← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း ၁၁၇ ပွဲစပြီ

ထိုအမျိုးသားက အခြားသူများအတွက် စိမ်းသက်နေပြီး သူတို့က သူ့ကို မမှတ်မိကြချေ။ သို့သော်လည်း အမျိုးသမီးကတော့ ရင်းနှီးလွန်းနေသည်ထက်ပင် ပိုနေခဲ့သည်။ သူမက စူးယောင်ကွမ်း၏မိခင် ကျန်းကျောက်တိ မဟုတ်ဘဲ စူးယောင်ကွမ်း၏ အငယ်ဆုံးအဒေါ် စူးကွေ့လန် ဖြစ်နေချေသည်။

စူးကွေ့လန်က ကိုယ်ပေါ်တွင် အဝတ်အစား ဗလာနီးပါးဖြစ်နေလျက် စောင်ကို ကျစ်ကျစ်ပါအောင် ဆွဲခြုံကာ အော်ဟစ်လိုက်သည်။

"အား... ထွက်သွားကြ၊ အကုန်ထွက်သွားကြ..."

"မင်း... မိန်းမပျက်... ဘာတွေလုပ်နေတာလဲ"

စူးကွေ့လန်၏ယောက်ျားက အပြင်မှ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာခဲ့သည်။ သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူက ကြမ်းပြင်ပေါ်မှ တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ သူမဆီသို့ လှမ်းရိုက်လိုက်သည်။

"ငါ မင်းကို ရိုက်သတ်ပစ်မယ်၊ အရှက်မရှိတဲ့ မိန်းမ။ လင်သားအပြင် အခြားယောက်ျားတောင် ခိုးထားရဲတယ်ပေါ့လေ။ တစ်ယောက်ယောက်က မင်း ဒီမှာ ဖောက်ပြန်နေတယ်လို့ လာမပြောရင် ငါ ယုံမှာတောင် မဟုတ်ဘူး။ ငါ အပြင်မှာ အကြာကြီး စောင့်နေခဲ့တာ၊ တကယ်ကို လက်ပူးလက်ကျပ် မိတာပဲ၊ မင်းလို သစ္စာမရှိတဲ့ မိန်းမပျက်က ငါ့ကို ဖောက်ပြန်ရဲတယ်ပေါ့"

အဘိုးစူး၊ အဘွားစူး၊ ဒုတိယဦးလေးစူးနှင့် ဒုတိယအဒေါ်စူးတို့လည်း လုံးဝ အံ့သြမှင်တက်နေကြသည်။

'ဘယ်လိုလုပ်ပြီး စူးကွေ့လန် ဖြစ်နေရတာလဲ'

'ဒါ ငါတို့ ကြိုတင်ကြံစည်ထားတဲ့ အကွက်မှ မဟုတ်တာ'

"ကျန်းကျောက်တိ ဘယ်မှာလဲ။ သတင်းပေးတဲ့လူက သူ အမျိုးသားတစ်ယောက်နဲ့ အတူဝင်သွားတာကို အသေအချာ မြင်ခဲ့တယ်လို့ ပြောခဲ့တယ်။ သူ ဒီအတိုင်း ပျောက်ကွယ်သွားလို့ မရဘူး၊ ဒီထဲမှာ ပုန်းနေတာ ဖြစ်ရမယ်"

ဒုတိယအဒေါ်စူးက အော်ဟစ်ပြောဆိုလိုက်သည်။

ထိုအချိန်တွင် စူးကွေ့လန်၏ယောက်ျားနှင့် ဖောက်ပြန်သူအမျိုးသား၏ဇနီးဖြစ်သူတို့က ကုတင်ပေါ်မှ အတွဲကို ရူးသွပ်မတတ် အတင်းလိုက်လံ ရိုက်နှက်နေကြဆဲ ဖြစ်သည်။ စူးကွေ့လန်နှင့် ကျန်းဖန်တို့က ဆံပင်များ ရှုပ်ပွနေပြီး အခန်းအတွင်းတွင်လည်း ထူးခြားသော အနံ့အသက်တစ်ခု ရှိနေလေ၏။ ထိုအရာက ဟန်ဆောင်နေခြင်းမဟုတ်ဘဲ တစ်ခုခု အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

ပုံမှန်အားဖြင့် စူးကွေ့လန်အပေါ် အလွန်အလိုလိုက်တတ်သော အဘိုးစူးနှင့် အဘွားစူးတို့ပင် ယခုအချိန်၌ သူမကို ကာကွယ်မပေးနိုင်ကြတော့ချေ။ သူတို့က သူတို့၏ အစီအစဉ် မအောင်မြင်ခြင်းကြောင့် ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်း၊ ဒေါသထွက်ခြင်းများ ပြည့်နှက်နေပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ရန်သာ ကြိုးစားနေကြသည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ မျက်ဝန်းများကို လှမ်းဖုံးအုပ်ပေးလိုက်ရင်း ပြောလာခဲ့သည်။

"ဒါတွေက ခင်ဗျားနဲ့ မဆိုင်ဘူး၊ အပြင်ထွက်ပြီး စောင့်နေနော်"

"ဟုတ်တယ် ယောင်ကွမ်း... နင် မြန်မြန် ထွက်သွားသင့်တယ်၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ"

ကျန်းဖန့်တိက ဝင်ပြောလာခဲ့သည်။

"နင့်ရဲ့ ဒေါ်လေးနဲ့ ငါပဲ ဒါကို ရှင်းလိုက်ပါ့မယ်"

