အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း ၁၁၉ အရှက်မဲ့ခြင်း
စူးယောင်ကွမ်းက လူအုပ်ကြားထဲမှ ဆိုင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
ကျန်းကျောက်တိက သမီးဖြစ်သူ ပြန်ရောက်လာသည်ကို မြင်သွားပြီး ခေါင်းကိုက်နေဟန်ဖြင့် လှမ်းပြောလိုက်သည်။
"အဲ့ဒီလူအိုကြီးနှစ်ယောက်က မနက်အစောကြီးကတည်းက လာပြီး ပြဿနာရှာနေကြတာ။ လာသမျှ ဝယ်သူတွေလည်း အကုန်လန့်ပြေးကုန်ပြီ"
"အမေ စိတ်မပူနဲ့... သမီး အရာရှိတွေကို သွားတိုင်ခိုင်းလိုက်ပြီ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်ယောင် ဆောင်နေကြသော အဘိုးစူးနှင့် အဘွားစူးတို့က စူးယောင်ကွမ်း၏ စကားကို ကြားသွားခဲ့ပြီး ပျာယာခတ်သွားကြသည်။
ဘေးနားတွင်ရှိနေသည့် ဒုတိယအဒေါ်စူးက ဝင်ပြောလိုက်သည်။
"အမေ... မကြောက်နဲ့။ သူတို့ အရာရှိတွေကို သွားတိုင်ရင်တောင် ဘာတတ်နိုင်မှာလဲ။ လူကြီးမိဘတွေကို မရိုမသေလုပ်တဲ့အမှုကို အရာရှိတွေက ဘယ်လိုလုပ် အမှန်တရားဘက်က ရပ်တည်ပေးမှာလဲ"
စူးယောင်ကွမ်းက မိသားစုအဆက်အသွယ် ဖြတ်တောက်ထားသည့် စာချုပ်ကို ဖြန့်ပြကာ လူအုပ်ကြီးကို ကြည့်ရင်း အော်ပြောလိုက်သည်။
"ဒါက အဲ့ဒီတုန်းက သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားခဲ့တဲ့ မိသားစုအဆက်အသွယ်ဖြတ်စာချုပ်ပါ။ ကျွန်မရဲ့ သွေးသားရင်းဖြစ်တဲ့ အဖိုးနဲ့ အဖွားက ကျွန်မတို့မိသားစုရဲ့ လယ်ယာမြေတွေကို သိမ်းချင်လို့ ကျွန်မကို အရူးတစ်ယောက်ဆီ ရောင်းစားဖို့ ကြံစည်ခဲ့ကြတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ မိသားစုနှစ်ခုကြားမှာ အဆက်အသွယ် လုံးဝ ဖြတ်တောက်ထားပြီးပါပြီ။ သူတို့က ကျွန်မတို့နဲ့ ဘာမှ မပတ်သက်တော့ဘူး။ ဒါကြောင့် သူတို့ လာပြီး ငွေညှစ်တာကို ကျွန်မတို့ဘက်က ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး။ အခုလည်း အရာရှိတွေကို သွားတိုင်ထားပြီးပြီ။ လူတိုင်းလည်း သူတို့စကားကို ယုံပြီး လျှောက်မပြောကြပါနဲ့။ မဟုတ်ရင် ရုံးတော်ကို ရောက်တဲ့အခါ အမှန်တရားကို မသိဘဲ လိုက်ပြောမိတဲ့သူတွေပဲ နစ်နာရပါလိမ့်မယ်"
စောစောက ကျန်းကျောက်တိနှင့် သူမ၏သမီးကို ဝိုင်းဝန်းအပြစ်တင်နေကြသော ဘေးလူများလည်း ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး မည်သူမျှ စကားဆက်မပြောရဲကြတော့ချေ။ ကျုံးလန်ဟွာကလည်း ထိုလူများကို ဆက်ပြီး ဆွပေး၍ မရနိုင်တော့သဖြင့် မျက်နှာပျက်ပျက်နှင့် နှုတ်ခမ်းကိုသာ မဲ့နေလေသည်။
စူးယောင်ကွမ်းက အဘိုးစူးနှင့် အဘွားစူးတို့အနီးသို့ ချဉ်းကပ်သွားပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ပြန်သည်။
"မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်မတို့ဘက်က ပြဿနာအကြီးအကျယ် မလုပ်ခဲ့ဘူး။ အဲ့ဒီကိစ္စမှာ အဖိုးတို့ အဖွားတို့ နောက်ကွယ်က ပါဝင်ပတ်သက်နေတာကို ကျွန်မတို့ မသိဘူးလို့ ထင်နေတာလား။ ကျွန်မသာ အဖိုးတို့နေရာမှာဆိုရင် အရာရှိတွေ ရောက်မလာခင် အခုချက်ချင်း ဒီကနေ ထွက်သွားပြီး နောင်ကိုလည်း ခပ်ဝေးဝေးမှာ နေလိုက်တော့မှာ။ တကယ်လို့ ရုံးတော်အထိ ရောက်သွားရင်တော့ အဖိုးတို့ လုပ်ခဲ့တဲ့ ကိစ္စတွေကို ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူး။ အဖိုးတို့မှာ အရှက်ရော ရှိကြသေးရဲ့လား"
"ယောင်ကွမ်းရယ်... ငါက နင့်ရဲ့ အဖွားအရင်းပါအေ..."
အဘွားစူးက ခြိမ်းခြောက်၍ မရနိုင်မှန်း သိသွားပြီး သွေးသားသံယောဇဉ်ကို အသုံးချကာ ဖျောင်းဖျရန် ကြိုးစားလာခဲ့သည်။
"ငါတို့လည်း အသက်ကြီးပါပြီ၊ နေရမယ့်ရက်က သိပ်မကျန်တော့ပါဘူး။ ငါတို့က နင်တို့ အမေနဲ့သမီးနဲ့ အဆင်ပြေပြေ နေသွားချင်ရုံတင်ပါ"
"ဟက်..."
