အခန် (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း ၁၃၁ ဤအရာအတွက် နှစ်သက်မှု
သခင်လေးဇီကျန့်က ရထားလုံး၏ ထောင့်စွန်းတွင် ထိုင်နေပြီး သူ့ဘေးတွင် ဆူးတစ်ခုရှိနေကဲ့သို့ သဘောထားကာ အဝေးဆုံး၌ ခပ်ကုတ်ကုတ်လေး ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် စူးယောင်ကွမ်းတစ်ယောက် အပြုံးဖြင့် ခေါင်းရမ်းနေမိသည်။
'ဒီလူက တကယ့်ကို ရှေးရိုးစွဲ ပညာရှင်အိုကြီးပဲ၊ မိန်းကလေးတစ်ယောက်နဲ့ ရထားလုံး အတူစီးရတာကိုတောင် ဒီလောက်အထိ အိန္ဒြေသိက္ခာစောင့်ထိန်းနေတာလား။ ထားပါတော့လေ... သူ့ကို ထပ်ပြီး မခြောက်လှန့်တော့ပါဘူး၊ သူ့နေရာကို ပို့ပေးပြီးရင် ငါ ထွက်သွားလိုက်မယ်'
"မကြောက်ပါနဲ့၊ ကျွန်မက လူဆိုးမဟုတ်ပါဘူး"
စူးယောင်ကွမ်းက သူ စိတ်သက်သာရာရစေရန် ထပ်ပြောလိုက်သည်။
"ရှင် ဇီသာတီးခတ်တာကို ကျွန်မ အရင်က ကြားဖူးတယ်၊ ရှင့်ရဲ့ ဂီတသံက အရမ်းသာယာတယ်။ ရှင် ဇီသာတီးသင်နေတာ ဘယ်လောက်ကြာပြီလဲ"
သခင်လေးဇီကျန့်၏ မျက်နှာဖုံးအောက်မှ ကျိုးဝမ်ရှူက သူမကို တစ်ချက်လှမ်းကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ငါ ငယ်ငယ်ကတည်းက သင်ခဲ့တာ၊ ဆယ်နှစ်လောက် ရှိပြီ"
"ဒါဆို ရှင်က တော်တော်လေး ငယ်ဦးမှာပေါ့"
စူးယောင်ကွမ်းက သူ့ကို စူးစမ်းလိုသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
သူမ လှပသော မျက်ဝန်းတစ်စုံကို မှုန်ဝါးဝါး မြင်လိုက်ရပြီး ထိုမျက်လုံးပုံသဏ္ဌာန်ကို တစ်နေရာရာ၌ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော် သူမ သေသေချာချာ မမြင်ရသေးခင်မှာပင် သူက သူ့မျက်နှာကို တစ်ဖက်သို့ လွှဲသွားပြီး သူမ၏ အကြည့်ကို ရှောင်ဖယ်သွားခဲ့သည်။
စူးယောင်ကွမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူက တကယ့်ကို အရှက်သည်းတာပဲ"
'ကြည့်ရတာ သူက ငါ့ထက်တောင် မိန်းမပိုဆန်နေသေးတယ်'
ထိုအချိန်တွင် မြင်းက ရုတ်တရက် ဟီလိုက်ပြီး ရှေ့ခြေနှစ်ဖက်ကို မြှောက်လိုက်သဖြင့် ရထားလုံးက အပြင်းအထန် လှုပ်ခါသွားခဲ့သည်။ ရထားလုံးပေါ်ရှိ ပန်းအိုးတစ်လုံးက လွင့်စင်ကျလာပြီး စူးယောင်ကွမ်းအား ထိမှန်တော့မည့်ဆဲဆဲတွင် ကျိုးဝမ်ရှူက ရှေ့သို့ အမြန်ပြေးဝင်ကာ သူမ၏ကိုယ်ပေါ်မှ အုပ်မိုးကာကွယ်ပေးလိုက်သည်။
“ဒုန်း”
ပန်းအိုးက ကျိုးဝမ်ရှူ၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။
စူးယောင်ကွမ်းကတော့ သူမရှေ့ရှိ သခင်လေးဇီကျန့်ကို အံ့အားသင့်စွာ ငေးကြည့်နေလေ၏။
"ရှင် ဘာမှမဖြစ်ဘူးမလား"
"ရထားလုံးက..."
ကျိုးဝမ်ရှူက အက်ရှရှအသံဖြင့် မေးလိုက်သည်။
မြင်းက လန့်ဖျန့်သွားပြီးနောက် စူးစူးဝါးဝါး အော်ဟစ်ကာ ရူးသွပ်နေဟန်ဖြင့် အရှိန်ပြင်းပြင်း ပြေးလွှားနေချေပြီ။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အမြန်တွန်းဖယ်လိုက်ပြီး ဇက်ကြိုးကို ဖမ်းဆွဲရန် ထရပ်လိုက်သည်။
သို့သော် မြင်းက အရှိန်ဖြင့် ပြေးနေပြီး ဇက်ကြိုးက ဘယ်ညာရမ်းခါနေသောကြောင့် သူမ ဖမ်းမမိနိုင်ဖြစ်နေခဲ့သည်။
စူးယောင်ကွမ်းက မြင်းကျောပေါ်သို့ အားပြုခုန်တက်ကာ မြင်းလည်ပင်းကို ဖက်ထားရင်း မြင်းကြီး ငြိမ်သက်သွားစေရန် အသာအယာ ပွတ်သပ်ပေးလိုက်သည်။
မြင်း၏ စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်သွားသောအခါမှသာ သူမက ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ပြန်ဆွဲကိုင်လိုက်သည်။
"ဟူး..."
