← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း ၁၃၃ တွေ့ဆုံခြင်း

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နောက်တွင် ရပ်ကာ သူ့ပခုံးများကို နှိပ်နယ်ပေးရင်း ပြောပြနေသည်။

"ဒီလိုလေ... ငါ ချန်ပုယွိဆီ သွားတွေ့ခဲ့ပေမဲ့ သူက သခင်လေးဇီကျန့်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုတောင် မပြောပြချင်ဘူး ဖြစ်နေတယ်။ နင် ငါ့ကို ကူညီပေးလို့ ရမလား"

ကျိုးဝမ်ရှူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်မေးလိုက်သည်။

"ခင်ဗျားက ဘာလို့ သူ့ကို အသဲအသန် လိုက်ရှာနေတာလဲ။ အဲ့လိုလူမျိုးတွေကို သဘောကျလို့လား"

"မဟုတ်ပါဘူး၊ သူ ဒဏ်ရာရသွားတာက ငါ့ကြောင့်လေ။ သူ ဘေးကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန် ရှိနေတာကို မမြင်ရမချင်း ငါ စိတ်အေးရမှာ မဟုတ်ဘူး"

"သူက ခင်ဗျားနဲ့ မတွေ့ချင်တာလည်း ဖြစ်နိုင်တာပဲလေ"

"သူ အဆင်ပြေနေတာ သေချာသွားရင် ငါ သူ့ကို ဘယ်တော့မှ ထပ်ပြီး သွားမနှောင့်ယှက်တော့ပါဘူး"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပခုံးကို နှိပ်ပေးရင်း ဆက်ပြောနေသေးသည်။

"စိတ်မပူပါနဲ့၊ ငါ သူ့အပေါ် တခြား ဘာရည်ရွယ်ချက်မှ တကယ်မရှိပါဘူး။ သူ့ကို ကျေးဇူးတင်စကား ပြောချင်တာရယ်၊ ပြီးတော့ ဒဏ်ရာ ဘယ်လိုလဲဆိုတာ သိချင်ရုံတင်ပါ"

"ကျွန်တော်က ဘာကို စိတ်ပူရမှာလဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားရဲ့ မောင်‌လေးပဲ"

ကျိုးဝမ်ရှူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မောင်လေး... ဒီကိစ္စကို မောင်လေးဆီ အပ်လိုက်ပြီနော်"

စူးယောင်ကွမ်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"မုန့်တွေ အများကြီး စားနော်။ မောင်လေး ကြိုက်တယ်ဆိုရင် နောက်တစ်ခါ အစ်မ အများကြီး ထပ်လုပ်ပေးမယ်"

"ကိုယ်ကျင့်တရား ပျက်ပြားလိုက်တာ"

ရှောင်းယန်ချီက အပြင်ဘက်မှ လှမ်းကြည့်ကာ ကျိန်ဆဲလိုက်သည်။

စူးယောင်ကွမ်းက သူ့အသံကို ကြားသွားပြီး လှည့်ကြည့်လိုက်ရာ သူ စိမ်းသက်သော မိန်းမတစ်ဦးနှင့်အတူ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက ချက်ချင်း ထရပ်လိုက်ပြီး ပြတင်းပေါက်ကို ဝုန်းခနဲ ပိတ်ပစ်ကာ အပြင်ဘက်မှ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။

"ဒီနေ့ မိုးမရွာလို့ ရှားရှားပါးပါး စိတ်ကြည်နေတာ... ဒီလို ကံဆိုးစေတဲ့ အရာတွေကို မြင်လိုက်ရလို့ ငါ့ရဲ့ စိတ်ခံစားချက်ကောင်းလေး ပျက်ပြားသွားရပြီ"

စူးယောင်ကွမ်းက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"သခင်လေးရှောင်း... ရှင့်ခန္ဓာကိုယ်က အားနည်းနေသေးတယ်၊ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမယ်လေ၊ ဒေါသမထွက်ပါနဲ့နော်"

စိမ်းသက်သော မိန်းမပျိုက နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ်၊ မရီးဝမ်"

ရှောင်းယန်ချီက ပြန်ပြောလိုက်သည်။

"မရီးက ကျွန်တော့်ကို သေချာ ပြုစုပေးလို့သာ ကျွန်တော် အိပ်ရာကနေ ထပြီး လမ်းလျှောက်နိုင်တာပါ။ မရီးက စိတ်နှလုံးကောင်းပြီး ကြင်နာတတ်လွန်းတယ်၊ နှလုံးသားက ကျောက်တုံးလို မာကျောနေတဲ့ တချို့လူတွေနဲ့ လုံးဝ မတူဘူး"

"သခင်လေးရှောင်းကသာ ကျွန်မကို ဒီမှာ နေခွင့်မပြုခဲ့ရင် ကျောင်းတော်က ဆရာတွေက ကျွန်မကို ဒီအလုပ် ပေးမှာ မဟုတ်ပါဘူး"

မရီးဝမ်က ကျေးဇူးတင်နေဟန်‌လေးဖြင့် ညင်ညင်သာသာ ပြန်ပြောနေလေသည်။

(T/N : ဒီမှာ မရီးဆိုတာက လေးစားမှုနဲ့ ခေါ်တာမျိုးပါ)

"သခင်လေးရှောင်းကမှ ကျွန်မရဲ့ ကယ်တင်ရှင် အစစ်ပါပဲရှင်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အနားသို့ တိုးကပ်သွားရင်း မေးမြန်းလိုက်သည်။

"ငါ တစ်မနက်ခင်းလုံး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာ၊ ဒီနေ့ ဘာပွဲကောင်းတွေ လွတ်သွားပြီလဲ"

