← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ၁၂၉ ငွေပြန်ချေးခြင်း

"အကြီးဆုံးအစ်မ... ယောင်ကွမ်း..."

ကျန်းယင်းတိက အပြင်မှ ပြာပြာသလဲ ပြေးဝင်လာပြီး အလောတကြီး လှမ်းခေါ်နေသည်။

"အဖေနဲ့အမေ၊ ပြီးတော့ ကျန်းကျင့်ကျုံးတို့ ရောက်နေကြတယ်"

ကျန်းကျင့်ကျုံးဟူသော နာမည်ကို ကြည့်ခြင်းအားဖြင့် သူက ကျန်းညီအစ်မသုံးယောက်၏ တစ်ဦးတည်းသော မောင်ဖြစ်ကြောင်း သိသာနေသည်။ ကျန်းမိသားစုတွင် သမီးသုံးယောက် ဆက်တိုက်မွေးဖွားပြီးမှသာ ဤတစ်ဦးတည်းသော သားကို ရရှိခဲ့ခြင်းဖြစ်ရာ မိသားစုအတွင်း သူ၏ အဆင့်အတန်းက မည်မျှအထိ မြင့်မားမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။

ကျန်းကျောက်တိ အိမ်ထောင်ပြုပြီး ထွက်သွားစဉ်က ကျန်းမိသားစုအနေဖြင့် တင်တောင်းငွေအဖြစ် ငွေငါးလျန် ရရှိခဲ့သည်။ ထိုငွေများကို ကျန်းကျင့်ကျုံး၏ ကျောင်းလခ ပေးရန်၊ အဝတ်အစားအသစ်တစ်စုံနှင့် စာရေးကိရိယာများ ဝယ်ယူရန်အတွက် အသုံးပြုခဲ့သော်လည်း နှစ်နှစ်မပြည့်မီမှာပင် သူက ကျောင်းပြေးခြင်း၊ ရန်ဖြစ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဆရာဖြစ်သူ၏ ကျောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ ကျန်းမိသားစုမှ သူတို့၏ ဒုတိယသမီးဖြစ်သူ ကျန်းဖန့်တိကို အိမ်ထောင်ချပေးခဲ့ခြင်းမှာလည်း သူမ၏ လူမိုက်ယောက်ျားက အုတ်စီဆရာတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူက တင်တောင်းငွေ ပေးမည့်အစား အိမ်အသစ်တစ်လုံး ဆောက်ပေးမည်ဟု ကတိပြုခဲ့သဖြင့် ကျန်းဖန့်တိကို ထိုသို့ ရောင်းစားပစ်ခဲ့ကြခြင်း ဖြစ်သည်။ တတိယသမီးကို အိမ်ထောင်ချပေးရခြင်း အကြောင်းရင်းကတော့ ဝမ်ဟွမ်ကျစ်က အပြင်းအထန် နာမကျန်းဖြစ်နေပြီး ဝမ်မိသားစုက ကံကောင်းခြင်းများ သယ်ဆောင်လာနိုင်ရန်အတွက် တင်တောင်းငွေ လျန်နှစ်ဆယ်အထိ ပေးအပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုငွေများကို ကျန်းကျင့်ကျုံးအား မိန်းမပေးစားရန်နှင့် လယ်ယာမြေကောင်း သုံးဧက ဝယ်ယူရန်အတွက် အသုံးပြုခဲ့ကြသည်။

ရလဒ်အနေဖြင့် ကျန်းမိသားစုက သမီးများကို ရောင်းစားပြီး ချမ်းသာလာကြခြင်းဖြစ်သည်ဟု ရွာသားများက ပြောဆိုခဲ့ကြသည်။ သူတို့၏ တစ်ချိန်က ဟောင်းနွမ်းစုတ်ပြတ်နေသော သက်ကယ်မိုးရွံ့အိမ်လေးက သမီးများ၏ ကျေးဇူးကြောင့် အုတ်အိမ်ကြီးအဖြစ် အပြည့်အစုံ ပြောင်းလဲသွားခဲ့ရခြင်းပင်။ ထိုစကားများကို ကြားရချိန်တွင် ကျန်းမိဘများဖြစ်သည့် ဝေရှီနှင့် ကျန်းလောင်စန်းတို့က သူတို့၏ သမီးသုံးယောက်အပေါ် ဒေါသပုံချခဲ့ကြပြီး သမီးဆိုသည်က တစ်နေ့နေ့တွင် အိမ်ထောင်ပြုကြရမည့်သူများသာ ဖြစ်သဖြင့် ဘယ်သူ့ဆီ ရောက်ရောက် အရေးမကြီးကြောင်း၊ ထိုသမီးများက မိသားစု၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသို့သော ကောလာဟလဆိုးများကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

နှစ်ပေါင်းများစွာအတွင်း ကျန်းညီအစ်မများက မိဘများအိမ်သို့ ပြန်ခဲလှသည်။ ဝေရှီနှင့် ကျန်းလောင်စန်းတို့က သူတို့ နေမကောင်းဖြစ်နေသောကြာင့် ပြန်လာရန် လူလွှတ်ခေါ်သည့် အချိန်မျိုးတွင်သာ အိမ်ပြန်လေ့ရှိကြသည်။ ကျန်းကျောက်တိ မုဆိုးမ ဖြစ်သွားပြီး သမီးဖြစ်သူကို ပြုစုစောင့်ရှောက်နေရကတည်းက သူမ သမီးကို ခေါ်ပြီး အိမ်ပြန်သည့် အခါတိုင်း ထမင်းစားပွဲတွင်ပင် ဝင်ထိုင်ခွင့်မရခဲ့သဖြင့် နောက်ပိုင်းတွင် လုံးဝ မပြန်တော့ချေ။ ကျန်းဖန့်တိကတော့ ပြောနေစရာပင် မလိုတော့ချေ။ သူမက နှစ်ပေါင်းများစွာကြာအောင် တိရစ္ဆာန်ထက် ပိုဆိုးရွားသော ဘဝကို ဖြတ်သန်းခဲ့ရပြီး မိဘများဘက်ကလည်း အားကိုးရာမပြုနိုင်သဖြင့် သူမအနေဖြင့် ထွက်မလာနိုင်ခဲ့ပေ။ ထို့ပြင် ကျန်းယင်းတိကလည်း နာမကျန်းဖြစ်နေသော ခင်ပွန်းကို ပြုစုစောင့်ရှောက်နေရသဖြင့် အိမ်မှ မထွက်နိုင်ခဲ့ချေ။

