← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း ၁၃၉ ကပ်ဘေးကယ်ဆယ်ရေး

ကျိုးဝမ်ရှူက အိပ်ရာမှ ထထိုင်လိုက်ပြီး စိတ်မရှည်သော လေသံဖြင့် ထပ်မေးလိုက်သည်။

"ခင်ဗျား ဘယ်သူတွေရဲ့ ဒုက္ခကို ကယ်ဆယ်ဖို့ ဘယ်အရပ်ဆီ ထပ်သွားနေပြန်တာလဲ"

စူးယောင်ကွမ်းက သူမ ဝယ်လာသည့် ဗန်းမုန့်များကို မီးဖိုပေါ်တင်ကာ ပြန်နွေးလိုက်သည်။ မုန့်များမှ ဆီကျသံ တဖျစ်ဖျစ် မြည်လာသည့်အခါမှ သူမက သူ့ကို စားရန် လှမ်းခေါ်လိုက်သည်။

"ငါ ခရိုင်အမတ်မင်းရဲ့ ရုံးတော်ဘက်ကို ခဏသွားခဲ့ရလို့ပါ"

စူးယောင်ကွမ်းက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"ငါ အခု ထောင်ယောင်ဖန့်ကို ချက်ချင်း ပြန်ရမယ်၊ ပြီးရင်တော့ ရုံးတော်က ငါ့ကို တာဝန်ပေးထားတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး လုပ်ရတော့မှာ"

"ခင်ဗျားကတော့ တကယ့်ကို အာလူးပူပူကြီးကို လက်နဲ့ ဖမ်းကိုင်လိုက်တာပဲ"

ကျိုးဝမ်ရှူက နှမ်းနက်အစာသွပ် ဗန်းမုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း ဝေဖန်လိုက်သည်။

"အဲ့ဒီ လူနာတွေနဲ့ ထိတွေ့ရမှာက ကိုင်တွယ်ဖို့ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး ကိစ္စပဲ။ တကယ်လို့ ကျွန်တော်တို့ဘက်က ကြိုတင်ကာကွယ်မှုတွေကို သေချာမလုပ်ရင် ခင်ဗျားတို့ ကူးစက်ခံရဖို့ ဖြစ်နိုင်ချေတော်တော်များသွားလိမ့်မယ်"

"ငါတို့မှာ ကျင့်အာ ရှိနေတာကို မေ့သွားပြီလား၊ ဒါက ကျန်းကျင့်ကို နာမည်ကျော်ကြားလာအောင် လုပ်ပေးမယ့် အခွင့်အရေးပဲ။ အခု အခြေအနေက အကျပ်အတည်းတစ်ခု ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း အခွင့်အလမ်းတစ်ခု ဖြစ်နေပြန်တယ်။ ဒီအကျပ်အတည်း ပြီးဆုံးသွားတာနဲ့ တစ်မြို့လုံးမှာ ရှိတဲ့လူတွေအကုန်လုံးက ကျန်းကျင့်ရဲ့ ဆေးပညာ ဘယ်လောက် ထူးချွန်လဲဆိုတာ သိသွားကြလိမ့်မယ်"

စူးယောင်ကွမ်းက သူ စိတ်အေးစေရန် ဖျောင်းဖျလိုက်သည်။

"ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ငါလည်း နင်နဲ့ အတူတူစား၊ အတူတူနေ၊ အတူတူ အိပ်ခဲ့တာပဲလေ၊ ကြည့်လေ... နင် အခုထိ ဘယ်လောက်တောင် ကျန်းမာပြီး နေကောင်းနေလဲ။ ဒါကို ကြည့်လိုက်တာနဲ့ ကျင့်အာ ဖော်စပ်ပေးတဲ့ ဆေးက ထိရောက်မှုရှိပြီး ဒီကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ သက်သေပြနေတာပဲ"

ကျိုးဝမ်ရှူက ဘာမှ ပြန်မပြောဘဲ ဗန်းမုန့်ကိုသာ တိတ်တဆိတ် ဆက်စားနေလေသည်။

စူးယောင်ကွမ်းက သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။

"နင့်ကို ပြုစုစောင့်ရှောက်ပေးဖို့ ငါ့အမေကို လာခိုင်းရမလား၊ ဒါမှမဟုတ် ငါ့ရဲ့ ဒုတိယဒေါ်‌လေး ဒါမှမဟုတ် တတိယဒေါ်လေးကို လာခိုင်းရမလား"

"မလိုဘူး"

ကျိုးဝမ်ရှူက ပင်ကိုယ်ဗီဇအရ ချက်ချင်း ငြင်းပယ်လိုက်သည်။

သူက ထိုလူများနှင့် အတူတူ စား၊ အတူတူနေ၊ အတူတူ အိပ်ရမည်ကို လုံးဝ မလိုလားချေ။

‘တကယ်လို့ အခြားလူသာ ငါ့ခေါင်မိုးအောက်မှာ လာနေမယ်ဆိုရင် ငါ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရမည် မဟုတ်ဘူးလား’

"ဒါဆို ဦးလေးရော..."

"ကျွန်တော် ဘယ်သူ့ကိုမှ မလိုဘူး"

ကျိုးဝမ်ရှူက ဆက်ပြောလိုက်သည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ခင်ဗျား ဒီမှာနေပြီး တတွတ်တွတ်နဲ့ အရမ်းဆူညံနေခဲ့တာ။ အခု ခင်ဗျား ထွက်သွားမယ်ဆိုတော့ ကျွန်တော့်အတွက် အေးအေးဆေးဆေးနဲ့ တည်ငြိမ်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရတော့မယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ် လာမနှောင့်ယှက်ပါနဲ့တော့"

"ဩော်... နင်က ငါ့ကို ဒီလောက်တောင် စက်ဆုပ်ရွံရှာနေတာပေါ့လေ"

စူးယောင်ကွမ်းက မျက်ရည်သုတ်ချင်ယောင်ဆောင်ရင်း ထပ်ပြောလိုက်သည်။

"နင်ကတော့ ငါ့နှလုံးသားကို တကယ် နာကျင်အောင် လုပ်လိုက်တာပဲ"

ကျိုးဝမ်ရှူ : "..."