နောက်ဆုံးတွင် စူးယောင်ကွမ်းတစ်ယောက် ရထားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူမ သခင်လေးဇီကျန့်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ သူ့ကျောပြင်ကို ပြန်စမ်းသပ်နေသည်အား မြင်လိုက်ရသည်။ ရထားလုံးကို ရပ်တန့်ပြီးနောက် သူမ သူ့အနားသို့ တိုးကပ်ကာ စစ်ဆေးကြည့်လိုက်ချိန်တွင်တော့ သူ၏လက်ပေါ်တွင် သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။
"ရှင့်မှာ သွေးတွေထွက်နေပြီ၊ ကျွန်မ ရှင့်ကို အခုပဲ အိမ်ပြန်ခေါ်သွားပေးမယ်။ ကျွန်မတို့ အိမ်မှာ တော်တော်လေးတော်တဲ့ ဆေးဆရာတစ်ယောက် ရှိတယ်၊ သူက ရှင့်ဒဏ်ရာကို သေသေချာချာ ပတ်တီးစီးပေးနိုင်လိမ့်မယ်"
စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် ရထားလုံးကို သူမ၏အိမ်ဘက်သို့ ဦးတည်မောင်းနှင်လိုက်သည်။
သို့သော်လည်း သူမ သတိမထားမိခင်မှာပင် ဒဏ်ရာရထားသော သခင်လေးဇီကျန့်က ရထားလုံးပေါ်မှ ခိုးကြောင်ခိုးဝှက် ခုန်ချသွားခဲ့သည်။
သူ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် ရထားလုံးက အတော်လှမ်းလှမ်းသို့ ရောက်သွားသည့်တိုင် စူးယောင်ကွမ်းတစ်ယောက် သူ ပျောက်ဆုံးသွားသည်ကို ရိပ်မိခြင်း မရှိခဲ့ချေ။
"ရောက်ပြီ..."
စူးယောင်ကွမ်း ရထားလုံးကို ရပ်လိုက်ပြီး နောက်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ ရထားလုံးအတွင်း၌ မည်သူမျှ မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားရသည်။
သူမ ကန့်လန့်ကာကို မတင်ကြည့်လိုက်သော်လည်း အထဲတွင် လူမရှိတော့ချေ။
သူမ သူ့ကို လိုက်ရှာရန် ရထားလုံးကို ထိုလမ်းအတိုင်း ပြန်လှည့်မောင်းလာခဲ့သော်လည်း လမ်းမကြီး၏ ဝဲယာရှိ အိမ်အမိုးအောက်များတွင် လှဲလျောင်းမှီခိုနေကြသည့် အသက်အရွယ်စုံ၊ ကျားမစုံ ဒုက္ခသည်များကိုသာ မြင်တွေ့ခဲ့ရသည်။ ထိုမျှ များပြားလှသော လူအုပ်ကြီးကြားထဲတွင် သခင်လေးဇီကျန့်၏ အရိပ်အယောင်ကို သူမ လုံးဝ မရှာနိုင်တော့ချေ။
"သူ ပြုတ်ကျသွားတာဆိုရင် အော်ဟစ်အကူအညီတောင်းမှာ သေချာတယ်၊ ဒါပေမဲ့ ငါ ဘာအသံမှ မကြားရဘူး။ ဒါက အဓိပ္ပာယ်တစ်ခုပဲ ရှိတယ်... သူ သူ့ဘာသာသူ ထွက်သွားတာပဲ"
စူးယောင်ကွမ်းက သူမဘာသာ တိုးတိုးလေး ရေရွတ်နေပြန်သည်။
"သူက ငါ့ကို တွေ့ရမှာ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ။ သူက ရုပ်ဆိုးလို့များလား။ ရုပ်ဆိုးတယ်ဆိုရင်တောင် ငါ့အမြင်ကို ဒီလောက်အထိ ဂရုစိုက်နေစရာ မလိုပါဘူးလေ။ ဒါမှမဟုတ် သူက လူစိမ်းတွေကို အထူးတလည် ကြောက်တတ်လို့လား"
ဤအချက်ကသာ တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်ပေလိမ့်မည်။ သူမ မစဥ်းစားနိုင်တော့သောကြောင့် စူးယောင်ကွမ်းလည်း ထောင်ယောင်ဖန့်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် မျက်နှာချင်းဆိုင်ရှိ ဖုန်းဟွာကော့မှ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာပြီး ကျုံးလန်ဟွာက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးနောက်သို့ အသားခုတ်ဓားတစ်လက်ဖြင့် လိုက်ခုတ်နေသည်ကို မြင်လိုက်ရသည်။ ကျုံးလန်ဟွာက ဓားကို ဝှေ့ယမ်းလိုက်ရာ ထိုအမျိုးသားက အလွန်ထိတ်လန့်နေဟန်ဖြင့် ခြေဦးတည့်ရာသို့ ကယောင်ကတမ်း ထွက်ပြေးသွားသည်။
