင်နေသေးတယ်"
ထိုအချိန်တွင် ထုံချွမ်းလိုင်က အရက်အိုးကို ကိုင်ပြီး ပြန်ရောက်ရှိလာခဲ့သည်။
"အရက် ရပြီ"
"ရှင် ပြန်လာတာကို မျှော်နေကြတာ၊ လာ... သောက်ကြစို့"
ကျန်းရှီက သူမခင်ပွန်း၏ခွက်ထဲသို့ အရက် ငှဲ့ပေးလိုက်သည်။
ညဉ့်နက်လာခဲ့ပြီဖြစ်သော်လည်း ယနေ့ညတွင် လမင်းကြီး ပေါ်ထွက်မလာခဲ့ချေ။ လမင်းကြီးပင် အရက်မူးပြီး မျက်နှာမပြချင်ဖြစ်နေသည်ဟု ထင်မှတ်စရာဖြစ်နေခဲ့သည်။
......။......။.....
"ဒီနေရာပဲ"
အမျိုးသမီးတစ်ဦးက စူးယောင်ကွမ်း၏ ရှေ့မှ လမ်းပြနေပြီး ရှေ့မှ တံခါးဝကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်သည်။
"နင့်အမေက ဒီအိမ်ကို ရောက်လာပြီး ငါ့ယောက်ျားကို မြူဆွယ်နေတယ်လို့ ငါ သတင်းရထားတယ်"
စူးယောင်ကွမ်း၏ နောက်ကွယ်တွင် ကျိုးဝမ်ရှူ ရှိနေပြီး ကျိုးဝမ်ရှူ၏ နောက်တွင်တော့ ကျန်းညီအစ်မများ ရှိနေကြသည်။ ကျားချွန်းနီ၊ ကျန်းကျင့်နှင့် ဝမ်ဟွမ်ကျစ်တို့ကိုတော့ ဆိုင်ကို စောင့်ရှောက်ရန် ချန်ထားရစ်ခဲ့ပြီး ဤနေရာသို့ လိုက်လာခွင့် မပြုခဲ့ချေ။
ထိုအမျိုးသမီးက စူးယောင်ကွမ်းကို သေးငယ်စုတ်ပြတ်နေသော အိမ်လေးဆီသို့ ခေါ်ဆောင်လာသည့်အချိန်တွင် အဘွားစူး၊ အဘိုးစူးနှင့် စူးမိသားစု၏ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ မိသားစုပါ အလောတကြီး ရောက်ရှိလာကြပြီး တံခါးအပြင်ဘက်တွင် ထိပ်တိုက် ဆုံမိသွားကြသည်။
"ရှင်တို့ ဒီကို ဘာလာလုပ်ကြတာလဲ"
စူးယောင်ကွမ်းက အဘိုးစူး၊ အဘွားစူးနှင့် တခြားလူများကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
အမြဲတမ်း သူရဲဘောကြောင်ပြီး ကြောက်ရွံ့တတ်သော အဘိုးစူးက စူးယောင်ကွမ်း၏ မေးခွန်းကို ပြန်မချေပရဲဘဲ အပြစ်ရှိနေဟန်ဖ့င့် အဘွားစူးကိုသာ လှမ်းကြည့်လိုက်သည်။
အဘွားစူးကတော့ ဤအသုံးမကျသော မိန်းမငယ်လေး တစ်နေ့ထက်တစ်နေ့ ပိုရဲတင်းလာသည်ဟု ခံစားနေရသည်။ စူးယောင်ကွမ်းနှင့် ရင်ဆိုင်ရသည့်အခါတိုင်း အမြဲတမ်း ဒေါသကြီးတတ်သော သူမ၏ အကြီးဆုံးသားကို မြင်တွေ့လိုက်ရသကဲ့သို့ သူမ ခံစားရပြီး တုန်လှုပ်သွားမိတတ်သည်။
