အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း ၁၃၅ မနာလိုဝန်တိုစိတ်
စူးယောင်ကွမ်း ခေါင်းလှည့်ကြည့်လိုက်ရာ သူမဘေးမှ ရုပ်ရည်ချောမောသော်လည်း မျက်နှာတစ်ခုလုံး မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည့် ကျိုးဝမ်ရှူကို မြင်လိုက်ရသည်။
"အဲ့ဒီညီအစ်ကိုတွေက တော်တော် သနားဖို့ ကောင်းနေလို့ပါ"
"အဲ့နားက လမ်းထောင့်ချိုးမှာ ခြေထောက်နှစ်ဖက်စလုံး ကျိုးနေတဲ့ သူတောင်းစားအိုကြီး ရှိတယ်၊ ခင်ဗျား သူ့ကို ဘာလို့ ကောက်မလာရတာလဲ၊ သူက သနားဖို့ မကောင်းလို့လား"
ကျိုးဝမ်ရှူက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဪ... ဟုတ်သားပဲ၊ သူက ရုပ်မချောဘူး"
စူးယောင်ကွမ်း : "နင် ဒီလို ရွဲ့စောင်းပြောတတ်တဲ့ အကျင့်တွေကို ဘယ်ကနေ သင်လာတာလဲ"
"ဟုတ်တယ်လေ၊ ကျွန်တော်က ဒေါသကြီးတယ်၊ ခေါင်းလည်း မာတယ်၊ ဘယ်လိုလုပ်ပြီး အဲ့ဒီလူလို ယဉ်ယဉ်ကျေးကျေးနဲ့ 'ဒီလူက အားနာပါတယ်' ဆိုပြီး အမြဲတမ်း ပြောနေနိုင်မှာလဲ"
ကျိုးဝမ်ရှူက ခနဲ့တဲ့တဲ့ ထပ်ပြောလိုက်၏။
စူးယောင်ကွမ်း : "..."
သူမ ဘာမှပြန်မပြောတော့ဘဲ ခေါင်းကိုက်နေသည့်ပုံစံမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ကျိုးဝမ်ရှူတစ်ယောက် ပို၍ပင် ဒေါသပေါက်ကွဲလာရသည်။
'စောစောက အဲ့ဒီ သခင်လေးဇီကျန့်နဲ့ စကားပြောနေတုန်းကတော့ သူမက တော်တော်လေး နူးညံ့သိမ်မွေ့နေခဲ့တာလေ၊ ငါ့ကိုကျတော့ အဲ့လိုလေသံမျိုးနဲ့ တစ်ခါမှ မပြောခဲ့ဖူးဘူး'
'ဘာလဲ... ငါက သူ့ရဲ့ 'မောင်လေး' ဖြစ်နေလို့ ဒီလိုမျိုး အပြောမခံထိုက်ဘူးဆိုတဲ့ သဘောလား'
'ပြီးတော့ အဲ့ဒီ ကျန့်ယွမ်ဖန်း... သူမ အဲ့လူကို ကြည့်နေတဲ့ပုံကလည်း သူ့ဆီမှာပဲ ကပ်တွယ်နေချင်သလိုဖြစ်နေပြီ'
'ဒီလူက အကောင်းဆုံးအခြေအနေမှာ ရှိနေလို့ ကြည့်ကောင်းနေပေမယ့် ငါ့လောက်တောင် ရုပ်မချောဘူးလေ။ သူမက ဘာသဘောနဲ့ အဲ့လူကို ဒီလိုမျိုး ကြည့်နေတာလဲ'
စူးယောင်ကွမ်းကလည်း ယနေ့တွင် ကျိုးဝမ်ရှူ အတော်လေး စိတ်ကောက်လွယ်နေသည်ဟု ခံစားနေရသည်။
"ခဏလေး၊ ငါ သခင်လေးဇီကျန့်ကို လျန်တစ်ရာ ပေးတယ်ဆိုတာကို နင် ဘယ်လိုလုပ် သိနေတာလဲ"
စူးယောင်ကွမ်းက တစ်ခုခုကို ရိပ်မိသွားပုံဖြင့် သူ့နားရွက်ကို ဆွဲလိမ်လိုက်ကာ ဆူပူလိုက်သည်။
"နင်.... နင် ငါတို့စကားပြောနေတာကို ခိုးနားထောင်တယ်ပေါ့လေ"
ကျိုးဝမ်ရှူတစ်ယောက် စနောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် ခဏတာမျှ စကားမဲ့သွားရသည်။
"ကဲပါ... နောက်ပြောင်မနေနဲ့တော့။ ဘာစားချင်လဲ။ ငါ အခု ချက်ကျွေးမယ်"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို ဖက်တွယ်လိုက်ရင်း ဆက်ချော့မော့နေလေသည်။
"ခွင့်ပြုပါဦး၊ မင်းက မမလေးစူး ဟုတ်ပါသလား"
ထိုအချိန်တွင် ရဲမက်တစ်ယောက် ချဉ်းကပ်လာပြီး မေးမြန်းနေလေသည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လွှတ်ပေးလိုက်ပြီး ရဲမက်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်မက ထောင်ယောင်ဖန့်က စူးယောင်ကွမ်းပါ"
"ခရိုင်အမတ်မင်းက မင်းကို တွေ့ချင်နေပါတယ်"
ရဲမက်က ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မ လိုက်ခဲ့ပါ့မယ်"
စူးယောင်ကွမ်းက ရဲမက်ကို ပြန်ပြောပြီးမှ ကျိုးဝမ်ရှူဘက်သို့ လှည့်လိုက်သည်။
"နင် ငါ့နောက်ကို လိုက်နေရတာ ပင်ပန်းနေလောက်ပြီ။ အရင်ပြန်သွားပြီး စောင့်နေ၊ ငါ မကြာခင် ပြန်လာခဲ့မယ်"