ကျန်းကျောက်တိ နောက်ဆုံးအကြိမ် မိဘများအိမ်သို့ ပြန်ခဲ့စဉ်က သူမအတွက် စိုးရိမ်ပူပန်ပေးသည့် စကားတစ်ခွန်းမျှ မကြားခဲ့ရရုံမျှမက ဒေါသအလိပ်လိုက်ဖြင့်သာ ပြန်လာခဲ့ရပြီး နောက်ပိုင်းတွင် သူတို့နှင့် မတွေ့ရသည်မှာ တစ်နှစ်နီးပါးပင် ရှိတော့မည်ဖြစ်သည်။ ယနေ့တွင် သူတို့၏ သမီးသုံးယောက်လုံး မြို့ထဲသို့ ရောက်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်ထားမိမည်မဟုတ်သလို ထောင်ယောင်ဖန့်ဆီသို့ အရောက်လာရလိမ့်မည်ဟုလည်း မတွေးမိခဲ့ကြချေ။ သူတို့က သမီးများ၏ အခြေအနေကို တစ်နေရာရာမှ တဆင့် ကြားသိခဲ့ကြပုံပေါ်သည်။

လူစုက နောက်ဖေးခြံဝင်းထဲမှ ထွက်လာခဲ့ကြပြီး လက်ဖက်ရည်သောက်သည့် နေရာတွင် မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာများဖြင့် အကြွေးတောင်းသမားများကဲ့သို့ ထိုင်နေကြသည့် လူကြီးလေးယောက်နှင့်အတူ ငိုယိုနေသော ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။

"အဖေ၊ အမေ၊ ကျိကျူံး၊ ယောင်းမ... ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာကြတာလဲ"

ကျန်းကျောက်တိက မျက်နှာတွင် သောကရိပ်များ ပြည့်နှက်နေလျက် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ဘာလဲ... နင်တို့က မြို့ပေါ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြပြီး နင်တို့အဖေ၊ အမေနဲ့ မောင်လေးကတော့ တောမှာ ငတ်ပြတ်နေကြရတယ်။ အခု ငါတို့က နင်တို့ဆီ အကူအညီလာတောင်းတာကို ဒီလို အမူအရာမျိုးနဲ့ ဆက်ဆံတာလား"

ဝေရှီက စူးစူးဝါးဝါး လေသံဖြင့် ကြိမ်းမောင်းလိုက်တော့သည်။

"ရှူး..."

ကျန်းကျောက်တိက ပျာပျာသလဲ တားမြစ်လိုက်သည်။

"ဘေးပတ်ပတ်လည်မှာ ရဲမက်တွေ ရှိနေတယ်၊ အသံအကျယ်ကြီး မအော်နဲ့၊ မဟုတ်ရင် ရုံးတော်ကလူတွေကို ဆွဲဆောင်မိလိမ့်မယ်"

ဝေရှီ၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားသည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အမှန်တကယ်ပင် တံခါးဝမှ ရဲမက်အချို့က ဂရုတစိုက် ကြည့်ရှုနေသည်ကို မြင်လိုက်ရသည်။

"ကျန်းသခင်မ... တစ်ယောက်ယောက်က လာပြီး ပြဿနာရှာနေတာလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

ကျန်းကျောက်တိက အမြန် လှမ်းပြောလိုက်သည်။

"ကျွန်မအမေက စကားပြောနည်းနည်း ကျယ်သွားလို့ပါ၊ အရာရှိမင်းတို့ စိတ်ထဲမထားပါနဲ့ရှင်"

ရဲမက်များလည်း ပြန်လည်ဆုတ်ခွာသွားကြသည်။

ကျန်းလောင်စန်းက သူ၏ ခက်ထန်သော မျက်နှာအမူအရာကို ဖုံးကွယ်လိုက်ပြီး အပြင်ဘက်သို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"နင်တို့ ဘာတွေလုပ်ထားကြလဲ၊ ဘာလို့ ရဲမက်တွေက အပြင်မှာ စောင့်ကြပ်နေရတာလဲ"

"ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ထဲမှာ ပရမ်းပတာတွေ ဖြစ်နေပြီး နေရာတိုင်းမှာ ဖျားနာနေတဲ့လူတွေ ရှိနေလို့လေ၊ အစိုးရရုံးက ကျွန်မတို့ဆိုင်ကို အဲဒီလူတွေကို ပြုစုစောင့်ရှောက်ဖို့ အမိန့်ပေးထားတာ။ ဟိုမှာ တန်းစီနေတဲ့ လူတန်းကြီးကို ကြည့်လိုက်လေ၊ အားလုံးက ကူးစက်ရောဂါ ခံစားနေရတဲ့လူတွေချည်းပဲ။ အဖွား၊ အဖိုးနဲ့ ဦးလေးတို့... သူတို့နဲ့ ဝေးဝေးမှာ နေကြနော်"