"တစ်ယောက်ယောက်က ငါတို့ကို လာသတင်းပေးတယ်၊ နင့်ရဲ့ အကျင့်မကောင်းတဲ့အမေက ဒီမှာ ဖောက်ပြန်နေတယ်ဆိုလို့ လက်ပူးလက်ကျပ် မိအောင်လာဖမ်းတာ။ နင့်အဖေ မရှိတော့ဘူးဆိုပေမယ့် နင့်အမေက နင့်အဖေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်တာကိုတော့ ငါတို့ လက်မခံနိုင်ဘူး"
"ဘယ်သူက လာပြောတာလဲ၊ သတင်းပေးတဲ့လူက ဘယ်မှာလဲ"
"အချိန်ဆွဲမနေနဲ့တော့"
ဒုတိယအဒေါ်စူးက ဝင်ပြောလိုက်သည်။
"နင်က နင့်အမေ အသံကြားပြီး ထွက်ပြေးနိုင်အောင် တမင်တကာ အချိန်ဆွဲနေတာမလား"
"ဟုတ်တယ်... ငါတို့ကို လာပြီး လှည့်စားဖို့ မကြိုးစားနဲ့"
အဘွားစူးက တံခါးကို အားပြင်းပြင်းဖြင့် တွန်းဖွင့်လိုက်သည်။
စူးယောင်ကွမ်းကို တံခါးဝအထိ ဆွဲခေါ်လာခဲ့သည့် အမျိုးသမီးကလည်း သူမတို့၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။
ကျိုးဝမ်ရှူကလည်း တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်။
"ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ သက်သေမခိုင်လုံဘူး၊ အထဲဝင်ပြီး ကြည့်ကြတာပေါ့"
ထိုလူအုပ်ကြီးက ဒေါသတကြီးဖြင့် အခန်းထဲသို့ ဝုန်းဒိုင်းကြဲ တိုးဝှေ့ဝင်ရောက်လာကြသည်။
တံခါးက စေ့ရုံသာ စေ့ထားပြီး အထဲမှ မင်းတုံး ထိုးပိတ်ထားခြင်း မရှိသဖြင့် သူတို့အုပ်စု အလွယ်တကူ တွန်းဖွင့်နိုင်ခဲ့ကြသည်။
အခန်းက လုံးဝ မှောင်မည်းနေသည်။
သူတို့ ဖယောင်းတိုင် မထွန်းရသေးမီမှာပင် အထဲမှ အမျိုးသားနှင့် အမျိုးသမီးတို့ ချစ်တင်းနှီးနှောနေကြသည့် အရှက်မဲ့သော အသံများ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် လမ်းပြလာသော အမျိုးသမီးက ရူးသွပ်သွားသကဲ့သို့ အထဲသို့ ဝုန်းဒိုင်းကြဲ ပြေးဝင်သွားပြီး ကြက်မွေးတံမြက်စည်းကို ဆွဲကာ ကုတင်ပေါ်မှ မှောင်မိုက်နေသော လူရိပ်ကို အားကုန် လှမ်းရိုက်လိုက်သည်။
"အရှက်မရှိတဲ့ကောင်... အရှက်မရှိတဲ့ကောင်...အိုက်ယား၊ ငါ နင့်ကို သတ်ပစ်မယ်၊ နင်လို နှလုံးသားမရှိတဲ့ အရူးကောင်... ပြီးတော့ နင်... နင်လို အရှက်မရှိတဲ့ မိန်းမ၊ ငါ့ယောက်ျားကို ဘယ်လို လုပ်ပြီး လာမြူဆွယ်ရဲတာလဲ"
"အိုက်ယား...ဘုရားရေ,.."
