← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း ၁၂၇ ပြုစုပေးရန် တောင်းဆိုခြင်း

ဆရာနှစ်ဦးက ရှောင်းယန်ချီကို မထူရန် ကြိုးစားနေကြသော်လည်း မအောင်မြင်ခဲ့ကြချေ။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တွဲကာ အတွင်းသို့ ဝင်သွားစဥ်အတွင်း နောက်သို့ လှည့်ကာ ရှောင်းယန်ချီကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

ရှောင်းယန်ချီ၏ အကြည့်က စူးယောင်ကွမ်းထံ၌ စွဲညှိနေပြီး သူ၏ မျက်ဝန်းများထဲတွင် ဒေါသရိပ်များ ပြည့်နှက်နေလေသည်။

စူးယောင်ကွမ်းက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူ တကယ် စိတ်မမှန်တော့ဘူးပဲ"

သို့သော် ဤအရာက အံ့သြစရာတော့ မဟုတ်ချေ။ အကယ်၍ သူသာ အသိတရား ရှိနေပါက ကျန်းရိဟွမ်းကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

‘လှည့်ဖြားတတ်ပြီး ကျေးဇူးကန်းတတ်တဲ့ ယောက်ျားတစ်ယောက်ဆီကနေ ကြည်လင်တဲ့ စိတ်အခြေအနေကို မျှော်လင့်နိုင်ပါ့မလား’

"စောစောက နင် တမင်လုပ်တာမလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

ကျိုးဝမ်ရှူက သူ့နားရွက်ကို အသာကုတ်လိုက်ရင်း ပြန်ပြောလာသည်။

"ဘာကို တမင်လုပ်တာလဲ၊ ကျွန်တော် စောစောက တကယ် ခေါင်းမူးနေပြီး မျက်စိတွေပါ ပြာဝေနေခဲ့တာ။ တော်သေးတာပေါ့ ခင်ဗျား ရောက်လာလို့၊ မဟုတ်ရင် ကျွန်တော် သေချာပေါက် မူးလဲသွားမှာ"

စူးယောင်ကွမ်းက သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ကျိုးဝမ်ရှူကလည်း သူမကို ပြန်ကြည့်နေပြီး သူ၏ မျက်ဝန်းများက ကြည်လင်ရိုးသားလွန်းလှသဖြင့် အန္တရာယ်ကင်းသော သမင်ပေါက်စလေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

"လောလောဆယ်တော့ ငါ နင့်ကို ယုံပေးလိုက်မယ်"

"ကျွန်တော် သူ့ကို နင်းမိလို့ ခင်ဗျား စိတ်မကောင်းဖြစ်သွားတာလား"

ကျိုးဝမ်ရှူက ထပ်မေးနေသေးသည်။

"ခဏနေရင် နင့်ကို နောက်ဆေးတစ်ခွက် ထပ်တိုက်ရမယ်၊ နင်လည်း နေမကောင်းဖြစ်နေပြီ"

စူးယောင်ကွမ်းက ရွံရှာသော မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ငါက အဲ့လိုလူစားမျိုးကို သနားရအောင် ရူးနေလို့လား၊ ဒါမှမဟုတ် ငတုံးမ မလို့လား... ဟူး..."

စူးယောင်ကွမ်းက ပြတင်းပေါက်နားတွင် ရပ်ကာ အပြင်သို့ လှမ်းကြည့်နေပြန်သည်။ ဆရာနှစ်ဦးက ရှောင်းယန်ချီအား မသယ်နိုင် ဖြစ်နေသည်ကို မြင်သဖြင့် သူမ နောက်ထပ်လူနှစ်ယောက်ကို ထပ်မံခေါ်ပေးလိုက်ပြီး ထိုအခါမှသာ သူ့ကို ထမ်းစင်ဖြင့် သယ်ဆောင်သွားနိုင်တော့သည်။

"စာသင်ကျောင်းရဲ့ အခြေအနေက မကောင်းတော့ဘူး။ ငါတို့ ရုံးတော်က ဆေး စမ်းသပ်ပေးမှာကို ဆက်စောင့်နေလို့ မရတော့ဘူး။ ငါ့အမြင်တော့ ကျိုးဝမ်ရှူရဲ့ အခြေအနေက တော်တော်လေး ကောင်းမွန်နေပြီ၊ အဲ့ဒီဆေးကို တခြားကျောင်းသားတွေအပေါ်မှာ ဘာလို့ အသုံးမပြုရမှာလဲ"

"ကျွန်တော်လည်း ဒါက ဖြစ်နိုင်တယ်လို့ ထင်တယ်။ အခြားအရာတွေကို ခေတ္တဖယ်ထားရင်တောင် အနည်းဆုံးတော့ လူမသေနိုင်တော့ဘူးလေ၊ ကျိုးဝမ်ရှူက အကောင်းဆုံး သက်သေပဲ မဟုတ်လား"

ဆရာအချို့က ထိုကိစ္စကို ဆွေးနွေးနေကြသည်။ ကျောင်းအုပ်ကြီး မရှိချိန်တွင် ဖျားနာနေသော ကျောင်းသားများနှင့် ဝန်ထမ်းအချို့မှလွဲ၍ စာသင်ကျောင်းထဲရှိ လူအားလုံး ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။ ဤဆရာများကလည်း ထွက်ပြေးချင်နေပြီ ဖြစ်သည့်တိုင်အောင် ဆရာဟူသော ဂုဏ်သိက္ခာကြောင့် အောင့်အည်းနေကြရခြင်း ဖြစ်သည်။ အကယ်၍ သူတို့ သေရမည်ကို ကြောက်သဖြင့် ဂုဏ်သိက္ခာကို ဖျက်ဆီးမိပါက ဤကိစ္စ ပြီးဆုံးသွားသည့်တိုင် နောင်တွင် ဤနေရာ၌ ဆက်လက် စာသင်ရန် မျက်နှာရှိတော့မည် မဟုတ်ချေ။