စူးယောင်ကွမ်းက တိုးတိုးလေး သတိပေးလိုက်သည်။

"ဘုရားရေ... နင်တို့ကို ဘာလို့ အဲဒီလို လူနာတွေ ပြုစုခိုင်းရတာလဲ၊ အဲဒီရောဂါသည်တွေက ကြောက်စရာကြီး။ ငါတို့ရွာမှာလည်း အဲဒီလိုမကျန်းမာတဲ့လူတွေ ရှိနေတယ်၊ နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် သွေးတွေ အန်နေကြတာ... တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"

ဝေရှီက လူပမာများကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေခဲ့သည်။

သူမတို့ဘက်မှ ဆူညံသံကြောင့် တန်းစီနေသော လူများ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး အားလုံးက လှည့်ကြည့်လာကြသည်။ လက်ရှိအချိန်တွင် ထိုလူများက လှပကျော့ရှင်းစွာ ဝတ်ဆင်ထားသော သခင်မများနှင့် သမီးပျိုလေးများ မဟုတ်ကြတော့ဘဲ ကပ်ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရသူများ ဖြစ်ကြသဖြင့် သူမတို့၏ မျက်နှာသွင်ပြင်များက အလွန် ကြောက်မက်ဖွယ်ကောင်းနေချေပြီ။ သူမတို့က စကားတစ်ခွန်းမျှ မပြောဘဲ ဝေရှီနှင့် ကျန်းလောင်စန်းတို့ လူစုကို စိုက်ကြည့်နေကြသဖြင့် စောစောက မောက်မာနေခဲ့သော လူစုလည်း တစ်ခဏတာအတွင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"အဖေနဲ့ အမေ... ကျွန်တော်တို့ ဒီမှာ ဆက်မနေသင့်ဘူး။ ဒီလူတွေက ရောဂါသည်တွေ၊ သူတို့ကလည်း နေ့တိုင်း ဒီရောဂါသည်တွေနဲ့ ထိတွေ့နေရတာ။ သူတို့ကိုယ်တိုင် ရောဂါကူးစက်ခံထားရလားတောင် မသိတော့ဘူး၊ ကျွန်တော်တို့ရဲ့ ရှောင်ပေါင်လေးကို ဒီလိုအန္တရာယ်မျိုး မစွန့်စားခိုင်းနိုင်ဘူး"

"အကြီးဆုံးသမီး... ငါတို့ နင်တို့ ဆီမှာ နေပြီး ဒုက္ခမပေးတော့ဘူး။ ငါတို့ကို ငွေတစ်ထောင်လျန်ပဲ ပေးလိုက်၊ ဒါဆိုရင် ငါတို့ တောကို ချက်ချင်း ပြန်သွားပေးမယ်" ကျန်းလောင်စန်းက ဤနေရာတွင် ဆက်နေပြီး သက်သောင့်သက်သာ ခံစားမည့် သူ၏ မူလအစီအစဉ်ကို ပြောင်းလဲလိုက်သည်။

"ငွေလျန်တစ်ထောင် ဟုတ်လား"

စူးယောင်ကွမ်းက အံ့သြတကြီး အော်ဟစ်လိုက်သည်။

"အဖိုး... ကျွန်မတို့ဆီမှာ ငွေဆယ်လျန်တောင် မရှိတာကို ငွေလျန်တစ်ထောင်ကို ဘယ်ကနေ သွားရှာရမှာလဲ"

"ဒီလောက် ဆိုင်အကြီးကြီး ဖွင့်ထားပြီးမှ ငွေမရှိဘူးလို့ လာပြောနေတာလား"

ဝေရှီက စူးစူးဝါးဝါး လေသံဖြင့် ထပ်အော်လိုက်ပြန်သည်။

"ဟိုဘက်လမ်းက ကျုံးလန်ဟွာ ပြောတာတော့ နင်တို့ဆိုင်က အရောင်းအဝယ် အရမ်းသွက်ပြီး နေ့တိုင်း ငွေအမြောက်အမြား ရနေတာဆို"

"အခု နေနေသာသာ အရင်ကတောင် အရောင်းအဝယ်က အဲ့လောက်မကောင်းဘူး။ အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့ရက်ပိုင်းက ရှိသမျှပိုက်ဆံအကုန် ဆန်နဲ့ ကောက်ပဲသီးနှံဝယ်တာနဲ့တင် ကုန်သွားပြီ။ ကျွန်မတို့ဆိုင်က မူလကတည်းက အရောင်းအဝယ် အေးတာ၊ ဟိုဘက်လမ်းက ကျုံးလန်ဟွာကလည်း ကျွန်မတို့နဲ့ အမြဲ တိုက်ခိုက်ပြီး ဝယ်သူတွေအကုန်လုံးကို လုယူသွားတာလေ။ သူက တမင်သက်သက် လိမ်ညာပြီး ကျွန်မတို့အမေနဲ့သမီးကို လူပြက်လိုဖြစ်အောင် လုပ်ပြနေတာ။ အဲဒီကျုံးလန်ဟွာက ကျွန်မအမေကိုတောင် ဒုက္ခပေးခဲ့တာကို အဖွားတို့က သူ့စကားကို ယုံနေသေးတာလား"

ကျန်းကျင့်ကျူံး၏ဇနီး ဟွာရှီက ဆိုင်အတွင်းရှိ ပရိဘောဂပစ္စည်းများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုပြီး ဝင်ပြောလိုက်သည်။

"ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်။ သူတို့အရောင်းအဝယ်သာကောင်းရင် ဆိုင်ကြီးက ဘာလို့ ဒီလောက်အထိ ခြောက်ကပ်နေရမှာလဲ။ ကြည့်စမ်း... စားပွဲပေါ်မှာလည်း ဖုန်တွေတက်လို့၊ အရာအားလုံးကလည်း ရှုပ်ပွနေတာပဲ"