ကျိုးဝမ်ရှူက သူမကို ပြောပြလိုက်သည်။

"ကျောင်းတော်မှာ ဖျားနာနေတဲ့သူတွေကို ပြုစုဖို့ လူခေါ်နေတယ်ဆိုတာ ကြားလိုက်တာနဲ့ ဒုက္ခသည်တွေ အကုန်လုံးက စေတနာ့ဝန်ထမ်း လုပ်ချင်ကြတယ်လေ၊ အဲ့ဒီအထဲမှာ ဒီအမျိုးသမီးလည်း ပါတယ်။ အစပိုင်းမှာ ဆရာတွေက သူ့ကို မထားချင်ကြဘူး၊ ဒါပေမဲ့ ကျောင်းသားရှောင်းက သူ့အတွက် တောင်းပန်ပေးပြီး နေခွင့်ပြုလိုက်တာ။ အဲ့ဒါကြောင့် အဲ့ဒီအမျိုးသမီးက သူ့ကို အလွန်အမင်း ကျေးဇူးတင်နေပြီး မနက်ခင်း တစ်ရှီးချန်လောက် သူ့ကို ပြုစုပေးတယ်၊ နောက်တစ်ရှီးချန်ဆိုရင်တော့ တခြားကျောင်းသားတွေကို ဆေးတိုက်ပေးတယ်။ သူက ကျွန်တော့်ကိုတောင် လာပြုစုပေးချင်သေးတာ၊ ဒါပေမဲ့ ကျွန်တော် ငြင်းလိုက်တယ်"

"တခြားလူတွေလည်း ဆေးသောက်နေကြပြီဆိုတော့ သူတို့ရဲ့ အခြေအနေတွေကို မကြာခင်မှာ ထိန်းချုပ်နိုင်တော့မှာပါ။ အဲ့ဒါဆိုရင် အန္တရာယ် သိပ်မရှိတော့ဘူးပေါ့"

"ရောဂါက ထိန်းချုပ်ရ လွယ်ကူပေမဲ့ လူတွေရဲ့ စိတ်နှလုံးကတော့ ထိန်းချုပ်ဖို့ မလွယ်ဘူး။ အခု မြို့ထဲမှာ ရှိတဲ့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက် ဘယ်လောက်တောင် များနေပြီလဲဆိုတာ ခင်‌ဗျား တွေးကြည့်ဦး"

ကျိုးဝမ်ရှူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“နင် ပြောတာ မှန်တယ်။ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်သွားပြီဆိုရင် ငါတို့ ဟိုဘက်ကို ပြန်ပြောင်းပြီး နေကြတာပေါ့။ ဒီကိစ္စတွေ အားလုံး ပြေလည်သွားမှ ကျောင်းတော်ကို ပြန်ပြီး စာသင်ပေါ့။ အခုက ကိုယ့်အသက်တောင်ကိုယ် မနည်းလုနေရတာ၊ စာသင်နေလို့ ဘာထူးမှာလဲ”

“ခဏနေဦး”

စူးယောင်ကွမ်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ထပ်မေးလိုက်သည်။

“ငါ အခုန ပြောနေတာကို နင် မှတ်မိရဲ့လား။ နင် ငါ့ကို ကူညီမှာလား၊ မကူညီဘူးလား”

ကျိုးဝမ်ရှူက မျက်လွှာချလိုက်ရင်း ပြန်ဖြေလိုက်သည်။

“အင်း... ကျွန်တော် ကူညီပေးပါ့မယ်”

‘သူမက အရမ်းဇွဲကောင်းတယ်။ တကယ်လို့သာ ဒီ ‘သခင်လေးဇီကျန့်’ ကို တစ်ခေါက်လောက် မတွေ့ရရင် သူမ လက်လျှော့မှာ မဟုတ်ဘူး။ အပြင်မှာ အဓိပ္ပာယ်မရှိ လျှောက်ရှာခိုင်းနေမယ့်အစား တိုက်ရိုက်တွေ့ပေးလိုက်တာ ပိုကောင်းတယ်။ အဲ့ဒါမှ သူမ လုံးဝလက်လျှော့သွားမှာ’

စူးယောင်ကွမ်းကတော့ အပြုံးကြီးကြီးဖြင့် ဖားယားနေချေပြီ။

“လိမ္မာလိုက်တာ၊ ဒါကမှ ငါ့ရဲ့ မောင်ကောင်းလေးပဲ”

ကျိုးဝမ်ရှူ : “...”

“တစ်ခါ မောင်မှမတော်ပြီးရင် အမြဲတမ်း မောင်နှမပဲပေါ့။ ငါတို့က သွေးမတော် သားမစပ်ပေမဲ့ ငါတို့ရဲ့ သံယောဇဥ်က သွေးသားရင်းချာတွေထက် ပိုပြီးတော့ ခိုင်မြဲပါတယ်”

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ စိတ်ပြေစေရန် ချိုသာသော စကားလုံးများဖြင့် ချော့မော့ပြောဆိုနေသည်။

ကျိုးဝမ်ရှူတစ်ယောက် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

“ငါတို့ ဘယ်အချိန် သွားပြောကြမလဲ။ ဘယ်တော့ တွေ့ရမလဲ”

“ကျွန်တော် အရင်ဆုံး ချန်ပုယွိနဲ့ သွားစကားပြောပြီးမှ အချိန်ကို ညှိနှိုင်းရမှာလေ။ ခင်ဗျားက ဘာတွေ အလောတကြီး ဖြစ်နေရတာလဲ”

“သူ ဒဏ်ရာရထားတယ်လေ”

စူးယောင်ကွမ်းက အကျိုးသင့်အကြောင်းသင့် ငြင်းခုန်နေပြန်သည်။

“အချိန်ဆွဲမနေနဲ့တော့၊ ငါတို့ အခုပဲ သွားကြစို့”