"ကျွန်မတို့ ဒီအထိ ရောက်လာမှတော့... သူတို့ ကပြမယ့် ပြဇာတ်ကို အဆုံးထိ ကြည့်လိုက်ကြတာပေါ့"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"ဒုတိယဦးလေးနဲ့ ဒုတိယဒေါ်လေးက လူဖမ်းဖို့ အထဲကို ဇွတ်အတင်း တိုးဝင်ချင်နေတာလေ။ ကျွန်မရဲ့အမေက ဒီအထဲမှာ ရှိနေတာတောင် ဖြစ်နိုင်သေးတယ်၊ ကျွန်မ ဒီမှာပဲ စောင့်နေမယ်"

"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"

ထိုအချိန်တွင် တံခါးဝဆီမှ ကျန်းကျောက်တိ၏ အသံ ထွက်ပေါ်လာခဲ့သည်။

"လူတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ"

စူးယောင်ကွမ်းနှင့် တခြားလူများ လှည့်ကြည့်လိုက်ချိန်တွင် သူတို့အား ကြောင်တောင်တောင်ကြီး ကြည့်နေသည့် ကျန်းကျောက်တိကို တွေ့လိုက်ရသည်။

"အမေ... အမေက ဒီကို ဘာလာလုပ်တာလဲ"

ကျန်းကျောက်တိက သူမ၏ပါးကို ကုတ်လိုက်ရင်း စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အားလုံးက အရက်တွေ တော်တော် မူးနေကြတာကို မြင်လို့... ငါ သူတို့အတွက် အမူးပြေဆေးရည် သွားဝယ်ကြတာလေ။ ဒါပေမယ့် ငါလည်း တကယ့်ကို ခေါင်းမူးနေတာနဲ့ ဆေးခန်းမှာ ခဏထိုင်နားပြီးမှ ပြန်လာခဲ့တာ"

ထိုအချိန်တွင် စူးမိသားစုမှ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့က ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့ကို အပြင်သို့ တွန်းထုတ်လာခဲ့ကြသည်။

ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့ကတော့ အရက်များ လွန်ကဲစွာ သောက်ထားကြသဖြင့် ယခုထိ မူးယစ်ရီဝေနေသည့် ပုံစံမျိုး ဖြစ်နေကြဆဲပင်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

ကျန်းရှီက သူမ၏ ရှေ့မှ ရှုပ်ထွေးပွေလီနေသော မြင်ကွင်းကို ကြည့်ရင်း အမူးပြေကာ သတိပြန်ဝင်လာခဲ့သည်။

သူမက တံခါးဝတွင် ရပ်နေသည့် ကျန်းကျောက်တိကို မြင်သွားခဲ့ပြီး သူမ၏မျက်ဝန်းများတွင် တုန်လှုပ်နေသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာခဲ့သည်။ ထို့နောက် နောက်သို့ လှည့်အကြည့်တွင် အဝတ်အစား ဗလာကျင်းနေသော စူးကွေ့လန်နှင့် ကျန်းဖန်တို့ကို မြင်လိုက်ရသဖြင့် သူမ၏မျက်နှာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။

"သူပဲ... ကျန်းကျောက်တိ လုပ်တာ"

စူးကွေ့လန်က ကျန်းကျောက်တိ ရှိရာဘက်သို့ လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်သည်။

"သူ ဒီမှာ ယောက်ျားတွေကို မြူဆွယ်နေတယ်လို့ ကြားလို့ ကျွန်မက လက်ပူးလက်ကျပ် မိအောင် လာဖမ်းတာ။ ဒါပေမဲ့ ကျွန်မ ရောက်လာတော့ အခန်းထဲမှာ အရက်မူးသမားတစ်ယောက်ပဲ ရှိနေတာ။ သူက ကျွန်မကို အတင်းချုပ်နှောင်ပြီး ဖိထားခဲ့တာပါ၊ ကျွန်မ သူ့အကြောင်း ဘာမှမသိဘူး"

"တော်စမ်း၊ ယုတ္တိမရှိတဲ့ စကားတွေ မပြောနဲ့"

ကျန်းကျောက်တိက ပြန်ချေပလိုက်သည်။

"ငါ အဲ့ဒီလူကို လုံးဝ မသိဘူး"

"ဒါဆို နင်က ဘာလို့ ဒီကို ရောက်နေတာလဲ"

စူးကွေ့လန်က သူမကိုယ်တိုင် ဤမျှအထိ စုတ်ပြတ်နေသည့်တိုင် ကျန်းကျောက်တိအား ပုတ်ခတ်စွပ်စွဲရန် မမေ့လျော့သေးချေ။

သူမက ကျန်းဖန်ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

ကျန်းဖန်ကလည်း အခြေအနေကို ရိပ်မိသွားပြီး ဝင်ပြောလာခဲ့သည်။

"ဟုတ်တယ်... ကျွန်တော့်ရဲ့ ချစ်သူက သူပါ၊ ကျွန်တော် လူမှားသွားလို့ပါ"

"ကဲ... ကောင်းကြသေးရဲ့လား ကျန်းကျောက်တိ၊ နင့်မှာ ကောင်းတာဆိုလို့ တစ်ခုမှ မရှိတာကို ငါ သိသားပဲ"