"ဟက်... အရှက်မရှိတဲ့ လူယုတ်မာ၊ နင်က ငါ့ပစ္စည်းတွေကိုတောင် လက်ရဲဇက်ရဲ လာထိရဲတယ်ပေါ့လေ။ အခုတလော ဆန်နဲ့ ဂျုံတွေ ဘာလို့ ဒီလောက်အမြန် ကုန်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ တကယ်တော့ ဒီကျိန်စာသင့်နေတဲ့ သူခိုးကြောင့်ပဲ။ နင် နောက်တစ်ခါ ထပ်ခိုးရဲရင် ငါ နင့်လက်ကို ဖြတ်ပစ်မယ်။ နင် ငါ့ကို အာဏာပိုင်တွေဆီ သွားတိုင်ရင်တောင် ငါကတော့ အပြစ်ကင်းတယ်"
စူးယောင်ကွမ်းက ရထားလုံးကို ထောင်ယောင်ဖန့်ထဲသို့ တိုက်ရိုက် မောင်းဝင်လာခဲ့သည်။
စောစောက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက ဤနေရာတွင် နေထိုင်သည့်ဒေသခံတစ်ဦး ဖြစ်ပြီး သူမ မကြာခဏ မြင်တွေ့ဖူးသူ ဖြစ်သည်။ သူက ယခင်ကထက် ပိုပိန်ချုံးချည်သွားပုံရသည်။ ယခုကာလတွင် လူတိုင်းက ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေကြရပုံပေါ်ပြီး အထူးသဖြင့် ထိုလူများကဲ့သို့သော သာမန်လူတန်းစားများအတွက် ပိုဆိုးရွားနေလေသည်။
"ပြန်ရောက်ပြီလား"
ကျန်းကျောက်တိက ငေးငိုင်နေသော စူးယောင်ကွမ်း၏ မျက်နှာရှေ့၌ လက်ကို ဝှေ့ယမ်းရင်း မေးမြန်းလိုက်သည်။
"ဘာတွေ တွေးနေတာလဲ"
"သမီး အခုလေးတင် ပြန်လာတယ်။ မျက်နှာချင်းဆိုင်က ဖုန်းဟွာကော့ထဲကို ဆန်နဲ့ ဂျုံတွေ ခိုးဖို့ လူတစ်ယောက် ခိုးဝင်သွားတာ မြင်ခဲ့တယ်၊ အဲ့ဒါ သမီးတို့ လမ်းထဲက လူပဲ။ အမေ... သမီးတို့လည်း အိမ်ကို စောင့်ရှောက်ဖို့ လူအချို့လောက် ငှားသင့်တယ် မဟုတ်ဘူးလား"
"ငါ အရာရှိချန်ကို အိမ်စောင့်ပေးဖို့ ရဲမက်တချို့ စီစဥ်ပေးဖို့ ပြောထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် ဆေးဖက်ဝင်အပင်တွေ အများကြီး ရှိနေသေးတယ်လေ"
"အမေက တကယ်ကို တော်တာပဲ။ သမီးတို့အတွက် အိမ်စောင့်ပေးဖို့ ရဲမက်တွေကိုတောင် အသုံးချနိုင်တယ်ဆိုတော့ လူငှားခ သက်သာသွားတာပေါ့။ ချင်းက ရင့်လေ စပ်လေပဲ၊ အမေက တကယ့်ကို ပါးနပ်တယ်"
"ဒါပေါ့..."
ကျန်းကျောက်တိက ဂုဏ်ယူဝင့်ကြွားနေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဒါနဲ့... နင် ဝမ်ရှူကို ပြုစုဖို့ စာသင်ကျောင်းကို ပြန်သွားဦးမှာလား။ ချွန်းနီက အရသာရှိတဲ့ အစားအစာတချို့ ချက်ပြုတ်ထားတယ်၊ သူ့ကျန်းမာရေး ပြန်ကောင်းလာအောင် အဲ့ဒါလေးတွေ ယူသွားပေးလိုက်ဦး"
"ဒီညတော့ သမီး ညစာ ချက်စရာ မလိုတော့ဘူးပေါ့၊ အလုပ်အတော်လေး သက်သာသွားတာပဲ"
စူးယောင်ကွမ်းက ထပ်ပြောနေသေးသည်။
"ကျောင်းမှာ တစ်နေ့လုံး နေရတာ ပျင်းစရာကောင်းလွန်းတယ်၊ ဒါပေမဲ့ မနေ့က ဆရာက တခြားဖျားနာနေတဲ့ ကျောင်းသားတွေကိုပါ ကူညီပြုစုပေးဖို့ သမီးကို အတင်းအကျပ် တောင်းဆိုလာတယ်။ သမီးကတော့ ကိုယ့်အတွက် ဒုက္ခအများကြီး ဖန်တီးပြီး အလုပ်ရှုပ်ခံမယ့်အစား ဒီအတိုင်း ပျင်းပျင်းရိရိပဲ နေလိုက်ချင်တော့တယ်"
"ငါ့သမီးက အစေခံလည်း မဟုတ်ဘူး၊ ဘာလို့ သူတို့ကို ကူညီပြုစုပေးရမှာလဲ။ ပိုက်ဆံပေးရင်တောင် ဒါမျိုးတွေ မလုပ်ပေးသင့်ဘူး။ စာသင်ကျောင်းဘက်ကသာ ပိုက်ဆံပေးမယ်ဆိုရင် ပြုစုပေးမယ့်သူ ဘယ်နှစ်ယောက်မဆို ငှားလို့ ရနိုင်တာပဲ။ အမှန်အတိုင်း ပြောရရင်တော့ သူတို့က အလကားလုပ်အားကို အသုံးချချင်နေတာပဲ"
ကျန်းကျောက်တိက သူမ၏ အတွေးကိုပါ ဆက်ပြောနေသေးသည်။
"ဒါနဲ့... ဝမ်ရှူကို ပြုစုဖို့ အိမ်ပြန်ခေါ်လာရင် မကောင်းဘူးလား"