ကျိုးဝမ်ရှူ စိတ်ရွှင်လန်းနေသည်ကို မြင်သဖြင့် စူးယောင်ကွမ်းက သူ၏အတွက် ဝက်နံရိုးပြုတ်၊ ငါးခေါင်းတို့ဟူးဟင်းချို၊ မုန်ညင်းကြွက်နားရွက်မှိုမွှေကြော်နှင့် ကြက်သွန်မြိတ်ကြက်ဥကြော်တို့ကို ပြင်ဆင်ပေးလိုက်သည်။ သူမက ကျန်နေသော ငါးကိုလည်း ပေါင်းလိုက်သေးရာ အနံ့က မွှေးကြိုင်လွန်းလှသည်။

ကျိုးဝမ်ရှူတစ်ယောက် စားပွဲပေါ်မှ အရသာရှိသော အစားအစာများကို ကြည့်ရင်း သွားရည်ပင်ကျလာရသည်။

"ယောင်ကွမ်း... ခင်ဗျား ဒါတွေအားလုံးကို ဘယ်ကနေရတာလဲ"

ကျိုးဝမ်ရှူက လှမ်းမေးလိုက်သည်။

"စာသင်ကျောင်းရဲ့ အရှေ့ဘက်နံရံမှာ ခွေးတိုးပေါက်တစ်ခု ရှိတာ နင် သိတယ်မလား။ အဲ့ဒီနားကနေ ကလေးတချို့ ဖြတ်သွားတာကို မြင်လို့ ငါ့အတွက် ငါးတချို့ ယူလာပေးဖို့ အကူအညီတောင်းလိုက်တာ၊ ပြီးတော့ ငါ သူတို့ကို ကောက်နှံတွေနဲ့ ပြန်လဲပေးလိုက်တယ်"

"ကျွန်တော်တို့ဆီမှာ စားစရာအလုံအလောက် ရှိရဲ့လား"

"ငါတို့နှစ်ယောက်တည်း ရှိတာပဲကို။ ကျင့်အာက တစ်လလောက် စားလို့ရမယ့် ရိက္ခာတွေ လုံလုံလောက်လောက် ထုပ်ပိုးပေးလိုက်တာ။ တကယ်လို့ မလောက်ရင်လည်း ကျင့်အာက တစ်နည်းနည်းနဲ့ ထပ်ပို့ပေးလိမ့်မယ်၊ ဒါကြောင့် စိတ်ပူမနေနဲ့"

စူးယောင်ကွမ်းက ထပ်ပြောနေသေးသည်။

"နင် ပြီးခဲ့တဲ့ရက်ပိုင်းက အပြင်းအထန် ဖျားနေလို့ အစား သိပ်မစားနိုင်ခဲ့ဘူး။ အခု ပြန်ကောင်းလာတာဆိုတော့ အာဟာရရှိအောင် သေသေချာချာ စားရမယ်"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုနှင့် ကျိုးဝမ်ရှူ၏ ပါးကို ဆွဲလိမ်လိုက်သေးသည်။

"ကြည့်ဦး... ပိန်လိုက်တာ အရိုးနဲ့ အရေပြားပဲ ကျန်တော့တယ်။ နင်က အရင်ကတည်းက ပိန်ပါတယ်ဆိုမှ အခုတော့ ဝါးလုံးတိုင်လေးကျနေတာပဲ။ ဒီလိုပုံစံက ကြည့်လို့ မကောင်းဘူး၊ ငါ နင် ဝဖြိုးလာအောင် ပြန်ပြုစုပေးရမယ်"

ကျိုးဝမ်ရှူ၏ အစာစားချင်စိတ်က သိသိသာသာ တိုးတက်လာခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း ရှောင်းယန်ချီ၏ သနားစရာကောင်းလှသော အခြေအနေကို မြင်တွေ့ရပြီးနောက် သူ ဗိုက်ဆာလာကာ ပိုမိုစားသောက်မိခဲ့သည်။ စူးယောင်ကွမ်းက တားမြစ်လိုက်မှသာ သူ စားနေသည်ကို ရပ်လိုက်ခြင်းပင်။

"ကဲ... အားအင်တွေ ပြန်ပြည့်လာပြီဆိုတော့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးဦး။ စားပြီးပြီးချင်း တန်းမအိပ်နဲ့"

စူးယောင်ကွမ်းက ကျန်ရှိသော အစားအစာများကို သိမ်းဆည်းရင်း ပြောလိုက်သည်။

"နောက်တစ်ခါကျရင် ဟင်းတွေ အများကြီး မချက်တော့ဘူး။ ငါနှစ်ယောက်တည်းအတွက်ဆိုရင် ဖြုန်းတီးရာကျလွန်းတယ်။ နင် မသိလို့... ဒီမိုးရွာသွန်းပြီးတဲ့နောက်မှာ ကောက်ပဲသီးနှံတွေ သယ်ယူပို့ဆောင်လို့ မရတော့ဘူး။ အပြင်က ကောက်နှံဆိုင်တွေမှာ ဆန်တစ်ကျင်းကို ကြေးပြားတစ်ရာအထိ ဈေးတက်သွားပြီ၊ အရင်က သုံးပြားပဲပေးရတဲ့ ပြောင်းဖူးမှုန့်နဲ့ ပြောင်းဆန်မှုန့်တွေတောင် အခုဆို ကြေးပြားငါးဆယ် ဖြစ်သွားပြီ"

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"သူတို့က ဒီလို သဘာဝဘေးအန္တရာယ်ကနေ ပိုက်ဆံရှာရတာကို စိတ်မလုံ မဖြစ်ကြဘူးလား"