စူးယောင်ကွမ်းအတွက် ခရိုင်အမတ်မင်းနှင့် တွေ့ဆုံရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့ကို မတွေ့ခင်က သူမ၏စိတ်ထဲတွင် ခရိုင်အမတ်မင်းကို အင်မတန် ခန့်ညားကြီးကျယ်သည့် လူကြီးတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း တကယ်တွေ့ရချိန်တွင်တော့ ယဉ်ကျေးသိမ်မွေ့သည့် သက်လတ်ပိုင်းအရွယ် ပညာရှင်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမ ဂါရဝပြုရန် ဒူးထောက်လိုက်ချိန်တွင် ခရိုင်အမတ်မင်းက သူမကို တားဆီးလိုက်သည်။
"ထိုင်ပါ၊ ထိုင်ပြီး စကားပြောကြရအောင်"
"ကျေးဇူးတင်ပါတယ်... အရှင်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"မင်းကို ဒီကို ဖိတ်ကြားရတာက ကူးစက်ရောဂါ ကိစ္စကြောင့်ပါ။ ဒီကပ်ဘေးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ မင်းတို့ရဲ့ ထောင်ယောင်ဖန့်က အဖြေရှာဖို့ အရင်ဆုံး အဆိုပြုခဲ့တယ်။ အဲ့ဒါတင်မကဘဲ ဆေးညွှန်းတွေနဲ့ ဆေးပစ္စည်းတွေ၊ ရိက္ခာတွေကိုလည်း အများဆုံး ထောက်ပံ့ပေးခဲ့တယ်။ ဒီကိစ္စပြီးသွားရင် မင်းရဲ့ ကောင်းမြတ်တဲ့ လုပ်ရပ်တွေကို အစီရင်ခံစာ ရေးပြီး အထက်ကို သေသေချာချာ တင်ပြပေးမှာပါ"
မြို့စားမင်းကြီးချန်က ထိုသို့ ပြောလာသောကြောင့် စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"ထောင်ယောင်ဖန့်အနေနဲ့ တခြား ဘာများ ထပ်ကူညီပေးရမလဲရှင့်"
ခရိုင်အမတ်မင်းချန်က သက်ပြင်းချကာ ရှင်းပြလာခဲ့သည်။
"အခု ဒုက္ခသည်အရေအတွက်က တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေပြီး မြို့ထဲမှာ လက်မခံနိုင်တော့ဘူး။ တကယ်လို့ ဒီအတိုင်းသာ ဆက်လွှတ်ထားမယ်ဆိုရင် မြို့က သဘာဝဘေးနဲ့ ကူးစက်ရောဂါတွေကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် အတွင်းပိုင်းကနေ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေကို စနစ်တကျ ပြန်လည်နေရာချပေးဖို့ လိုအပ်တယ်"
စူးယောင်ကွမ်းက အချိန်ခဏကြာအောင် စဉ်းစားနေပြီးမှ အကြံပြုလိုက်သည်။
"မြို့ထဲမှာ လက်မခံနိုင်တော့ဘဲ ဒီအတိုင်းလွှတ်ထားရင်လည်း အတွင်းပဋိပက္ခ ဖြစ်လာနိုင်တယ်ဆိုမှတော့ ကျွန်မတို့အနေနဲ့ ဒုက္ခသည် အရေအတွက်ကို ရေတွက်ပြီး သူတို့ရဲ့ နေရပ်လိပ်စာကို မှတ်ပုံတင်ရပါမယ်။ ပြီးရင် သူတို့ကို ကျေးရွာအသီးသီးဆီ ခွဲဝေနေရာချပေးရပါလိမ့်မယ်။ ကျွန်မသိသလောက်တော့ ရွာတိုင်းလိုလိုမှာ ပိုင်ရှင်မဲ့အိမ်တွေ အများကြီးရှိပြီး အဲ့ဒီအိမ်တွေကို ရွာကပဲ ထိန်းသိမ်းထားတတ်ကြပါတယ်။ ဒီအခွင့်အရေးကို သုံးပြီး အဲ့ဒီပိုင်ရှင်မဲ့အိမ်တွေကို ပြန်သိမ်းဆည်းပြီး ဒုက္ခသည်တွေကို နေရာချပေးဖို့ အသုံးပြုလို့ ရနိုင်ပါတယ်"
"ဒုက္ခသည်တွေကို စာရင်းကောက်တဲ့အခါ သူတို့က ရေရှည်နေမှာလား ဒါမှမဟုတ် ရေတိုပဲ နေမှာလားဆိုတာကို မေးမြန်းဖို့ လိုပါတယ်။ တကယ်လို့ ရေရှည်နေဖို့ ရည်ရွယ်ထားတယ်ဆိုရင် သူတို့မှာ ဘာကျွမ်းကျင်မှုတွေ ရှိလဲဆိုတာကို မှတ်သားထားရပါမယ်၊ ဒါမှ နောက်ပိုင်းမှာ သူတို့အတွက် အလုပ်အကိုင် ရှာဖွေပေးရတာ ပိုလွယ်ကူမှာပါ။ ရေတိုနေမယ့်သူတွေအတွက်ကတော့ ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာကို မေးထားရပါမယ်။ ရေရှည်ပဲဖြစ်ဖြစ် ရေတိုပဲဖြစ်ဖြစ် သူတို့ကို အလကားတော့ ပေးမနေသင့်ပါဘူး။ ဒုက္ခသည်တွေက ငတ်မွတ်ခေါင်းပါးမှုဘေးကနေ ထွက်ပြေးလာကြတာဆိုပေမယ့် သူတို့နဲ့အတူ ပစ္စည်းတချို့တော့ ပါလာမှာပဲ မဟုတ်လား။ ငွေရှိတဲ့သူက ငွေထုတ်ပေးရမှာဖြစ်ပြီး ငွေမရှိတဲ့သူတွေကိုတော့ လုပ်အားပေးခိုင်းသင့်ပါတယ်"