ပြောပြောဆိုဆိုဖြင့် သူမက ကျိုးဝမ်ရှူကို ဆွဲထူလိုက်သည်။

ကျိုးဝမ်ရှူလည်း မုန့်တစ်ခုကို ကောက်ယူကာ သူ့ပါးစပ်ထဲသို့ အမြန်ကောက်ထည့်လိုက်ရသည်။

ဟင်းချက်ကျွမ်းကျင်သည့် ကျားချွန်းနီနှင့် ကျန်းဖန့်တိတို့ သားအမိ စူးတော်သို့ ရောက်ရှိလာပြီးကတည်းက စူးယောင်ကွမ်းက ဟင်းမချက်တော့သလို မုန့်လုပ်တာမျိုးဆိုလျှင် ပို၍ ရှားပါးလာခဲ့သည်။

ကျိုးဝမ်ရှူ၏ အမြင်တွင်တော့ စူးယောင်ကွမ်း လုပ်သည့်မုန့်များက အမှန်တကယ် ထူးခြားကောင်းမွန်နေခဲ့သည်။ သို့သော်လည်း မိန်းမသားအများစုကတော့ ကျန်းဖန့်တိနှင့် သူမ၏သမီး လုပ်သည့်မုန့်များကို ပိုနှစ်သက်ကြသည်။ အမျိုးသားများအတွက်ဆိုလျှင်တော့ စူးယောင်ကွမ်း လုပ်သော မုန့်များက ချိုသော်လည်း မအီပေ။ တစ်ပွဲလုံး ကုန်အောင် စားလိုက်ပြီးချိန်တွင်တောင် ထပ်စားချင်စိတ် ဖြစ်ပေါ်စေသည်။

ကျိုးဝမ်ရှူတစ်ယောက် ကပွဲခန်းမသို့ ထပ်ရောက်လာခဲ့ပြန်သည်။

ယခုအချိန်တွင် ခန်းမကြီးတစ်ခုလုံး လူသူကင်းမဲ့နေပြီး ခြောက်ကပ်တိတ်ဆိတ်နေခဲ့သည်။

ရှေ့တံခါးကြီး ပွင့်ရန် အချိန်အတော်လိုသေးသဖြင့် ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို နောက်ဖေးတံခါးမှတစ်ဆင့် ခေါ်ဆောင်လာခဲ့သည်။

“ခင်ဗျားတို့ သခင်လေးက ဘယ်မှာလဲ”

ကျိုးဝမ်ရှူက အိမ်တော်ထိန်းကို မေးလိုက်ရာ အိမ်တော်ထိန်းက တလေးတစား ပြန်ဖြေလာခဲ့သည်။

“သခင်လေးက သခင်မဆီ သွားတွေ့နေပါတယ်။ သခင်မက နေမကောင်းဖြစ်နေတော့ သခင်လေးက အရမ်းစိတ်ပူပြီး ကုတင်ဘေးမှာ စောင့်ပေးနေတာ နှစ်ရက် ရှိနေပါပြီ”

“သူ ဒီမှာ မရှိလည်း ကိစ္စမရှိပါဘူး၊ ခင်ဗျားကို တွေ့ရတာလည်း အတူတူပါပဲ”

ကျိုးဝမ်ရှူက အိမ်တော်ထိန်းကို လက်ဟန်ပြကာ ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ အိမ်တော်ထိန်းနှင့် တိုးတိုးတိတ်တိတ် ခေတ္တမျှ စကားပြောဆိုပြီးနောက် စူးယောင်ကွမ်းရှိရာသို့ ပြန်ရောက်လာခဲ့သည်။

“ကျွန်တော် တာဝန်ခံနဲ့ စကားပြောခဲ့ပြီးပြီ။ သူ ပြောတာက သခင်လေးဇီကျန့်က ဒီနေ့ ကပွဲခန်းမထဲမှာ ရှိနေတယ်တဲ့။ ဒါပေမဲ့ သူက နည်းနည်းရှက်တတ်ပြီး သူ့ရဲ့ မျက်နှာအစစ်ကို ဘယ်တော့မှ ထုတ်မပြဘူးတဲ့။ ပုံမှန်ဆိုရင်လည်း အသံလေး နည်းနည်း ကြားရုံနဲ့ ပုန်းနေတတ်တာဆိုပဲ။ အခုလည်း အပြင်လူတွေ ရောက်နေတယ်ဆိုတော့ သူ ရှောင်နေပြီတဲ့”

“သူက ကပွဲခန်းမထဲမှာ ဘာလုပ်နေတာလဲ။ အခုတလော ဧည့်သည်လည်း မရှိဘူးဆိုတော့ သူ ဖျော်ဖြေဖို့ မလိုဘူးမလား”

“ကြားရသလောက်တော့ သူ ငွေလိုနေလို့ ဒီကို လာချေးပြီး အခက်အခဲကို ကျော်ဖြတ်မလို့တဲ့”

ကျိုးဝမ်ရှူက ခပ်တည်တည် ဆက်ပြောနေသည်။

“ခင်ဗျား သူ့ကို တွေ့ချင်တယ်ဆိုရင် အခု တွေ့လို့ရတယ်။ ဒါပေမဲ့ သူက လူကြောက်တတ်တော့ လူအများကြီးနဲ့ တွေ့ချင်မှာ မဟုတ်ဘူး။ ကျွန်တော် တခြားတစ်နေရာမှာ ခဏ သွားနားပြီး ခင်ဗျား ပြန်ထွက်လာမယ့်အချိန်ကို စောင့်နေပေးမယ်”

“အင်း... ရတယ်”

တာဝန်ခံက သူတို့အနားသို့ လျှောက်လာပြီး စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။

“သခင်မလေး... ဒီဘက်ကို ကြွပါခင်ဗျာ”

စူးယောင်ကွမ်း ထွက်သွားသည်ကို ကြည့်နေပြီးနောက် ကျိုးဝမ်ရှူကလည်း အခြားတစ်ဖက်သို့ ခပ်သွက်သွက် လှည့်ထွက်သွားခဲ့သည်။

“သခင်မလေး... အခန်းထဲမှာ ခဏလောက် စောင့်ပေးပါဦး”