"သူတို့က အဲဒါတွေကို ဂရုမစိုက်ဘူး။ ဒီလိုအချိန်မှာ ပိုက်ဆံက ရှာရလွယ်ပြီး သူတို့ကို ချမ်းသာစေနိုင်တယ်ဆိုတာပဲ သိကြတာ"

စူးယောင်ကွမ်းက သူ့ကို ထပ်ရှင်းပြလိုက်သည်။

"ငါ ကျင့်အာကို ပြောထားပြီးပြီ၊ တကယ်လို့ ခရိုင်ရုံးတော်က သူ့ရဲ့ ဆေးနည်းကို လက်ခံလိုက်တာနဲ့ ငါတို့ သိုလှောင်ထားတဲ့ ဆန်တွေကိုလည်း ခရိုင်ရုံးတော်ဆီ လွှဲပေးလိုက်မယ်။ ခရိုင်အမတ်မင်းက အရာရှိကောင်းတစ်ယောက်ဆိုတော့ ငါတို့လို သာမန်အရပ်သားတွေကို အရှုံးခံခိုင်းမှာ မဟုတ်ဘူး၊ ငါတို့ရဲ့ ရင်းနှီးငွေကို သူ ပြန်ပေးမှာပါ။ ဒါဆိုရင် ငါတို့ရဲ့ ကြင်နာမှုကို လက်ခံရရှိတဲ့လူတွေက ထောင်ယောင်ဖန့်ရဲ့ အကြောင်းကို သိသွားကြလိမ့်မယ်"

သူမက ဤမျှကြီးမားသော ကုသိုလ်ကောင်းမှုကို တိတ်တဆိတ် လုပ်ဆောင်မည်မဟုတ်သည်မှာ အသေအချာပင်။ သူမက လူ့ပြည်သို့ ခေတ္တဝင်စားလာသည့် ဘုရားလောင်း မဟုတ်သောကြောင့် သူမအနေဖြင့် ကောင်းမှုကုသိုလ် ပြုနိုင်သော်လည်း ထိုကောင်းသတင်းကိုလည်း ပြန့်လွင့်သွားစေချင်သေးသည်။

"အရင်တုန်းက ခင်ဗျား ရိက္ခာတွေ သိုလှောင်နေတာကို မြင်ကတည်းက ကျွန်တော်တို့ မိသားစုတစ်ခုတည်းအတွက်တင် မဟုတ်မှန်း ကျွန်တော် သိတယ်။ တကယ်လို့ မိသားစုအတွက်ပဲဆိုရင် ဒီလောက်အများကြီး သိုလှောင်စရာမလိုဘူးလေ၊ ဒီပမာဏက ဆန်ဆိုင်တစ်ဆိုင်တောင် ဖွင့်လို့ရတယ်"

"ငါက ခရိုင်အမတ်မင်းအပေါ် ကျေးဇူးကြွေးတစ်ခု ရှိနေစေချင်ရုံလေးပါ။ ငါတို့လို စီးပွားရေးလုပ်တဲ့ သာမန်လူတွေအတွက် အစိုးရအရာရှိတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက အမြဲတမ်း ကောင်းမွန်တဲ့အရာပဲလေ။ ခရိုင်အမတ်မင်းရဲ့ နယ်မြေထဲမှာ ငါတို့ တစ်ခုခု ဖြစ်လာတာနဲ့ သူက ငါတို့ကို တစ်နည်းနည်းနဲ့ ကူညီပေးနိုင်လိမ့်မယ်"

"တကယ်လို့ ခရိုင်အမတ်မင်းက မေးလာရင် ခင်ဗျား ဘယ်လို ပြန်ပြောမှာလဲ"

"ငါက ကောက်နှံဆိုင်ဖွင့်ဖို့ ကောက်နှံတွေ အများကြီး သိုလှောင်ထားတာ၊ အဲ့ဒါက ဘာပြဿနာရှိလို့လဲ"

စူးယောင်ကွမ်းက ထပ်ပြောနေသေးသည်။

"ပြီးတော့ ခရိုင်အမတ်မင်းက ဒီလောက်အထိတော့ ကျေးဇူးကန်းမယ့်လူ မဟုတ်ပါဘူး။ သူ့အတွက် အကျိုးအမြတ်တွေရော၊ ပြည်သူတွေရဲ့ ထောက်ခံမှုကိုပါ ရနိုင်မှတော့ သူ့ကို အခွင့်အရေးပေးခဲ့တဲ့လူအပေါ် ပြန်ပြီး သံသယဝင်ပါ့မလား"

ထိုအချိန်တွင် အပြင်ဘက်မှ ဆရာဝမ်၏ အသံ ထွက်ပေါ်လာသည်။

"မိန်းကလေးစူး... အထဲဝင်လာဖို့ အဆင်ပြေမလား"

"ဝင်ခဲ့ပါရှင်"

ဆရာဝမ်က တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ လေထုထဲတွင် လွင့်ပျံကျန်ရစ်နေသော ဟင်းရနံ့မွှေးမွှေးကို ရရှိလိုက်သဖြင့် သူ ကျိုးဝမ်ရှူကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

'ဒီလူငယ်လေးကတော့ ကံကောင်းလွန်းတယ်ကွာ'

ယခင်က သူ ကြုံတွေ့ခဲ့ရသော ဒုက္ခများအကြောင်း ကြားသိရစဥ်က ဆရာဝမ်လည်း သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်။ သို့သော် ယခုကြည့်ရသည်မှာ ကံအကောင်းဆုံးလူက ဤလူငယ်လေး ဖြစ်ပုံရသည်။

"မိန်းကလေးစူး... ကိစ္စက ဒီလိုပါ၊ အခု စာသင်ကျောင်းထဲမှာ တကယ်ပဲ လူတစ်ယောက်မှ မကျန်တော့လို့ပါ။ မင်းအနေနဲ့ ကျောင်းသားတွေအတွက် အစားအသောက် ချက်ပြုတ်ပြီး ပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးလို့ ရမလားလို့ လာမေးတာပါ"

ဆရာဝမ်က ဦးညွှတ်ကာ ပြောလာခဲ့သည်။

စူးယောင်ကွမ်း : "..."