ဟွာရှီက သူမ၏ယောင်းမသုံးယောက် ကောင်းစားနေသည်ကို လုံးဝ မကြည့်ချင်ပေ။ ကျန်းကျောက်တိ၏ဘဝ ပိုမွဲတေလေလေ သူမ ပိုပျော်ရွှင်လေလေဖြစ်၏။ မူလက ကျန်းမိသားစု၏ သမီးသုံးယောက်က သူတို့အထဲတွင် အနိမ့်ကျဆုံးဖြစ်ပြီး သူမကသာ ကျန်းမိသားစု၏ မျိုးဆက်ကို ဆက်ခံပေးနိုင်ခဲ့သဖြင့် အကြီးမားဆုံးသော ကောင်းကျိုးကို ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်သည်။

"အဖွား၊ အဖိုး၊ ဦးလေးနဲ့ အ‌ဒေါ်တို့ပါ ရောက်နေကြတာဆိုတော့... မြေးဖြစ်တဲ့ ယောင်ကွမ်းကပဲ လူငယ်တစ်ယောက်အနေနဲ့ မျက်နှာပြောင်တိုက်ပြီး အဖိုးတို့ဆီကနေ ငွေလျန်တစ်ရာလောက် ချေးပါရစေဦးနော်"

စူးယောင်ကွမ်းက သူမ၏လက်ချောင်းလေးများကို လိမ်ယှက်ရင်း နိမ့်ချထားပြီး ရှက်နေသော အမူအရာလေးဖြင့် ပြောလိုက်သည်။

"မကြာခင် ဆိုင်လခပေးရတော့မှာမလား၊ အခုချက်ချင်း ငွေတစ်ရာလျန် ပေးရမှာဆိုတော့ ကျွန်မတို့ဆီမှာ မရှိလို့ပါ။ ဦးလေးနဲ့ အ‌ဒေါ်တို့က ဒီနှစ်တွေထဲမှာ ပိုက်ဆံအများကြီး ရှာဖွေစုဆောင်းထားနိုင်တယ်လို့ ကျွန်မ ကြားမိတယ်။ ကျွန်မတို့ကို အရင်ခဏလောက် ချေးပေးပါလားဟင်၊ ကျွန်မတို့ ပိုက်ဆံပြန်ရှာပြီးရင် ချက်ချင်းပြန်ဆပ်ပါ့မယ်"

ဝေရှီ၊ ကျန်းလောင်စန်း၊ ကျန်းကျင့်ကျူံးနှင့် ဟွာရှီ : "..."

‘ငါတို့က ပိုက်ဆံတောင်းဖို့လာတာ၊ ပေးဖို့ မဟုတ်ဘူး။ ဒီကောင်မလေး ရူးနေတာလား။’

ကျန်းညီအစ်မသုံးယောက်ဖြစ်သည့် ကျန်းကျောက်တိနှင့် အခြားသူများကတော့ မရယ်မိအောင် အောင့်အီးထားကြရသည်။

"ငါတို့ဆီမှာ ပိုက်ဆံမရှိဘူး။ ငါတို့ဆီမှာ ပိုက်ဆံရှိရင် နင်တို့ဆီကို လာပါဦးမလား"

ဟွာရှီက ချက်ချင်း ငြင်းဆန်လိုက်သည်။

"စောစောကပဲ နင်တို့မှာ ရှိသမျှပိုက်ဆံအကုန် ဆန်နဲ့ကောက်ပဲသီးနှံဝယ်တာနဲ့ ကုန်သွားပြီလို့ ပြောခဲ့တာ မဟုတ်လား။ ဒါဆိုရင် ဆန်နဲ့ကောက်ပဲသီးနှံတွေတော့ ကျန်သေးတယ်မလား"

"အခု ဆန်တစ်ကျင်းကို ကြေးပြားတစ်ရာတောင် ပေးနေရတာလေ။ ဒီမိုးက ဘယ်လောက်အထိ ဆက်ရွာနေဦးမလဲ မသိဘူးဆိုတော့ အိမ်မှာထားဖို့ နည်းနည်းပါးပါး လုဝယ်ထားရတာ၊ ဒါပေမဲ့လည်း အများကြီး မကျန်တော့ပါဘူး"

"ဒါဆိုရင် ငါတို့ကို ဆန်နဲ့ဂျုံမှုန့် နည်းနည်းပေးစမ်း"

ကျန်းလောင်စန်းက ထပ်ပြောလိုက်သည်။

"ကျင်းတစ်ရာလောက်"

"ကျွန်မတို့ဆီမှာတောင် ကျင်းတစ်ရာ မရှိဘူး"

ကျန်းကျောက်တိက မျက်မှောင်ကုတ်လျက် ဝင်ပြောလိုက်သည်။

"ပြောင်းဖူးမှုန့်တချို့တော့ ကျန်သေးတယ်၊ အဲဒါကို ကျင်းနှစ်ဆယ်လောက် ပေးနိုင်ပြီး ဆန်ကတော့ ငါးကျင်းပဲ ပေးနိုင်မယ်"

"နင်က ငါတို့ကို သူဖုန်းစားတွေလိုမျိုး လာပြီး လှည့်စားနေတာလား"

ဝေရှီက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"ငါတို့က နင့်ရဲ့မိဘတွေနော်၊ ငါတို့အပေါ် သိတတ်ပြီး တာဝန်ကျေရမှာက နင့်ကိစ္စပဲ။ ဒီလိုသဘာဝကပ်ဘေးကျရောက်နေတဲ့နှစ်မှာ နင်က ငါတို့လို အရိုးအိုကြီးတွေကို အစာငတ်ပြီး သေခိုင်းချင်နေတာလား"