စူးယောင်ကွမ်းက ခပ်ဟဟ ရယ်မောလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"စိတ်မရှိပါနဲ့။ တကယ်ကို ရယ်ချင်စရာကောင်းလွန်းလို့ ကျွန်မ မအောင့်နိုင်ဘဲ ရယ်မိသွားတာ။ အဖွားတို့ ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ အထူးတလည် ရှင်းပြဖို့ လိုသေးလား။ အဖွားတို့မှာ သားနှစ်ယောက်တောင် ရှိနေတာပဲ။ အဲ့ဒီသားတွေကိုသာ သေသေချာချာ ထိန်းကျောင်းရင် သက်တောင့်သက်သာ နေနိုင်မှာလေ။ ဘာဖြစ်လို့ ဒီနေရာအထိ လာပြီး အော်ဟစ်ဆူပူနေရတာလဲ။ ကျွန်မတို့ရဲ့ စရိုက်ကို အဖွားတို့လည်း သိနေတာပဲ။ အဖွားတို့ဆီကနေ အခွင့်ကောင်းယူခံရပြီး အမြတ်ထုတ်ခံမယ့်အစား အသေပဲခံလိုက်မယ်”
အဘွားစူး၏ မျက်နှာက ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့သည်။
"အရာရှိတွေ လာနေကြပြီဟေ့"
လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။
ထိုအသံကို ကြားသည်နှင့် အဘိုးစူးက လူအုပ်ကြားထဲသို့ တိုးဝှေ့ကာ ခြေဦးတည့်ရာသို့ အရင်ဆုံး ထွက်ပြေးသွားတော့သည်။
အဘွားစူး : "..."
ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ရဲမက်များက စူးယောင်ကွမ်း၏ အနီးသို့ ရောက်ရှိလာပြီး စတင် မေးမြန်းနေကြသည်။
အဘွားစူးလည်း ခြေထောက်များ တုန်လှုပ်လျက် လူအုပ်ကြားထဲသို့ တိုးဝှေ့ကာ အပြေးအလွှား လိုက်ပြေးသွားတော့သည်။
"အဖေ... အမေ... ဘာလို့ ပြေးနေကြတာလဲ။ အိုက်ယား.. တကယ်ကို အသုံးမကျလိုက်တာ"
ဒုတိယအဒေါ်စူးက သူမ၏ပေါင်ကို လက်ဝါးဖြင့် တဖြန်းဖြန်း ရိုက်ရင်း တားဆီးနေသည်။ သို့သော် စူးယောင်ကွမ်းက သူမကို စိုက်ကြည့်လိုက်ချိန်တွင်တော့ သူမ၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားကာ သူမပါ လိုက်ပြေးသွားတော့သည်။
အခြားသူများအားလုံး ထွက်ပြေးသွားကြသည်ကို မြင်လိုက်ရသည် ဒုတိယဦးလေးစူးကလည်း အရာရှိများကို တစ်ယောက်တည်း ရင်ဆိုင်ရန် သတ္တိမရှိတော့ဘဲ ထွက်ပြေးသွားခဲ့သည်။
"သူတို့ ပြေးကုန်ကြပြီဟေ့"
လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
"မနက်အစောကြီးကတည်းက လာသောင်းကျန်းနေကြတာ။ ရဲ့မက်တွေ လာနေပြီလို့ ကြားတာနဲ့ တန်းပြေးတော့တာပဲ။ ကြည့်ရတာတော့ ဆိုင်ရှင် သူဌေးစူး ပြောတာ မှန်လိမ့်မယ်။ ဒီမိသားစုက တစ်ခုခု ကြံစည်ထားတာ ရှိနေတာပဲ"
စူးယောင်ကွမ်းက ရဲမက်ခေါင်းဆောင်၏လက်ထဲသို့ ငွေအိတ်လေးတစ်လုံး တိတ်တဆိတ် ထိုးထည့်ပေးလိုက်ပြီး ကျေးဇူးတင်စကား အနည်းငယ် ပြောကြားလိုက်ကာ လူအုပ်ကြီး ကြားနိုင်ရန် ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။
"ကံကောင်းလို့ ရဲမက်အရာရှိကြီးတွေက တရားမျှတမှုကို ထိန်းသိမ်းပေးလို့သာ အဲ့ဒီလူယုတ်မာတွေ မကောင်းမှု မလုပ်ရဲကြတာပါ။ အရာရှိမင်းတို့က နေ့တိုင်း မိုးလင်းကနေ မိုးချုပ်အထိ လူဆိုးတွေကို နှိမ်နင်းပြီး မကောင်းမှုတွေကို ဖယ်ရှားပေးနေကြတာ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အရာရာကို ပေးဆပ်နေကြတဲ့ တကယ့် သူရဲကောင်း စစ်စစ်တွေပါပဲရှင်"
ရဲမက်များက ဤနေရာသို့ တစ်ခေါက်မျှ လာခဲ့ရုံဖြင့် အပိုဆောင်းငွေကြေး ရရှိရုံသာမက ပြည်သူများ၏ လေးစားမှုကိုပါ ရရှိသွားသဖြင့် ထောင်ယောင်ဖန့်မှ ဆိုင်ရှင်အပေါ် အထူး သဘောကျသွားကြသည်။
"ဒါ ထောင်ယောင်ဖန့်မလား။ နောက်ပိုင်း အကူအညီလိုတာ ရှိရင် ငါတို့ကို လှမ်းခေါ်လိုက်။ ငါတို့ မင်းတို့ဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ်"
"ကျေးဇူးတင်ပါတယ် အရာရှိကြီးတို့"
"ကဲ... လူစုခွဲကြ... လူစုခွဲကြ"
ရဲမက်များက သူတို့ ပြန်မထွက်ခွာမီ လူအုပ်ကြီးကို လူစုခွဲပေးခဲ့ကြသည်။
ကျန်းကျောက်တိကတော့ ဒေါသတကြီး ရေရွတ်နေလေသည်။