အဘွားစူးက ချက်ချင်း စကားထောက်လိုက်သည်။

စူးယောင်ကွမ်းက သူမ၏နားကို ကုတ်လိုက်ရင်း ဝင်ပြောလိုက်သည်။

"အခု ဒီကိစ္စကို သေသေချာချာ ရှင်းကြရအောင်။ ရှင်တို့က ဘာသက်သေရှိလို့ ကျွန်မအမေကို လာပုတ်ခတ်နေတာလဲ။ သူခိုးဖမ်းရင်တောင် လက်ပူးလက်ကျပ် မိရမယ်၊ အခုဟာက ရှင်ကိုယ်တိုင် ဖောက်ပြန်နေတာကို မိနေတာလေ။ ကျွန်မအမေက အပြစ်မရှိဘဲနဲ့ ရှင်တို့က လာပြီး နာမည်ဖျက်နေကြတာပဲ။ တကယ်လို့ သေသေချာချာ မရှင်းပြနိုင်ရင်တော့ ရှင်တို့ကို အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်။ ပြီးတော့ အဲ့နေ့က ကျွန်မအမေရဲ့ ပစ္စည်းတွေကို ခိုးသွားတဲ့ သူခိုးတွေကိုလည်း ဖမ်းမိထားပြီးပြီ၊ သူတို့ရဲ့ ထွက်ဆိုချက်တွေလည်း ရှိတယ်။ ရှင်တို့ နားထောင်ချင်ကြလား"

ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့က လူအများ မဟုတ်ကြသဖြင့် စူးယောင်ကွမ်းတစ်ယောက် ဤအရာအားလုံးက ထောင်ချောက်မှန်း အစကတည်းက သိနေခဲ့ပြီး ယခု သူမက တဖန်ဉာဏ်ဆင်ကာ သူတို့အား ပြန်ပိတ်ဖမ်းလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြချေပြီ။

စူးယောင်ကွမ်းက ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့အနီးသို့ ချဉ်းကပ်သွားပြီး လေသံကို လျှော့ကာ ပြောလိုက်သည်။

"အဲ့ဒီသူခိုးတွေရဲ့ ထွက်ဆိုချက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော်။ ရှင်တို့ နားထောင်ချင်လား"

"သူ လုပ်တာ၊ သူက ကျွန်မရဲ့ အစ်ကိုကို မြူဆွယ်ခဲ့တာ"

ကျန်းရှီက စူးကွေ့လန်ကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။

"ကျွန်မရဲ့ အစ်ကိုက သူရဲ့ ဖြားယောင်းမှုကို မခံနိုင်လို့ ကျွန်မတို့မိသားစုကို သုံးပြီး ဒီလို ရယ်စရာကောင်းတဲ့ ကိစ္စမျိုး လုပ်ခဲ့တာပါ"

"ဟုတ်တယ်... အဲ့ဒါ အမှန်ပဲ"

ထုံချွမ်းလိုင်ကလည်း ထပ်ဆင့်ထောက်ခံလိုက်သည်။

စူးကွေ့လန်က ကုတင်ပေါ်မှ ဆင်းပြီး ငြင်းခုံရန် ကြိုးစားသော်လည်း ကိုယ်လုံးတီးဖြစ်နေသည့်အပြင် ဒေါသအလွန်ထွက်နေသဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

"ဒါက ကျွန်မတို့နဲ့ မဆိုင်တဲ့ ကိစ္စဆိုတော့ ရှင်တို့ ပျော်ပါးနေတာကို နောက်ထပ် နှောင့်ယှက်မနေတော့ပါဘူး"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုနှင့် ကျန်းကျောက်တိ ရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။

"အမေ... သွားကြမယ်"

ကျန်းကျောက်တိက ကျန်းရှီကို အေးစက်စက် စိုက်ကြည့်ကာ လှမ်းပြောလိုက်သည်။

"ဒီနေ့ကစပြီး ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ ငါ့ဆီကို နောက်တစ်ခါ လာမရှာနဲ့တော့"

ကျန်းရှီက တိတ်ဆိတ်နေပြီး သူမကို မော့မကြည့်ရဲချေ။

ရှုပ်ပွနေသော ခြံဝင်းထဲမှ ထွက်လာပြီးနောက် ကျန်းဖန့်တိက စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလာခဲ့သည်။

"ငါတော့ လုံးဝကို နားမလည်တော့ဘူး။ ဘာတွေ ဖြစ်သွားတာလဲ"

ကျန်းယင်းတိကလည်း သူမ၏ခေါင်းကို ပွတ်ရင်း ပြောလာခဲ့သည်။

"ကျွန်မလည်း နားမလည်ဘူး။ ကျွန်မခေါင်းထဲမှာ တဝီဝီမြည်နေပြီ၊ ကျွန်မ ကြားလိုက်ရတာက အဲ့ဒီမိန်းမနဲ့ စူးကွေ့လန်ရဲ့ယောက်ျား ငြင်းခုံနေကြတာပဲ ရှိတယ်"

စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။

"ကျန်းရှီရယ်... ထုံချွမ်းလိုင်ရယ်က အမေ့အနားကို တမင်တကာ ချဉ်းကပ်ခဲ့ကြတာ။ သူတို့က စူးကွေ့လန်ရဲ့ ခိုင်းစေချက်အရ 'သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်တယ်' ဆိုတဲ့ ပြဇာတ်ကို သုံးပြီး အမေနဲ့ ရင်းနှီးအောင် လုပ်ခဲ့ကြတာလေ။ အမေ့ရဲ့ သတိချပ်မှုတွေကို တဖြည်းဖြည်း လျှော့ချပြီးတာနဲ့ ဖောက်ပြန်နေတဲ့ မြင်ကွင်းတစ်ခု ဖန်တီးပြီး အမေ့ကို ထိန်းချုပ်မယ်၊ ငွေညှစ်မယ်၊ အဲ့လိုတွေ စီစဉ်ထားခဲ့တာ။ တကယ်လို့ အမေသာ သူတို့ထောင်ချောက်ထဲ မိသွားရင် အမေ့ကို ဆေးခတ်ပြီး လက်ပူးလက်ကျပ် ဖမ်းကြမှာ။ သူတို့ရဲ့ မူလအစီအစဉ်က ကျွန်မတို့ကို အသိပေးဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါမှပဲ အမေက ဒီအရှက်ရစရာ ကိစ္စကို ဖုံးကွယ်ဖို့အတွက် သူတို့ ငွေညှစ်တာကို အလိုလို လိုက်လျောမှာပေါ့။ ဒါပေမဲ့ ကျွန်မက ဒီသတင်းကို ကျန်းဖန်ရဲ့ မိန်းမဆီ တမင်တကာ ပေါက်ကြားအောင် လုပ်လိုက်တာ၊ တစ်ယောက်ယောက်ကလည်း စူးကွေ့လန်ရဲ့ ယောက်ျားကို ဒီနေရာဆီ ခေါ်လာခဲ့တယ်။ ကျွန်မက ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် လုပ်လိုက်ပြီး သူတို့ရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်တာပါ"

