← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း ၁၄၁ မျက်လုံးစုံမှိတ် အလိုလိုက်နေတယ်

စူးယောင်ကွမ်းကလည်း သူမ၏နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အခန်းထဲသို့ ဝင်လာရင်း လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ရှောင်းယန်ချီက သူမကို မြင်သည်နှင့် သူမ စိတ်အလိုကျအောင် ဟန်ဆောင်နေကျအတိုင်း ဝမ်းနည်းနေသည့် အရိပ်အယောင်တို့ကို ချက်ချင်း ထုတ်ပြလာပြီး သူ့မျက်ဝန်းအိမ်များက နီမြန်းလာကာ ဆွဲဆောင်မှုရှိသော အမူအရာမျိုး လုပ်ပြနေလေသည်။

သူမ၏ အတိတ်ဘဝတုန်းကဆိုလျှင် သူ ဤသို့သော မျက်နှာအမူအရာမျိုး လုပ်ပြတိုင်း စူးယောင်ကွမ်းတစ်ယောက် သူ့အတွက်ဆိုလျှင် ကောင်းကင်မှ ကြယ်ပွင့်များကိုပင် ဆွတ်ခူးပေးချင်ခဲ့မိသည်။ သူက ရုပ်ရည်ချောမောသူဖြစ်ရာ ဤကဲ့သို့ သနားစရာမျက်နှာလေး လုပ်ပြလိုက်သည့်အခါ မြင်ရသူကို ပိုသနားဂရုဏာ သက်စေခဲ့သည်။

"မိန်းကလေးစူး... မင်း လာတာ အတော်ပဲ"

ရှောင်းယန်ချီက အားနည်းသော လေသံဖြင့် ပြောနေရှာသည်။

"ငါ အခန်းပြောင်းချင်လို့ပါ၊ ဒီအခန်းက ငါ့အတွက် မသင့်တော်ဘူး"

"ကောင်းပြီလေ"

စူးယောင်ကွမ်းက တုန့်ဆိုင်းခြင်းမရှိဘဲ လွယ်လွယ်ကူကူ သဘောတူလိုက်၏။

ဘေးနားတွင် ရပ်နေသော ကျိုးဝမ်ရှူက သူမကို တစ်ချက်လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားတော့သည်။

"ကိုရင်လေး... သူ့အတွက် တခြားနေရာတစ်နေရာလောက် ရှာပေးဖို့ ကူညီပေးပါဦး"

စူးယောင်ကွမ်းက ကိုရင်လေးကို လှမ်း၍ ပြောလိုက်သည်။

"ဒါပေမဲ့ ဒကာမကြီးစူး... အခု ကျွန်တော်တို့ဆီမှာ အခန်းလွတ် လုံးဝမရှိတော့ဘူးဗျ"

ကိုရင်လေးက မျက်မှောင်ကြုတ်ရင်း အားနာနေဟန်ဖြင့် ပြန်ပြောလာခဲ့သည်။

စူးယောင်ကွမ်းက ကိုရင်လေး၏ နားနားသို့ ကပ်ကာ တိုးတိုးသံဖြင့် တစ်ခုခု ပြောလိုက်သည်။

"ဒုက္ခပေးမိပြီနော်... ကိုရင်လေး"

"ဒုက္ခမရောက်ပါဘူး... ဒကာမကြီး၊ ဒါက ကိုရင်တို့ လုပ်ရမယ့်အလုပ်ပါ"

ကိုရင်လေး၏ စူးယောင်ကွမ်းအပေါ် ထားရှိသော သဘောထားက သိသိသာသာ တိုးတတ်ကောင်းမွန်လာခဲ့သည်။

စူးယောင်ကွမ်း၏ ဂုဏ်သတင်းများက အရပ်ရပ်သို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ဤရောဂါသည်များအားလုံး ခိုလှုံခွင့်ရပြီး ရောဂါကုသခွင့်ရနေကြခြင်းက သူမ ခရိုင်ဝန်မင်းကို အကြံပြုပေးခဲ့ခြင်းကြောင့်မှန်း လူတိုင်း သိထားကြသည်။ ထို့ကြောင့် ဘေးနားမှ မြို့များရှိ ရောဂါသည်များကဲ့သို့ ပိတ်လှောင်ပြီး အသေခံခိုင်းထားသည့် ဘေးဒုက္ခဆိုးကြီးမှ ကင်းဝေးခဲ့ရခြင်းပင်။