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အမှာစကားအချို့ ပြောခဲ့ပြီး သူမ၏ အသုံးအဆောင်များကို သိမ်းဆည်းကာ ထွက်ခွာသွားခဲ့သည်။

.....။.....။..

ကျိုးဝမ်ရှူ စူးယောင်ကွမ်းကို လိုက်ပို့ချိန်တွင် ရှောင်းယန်ချီက အမျိုးသမီးနှစ်ဦး၏ ပြုစုကျွေးမွေးခြင်းကို ခံနေရသည်။ သူက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေပြီး စူးယောင်ကွမ်းတစ်ယောက် ခရီးဆောင်အိတ်ကို လွယ်ကာ ထွက်ခွာသွားသည်အား မြင်လိုက်ရသဖြင့် နှာခေါင်းရှုံ့ကာ လှောင်ပြောင် ရယ်မောလိုက်တော့သည်။

.....။.....။...

"သခင်မလေး ပြန်ရောက်လာပြီပဲ"

ကျန့်ယွမ်ဖန်းက စူးယောင်ကွမ်းကို ခရီးဦးကြိုပြုလိုက်သည်။

"သခင်မလေး... ရုံးတော်က လူတွေ ရောက်လာပြီး ကျန်းမိန်းကလေးကို ခေါ်သွားကြတယ်။ အိမ်က အမျိုးသမီးတွေကတော့ စိတ်ပူလို့ လိုက်သွားကြည့်ကြတာ အခုထိ ပြန်မလာကြသေးဘူး"

စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ရုံးတော်ကလူတွေက လုပ်စရာ ကိစ္စတချို့ရှိလို့ ခေါ်သွားတာပါ။ ခဏနေရင် ကျွန်မလည်း အဲ့ဒီကို သွားမှာ၊ ဒါနဲ့... ရှင့် ညီလေးရဲ့ အခြေအနေရော... ဘယ်လိုရှိလဲ"

"မနေ့ညက ကျန်းမိန်းကလေးက သူ့ကို စစ်ဆေးပေးပြီး ဆေးနှစ်ကြိမ် တိုက်ခဲ့တယ်။ အခု သူ့အဖျားလည်း ကျသွားပါပြီ၊ စောစောကတင်ပဲ သတိပြန်ရလာပါပြီ"

ကျန့်ယွမ်ဖန်းက ကျေးဇူးတင်စကား ထပ်ပြောနေပြန်သည်။

"သခင်မလေး... ကျွန်တော်တို့ ညီအစ်ကိုတွေအပေါ် တင်ရှိနေတဲ့ သခင်မလေးရဲ့ ကျေးဇူးတရားကို ကျွန်တော် တစ်သက်လုံး ရင်ထဲအထိ မှတ်သားထားပါ့မယ်"

"အဆင်ပြေသွားရင်ပဲ ကျွန်မ ဝမ်းသာပါပြီ"

စူးယောင်ကွမ်းတစ်ယောက် ထောင်ယောင်ဖန့်သို့ ပြန်ရောက်သည်မှာ မကြာသေးမီအချိန်လေးအတွင်း ရုံးတော်မှ လူများ သူမကို လာရောက်ရှာဖွေကြသဖြင့် သူမလည်း ထိုလူများနောက်သို့ လိုက်ပါကာ ရောဂါသည်များအား စီမံထားရှိရသည့် နေရာသို့ ရောက်လာခဲ့ရသည်။ ရုံးတော်က ကူးစက်ရောဂါသည်များကို ဘုရားကျောင်းတစ်ကျောင်းအတွင်း၌ ထားရှိခြင်း ဖြစ်သည်။

ကျန်းကျင့်၏ ညွှန်ကြားချက်အရ ထိုကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအဝင် ဘုန်းကြီးများနှင့် ကိုရင်လေးများက ကာကွယ်ဆေး သောက်ထားကြပြီး သူတို့၏ ပါးစပ်နှင့် နှာခေါင်းများကို အဝတ်ဖြင့် စည်းနှောင်ထားကြသည်။ ကြိုတင်ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက်မှသာ သူတို့က ရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးကြသည်။

"အော့မိသော့ဖော..."

ကျောင်းထိုင်ဆရာတော်က ရှေ့သို့ ကြွလှမ်းလာပြီး စူးယောင်ကွမ်းအား လက်အုပ်ချီ နှုတ်ဆက်ရင်း ဗုဒ္ဓဘာသာဆုတောင်းစကား ဆိုလိုက်သည်။

"ဒကာမကြီးက နာကျည်းမှုတွေနဲ့ မွေးဖွားလာခဲ့ပေမယ့် အဲ့ဒီနာကျည်းမှုတွေကို နာကျည်းမှုနဲ့ ပြန်မတုံ့ပြန်ဘဲ 'အသက်ရှင်သန်ခြင်း' ဆိုတဲ့ မျှော်လင့်ချက်ကို ပေးဝေဖို့ ရွေးချယ်ခဲ့တယ်။ ဒကာမကြီးရဲ့ လုပ်ရပ်တွေက ဒကာမကြီးဆီကို ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေ ဧကန်မုချ ယူဆောင်လာပေးပါလိမ့်မယ်"

စူးယောင်ကွမ်းကလည်း လက်အုပ်ချီ ဂါရဝပြုကာ ဆရာတော်ကို စူးစိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။

"ဆရာတော်... အဲ့ဒါက ဘာကို ဆိုလိုတာလဲဘုရား"