"ဒီမိုးက အရမ်းကြာအောင် ရွာနေတော့ မြစ်ကမ်းပါးတွေ အပါအဝင် နေရာတော်တော်များများ ပျက်စီးနေပြီး ပြုပြင်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒါ့အပြင် ရေမြောင်းတွေ ပြန်ဆယ်ဖို့၊ အမိုးတွေပြင်ဖို့နဲ့ နံရံတွေ ခိုင်ခံ့အောင် လုပ်ဖို့အတွက်လည်း လုပ်အားတွေ လိုအပ်ပါလိမ့်မယ်"
"ကျွန်မတို့မြို့က အရှင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ပြည်သူတွေမှာလည်း စားစရာ ရှိနေပါသေးတယ်။ ဒါပေမယ့် ကူးစက်ရောဂါကို မဖြေရှင်းနိုင်ရင် ရိက္ခာတွေ ထပ်ရောက်လာတော့မှာ မဟုတ်ဘူး။ မြို့ရဲ့ သိုလှောင်ရုံတွေကိုပဲ အားကိုးနေရင် တဖြည်းဖြည်းနဲ့ စားစရာ ပြတ်လပ်သွားပါလိမ့်မယ်။ ကောက်ပဲသီးနှံတွေကို ရေလွှမ်းမိုးခံရအောင် ဒီအတိုင်းထားမယ့်အစား အချိန်မတိုင်ခင် ကြိုတင်ရိတ်သိမ်းလိုက်တာက ပိုကောင်းပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေ၊ မြစ်ထဲက ငါးနဲ့ ပုစွန်တွေအပြင် တောင်ပေါ်က တောလိုက်လို့ရတဲ့ သားကောင်တွေနဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေ... စားလို့ရတာ မှန်သမျှကို အရေးပေါ်အခြေအနေအတွက် အသုံးပြုသင့်ပါတယ်"
"မင်း ပြောတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ ငါးပုစွန်တွေနဲ့ တောလိုက်လို့ရတဲ့ သားကောင်တွေ ကိစ္စကတော့ ဆွေးနွေးလို့ ရနိုင်သေးတယ်။ ဒါပေမယ့် ပြည်သူတွေကို ကောက်ပဲသီးနှံတွေ အချိန်မတိုင်ခင် ကြိုတင်ရိတ်သိမ်းခိုင်းဖို့ ဆိုတာကတော့... အခုအချိန်မှာ ရိတ်သိမ်းခိုင်းတာက သူတို့ကို အသေသတ်လိုက်တာနဲ့ တူတူပဲ"
ခရိုင်အမတ်မင်းချန်က ဒေသခံအရာရှိတစ်ဦး ဖြစ်သည့်အတွက် ပြည်သူများ ဘာကို တန်ဖိုးထားမှန်း ကောင်းကောင်း နားလည်နေခဲ့သည်။
စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"တကယ်လို့ အရှင်က သူတို့ကို ဒီနှစ်အတွက် အခွန်ကင်းလွတ်ခွင့် ပေးမယ်လို့ ကတိပေးရင်လိုက်ရင်ရော..."
သူမက ဆက်ပြောလိုက်သည်။
"သူတို့က အခွန်မဆောင်နိုင်မှာကို ကြောက်ကြတာပါ၊ အခွန်မဆောင်နိုင်ရင် သူတို့ သေရမှာလေ။ ဒါကြောင့်လည်း သူတို့က သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို မထိရဲကြတာပေါ့။ ဒါပေမယ့် အခွန်ပေးစရာ မလိုတော့ဘူးဆိုရင်တော့ သူတို့ရဲ့ မိသားစုတွေ ငတ်မွတ်ပြီး သေဆုံးသွားမှာကို ဒီအတိုင်း ထိုင်ကြည့်နေကြမှာ မဟုတ်ပါဘူး။ အရှင်... ထောင်ယောင်ဖန့်က လုပ်ခဲ့တာတွေက ကိုယ်ကျင့်တရားရှိတဲ့ ကုန်သည်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံသက်သက်ပါ။ အဲ့ဒါကို နန်းတော်ဆီ လျှောက်တင်လွှာ ရေးပြီး တင်ပြဖို့ မထိုက်တန်ပါဘူး။ ဒီက ပြည်သူတွေကသာ သူတို့ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် အရှင်က အသနားခံစာ တင်ပြီး ကူညီတိုက်ပွဲဝင်ပေးဖို့ မျှော်လင့်နေကြတာပါ"
ခရိုင်အမတ်မင်းချန်က ပြောလိုက်သည်။
"မိန်းခလေးစူး... မင်းရဲ့ အတွေးအမြင်တွေက ငါ့ကို အများကြီး အကြံဉာဏ်ရစေတယ်။ ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"
သူက အပြုံးဖြင့် ဆက်ပြောလာခဲ့သည်။