သူမက ကရုဏာစိတ်ရှိသော လူတစ်ယောက်ဖြစ်ရန် ဆန္ဒရှိသော်လည်း လူ့ပြည်သို့ ကြွချီလာသည့် သက်ရှိဘုရားလောင်းတစ်ပါးတော့ မဖြစ်ချင်ခဲ့ပေ။

"စိတ်မရှိပါနဲ့ရှင်၊ ယောက်ျားနဲ့ မိန်းမ ကြားမှာ နီးနီးကပ်ကပ် ရှိနေဖို့က မသင့်တော်ပါဘူး။ ကျွန်မ ဒီမှာ ရှိနေပြီး ဝမ်ရှူကို ပြုစုပေးနေတာက ကျွန်မတို့က လင်မယားတွေ ဖြစ်နေလို့ပါ။ တခြားကျောင်းသားတွေကို သွားပြီး ပြုစုပေးဖို့ကတော့ သိပ်ပြီး မသင့်တော်လှပါဘူး"

စူးယောင်ကွမ်းက ချက်ချင်း ငြင်းပယ်လိုက်သည်။

"ဆရာတို့အနေနဲ့ အပြင်က လူတစ်ယောက်ယောက်ကိုပဲ လာကူညီဖို့ တောင်းဆိုလိုက်ပါလား"

"မဖြစ်နိုင်ဘူး၊ လောလောဆယ် အပြင်ဘက်မှာ တော်တော်လေး ပရမ်းပတာ ဖြစ်နေတာ။ လူတိုင်းက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်ပဲ အလုပ်ရှုပ်နေကြတာဆိုတော့ ရောဂါသည်တွေကို ပြုစုပေးဖို့ စွန့်စားချင်တဲ့လူ မရှိကြဘူး။ မိန်းကလေးစူးက စာသင်ကျောင်းထဲကနေ အပြင်မထွက်တော့ အပြင်မှာ ဘယ်လောက်တောင် ရှုပ်ထွေးနေလဲဆိုတာ မသိသေးလို့ပါ"

"ဆရာ့စကားအရဆိုရင် ကျွန်မ အဝင်အထွက် လွတ်လပ်ခွင့် ရှိတယ်ပေါ့ ဟုတ်လား"

"ဒါပေါ့... အရင်တုန်းကတော့ အပြင်က ရောဂါတွေ စာသင်ကျောင်းထဲကို ကူးစက်လာမှာ စိုးရိမ်ပြီး တားမြစ်ခဲ့တာ၊ ဒါပေမယ့် အခု စာသင်ကျောင်းထဲမှာလည်း ရောဂါသည်တွေနဲ့ ပြည့်နှက်နေပြီဆိုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ မင်း ကြိုက်သလို အဝင်အထွက် လုပ်လို့ ရပါတယ်"

"ဒါဆိုရင် ကျွန်မ ဝမ်ရှူကို ပြန်ခေါ်သွားတော့မယ်"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"သူ့ကို အိမ်ခေါ်သွားပြီး ဆေးကုသမှု ခံယူခိုင်းရမယ်"

"ဒါတော့ မဖြစ်ဘူး"

ဆရာဝမ်က ချက်ချင်း ငြင်းဆိုလိုက်သည်။

"ကျိုးဝမ်ရှူရဲ့ ရောဂါလက္ခဏာတွေက တော်တော်လေး သက်သာလာတာ အမှန်ပဲ၊ ဒါပေမယ့် ရောဂါပြန်မထဖူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။ ပြီးတော့ မင်းရဲ့ မိသားစုဝင်တွေ ရောဂါ ကူးစက်ခံရတာမျိုး မရှိသေးဘူးဆိုရင် ရောဂါသည်တစ်ယောက်ကို အိမ်ပြန်ခေါ်သွားတာက တခြားလူတွေကိုပါ ရောဂါကူးစက်နိုင်ခြေ ပိုများစေလိမ့်မယ်။ မင်း သူ့ကို သီးသန့်အခန်းထဲမှာ ထားပြီး တခြားလူတွေနဲ့ မတွေ့ခိုင်းရင်တောင် မင်းကိုယ်တိုင်က သူ့ကို ပြုစုပေးနေရတာဆိုတော့ မင်းရဲ့ မိသားစုဝင်တွေအတွက် ရောဂါကူးစက်ခံရမယ့် အန္တရာယ် ရှိနေတုန်းပဲ။ စာသင်ကျောင်းရဲ့ စည်းကမ်းအရ မင်း ပစ္စည်းတွေ သွားဝယ်ဖို့ အပြင်ထွက်လို့ရပေမယ့် ကျိုးဝမ်ရှူကိုတော့ ခေါ်သွားခွင့် မပြုနိုင်ဘူး"

စူးယောင်ကွမ်း : "... ကောင်းပါပြီ၊ ကျွန်မတို့ မသွားတော့ဘူး။ ဒါပေမယ့် စိတ်မရှိပါနဲ့ရှင်၊ ကျွန်မမှာ တခြားလူတွေကို ပြုစုပေးနိုင်လောက်တဲ့ အင်အား တကယ်မရှိပါဘူး။ စာသင်ကျောင်းအနေနဲ့ ငွေအမြောက်အမြားပေးပြီး သတ္တိရှိတဲ့လူတွေကို ငှားရမ်းသင့်ပါတယ်၊ ဒီလောကကြီးမှာ ပိုက်ဆံအတွက်ဆိုရင် အသက်ကို စွန့်စားဝံ့တဲ့လူတွေ အမြဲတမ်း ရှိနေတာပဲ မဟုတ်လား"