'နာကျည်းမှုတွေနဲ့ မွေးဖွားလာခဲ့တယ်ဆိုတာက ဘာကို ပြောတာလဲ... အတိတ်ဘဝတုန်းက ငါက သာမန်ရွာသူလေးတစ်ယောက်ပဲလေ။ ငါ့အဖေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စစ်မြေပြင်ကို ထွက်သွားပြီး ဘာသတင်းမှ မကြားရတော့ပေမဲ့ ငါ့အမေက ငါ့ကို ဒုက္ခခံပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့တယ်။ ငါက စိတ်နှလုံးနုနယ်တဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာ၊ နာကျည်းမှုတွေနဲ့ မွေးဖွားလာတဲ့သူ မဟုတ်ဘူး'

'ငါ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်ပိုင်းမှသာ မကျေမနပ်နဲ့ သေဆုံးခဲ့ရတဲ့ အတိတ်ကြောင့် ငါ့ဆီမှာ နာကျည်းမှုတွေ ကပ်ပါလာခဲ့တာလေ။ ငါ ရှောင်းယန်ချီကို ကလဲ့စားချေဖို့ ရွေးချယ်လို့ ရပေမဲ့ သူက ငါ့ရဲ့ ဂရုစိုက်မှုကို ခံယူဖို့ မထိုက်တန်ဘူးလို့ ငါ ခံစားခဲ့ရတယ်'

‘ငါ့ရဲ့ အကြီးမားဆုံးသော နောင်တက အမေ့ကို လျစ်လျူရှုခဲ့မိပြီး အမေနဲ့အတူ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို တန်ဖိုးမထားခဲ့မိတာကိုပဲ။ အရင်က ငါ့ရဲ့ စိတ်အာရုံတစ်ခုလုံးက ရှောင်းယန်ချီဆီမှာ ရှိနေခဲ့လို့ အမေနဲ့အတူ ရှိနိုင်မယ့် အဲ့အချိန်တွေကို လက်လွတ်ခဲ့ရတယ်။ ငါ ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ ငါ့ရဲ့ နှလုံးသားထဲမှာ အမေ့အတွက် ချစ်ခြင်းမေတ္တာတွေပဲ ပြည့်နှက်နေပြီး နောင်တတွေကို အစားထိုး ပေးဆပ်ဖို့ပဲ တွေးနေခဲ့တာ။ ပြီးတော့ အတိတ်ဘဝတုန်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရတဲ့ ကျိုးဝမ်ရှူကိုလည်း ငါ လက်မလွှတ်ချင်ဘူး။ အဲ့ဒါကြောင့် ငါ့နှလုံးသားထဲတွင် ဘာနာကျည်းမှုမှ ရှိနေတော့မှာ မဟုတ်ဘူးလေ။’

‘အရင်ဘဝမှာ ဒီကပ်ဘေး ကျရောက်တုန်းက ငါက ဘာမှမသိနားမလည်ဘဲ ရွာမှာ အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတယ်။ ယခု မြို့ပေါ်ကို ရောက်ရှိနေသလို ဒီအန္တရာယ်ကြီး ဖြစ်လာမှာကိုလည်း ကြိုတင်သိနေတော့ လူတွေကို ကယ်တင်ပေးချင်မိတယ်။’

"ဒကာမကြီးရဲ့ ရင်ထဲမှာ အဖြေရှိပြီးသားပါ..... ဒကာမကြီး..... အော့မိသော့ဖော"

ဆရာတော်က ဗုဒ္ဓဘာသာဆုတောင်းစကားကို ထပ်မံရွတ်ဆိုလိုက်သည်။

"ဒကာမကြီး... ဒီနေ့ အသက်တစ်ချောင်းကို ကယ်တင်လိုက်တာကလည်း ကိုယ်တိုင်အတွက် ကုသိုလ်တွေကို စုဆောင်းနေတာပါပဲ။ ဒကာမကြီး... လုပ်စရာရှိတာတွေကို စိတ်ကြိုက် ညွှန်ကြားနိုင်ပါတယ်။ ဆရာတော် ခွင့်ပြုပါဦး"

စူးယောင်ကွမ်းက ဆရာတော် ထွက်ခွာသွားသည်ကို လှမ်းကြည့်နေခဲ့သည်။

"ယောင်ကွမ်း..."

ကျန်းကျင့်က သူမ၏မျက်နှာရှေ့၌ လက်ကို ယမ်းပြရင်း လှမ်းမေးလိုက်သည်။

"အစ်မ ဘာတွေငေးကြည့်နေတာလဲ"

"ဒီကျောင်းမှာ ကိုရင်နဲ့ ဘုန်းကြီး စုစုပေါင်း ဘယ်နှပါးရှိလဲ"

စူးယောင်ကွမ်းက သူမကို ပြန်မေးလိုက်သည်။

“လေးဆယ်ကျော် ရှိတယ်။ ဒီက ဘုန်းကြီးတွေ ပြောပြချက်အရဆိုရင်တော့ အရင်က ဆယ်ပါးကျော်လောက်ပဲ ရှိတာတဲ့။ ဒါပေမဲ့ ဒီတစ်ခေါက် ဒုက္ခသည်တွေ အများကြီး ရောက်လာတော့ အသက်ရှင်သန်ဖို့ လမ်းမရှိတော့တဲ့လူတချို့က ကတုံးတုံးလိုက်ကြတယ်တဲ့”

“ငါတို့ ကိုရင်တွေ၊ ဘုန်းကြီးတွေနဲ့ ရောဂါသည်တွေအားလုံးရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားဖို့ လိုမယ်။ သူတို့ ဘယ်လောက်ကြာကြာ ဖျားနေတာလဲ၊ ဘာလက္ခဏာတွေ ရှိလဲ၊ နေ့တိုင်း ပြန်သက်သာလာတဲ့ အခြေအနေက ဘယ်လိုလဲ မြင်နိုင်သမျှ အချက်အလက်အားလုံးကို သူတို့အခန်းတွေထဲမှာ ချိတ်ဆွဲထားရမယ်”