"ဒီလို အရှက်မရှိတဲ့ လူယုတ်မာတွေ။ ငါ သူတို့နဲ့ တစ်မနက်လုံး ရန်ဖြစ်နေတာတောင် တစ်ချက်ကလေးမျှ မတုန်လှုပ်ကြဘူး။ အရာရှိတွေကို မြင်တော့မှ ကြောင်ကို မြင်တဲ့ ကြွက်တွေလို ပြာပြာသလဲ ပြေးကြတယ်ပေါ့လေ။ အရာရှိတွေကို တိုင်လိုက်တာက ဒီလောက်အစွမ်းထက်မှန်း သိရင် စောစောကတည်းက တိုင်လိုက်ပါတယ်။ ဒါဆို အရောင်းအဝယ်ကို ထိခိုက်စေမှာ မဟုတ်ဘူး"
"အစတုန်းကတော့ ဒါက မိသားစုတွင်း ကိစ္စမို့လို့ အရာရှိတွေက ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်နေတာနဲ့ မတိုင်ဖြစ်ခဲ့တာ။ ကျွန်မတို့လို သာမန်အရပ်သားတွေက အရာရှိတွေကို နည်းနည်းတော့ ကြောက်ကြတာပဲလေ။ ဒါပေမယ့် ဒီလောက်အထိ ထိရောက်လိမ့်မယ်လို့ မထင်ထားမိဘူး"
ကျန်းယင်းတိကလည်း ဝင်ပြောလိုက်သည်။
"ဒီနေ့ ဖြစ်ပျက်သွားတဲ့ အခြေအနေကို ကြည့်ရင်တော့ သူတို့တွေ နောက်တစ်ခါ ပြန်လာရဲတော့မှာ မဟုတ်ပါဘူး။ သူတို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပြီးပြီလေ။ သမီးတို့ဘက်က အခွင့်အရေး ပေးမယ့်အစား အသေခံ တိုက်ခိုက်ပြီး ရင်ဆိုင်မယ့်ပုံစံကို မြင်သွားတော့ သူတို့ လာပြီး ဒုက္ခပေးလည်း အလကားပဲဆိုတာ သိသွားလောက်ပါပြီ"
"ဒါနဲ့ စောစောက နင် အဲ့ဒီရာဇဝတ်အရာရှိတွေနဲ့ စကားပြောနေတာ တွေ့လိုက်တယ်။ ဘာတွေ ပြောနေကြတာလဲ"
ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။
"သမီး ကျန်းရှီနဲ့ ထုံချွမ်းလိုင်တို့ အမှုရဲ့ စီရင်ချက်ကို မေးကြည့်နေတာ"
စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။
"အဲ့ဒီလူမိုက်တွေဆီကနေ သိရတာက သူတို့တွေက လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီတဲ့။ တစ်ခါတရံမှာ လူချမ်းသာတွေအပါအဝင် လူအများကြီးကို လိမ်လည်လှည့်ဖြားဖို့ အကွက်ဆင်ခဲ့ကြသေးတယ်လေ။ အရေးကြီးဆုံးကတော့ သူတို့တွေက လူသတ်မှုတွေမှာပါ ပါဝင်ပတ်သက်နေတာကြောင့် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ သေချာနေပြီ။ ပြီးတော့ ကျန်းဖန်းနဲ့ သူ့ဇနီးတို့ကလည်း အဲ့ဒီအုပ်စုထဲက အဖွဲ့ဝင်တွေပဲ"
"နောက်ဆုံးစီရင်ချက်က ဘာတဲ့လဲ"
ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။
"နောက်ဆုံးစီရင်ချက်ကတော့ ကျွန်မလာသေးဘူး။ ဒါပေမယ့် အဲ့ဒီရဲမက်တွေ ပြောတာတော့ အနည်းဆုံး နယ်နှင်ဒဏ် အပေးခံရလိမ့်မယ်တဲ့၊ ထုံချွမ်းလိုင်နဲ့ ကျန်းဖန်တို့ကတော့ အဓိကတရားခံတွေဖြစ်နေပြီး ခေါင်းဖြတ်စီရင်ခံရဖို့ သေချာသလောက် ရှိနေပြီ"
"သူတို့ ခံရတာ ထိုက်တန်တယ်"
"ငါ အမြဲတမ်းလာနေကျ ဖောက်သည်အချို့ကို မေးကြည့်တော့ စူးကွေ့လန်က ကွာရှင်း မခံရဘူးတဲ့"
ကျန်းဖန့်တိက ဝင်ပြောလိုက်သည်။
"ဒါပေမယ့် ကွာရှင်းခံရတာထက်တောင် ပိုပြီး သနားဖို့ကောင်းသေးတယ်။ အဲ့ဒီယောက်ျားက တကယ့်ကို ရက်စက်တာပဲ၊ သူ့ကို သူများဆီ ဇနီးမယားအဖြစ် ရောင်းစားလိုက်တာတဲ့"
စူးယောင်ကွမ်းတစ်ယောက် အံ့အားသင့်သွားပြီး ပြန်မေးလိုက်မိသည်။
"အဲ့လိုမျိုး လုပ်လို့ ရလို့လား"
"ပုံမှန်ဆို ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် စူးကွေ့လန်က အပြင်းအထန် အရိုက်ခံရလို့ ကြောက်သွားတာလည်း ပါသလို သူကိုယ်တိုင်ကလည်း မှားနေတာဆိုတော့ အရိုက်ခံရပြီးနောက်မှာ တကယ်ကြီး သဘောတူလိုက်တယ်တဲ့"
ကျန်းဖန့်တိက ဆက်ပြောပြနေသည်။
"ငါ ကြားတာတော့ အဲ့ဒီမိသားစုက စူးကွေ့လန်ရဲ့ ခင်ပွန်းဟောင်းကို ငွေနှစ်လျန် ပေးလိုက်တယ်လို့ ပြောတာပဲ"
စူးယောင်ကွမ်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြန်ပြောလိုက်သည်။
"သူတို့တွေ အားလုံးက အတူတူပဲ"
"နင်တို့တွေ သူများကိစ္စကို ပြောမနေကြနဲ့ဦး"
ကျန်းယင်းတိက မျက်နှာချင်းဆိုင်ဘက်သို့ လက်ညှိုးထိုးပြရင်း သတိပေးလိုက်သည်။
"သူတို့တွေ ဘယ်ကနေ ဘယ်လို ရလာလဲမသိပေမယ့် အနောက်ဘက်ဒေသက ကုန်ပစ္စည်းတွေ ရထားပြီး အကြီးအကျယ် ရောင်းကောင်းနေကြတာ။ တစ်နေ့လုံး ဖောက်သည်တွေ မပြတ်ဘူး ဖြစ်နေတယ်"