အခန်း ၁၂၈ သဘာဝကပ်ဘေး

ဆရာဝမ် ထွက်သွားပြီးနောက် စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ငါ အိမ်ကို ပြန်ပြီး အခြေအနေတွေ သွားကြည့်လိုက်ဦးမယ်။ နင် ဒီမှာပဲ နေနော်၊ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ဦး... ငါ ချက်ချင်း ပြန်လာခဲ့မယ်"

မိုးက ရံဖန်ရံခါ တဖွဲဖွဲရွာလိုက် တစ်ခါတစ်ရံ တိတ်သွားလိုက်နှင့် မပြတ်တမ်း ရွာသွန်းနေခဲ့သည်။ ယခုအချိန်တွင် စာပေတတ်မြောက်သည့် ပညာရှိများနှင့် လူကြီးလူကောင်းများ ဤသို့သော မိုးဖွဲဖွဲလေးကို မခံစားနိုင်ကြတော့ဘဲ မိုးတိမ်များ အမြန်ဆုံး ပျောက်ကွယ်သွားပြီး ရက်ပေါင်းများစွာ ပြန်ရောက်မလာရန်သာ ဆုတောင်းနေကြတော့သည်။

ယနေ့ကလည်း မိုးရွာသော နေ့တစ်နေ့ ဖြစ်နေပြန်သည်။

သူမ၏ အတိတ်ဘဝက အချိန်ကာလအားဖြင့် အလွန်ဝေးကွာလှပြီ ဖြစ်သောကြောင့် စူးယောင်ကွမ်းအနေဖြင့် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ဝေဝါးဝါးသာ မှတ်မိတော့သည်။ သို့သော် မိုးရွာသွန်းမှုက ဤမျှအထိ ကြာမြင့်ခဲ့သည်ဟုတော့ သူမ မမှတ်မိတော့ချေ။ ဖြစ်နိုင်သည်က သူမ၏ အတိတ်ဘဝ အတွေ့အကြုံများက ယခုဘဝနှင့် ကွဲပြားခြားနားနေခဲ့ခြင်းကြောင့် စိတ်ထဲတွင် အစွဲအလမ်းမရှိတော့ခြင်းလည်း ဖြစ်ပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူမ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သောကြောင့် အနည်းဆုံးအနေဖြင့် စားစရာရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုသေးချေ။

ကျိုးဝမ်ရှူက တံခါးဝတွင် ရပ်နေပြီး စူးယောင်ကွမ်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူလည်း ဝတ်ရုံရှည်တစ်ထည်ကို ကောက်စွပ်ကာ တစ်ကိုယ်လုံး လုံခြုံအောင် အပြည့်အဝဖုံးအုပ်လိုက်ပြီး စူးယောင်ကွမ်း ပြောပြခဲ့ဖူးသော ခွေးတိုးပေါက်မှတစ်ဆင့် စာသင်ကျောင်းအတွင်းမှ ထွက်လာခဲ့သည်။

သူ၏ ကျန်းမာရေးက တော်တော်လေး ကောင်းမွန်လာခဲ့ပြီဖြစ်ရာ ကျုံးချူရှန်း၊ ချန်ပုယွိနှင့် တခြားလူများ၏ အခြေအနေကို သွားရောက်ကြည့်ရှုရန် အားအင်များ ရှိလာခဲ့ပြီ ဖြစ်သည်။ အားလုံးထက် ပို၍အရေးကြီးသည်က သူ ကျုံးချူရှန်းထံတွင် အပ်နှံထားခဲ့သော သူ၏ လက်ပါးစေငယ်လေးများ ဘယ်လိုနေထိုင်နေကြသည်ကို သိချင်နေခြင်းပင်။

ပြီးခဲ့သည့်အကြိမ်က စူးယောင်ကွမ်းက သူ့ကို ကောက်ပဲသီးနှံများ သိုလှောင်ရန် ပြောခဲ့သဖြင့် သူက စူးယောင်ကွမ်း ပြောသည့် ပမာဏထက် ဆယ်ဆမျှ ပိုမိုများပြားသော ရိက္ခာများကို သယ်ဆောင်လာခဲ့သည်။ ထိုအထဲမှ အချို့ကို ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ထံ ခွဲဝေပေးပြီးနောက် တစ်ဝက်ကို စူးယောင်ကွမ်းအား ပေးအပ်ခဲ့ကာ ကျန်တစ်ဝက်ကိုတော့ သူကိုယ်တိုင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ရောဂါကူးစက်မှု စတင်ပြန့်ပွားလာစဥ်တွင် ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ သူတို့၏ နေအိမ်များ၌ အနားယူနေခဲ့ကြသည်။ သူတို့က မူလကတည်းက စာပေသင်ကြားခြင်းကို သိပ်စိတ်မဝင်စားကြဘဲ ရံဖန်ရံခါမှသာ စာဖတ်ကြသူများဖြစ်သောကြောင့် သူတို့၏ မိသားစုများက သူတို့၏ အမူအကျင့်ကို အသားကျနေပြီဖြစ်ကာ စာသင်ကျောင်းမှ ဆရာများကလည်း ဂရုမစိုက်ကြတော့ချေ။ ထိုအကြောင်းရင်းကြောင့် သူတို့နှစ်ယောက်လုံး စာသင်ကျောင်းထဲ၌ အပိတ်လှောင်မခံခဲ့ရခြင်း ဖြစ်သည်။

"ဝမ်ရှူ... မင်း အဆင်ပြေရဲ့လား"

ချန်ပုယွိသည် အပြင်ဘက်မှ ပြန်လာပုံရပြီး ပင်ပန်းနွမ်းနယ်နေသော ရုပ်သွင်ဖြစ်နေသည့်တိုင် သူ့ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