“အစ်မ ပြောတာ မှန်တယ်၊ ဒါဆိုရင် ကျွန်မတို့ စောင့်ကြည့်ပြီး မှတ်တမ်းတင်ရတာ ပိုလွယ်သွားတာပေါ့။ ဒါတင်မကဘူး လူတွေက အရမ်းများတော့ အလွတ်မှတ်ထားရင် ရောထွေးကုန်နိုင်တယ်၊ စာနဲ့ ရေးမှတ်ထားရင်တော့ မမှားနိုင်တော့ဘူးလေ”

ကျန်းကျင့်က ထောက်ခံရင်း ဆက်ပြောနေခဲ့သည်။

“သူတို့ကို အခုချက်ချင်း သွားလုပ်ခိုင်းလိုက်မယ်”

“အမေနဲ့ တခြားသူတွေရော ထိခိုက်မှုတွေ ရှိသေးလား”

“မွေးစားအမေနဲ့ ဒေါ်လေးတွေက တကယ့်ကို ကြင်နာတတ်ကြတယ်”

ကျန်းကျင့်က ဆက်ရှင်းပြနေသေးသည်။

“မွေးစားအမေက ပြောတယ်။ ဒါက ဘယ်လောက်ပဲ အလှူငွေတွေ အများကြီး လှူလှူ ရနိုင်တဲ့ ကုသိုလ်မျိုး မဟုတ်ဘူးတဲ့။ အစ်မအတွက် ကောင်းမှုတွေ စုဆောင်းပေးနိုင်ဖို့ ကောင်းတာတွေ ပိုလုပ်ပြီး လူအသက်တွေကို ပိုကယ်တင်ချင်တယ်လို့ ပြောနေသေးတယ်”

ထိုအချိန်တွင် ကျားချွန်းနီ ရောက်လာပြီး လှမ်းပြောနေခဲ့သည်။

“ကျွန်မတို့ အခုပဲ ရေတွက်ကြည့်တာ ရောဂါသည်က တစ်ရာကျော်နေပြီ။ လမ်းမှာလည်း ထပ်ခေါ်လာနေကြတုန်းပဲ။ ဒီဘုရားကျောင်းက လူအများကြီးကို ဆံ့ပါ့မလား”

“ဗုဒ္ဓက ကရုဏာတော်ကြီးမားတာမို့ ဒီလောက်များပြားတဲ့ လူသားတွေ ဒုက္ခရောက်နေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး။ ဆံ့သလောက် နေရာချပေးလိုက်ပါ၊ မြို့ထဲကနေ ပစ္စည်းပစ္စယတွေ သယ်လာပြီး ကြမ်းပြင်ပေါ်မှာပဲ အိပ်ခိုင်းလိုက်ပေါ့”

စူးယောင်ကွမ်းက ဆက်ညွှန်ကြားလိုက်သည်။

“တကယ်လို့ လူနာတွေ သက်သာလာရင် သုံးရက်လောက် စောင့်ကြည့်ပေးမယ်။ ဘာပြဿနာမှ မရှိရင်တော့ သူတို့ကို အပြင်ရွှေ့ပေးလို့ ရပြီ။ လက္ခဏာ သိပ်မပြင်းထန်တဲ့သူတချို့က သုံးရက်အတွင်း ပြန်ကောင်းလာလိမ့်မယ်လို့ ငါ ထင်တယ်။ အရင်တုန်းက သူတို့ကို ဆေးဘယ်လိုသောက်ရမလဲဆိုတာ သင်ပေးမယ့်သူမရှိလို့၊ အခုတော့ သင်ပေးမယ့်သူရှိပြီဆိုတော့ သူတို့ အမြန်ဆုံး ပြန်ကောင်းလာကြမှာပါ”

“ယောင်ကွမ်း... ဝမ်ရှူကို တွေ့လား”

ကျန်းကျင့်က လမ်းတစ်ဖက်ဆီသို့ လှမ်းညွှန်ပြလိုက်သည်။

စူးယောင်ကွမ်း လှည့်ကြည့်လိုက်ရာ ကျိုးဝမ်ရှူက လူအများကြီးနှင့်အတူ မလှမ်းမကမ်း၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး သူ့ကို အထက်အောက် အကဲခတ်ကြည့်ရင်း မေးလိုက်သည်။

"နင် ဒီကို ဘာလာလုပ်တာလဲ"

"ကျွန်တော် သက်သာသွားပြီမို့ ခင်ဗျားတို့အတွက် ကိစ္စတချို့ ကူညီပေးလို့ ရပြီလေ"

ကျိုးဝမ်ရှူက သူ့နောက်မှ လူများကို ညွှန်ပြရင်း ရှင်းပြနေသည်။

"ဒါတွေက ကျုံးချူရှန်း နဲ့ ချန်ပုယွိတို့ ပို့ပေးလိုက်တဲ့ စားစရာတွေနဲ့ အဝတ်အစားတွေပဲ။ ခင်ဗျားတို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

"နင့်ရဲ့ ဖျားနာတဲ့ လက္ခဏာတွေက သက်သာရုံပဲ ရှိသေးတာလေ၊ လုံးဝကြီး ပျောက်ကင်းသွားတာ မဟုတ်သေးဘူး"

ထိုအချိန်တွင် ကျန်းကျင့်က ဝင်ပြောလိုက်သည်။

"နေဦး... ကျွန်မ သူ့သွေးခုန်နှုန်းကို စမ်းကြည့်လိုက်မယ်"

ကျန်းကျင့်က ကျိုးဝမ်ရှူ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ထပ်ပြောလိုက်သည်။

"သူ့ခန္ဓာကိုယ်က နည်းနည်း အားနည်းနေသေးပေမဲ့ ရောဂါကတော့ အကုန်ပျောက်သွားပါပြီ။ သေချာ အနားယူပြီး အဟာရဖြည့်ပေးဖို့ပဲ လိုတော့တယ်။ အရင်ဆေးတွေကို ဆက်သောက်ဖို့ မလိုတော့ဘူး၊ အခုကစပြီး ခန္ဓာကိုယ် အားရှိစေမယ့် အာဟာရဖြည့်ဆေးဝါးတွေပဲ ပြောင်းတိုက်တော့မယ်"

အခန်း ၁၄၀ သီသီလေးလွတ်မြောက်ခြင်း

"သမားတော်... သမားတော်..."

ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"အမြန်လာကြည့်ပေးပါဦး၊ သူ ဘယ်လိုဖြစ်နေလဲဆိုတာ လာကြည့်ပေးကြပါဦး"

စူးယောင်ကွမ်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ စာသင်ကျောင်းမှ ဆရာဝမ်က ရဲမက်နှစ်ယောက်နှင့်အတူ ရောဂါသည်တစ်ယောက်ကို ထမ်းပြီး ဘုရားကျောင်းထဲသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

ရဲမက်နှစ်ယောက်ကလည်း မောဟိုက်ပန်းနွမ်းနေပြီး ဘုရားကျောင်းထဲ ရောက်သည်နှင့် အားပြတ်ကာ လူနာထမ်းစင်ကို ပစ်ချလိုက်ကြသည်။

“ဝုန်း”

လူနာထမ်းစင်က ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

"ဖြည်းဖြည်းလုပ်ကြပါ၊ ကျေးဇူးပြုပြီး ညင်ညင်သာသာ လုပ်ပေးကြပါ"

ဆရာကြီးဝမ်က ဒေါသရော အသနားခံသံပါသည့် အသံဖြင့် အော်ဟစ်လိုက်သည်။

"သမားတော်... ဘယ်သူက သမားတော်လဲ၊ အမြန်လာကြည့်ပေးပါဦး"

ကျန်းကျင့်က လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်သွားပြီး သူ့ကို လှမ်းပြောလိုက်သည်။

"ကျွန်မက သမားတော်ပါ၊ ဘာဖြစ်လို့လဲ"

"သူ့ကို အမြန်လာကြည့်ပေးပါဦး၊ အခြေအနေ မကောင်းတော့ဘူး"

ဆရာကြီးဝမ်က လူနာထမ်းစင်ပေါ်က လူကို လက်ညှိုးထိုးပြနေသည်။

"သူက ကျွန်တော်တို့စာသင်ကျောင်းမှာ စာမေးပွဲအောင်ဖို့ အခွင့်အရေးအရှိဆုံး ကျောင်းသားပါ၊ ဘာအမှားအယွင်းမှ အဖြစ်ခံလို့ မရဘူး"

စူးယောင်ကွမ်းတစ်ယောက် ထိုနေရာတွင် လဲလျောင်းနေသော ရှောင်းယန်ချီကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာတစ်ခုလုံးတွင် အနီစက်များ ဖုံးလွှမ်းနေပြီး နှုတ်ခမ်းများက ညိုမည်းကာ အသက်ရှူသံများလည်း အလွန် အားနည်းနေချေပြီ။

အာဏာပိုင်များက ရောဂါသည်များအားလုံးကို တစ်နေရာတည်းတွင် စုဝေးစေရန် အမိန့်ထုတ်ပြန်ကတည်းက သူမအနေဖြင့် ရှောင်းယန်ချီနှင့် ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း အချိန်ပိုင်းမျှသာ ကြာမြင့်သေးသည့်အချိန်အတွင်း သူ ယခုကဲ့သို့ အခြေအနေအထိ ဖြစ်သွားရသည်ကိုတော့ သူမ နားမလည်နိုင်တော့ချေ။

ကျန်းကျင့်က စူးယောင်ကွမ်း ရှောင်းယန်ချီအား စက်ဆုပ်ရွံရှာနေသည်ကို သိထားပြီး သူမလည်း ထိုလူကို မှတ်မိသွားသဖြင့် သွေးခုန်နှုန်းမစမ်းသေးဘဲ စူးယောင်ကွမ်းကို လှမ်းကြည့်လိုက်သည်။

စူးယောင်ကွမ်းက လှမ်းပြောလိုက်သည်။

"သူ့ကို ကုသပေးလိုက်ပါ၊ နင့်ရဲ့ ဂုဏ်သတင်းကို အပျက်စီးမခံနဲ့"

သမားတော်တစ်ယောက်အနေဖြင့် အသက်အန္တရာယ် ကြုံတွေ့နေရသူကို ကုသပေးရန် ငြင်းဆန်ခဲ့ပါက ဆရာကြီးဝမ်၏ ဝေဖန်မှုကို ခံရရုံတင်မကဘဲ ဤနေရာရှိ ရောဂါသည်များ၏ ယုံကြည်မှုကိုပါ ဆုံးရှုံးသွားပေလိမ့်မည်။

ကျန်းကျင့်က ရှောင်းယန်ချီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"သူ တကယ်ပဲ ဘာတွေ စားခဲ့တာလဲ၊ ဘာဖြစ်လို့ အဆိပ်မိတဲ့ လက္ခဏာတွေ ဖြစ်နေရတာလဲ"

ဆရာကြီးဝမ်၏ မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်း ပြောပြနေရှာသည်။

"သူက ဒုက္ခသည်တစ်ယောက်ကို ခေါ်ထားပြီး အနီးကပ် ပြုစုခိုင်းထားတာလေ၊ အဲ့ဒီလူက သူ့ကို အာဟာရဖြည့်စွက်ဆေးတွေ တိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ ဆေးသောက်ပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဝမ်းကွဲညီမကလည်း နောက်ထပ် အာဟာရဖြည့်စွက်ဆေးတွေ ထပ်ပို့ပေးပြန်ရော... အဲ့ဒီဆေးနှစ်မျိုးလုံးကို သောက်ပြီးတာနဲ့ သူ့ဝမ်းဗိုက်က အပြင်းအထန် နာကျင်တယ်လို့ ချက်ချင်း ညည်းညူပြီး ဒီလိုပုံစံ ဖြစ်သွားတော့တာပဲ"