"ဒါဆို စူးကွေ့လန်ကရော... သူ ဒီထောင်ချောက်ထဲကို ဘယ်လိုမျိုး သက်ဆင်းသွားတာလဲ"

ကျန်းဖန့်တိက ထပ်မေးလိုက်ပြန်သည်။

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"အမေက သူတို့ကို မကြာသေးခင်က အလုပ်များနေလို့ အပြင်ကို အကြာကြီး ထွက်မှာမဟုတ်ဘူးလို့ ပြောလိုက်တာလေ။ အဲ့ဒီတော့ သူတို့ ပျာယာခတ်သွားပြီး ဒီအခွင့်အရေးကို လက်လွှတ်ရမှာ စိုးရိမ်လို့ ဒီညမှာပဲ ချက်ချင်း အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ကြတာ။ ထုံချွမ်းလိုင်က ချက်ချင်း ထွက်သွားပြီး စူးကွေ့လန်ကို သတင်းပို့ခဲ့တာ၊ ကျွန်မတို့က သူ့နောက်ကို လိုက်ရုံနဲ့တင် စူးကွေ့လန် ရှိတဲ့နေရာကို ရှာတွေ့နိုင်ခဲ့တာပေါ့။ ထုံချွမ်းလိုင် ပြန်ရောက်လာတဲ့အချိန်မှာ စူးကွေ့လန်က ကျွန်မတို့ရဲ့ လက်ထဲ ရောက်နေပြီလေ။ သူ့ကို သတိလစ်သွားအောင် ရိုက်နှက်ပြီး အဲ့ဒီအခန်းထဲကို ထမ်းခေါ်သွားခဲ့တာ။ တချိန်တည်းမှာပဲ သူတို့က အမေ့ကို ဆေးခတ်ဖို့ မူလက စီစဉ်ထားပေမဲ့ အမေက ကြိုတင်ပြီး ဖြေဆေးပြား သောက်ထားခဲ့တာ၊ ပြီးတော့ သူတို့ သတိမထားမိတဲ့အချိန်မှာ ပြန်ပြီး ဆေးခတ်လိုက်တာလေ။ ဒါကြောင့် ဒီအရာအားလုံးက ကျွန်မတို့ရဲ့ ပြဇာတ် ဖြစ်သွားတာပေါ့"

"အဲ့ဒီလူတွေကို ဒီအတိုင်း လွှတ်ပေးလိုက်တာက သူတို့အတွက် အရမ်း သက်သာလွန်းရာ မကျဘူးလား"

ကျန်းယင်းတိက မကျေမနပ် မေးလာပြန်သည်။

"ကျန်းရှီ၊ ထုံချွမ်းလိုင်နဲ့ အဲ့ဒီကျန်းဖန်တို့က လူယုတ်မာတွေချည်းပဲ။ ကျွန်မ သူတို့ကို အာဏာပိုင်တွေဆီ တိုင်ချက်ဖွင့်ထားပြီးပြီ၊ ပြီးတော့ ဒီပြဇာတ်မှာ ပါဝင်ပတ်သက်နေတဲ့ လူမိုက်တွေကိုလည်း ရုံးတော်ဆီ အပ်လိုက်ပြီ။ စူးကွေ့လန်အတွက်ကတော့ သူ တကယ့်ကို ပြင်းပြင်းထန်ထန် ခံစားရတော့မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီအရှုပ်တော်ပုံက ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူးလေ။ စူးကွေ့လန်တစ်ယောက်တည်းနဲ့တင် စူးမိသားစုက လူတွေကို ဒုက္ခရောက်အောင် လုပ်ဖို့ လုံလောက်တယ်။ ကျွန်မတို့ကတော့ စောင့်ကြည့်ရုံပဲပေါ့"

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ လက်မောင်းကို ဖက်တွယ်လိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။

"အမေ... သမီး အမေ့အတွက် အစိုးရိမ်ဆုံးပဲ။ အမေက နောက်ဆုံးမှာ မိတ်ဆွေကောင်းတစ်ယောက် ရခဲ့ပြီလို့ ထင်နေတာ၊ အခုတော့ မျက်နှာနှစ်ခုနဲ့ လူစားမျိုး ဖြစ်နေတယ်။ အမေ အဆင်ပြေရဲ့လားဟင်"

အခန်း ၁၁၈ လွှတ်ချလိုက်ခြင်း

ကျန်းကျောက်တိက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"သူက အစကတည်းက ငါ့ကို ကြံစည်နေခဲ့တာပဲ၊ ဘယ်လိုမိတ်ဆွေမျိုးမို့လို့လဲ။ စိတ်မပူပါနဲ့... ငါက အဲ့ဒီလောက်ထိ စိတ်ဓာတ်ကျလွယ်တဲ့လူ မဟုတ်ဘူး။ မဟုတ်ရင် ဒီနှစ်တွေတစ်လျှောက် ငါ ဘယ်နှစ်ခါလောက် သေပြီးနေပြီလဲတောင် သိရမှာ မဟုတ်ဘူး"