အခန်း ၁၃၀ မောင်းထုတ်ခြင်း

ဤကိစ္စတွင် စူးယောင်ကွမ်းအနေဖြင့် ကျန်းကျောက်တိ၏ ဆုံးဖြတ်ချက်ကို လေးစားပေးခဲ့ပြီး ထိုအတိုင်း လိုက်နာပေးခဲ့သည်။

ဝေရှီနှင့် ကျန်းလောင်စန်းတို့က သူမကို အသက်ပေးကာ မွေးဖွားပေးခဲ့သည့် မိဘအရင်းများ ဖြစ်ကြသည်။ ကျန်းကျောက်တိ၏ သမီးတစ်ယောက်အနေဖြင့် စူးယောင်ကွမ်းက သူမ၏ဆုံးဖြတ်ချက်ကိုသာ အကြွင်းမဲ့ ထောက်ခံပေးနိုင်ပြီး သူမကိုယ်စား ဝင်ရောက်ဆုံးဖြတ်ပေး၍ မရနိုင်ချေ။

ကျန်းကျောက်တိက မူလက စိတ်မကောင်းဖြစ်ကာ တုံ့ဆိုင်းနေခဲ့သော်လည်း "သူဖုန်းစားတွေလိုမျိုး လာပြီး လှည့်စားနေတာလား" ဟူသော စကားစုက သူမ၏ခေါင်းပေါ်သို့ ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေကာ သူမ၏စိတ်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားခဲ့သည်။

"အမေတို့က မကြိုက်ဘူးဆိုရင်လည်း ကျွန်မ မပေးတော့ဘူး"

ကျန်းကျောက်တိက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"အမေတို့ ဆက်ပြီး သောင်းကျန်းချင်လည်း သောင်းကျန်းလို့ရတယ်၊ ဒါပေမဲ့ အပြင်မှာ ရဲမက်တွေ ရှိတယ်။ အမေတို့ ဆူဆူညံညံ လုပ်တာနဲ့ သူတို့က ချက်ချင်း လာဖမ်းပြီး ထောင်ထဲ ထည့်လိုက်လိမ့်မယ်။ အဲဒီထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ ရာဇဝတ်ကောင်တွေချည်းပဲ ရှိတာ။ တကယ်လို့ ရောဂါကူးစက်ခံရရင်တောင် ဘယ်သူမှ ပြုစုပေးမှာ မဟုတ်ဘူး။ အဲဒီလူတွေနဲ့အတူ အကျဥ်းချခံရရင် အမေတို့ သေဖို့ပဲ ရှိတော့မယ်"

ဟွာရှီက ကျန်းကျင့်ကျူံး၏အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေရာက တကယ့်ကို နိမိတ်မကောင်းဘူး။ ကျွန်မတို့ ရွာကို ခပ်မြန်မြန် ပြန်မှ ဖြစ်မယ်၊ မဟုတ်ရင် ကလေးကိုပါ ရောဂါကူးစက်သွားရင် ဘယ်လိုလုပ်ကြမလဲ"

"ပြောင်းဖူးမှုန့် ကျင်းငါးဆယ်နဲ့ ဆန်ကျင်းနှစ်ဆယ်ပေး၊ ဒါဆိုရင် ငါတို့ အခုချက်ချင်း ထွက်သွားမယ်"

ကျန်းကျင့်ကျူံးက ဝင်ပြောလိုက်သည်။

"ပြီးတော့ ငါတို့ကို ပြန်ပို့ဖို့ လှည်းတစ်စီးလည်း စီစဥ်ပေးရမယ်"

"ငါတို့မှာ ရှိတာ အားလုံးပေါင်းမှ ကျင်းငါးဆယ်ပဲ။ အဲဒါကို နင့်ဆီ ပေးလိုက်ရင် ငါတို့ ငတ်ပြတ်ကုန်မှာပေါ့။ ကျင်းနှစ်ဆယ်လို့ ပြောပြီးရင် တစ်ကျင်းတောင် ပိုမပေးနိုင်ဘူး"

ကျန်းကျောက်တိက ပြောပြောဆိုဆိုနှင့် အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

"အရာရှိအစ်ကိုကြီးတို့..."

"ကဲပါ... ကဲပါ... ကျင်းနှစ်ဆယ်ဆိုလည်း နှစ်ဆယ်ပေါ့"

ဝေရှီက ကျန်းကျောက်တိ၏စကားကို အမြန်ဖြတ်ပြောလိုက်သည်။

"ငါတို့ ဒီအထိ လာရတာ ရှီးချန်ပေါင်းများစွာ ကြာခဲ့တယ်။ အခု ထပ်ပြီး လမ်းလျှောက်ရဦးမယ်ဆိုရင် ငါတို့လို အရိုးအိုကြီးတွေ ကျိုးကြေကုန်တော့မှာပဲ။ နင် ငါတို့ကို ပြန်ပို့ပေးရမယ်"

"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

ဝမ်ဟွမ်ကျစ်က ဝင်ပြောလိုက်သည်။

"မဖြစ်ဘူး။ ရှင့်ရဲ့ ခန္ဓာကိုယ်က အားနည်းနေတာ။ တစ်ခါလောက် ရောဂါကူးစက်ခံရတာနဲ့ သာမန်လူတွေထက် ပိုပြီး ဖျားနာလွယ်လိမ့်မယ်"

ကျန်းယင်းတိက သဘောမတူပေ။

"သမီး လိုက်ပို့ပေးမယ်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"ဒီတစ်ခါတော့ နွားလှည်းမသုံးဘဲ မြင်းရထားလုံးပဲ သုံးမယ်။ သမီး အမြန်သွားပြီး ခပ်သွက်သွက် ပြန်လာခဲ့မယ်"