ဘေးမြို့မှ ထွက်ပြေးလွတ်မြောက်လာသော ရောဂါသည်အများစု၏ ပြောပြချက်အရ ထိုမြို့မှ ခရိုင်အမတ်က သူတို့၏ အသက်အန္တရာယ်ကို လုံးဝဂရုမစိုက်ဘဲ ကူးစက်ရောဂါသည်တစ်ဦးကို တွေ့ရှိသည်နှင့် အားလုံးကို အကျဥ်းချထားလေ့ရှိပြီး သေဆုံးသွားသူများကို အပြင်သို့ထုတ်ကာ မီးရှို့ဖျက်ဆီးပစ်ပြီး အသက်ရှင်ကျန်ရစ်သူများလည်း ဆက်တိုက် သေဆုံးနေကြရသည်ဟု ဆိုကြသည်။

စူးယောင်ကွမ်း ကျိုးဝမ်ရှူကို လိုက်ရှာချိန်တွင် သူမ၏ 'မောင်လေး' က မီးဖိုချောင်တွင် ကူညီပေးနေသည်ကို တွေ့လိုက်ရသည်။ သူက အိုးထဲမှ ယာဂုကို ဒေါသတကြီး မွှေနှောက်နေပြီး ထိုယာဂုက သူ့ကို တစ်ခုခု ပြစ်မှားထားသလို ပြုမူနေလေသည်။

"စိတ်ဆိုးနေတာလား"

စူးယောင်ကွမ်းက ဘေးနားမှ သခွားသီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး သူ့နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။

"ပါးစပ်ဟပြီး တစ်ခုခု စားလိုက်ဦး"

ကျိုးဝမ်ရှူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ယာဂုကိုသာ ဆက်မွှေနေလေ၏။

"ကဲပါ... မစားရင်လည်း နေတော့"

စူးယောင်ကွမ်းက သူမလက်ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်စဥ်မှာပင် ကျိုးဝမ်ရှူက သခွားသီးကို အငမ်းမရ ကိုက်ယူလိုက်ပြီး တကျွတ်ကျွတ်နှင့် အသံမြည်အောင် ဝါးစားနေလေသည်။ သူ့၏ မက်မွန်ပွင့်သဏ္ဍန် မျက်ဝန်းများက သူမကို စိုက်ကြည့်နေဆဲဖြစ်ပြီး သူ့လက်ကလည်း ယာဂုအိုးကို ဆက်မွှေနေဆဲပင်။

စူးယောင်ကွမ်းက သူ့အနားသို့ တိုးကပ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နင် ပြဇာတ်ကောင်းလေးတစ်ပုဒ်လောက် မကြည့်ချင်ဘူးလား"

ကျိုးဝမ်ရှူက သူမကို ဂရုမစိုက်ဟန် ပြုမူနေဆဲ ဖြစ်သည်။

'အဲ့ဒီ ရှောင်းချီကို ကြည့်ရတာ ပြည့်တန်ဆာအိမ်က ထွက်လာတဲ့အတိုင်းပဲ၊ မျက်လုံးတွေကလည်း ဟိုဟိုဒီဒီ ကစားပြီး လှည့်ပတ် တွက်ချက်နေတာလေ... ဒါကို သူမက သူ့ရဲ့ လှည့်ကွက်တွေအောက်မှာ မိသွားပြီး အခန်းပြောင်းပေးဖို့ သဘောတူလိုက်သေးတယ်'

စူးယောင်ကွမ်းက သူ့လက်ထဲမှ ယောက်ချိုဇွန်းကို လုယူလိုက်ပြီး သူ့ကို အပြင်သို့ ဆွဲခေါ်လာခဲ့သည်။

ထိုအချိန်တွင် ကိုရင်လေးက ရှောင်းယန်ချီကို အခန်း ပြောင်းရွှေ့ပေးပြီး ဖြစ်သည်။

ရှောင်းယန်ချီတစ်ယောက် သူ့ရှေ့မှ ကြီးမားလှသော ဗုဒ္ဓရုပ်ပွားတော်ကြီးကို ငေးကြည့်နေပြီးနောက် သူ့ပတ်ပတ်လည်တွင် လဲလျောင်းနေကြသော လူပမာများကို လှမ်းကြည့်လိုက်သည်။ အချို့လူပမာများ၏ မျက်နှာတစ်ခုလုံးတွင် အနီစက်များ ဖုံးလွှမ်းနေပြီး အချို့ကတော့ အော့အန်ကာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြသည်။ အချို့ကလည်း နာကျင်လွန်းသဖြင့် အော်ဟစ် ညည်းတွားနေကြသည်။