"မင်းက မိန်းမပျိုလေး ဖြစ်နေသေးတော့ ငါ မင်းကို ထမင်းတပ်နပ် ဧည့်ခံဖို့အတွက် ဆွဲမထားတော့ပါဘူး။ ဒီကိစ္စတွေ အားလုံးပြီးသွားရင်တော့ ငါ့ဇနီးကို မင်းကို ဖိတ်ခေါ်ပြီး ကောင်းကောင်း ဧည့်ခံခိုင်းလိုက်ပါ့မယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"အမတ်မင်းကြီး.... အရှင်က အရမ်း ကြင်နာလွန်းနေပါပြီ။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်ပေးနေရတဲ့ အရှင်ကသာ တကယ်ကို ပင်ပန်းလှတာပါ။ ကျွန်မအနေနဲ့ အရှင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အနည်းငယ်လေး မျှဝေထမ်းပိုးပေးနိုင်ရင်ပဲ အရမ်း ဂုဏ်ယူနေရပါပြီ"
သူမကို လာခေါ်ခဲ့သည့် ရဲမက်က စူးယောင်ကွမ်းကို အပြင်သို့ ပြန်လိုက်ပို့ပေးပြီး စာသင်ကျောင်းအထိ လိုက်ပို့ပေးခဲ့သည်။ ထိုရဲမက်က စူးယောင်ကွမ်းအား စာသင်ကျောင်းဆီသို့ ခေါ်ဆောင်လာချိန်တွင် ကျောင်းဝင်းတံခါးဝ၌ ရစ်သီရစ်သီ လုပ်နေသော ကျန်းရိဟွမ်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသွားသည်။
"နင် ဘာပြစ်မှုကျူးလွန်ထားလို့ ရဲမက်တွေတောင် လာဖမ်းခေါ်နေရတာလဲ"
ကျန်းရိဟွမ်းက သူတပါးအပေါ် ကဲ့ရဲ့လှောင်ပြောင်ချင်စိတ်ဖြင့် လှမ်းပြောလိုက်သည်။
စူးယောင်ကွမ်းက မျက်စောင်းတစ်ချက် ဝှေ့လိုက်ပြီး ပြန်ပြောလိုက်သည်။
"နင့်ကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး။ ခရိုင်အမတ်မင်းကြီး ငါ့ကို ခေါ်တွေ့တာက ထောင်ယောင်ဖန့်ရဲ့ ကောင်းမြတ်တဲ့ လုပ်ရပ်တွေကို ချီးကျူးဖို့အတွက်ပါ၊ ငါ့ကို ဒုက္ခပေးဖို့ မဟုတ်ဘူး"
ကျန်းရိဟွမ်းက သူမ၏ နှုတ်ခမ်းကို မဲ့လိုက်ရင်း အတုအယောင် အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
"အော်... ဟုတ်လား၊ ဂုဏ်ယူပါတယ်နော်"
သူမ၏ မျက်ဝန်းအိမ်ထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
'ထောင်ယောင်ဖန့်က ဆန်နဲ့ ရိက္ခာတွေကို ဘယ်ကနေ ရနေတာလဲ'
'ငါဆိုရင် ဖုန်းဟွာကော့ကို မနည်းလည်ပတ်နိုင်အောင် ယောကျာ်းတွေ အများကြီးဆီမှာ အသနားခံခဲ့ရတာလေ။ အဲ့ဒီအချိန်မှာ ထောင်ယောင်ဖန့်ကတော့ ယာဂုတွေ၊ ဆေးဝါးတွေ နေ့တိုင်း ဝေငှနေပြီး ငွေတွေကို ရေလိုသုံးနေနိုင်တယ်။ သူတို့ဆီမှာ ရတနာသိုက်တစ်ခုခု ရှိနေတာလား မသိဘူး'
သူမ အတွေးများနေစဥ် စူးယောင်ကွမ်းက သူမကို လှမ်းပြောလိုက်သည်။
"ဒါပေမယ့် ငါ အရှက်ကွဲမှာကို စောင့်ကြည့်ဖို့အတွက် နင့်ရဲ့ ခွန်အားတွေကို ဖြုန်းတီးနေမယ့်အစား နင့်ရဲ့ ပညာသင်သားရှောင်းကိုပဲ ပိုဂရုစိုက်သင့်တယ်နော်။ တော်ကြာ နင် မရှိတဲ့အချိန် တခြားလူတွေက အခွင့်ကောင်းယူပြီး ကြားဖြတ်လုသွားဦးမယ်"
"နင် ဘာကို ဆိုလိုတာလဲ"
ကျန်းရိဟွမ်းက သတိကြီးစွာဖြင့် မေးလာပြန်သည်။
"နင့်မှာ ကျိုးဝမ်ရှူ ရှိနေပြီပဲကို၊ အခုထိ အစ်ကိုရှောင်းကို စိုက်ကြည့်နေတုန်းလား"
"ကျစ်... သူက ငါနဲ့ ထိုက်တန်လို့လား"
စူးယောင်ကွမ်းက ဒေါသတကြီး ပြန်ချေပလိုက်သည်။
"နင်က အရမ်းတုံးတာပဲ၊ နင့်ကို စကားပြောနေရတာ အချိန်ကုန်တယ်။ ငါ နင့်ကို ဂရုမစိုက်တော့ဘူး"
ကျန်းရိဟွမ်းကတော့ စူးယောင်ကွမ်း ဘာကို ဆိုလိုနေမှန်း သိချင်ဇောဖြင့် ရင်တလှပ်လှပ် ဖြစ်ကျန်ခဲ့သည်။
စူးယောင်ကွမ်းကလည်း သူမ အထဲသို့ ဝင်သွားလျှင် ကြည့်ကောင်းမည့် ပြဇာတ်တစ်ပုဒ် ရှိနေသည်ကို အသေအချာ သိနေခဲ့သည်။
သူမ သတိပြုမိသလောက်တော့ ထို 'မရီးဝမ်' ဆိုသူကလည်း အညံ့ခံမည့်သူ မဟုတ်ပေ။ ရှောင်းယန်ချီတစ်ယောက် သိုးရေခြုံထားသည့် ဝံပုလွေတစ်ကောင်နှင့် ထပ်မံ ဆုံတွေ့နေရခြင်း ဖြစ်ပုံပေါ်သည်။
အခန်း ၁၃၆ ရှုပ်ထွေးပွေလီသော