စူးယောင်ကွမ်းက အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက် လှမ်းနေပြီး မကြာမီမှာပင် တစ်စုံတစ်ဦးက တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့သည်။

“သခင်မလေး... ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ပါ”

စူးယောင်ကွမ်းက မျက်နှာကို ပုဝါဖြင့် ဖုံးကွယ်ထားသော သူမရှေ့မှ အမျိုးသားကို စိုက်ကြည့်လိုက်သည်။

“အဲ့ဒီနေ့က ရခဲ့တဲ့ ဒဏ်ရာက ဘယ်လိုနေလဲ”

စူးယောင်ကွမ်းက သူ့ကျောပြင်ကို လက်ညှိးထိုးပြရင်း မေးမြန်းလိုက်သည်။

“သမားတော်နဲ့ ပြပြီးပြီလား။ သမားတော်က ဘာပြောလဲ”

သခင်လေးဇီကျန့်က တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်ဖြေလာခဲ့သည်။

“သခင်မလေး... စိတ်မပူပါနဲ့။ ကျွန်တော့်ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး၊ ဆေးလည်း ထည့်ပြီးပါပြီ။ စိတ်ထဲမှာ အရမ်းကြီး အလေးထားမနေပါနဲ့။ အဲ့ဒီနေ့က သခင်မလေးသာ မကူညီခဲ့ရင် ကျွန်တော် ဒီထက်မက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပါ။ ဒီလောက်ခြစ်ရာပွန်းရာလေးက သခင်မလေး ကျွန်တော့်အပေါ် ကူညီပေးခဲ့တဲ့ ကျေးဇူးနဲ့စာရင် ဘာမှမဟုတ်ပါဘူး။ သခင်မလေးက ကျွန်တော့်ကို ကူညီခဲ့သလို ကျွန်တော်ကလည်း သခင်မကို ပြန်ကူညီခဲ့တာမို့ လုံလောက်သွားပါပြီ။ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော် ပြန်ပါရစေ၊ အိမ်မှာ မိသားစုဝင်တွေ စောင့်နေကြလို့ပါ”

“ရှင် ဒီကို ငွေလာချေးတယ်လို့ ကျွန်မ ကြားမိတယ်”

“ဟုတ်ပါတယ်”

စူးယောင်ကွမ်းက ငွေစက္ကူအချို့ကို ထုတ်ယူကာ သူ့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ဒါကို ချေးတယ်လို့ပဲ သဘောထားလိုက်ပါ၊ အဆင်ပြေတဲ့အချိန်ကျမှ ပြန်ဆပ်ပေါ့။ အခုတလော အခြေအနေတွေက ကျပ်တည်းနေတာလေ၊ ဆန်စျေးတွေကလည်း အဆမတန် တက်နေတော့ ဘဝတွေက တကယ့်ကို ခက်ခဲလွန်းတယ်”

“ဒီလောက် များပြားတဲ့ ငွေစက္ကူတွေကို ကျွန်တော့်ကို အကုန်ပေးနေတာလား”

သခင်လေးဇီကျန့်၏ လေသံက တစ်မျိုးဖြစ်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ရောယှက်နေသည်။

စူးယောင်ကွမ်းကလည်း သံသယရိပ်များဖြင့် ပြန်မေးနေလေသည်။

“မလောက်လို့လား။ ကျွန်မ ဒီလောက်ပဲ ယူလာခဲ့မိလို့ပါ”

“လျန်တရာတန် ငွေစက္ကူ... ဒါက လောက်ငှတယ်လို့ မင်း ထင်နေတာလား”

သခင်လေးဇီကျန့်က ဒေါသထွက်နေဟန်ဖြင့် ခပ်ရွဲ့ရွဲ့ ပြုံးပြနေသည်။

“ဘာဖြစ်လို့လဲ”

စူးယောင်ကွမ်းက ခဏမျှ စဥ်းစားလိုက်ပြီးနောက် သူမ၏ လက်ကောက်ကို ချွတ်လိုက်သည်။

“တကယ်လို့ မလောက်သေးရင်လည်း ဒီလက်ကောက်ကိုပါ ယူသွားလိုက်ပါ”

သခင်လေးဇီကျန့် ဖြစ်နေရသည့် ကျိုးဝမ်ရှူ : “...”

အခန်း ၁၃၄ လူစိမ်း

ကပွဲခန်းမမှ ထွက်လာပြီးနောက် စူးယောင်ကွမ်းတစ်ယောက် စိတ်အခြေအနေ အလွန်ကောင်းမွန်နေခဲ့သည်။

ကျိုးဝမ်ရှူက သူမ၏ ရွှင်လန်းတက်ကြွနေသော စိတ်အခြေအနေနှင့် ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိနေခဲ့သည်။

‘လျန်တစ်ရာတန် ငွေစက္ကူနဲ့ လက်ကောက်တစ်ကွင်းလုံး ဆုံးရှုံးသွားတာတောင်မှ သူမက ဘာတွေ ဒီလောက်အထိ ပျော်နေရတာလဲ...’

"မမလေးစူး..."