"သမီးလည်း စဥ်းစားမိသားပဲ၊ ဒါပေမဲ့ စာသင်ကျောင်းဘက်က တခြားသူတွေကို ရောဂါကူးစက်မှာ စိုးရိမ်တယ်ဆိုပြီး သဘောမတူကြဘူး"
စူးယောင်ကွမ်းက ညည်းညူပြောဆိုပြီးနောက် ကျန်းကျောက်တိကို နှုတ်ဆက်ကာ ချွန်းနီချက်ပြုတ်ထားသည့် အစားအစာများနှင့် မုန့်များကို သယ်ဆောင်လျက် စာသင်ကျောင်းသို့ အမြန်ပြန်လာခဲ့သည်။
သူမ အထဲသို့ လှမ်းဝင်လိုက်သည်နှင့် စာသင်ကျောင်းအတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။ ဒုက္ခသည်များက ဖျားနာနေသည့် ကျောင်းသားအချို့ကို ဝိုင်းဝန်းရိုက်နှက်နေကြပြီး ထိုအထဲတွင် သူမ သိကျွမ်းသည့် ကံဆိုးသူ ရှောင်းယန်ချီလည်း ပါဝင်နေသည်။
အကယ်၍ ရှောင်းယန်ချီ တစ်ယောက်တည်းသာ ဆိုပါက သူမ ဖရဲစေ့ ဝါးရင်း ထိုင်ကြည့်နေမိမည် ဖြစ်သော်လည်း ရှောင်းယန်ချီအပြင် သူမ ကောင်းကောင်းမှတ်မိနေသည့် တခြားကျောင်းသားအချို့လည်း ရှိနေသေးသည်။
သူမ ရှေ့သို့ အမြန်တိုးဝင်ကာ တားဆီးလိုက်ပြီး ထိုဒုက္ခသည်များကို မောင်းထုတ်ပစ်လိုက်သည်။
ဒုက္ခသည်များက အထုပ်အပိုး အကြီးအငယ်များကို သယ်ဆောင်ကာ ထွက်ပြေးသွားကြပြီး အရိုက်ခံရသည့် ကျောင်းသားများက ထိုသူများ ပြေးရာဘက်သို့ အော်ဟစ်နေကြသည်။
"ငါ့ရဲ့ ရိက္ခာတွေကို ပြန်ထားခဲ့စမ်း။ ပြန်ထားခဲ့။ အဲ့ဒါ ငါ့အတွက် လဝက်စာ ရိက္ခာတွေကွ..."
ရှောင်းယန်ချီကလည်း အားနည်းသောအသံဖြင့် ပြောနေရှာသည်။
"သူတို့ ငါ့ရဲ့ မင်ကျောက်တုံးကို ခိုးသွားကြတယ်။ အဲ့ဒီမင်ကျောက်တုံးက ငွေတစ်ဆယ်လျန်တောင် ပေးရတယ်"
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ကျောင်းအုပ်ကြီးနှင့် ဆရာများလည်း ပျာပျာသလဲ အပြေးရောက်လာကြပြီး ပရမ်းပတာ အဖြစ်အပျက်ကို ကြည့်ကာ တုန်လှုပ်သွားကြသည်။
"ကျောင်းအုပ်ကြီးနဲ့ ဆရာတို့... ကျွန်မလည်း ဘာဖြစ်နေမှန်း သေသေချာချာ မသိပါဘူး။ အပြင်ကနေ အခုလေးတင် ပြန်လာတော့ ဒုက္ခသည်တချို့က သူတို့ပစ္စည်းတွေကို လုယက်နေတာ တွေ့လို့ပါ"
စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။
"ဆရာတို့ အချိန်မီ ရောက်လာတာ တော်သေးတာပေါ့၊ ဒါကို ဆက်ပြီး ဖြေရှင်းပေးကြပါဦး"
ရှောင်းယန်ချီက စူးယောင်ကွမ်း၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး မကျေမနပ်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် သူမကို ကြည့်ကာ မေးမြန်းနေပြန်သည်။
"မင်းက ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား"
"ကျွန်မ ကျောင်းအုပ်ကြီးကို အခြေအနေအားလုံး ရှင်းပြပြီးပြီလေ၊ ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး၊ ဒါကြောင့် ထွက်သွားဖို့ပဲ ရှိတော့တယ်"
စူးယောင်ကွမ်းက ရှောင်းယန်ချီ၏ ဖမ်းဆွဲမှုကို ရုန်းဖယ်လိုက်သည်။
ရှောင်းယန်ချီကတော့ စူးယောင်ကွမ်း ထွက်ခွာသွားသည့်ဘက်သို့ ဒေါသတကြီး စိုက်ကြည့်ကာ ကျန်ရစ်နေခဲ့သည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လှမ်းမေးလိုက်သည်။
"နင် စောစောက ဘယ်ရောက်နေတာလဲ"
"ကျွန်တော်အခန်းထဲမှာ အနားယူနေတာပါ"
ကျိုးဝမ်ရှူက ပြန်ဖြေပြီးမှ မေးခွန်းထုတ်နေပြန်သည်။
"ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ"
အခန်း ၁၃၂ နှစ်သက်ခြင်း