ကျန်းရိဟွမ်းက စူးယောင်ကွမ်း ကျောင်းတံခါးထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက်တွင်တော့ သူမ၏ စိတ်ထဲတွင် အစပိုင်း တုံ့ဆိုင်းနေမိသမျှ အတွေးအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရပြီး ခြေလှမ်းကျဲကြီးများဖြင့် တံခါးထဲသို့ လှမ်းဝင်လိုက်တော့သည်။
‘စူးယောင်ကွမ်း ပြောသွားတဲ့ စကားအရဆိုရင် ရှောင်းယန်ချီဆီမှာ တစ်ခုခု မှားယွင်းနေပြီလား’
"ရှင်တို့ ဘာလုပ်နေကြတာလဲ"
ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ ပြတင်းပေါက်နားတွင် ရပ်ကာ အထဲသို့ လှမ်းကြည့်လိုက်ပြီး မိန်းမတစ်ယောက်က ရှောင်းယန်ချီ၏ ခါးကို ဖက်ထားသည်အား မြင်လိုက်ရသဖြင့် သူမ ချက်ချင်း ဒေါသချောင်းချောင်းထွက်သွားခဲ့သည်။
သို့သော်လည်း သူမက သူမ၏စိတ် အလျင်အမြန် ပြန်တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
သူမက ရှောင်းယန်ချီကို ဝမ်းနည်းပူဆွေးနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ ပါးစပ်လေးကို လက်ဖြင့် အုပ်ကာ မထိန်းနိုင်မသိမ်းနိုင်ဟန်လေးဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
"ကျွန်မ အိမ်ကနေ မနည်းထွက်ပြေးလာခဲ့ရတာကို ဒါက အစ်ကိုရှောင်း ကျွန်မကို ပေးတဲ့ လက်ဆောင်လား... ရှင် ကျွန်မအပေါ် ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ....ဟင့်..."
သူမက ပြင်းထန်သော ရိုက်ခတ်မှုကို မခံမရပ်နိုင်ဖြစ်နေသည့်အလား ခန္ဓာကိုယ်လေး ယိမ်းထိုးသွားပြီး မည်သည့်အချိန်မဆို မေ့လဲသွားတော့မည့်ပုံစံလေး ဖြစ်နေရှာသည်။
ရှောင်းယန်ချီက အမြန်ထွက်လာချင်သော်လည်း သူ၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့နေပြီး သူ အနည်းငယ် လှုပ်ရှားလိုက်မိရုံဖြင့် အလွယ်တကူ လဲကျသွားတတ်သည်။ ယခုလည်း သူ မတ်တပ်ရပ်လိုက်ချိန်တွင် အောက်သို့ ငိုက်ကျသွားခဲ့သည်။ မရီးဝမ်က သူ့ကို လှမ်းဖမ်းလိုက်ရာ သူ၏ နှုတ်ခမ်းများက မရီးဝမ်၏ ပါးပြင်ကို မတော်တဆ ပွတ်တိုက်မိသွားသည်။
၎င်းက ရှောင်းယန်ချီကို တောင့်ခဲသွားစေခဲ့သည်။
မရီးဝမ်၏ မျက်ဝန်းများက နီမြန်းလာပြီး ရှက်သွေးဖြာနေဟန်ဖြင့် ခေါင်းငုံ့လိုက်ရင်း ထစ်ထစ်ငေါ့ငေါ့ ပြောနေရှာသည်။
"ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်။ ကျေးဇူးရှင် ဖြစ်နေသရွေ့ ကျွန်မ ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ..."
"ရှောင်းချီ... ရှင်က ကျွန်မအပေါ် ဒီလိုနည်းနဲ့ ကျေးဇူးဆပ်နေတာပေါ့လေ"
ကျန်းရိဟွမ်းက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး နောက်ပြန်လှည့်ကာ ထွက်ပြေးသွားခဲ့သည်။
ရှောင်းယန်ချီတစ်ယောက် ပျာပျာသလဲ ဖြစ်သွားပြီး သူမနောက်သို့ လိုက်သွားချင်သော်လည်း သူ့ခန္ဓာကိုယ် အခြေအနေကြောင့် မလိုက်နိုင်ဖြစ်နေရသည်။ နောက်ဆုံးတွင် သူ ကျန်းရိဟွမ်း ပြေးထွက်သွားသည်ကိုသာ ကြည့်နေရတော့သည်။
"မရီးဝမ်... ခုနက မတော်တဆဖြစ်သွားတာပါ၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"
ရှောင်းယန်ချီက ဆွဲဆောင်မှုရှိနေဆဲဖြစ်သော မရီးဝမ်၏ မျက်နှာကို ကြည့်ကာ တောင့်တောင်းတင်းတင်း ပြောနေလေသည်။
"ကျွန်မ သိပါတယ်၊ ကျေးဇူးရှင်က နတ်ဘုရားတစ်ပါးလိုပါပဲ... ကျွန်မဘက်က ဘယ်လိုလုပ် မရိုးဖြောင့်တဲ့စိတ်ထားဝံ့ပါ့မလဲရှင်"