ကျန်းလောင်စန်းက စူးယောင်ကွမ်းအား တွက်ချက်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အကဲခတ်ကြည့်ရှုလိုက်ပြီး ပြောလာပြန်သည်။

"ယောင်ကွမ်း... မင်းက တစ်နေ့ထက်တစ်နေ့ ပိုပြီး လှလာတာပဲ။ အိမ်ထောင်မပြုရသေးဘူး မဟုတ်လား။ ငါ့မှာ တူတစ်ယောက် ရှိတယ်"

"အဖိုး... ကျွန်မ အိမ်ထောင်ပြုပြီးပါပြီ"

စူးယောင်ကွမ်းက ကျန်းလောင်စန်း၏စကားကို ဖြတ်ပြောလိုက်ပြီး သူမ၏အနားတွင်ရှိသော ကျန်းဖန်းတိနှင့် ကျန်းယင်းတိတို့ကို လှည့်ပြောလိုက်သည်။

"ဒုတိယဒေါ်လေနဲ့ တတိယဒေါ်လေး... ပြောင်းဖူးမှုန့် ကျင်းနှစ်ဆယ်နဲ့ ဆန်ငါးကျင်းလောက် ထုတ်ပိုးပေးလို့ ရမလားဟင်"

ကျန်းလောင်စန်းက မကျေမနပ် ဖြစ်သွားပြီး ဆူပူနေပြန်သည်။

"ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဘာလို့ အိမ်ထောင်ပြုလိုက်ရတာလဲ။ ဒီလောက် ကောင်းတဲ့ မိန်းကလေးကို ကောင်းမွန်တဲ့ မိသားစုတစ်ခုဆီ ရောက်အောင် ရှာမပေးတတ်ကြဘူးလား။ ဒီလို ကံကောင်းခြင်းမျိုးကို သူစိမ်းတွေလက်ထဲ အလဟဿ မရောက်စေသင့်ဘူး။ သူစိမ်းတွေ အကျိုးအမြတ်ရသွားမယ့်အစား မိသားစုထဲမှာ သိမ်းထားတာက ပိုကောင်းတယ်လေ"

ကျန်းကျောက်တိ၏ မျက်ဝန်းများထဲတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွားခဲ့သည်။

အကယ်၍ သူမအနေဖြင့် ခန္ဓာကိုယ်ထဲမှ သွေးသားများကို လဲလှယ်ပစ်ခွင့် ရှိမည်ဆိုပါက ထိုသူများနှင့် ပတ်သက်သမျှ အဆက်အသွယ်အားလုံးကို ချက်ချင်း ဖြတ်တောက် ပစ်ချင်နေမိသည်။

ဟွာရှီကတော့ စူးယောင်ကွမ်း ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်နေပြီး သူမ၏မျက်ဝန်းများထဲတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်လာခဲ့သည်။

"ယောင်ကွမ်း... နင်တို့မှာ ကောက်ပဲသီးနှံ သိပ်မရှိဘူးဆိုရင်တောင် အဝတ်အစားကတော့ ရှားပါးမှာ မဟုတ်ဘူးနော်။ ကြည့်စမ်း... ငါတို့ အဝတ်အစားတွေဆိုလည်း စုတ်ပြတ်နေတာပဲ၊ နင်က လူကြီးမိဘတွေအတွက် အဝတ်အစားအသစ်လေး အနည်းငယ် ဝယ်ပေးဖို့ စိတ်မကူးဘူးလား"

"အဒေါ်... ကျွန်မတို့မှာ ဆိုင်လခပေးဖို့တောင် ပိုက်ဆံမရှိတော့ဘူး။ ဒီအခက်အခဲကို ကျော်လွန်နိုင်အောင် အဒေါ်တို့ကပဲ ပိုက်ဆံခဏလောက် ချေးပေးလေ။ ကျွန်မတို့ အရောင်းအဝယ် ပြန်အဆင်ပြေသွားရင် အဒေါ်တို့အတွက် အဝတ်အစားတွေ ဝယ်ပေးပါ့မယ်... ဟုတ်ပြီလား"

"ကပ်စေးနှဲမ"

ဟွာရှီက နှုတ်ခမ်းကို မဲ့လိုက်ရင်း ပြောလိုက်ပြန်သည်။

"ဒီလောက် ဆိုင်အကြီးကြီး ဖွင့်ထားပြီး ပိုက်ဆံမရှိဘူးလို့ ပြောရဲတယ်ပေါ့။ ဘယ်သူက ယုံမှာလဲ"

"ဒီဆိုင်ကြီးက ကျွန်မတို့ဆိုင် မဟုတ်ပါဘူး။ ကျွန်မတို့ ကံဆိုးချင်တော့ အရောင်းအဝယ် စလုပ်ခါစမှာပဲ သဘာဝဘေးနဲ့ တိုးခဲ့တာလေ။ အဒေါ်တို့လည်း မြင်နေတာပဲ... ကျွန်မတို့ဆိုင်မှာ လူနာတွေကလွဲရင် တခြားဘာအရောင်းအဝယ်မှ မရှိဘူး"

စူးယောင်ကွမ်းက သူတို့ကို ရွာအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် သူတို့က မေးခွန်းပေါင်းစုံ တတွတ်တွတ် မေးမြန်းနေကြသော်လည်း စူးယောင်ကွမ်းကတော့ မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူမက မြင်းကိုသာ ခပ်သွက်သွက် မောင်းနှင်နေခဲ့ပြီး ပုံမှန်ဆိုလျှင် ရှီးချန်တစ်ဝက်ခန့် သွားရမည့် ခရီးက အနည်းဆုံး ကြာချိန်ထက်ဝက်ခန့် လျော့နည်းသွားခဲ့သည်။ သူမ သူတို့ကို ရွာထဲသို့ ပို့ဆောင်ပေးသည့်အခါ ရွာသားများက ဆူညံသံကြောင့် အခြေအနေကို ထွက်ကြည့်ကြသည်။ စူးယောင်ကွမ်းက ပြောင်းဖူးမှုန့် ကျင်းနှစ်ဆယ်နှင့် ဆန်ငါးကျင်းကို ရထားလုံးပေါ်မှ ချပေးပြီးနောက် ရထားလုံးကို ချက်ချင်း ပြန်လှည့်ကာ မောင်းထွက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။