"ကိုယ်တော်လေး... ဒါက ကိုယ်တော်လေး ကျွန်တော့်အတွက် ပြောင်းပေးတဲ့ အခန်းလား"

ရှောင်းယန်ချီက အပြင်သို့ ထွက်သွားရန် ပြင်နေသော ကိုရင်လေးကို လှမ်းအော်မေးလိုက်သည်။

"ဒကာကြီးကို ကိုရင် အစောကြီးကတည်းက ပြောပြီးသားလေ၊ သီးသန့်အခန်း မရှိတော့ဘူးလို့။ ဘုရားကျောင်းတစ်ခုလုံးလည်း လူတွေ ပြည့်နေပြီ၊ လူပမာတွေကလည်း ထပ်ထပ်ရောက်နေတာဆိုတော့ လဲလျောင်းဖို့ နေရာတောင် မကျန်တော့ဘူး။ ဒကာကြီးက စိတ်ကောင်းရှိလို့ သီးသန့်အခန်းကို ဖယ်ပေးခဲ့တာပဲ မဟုတ်လား"

"မိန်းကလေးစူးက ကျွန်တော့်ကို အခန်းပြောင်းပေးမယ်လို့ သေသေချာချာ ကတိပေးခဲ့တာပါ"

ရှောင်းယန်ချီက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော် မိန်းကလေးစူးကို တွေ့ချင်တယ်"

"ဒါက ဒကာမကြီးစူး ကိုယ်တိုင် ညွှန်ကြားခဲ့တာလေ။ ဒါက အခန်းမဟုတ်လို့ ဘာလဲ။ တခြားလူတွေတောင် ဒီမှာပဲ ကုသခံပြီး နာလန်ထူအောင် နားနေကြတာပဲ၊ ဒကာကြီးက ဘာလို့ မရ ရမှာလဲ"

ကိုရင်လေးက ထိုသို့ပြောပြီးနောက် ဘေးနားရှိ ဘုန်းကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီး... ဒါက သူ့ရဲ့ ဆေးမှတ်တမ်း။ သူ့ရဲ့ နေရာက... နံပါတ် ၁၀။ ခဏနေရင် သမားတော်မလေးကျန်း လာစစ်တဲ့အခါ မူလအခန်းနံပါတ် တစ်ဆယ်က ဒကာကြီးရဲ့ ရောဂါလက္ခဏာတွေ သက်သာသွားလို့ တခြားဗုဒ္ဓဘာသာခန်းမဆောင်ဆီ ပြောင်းရွှေ့ ကုသပေးနေပြီလို့ ပြောဖို့ မမေ့နဲ့ဦးနော်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဆွဲခေါ်ကာ တံခါးအပြင်ဘက်မှနေပြီး အတွင်းထဲမှ ရုန်းရင်းဆန်ခတ် အခြေအနေကို ချောင်းကြည့်နေခဲ့သည်။ ရှောင်းယန်ချီ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ပြာနှမ်းသွားပြီး တဟွတ်ဟွတ်နှင့် မရပ်မနား ချောင်းဆိုးနေရင်း သွေးပင် အန်ထွက်လာသည်ကို မြင်လိုက်ရသောကြောင့် သူမ ရင်ထဲ၌ ချက်ချင်း အလုံးကြီးကျကာ စိတ်သက်သာရာ ရသွားတော့သည်။

"ဟား ဟား... ရယ်ရတယ် မဟုတ်လား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အင်္ကျီလက်စကို လှမ်းဆွဲကာ ပြောလိုက်သည်။

ကျိုးဝမ်ရှူ၏ မျက်နှာအမူအရာက သိသိသာသာ နူးညံ့သွားသော်လည်း ခပ်ဆတ်ဆတ် ပြန်မေးနေသေးသည်။

"ဘာက ရယ်ရလို့လဲ"

စူးယောင်ကွမ်းက သူ့ပါးပြင်ကို ဆွဲလိမ်လိုက်ပြန်သည်။

"နင် ရယ်လွန်းလို့ နင့်မျက်လုံးတွေ လဆန်းကွေးလေးတွေလို ဖြစ်နေပြီ၊ အခုထိ ခေါင်းမာနေတုန်းပဲ"

"အစ်မယောင်ကွမ်း..."