မရီးဝမ်က ဝမ်းနည်းနေဟန်ဖြင့် ပြန်ပြောနေရှာသည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို မျက်နှာချင်းဆိုင် ပြတင်းပေါက်ဆီသို့ ဆွဲခေါ်လာပြီး အပြင်သို့ လှမ်းကြည့်နေခဲ့သည်။ သူမက ကျိုးဝမ်ရှူကို ပြောလိုက်သေးသည်။
"ဘယ်လိုလဲ၊ ဒါက ပြဇာတ်ကောင်းတစ်ပုဒ် မဟုတ်ဘူးလား။ သူ့ကို ကြည့်စမ်း... ဒီမျက်နှာလေး ရှိရုံနဲ့တင် မိန်းမတွေ ရူးခါနေအောင် လုပ်နိုင်တယ်။ နင်က သူ့ထက် အများကြီး ပိုချောတာကို ဘာလို့ နင့်ကို စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်မှ မတွေ့ရသေးတာလဲ"
"သူက မိန်းမတွေကို ရူးခါအောင် လုပ်နေတာလို့ ခင်ဗျား သေချာလို့လား။ အဲ့ဒီမိန်းမတွေကပဲ သူ့ကို ကစားနေတာ မဟုတ်ဘူးလား"
ကျိုးဝမ်ရှူက နှုတ်ခမ်းကို မဲ့လိုက်ရင်း ထပ်ပြောလိုက်သည်။
"အဲ့လိုမိန်းမမျိုးကို အနားကပ်ခံရအောင် ကျွန်တော်က မျက်စိကန်းနေလို့လား"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အံ့ဩတကြီး ပြန်ကြည့်ပြီး အကဲခတ်နေခဲ့သည်။ ထို့နောက် စိတ်ကျေနပ်သွားဟန်ဖြင့် သူ့ပုခုံးကို ပုတ်ကာ ထပ်ပြောလိုက်သည်။
"အစ်မကြီးတစ်ယောက်အနေနဲ့ နင့်ရဲ့ အိမ်ထောင်ရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူးပဲ"
"ကျွန်တော်ကတော့ စိုးရိမ်တယ်"
ကျိုးဝမ်ရှူက ဆက်ပြောနေသေးသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျဖူးတာလေ။ တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ကို ကွာရှင်းလိုက်ရင်... မိန်းမကောင်းလေးတွေက ကျွန်တော် လက်ခံချင်ပါ့မလဲ မသိဘူး"
စူးယောင်ကွမ်း : "..."
‘ဒီကောင်လေး ဒီနေ့ စိတ်အခြေအနေ မကောင်းဘူးဆိုပဲ’
‘ပြောလိုက်တဲ့ စကားတိုင်းမှာ ဆူးတွေ ပါနေပြီး ငါ့ကို ကန့်လန့်တိုက်နေတယ်’
"ငါ ဟင်းသွားချက်လိုက်ဦးမယ်"
စူးယောင်ကွမ်းက သူမရှေ့မှ ကောင်လေးနှင့် မငြင်းခုံချင်သောကြောင့် လောလောဆယ် ရှောင်ထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
လမ်းတစ်ဖက်ခြမ်းဆီမှ မိန်းမတစ်ယောက်၏ ငိုရှိုက်သံများကတော့ ပျံ့လွင့်နေဆဲပင်။ ရှောင်းယန်ချီက သူ့ကိုယ်သူ မနည်းအားယူ ထိန်းချုပ်ထားရပြီး ညင်သာသော စကားများဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။
လမ်းတစ်ဖက်ခြမ်းတွင် အခြေအနေများ ပိုမိုရုန်းရင်းဆန်ခတ် ဖြစ်လေလေ စူးယောင်ကွမ်းကလည်း ပိုစိတ်ကျေနပ်လေလေ ဖြစ်သည်။
သူမက အိုးသေးသေးလေးဖြင့် ဟော့ပေါ့လုပ်နေရင်း သီချင်းတစ်အေးအေး ညည်းနေခဲ့သည်။
ဟော့ပေါ့အိုး အဆင်သင့်ဖြစ်ချိန်မှသာ သူမက ကျိုးဝမ်ရှူကို လှမ်းခေါ်ပြီး အတူတူ စားသောက်ကြသည်။ သူမ၏ စိတ်အခြေအနေ ကောင်းနေသည်ကို မြင်နေရသည့် ကျိုးဝမ်ရှူကလည်း သခင်လေးဇီကျန့်ကြောင့်ဘား သို့မဟုတ် သူမ အခုလေးတင် ခေါ်လာခဲ့သည့် ညီအစ်ကိုနှစ်ယောက်ကြောင့်လားဆိုသည်ကို ခွဲခြားမရနိုင်ဖြစ်နေခဲ့သည်။
သန်းခေါင်ယံအချိန်တွင် စူးယောင်ကွမ်းတစ်ယာက် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကြောင့် နိုးလာခဲ့ရသည်။ သူမ အိပ်ရာမှ ထထိုင်လိုက်ပြီး အပြင်ဘက်သို့ ဝေခွဲမရစွာဖြင့် လှမ်းကြည့်လိုက်မိသည်။
"ကုတင်ပေါ်လာ အိပ်ပါလား"
ကျိုးဝမ်ရှူက လှမ်းပြောလိုက်သည်။
"ပြတင်းပေါက်နားက လေအရမ်းတိုက်တော့ အအေးမိဖို့ လွယ်တယ်။ အခုလို အခြေအနေမျိုးမှာ အအေးမိတာလေးကတောင် အသက်အန္တရာယ်ရှိနိုင်တယ်"
"ရပါတယ်... ငါ မချမ်းပါဘူး၊ ဒါပေမဲ့ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူးနော်။ အဲ့ဒီအသံကြီးက ကြောက်စရာကြီး"