ကျန်သူများကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ သက်ပြင်းချနိုင်သွားကြသည်။

"ညလည်း နက်နေပြီ၊ ပြန်ပြီး နားကြရအောင်"

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ လက်မောင်းကို ဖက်တွယ်ထားရင်း ထပ်ပြောလိုက်သည်။

"ဒီညတော့ သမီး အမေနဲ့အတူတူ အိပ်မယ်"

"မအိပ်ပါနဲ့ဟယ်... ငါ့ဘာသာငါ အေးအေးဆေးဆေး အိပ်ပျော်နိုင်တယ်။ နင်က ဘာလာရှုပ်မှာလဲ"

ကျန်းကျောက်တိက ရွံရှာဟန်ဖြင့် ပြောလိုက်ပြန်သည်။

"သွားကြမယ်... ဒီနေရာကြီးက တကယ့်ကို ရွံစရာကောင်းလွန်းတယ်၊ ငါ နောက်တစ်ခါ ဘယ်တော့မှ လာမှာ မဟုတ်ဘူး"

သူတို့၏ နောက်တွင်တော့ စူးကွေ့လန်၏ စူးစူးဝါးဝါး အော်ဟစ်သံများ၊ ကျန်းဖန်မိန်းမ၏ ဆဲဆိုကျိန်ဆဲသံများ၊ စူးကွေ့လန်၏ယောက်ျားက ဒေါသတကြီးဖြင့် ကွာရှင်းမည်ဟု အော်ဟစ်နေသံများနှင့် အခြားလူများက ဝိုင်းဝန်းတောင်းပန်ပေးနေသည့် အသံများ ထွက်ပေါ်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများကလည်း ဤမျှ စည်ကားလှသော ပြဇာတ်ကြီး၏ အသံကို ကြားလိုက်ရသဖြင့် ငြိမ်ငြိမ်မနေနိုင်ကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ခြံဝင်းထဲမှ ထွက်လာကာ ကျန်းရှီနှင့် ထုံချွမ်းလိုင်တို့၏ ခြံဝင်းတံခါးဝဆီသို့ ချောင်းမြောင်းကြည့်ရှုနေကြတော့သည်။

ကျန်းကျင့်နှင့် ကျားချွန်းနီတို့က တံခါးဝမှ စောင့်မျှော်နေကြပြီး သူတို့ ပြန်ရောက်လာသည်ကို မြင်မြင်ချင်း အပြေးအလွှား ကြိုဆိုလိုက်ကြသည်။

"မွေးစားအမေ.. အဆင်ပြေရဲ့လားဟင်"

"အကြီးဆုံး‌ဒေါ်လေး.. အဆင်ပြေရဲ့လား"

ကျန်းကျောက်တိက ကျန်းကျင့်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီး ကျားချွန်းနီ၏ လှမ်းပေးထားသော လက်ကို ပုတ်ပေးလိုက်ကာ ပြန်ပြောလိုက်သည်။

"ငတုံးမလေးတွေ၊ ကြည့်စမ်း... ငါ ဆံပင်တစ်ပင်တောင် မကျွတ်ခဲ့ဘူး၊ လုံးဝကို အဆင်ပြေတာမို့လို့ စိတ်မပူကြနဲ့"

"ဒီနေ့ကိစ္စတွေ အဆင်ပြေသွားတာက ဝမ်ရှူကြောင့်ပဲ။ တကယ်လို့ အဲ့ဒီကောင်လေးရဲ့ မျက်စိလျင်မှုကြောင့် ကျန်းရှီနဲ့ စူးကွေ့လန်တို့ရဲ့ ပူးပေါင်းကြံစည်မှုကို ကြိုတင်ပြီး မဖော်ထုတ်နိုင်ခဲ့ရင် ငါ တကယ်ပဲ သူတို့လက်ထဲ ကျရောက်သွားမလား မသိဘူး"

ကျန်းကျောက်တိက ကျိုးဝမ်ရှူဘက်သို့ လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

"မနက်ဖြန်ကျရင် အမေ မင်း အကြိုက်ဆုံး ကြက်ကြော် ကြော်ကျွေးမယ်"

ကျိုးဝမ်ရှူက သူ့မျက်တောင်လေးများကို တဖျတ်ဖျတ်ခတ်နေကာ လိမ်မာယဉ်ကျေးပြီး အပြစ်ကင်းစင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အမေ။ အမေ အဆင်ပြေတာပဲ အကောင်းဆုံးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အမေချက်တဲ့ ဟင်းတွေကို မစားရတာ ကြာပြီဆိုတော့ ဒါကို ပြသနာတွေထဲက ကောင်းချီးလို့ပဲ ပြောရတော့မှာပေါ့"

ညဉ့်နက်သန်းခေါင်သို့ ရောက်ရှိလာချိန်တွင် ပြတင်းပေါက်မှ ဦးခေါင်းလေး အနည်းငယ် ပြူထွက်လာခဲ့သည်။

စူးယောင်ကွမ်းက သူမ၏မျက်နှာကို ပြတင်းပေါက်ပေါ် ကပ်ထားပြီး အထဲမှ အသံများကို နားစွင့်နေလေသည်။

ကျန်းကျင့်က တိုးတိုးလေး မေးလိုက်သည်။

"ဘယ်လိုလဲ...မွေးစားအမေ ငိုမနေဘူးမလား"