"အဲ့လိုအာဟာရဖြည့်စွက်ဆေးဆိုတဲ့ အရာတွေက တကယ်တော့ ဆေးဖက်ဝင် အာနိသင်တွေ ရှိကြတယ်။ သူ့ခန္ဓာကိုယ်က သိသိသာသာ အလွန်အမင်း အားနည်းနေတဲ့အချိန်မှာ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် သောက်နေခဲ့တာလား၊ ပိုဆိုးတာက အဲ့ဒီဆေးနှစ်မျိုးက တစ်ခုနဲ့တစ်ခု ဓာတ်မတည့်ဘဲ အာနိသင် ဆန့်ကျင်ဘက် ဖြစ်ပြီး အဆိပ်အတောက် ဖြစ်သွားစေတာပဲ"

စူးယောင်ကွမ်း၏ မျက်နှာတွင်တော့ ဖုံးကွယ်ထားခြင်းမရှိသည့် ကဲ့ရဲ့လှောင်ပြောင်သော အမူအရာများ ထင်ဟပ်လာခဲ့သည်။

သူမက ဘေးနားရှိ ကျိုးဝမ်ရှူကို တံတောင်နှင့် အသာတို့ကာ အဖော်စပ်လိုက်သေးသည်။

"တွေ့လား... အလှနတ်သမီးလေးတွေရဲ့ စေတနာကို ငြင်းပယ်ဖို့က အခက်ခဲဆုံးပဲ မဟုတ်လား"

ကျိုးဝမ်ရှူက မျက်ဆံလှန်ပြရင်း ပြန်ပြောလာခဲ့သည်။

"အဲ့ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ၊ ကျွန်တော် ဖျားနေတုန်းက ခင်ဗျားက အသားတွေ စားပြီး ကျွန်တော့်ကို ယာဂုပဲ တိုက်တယ်၊ နောက်တော့ ခင်ဗျားက အသားစားပြီး ကျွန်တော့်ကို ဟင်းသီးဟင်းရွက်ပဲ ကျွေးတယ်၊ အခု ခင်ဗျားက အသားစားပြီး ကျွန်တော်ကတော့..."

စူးယောင်ကွမ်းက သူ့နှုတ်ခမ်းကို လှမ်းပိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ဆက်မပြောနဲ့တော့၊ နင့်ရဲ့ခံစားချက်တွေကို ငါ နားလည်ပါတယ်။ ခဏနေရင် ငါ နင့်အတွက် အသားကင်လုပ်ပေးမယ်၊ ဒါပေမဲ့ အများကြီးတော့ စားလို့ မရဘူးနော်၊ နင့်ခန္ဓာကိုယ်က အားနည်းနေသေးတယ်"

"ကျွန်တော် အားမနည်းပါဘူး"

"အေးပါ... နင်က သန်မာပါတယ်၊ အားမနည်းပါဘူး"

စူးယောင်ကွမ်းက ရွဲ့ပြုံးလေးဖြင့် ပြောလိုက်ပြန်သည်။

ရှောင်းယန်ချီတစ်ယောက် ဝေဝေဝါးဝါးဖြင့် စူးယောင်ကွမ်း၏ အသံကို ကြားနေရသည်။

[ခင်ပွန်း... ဘာလို့ ဒီလောက်တောင် အများကြီး သောက်လာရတာလဲ...]

[ကျွန်မ ရှင့်အတွက် အမူးပြေဟင်းချို လုပ်ထားပေးတယ်၊ နည်းနည်းလောက် သောက်မလား]

[ခင်ပွန်း... စိတ်မပူပါနဲ့၊ ရှင်က ဒီလောက် တော်တာပဲ၊ ဘယ်ပြဿနာမဆို ရှင် ဖြေရှင်းနိုင်မှာပါ]

ရှောင်းယန်ချီ၏ အမြင်အာရုံများထဲတွင် စူးယောင်ကွမ်းတစ်ယောက် ခြံဝင်းတံခါးဝ၌ စောင့်ဆိုင်းနေပြီး သူ အိမ်ပြန်ရောက်လာချိန်တွင် ဆီးကြိုရန် ပြေးလာတတ်သည့် ပုံရိပ်များကို မြင်ယောင်နေလေသည်။

ထိုအချိန်များတွင် စူးယောင်ကွမ်းက သူ့အတွက်ကြောင့် မြို့တော်မှ မြင့်မြတ်သော သခင်မတစ်ဦးအဖြစ် ပြောင်းလဲပြီးနေပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏မျက်ဝန်းများက ယခင်အတိုင်း ကြည်လင်နေဆဲဖြစ်ကာ သူ့အပေါ် ယုံကြည်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ယခင်ဘဝတွင် သူမက သူ့အတွက် အရာရာကို စီစဥ်ပေးခဲ့သဖြင့် သူ စာပေလေ့လာရန်အတွက်သာ အာရုံစိုက်ခဲ့ရပြီး အခြားအရာများကို စိုးရိမ်ပူပန်စရာ မလိုခဲ့ချေ။

‘ဘာဖြစ်လို့ ဒီဘဝမှာကျမှ ငါ ဖျားနာမှုတွေအပြင် ကံဆိုးမှုမျိုးစုံကို တွေ့ကြုံ ခံစားနေရတာလဲ’

ရှောင်းယန်ချီက အားယူကာ မျက်လုံးကို ဖွင့်လိုက်ပြီး လူအုပ်ကြားထဲမှ စူးယောင်ကွမ်း၏ ပုံရိပ်ကို လိုက်ရှာနေမိသည်။ သူ သူမကို ချက်ချင်း တွေ့လိုက်ရသော်လည်း သူမက ကျိုးဝမ်ရှူနှင့်အတူ ရယ်မောကာ စကားပြောနေပြီး သူ သေလုမျောပါးဖြစ်နေသည်ကို လုံးဝ သတိမထားမိပုံရသည်။

"အစ်ကိုရှောင်း..."