စူးယောင်ကွမ်းက ကျိုးဝမ်ရှူအနီးသို့ ပိုတိုးကပ်သွားလိုက်သည်။
သူမ၏ လှပသောမျက်နှာလေးကို ဤမျှအနီးကပ် မြင်လိုက်ရသဖြင့် ကျိုးဝမ်ရှူတစ်ယောက် စိတ်လှုပ်ရှားသွားကာ သူမ၏အကြည့်များကို ရှောင်လွှဲပြီး ထပ်မေးလိုက်သည်။
"ခင်ဗျား... ဘာလုပ်မလို့လဲ"
"နင့်မျက်နှာက ဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ"
စူးယောင်ကွမ်းက သူ့နဖူးကို စမ်းကြည့်လိုက်ရင်း ထပ်ပြောလိုက်သည်။
"ငါ မရှိတဲ့အချိန် တခြား ဘယ်နားကမဆို မသက်မသာ ဖြစ်နေသေးလား"
ကျိုးဝမ်ရှူက တိုးတိုးလေး ငြင်းဆန်လိုက်သည်။
"မဖြစ်ပါဘူး"
"မဟုတ်ဘူး... တစ်ခုခုတော့ မှားနေပြီ"
စူးယောင်ကွမ်းက စိုးရိမ်တကြီး ပြောနေလေသည်။
"ငါ နင့်ကို စမ်းသပ်ပေးဖို့ ကျင့်အာကို သွားခေါ်လိုက်ဦးမယ်"
ကျိုးဝမ်ရှူက သူမကို လှမ်းဆွဲလိုက်ရာ အားလွန်သွားသဖြင့် သူမ သူ့ပေါ်သို့ ငိုက်ကျလာခဲ့သည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တင်းကျပ်စွာ ဖက်မိသွားပြီး သူတို့၏မျက်ဝန်းချင်း ဆုံမိသွားကြကာ အပူလောင်သွားသည့်အလား ချက်ချင်း ပြန်ခွာလိုက်ကြသည်။
"ကျွန်တော် ဗိုက်ဆာလို့ပါ၊ ခင်ဗျား သွားတာ အရမ်းကြာနေပြီလေ... ကျွန်တော် ဘယ်လောက်တောင် ဗိုက်ဆာနေလဲဆိုတာ ခင်ဗျား သိလား"
ကျိုးဝမ်ရှူက ခပ်တင်းတင်း ပြောလိုက်သည်။
"ဒါဆိုရင်တော့ နင် ကံကောင်းတာပဲ၊ ငါ ချွန်းနီ ချက်ထားတဲ့ ဟင်းတွေနဲ့ မုန့်တွေ ယူလာတယ်၊ အကုန်လုံး နင်အကြိုက်တွေချည်းပဲ"
စူးယောင်ကွမ်းက ဘာကိုမှ မရိပ်မိဘဲ ပြန်ပြောလိုက်သည်။
သူ့ထံတွင် အဖျားလည်းမရှိသလို တခြားလက္ခဏာတွေလည်း မရှိသောကြောင့် သူ အမှန်တကယ် ဗိုက်ဆာနေခြင်းဖြစ်သည်ဟု သူမ သတ်မှတ်လိုက်သည်။
"စူးယောင်ကွမ်း... မင်းက ငါ့ရဲ့..."
သူတို့နှစ်ဦး သူ့ရှေ့တွင်ပင် တတွဲတွဲဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယန်ချီတစ်ယောက် စိတ်ထဲမှ ခံပြင်းလာကာ စိတ်လိုက်မာန်ပါဖြင့် ယခင်ဘဝမှ ပတ်သက်မှုများကို လွှတ်ခနဲ ပြောလိုက်မိလုနီးပါး ဖြစ်သွားရသည်။
ရှောင်းယန်ချီက စူးယောင်ကွမ်းကို လုံးဝ မချစ်သည်မှာ သေချာသည်။ သို့သော် သူ မချစ်သည့်တိုင်အောင် သူမက သူ၏ ဇနီးဟောင်း ဖြစ်ခဲ့ဖူးသည်။ သူက သူမကို စွန့်ပစ်နိုင်သော်လည်း တခြားယောက်ျားတစ်ဦးနှင့် ပလူးပလဲလုပ်နေသည်ကို မြင်ရသည်မှာ သူ့ခေါင်းပေါ်သို့ အစိမ်းရောင်ဦးထုပ် ဆောင်းပေးခံရသလိုမျိုး ခံစားရသဖြင့် သူ့ရင်ထဲတွင် အလွန်စိတ်မချမ်းမြေ့ဖြစ်နေရသည်။
စူးယောင်ကွမ်းကလည်း ရှောင်းယန်ချီတွင် ယခင်ဘဝ မှတ်ဉာဏ်များ ရှိနေသည်ကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သည်။ ယခင်က သူ့တွင် မှတ်ဉာဏ်ဟောင်းများ မရှိသောကြောင့် သူမ သူ့ကို ဂရုမစိုက်ချင်ခဲ့ပေ။ ယခု သူ့ထံတွင် မှတ်ဉာဏ် ရှိလာပြီဖြစ်သောကြောင့် အခြေအနေက ပိုစိတ်ဝင်စားဖို့ ကောင်းလာချေပြီ။
'သူ အော်ဟစ်ရဲပါ့မလား…'
'သူ အော်ရဲမှာ မဟုတ်ဘူး'
အကယ်၍ သူ မဆင်မခြင် စကားလုံးများ ပြောလိုက်မိလျှင် တခြားသူများက သူ့ကို ရူးနေသည် သို့မဟုတ် သရဲပူးနေသည်ဟု ထင်မြင်ကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ အနာဂတ် ရာထူးအာဏာလမ်းကြောင်းကိုပါ စတေးလိုက်ရမည်ဖြစ်သည်။