ချည်ထည်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စူးယောင်ကွမ်း၏ လမ်းကို ပိတ်ရပ်လိုက်ပြီး သူမအား ဦးညွှတ်ဂါရဝပြုရင်း တုံ့ဆိုင်းဆိုင်းအမူအရာဖြင့် ပြောလာခဲ့သည်။

"မင်းက ထောင်ယောင်ဖန့်က မမလေးစူး ဟုတ်ပါသလားခင်ဗျာ"

စူးယောင်ကွမ်းက သူမရှေ့မှ အမျိုးသားကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"မေးပါရစေရှင့်... ရှင်က ဘယ်သူလဲ"

ချည်ထည်ဝတ်စုံနှင့် အမျိုးသားက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ပြန်သည်။

"မမလေးစူးက ကျွန်တော့်ကို မမှတ်မိပေမယ့် ကျွန်တော်ကတော့ မှတ်မိပါတယ်။ ကျွန်တော့်နာမည်က ကျန့်ယွမ်ဖန်းပါ၊ ဂါရဝပြုပါတယ်"

စူးယောင်ကွမ်း၏ ဦးနှောက်ထဲတွင် တရားဝင်အရာရှိဝတ်စုံ ဝတ်ဆင်ထားသည့် ကျန့်ယွမ်ဖန်း၏ ပုံရိပ်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူမ၏ အတိတ်ဘဝတွင် သူ့ကို ပထမဆုံး မြင်တွေ့ခဲ့ရစဥ်က သူက တရားရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကင်းပြီး အလွန် ခန့်ညားထည်ဝါလှသော အရာရှိကြီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦး လုံးဝ မဟုတ်နေခဲ့ချေ။ ယခုအချိန်တွင်တော့ သူက အသက်နှစ်ဆယ်ကျော် အရွယ်သာ ရှိနေသေးပြီး စိုပြည်သော အသားအရေ၊ ဖြူစင်သော သွားများနှင့်အတူ ချောမောခန့်ညားကာ သန့်ပြန့်နေသဖြင့် ကြည့်ကောင်းသည့် လူငယ်တစ်ဦး ဖြစ်နေသေးသည်။ သူမ၏ယခင်ဘဝက သူ့ကို မြင်ခဲ့ရချိန်တွင် သူက မုတ်ဆိတ်မွှေးများဖြင့် အရှိန်အဝါ ကြီးမားနေပြီ ဖြစ်သည်။

စူးယောင်ကွမ်းက သူမ ပြန်လည်မွေးဖွားလာပြီးနောက်တွင် အရာတော်တော်များများ ပြောင်းလဲသွားသည်ကို သတိပြုမိနေခဲ့သည်။ သူမ၏ မှတ်ဉာဏ်များထဲမှ အစွမ်းထက်လှဆုံး ကျန်းကျင့်နှင့် ကျန့်ယွမ်ဖန်းတို့ နှစ်ယောက်စလုံးက ငယ်ရွယ်စဥ်အချိန်၌ အနိုင်ကျင့်ရ လွယ်ကူမည့်ပုံစံမျိုး ပေါက်နေကြသည်။

"ကျွန်မ ဘာကူညီပေးရမလဲ... သခင်လေးကျန့်"

"ကျွန်တော်... ကျွန်တော် တကယ်ပဲ အရှက်ရမိပါတယ်"

ကျန့်ယွမ်ဖန်းက သူ့၏အထုပ်ထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူကာ စူးယောင်ကွမ်းကို ဆက်ပြောပြနေသည်။

"ဒါက ကျွန်တော့်မိသားစုရဲ့ အမွေအနှစ်ပါ။ ကျွန်တော်က ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် ဒုက္ခသည်အဖြစ်နဲ့ ဒီကို ရောက်လာခဲ့တာပါ။ ဒီဒေသကို ဖြတ်သန်းလာတဲ့အချိန်မှာ ဒေသခံအရာရှိတွေက ပြည်သူတွေကို သူတို့ရဲ့ သားသမီးတွေလို ချစ်ခင်ကြတာကို တွေ့ရသလို မြို့ထဲမှာလည်း ဆင်းရဲနွမ်းပါးသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာရှင် ကုန်သည်တွေ အများကြီးရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒီက ကူးစက်ရောဂါ အခြေအနေကလည်း တခြားနေရာတွေနဲ့စာရင် အပေါ့ပါးဆုံးပါပဲ။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရေရှည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အစားအသောက်နဲ့ တည်းခိုစရာ အပါအဝင် တစ်လကို ကြေးပြားနှစ်ရာတည်းနဲ့ ထောင်ယောင်ဖန့်ရဲ့ ငွေကိုင်တာဝန်ခံအဖြစ် လုပ်ကိုင်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်က ဝေးလံတဲ့ဒေသကလာတာမို့ မမလေးစူးအနေနဲ့ ကျွန်တော့်ရဲ့ နောက်ကြောင်းကို မသိနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ စိတ်ရင်းမှန်ကို ပြသတဲ့အနေနဲ့ မိသားစုအမွေအနှစ်ကို အပေါင်ပစ္စည်းအဖြစ် ထားခဲ့ပါရစေ။ ကျွန်တော် ဒီကထွက်ခွာသွားတဲ့အခါမှပဲ ဒါကို ပြန်ပေးဖို့ တောင်းဆိုပါ့မယ်"

"ခင်ဗျား တကယ့်ကို တွက်ခြေကိုက်အောင် ကြံစည်ထားတာပဲ"

ကျိုးဝမ်ရှူက အေးစက်စက် လှောင်ပြောလိုက်သည်။

"အခုအချိန်မှာ ဒီမြို့ထဲမှာ အလုပ်ရှာဖို့ မလွယ်ကူသလို စားစရာ ဝယ်ဖို့ကလည်း ခက်ခဲလွန်းတယ်။ စာပေပညာရှင်တွေတောင် အသက်မွေးဝမ်းကျောင်းပြုဖို့ နည်းလမ်းမရှိဘူးလေ။ တစ်လကို ကြေးပြားနှစ်ရာပဲ တောင်းဆိုလို့ ခင်ဗျားဘက်က အရှုံးခံနေရသလိုမျိုး ထင်နေရပေမယ့် တကယ်တမ်းတော့ ခင်ဗျားအတွက် အစားအသောက်နဲ့ တည်းခိုစရာနေရာ ပေးလိုက်တာနဲ့တင် ခင်ဗျားအတွက် ဒုက္ခတွေအများကြီး သက်သာသွားစေနိုင်တယ်"