ဒုတိယအဒေါ်စူးကလည်း ပိုပိုသာသာ အသံဖြင့် အော်ဟစ်လိုက်သည်။
"အကြီးဆုံးယောင်းမက တကယ့်ကို အကျင့်ပျက်လွန်းတာပဲ။ ယောက်ျားလိုချင်ရင်တောင် တခြားတစ်ယောက်ကို ရွေးပြီး အိမ်ထောင်အသစ် ထူထောင်လို့ ရနေတာပဲလေ။ အခုဟာက အောင်သွယ်လည်းမပါ၊ စေ့စပ်ကြောင်းလမ်းတာလည်း မရှိဘဲနဲ့ ခိုးပြီး နှီးနှောနေကြတာပဲ၊ ယောင်ကွမ်းရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမှာကို မကြောက်ဘူးလား"
ကျိုးဝမ်ရှူက တည်ငြိမ်လွန်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့က လူကိုတောင် သေသေချာချာ မမြင်ရသေးဘဲနဲ့ အဲ့ဒါ ကျွန်တော်တို့အမေလို့ ဘယ်လိုလုပ်ပြီး အပိုင်တွက်နေကြတာလဲ။ ခင်ဗျားတို့က အမှောင်ထဲမှာ မြင်နိုင်တဲ့ ကြောင်တွေမို့လို့လား"
"ယောင်ကွမ်း... ဝမ်ရှူ... နင်တို့နှစ်ယောက် အရင်ထွက်သွားကြဦး"
ကျန်းဖန့်တိက စပြောလိုက်သည်။
"သူတို့ ထွက်သွားလို့ မရဘူး။ သူ့အမေက ဒီမှာ လင်ယောက်ျားအပေါ် သစ္စာဖောက်နေတာလေ။ တကယ်လို့ သူ ထွက်သွားရင် ဒီကိစ္စကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲ"
အဘွားစူးက အော်ပြောလိုက်သည်။
"ဖယောင်းတိုင် ထွန်းလိုက်ကြစမ်း၊ သူ့အမေ ဘယ်လောက်တောင် အရှက်မဲ့တယ်ဆိုတာ သူတို့မျက်စိနဲ့တပ်အပ် ကြည့်ခိုင်းလိုက်"
ဒုတိယဦးလေးစူးက သူကိုယ်တိုင် ဝင်လုပ်ပေးလာခဲ့သည်။
"ကျွန်တော် ထွန်းလိုက်ပါ့မယ်"
သူ့လေသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ဤအခြေအနေအပေါ် သိသိသာသာ အားရကျေနပ်နေပုံရသည်။
ဒုတိယဦးလေးစူးက မီးစာတိုင်ကို မှုတ်လိုက်ပြီး အခန်းထဲရှိ ဖယောင်းတိုင်များကို ထွန်းညှိလိုက်သည်။
သို့သော်လည်း မလုံလောက်သေးဘဲ အလင်းရောင်က အားနည်းလွန်းနေသေးသည်။
ကုတင်ပေါ်မှ လူနှစ်ယောက်ကလည်း လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီ ဖြစ်သည်။ သို့သော် သူတို့က စောင်အောက်တွင် ကွေးကွေးလေး ပုန်းအောင်းနေကာ တုန်လှုပ်ချောက်ချားနေကြပြီး မျက်နှာပြရဲခြင်း မရှိကြချေ။
ကျားရဲကဲ့သို့ ကြမ်းတမ်းသော အမျိုးသမီးကတော့ ခြံဝင်းထဲမှ မီးတုတ်ကို ဆွဲယူလာပြီး မီးညှိကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
မီးတုတ်၏အလင်းရောင်က တစ်ခန်းလုံးကို ချက်ချင်း လင်းထိန်သွားစေသည်။
ထိုအမျိုးသမီးက စောင်ကို ဆွဲလှန်ရန် ကြိုးစားနေသော်လည်း အထဲမှလူများက ထိုစောင်ကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားကြသည်။
ဒုတိယအဒေါ်စူးက ဖြဲစပ်စပ်အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"ငါ ကူညီပေးမယ်"
အဘိုးစူးနှင့် အဘွားစူးတို့ကတော့ ဒေါသတကြီး ကြိမ်းမောင်းနေကြသည်။
"အရှက်မဲ့လိုက်တာ"
ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့က စူးယောင်ကွမ်း၏ ရှေ့မှ ကာရပ်ပေးလိုက်ကြသည်။
"ယောင်ကွမ်း...နင်က အပျိုအရွယ်လေးပဲ ရှိသေးတာ၊ ဒီလိုကိစ္စမျိုးကို..."
'မကြည့်နဲ့... နင့် မျက်လုံးကို ထိခိုက်စေလိမ့်မယ်'
သို့သော်လည်း စောင်ကို ဆွဲလှန်လိုက်သည့်အခါ ပေါ်ထွက်လာသော လူနှစ်ဦးကို မြင်လိုက်ရသည့်ခဏတွင် ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့လည်း စကားတစ်လုံးမျှ ဆက်မပြောနိုင်တော့ဘဲ လုံးဝ အံ့သြမှင်တက်သွားကြရသည်။