"ငါ ဘာသံမှ မကြားရဘူး"

စူးယောင်ကွမ်းက သူမ၏လက်နှစ်ဖက်ကို အသံချဲ့စက်ပုံစံ လုပ်ကာ နံရံတွင် ကပ်ထားရင်း အထဲမှ အသံများကို ကြားနိုင်ရန် နားစွင့်နေပြန်သည်။

“ဘာသံမှ မရှိဘူး”

“အကြီးဆုံးဒေါ်လေးက ဟောက်တတ်တယ်လေ။ တကယ်လို့ သူ အိပ်ပျော်သွားရင် သေချာပေါက် အသံတစ်ခုခု ထွက်လာမှာပဲ။ အခု ဘာသံမှမရှိဘူးဆိုတော့ သူ မအိပ်သေးဘူးလို့ အဓိပ္ပာယ်ရတယ်”

ကျားချွန်းနီကလည်း အထဲမှ အသံကို နားစွင့်ရင်း ဝင်ပြောလာခဲ့သည်။

ကျိုးဝမ်ရှူကတော့ မလှမ်းမကမ်းတွင် ရပ်နေပြီး သစ်ပင်တစ်ပင်၏ ပင်စည်ကို မှီကာ လက်ပိုက်နေခဲ့သည်။ သူက မိန်းကလေးသုံးယောက် ကျန်းကျောက်တိအား ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းနေသည်ကို အေး‌အေးဆေးဆေး ကြည့်ရှုနေခဲ့သည်။

ထိုအချိန်တွင် ပြတင်းပေါက်က ဝုန်းကနဲ ပွင့်လာပြီး ကျန်းကျောက်တိက ပြတင်းပေါက်ရှေ့တွင် ရပ်နေကာ လက်ပူးလက်ကျပ် ဖမ်းမိခံလိုက်ရသည့် မိန်းကလေးသုံးယောက်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

“နင်တို့တွေ အိပ်မပျော်ဘူးလား။ မအိပ်ချင်သေးရင်လည်း သွားပြီး ထင်းခုတ်ကြစမ်း၊ ပြီးရင် မနက်ဖြန်အတွက် မနက်စာကို ကြိုပြင်ထားလိုက်”

“အိပ်ချင်ပြီ၊ သေချာပေါက် အိပ်ချင်တာပေါ့၊ ကျွန်မ အခုပဲ သွားအိပ်တော့မယ်”

ကျားချွန်းနီက ငါးရှဉ်းလေးတစ်ကောင်လို လျှပ်ခနဲ ရှောင်ထွက်သွားပြီး သူမ၏ အခန်းထဲသို့ ပြန်ပြေးဝင်သွားသည်။

ကျန်းကျင့်ကလည်း လိမ်မာယဉ်ကျေးသော လေသံလေးဖြင့် ပြန်ပြောလိုက်သည်။

"မွေးစားအမေ... စောစောက ဒီနားကို ကြွက်တစ်ကောင် ပြေးသွားတယ်။ သမီးက မွေးစားအမေ လန့်သွားမှာ စိုးလို့ပါ။ အခု ကြွက်လည်း ဝေးဝေးကို ပြေးသွားပြီဆိုတော့ သမီးလည်း အခန်းထဲကို ပြန်တော့မယ်နော်"

ကျန်းကျောက်တိက မဲ့ပြုံးပြုံးလျက် စူးယောင်ကွမ်းကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။

"နင်ကရော... ဘာလုပ်နေတာလဲ"

"သမီးက ဝမ်ရှူနဲ့အတူ ကြယ်ကြည့်နေတာလေ"

စူးယောင်ကွမ်းက သူမ၏နောက်တွင် ရှိနေသော ကျိုးဝမ်ရှူကို လက်ညှိုးထိုးပြရင်း ဆက်ပြောလိုက်သည်။

"သမီးတို့လည်း အခုပဲ အခန်းထဲကို ပြန်ပြီး အနားယူတော့မယ်နော်"

ပြောပြောဆိုဆိုနှင့်ပင် သူမက ကျိုးဝမ်ရှူထံသို့ အပြေးအလွှား သွားကာ သူ့လက်ကို ဆွဲပြီး ဘေးသို့ ခေါ်ထုတ်လာကာ တိုးတိုးလေး ပြောလိုက်ပြန်သည်။

"မြန်မြန်... မြန်မြန်လုပ်၊ ငါ့အမေ ဒေါသပေါက်ကွဲတော့မယ်"

ကျန်းကျောက်တိက ထွက်ပြေးသွားသော ကလေးများကို ကြည့်နေခဲ့ပြီး သူမ၏မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားကာ ရေရွတ်လိုက်သည်။

'ငယ်ရွယ်တဲ့အရွယ်က တကယ့်ကို ကောင်းတာပဲ'

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့ပြီး ရေနွေးအိုးကို မကာ ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။

"တော်သေးတာပေါ့... ငါ အပြေးမြန်လို့၊ မဟုတ်ရင် အမေ့ဆီက အရိုက်ခံရတော့မှာ"

ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။

"အမေ ခင်ဗျားကို ရိုက်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ အမေက ခင်ဗျားကို တကယ်ကြီး ရိုက်ရဲပါ့မလား"

စူးယောင်ကွမ်းတစ်ယောက် ခဏတာမျှ မှင်သက်သွားပြီး အတိတ်ကို ပြန်တွေးတောနေပုံရသည်။ ထို့နောက် သူမက မျက်လွှာချလိုက်ရင်း ပြောလိုက်ပြန်သည်။