"ဟုတ်ပါတယ်... ကျွန်တော် နားလည်ပါတယ်။ တကယ်တော့ ကျွန်တော် ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ထဲမှာ လျှောက်သွားနေရင်းနဲ့ မမလေးစူးက ရက်ပေါင်းများစွာ အစာမစားရသေးလို့ အိမ်ခေါင်မိုးတစ်ခုအောက်မှာ လဲကျနေတဲ့ မိခင်နဲ့ သမီးကို အစားအစာတွေ ကျွေးမွေးနေတာကို မတော်တဆ မြင်တွေ့ခဲ့ရလို့ပါ။ မမလေးစူးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကို မြင်ခဲ့ရလို့ ကျွန်တော်ကိုယ်တိုင် လာရောက်ပြီး တောင်းဆိုမိတာပါ"

"ကျွန်မ သဘောတူပါတယ်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"မိသားစုအမွေအနှစ်ကိုတော့ ရှင့်ဘာသာ သိမ်းထားလိုက်ပါဦး။ ရှင့်ကို ကြည့်ရတာ စာပေတတ်မြောက်တဲ့သူနဲ့ တူတယ်၊ ပညာရေးဘက်မှာ အောင်မြင်မှုတစ်ခုခု ရရှိထားမျိုး ရှိလား"

"ကျွန်တော်က လက်ရှိမှာ ကျွီရန်တစ်ယောက်ပါ၊ ဒါပေမယ့် တော်ဝင်စာမေးပွဲကိုတော့ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ကျရှုံးမှုတွေကို ခွင့်လွှတ်ပေးပါဦး"

(ကျွီရန်- ပြည်နယ်အဆင့် စာမေးပွဲအောင်မြင်ထားသူ)

"သခင်လေးကျန့်က နောင်တစ်ချိန်မှာ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ။ တစ်ကြိမ်ကျရှုံးရင် နောက်တစ်ကြိမ် ထပ်ကြိုးစားပေါ့၊ အကြိမ်ကြိမ် ကျရှုံးခဲ့ရင်တောင် အခွင့်အရေးက ရှိနေဦးမှာပဲ။ သခင်လေးက ငယ်ပါသေးတယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်။ စိတ်မပျက်ပါနဲ့ဦး"

" မမလေးစူးရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်သေးဘူး... ကျေးဇူးတင်ပါတယ် သခင်မလေးစူး"

ကျန့်ယွမ်ဖန်းက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်သည်။

"ကျွန်တော်... ကျွန်တော့်မှာ ဒီနှစ်ထဲမှာ အသက်ဆယ်ပြည့်တဲ့ ညီလေးတစ်ယောက် ရှိပါသေးတယ်"

"သူ့ကိုပါ တစ်ပါးတည်း ခေါ်လာခဲ့လိုက်လေ"

ထိုညီဖြစ်သူ၏ ဘဝကလည်း ခက်ခဲကြမ်းတမ်းခဲ့ပုံရသည်ဟု စူးယောင်ကွမ်း ပြန်တွေးနေမိသည်။ သူမ ကျန့်ယွမ်ဖန်းနှင့် ဆုံတွေ့ပြီးနောက်တွင် သူ့အကြောင်းကို ကြားသိခဲ့ရဖူးသည်။

သူ လောလောလတ်လတ် စာမေးပွဲအောင်မြင်ခဲ့ပြီး ရာထူးအဆင့်နိမ့် အရာရှိငယ်လေးတစ်ဦး ဖြစ်ခဲ့စဥ်က သူ၏ညီလေးကလည်း သူနှင့်အတူ မြို့တော်သို့ လိုက်ပါလာခဲ့ပြီူ ညီအစ်ကိုနှစ်ဦး အပြန်အလှန် အားကိုးရင်း နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ကြရသည်။ သို့သော်လည်း ရုတ်တရက် တစ်နေ့တွင် သူ၏ညီလေးက အာဏာရှိသူတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရကာ ထိုသူ၏ အိမ်တော်သို့ အဓမ္မခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ထိုကောင်လေးကလည်း အလွန်ခေါင်းမာပြီး အညံ့မခံဘဲ အသက်နှင့်လဲသွားခဲ့သည်။ ထိုအာဏာရှိသူကို လုပ်ကြံသတ်ဖြတ်ပြီးနောက်တွင် သူကိုယ်တိုင်လည်း ဓားဖြင့် အမွှန်းခံရကာ အသက်ဆုံးရှုံးခဲ့ရရှာသည်။ ထိုအချိန်မှစ၍ ကျန့်ယွမ်ဖန်းက ပြတ်သားသော စည်းမျဥ်းအခြေခံရှိသူတစ်ဦး ဖြစ်လာခဲ့ပြီး တရားရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကင်းသော အရာရှိကြီးအဖြစ် ကျော်ကြားလာကာ မင်းစိုးရာဇာ မိသားစုများအကြားတွင် ‘သေမင်းတမန် ကွပ်မျက်သူ’ ဟု အမည်တွင်လာခဲ့သည်။

စူးယောင်ကွမ်းက လမ်းခရီးအလယ်တွင် နောင်တစ်ချိန်၌ အရှိန်အဝါကြီးမားမည့် ထိုကဲ့သို့သော လူကြီးမင်းတစ်ယောက်ကို ကောက်ရခဲ့သဖြင့် သူမ၏ အစီအစဥ်များကို ပြောင်းလဲလိုက်သည်။ မူလက သူမ ကျိုးဝမ်ရှူကို စာသင်ကျောင်းသို့ ပြန်ခေါ်သွားရန် ရည်ရွယ်ထားသော်လည်း ယခုတွင်တော့ သူမက ကျန့်ယွမ်ဖန်း၏ ညီလေးကို သွားရောက်ရှာဖွေရန်အတွက် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းပျက်ဆီသို့ ဦးတည်လိုက်သည်။