ကျန်းရိဟွမ်းက အလောတကြီး ပြေးဝင်လာပြီး ရှောင်းယန်ချီ၏ရှေ့တွင် ပစ်လှဲလိုက်ကာ ဝမ်းပမ်းတနည်း ပြောလာခဲ့သည်။

"ရှင် ဘာမှ ဖြစ်လို့ မရဘူးနော်၊ ရှင့်မှာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ"

"နင် ရောက်လာတာ အချိန်ကိုက်ပဲ"

ကျန်းကျင့်က ဝင်ပြောလိုက်သည်။

"သူ အဆိပ်မိထားတာဆိုတော့ ပြုစုပေးမယ့်လူ လိုအပ်နေတာ၊ နင် ဒီနေရာမှာ နေပြီး သူ့ကို စောင့်ရှောက်ပေးတာက အကောင်းဆုံးပဲ"

"အဆိပ်မိတာ ဟုတ်လား၊ သူက ဘယ်လိုဖြစ်ပြီး အဆိပ်မိရတာလဲ... အဲ့ဒါ သေချာပေါက် ဝမ်ရှီရဲ့လက်ချက်ပဲ ဖြစ်ရမယ်၊ သူက အစ်ကိုရှောင်းကို အဆိပ်ခတ်တာ။ အဲ့ဒီ မိန်းမယုတ်မ... အစ်ကိုရှောင်းက စေတနာနဲ့ သူ့ကို ခေါ်ထားတာကို သူက အစ်ကိုရှောင်းကို တကယ်ပဲ လုပ်ကြံရက်တယ်"

"ကျွန်မ မလုပ်ပါဘူး"

ဝမ်ရှီကလည်း လူအုပ်ကြားထဲမှ တိုးဝှေ့ဝင်လာပြီး ငြင်းဆန်လိုက်သည်။

"ကျွန်မက သခင်လေးရှောင်းကို အကောင်းဆုံး အာဟာရဖြည့်စွက်ဆေးဝါးတွေ တိုက်ခဲ့တာပါ၊ ဒါပေမဲ့ နင်ကကျတော့ ကံဆိုးတာတွေ ပျောက်အောင်ဆိုပြီး သူ့ကို ဘဲသွေးတွေ ကြက်သွေးတွေ တိုက်ခဲ့တာလေ"

အမျိုးသမီးနှစ်ယောက်လုံးက ရှောင်းယန်ချီ၏ရှေ့တွင် အချင်းချင်း ငြင်းခုံနေကြပြန်သည်။

"တော်ကြစမ်း"

ဆရာကြီးဝမ်က အေးစက်စက် လေသံဖြင့် အော်ဟစ်ဟန့်တားလိုက်သည်။

"ငါတို့ ဒီနေရာမှာ နင်တို့ကို မလိုအပ်ဘူး။ အားလုံး ထွက်သွားကြစမ်း၊ ရှောင်းချီ ပြန်မကောင်းမချင်း ဘယ်သူမှ ဒီနေရာကို လာခွင့်မရှိဘူး"

"အစ်ကိုရှောင်း....” “သခင်လေးရှောင်..."

အမျိုးသမီးနှစ်ယောက်လုံးက ထွက်မသွားချင်ကြဘဲ ရှောင်းယန်ချီကို ဝမ်းနည်းပက်လက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။

ရှောင်းယန်ချီအနေဖြင့် ဤအမျိုးသမီးနှစ်ယောက်က သူ့ကို ဆုလာဘ်တစ်ခုလို သဘောထားပြီး လုယူနေကြသည်ကို အလွန် စိတ်ပျက်နေပြီဖြစ်ကာ အဓိကအချက်အနေဖြင့် သူ တော်ဝင်စာမေးပွဲအထိ အသက်ရှင်နိုင်ပါ့မလားဆိုသည်ကိုပင် မသေချာတော့ချေ။

"ဒီနေရာမှာ ရောဂါသည်တွေအများကြီးပဲ၊ မင်းတို့ ရှိနေတာက မင်းတို့အတွက်လည်း မကောင်းဘူး။ ရောဂါကူးစက်ခံရမှာ စိုးရိမ်ရတယ်"

ရှောင်းယန်ချီက အားနည်းသော လေသံဖြင့် ဝင်ပြောလိုက်သည်။

"ဆရာကြီးဝမ်ရဲ့ စကားကို နားထောင်ပြီး အရင်ပြန်လိုက်ကြပါ။ ငါ နေကောင်းသွားမှ တခြားအကြောင်းတွေ ဆက်ပြောကြတာပေါ့"

"မင်းတို့ အခုထိ မသွားကြသေးဘူးလား"

ဆရာကြီးဝမ်က အေးစက်စက် လေသံဖြင့် ထပ်မေးလိုက်သည်။

ကျန်းရိဟွမ်းနှင့် ဝမ်ရှီတို့လည်း မထွက်သွားချင်ပုံဖြင့် တွန့်ဆုတ်တွန့်ဆုတ် ထွက်ခွာသွားကြရသည်။

သူမတို့ ထွက်ခွာသွားကြသည့်တိုင်အောင် ရှောင်းယန်ချီနှင့် မခွဲနိုင်မခွာရက် ဖြစ်နေကြဆဲဖြစ်ကာ ခြေလှမ်းတိုင်းတွင် အနောက်သို့ လှည့်ကြည့်နေကြသေးသည်။

ဆရာကြီးဝမ်က ကျိုးဝမ်ရှူကို မြင်သွားပြီး သူ့ကို လှမ်းပြောလိုက်သည်။

"ဝမ်ရှူ... မင်းတို့က အတန်းဖော်တွေ ဖြစ်သလို တစ်ရွာတည်းသားဆိုလည်း ဟုတ်တယ်။ အဲဒါကြောင့် သူ့ကို မင်းလက်ထဲပဲ အပ်ခဲ့မယ်၊ သူ့ကို သေသေချာချာလေး စောင့်ရှောက်ပေးပါဦး"

"ဆရာကြီး.. အဲဒါတော့ ဖြစ်နိုင်မယ်မထင်ဘူးရှင့်"