"ဟုတ်ပါရဲ့... ငါ့အမေ ငါ့ကို မရိုက်တာ တော်တော်ကြာပြီပဲ"

"ခင်ဗျားရဲ့ လေသံအရ ဆိုရင်တော့ အရိုက်မခံရတာကို စိတ်ပျက်နေတဲ့ ပုံစံပဲနော်"

"ဝမ်ရှူ... နင် ရက်အနည်းငယ်လောက် ခွင့်ယူလို့ ရမလား"

စူးယောင်ကွမ်းက မေးမြန်းနေပြန်သည်။

"ဒီရာသီဥတုကို ကြည့်ရတာ မကြာခင် မိုးထပ်ရွာတော့မယ့်ပုံပဲ။ မိုးမရွာခင် ငါ ရိက္ခာတချို့ ထပ်ပြီး ဝယ်ချင်သေးတယ်"

ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့ ရိက္ခာတွေ တော်တော်များများ ဝယ်ပြီးပြီလေ၊ တစ်နှစ်စာလောက်တောင် လောက်ငှနိုင်တယ်။ အဲ့ဒါအပြင် ဆေးဖက်ဝင်အပင်တွေလည်း အများကြီး ပြင်ဆင်ထားပြီးပြီပဲ။ ကျန်းကျင့် ဆေးဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင်တောင် ပြဿနာမရှိနိုင်ဘူး"

"ဒါပေမဲ့ ငါ စိုးရိမ်နေတုန်းပဲ၊ ပစ္စည်းတွေ ပိုပြီးတော့ သိုလှောင်ထားချင်သေးတယ်"

စူးယောင်ကွမ်းက ဆက်ပြောနေသည်။

"ငါတို့တွေ ရိက္ခာအများကြီး ဝယ်ထားတာကို ဘယ်သူမှ မသိအောင် ဘေးနားက မြို့ကို သွားဝယ်ကြရအောင်။ ပြီးတော့ အဲ့ဒီရိက္ခာတွေကို သိုလှောင်ထားဖို့ နေရာတစ်ခုလည်း ရှာရဦးမယ်"

ရိက္ခာအပြင် ဆေးဖက်ဝင်အပင်များကိုလည်း ပိုသိုလှောင်ထားရန် လိုအပ်သည့်အပြင် အခြားသော နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းများကိုလည်း သိုလှောင်ထားသင့်သည်။

သူမ၏ ယခင်ဘဝတုန်းက အခက်ခဲဆုံးသော အချိန်ကာလကို သူမနှင့် မိခင်ဖြစ်သူတို့ ကျေးလက်တောရွာ၌သာ ဖြတ်သန်းခဲ့ကြရသည်။ ထိုအချိန်တုန်းက စားစရာ လုံးဝ မရှိသဖြင့် တောင်ပေါ်ရှိ မြက်ပင်များကိုပါ နုတ်ယူ စားသောက်ခဲ့ကြရသည်။ ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် တော်ဝင်နန်းတော်မှ ရိက္ခာများ ပေးဝေခဲ့သောကြောင့် ထိုဆိုးရွားလှသော ကာလက လအနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ရှောင်းယန်ချီကတော့ ယခင်ဘဝတွင် ထိုကဲ့သို့သော ဆင်းရဲဒုက္ခမျိုး အများကြီး မခံစားခဲ့ရချေ။ သူက ကျောင်းတော်တွင် ရှိနေခဲ့ပြီး ကျောင်းသားများက ကျောင်းတော်၏ အခြေခံအုတ်မြစ် ဖြစ်သလို ဒေသတစ်ခု၏ အသက်သွေးကြောလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့က ရိက္ခာကို အလွယ်တကူ ရယူခွင့်ရှိသူများ ဖြစ်ခဲ့ကြသည်။

ကျိုးဝမ်ရှူက သူမ၏ လေးနက်တည်ကြည်နေသော မျက်နှာအမူအရာကို ကြည့်ပြီးနောက် ဤကိစ္စကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ဤအရာက သူ၏အတွက် မခက်ခဲလှပေ။ လွန်ခဲ့သောရက်အနည်းငယ်က ရိက္ခာများ ပြင်ဆင်နေစဥ်ချိန်တွင် သူက ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ကို ပြောပြခဲ့ဖူးသဖြင့် သူတို့ကလည်း အများအပြား ဝယ်ယူထားခဲ့ကြသည်။ မနက်ဖြန် သူတို့ကို ထပ်မံဆက်သွယ်ပြီး ပိုပြင်ဆင်ခိုင်းလိုက်ရုံဖြင့် သူ ဝယ်ယူမည့် ရိက္ခာများကို ချန်မိသားစုနှင့် ကျုံးမိသားစုတို့၏ ကုန်လှည်းအဖွဲ့များနှင့်အတူ အိမ်သို့ သယ်ဆောင်လာခိုင်းနိုင်ပေလိမ့်မည်။

"ကောင်းပါပြီ"

"ဝမ်ရှူ... နင် ငါ့ကို အကြောင်းပြချက် မမေးတော့ဘူးလား"

စူးယောင်ကွမ်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်ပြန်သည်။

"ဒီမိုးက ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းနေတယ်။ တကယ်လို့ ခင်ဗျား စိုးရိမ်နေပြီး ရိက္ခာတွေ ပိုပြီး ပြင်ဆင်ထားချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကောက်နှံတွေဆိုတာက စားလို့လည်းရသလို ပြန်ရောင်းလို့လည်း ရတာပဲ"

"ဝမ်ရှူ... နင်က ဘာလို့ ဒီလောက်တောင် လိမ်မာရတာလဲ"

စူးယောင်ကွမ်းက သူမ၏လက်ကို ဆန့်တန်းကာ သူ့ပါးလေးကို လိမ်ဆွဲလိုက်သည်။

ကျိုးဝမ်ရှူ : "..."