"ကျန်းလောင်စန်း... စောစောက နင်တို့ကို ပြန်ပို့ပေးပြီး ရိက္ခာတွေ အများကြီး ပေးသွားတာ ဘယ်သူလဲ"

"ငါ့မြေးမလေးလေ"

ကျန်းလောင်စန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ အကြီးဆုံးသမီးနဲ့ မြေးမလေးက မြို့ပေါ်မှာ ဆိုင်အကြီးကြီး ဖွင့်ထားတာ၊ သူတို့က တကယ့်သူဌေးတွေပဲ။ ဒီတစ်ခါဆိုရင် မြင်းရထားလုံးနဲ့တောင် ငါတို့ကို လာပို့ပေးသေးတယ်"

"ဒါဆို မင်းတို့ ဘာလို့ ပြန်လာကြတာလဲ။ မြို့ပေါ်မှာ သွားပြီး စည်းစိမ်မခံကြဘူးလား"

ရွာသားတစ်ဦးက မချိတင်ကဲ လေသံဖြင့် မေးမြန်းလိုက်သည်။

ကျန်းလောင်စန်းက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

"ကိုယ့်အိမ်ကိုယ်ယာလောက် ဘယ်နေရာက ကောင်းမှာလဲ။ ငါ့မှာ သားတွေ၊ မြေးတွေ ရှိတာပဲ၊ ဘာလို့ တခြားမိသားစုနဲ့ သွားနေရမှာလဲ။ ငါ့သမီးတွေက အိမ်ကို ပစ္စည်းတွေ သယ်လာပေးဖို့ပဲ လိုတာ၊ တခြားအရာတွေအတွက်တော့ သူတို့ကို အားကိုးဖို့ မလိုဘူး"

"ကျွန်မထင်တာတော့ သူက မြို့ပေါ်မှာ မနေချင်တာ မဟုတ်ဘဲ သူ့သမီးက ပေးမနေတာ ထင်တယ်။ ကျန်းကျောက်တိက အလျော့ပေးမယ့်လူမျိုး မဟုတ်ဘူးလေ။ သူတို့က သွားပြီး အမြတ်ထုတ်ဖို့ ကြံပေမယ့် သူသမီးက အခွင့်အရေးမပေးတာ ဖြစ်မှာပေါ့"

"လျှောက်မပြောနဲ့။ ငါ့သမီးတွေက ငါပြောသမျှ အကုန်နားထောင်တယ်၊ ငါ ဘာခိုင်းခိုင်း လုပ်ကြတာ"

"ပေါင်ရှန်းအဖေ... ကလေးက ဗိုက်ဆာနေပြီ၊ အထဲဝင်ပြီး စားစရာတစ်ခုခု လုပ်ရအောင်"

ဟွာရှီက မြေပြင်ပေါ်ရှိ ပြောင်းဖူးမှုန့်နှင့် ဆန်များကို ကြည့်ရင်း တံတွေးကို အသာမျိုချလိုက်သည်။

"ငါ့အထင်တော့ ကလေး မဟုတ်ဘဲ နင်က ပိုပြီး အစားမက်နေတာ။ တစ်နေ့ကုန် ဘာအလုပ်မှ မလုပ်ဘဲ အလကားနေ အလကားစားပြီး ပျင်းနေတာပဲ၊ ဘာလို့ နင်ပြီး မသေတာလဲ မသိဘူး"

ဝေရှီက တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း ဘေးနားရှိ ကျန်းကျင့်ကျူံးဘက်သို့ လှည့်ပြောလိုက်သည်။

"မြန်မြန်... အဲဒီပစ္စည်းတွေကို အိမ်ထဲ သယ်သွားစမ်း၊ ငါတို့မှာ စားစရာတွေ ရှိနေတာကို တစ်ရွာလုံး သိစေချင်လို့လား"

ရွာသားများက သူတို့ဘာသာ လယ်စိုက်ကြသူများဖြစ်ပြီး မိသားစုအများစုတွင် ပိုလျှံနေသည့် ရိက္ခာများ ရှိကြသော်လည်း ယခုတစ်ကြိမ် သဘာဝဘေးက အချိန်အတော်ကြာ တည်ရှိနေနိုင်သဖြင့် အားလုံးက ချို့ခြံချွေတာကာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရမည် ဖြစ်သည်။

စူးယောင်ကွမ်းက ကျန်းလောင်စန်းနှင့် တခြားသူများကို လိုက်ပို့ပေးခဲ့ပြီး ရထားလုံးကို မောင်းကာ ပြန်လာခဲ့သည်။ သူမ ပင်မလမ်းမကြီးကို ဖြတ်သန်းစဉ် လူအချို့က ရထားလုံးကို တားဆီးရန် ပြင်နေကြသည်ကို မြင်လိုက်ရသဖြင့် မြင်းကို နှင်တံဖြင့် ရိုက်ကာ ကွေ့ရှောင်ပြီး သူတို့အနားမှ ဖြတ်ကျော်မောင်းနှင်လာခဲ့သည်။

'ဒီလို အခြေအနေမျိုးမှာ ငါ လုံးဝ သနားလို့ မဖြစ်ဘူး၊ လမ်းဘေးက လမ်းလျှောက်နေတဲ့သူတွေကို ဘယ်လိုမှ လှည်းပေါ် တင်ခေါ်သွားလို့ မရဘူး'