စူးယောင်ကွမ်းက စောင်ကို ပိုတင်းကျပ်နေအောင် ဆွဲခြုံထားလိုက်သည်။
ယနေ့ည၏ လေထုက သူမ အသတ်ခံခဲ့ရသည့် ညနှင့် ထူးဆန်းစွာ တူညီနေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ပြတင်းပေါက်နားတွင် လှဲလျောင်းရင်း လေတိုက်သံကို နားထောင်နေရခြင်းကပင် သူမကို စိတ်မလုံခြုံသလို ခံစားရစေသည်။
သူမ စောင်ကြီးခြုံလျက်နှင့် ကုတင်ပေါ်မှ ဆင်းကာ ဖိနပ်စီးပြီး ကျိုးဝမ်ရှူ၏ ကုတင်ဘေးသို့ ပြေးသွားခဲ့သည်။ ကျိုးဝမ်ရှူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူမက ကုတင်ပေါ်သို့ တက်သွားနှင့်ပြီးသား ဖြစ်နေချေပြီ။
"ငါ နင့်နားမှာ ခဏလောက် မှီနေမယ်နော်၊ နင့်ကို မနှောင့်ယှက်ဘူး။ နင် အိပ်တော့နော်"
စူးယောင်ကွမ်းက ကုတင်ထောင့်လေးတွင် ကွေးကွေးလေး ကပ်ထိုင်နေရှာသည်။
ကျိုးဝမ်ရှူက သူမ၏ ပုံစံတစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သော်လည်း သူမဘက်မှ ဘာမှမပြောသဖြင့် မေးနေလည်း အပိုဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။ သူ ထထိုင်လိုက်ပြီး ထောင့်တွင် ကပ်နေသော သူမကို ကြည့်ကာ ဘေးနားရှိ နေရာလွတ်ကို ပုတ်ပြရင်း လှမ်းပြောလိုက်သည်။
"ဒီမှာ လှဲအိပ်လိုက်လေ"
"အဲ့ဒါက နည်းနည်း လွန်ရာမကျဘူးလား"
"ကုတင်ပေါ်တောင် တက်လာပြီးပြီပဲကို... ဘာတွေ အားနာနေရတာလဲ"
ကျိုးဝမ်ရှူက ထပ်တိုက်တွန်းလိုက်သည်။
"ကျွန်တော်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ ခင်ဗျားက ကျွန်တော့်ကို မောင်လေးတစ်ယောက်လို သဘောထားတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ဒီမှာ လှဲအိပ်ရမှာကို ဒီလောက်တောင် ကြောက်နေရတာလဲ။ ဒါဆို... အရင်က ခင်ဗျားပြောခဲ့တဲ့ စကားတွေက ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ သက်သက်ပဲလား"
စူးယောင်ကွမ်းတစ်ယောက် သူမ သူ့ကို နှစ်သိမ့်ပေးဖို့ သက်သက်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုနိုင်သော်လည်း... ယခု သူမအနားတွင် တစ်ယောက်ယောက် ရှိနေပေးဖို့ အမှန်တကယ် လိုအပ်နေခဲ့သည်။
နောက်ဆုံးတွင် သူမ လှဲချလိုက်သော်လည်း ကျိုးဝမ်ရှူက ပြောလာပြန်သည်။
"အပြင်က အသံတွေက အဝေးကြီးက ကြားနေရတာပါ၊ ခင်ဗျားက ဘာကို ကြောက်နေတာလဲ"
"ငါ မကြောက်ပါဘူး၊ ပြတင်းပေါက်နားမှာ လေက အရမ်းပြင်းလို့ နည်းနည်း ချမ်းနေရုံလေးပါ"
"အင်း... အိပ်တော့"
ကျိုးဝမ်ရှူက သူမကို ကျောပေးလိုက်သည်။
စူးယောင်ကွမ်းတစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။
သူမ ကျိုးဝမ်ရှူနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော်လည်း ရုပ်ချောသော လူငယ်လေးတစ်ဦးနှင့် ကုတင်တစ်ခုတည်းတွင် အတူတူလှဲနေရခြင်းက စူးယောင်ကွမ်းကို စိတ်မလုံမလဲ ဖြစ်နေစေသည်။ ယခု သူက သူမကို ကျောပေးထားသဖြင့် သူမ အနည်းငယ် စိတ်လျှော့နိုင်သွားခဲ့သည်။
ခဏအကြာတွင် စူးယောင်ကွမ်းက သူမ၏လက်ကို ဆန့်တန်းပြီး ကျိုးဝမ်ရှူ၏ အင်္ကျီအနားစကို ဆွဲကိုင်လိုက်သည်။
"အပြင်မှာ ဘာသံတွေလဲ မသိဘူးနော်"
အပြင်ဘက်မှ စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။ နာမကျန်းဖြစ်နေသည့် ကျောင်းသားနှစ်ယောက်၏ အသံနှင့် ဆင်တူနေသော်လည်း ထိုကျောင်းသားနှစ်ယောက်က ယနေ့တွင်မှ ရောဂါအခြေအနေ အနည်းငယ် သက်သာလာပုံရပြီး ကုတင်ပေါ်မှဆင်းကာ ဟိုဟိုဒီဒီပင် လျှောက်လှမ်းနိုင်သည့် ကျောင်းသားများ ဖြစ်နေလေသည်။