"သွားရအောင်"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ဤအခြေအနေကို မြင်လိုက်ရသဖြင့် ကျောင်းအုပ်ကြီးနှင့် ဆရာများလည်း ကျောင်းတော်၏ လုံခြုံရေးကို အလေးအနက်ထား စဉ်းစားရတော့သည်။
“ကျိုးဝမ်ရှူရဲ့ မိသားစုက မိန်းကလေး ပြောတာ မှန်တယ်၊ ငါတို့သာ လစာကောင်းကောင်းပေးပြီး ငှားရမ်းမယ်ဆိုရင် ဒီအရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်မယ့်သူ ရှိလာမှာပါ”
ဆရာဝမ်က ဆက်ပြောလိုက်သည်။
“ကျောင်းတော်ကို စောင့်ရှောက်ဖို့အတွက် ကျွမ်းကျင်တဲ့ အစောင့်အရှောက်တချို့ ငှားရမ်းမှ ဖြစ်တော့မယ်”
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က ကျားချွန်းနီ ပြင်ဆင်ပေးထားသော အစားအစာများကို စားသောက်ပြီးနောက် လက်ဖက်ရည်သောက်ရင်း စာအုပ်ကိုယ်စီ ဖတ်နေကြသည်။ ကျိုးဝမ်ရှူက ပညာရပ်ဆိုင်ရာ စာအုပ်များကို ဖတ်ရှုနေပြီး သူမကတော့ အပန်းဖြေ ပုံပြင်စာအုပ်များကို ဖတ်နေကာ အချင်းချင်း အနှောင့်အယှက် မပေးကြဘဲ သဟဇာတဖြစ်နေခဲ့ကြသည်။
"ဟား ဟား..."
စူးယောင်ကွမ်းက ပုံပြင်စာအုပ်ကို ဖတ်ရင်း အားရပါးရ ရယ်မောလိုက်သည်။ ကျိုးဝမ်ရှူ မော့ကြည့်လိုက်ချိန်တွင် စူးယောင်ကွမ်းတစ်ယောက် နူးညံ့သည့် ညောင်စောင်းပေါ်တွင် လှဲလျောင်းရင်း စာအုပ်ထဲသို့ အာရုံအပြည့်ရောက်နေသည်ကို မြင်လိုက်ရသည်။
သူ သူမအနီးသို့ သွားကာ ဘေးနားရှိ ဖယောင်းတိုင်ကို ရွှေ့ပေးပြီး ဖယောင်းတိုင်မီးစာကို သေသေချာချာ ညှိပေးလိုက်သည်။
အလင်းရောင် ပိုမိုလင်းထိန်လာသည်ကို သတိပြုမိသွားသဖြင့် စူးယောင်ကွမ်း လှည့်ကြည့်လိုက်ချိန်တွင် ကျိုးဝမ်ရှူတစ်ယောက် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုအရာကို တိတ်တဆိတ် လုပ်ဆောင်ပေးနေမှန်း နားလည်လိုက်ရသည်။
ထိုစဉ် အဝေးမှ သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံတစ်ချက် မျောလွင့်လာခဲ့သည်။
စူးယောင်ကွမ်း : "..."
ယခင်ဘဝတွင် စူးယောင်ကွမ်းက ရှောင်းယန်ချီ ပုလွေသံကို အလွန်နားထောင်ချင်ခဲ့သည်။ သူ့၏ ပုလွေသံက ဆန်းကြယ်ပြီး ဖော်ပြ၍ မရနိုင်သော ဆွဲဆောင်မှုမျိုး ရှိသည်ဟု သူမ အမြဲခံစားခဲ့ရဖူးသည်။
ရှောင်းယန်ချီကလည်း ဤအချက်ကို ကောင်းကောင်းသိထားခဲ့သည်။ တစ်ခါတရံ သူမ ဒေါသထွက်ပြီး သူ့ကို လျစ်လျှူရှုထားခဲ့လျှင် သူက သူ့ပုလွေကို ကောက်ကိုင်ပြီး တီးမှုတ်ပြတတ်သည်။ ထိုအချိန်တွင် သူမ၏စိတ်က ချက်ချင်း ပြန်ပျော့ပြောင်းသွားလေ့ရှိသည်။
'အခုက ဘာဖြစ်နေတာလဲ...'
"နားထောင်လို့ ကောင်းလား"
ကျိုးဝမ်ရှူက သူမ ထူးဆန်းသောအမူအရာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်နေသည်ကို သတိပြုမိသွားပြီး လှမ်းမေးလိုက်သည်။
စူးယောင်ကွမ်းက သူ့ကို လှည့်ကြည့်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟင့်အင်း... နားထောင်လို့ မကောင်းဘူး"
"ခင်ဗျား တကယ့်ကို စိတ်ဝင်တစား နားထောင်နေတာလေ... ကျွန်တော် ခေါ်နေတာကိုတောင် မကြားဘူး"
"နင် ဘာပြောလိုက်လို့လဲ"
စူးယောင်ကွမ်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကျွန်တော် ပြောချင်တာက..."
ကျိုးဝမ်ရှူက စူးယောင်ကွမ်းအနီးသို့ ပိုတိုးကပ်လာပြီး သူမ၏နား နား၌ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ညဉ့်နက်နေပြီ... ခင်ဗျား အနားယူသင့်ပြီ"
စူးယောင်ကွမ်း : "..."