သူမ ထိုလူများကို ကျော်ဖြတ်ပြီး အပြင်းမောင်းနှင်သွားစဉ် နောက်ဘက်မှ ဝေဝါးသော ကျိန်ဆဲသံများကို ကြားလိုက်ရသဖြင့် ဒုက္ခများအတွင်းမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီမှန်း နားလည်လိုက်သည်။

စူးယောင်ကွမ်းတစ်ယောက် မမှောင်ခင်မှာပင် မြို့ထဲသို့ ပြန်ရောက်လာခဲ့သည်။

မြို့တံခါးအတွင်းသို့ ရောက်ရှိသွားပြီးနောက်တွင်မှ သူမ စိတ်အေးသွားကာ လှည်းကို အလောတကြီး မမောင်းတော့ပေ။

သို့သော် သူမ လမ်းကြားတစ်ခုကို ဖြတ်သန်းနေစဉ် အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွားနှင့် အမျိုးသားအချို့က မျက်နှာဖုံးဦးထုပ် ဆောင်းထားသော သွယ်လျသည့် အမျိုးသားတစ်ဦးအား ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရသည်။ သူမ ထိုပုံရိပ်ကို မှတ်မိနေပြီး ထိုသူက တခြားသူမဟုတ်ဘဲ သခင်လေးဇီကျန့် ဖြစ်နေလေသည်။

သူမက ရထားလုံးကို ထိုနေရာသို့ မောင်းနှင်သွားရင်း အော်မေးလိုက်သည်။

"နင်တို့ ဘာလုပ်နေကြတာလဲ"

ထိုအမျိုးသားများက စူးယောင်ကွမ်းကို မြင်သွားကြပြီး ရထားလုံးကို မျက်တောင်မခတ် စိုက်ကြည့်လာကြကာ သူတို့၏ မျက်ဝန်းများထဲတွင် လောဘရိပ်များ ထင်ဟပ်သွားသည်။

ဤကဲ့သို့ ကမောက်ကမဖြစ်နေသော အခြေအနေမျိုးတွင် သနားစရာကောင်းသော ဒုက္ခသည်များစွာ ရှိသလို သူခိုးဓားပြများလည်း ပေါများလာခဲ့သည်။

"ဒီမိန်းကလေးက တခြားလူကိစ္စကို ဝင်ပါချင်နေတာပဲ။ ကောင်းပြီလေ... ငါတို့ နင့်ကိုပါ တစ်ခါတည်း သိမ်းပိုက်လိုက်မယ်"

ထိုအမျိုးသားများက စူးယောင်ကွမ်းထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာကြသည်။

စူးယောင်ကွမ်းက အနောက်ဘက်ရှိ သခင်လေးဇီကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ အတော်အတန် ဘေးကင်းသော နေရာတွင် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူ့ကို ဂရုမစိုက်တော့ဘဲ ထိုလူထွားကြီးများနှင့် စတင်တိုက်ခိုက်တော့သည်။

သူမ၏ လက်သီးတစ်ချက်ကပင် ထိုလူများအနက် တစ်ဦး၏ ခေါင်းကို လွင့်ထွက်သွားစေမတတ် ပြင်းထန်နေခဲ့သည်။

လူထွားကြီးတစ်ယောက် လေထဲသို့ လွင့်စင်သွားသည်ကို မြင်ရသဖြင့် အားလုံးက မှင်တက်ကာ စိုက်ကြည့်နေကြသည်။

သူတို့ ခဏတာ ကြောင်အမ်းသွားသည့်အချိန်မှာပင် တိုက်ပွဲက ပြီးဆုံးသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် စူးယောင်ကွမ်း၏ လက်သီးက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ထပ်မံရောက်ရှိလာသောကြောင့်ပင်။

သွက်လက်မြန်ဆန်သော လှုပ်ရှားမှုအနည်းငယ်အပြီးတွင် စူးယောင်ကွမ်းက အမျိုးသားလေးဦးစလုံးကို မြေပြင်ပေါ်သို့ လဲကျသွားအောင် နှိမ်နင်းလိုက်နိုင်ခဲ့သည်။ သူမက ထောင့်စွန်းတွင် ရပ်နေသော သခင်လေး ဇီကျန့်ဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ရှင် ဘာမှမဖြစ်ဘူးမလား"

သခင်လေးဇီကျန့်က စူးယောင်ကွမ်းအား ဦးညွှတ်ရင်း ပြန်ဖြေလာသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး။ ငါ နောင်တစ်နေ့ကျမှ မိန်းကလေးဆီ လာပြီး ကျေးဇူးဆပ်ပါ့မယ်။ ဒီနေ့တော့ ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ အခုပဲ နှုတ်ဆက်ရပါတော့မယ်"

"ခဏစောင့်ပါဦး..."

စူးယောင်ကွမ်းက သူ့ကို နောက်မှ လှမ်းခေါ်လိုက်သည်။

"ရှင် ဘယ်သွားမလို့လဲ၊ ကျွန်မ လိုက်ပို့ပေးမယ်လေ"

သခင်လေးဇီကျန့်က ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး ခဏမျှ ဝေခွဲမရဖြစ်နေကာ နောက်ဆုံးတွင်မှ ပြန်ပြောလာခဲ့သည်။

"ငါ ကျိုဟွာလမ်းကြားကို သွားမလို့ပါ၊ အရှေ့နားတင်ဆိုတော့ အရမ်း နီးပါတယ်"

"လမ်းကြုံသားပဲ၊ ကျွန်မ လိုက်ပို့ပေးမယ်၊ ရထားလုံးပေါ်တက်လေ"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်သည်။

All Chapters