"မင်းက ဒီလောက်အထိ အားနည်းတဲ့လူ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ၊ တကယ့်ကို အားအင်အပြည့်ပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ငါ ဘယ်လောက်တောင် ပင်ပန်းခဲ့လဲဆိုတာ မင်း သိမှာ မဟုတ်ဘူး။ ကံကောင်းလို့ မင်းနဲ့အတူ ရိက္ခာတွေနဲ့ ဆေးဝါးတွေ အများကြီး သိုလှောင်ထားမိခဲ့တယ်၊ ပြီးတော့ မင်း ကူးပေးထားတဲ့ ဆေးနည်းတွေကို သုံးပြီး ဆေးတွေ ဖော်စပ်လိုက်လို့ ငါတို့ ကပွဲခန်းမကလူတွေ အကုန်လုံး အဆင်ပြေနေကြတယ်"

"မင်းတို့ ဘာမှမဖြစ်ဘူးဆိုရင် မင်းက ဘာလို့ ဒီလောက်တောင် ပင်ပန်းနွမ်းနယ်နေရတာလဲ"

ကျိုးဝမ်ရှူက သူ၏ မျက်ကွင်းညိုညိုများကို သတိထားကာ မေးမြန်းလိုက်သည်။

"အဲ့အေကြာင်းကတော့ ပြောမနေပါနဲ့တော့ကွာ။ အခု တစ်မြို့လုံးက ငတ်မွတ်နေကြပြီ။ ဘယ်ကမှန်းမသိတဲ့ လူလွန်မသားတစ်ယောက်က ငါတို့ ကပွဲခန်းမမှာ စားစရာတွေ ရှိတယ်လို့ လျှောက်ပြောလိုက်လို့ ညတိုင်း လူတွေ ရောက်လာပြီး ခိုးယူနေကြတာ။ မနေ့ညကဆိုရင် လူတစ်ယောက်က ငါ့အမေနဲ့ ညီမလေးရဲ့ အခန်းထဲအထိ ခိုးဝင်လာလို့ သူတို့ခမျာ တော်တော်လေး လန့်ဖျတ်သွားကြတယ်။ ငါတို့ ကပွဲခန်းမက လူတွေက ပုံမှန်ဆိုရင် ကပွဲခန်းမရဲ့ ကိစ္စတွေကိုပဲ စီမံခန့်ခွဲတတ်ကြတာ။ ငါတို့ဘက်မှာ လူအင်အား များပြားတယ်လို့ ထင်ရပေမယ့် အခုလို လူစုကွဲနေတဲ့အချိန်မှာတော့ ငါတို့ကို မျက်စိကျနေတဲ့ သူခိုးတွေကို မဖိနှိပ်နိုင်တော့ဘူး ဖြစ်နေတယ်"

"ဒါဆိုရင် လူတွေ ထပ်ငှားလိုက်လေ။ မင်းမှာ ရိက္ခာတွေ ရှိနေတာပဲ၊ အခုလို အခြေအနေမျိုးမှာ သူတို့ကို ငွေပေးနေစရာ မလိုဘူး။ တစ်နေ့ သုံးနပ် ကျွေးထားရုံနဲ့တင် ရပြီ။ ဒီဘေးဒုက္ခ ပြီးသွားတဲ့အခါကျမှ အဲဒီလူတွေကို ပြန်လွှတ်လိုက်ပေါ့"

"ဟုတ်သားပဲ၊ ငါ ဘာလို့ အဲဒါကို မစဥ်းစားမိတာလဲ"

ချန်ပုယွိက သူ့နဖူးကို ရိုက်ရင်း ပြန်ပြောလိုက်သည်။

"အရေးကြီးတဲ့ အချိန်ကျရင် ဒီဦးနှောက်က ဘာမှ သုံးစားမရတော့ဘူး၊ ဟန်ပြပဲ ရှိတယ်"

"မင်းတို့နေရာတောင် ဒီလောက်အထိ ပရမ်းပတာ ဖြစ်နေပြီဆိုရင် လူတွေက ထောင်ယောင်ဖန့်ကိုပါ မျက်စိကျနေမှာ မဟုတ်ဘူးလား"

"အဲ့ဒီဘက်ကိုတော့ မင်း စိတ်ပူစရာ မလိုဘူး။ တခြားနေရာတွေမှာ ဘာပဲဖြစ်ဖြစ် ထောင်ယောင်ဖန့်မှာတော့ ဘာမှ မဖြစ်နိုင်ဘူး။ ထောင်ယောင်ဖန့်က ဆေးဝါးတွေရော ရိက္ခာတွေပါ လှူဒါန်းနေတာကို မင်း သိလား။ အာဏာပိုင်တွေက ထောင်ယောင်ဖန့်ကို တင်းတင်းကျပ်ကျပ် ကာကွယ်စောင့်ရှောက်ပေးထားတာ။ အခု မြို့ထဲမှာ နေ့တိုင်း ယာဂုဝေပေးနေတယ်လို့ ကြားတယ်၊ ကုန်သည်ကြီးတွေက ယာဂုမဏ္ဍပ် တစ်ခုစီ ဆောက်ထားကြတာ၊ ထောင်ယောင်ဖန့်ကလည်း မဏ္ဍပ်တစ်ခု ဖွင့်ထားတယ်။ ထောင်ယောင်ဖန့်ရဲ့ ယာဂုမဏ္ဍပ်ကိုတောင် ရဲမက်တွေ စောင့်ကြပ်ပေးနေလို့ ဘယ်သူမှ လာပြီး ပြဿနာမရှာရဲကြဘူး"