သူမက ကျိုးဝမ်ရှူကို အရင်ပြန်နှင့်ရန် ပြောလိုက်ရာ သူ့ထံမှ မကျေမနပ်ဖြစ်နေသော အကြည့်တစ်ချက်ကိုသာ ရရှိခဲ့သည်။ သူမက ထိုအရာကို လူငယ်တို့၏ စိတ်ကူးရခက်သော သဘာဝဟုသာ သဘောထားလိုက်ပြီး ဂရုမစိုက်တော့ဘဲ ကျန့်ယွမ်ဖန်းနှင့်အတူ တစ်ဦးကိုတစ်ဦး ရယ်ရယ်မောမော စကားစမြည်ပြောဆိုရင်း ထွက်ခွာသွားခဲ့သည်။

"ကျေးဇူးပြုပြီး... ကျွန်တော်တို့ကို စားစရာလေး တစ်ခုခု ပေးပါဦး"

သူတို့ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းပျက်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူအုပ်ကြီးတစ်စုက အလုအယက် ပြေးဝင်လာကြသည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ရှေ့တွင် မားမားမတ်မတ် ပိတ်ရပ်လိုက်ပြီး ခက်ထန်ကြမ်းတမ်းသော လေသံဖြင့် အော်ဟစ်လိုက်သည်။

"လမ်းဖယ်ကြစမ်း။ သူ့ကို ထပ်ပြီး ထိဖို့ ကြိုးစားရင် မင်းတို့ရဲ့ လက်တွေကို ငါ ဖြတ်ပစ်မယ်"

ကျိုးဝမ်ရှူ၏ အန္တရာယ်ရှိလှသော မျက်လုံးအစုံကို မြင်လိုက်ရသဖြင့် လူအုပ်ကြီးက အနားသို့ မချဉ်းကပ်ဝံ့ကြတော့ပေ။

ကျန့်ယွမ်ဖန်းက ပိန်လှီပြီး မျက်နှာတစ်ခုလုံး ဝါကြင်ကြင်ဖြစ်နေသော ကောင်လေးတစ်ဦးကို ပွေ့ချီထုတ်လာခဲ့သည်။

စူးယောင်ကွမ်းက ထိုကလေးကို ကြည့်လိုက်ပြီး ကျန့်ယွမ်ဖန်းကို လှမ်းမေးလိုက်သည်။

"သူ့ကို ကြည့်ရတာ အာဟာရပြတ်နေတာ ကြာပြီထင်တယ်။ ထောင်ယောင်ဖန့်က နေ့တိုင်း ယာဂုတွေ ဝေပေးနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို သွားမတိုက်တာလဲ"

"ကျွန်တော်တို့ ဒီကို မလာခင်ကတည်းက သူက ဖျားနေပြီး ဘာမှ မစားနိုင်တော့လို့ပါ။ ကျွန်တော် သူ့ကို နေ့တိုင်း နည်းနည်းချင်းစီပဲ တိုက်ကျွေးနိုင်ခဲ့လို့ အာဟာရက မလောက်ငှခဲ့ဘူး"

"စောစောတုန်းက ခင်ဗျား အလုပ်ဝင်ဖို့ လာပြောတုန်းက မင်းမှာ အသည်းအသန် ဖျားနာနေတဲ့ ညီလေးတစ်ယောက် ရှိတယ်ဆိုတာကို လုံးဝ မပြောခဲ့ဘူးနော်။ အခု အားလုံး အခြေကျသွားမှပဲ ဒီဖျားနေတဲ့ ညီလေးက ရုတ်တရက် ပေါ်လာတော့တာပဲ။ ခင်ဗျားက တကယ့်ကို ပါးနပ်လွန်းတာပဲ"

ကျိုးဝမ်ရှူက ကဲ့ရဲ့လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"ထောင်ယောင်ဖန့်မှာ အရမ်းတော်တဲ့ သမားတော်မလေးတစ်ယောက် ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ တကယ်လို့ သမားတော်ကျန်းက ကျွန်တော့်ညီလေးကို ကုသပေးနိုင်မယ်ဆိုရင် သူ့ရဲ့ ဆေးဖိုးဝါးခကို ကျွန်တော့်ရဲ့ လစာထဲကနေပဲ နှုတ်ယူလိုက်ပါ"

ကျန့်ယွမ်ဖန်းက စူးယောင်ကွမ်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေပြီး ပူပန်နေသည့် မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ကာ အသနားခံလိုက်သည်။

စူးယောင်ကွမ်းက ကျန့်ယွမ်ဖန်းကို ကြည့်ရင်း တိုက်တွန်းလိုက်သည်။

"သူ့ရဲ့ ရောဂါက ကူးစက်ရောဂါတော့ ဟုတ်ပုံမရဘူး၊ တခြား ဝေဒနာတစ်ခုခု ဖြစ်နေပုံပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို အရင်ဆုံး ကယ်တင်ဖို့ လိုအပ်တယ်၊ ရှင် သူ့ကို ပွေ့ချီပြီး နောက်ကလိုက်ခဲ့၊ ကျွန်မတို့ သမားတော်ဆီ အမြန် ပြေးကြရအောင်"

"ကျေးဇူးတင်ပါတယ် သခင်မလေးစူး"

ကျန့်ယွမ်ဖန်းက ပို၍ပင် ကျေးဇူးတင်သွားပြီး ဆက်ပြောနေပြန်သည်။

"ကျွန်တော်... ကျန့်ယွမ်ဖန်း ဒီကျေးဇူးတရားကို တစ်သက်လုံး မမေ့ဘဲ ပြန်ဆပ်ပါ့မယ်"

စူးယောင်ကွမ်းက ကျန့်ညီအစ်ကိုနှစ်ဦးကို ခေါ်ကာ ထောင်ယောင်ဖန့်ဆီသို့ ပြန်လာခဲ့သည်။ ရင်းနှီးမှုမရှိသော ထိုညီအစ်ကိုနှစ်ဦး ပေါ်လာသည့်အခါ စူးညီအစ်မများနှင့် ဝမ်ဟွမ်ကျစ်တို့က ကြိုဆိုရန် ထွက်လာကြသည်။ စူးယောင်ကွမ်းက အခြေအနေကို ရှင်းပြပြီးနောက် ကျန့်ညီအစ်ကိုအတွက် အခန်းတစ်ခန်း စီစဥ်ပေးရန် သူမ၏မိခင် ကျန်းကျောက်တိကို တောင်းဆိုလိုက်သည်။