‘သူမက ငါ့ကို တကယ်ကြီး ကလေးတစ်ယောက်လို သဘောထားနေတာပဲ’

"နင် ငါ့ကို ကူညီပေးနေတော့ ငါတစ်ယောက်တည်း တိုက်ပွဲဝင်နေရသလိုမျိုး မခံစားရတော့ဘူး။ ငါ့နောက်ကွယ်မှာ အားကိုးရမယ့်လူတစ်ယောက် ရှိနေတာက တကယ်ကို စိတ်အေးရစေတယ်"

စူးယောင်ကွမ်းက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"တကယ်တော့... နင့်ကို ငါတို့အိမ်မှာ နေခိုင်းခဲ့တာက ငါ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ"

စူးယောင်ကွမ်းက မတ်တတ်ထရပ်ကာ သူ့ကို လက်ပြနှုတ်ဆက်ပြီးနောက် သူ့အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ကျိုးဝမ်ရှူကတော့ စားပွဲတွင် ထိုင်ကျန်ရစ်ခဲ့ပြီး ရေတစ်ခွက် ငှဲ့ကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် စူးယောင်ကွမ်းတစ်ယောက် အလုပ်ကိစ္စများ ပြီးစီးပြီး အိမ်သို့ ပြန်ရောက်လာချိန်တွင် ဆိုင်တံခါးဝ၌ လူအုပ်ကြီး ဝိုင်းအုံနေသည်ကို မြင်လိုက်ရသည်။ သူမက လူအုပ်ကြားထဲသို့ တိုးဝှေ့ဝင်ရောက်သွားရင်း မေးမြန်းလိုက်သည်။

"အစ်ကိုတို့ အစ်မတို့... ဒီမှာ ဘာတွေလုပ်နေကြတာလဲဟင်"

"သူဌေးစူး... မင်းရဲ့ အဖိုးနဲ့ အဖွား ရောက်နေကြတယ်။ သူတို့က ဓားတစ်လက်ကို ကိုင်ပြီး မင်းရဲ့ဆိုင်ရှေ့မှာ သူတို့ကိုယ်သူတို့ လည်ပင်းလှီးပြီး သေပြမယ်လို့ ခြိမ်းခြောက်နေကြတာ။ မင်းတို့ အမေနဲ့ သမီးက လူကြီးမိဘတွေကို မရိုသေဘူးဆိုပြီးတော့လည်း ပြောနေကြသေးတယ်"

စူးယောင်ကွမ်း၏ မျက်ဝန်းထဲတွင် စိတ်ပျက်ငြီးငွေ့ရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

'သူတို့တွေက ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေကြတာလဲ...'

'အခုအချိန်မှာ သူတို့တွေက စူးကွေ့လန်ရဲ့ ကိစ္စနဲ့ပဲ ယောက်ယက်ခတ်နေသင့်တာ မဟုတ်ဘူးလား...'

စူးကွေ့လန်က သူမ၏ အရှက်သိက္ခာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ သူမ၏ယောက်ျားက သေချာပေါက် သူမကို ဆက်လိုချင်တော့မည်မဟုတ်ဘဲ ကွာရှင်းရန်က အချိန်ကိစ္စသာ ဖြစ်နေပေလိမ့်မည်။ စူးမိသားစုက သူမ၏အရေးကို စိတ်မပူကြဘဲ ဤနေရာသို့ လာရောက် ပြဿနာရှာနေကြသည်ကို ကြည့်ရသဖြင့် ငွေကြေး၏ ဆွဲဆောင်မှုက အမှန်တကယ် ပြင်းထန်လှသည်ဟု ပြောရပေလိမ့်မည်။

"ရုံးတော်ကို သွားတိုင်ပေးပါဦး"

စူးယောင်ကွမ်းက ကြေးပြားဆယ်ပြား ထုတ်လိုက်ပြီး သူမအား အခြေအနေ ပြောပြခဲ့သည့် အဒေါ်ကြီး၏ လက်ထဲသို့ ထည့်ပေးရင်း အကူအညီတောင်းလိုက်သည်။

"အဒေါ်... ကျွန်မတို့ကို ကူညီပြီး အရာရှိတွေကို သွားတိုင်ပေးပါဦးနော်၊ ဒါက ကျွန်မရဲ့ လက်ဆောင်လေးပါ"

"ကောင်းပါပြီ... အဒေါ် အခုချက်ချင်း သွားလိုက်မယ်"

အဘိုးစူးနှင့် အဘွားစူးတို့က တံခါးဝတွင် အကြာကြီး အော်ဟစ်ဆဲဆို နေကြပြီး ကျန်းကျောက်တိကလည်း သူတို့ကို မောင်းမထုတ်နိုင်တော့သောကြောင့် ဆိုင်တံခါးဝတွင်သာ ထိုအတိုင်း လွှတ်ထားပေးထားခဲ့သည်။ ထို့အပြင် ကျုံးလန်ဟွာကလည်း ဘေးမှ မီးလောင်ရာလေပင့် ဝင်ပြောပေးနေခဲ့သဖြင့် လူတိုင်းက အဘိုးစူးနှင့် အဘွားစူးတို့၏ စကားကို ယုံကြည်လာကြပြီး ကျန်းကျောက်တိနှင့် သူမ၏သမီးတို့က လူကြီးမိဘများကို မရိုသေ မသိတတ်သူများဖြစ်သည်ဟု ဝိုင်းဝန်း အပြစ်တင် စကားဆိုလာကြသည်။

All Chapters