စူးယောင်ကွမ်းက ကြားဖြတ်ဝင်ပြောလိုက်သည်။

"ကျွန်မတို့ ဝမ်ရှူက အားနည်းနေသေးတယ်၊ ပြီးတော့ သူ့ရောဂါကလည်း လုံးဝ အမြစ်မပြတ်သေးဘူးလေ။ အလုပ်တွေ အရမ်းပိသွားရင် သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်မတို့ဆီမှာ ကူညီပေးမယ့်လူတွေ အများကြီး ရှိပါတယ်။ တခြားရောဂါသည်တွေလိုပဲ သူ ဆေးသောက်ရမယ့်အချိန်ကျရင် ဆေးသောက်ရမယ်၊ အစားအစား စားရမယ့်အချိန်ကျရင် စားရမှာပါ။ အငတ်လည်း ထားမှာမဟုတ်သလို လျစ်လျူရှုထားမှာလည်း မဟုတ်ပါဘူး"

စူးယောင်ကွမ်း၏ စကားကို ကြားရမှသာ ဆရာကြီးဝမ်လည်း စိတ်အေးသွားရသည်။

ဤနေရာတွင် လူနာများစွာ စုဝေးနေသဖြင့် သူလည်း ကြာကြာမနေရဲဘဲ အမြန်ထွက်ခွာသွားခဲ့သည်။

ကျန်းကျင့်ကတော့ ရှောင်းယန်ချီ၏ အခြေအနေက အနည်းငယ် ထူးခြားသဖြင့် အခန်းသီးသန့်တစ်ခန်း လိုအပ်ကြောင်း ပြောပြနေသည်။ သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်များ အကုန်ပြယ်သွားမှသာ အခြားလူများနှင့်အတူ နေထိုင်ရန် အခန်းပြောင်းရွှေ့ပေးနိုင်မည် ဖြစ်သည်။

စူးယောင်ကွမ်းက ဤနေရာကို အဓိက တာဝန်ယူထားရသူဖြစ်ရာ ရှောင်းယန်ချီနှင့် မပတ်သက်ချင်သည့်တိုင်အောင် သူမ စီမံရမယ့်အပိုင်းထဲ ရောက်လာပြီဖြစ်၍ မရှောင်နိုင်တော့ချေ။ သူမကိုယ်တိုင် သူ့အတွက် အခန်းတစ်ခန်း သွားရွေးပေးရန် ပြင်လိုက်သော်လည်း ကျိုးဝမ်ရှူက ထိုအလုပ်ကို ဦးအောင် တာဝန်ယူလိုက်သည်။

သူမလည်း အလုပ်များနေသဖြင့် ထိုကိစ္စကို ခေါင်းထဲမှ ချက်ချင်း ပြန်မေ့သွားခဲ့သည်။ နောက်တစ်ကြိမ် ရှောင်းယန်ချီ၏ သတင်းကို ထပ်ကြားရချိန်တွင်တော့ သူက ကိုရင်လေးတစ်ပါးကို တံစိုးလက်ဆောင်ပေးရန် ကြိုးစားသဖြင့် ကိုရင်လေး၏ ငေါက်ငန်းခြင်းကို ခံလိုက်ရသည့် သတင်း ဖြစ်သည်။

"ဒကာကြီး... ဒကာကြီးကလည်း လူနာပဲ၊ တခြားလူတွေလည်း လူနာတွေချည်းပဲလေ။ ဒီအခန်းက ဘာဖြစ်လို့လဲ၊ ဘာလို့ မနေနိုင်ရတာလဲ"

ကိုရင်လေးက စိတ်ဆိုးမာန်ဆိုးဖြင့် ထပ်ပြောနေသေးသည်။

"ပြီးတော့ ဒကာကြီး ပြောတဲ့ နံ့သာတိုင်ဖိုးဆိုတာက ဗုဒ္ဓနဲ့ ဘုရားလောင်းတွေကို လှူဒါန်းရမှာလေ၊ ကိုရင့်ကို သကြားလုံး ဝယ်စားဖို့ ပေးရမှာ မဟုတ်ဘူး။ ရဟန်းဆိုတာ လောဘတရားကို ဖြတ်တောက်ရတယ်၊ အခုတော့ ဒကာကြီးက ကိုရင့်ကို သိက္ခာပုဒ်တွေ ဖောက်ဖျက်အောင် တမင်လုပ်နေတာပဲ"

လူအများအပြားက ဤနေရာတွင် စုဝေးနေပြီး သူ့ကို ဝိုင်းဝန်းလှောင်ပြောင်နေကြသည်ကို မြင်ရသဖြင့် ရှောင်းယန်ချီတစ်ယောက် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အားနည်းသော လေသံဖြင့် ခပ်တိုးတိုး ရှင်းပြနေရှာသည်။

"ကျွန်တော်အနေနဲ့ ဒီနေရာက ရောဂါပြန်ကောင်းဖို့အတွက် မသင့်တော်ဘူးလို့ ခံစားရလို့ပါ၊ ကျွန်တော့်ရဲ့ ရောဂါက တိတ်ဆိတ်အေးချမ်းတဲ့ နေရာမှာ အနားယူဖို့ လိုအပ်တယ်လေ"

"မင်းက အဆိပ်မိထားတာဆိုတော့ အဆိပ်တွေ ပြယ်သွားအောင် ရေအိမ်ကို ခဏခဏ သွားရမှာလေ။ ဒီတရားပြခန်းက ရေအိမ်နဲ့ နီးနီးလေးမို့ ဒီလို စီစဥ်ပေးထားတာကို ဘာတွေ မကျေနပ်ဖြစ်နေတာလဲ။ ကြည့်စမ်း... အခုလည်း အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်း နေရတာမဟုတ်ဘူးလား”

တံခါးဝတွင် ရပ်နေသော လူတစ်ယောက်က လှမ်းပြောလိုက်သည်။

All Chapters