ထိုအသံက အလွန်စူးရှလွန်းသဖြင့် စူးယောင်ကွမ်းကို လန့်နိုးလာစေခဲ့ရာ အခြားသူများလည်း အသေအချာ ကြားနိုင်ခဲ့သည်။ သူတို့ အသံကြားရသဖြင့် အပြင်မှ အဖြစ်အပျက်ကို သိနိုင်ရန် အပြင်ထွက် ကြည့်ကြရာမှ စကားလက်ဆုံ ကျနေကြခြင်းသည်။
"ငါ အခုလေးတင် ကင်းသမားကို မေးကြည့်ပြီးပြီ၊ သူ အခြေအနေသွားကြည့်နေတယ်။ သူ ပြန်လာရင်တော့ အပြင်မှာ ဘာဖြစ်လဲဆိုတာ သိရမှာပါ"
"တော်သေးတာပေါ့၊ စာသင်ကျောင်းက ကာကွယ်ဖို့အတွက် ကင်းသမားတွေ ငှားထားလို့။ မဟုတ်ရင်တော့ ငါတို့လို အားအင်ချည်းနဲ့နေတဲ့ လူမမာကျောင်းသား အနည်းငယ်ပဲ ကျန်နေတော့မှာ။ အပြင်မှာ ဒုက္ခသည်တွေ ဒီလောက်များတာ... သူတို့သာ အတင်းဝင်လာရင် ငါတို့ အလွယ်တကူ အနိုင်ကျင့်ခံရမှာ သေချာတယ်"
"ကင်းသမား ပြန်လာပြီ"
"စာသင်သားတို့... စောစောစီးစီး အနားယူကြပါတော့။ စာသင်ကျောင်းကို စောင့်ရှောက်ဖို့ လူတွေ စီစဥ်ထားပြီးသားဆိုတော့ သူခိုး ဓားပြတွေ လာရင်တောင် ငါတို့က အထဲကို ပေးမဝင်ပါဘူး"
"တစ်ခုခု ဖြစ်လို့လားခင်ဗျာ"
"ဒုက္ခသည် တချို့က အဖမဲ့သားအမိတွေရဲ့ အိမ်ထဲကို အတင်းဝင်ရောက်ပြီး အမေနဲ့သမီးကို အနိုင်ကျင့်စော်ကားပြီး သတ်ပစ်လိုက်ကြတယ်လေ။ အာဏာပိုင်တွေက သူတို့ကို ဖမ်းဖို့ လူလွှတ်လိုက်ပြီ၊ မကြာခင် သတင်းထူး ကြားရမှာပါ"
"အဲ့ဒီဒုက္ခသည်တွေကို မြို့ထဲ ပေးမဝင်သင့်ဘူး၊ မြို့ပြင်ကိုပဲ မောင်းထုတ်ပစ်ရမှာ။ အဲ့ဒီနေ့က ငါတို့ကို ဝင်လုသွားတာလည်း ဒုက္ခသည်တွေပဲ။ အမတ်မင်းက သူတို့ကို သနားမနေသင့်ဘူး၊ မြို့တံခါးကို ပိတ်ထားပြီး ဘယ်သူ့ကိုမှ အဝင်မခံသင့်တာ"
"အစ်ကိုကျန်း... စိတ်လှုပ်ရှားမခံပါနဲ့၊ ခင်ဗျား ကောင်းကောင်း မသက်သာသေးဘူးလေ"
"ငါတို့သောက်နေတဲ့ ဆေးတွေကို ထောင်ယောင်ဖန့်က ပေးတာလို့ ကြားတယ်။ ထောင်ယောင်ဖန့်ဆိုတာ ကျိုးဝမ်ရှူ ဇနီးရဲ့ ဆိုင် မဟုတ်ဘူးလား။ ဒါဆို ငါတို့သောက်နေတဲ့ဆေးက ကျိုးဝမ်ရှူ သောက်တဲ့ဆေးနဲ့ အတူတူပဲပေါ့"
"ဟုတ်တယ်၊ ကျိုးဝမ်ရှူ ဒီနေ့ အပြင်ထွက်တာ ကြည့်ရတာတော့ သူ အခြေအနေ ကောင်းနေပုံပဲ။ ငါတို့လည်း မကြာခင် သက်သာလာမှာပါ။ အစ်ကိုကျန်း... အခုအချိန်မှာ အရေးကြီးဆုံးက နေကောင်းဖို့ပဲ၊ အသေးအဖွဲလေးတွေကြောင့် အဓိကအလုပ်ကို မထိခိုက်စေနဲ့"
"ငါ အရင်က ကျိုးဝမ်ရှူကိုတောင် နှိပ်စက်ခဲ့မိသေးတယ်။ အခု ပြန်တွေးကြည့်တော့ တကယ် ရှက်ဖို့ ကောင်းတယ်"
"ခင်ဗျားက သူ ဇီသာတီးတာကို ဆန်ဖွတ်တာထက်တောင် ပိုဆိုးတယ်လို့ ကဲ့ရဲ့ရုံပဲ ကဲ့ရဲ့ခဲ့တာပါ။ အဲ့ဒါက စိတ်နာစရာကောင်းပေမဲ့ တကယ့်နှိပ်စက်တာတော့ မဟုတ်ပါဘူး။ ကျန်းယီဟွေ့နဲ့ သူ့လူစုက ကျိုးဝမ်ရှူရဲ့ စောင်ပေါ်ကို ဆီးသွားခဲ့တာ... အဲ့ဒါကမှ တကယ် နှိပ်စက်တာ"
စူးယောင်ကွမ်းက ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး အော်မေးလိုက်သည်။
"သူက တကယ်ပဲ နင့်စောင်ပေါ်ကို ဆီးသွားရဲတယ်ပေါ့"
အပြင်ဘက်မှ စကားပြောသံများက ချက်ချင်း ရပ်တန့်သွားခဲ့သည်။
ကျိုးဝမ်ရှူက သက်ပြင်း ခိုးချလိုက်ပြီး အလွန်အမင်း မခံမရပ်နိုင်ဖြစ်ရသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့က တကယ့်ကို လွန်လွန်းတယ်"
ထိုလူများကြောင့်ပင် သူ ရေချိုးနေစဥ် ရေချိုးခန်း မီးလောင်ခဲ့ရပြီး စာသင်ကျောင်းအနှံ့ ကိုယ်လုံးတီးဖြင့် ပြေးလွှားခဲ့ရကာ လူတိုင်း၏ လှောင်ပြောင်စရာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။