"ငါတို့က ငါတို့ဆိုင်အလုပ်ကိုပဲ အာရုံစိုက်ကြမယ်၊ သူတို့အကြောင်းကို ဘာဂရုစိုက်နေဖို့ လိုမှာလဲ"
ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။
"ကဲ... အထဲဝင်ပြီး ဆိုင်သိမ်းကြမယ်၊ ပြီးရင် ခဏလောက် အနားယူကြမယ်။ စောစောက သူတို့နဲ့ တစ်မနက်လုံး အဆက်မပြတ် ရန်ဖြစ်နေရတာ အသံတွေတောင် ဝင်ကုန်ပြီ"
ထိုအချိန်တွင် ရှောင်းယန်ချီက တံခါးဝတွင် ရပ်နေပြီး လမ်းတစ်ဖက်ရှိ ထောင်ယောင်ဖန့်ဘက်သို့ လှမ်းကြည့်နေခဲ့သည်။ စူးယောင်ကွမ်း၏ အပြုအမူများက ထူးဆန်းနေသည်ဟု သူ ခံစားနေရသောကြောင့် အကဲခတ်နေခြင်းပင်။
‘ဒီအချိန်မှာဆိုရင် သူမက ခွန်အားကြီးတာကလွဲလို့ ဘာအရည်အချင်းမှမရှိတဲ့ ရွာသူမတစ်ယောက်ပဲ ဖြစ်နေရမှာ။ ဒါပေမယ့် အခုကျတော့ သူမက တည်ငြိမ်ရင့်ကျက်နေပြီး အေးချမ်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။’
‘အခု ဖြစ်ပျက်နေတာတွေ အားလုံးက ငါ မှတ်မိနေတဲ့ အတိတ်နဲ့ လုံးဝကို ကွဲပြားခြားနားနေပြီ’
'ဒါတွေ အားလုံးက အိပ်မက်တစ်ခုလား'
'တကယ်လို့ အိပ်မက်ဆိုရင် ဘာလို့ ဒီလောက်အထိ လက်တွေ့ဆန်နေရတာလဲ...'
"အစ်ကိုရှောင်း... ဘာကို ကြည့်နေတာလဲ"
ကျန်းရိဟွမ်းက သူ့ဘေးသို့ လျှောက်လာပြီး သူ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ လမ်းတစ်ဖက်ရှိ ထောင်ယောင်ဖန့် ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် သူမ၏ နှလုံးသားထဲ၌ သတိပေးခေါင်းလောင်းသံ မြည်ဟည်းသွားခဲ့သည်။
"ကိုယ်တို့ရဲ့ လုပ်ငန်း ဒီထက်ပိုပြီး တိုးတက်အောင် ဘယ်လို လုပ်ရမလဲလို့ တွေးနေတာပါ၊ ဒီတစ်ခေါက် အနောက်ဘက်ဒေသက ကုန်ပစ္စည်းတွေက တော်တော်လေး ရောင်းကောင်းတယ်။ ကိုယ် အဲ့ဒီကုန်သည်နဲ့ ထပ်အဆက်အသွယ်လုပ်ပြီး ကောင်းတဲ့ပစ္စည်းတွေ ထပ်ယူခိုင်းရမယ်"
"အစ်ကိုရှောင်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ"
ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်တကြီး တောင့်တမှုများ ပြည့်နှက်နေလေသည်။
အခန်း ၁၂၀ ကပ်ဘေးကြီး
သည်းထန်စွာ ရွာသွန်းနေသော မိုးက မပြတ်တမ်း ရွာနေသည်မှာ လဝက်မျှ ရှိလာချေပြီ။ ပထမ ရက်အနည်းငယ်တွင် မြို့သူမြို့သားများက မိုးအလွန်အမင်း ရွာသွန်းပြီး သွားလာရ ခက်ခဲလွန်းသဖြင့် စောဒကတက်ရုံသာ မြည်တွန်တောက်တီးနေခဲ့ကြသည်။ ဆယ်ရက်မြောက်နေ့သို့ ရောက်လာချိန်တွင်တော့ ဆန်နှင့် ကောက်နှံဈေးနှုန်းများ တက်လာသဖြင့် ပြည်သူများ၏ မျက်နှာတွင် ပူပန်သောကရိပ်များ စတင် ထင်ဟပ်လာခဲ့သည်။ ရက်ပေါင်း တစ်ဆယ့်ငါးရက်တိုင်တိုင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီးနောက်တွင်တော့ သူတို့လည်း စိတ်ရှည်သည်းခံနိုင်စွမ်း မရှိကြတော့ချေ။ ယခုကဲ့သို့ ဆိုးရွားလှသော ရာသီဥတုအောက်တွင် ဆိုင်များသို့ လာရောက်သည့် ဝယ်သူဟူ၍လည်း တစ်ယောက်မျှ မရှိသဖြင့် ဆိုင်အားလုံး တံခါးပိတ်ထားလိုက်ရသည်။
ဆိုင်များ ပိတ်ထားလိုက်ရသဖြင့် ဆိုင်ရှင်များလည်း အိမ်သို့ ပြန်သွားကြရသည်။ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော လမ်းမကြီးများက ယခုအခါ ခြောက်ကပ်တိတ်ဆိတ်သွားပြီး အိမ်တိုင်းစေ့ တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြသည်။
ထိုအခြေအနေက ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် ဆန်နှင့် ကောက်နှံ ဈေးနှုန်းများသာမက အခြားသော နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများပါ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ကောက်ပဲသီးနှံအပြင် ဈေးနှုန်း အဆမတန် အကြီးအကျယ် တက်လာသည့် ပစ္စည်းများက မီးသွေးနှင့် ထင်းတို့ ဖြစ်နေလေသည်။
ထောင်ယောင်ဖန့်အတွင်း၌...