"ဒါတင်မကသေးဘူးနော်၊ ထောင်ယောင်ဖန့်က အမျိုးသမီးသမားတော် ရေးပေးခဲ့တဲ့ ဆေးညွှန်းကိုလည်း အခု စမ်းသပ်နေပြီ၊ နောက်ရက်ပိုင်းအတွင်း ရလဒ်ထွက်လာလိမ့်မယ်။ တကယ်လို့ ထိရောက်မှုရှိတယ်ဆိုရင် အာဏာပိုင်တွေက အဲဒီနေရာကို ပိုပြီးတော့တောင် ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေးဦးမှာ အသေအချာပဲ"

ချန်ပုယွိ၏ စကားများကို ကြားရပြီးနောက် ကျိုးဝမ်ရှူလည်း စိတ်အေးသွားခဲ့ရသည်။

သူ ယခုလို အပြင်ထွက်လာခြင်းအတွက် အခြားအကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။

"ငါ့မှာ လူအင်အား လိုအပ်နေတယ်၊ အခုအချိန်က လူသစ်စုဆောင်းဖို့ အကောင်းဆုံး အချိန်ပဲ။ ငါ့အတွက် လူရှာပေးပါဦး၊ တကယ်လို့ အရည်အချင်းရှိတဲ့လူတွေ တွေ့ရင် ငါ့အတွက် ချန်ထားပေးပါ"

ချန်ပုယွိက ကျိုးဝမ်ရှူကို စိုက်ကြည့်ရင်း ပြောလာခဲ့သည်။

"အစ်ကိုဝမ်ရှူ... မိန်းကလေးစူးနဲ့ သူရဲ့ မိသားစုက မင်းအပေါ် အများကြီး ကောင်းခဲ့တာပဲလေ၊ မင်းက ဘာလို့ အစကနေ ပြန်စချင်နေရတာလဲ။ အဲဒီလောက်အထိ လူအများကြီးကို ဘာလုပ်ဖို့ လိုအပ်နေတာလဲ"

"ငါက တစ်သက်လုံး မိန်းမတစ်ယောက်ရဲ့ လက်အောက်မှာပဲ ခိုလှုံနေရတော့မှာလား"

ကျိုးဝမ်ရှူက မျက်လွှာချကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပါပဲ၊ ယောကျာ်းတစ်ယောက် ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှတော့ မိန်းမတစ်ယောက်ကို အားမကိုးချင်တာ သဘာဝပါပဲ။ ဒါနဲ့ မင်းက ဘာလို့ လူအများကြီးကို လိုအပ်နေရတာလဲ"

"ငါ့မှာ အသုံးချစရာ ရှိလို့ပါ"

သူ့အမေဘက်က အဖိုးအဖွားများတွင် မည်သူမျှ မသိသေးသော သတ္တုတွင်းတစ်ခု ရှိနေသေးရာ ထိုနေရာမှ ကိစ္စရပ်များကို စီမံခန့်ခွဲရန်အတွက် လူတစ်စု လိုအပ်နေခြင်း ဖြစ်သည်။

သူ ငွေအမြောက်အမြား ရှာဖွေစုဆောင်းထားနိုင်ခဲ့ပြီဖြစ်၍ ဤလူများကို ကျွေးမွေးထောက်ပံ့ရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် သူ နောက်ထပ် ငွေကြေးများစွာ လိုအပ်နေသေး၏။ ထိုငွေများရှိမှသာ လူအင်အား ပိုမိုစုဆောင်းနိုင်မည် ဖြစ်ပြီး ပိုမိုကြီးမားသော အာဏာကိုလည်း ဆုပ်ကိုင်နိုင်ပေလိမ့်မည်။

သူ မြို့တော်ဆီသို့ အရောက်ပြန်သွားပြီး အားလုံးကို တိုက်ခိုက်ချေမှုန်းပစ်မည် ဖြစ်သည်။

......။......။.....

စူးယောင်ကွမ်း ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းဖန့်တိက အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။

"ယောင်ကွမ်း ပြန်လာပြီဟေ့"

ထောင်ယောင်ဖန့်က တခြားပိတ်ထားသော ဆိုင်များနှင့်မတူဘဲ တံခါးကို အကျယ်ကြီး ဖွင့်လှစ်ထားခဲ့သည်။ ဆိုင်ထဲတွင် အမျိုးသမီးဝယ်သူ အနည်းငယ် ရှိနေပြီး အားလုံးက ပုံမှန်ဖောက်သည်များ ဖြစ်ကြသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမတို့က ပစ္စည်းလာဝယ်ကြခြင်း မဟုတ်ချေ။ ထိုအစား ကျန်းကျင့်ထံတွင် ဆေးကုသမှု ခံယူရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

"ဆိုင်ရှင်စူး... ကျွန်မက ရှင့်ရဲ့ အစောဆုံး ဖောက်သည်ဟောင်းတစ်ယောက်နော်၊ ဒီတစ်ခါတော့ ကျွန်မကို အရင်ကြည့်ပေးရမယ်။ ကျွန်မ ဖျားနေတာ ဆယ်ရက်လောက် ရှိပြီ၊ ပိုပိုဆိုးလာလို့ နောက်ထပ် အချိန်ဆွဲလို့ မရတော့ဘူး... အဟွတ် အဟွတ်..."