သူမတို့ ယခင်က သိုလှောင်ရုံအဖြစ် အသုံးပြုရန် အခန်းအချို့ကို ဆောက်လုပ်ထားခဲ့ရာ ယခုတွင် ထိုအထဲမှ အခန်းတစ်ခန်းကို ရှင်းလင်းပြီး ညီအစ်ကိုနှစ်ဦးအတွက် နေရာချပေးလိုက်ကြသည်။

"သူ့ရဲ့ ရောဂါက ခရီးသွားနေတုန်းမှာ မသန့်ရှင်းတဲ့ အစားအစာတွေကို စားမိလို့ ဝမ်းဗိုက်ထဲမှာ ပိုးကောင်တွေ ပေါက်ဖွားလာတာကြောင့် ဖြစ်ရတာပါ။ ဒါကို ကုသဖို့က လွယ်ကူပါတယ်၊ ပိုးကောင်တွေကို ဖယ်ထုတ်လိုက်ရုံပါပဲ"

(T/N : ဒီမှာ ပိုးကောင်ဆိုတာက သန်ကောင်ကို ပြောတာပါ)

"ကျေးဇူးတင်ပါတယ် သမားတော်ကြီး"

ကျန့်ယွမ်ဖန်းက ဝမ်းသာအားရ ကျေးဇူးတင်နေခဲ့သည်။

"ယောင်ကွမ်း... ဝမ်ရှူရဲ့ မျက်နှာက မည်းမှောင်ပြီး မင်ရည်တွေ စီးကျတော့မလို ဖြစ်နေပြီ၊ နင်တို့နှစ်ယောက် ရန်ဖြစ်လာကြတာလား"

ကျန်းကျောက်တိက တံခါးဝဆီသို့ မေးငေါ့ပြရင်း စူးယောင်ကွမ်းကို မေးလိုက်သည်။

"သူက ကလေးပဲရှိသေးတာကို... နည်းနည်းလောက် ချော့လိုက်ရင် အဆင်ပြေသွားမှာပါ"

စူးယောင်ကွမ်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"သမီး သူတို့ကို အမေတို့ဆီမှာပဲ အပ်ခဲ့မယ်၊ ပြီးရင် ဝမ်ရှူကို စာသင်ကျောင်းဆီ ပြန်ခေါ်သွားလိုက်မယ်။ ဪ... အမေ၊ ဒီညီအစ်ကိုနှစ်ယောက်ကိုလည်း သေသေချာချာ စောင့်ကြည့်ပေးပါဦး။ သူတို့က လူဆိုးတွေလို့ သမီး မထင်ပေမယ့် အစပိုင်းမှာတော့ စောင့်ကြည့်ထားတာက ပိုကောင်းတာပေါ့"

"နင်နဲ့ ဝမ်ရှူလည်း လမ်းမှာ သတိထားကြဦး"

ကျန်းကျောက်တိက မှာတမ်းခြွေနေခဲ့သည်။

စူးယောင်ကွမ်းက အပြင်သို့ ထွက်လာပြီး စိတ်ကောက်ကာ ညည်းညူနေသော ကျိုးဝမ်ရှူကို ဆွဲခေါ်လာခဲ့သည်။

"စောစောက အသားဆိုင် ဖွင့်ထားတာကို ငါ မြင်ခဲ့တယ်၊ ခဏနေရင် ဝက်အူချောင်းတွေ သွားဝယ်ပြီး နင့်အတွက် ဝက်အူချောင်းချဥ်စပ် ချက်ပေးမယ်လေ။ နင်ပဲ မကြာသေးခင်က ပါးစပ်ထဲမှာ ဘာအရသာမှ မရှိဘူးလို့ ပြောနေတာ မဟုတ်လား။ အဲ့ဒါကြောင့် ငါ အရသာ ခပ်ပြင်းပြင်းလေး ချက်ပေးမယ်"

"ခင်ဗျားက ဟင်းတစ်ခွက်တည်းနဲ့ ကျွန်တော့်ကို ချော့မော့လို့ရမယ်လို့ ထင်နေတာလား"

ကျိုးဝမ်ရှူ၏ မျက်နှာအမူအရာက အနည်းငယ် ပျော့ပြောင်းသွားသော်လည်း ရွဲ့တဲ့တဲ့ လေသံဖြင့် ဆက်ပြောနေပြန်သည်။

"ခင်ဗျားက တစ်ခါမှ မဆုံဖူးတဲ့လူကိုတောင် ငွေလျန်တစ်ရာ ပေးခဲ့သေးတယ်။ ပြီးတော့ နောက်ကြောင်းမသိတဲ့ ဒီညီအစ်ကိုကိုလည်း အလွယ်တကူ ခေါ်လာခဲ့တယ်၊ ဆေးဆရာပါ စီစဥ်ပေးခဲ့သေးတယ်။ ကျွန်တော့်အလှည့်ကျတော့ ဝက်အူချောင်းကြော် တစ်နပ်စာပဲ တန်တယ်ပေါ့လေ။ ဒါပေမယ့်လည်း ဟုတ်ပါတယ်လေ၊ ကျွန်တော်ကို ကြေးပြားဆယ်ပြားပဲ တန်တဲ့လူ ဖြစ်ဖို့ ဘယ်သူက ပြောခဲ့လို့လဲ"

စူးယောင်ကွမ်း : "..."

‘ဒီကောင်လေးက အတိတ်က ကိစ္စတွေကို အခုမှ ပြန်နောက်ကြောင်းလှန်ပြီး စာရင်းရှင်းနေတာပဲ...’

All Chapters