ကျန်းကျောက်တိက ကျားချွန်းနီ လုပ်ပေးထားသော ကွေ့ဟွားမုန့်ကို စားရင်း သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လျက် ညည်းတွားနေသည်။
"ငါတို့ စားဝတ်နေရေးအတွက် စိုးရိမ်စရာမလိုဘဲ ဒီဆိုင်ထဲမှာ တစ်နှစ်၊ နှစ်နှစ်လောက် ပြဿနာမရှိဘဲ နေနိုင်တယ်ဆိုပေမယ့် ဒါက ဆိုင်ရဲ့ အရောင်းအဝယ်ကို တကယ် ထိခိုက်တာပဲ။ ငါတို့က ဒီဆိုင်ကို ဝယ်ပြီး ကောက်နှံတွေကိုလည်း ဒီလောက်အများကြီး သိုလှောင်ထားခဲ့ရတာဆိုတော့ လက်ထဲမှာ ပိုက်ဆံ အများကြီး မကျန်တော့ဘူး။ တကယ်လို့ အရောင်းအဝယ်က ဒီအတိုင်း ဆက်ပြီး ညံ့ဖျင်းနေမယ်ဆိုရင် ငါတို့တွေ ပိုက်ဆံ ပြတ်သွားတော့မှာ မဟုတ်ဘူးလား"
"ဒါက သဘာဝဘေးလေ။ ကျွန်မတို့လည်း ဘာမှမတတ်နိုင်ဘူး"
ကျန်းဖန့်တိက လှမ်းပြောလိုက်သည်။
"ကံကောင်းလို့ ပါးနပ်တဲ့ ယောင်ကွမ်း ရှိနေလို့သာပဲ။ သူ့ကြောင့် ငါတို့ ကြိုတင်ပြီး ပြင်ဆင်မှုတွေ အကုန်လုပ်ထားနိုင်ခဲ့တာ။ ဒါကြောင့် အပြင်က လူတွေလို စိုးရိမ်နေဖို့ မလိုတာပေါ့"
ကျန်းကျင့်က အပြင်မှ ပြန်ရောက်လာပြီး မိုးကာအင်္ကျီနှင့် ကောက်ရိုးခမောက်တို့ကို ချွတ်လိုက်ကာ အဝတ်အစားများပေါ်မှ ရေစက်များကို ခါထုတ်ရင်း ပြောလိုက်သည်။
"သမီး အခုတင် ဆန်ဆိုင်ရှေ့က ဖြတ်လာခဲ့တာ။ တန်းစီနေတဲ့လူတွေ အများကြီးပဲ။ ဆန်တစ်ရှီကို ကြေးပြားနှစ်ရာအထိတောင် ဈေးတက်သွားပြီ"
(ရှီ= ရှေ့ခေတ်သုံးအတိုင်းအတာ)
"ဒါက အရမ်း ဈေးကြီးလွန်းတယ်၊ အသားဈေးထက်တောင် ပိုကြီးနေပြီ"
ကျန်းယင်းတိက အံ့ဩတကြီး ဝင်ပြောလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... အသားဈေးလောက်တော့ မကြီးသေးပါဘူး။ အသားက တစ်ကျင်းကို ကြေးပြားငါးဆယ်အထိ တက်သွားပြီလေ"
ကျန်းဖန့်တိက ဆက်ပြောနေသေးသည်။
"ကောက်နှံက သိုလှောင်ထားလို့ ရပေမယ့် လတ်ဆတ်တဲ့ အသားက သိုလှောင်ထားလို့ မရဘူးလေ။ ဒါပေမယ့် ငါတို့က လတ်ဆတ်တဲ့ အသားကိုလည်း ဝယ်စားရဦးမှာပဲ။ ဒီနေ့ ငါ သွားတန်းစီတုန်းက သားသတ်သမားက တစ်ကျင်းကို ကြေးပြားငါးဆယ်လို့ ပြောတာကို ကြားလိုက်တာနဲ့ ငါ့လက်ထဲက ခြင်းတောင်းနဲ့ သူ့မျက်နှာကို လှမ်းပေါက်ပြီး ဒီအတိုင်း လှည့်ပြန်လာချင်စိတ်ပေါက်မိတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ... ငါတို့က အသားစားရဦးမှာပဲ။ အသားမစားရရင် အားအင်ရှိမှာ မဟုတ်ဘူး"
"အစ်မချွမ်းအော်ရော... ဘယ်လိုနေလဲဟင်"
စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။
"သူ့ယောက်ျားကတော့ ပြန်ရောက်လာပြီ၊ ဒါပေမယ့် အစ်မချွမ်းအော်ကိုတော့ မတွေ့ခဲ့ရဘူး။ သူ့ယောက်ျား ပြောပြချက်အရဆိုရင်တော့ သူက သူ့မိဘအိမ်ကို ပြန်သွားရင်းနဲ့ မိုးမိပြီး ပိတ်မိနေတာတဲ့။ အခုထိ ပြန်မလာနိုင်သေးဘူးလို့ ပြောတာပဲ"
ကျန်းကျင့်က ပြန်ဖြေလိုက်သည်။
"သူ့မိဘတွေရဲ့ အိမ်က ကျေးလက်မှာဆိုတော့ မြို့နဲ့ တော်တော်လေး ဝေးတယ်"
စူးယောင်ကွမ်းက တံခါးဝတွင် မတ်တတ်ရပ်နေပြီး လမ်းတစ်ဖက်ခြမ်း၌ အမျိုးသားတစ်ဦးက ကျန်းရိဟွမ်းအား အိမ်ရှေ့အထိ လိုက်လံပို့ဆောင်ပေးနေသည်ကို လှမ်းမြင်လိုက်ရသည်။ ထိုအမျိုးသားက မကြာသေးမီကမှ ထိုနေရာသို့ လာရောက်ပြီး အိမ်ထောင်ပြုရန် စကားကမ်းလှမ်းခဲ့သော ချန်ယုံချမ်း ဖြစ်သည်။