'ဒီလောက် ရိုးရှင်းတဲ့စကားကို ဒီလောက်အထိ အနီးကပ် လာပြောဖို့ လိုလို့လား။ ပြီးတော့ ဒီလို လေသံအဆန်းကြီးနဲ့ ပြောဖို့ လိုလို့လား၊ ဒါကြီးက လူကို အတွေးများစေတယ်ဟဲ့'
'သူ တမင်တကာ လုပ်နေတာလား...'
'မဟုတ်လောက်ပါဘူး... သူက ကလေးပဲ ရှိသေးတာ၊ ဒီလောက်အထိ မကောင်းတဲ့ စိတ်ကူးတွေ ရှိမှာ မဟုတ်ဘူး'
"ဝမ်ရှူ... နင်နဲ့ ချန်ပုယွိက တော်တော်လေး ရင်းနှီးကြတယ်မလား"
စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။
"အဲလိုပဲ ပြောရမှာပေါ့... ခင်ဗျား သူ့ကို လိုက်ရှာနေတာလား"
ကျိုးဝမ်ရှူက ခုတင်ပေါ်သို့ ပြန်လှဲလိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က စူးယောင်ကွမ်းက ညောင်စောင်းပေါ်တွင် အိပ်စက်ခဲ့ပြီး ကျိုးဝမ်ရှူကတော့ ခုတင်ပေါ်တွင် အိပ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူက လူပမာတစ်ယောက် ဖြစ်နေသေးသည်။
"ငါ သခင်လေးဇီကျန့်အကြောင်း သူ့ကို မေးချင်လို့ပါ"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"သခင်လေးဇီကျန့်က သူတို့ရဲ့ ကပွဲခန်းမမှာ တေးဂီတ ဖျော်ဖြေပေးနေတာလေ၊ သူတို့တွေ ခဏခဏ တွေ့နေရမှာဆိုတော့ သခင်လေးဇီကျန့် ဘယ်မှာနေလဲဆိုတာ သူ သိလောက်တယ်မလား"
"ခင်ဗျားက သူ့အကြောင်းကို ဘာလို့ စုံစမ်းနေရတာလဲ"
ကျိုးဝမ်ရှူက သူမကို ကျောပေးထားရင်း ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
“ဒီနေ့ သူ ငါ့ကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားလို့ပါ၊ သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိချင်ရုံလောက်ပါပဲ”
စူးယောင်ကွမ်းက စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။
“သူ သွေးတွေအများကြီး ထွက်သွားတာ။ ဒဏ်ရာက ဘယ်လောက် နက်လဲတော့ ငါလည်း မသိခဲ့ရဘူး။ အဲဒီလို ရှက်တတ်တဲ့ ကောင်လေးမှာ အမာရွတ် ထင်ကျန်ရစ်ခဲ့ရင် သူ ငါ့ကို အပြစ်တင်နေမလား မသိဘူး”
“သူက အဘိုးကြီးတစ်ယောက် မဟုတ်ဘဲ ကောင်လေးတစ်ယောက်မှန်း ခင်ဗျား ဘယ်လိုသိလဲ”
“ငါ သူ့မျက်နှာကို မမြင်ရပေမယ့် သူ့မျက်လုံးတွေကို မြင်ခဲ့ရတယ်လေ၊ ဒီလောက် တောက်ပတဲ့ မျက်ဝန်းပိုင်ရှင်က ဘယ်လိုလုပ် အဘိုးကြီး ဖြစ်နိုင်မှာလဲ။ ဒါနဲ့... ငါ့ကို ကြည့်ရတာ လှည့်စားရလွယ်တဲ့ ပုံစံပေါက်နေလို့လား”
ကျိုးဝမ်ရှူ : “...ခင်ဗျားက အတော်ဆုံးပါ”
'သူမသာ ဒီထက်ပိုပြီး ပါးနပ်လာရင်... ငါ့မှာ ရှိသမျှအရာအားလုံး အလိမ်ခံရတော့မှာပဲ'
“မနက်ဖြန်ကျရင် ငါ ချန်ပုယွိကို သွားမေးကြည့်မယ်”
စူးယောင်ကွမ်းက သူမ၏ ဆုံးဖြတ်ချက်ကို ကြေငြာလိုက်သည်။
သူတို့၏ အေးချမ်းသော အိပ်စက်ခြင်းကို နှောင့်ယှက်နေသည့် ပုလွေသံကတော့ ဆက်လက် ထွက်ပေါ်နေဆဲပင်။ သို့သော် သူတို့နှစ်ယောက် တစ်ခုခု မလုပ်ဆောင်ရသေးမီမှာပင် အခြားသော ကျောင်းသားများက စိတ်မရှည် ဖြစ်လာကြသည်။
“မှုတ်နေ၊ မှုတ်နေလိုက်... မသိရင် ကျောင်းတော်ထဲမှာ နာရေးကိစ္စ ရှိနေသလိုပဲ။ အဲဒီလောက်တောင် နိမိတ်မရှိတဲ့ အလုပ်ကို မရပ်နိုင်တော့ဘူးလား”
ရှောင်းယန်ချီက ဒေါသတကြီးဖြင့် သူ၏ ကျောက်စိမ်းပုလွေကို ပြန်ချလိုက်သည်။
'ဒီဘဝက ဘာလို့ အရင်ဘဝနဲ့ မတူဘဲ ကွဲပြားနေရတာလဲ...'