"ဆိုင်ရှင်စူး... ကျွန်မ ငွေပမာဏတော်တော်များများ အကုန်ခံပြီး ရှင့်ဆိုင်ကနေ ကုန်ပစ္စည်းတွေ ဝယ်ခဲ့တာနော်၊ ကျွန်မကို အရင်ဆုံး ကြည့်ပေးရမယ်"

စူးယောင်ကွမ်းတစ်ယောက် ဖျားနာနေသော အမျိုးသမီးဖောက်သည်များ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရသဖြင့် ကျန်းကျောက်တိနှင့် တခြားလူများ ထွက်လာပြီး သူမကို အမြန်ဆုံး ကယ်ထုတ်လိုက်ကြရသည်။

"အားလုံးပဲ... ကျွန်မတို့ရဲ့ သမားတော်မလေး ကျန်းကျင့်ကို ယုံကြည်ပေးကြပါ။ ရှင်တို့ကို အရင်ဆုံး ကြည့်ပေးမှာမို့လို့ ကျေးဇူးပြုပြီး သေသေချာချာ တန်းစီပေးကြပါ၊ မတွန်းကြပါနဲ့ဦး။ အခု အားလုံးက အားနည်းနေကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်မိခိုက်မိလို့ မဖြစ်ဘူးလေ"

"ကျွန်မတို့ ယောင်ကွမ်းက ဆိုင်မှာမရှိတာ ကြာပြီ။ ဘာကိစ္စရှိလဲဆိုတာကို ကျွန်မတို့ကိုပဲ ပြောပြပါ။ သူမရဲ့ ရုပ်သွင်ကို ကြည့်တာနဲ့တင် လူနာတွေကို ပြုစုရလို့ တော်တော်လေး ပင်ပန်းနေမှန်း သိသာပါတယ်"

ကျန်းယင်းတိက ညင်ညင်သာသာ ရှင်းပြနေသည်။

စူးယောင်ကွမ်းလည်း ကျန်းညီအစ်မများ၏ အကူအညီဖြင့် ထိုရုန်းရင်းဆန်ခတ် အခြေအနေထဲမှ လွတ်မြောက်လာခဲ့ပြီး ပရမ်းပတာ ဖြစ်ပျက်နေသော ရှေ့ဘက်ဆိုင်ခန်းနှင့် ဝေးရာ နောက်ဖေးခြံဝင်းဆီသို့ ဝင်လာနိုင်ခဲ့သည်။

"ကျင့်အာ..."

ထိုနေရာအရာက်တွင် လူနာများ ဝိုင်းအုံနေသော ကျန်းကျင့်ကို စူးယောင်ကွမ်း မြင်လိုက်ရသည်။

"စိတ်မပူပါနဲ့၊ ကျင့်အာက နေ့တိုင်း လူနာအများကြီးနဲ့ ရင်ဆိုင်နေရတာဆိုတော့ မျက်တောင်တစ်ချက်တောင် မခတ်ဘဲ အေးအေးဆေးဆေး စီမံနိုင်နေပြီ။ သူက သမားတော်တစ်ယောက်လေ... ဆေးကုသမှု ခံယူချင်တဲ့လူတွေက သူ့အပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြရတယ်"

"ဒီအခြေအနေတွေက ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ"

စူးယောင်ကွမ်းက မေးမြန်းလိုက်သည်။

"နင်က စာသင်ကျောင်းကလူတွေကို ဆေးညွှန်နဲ့ ဆေးဘက်ဝင်အပင်တွေ ပေးခဲ့တယ်မလား၊ သူတို့က အဲဒါတွေကို ခရိုင်ရုံးတော်ဆီ အပ်နှံလိုက်ကြတယ်။ အဲဒါကြောင့် ခရိုင်အမတ်မင်းကိုယ်တိုင် ကျင့်အာဆီ လာရောက်တွေ့ဆုံပြီး ဒဏ်ရာပြင်းထန်တဲ့လူတွေကို စမ်းသပ်ကုသဖို့အတွက် ဆေးပင်အမြောက်အမြားကို သယ်ဆောင်သွားခဲ့တယ်။ အခုထိ တိကျတဲ့ ရလဒ်မထွက်သေးပေမယ့် လူအများကြီးက ကျင့်အာဆီကို အလုအယက် ရောက်လာကြပြီလေ။ ကျင့်အာရဲ့ သဘောထားကတော့ သူတို့က သူ့ကို ယုံကြည်တယ်ဆိုရင် ကုသပေးမယ်၊ အခြေအနေက အခုထက်တော့ ပိုပြီး ဆိုးမသွားနိုင်တော့ဘူးဆိုတဲ့ သဘောပဲ"

"ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်က အခြေအနေတွေရော ဘယ်လိုလဲ"

"စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေပါတယ်။ ငါတို့မှာ စားစရာ၊ ဝတ်စရာတွေ အလုံအလောက် ရှိတယ်၊ အရာအားလုံးက ပြည့်စုံနေတာဆိုတော့ မိုးဘယ်လောက်ပဲ သည်းသည်း ရွာပါစေ... ငါတို့ကို ဘာမှ သက်ရောက်မှု မရှိပါဘူး။ တစ်ခုတည်းသော မကောင်းတဲ့အချက်ကတော့ ဆိုင်မှာ အရောင်းအဝယ် မရှိတော့တာပဲ"

"ဒီမိုးက ဘယ်လောက်အထိ ကြာဦးမလဲဆိုတာ သမီးတို့ မသိနိုင်ဘူး။ တကယ်လို့ ဒီအတိုင်းသာ ဆက်ရွာနေဦးမယ်ဆိုရင် နောက်ထပ် ပိုပြီးကြီးမားတဲ့ ပရမ်းပတာ အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်"

သူမအနေဖြင့် အတိတ်ဘဝက အတွေ့အကြုံများကို အခြေခံပြီး ပြဿနာများကို မဖြေရှင်းနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုဘဝတွင် အရာအားလုံးက လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

"သမီး စာသင်ကျောင်းကနေ အခုတင်ပဲ ပြန်လာတာ၊ လမ်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့လူတွေကို အများကြီး တွေ့ခဲ့ရတယ်။ တကယ့်ကို ထူးဆန်းတယ်... ပုံမှန်ဆိုရင် ဒီမှာ တောင်းရမ်းစားသောက်တဲ့လူတွေ ဒီလောက်အထိ မများပါဘူး။ အဲဒီလူတွေက ဘယ်ကနေ ရောက်လာကြတာလဲ"

All Chapters