တစ်ဖက်တွင်လည်း ချန်ယုံချမ်းက တံခါးဝတွင် မတ်တတ်ရပ်လျက် ကိုယ်အလေးချိန် တော်တော်လေး ကျသွားသော ကျန်းရိဟွမ်းကို စိတ်မကောင်းခြင်းကြီးစွာ စိုက်ကြည့်ရင်း ပြောနေခဲ့သည်။
"ဟွမ်းအာ... ငါ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန်နဲ့ ကောက်နှံတွေရအောင် ရှာပြီး မင်းဆီ လာပို့ပေးမယ်။ အစားအစာကို နှမြောမနေပါနဲ့၊ ကြည့်ပါဦး... မင်း တော်တော်လေး ပိန်သွားတာပဲ"
ကျန်းရိဟွမ်းက မျက်ဝန်းများ နီမြန်းလာကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
"အစ်ကိုချန်က ညီမအပေါ် တကယ် ကောင်းတာပဲ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး။ အခုလို အရေးကြီးတဲ့ အချိန်မှာ စားစရာက အသက်ပဲလေ၊ အစ်ကိုချန်က ညီမရဲ့ အသက်ကို ကယ်လိုက်တာပါပဲ"
"ငါက မင်းအပေါ် ဘာမျှော်လင့်ချက်မှမရှိဘဲ ကောင်းပေးတာပါ၊ စိတ်ထဲမထားပါနဲ့"
ချန်ယုံချမ်းက ခေါင်းကို ကုတ်ရင်း ဆက်ပြောနေသည်။
"ဒါပေမယ့် မင်းသာ ငါ့ကို သဘောကျပြီး လက်ထပ်ဖို့ သဘောတူမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"
ထိုအချိန်တွင် စူးယောင်ကွမ်း၏ နောက်ကျောဘက်မှ ကျန်းဖန့်တိ၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဒီကျန်းမိသားစုက ကောင်မလေးကတော့ တကယ်ကို မလွယ်ဘူးပဲ။ အဲ့ဒီယောကျာ်းတွေက သူ့အပေါ် ဘယ်လောက်တောင် ပုံအောနေကြလဲဆိုတာ ကြည့်စမ်းပါဦး။ သူ လိုချင်တာ မှန်သမျှ လာပို့ပေးနေကြတာနော်၊ သူ့အတွက် ဘာမှ စိုးရိမ်ပူပန်နေဖို့ မလိုတော့ဘူး"
"အဲ့ဒါတင်မကဘူး... သူ့ဘက်ကနေ ကြေးတစ်ပြားတောင် စိုက်ထုတ်နေစရာ မလိုသေးတယ်"
ကျားချွန်းနီက ဘေးမှ ဝင်ထောက်ခံလိုက်သည်။
"သူများဆီက အလကားရတာကို စားရင် သူများခိုင်းတာ လုပ်ရတတ်တယ်။ သူ အခု ရထားတဲ့ အကျိုးအမြတ် မှန်သမျှကို နောက်ပိုင်း ပြန်ပေးဆပ်ရလိမ့်မယ်"
စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။
"ဒီယောကျာ်းတွေမှာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်၊ အဲ့ဒါက သူ့ကို ပိုင်ဆိုင်ဖို့ပဲ။ တကယ်လို့ သူ့ဘက်က သူတို့လိုချင်တာကို ပြန်မပေးနိုင်ဘူးဆိုရင် နောက်ကျရင် ဘယ်လို ဒုက္ခတွေ ကြုံလာရဦးမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ ချွန်းနီ... နင် သူ့ပုံစံကို အတုမယူနဲ့၊ ဒါက အတုယူစရာ စံနမူနာကောင်း မဟုတ်ဘူး"
ထိုအခိုက်အတန့်တွင် ထီးတစ်လက် ဆောင်းထားသော အစေခံကောင်လေးတစ်ဦးက ထောင်ယောင်ဖန့်ထဲသို့ ပြေးဝင်လာပြီး စူးယောင်ကွမ်းကို လှမ်းမေးလိုက်သည်။
"ခွင့်ပြုပါဦးခင်ဗျာ.... ကျွန်တော် မေးပါရစေ.... ခင်ဗျားတို့ထဲမှာ ဘယ်သူက စူးယောင်ကွမ်းလဲ"
စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။
"ကျွန်မပါ"
"အခု စာသင်ကျောင်းမှာ ကျောင်းသားတော်တော်များများ နေမကောင်းဖြစ်နေကြလို့ပါ။ အဲ့ဒီထဲမှာ ကျိုးဝမ်ရှူလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဆေးကုသစရိတ်နဲ့ ဆေးဖိုးဝါးခအတွက် ငွေတချို့ လာပို့ပေးဖို့ ကျောင်းကနေ အိမ်သားတွေကို အကြောင်းကြားခိုင်းလိုက်လို့ပါခင်ဗျာ"