‘ကျိုးဝမ်ရှူဆိုတာက မရှိသင့်တဲ့လူပဲ။ အခုလို အရာအားလုံး ပြောင်းလဲသွားရတာကလည်း ဒီကောင်ကြောင့်ပဲ ဖြစ်ရမယ်။’
ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ရှောင်းယန်ချီ၏ ကိုယ်အပူချိန် ပြန်တက်လာခဲ့ပြန်သည်။
"ယောင်ကွမ်း... ငါ့ကို ကယ်ပါဦး"
ယခုအချိန်တွင် သူ့အတွက် ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံ ကူညီပေးမည့် တစ်စုံတစ်ယောက် ရှိခဲ့လျှင် ထိုလူက စူးယောင်ကွမ်းသာ ဖြစ်မည်မှန်း သူ အသေအချာ သိနေခဲ့သည်။
သို့သော်လည်း ယခုဘဝတွင်တော့ သူမက ကျိုးဝမ်ရှူ၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရချေပြီ။
‘သူမက အရင် ဘဝလိုမျိုး ကျိုးဝမ်ရှူဆီမှာ ဆွဲဆောင်ခံရပြီး အဲ့လူနောက်ကိုပဲ လုံးဝ လိုက်နေတော့မှာလား’
......။.....။.....
နောက်တစ်နေ့တွင် ရုံးတော်မှ လူလွှတ်ကာ ဆေးဝါးများ လာရောက်ဖြန့်ဝေပေးခဲ့သည်။
နောက်ဆုံးတွင် ရုံးတော်က ကျန်းကျင့်၏ ဆေးညွှန်းကို အတည်ပြုပေးခဲ့ပြီး တစ်မြို့လုံးသို့ ဆေးဝါးများ ဖြန့်ဝေပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဤသို့လုပ်ဆောင်ခြင်းက ဆေးဘက်ဝင်ပစ္စည်းများ မလုံလောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ရုံးတော်က ဆေးဆိုင်ကြီးများအား ဆေးဝါးများ ပံ့ပိုးပေးရန် တောင်းဆိုခဲ့ပြီး ဤဘေးဒုက္ခ ပြီးဆုံးသွားသည့်အခါ ကူညီပံ့ပိုးပေးခဲ့သည့် ဆိုင်များကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပကာ ချီးကျူးဂုဏ်ပြုပေးမည့်အပြင် သုံးနှစ်တိတိ အခွန်လျှော့ပေါ့ပေးမည်ဟု ကတိပြုခဲ့သည်။
ကျောင်းတော်ကလည်း စနစ်တကျ ရှိစေရန်အတွက် သန်မာထွားကျိုင်းသော သက်တော်စောင့်များကို ငှားရမ်းခဲ့ပြီး ဖျားနာနေသော ကျောင်းသားများကို ပြုစုစောင့်ရှောက်ရန်အတွက် ဒုက္ခသည်များထဲမှ သန့်ရှင်းသပ်ရပ်ပြီး ရိုးသားဖြောင့်မတ်သူ အချို့ကို ရွေးချယ်ပေးခဲ့သည်။
ကျိုးဝမ်ရှူက ပြတင်းပေါက်နားတွင် ထိုင်နေပြီး မိန်းမပျိုတစ်ဦးက ရှောင်းယန်ချီအား တွဲကူကာ အပြင်ဘက်သို့ လျှောက်လှမ်းနေသည်ကို လှမ်းမြင်သွားခဲ့သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စာအုပ်ကိုသာ ဆက်ဖတ်နေခဲ့သည်။
"ဝမ်ရှူ... ငါ ဘယ်လို အရသာရှိတဲ့ မုန့်တွေ လုပ်လာလဲဆိုတာ ကြည့်လိုက်ဦး"
စူးယောင်ကွမ်းက မုန့်ပန်းကန်များကို သယ်ဆောင်လာရင်း ဝင်လာခဲ့သည်။
"ငါ မနက်ခင်းတစ်ခုလုံး အလုပ်ရှုပ်နေခဲ့ရတာ"
"ခင်ဗျား အိမ်ပြန်သွားပြီလို့ ကျွန်တော် ထင်နေတာ"
ကျိုးဝမ်ရှူက သူမကို မမြင်ရသဖြင့် သူမ ထောင်ယောင်ဖန့်သို့ ပြန်သွားပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
"ငါ့အမေနဲ့ တခြားလူတွေက အဲဒီက အခြေအနေတွေကို ကြည့်ပေးနေကြတာလေ၊ ဒါကြောင့် ငါ အများကြီး လိုက်ကြည့်နေဖို့ မလိုပါဘူး။ အခု ငါ့အလုပ်က နင့်ကို ပြုစုဖို့ပဲ၊ ဒါကြောင့် သေချာပေါက် နင့်ကို ပျော်အောင် ထားရမှာပေါ့။ ရော့... နင် ဆေးတွေ သောက်နေရတာ ကြာပြီဆိုတော့ ပါးစပ်ထဲမှာ ခါးနေမှာပေါ့... ဟုတ်တယ်မလား။ ဒီမုန့်တွေကို နင့်အကြိုက်အတိုင်း လုပ်ထားတာ"
စူးယောင်ကွမ်းက မုန့်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ကျိုးဝမ်ရှူ၏ ပါးစပ်နားအရောက် ယူလာကာ ခွံကျွေးလိုက်သည်။
"ဘယ်လိုလဲ... အရသာရှိရဲ့လား"
"အင်း... အရသာ ရှိတယ်"
ကျိုးဝမ်ရှူက မုန့်ကို စားနေရင်း ပြန်ပြောလိုက်သည်။
"ကဲ... အခု ခင်ဗျား လိုချင်တဲ့ တောင်းဆိုချက်မှန်သမျှကို ပြောနိုင်ပြီ"