"ဝမ်ရှူ နေမကောင်းဖြစ်နေတယ် ဟုတ်လား"
စူးယောင်ကွမ်းက စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။
"ကျွန်မတို့ သူ့ကို အိမ်ပြန်ခေါ်ပြီး ပြုစုချင်ပါတယ်၊ အဲ့ဒါကို ခွင့်ပြုနိုင်မလားဟင်"
"မရပါဘူးခင်ဗျ။ ကျောင်းသားတွေရဲ့ ရောဂါလက္ခဏာတွေက အကုန်လုံး ဆင်တူနေကြတာပါ။ ကျောင်းအုပ်ကြီးက ဒီရောဂါ ကူးစက်မှာကို စိုးရိမ်နေတာမို့လို့ ကျောင်းသားတွေကို ကျောင်းပြင်ပကို လုံးဝ ပေးမထွက်ပါဘူး။ အခုလည်း ဆရာတွေက နေမကောင်းဖြစ်နေတဲ့ ကျောင်းသားတွေ အားလုံးကို သီးသန့် ခွဲထုတ်ထားပြီးပါပြီ"
'အရင်တုန်းက စာသင်ကျောင်းထဲမှာ အားလုံး အေးအေးချမ်းချမ်း ရှိနေခဲ့တာပဲ၊ ကျောင်းသားတွေကိုလည်း ရောဂါမကူးစက်ခဲ့ပါဘူး'
စူးယောင်ကွမ်းတစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
'ဘာလို့ အခြေအနေတွေက ဒီလောက်အထိ အပြောင်းအလဲ ကြီးမားသွားရတာလဲ...'
ဤဘဝ၏ ဖြစ်တည်မှု ရွေ့လျားပုံက ယခင်ဘဝနှင့် ကွဲပြားခြားနားနေသဖြင့် အရာရာ တူညီမနေသည်ကတော့ အသေအချာပင်။ ဥပမာအားဖြင့် ယခင်ဘဝတုန်းက စာသင်ကျောင်းက အလွန် ဘေးကင်းခဲ့ပြီး စားနပ်ရိက္ခာလည်း မပြတ်လပ်ခဲ့ချေ၊ သို့သော် ယခုဘဝတွင်တော့ အရာရာက ထင်သလောက် ချောမွေ့မနေတော့ချေ။
"သူတို့ရဲ့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲဟင်"
စူးယောင်ကွမ်းက ဆက်မေးမြန်းလိုက်သည်။
"သမားတော်ရော ပြပြီးပြီလား၊ သမားတော်က ဘာပြောလဲ"
"ပထမတော့ သူတို့က အဖျားငွေ့ငွေ့လေးပဲ ရှိတာ၊ အဲဒီနောက်မှာတော့ အော့အန်ပြီး ဝမ်းလျှောကြတော့တာပဲ။ ဟူး... ဒါတွေအကုန်လုံးက အဲဒီ ပညာသင်သားရှောင်းရဲ့ အပြစ်တွေချည်းပဲ။ ကျောင်းအုပ်ကြီးက ဒီမိုးက ထူးဆန်းလွန်းလို့ ကျောင်းသားတွေကို ကျောင်းထဲမှာပဲနေပြီး အပြင်မထွက်ဖို့ ပြောထားခဲ့တာ။ ဒါပေမယ့် သူက သူဌေးတစ်ယောက်ဆီက လက်ရေးလှစားလုံးနဲ့ ပန်းချီကား အပ်တာကို လက်ခံခဲ့ပြီး နံရံဆေးရေးပန်းချီဆွဲပေးဖို့ အဲဒီသူဌေးအိမ်ကို အတင်းအကျပ် သွားခဲ့တယ်။ ကျောင်းကို ပြန်ရောက်ပြီးတဲ့နောက်မှာ သူ အပြင်းအထန် ဖျားနာတော့တာပဲ။ သူနဲ့ ခင်မင်တဲ့ ကျောင်းသားတွေက သူ့ဆီ သွားပြီး လူမမာ မေးကြရင်းနဲ့ နောက်ပိုင်း သူတို့ပါ လိုက်ဖျားကုန်ကြရော။ တစ်ယောက်ကနေ တစ်ယောက် ကူးစက်ရင်းနဲ့ အခုဆို ခုနစ်ယောက်၊ ရှစ်ယောက်လောက် နာမကျန်း ဖြစ်နေကြပြီ"
အစေခံကောင်လေး၏ စကားကို ကြားပြီးနောက်တွင် စူးယောင်ကွမ်းတစ်ယောက် ယခုဘဝတွင် အဘယ်ကြောင့် အတိတ်ဘဝနှင့် ကွဲပြားခြားနားနေရသည်ကို နားလည်သွားခဲ့သည်။ အတိတ်ဘဝတုန်းက ရှောင်းယန်ချီထံတွင် ငွေကြေးဆိုင်ရာ ဖိအားမရှိခဲ့သဖြင့် သူ အပြင်ထွက်ပြီး အလုပ်ရှာရန် တစ်ခါမျှ တွေးနေစရာ မလိုခဲ့ချေ၊ ထို့ကြောင့်လည်း မည်သည့်အန္တရာယ်မျှ မရှိခဲ့ခြင်း ဖြစ်သည်။ ယခုဘဝတွင်တော့ သူက ကျန်းရိဟွမ်းအတွက် ပိုက်ဆံပိုရှာပေးချင်သဖြင့် နောက်ဆုံးတွင် အခြားသူများကိုပါ ဒုက္ခပေးသလို ဖြစ်သွားခဲ့ရခြင်းပင်။
"ဒါဆို ကျွန်မ လိုက်လာလို့မရဘူးလားဟင်။ ကျွန်မတစ်ယောက်တည်း လာပါ့မယ်၊ ကျောင်းထဲ ဝင်သွားပြီးရင် အပြင်ကို ပြန်မထွက်တော့ဘူးလေ။ သူ ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးမှ သူနဲ့အတူ တခါတည်း ပြန်ထွက်လာခဲ့မယ်။ အဲ့လိုဆိုရင်ရော ခွင့်မပြုနိုင်ဘူးလား"
ဤရောဂါက သာမန်ရောဂါအသေးအဖွဲလေး မဟုတ်ချေ။ အပေါ်ယံ ကြည့်ရသည်မှာ အအေးမိခြင်းနှင့် အနည်းငယ် ဆင်တူသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်။ သူမ၏ အတိတ်ဘဝတုန်းက လူမည်မျှအထိ သေဆုံးခဲ့ရသည်ကို သိနေသလို ထိုကောင်လေး၏ ကံဇာတာကလည်း သိပ်မကောင်းသောကြောင့် သူ ဤကဲ့သို့ အဆုံးသတ်သွားမလားဆိုသည်ကို မည်သူမျှ သိနိုင်မည်မဟုတ်ချေ။
အမှန်တကယ်တွင် စူးယောင်ကွမ်းအနေဖြင့် ကျိုးဝမ်ရှူထံသို့ သွားကြည့်ရန် ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကာ ကြိုတင်ကာကွယ်မှု အမျိုးမျိုးကိုလည်း အသေအချာ လုပ်ဆောင်သွားမည် ဖြစ်သည်။ သူမက အတိတ်ဘဝတွင် ဤအခြေအနေမျိုးကို တစ်ကြိမ် ကြုံတွေ့ဖူးထားသဖြင့် မည်သို့ကိုင်တွယ်ရမည်ကို ကောင်းကောင်း သိရှိနေခဲ့သည်။
"ဒီရောဂါက နည်းနည်း ထူးဆန်းတယ်နော်၊ မင်းက ရောဂါကူးစက်မှာကို မကြောက်ဘူးလား"
"ကျွန်မတို့အိမ်မှာ ဆေးဆရာရှိပါတယ်၊ သူ ညွှန်းပေးတဲ့ဆေးကို ကျွန်မ ယူသွားမှာပါ။ ပြီးတော့ ဝမ်ရှူ ပြန်ကောင်းလာတဲ့အထိ ဘေးမှာ နေပြီး ပြုစုပေးမယ်။ ဒါဆို အဲ့လိုပဲ သတ်မှတ်လိုက်ပြီနော်.. ကျွန်မ အထဲဝင်ပြီး အဝတ်အစားတွေ သိမ်းဆည်းပြီးတာနဲ့ စာသင်ကျောင်းကို ချက်ချင်း လိုက်ခဲ့တော့မယ်"
"ကောင်းပါပြီ၊ ငါလည်း လမ်းတစ်ဖက်ခြမ်းက ဖုန်းဟွာကော့ကို သွားပြီး ပညာသင်သားရှောင်းရဲ့ မိသားစုကို အကြောင်းကြားရဦးမယ်"
လမ်းတစ်ဖက်ခြမ်းရှိ ကျန်းရိဟွမ်းတို့ထံသို့ သွားရောက်အကြောင်းကြားမည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ပြဿနာ ရှာချင်နေသော စူးယောင်ကွမ်းက ချက်ချင်း ပြန်လှည့်လာခဲ့ပြီး ကျန်းကျင့်နှင့် အခြားသူများကို အနည်းငယ် မှာကြားလိုက်ကာ အစေခံကောင်လေး၏ နောက်သို့ လိုက်လာပြီး ဖုန်းဟွာကော့၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
အစေခံကောင်လေးက စူးယောင်ကွမ်း သူ့နောက်သို့ လိုက်လာသည်ကို မြင်သွားပြီး ထူးဆန်းနေသော်လည်း ဘာမှတော့ မပြောခဲ့ပေ။
သူ တံခါးကို ခေါက်လိုက်ရာ ဆိုင်အကူက တံခါးဖွင့်ပေးလာသည်။ သူက လာရင်းအကြောင်းကို ရှင်းပြလိုက်ပြီး ဆိုင်အကူက အထဲသို့ ချက်ချင်း ဝင်သွားကာ ကျန်းရိဟွမ်းကို သွားရောက်ခေါ်ဆောင်ပေးခဲ့သည်။
ကျုံးလန်ဟွာက ဒေါသကြီးသူအဖြစ် ကျော်ကြားသော်လည်း ကျန်းရိဟွမ်းကတော့ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့် ပုံစံကိုသာ အမြဲပြသလေ့ရှိသည်။ ဆိုင်အကူများ ဆူပူကြိမ်းမောင်းခံရသည့် အခါတိုင်းတွင်လည်း သူမက အမြဲတမ်း ဝင်ရောက်ပြောဆိုပေးလေ့ရှိသဖြင့် ဆိုင်အကူများက သူမအပေါ် အလွန် လေးစားကာ သစ္စာရှိကြခြင်း ဖြစ်သည်။
"ငွေ ဘယ်လောက် လိုအပ်လို့လဲဟင်၊ ငွေဆယ်လျန်ဆိုရင် လောက်နိုင်မလား"
ကျန်းရိဟွမ်းက တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"ကျွန်မတို့ရဲ့ ဆိုင်က အရောင်းအဝယ် မကောင်းတာ တော်တော်ကြာနေပြီလေ။ ရှိတဲ့ ပိုက်ဆံအကုန်လုံးကိုလည်း ကုန်ပစ္စည်းတွေဝယ်ဖို့ သုံးလိုက်ရတော့ အခု အခက်အခဲနဲ့ ရင်ဆိုင်နေရလို့ပါ"