ချိုသာပြီး နုနယ်သိမ်မွေ့သော ကောင်လေးတစ်ဦးက သူမအား တည်သီးမုန့်တစ်ခု ကမ်းပေးလာသည်။

"ဒါက အဘွားဝမ် ပေးလိုက်တဲ့ တည်သီးမုန့်တွေပါ။ အဘွားက သူ့ခြံထဲက ခူးဆွတ်ထားတဲ့ တည်သီးတွေမို့လို့ ပိုချိုတယ်လို့ ပြောပါတယ်။ အစ်မ တစ်ခုလောက် မြည်းကြည့်ပါဦး"

စူးယောင်ကွမ်းက သူမရှေ့မှ ကောင်ငယ်လေးကို ကြည့်ပြီး သူ၏ ချစ်စရာကောင်းသော မျက်ဝန်းများကြောင့် အသည်းယားကာ အရည်ပျော်မတတ် ဖြစ်သွားခဲ့သည်။ သူမက တည်သီးမုန့်ကို လှမ်းယူလိုက်ပြီးနောက် သူ့ဆံပင်များကို ပွတ်သပ်ပေးကာ ညင်သာမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးပါပဲ ရှောင်ယွမ်ရှင်းရယ်"

ကျန့်ယွမ်ရှင်းက ကျန်းယွန့်ဖန်၏ ညီလေးဖြစ်ပြီး ယခင်ဘဝတုန်းက အာဏာရှိသူတစ်ဦး၏ အတင်းအကျပ် သိမ်းပိုက်ခြင်းကို ခံခဲ့ရကာ ယောက်ျားမောင်းမအဖြစ် သွတ်သွင်းခံခဲ့ရသည့် သနားစရာ ကလေးငယ် ဖြစ်သည်။ သူတို့ ကပ်ဘေးကြောင့် ထွက်ပြေးလာခဲ့သော်လည်း သူ့အသားအရေက မိန်းမငယ်လေးတစ်ဦးထက်ပင် ပိုမိုချောမွေ့ဝင်းပနေဆဲဖြစ်ပြီး နှုတ်ခမ်းနီနီလေးများ ရှိနေကာ မျက်ဝန်းများကလည်း ကောင်းကင်က ကြယ်ပွင့်လေးများအလား တောက်ပနေသောကြောင့် အသက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။ သူ ပြုံးလိုက်သည့်အခါ ပါးချိုင့်တစ်စုံ ထင်ဟပ်လာတတ်ပြီး ထိုအပြုံးက မည်မျှပင် ဆိုးသွမ်းလှသော လူဆိုးကြီးများကိုမဆို လက်နက်ချသွားစေနိုင်လောက်သည်။

ကျိုးဝမ်ရှူက ကလေးနှင့် စကားပြောရာတွင် သိသိသာသာကြီး ချိုသာနူးညံ့သွားသော စူးယောင်ကွမ်း၏ အသံကို ကြားနေရသောကြောင့် မျက်ခုံးတစ်ချက် ပင့်တင်လိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"မိန်းကလေးစူး... တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။ ဟိုရှောင်းမျိုးရိုး စာသင်သားက ရုတ်တရက်ကြီး ကိုယ်ပူချိန်တတ်လာပြီး မိန်းကလေးစူးရဲ့ နာမည်ကိုပဲ တဖွဖွ အော်ခေါ်နေလို့ပါ"

ကိုရင်လေးက အပြေးအလွှား လာရောက် အကြောင်းကြားနေရှာသည်။

ထိုလမ်းဆီသို့ အမှတ်မထင် ဖြတ်လျှောက်လာသော ကျန်းကျောက်တိက စူးယောင်ကွမ်းအား လှမ်းပြောလိုက်သည်။

"အမေ သွားကြည့်လိုက်မယ်။ သမီးက သမီးအလုပ်ကိုပဲ သွားလုပ်လိုက်ပါ၊ အဲ့ဒါကို စိတ်ပူမနေနဲ့တော့"

မိခင်ဖြစ်သည့် ကျန်းကျောက်ကျိက အစောကတည်းက စကားသံအချို့ကို ကြားဖြတ်နားထောင်နေခဲ့သဖြင့် ကျိုးဝမ်ရှူက စူးယောင်ကွမ်းနှင့် ရှောင်းယန်ချီတို့ ပတ်သက်သည်ကို အထူးသဖြင့် မနှစ်မြို့ကြောင်း သူမ ရိပ်မိနေခဲ့သည်။ ထို့ကြောင့် သူစိမ်းတစ်ယောက်အတွက်ကြောင့်နှင့် သမက်ဖြစ်သူ စိတ်အနှောင့်အယှက် မဖြစ်စေရန် ဤကိစ္စကို သူမကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

စူးယောင်ကွမ်းကလည်း ဤဘဝတွင် ကျန်းကျောက်တိအနေဖြင့် ရှောင်းယန်ချီအား ထပ်မံပြုစုစောင့်ရှောက်ပေးရမည်ကို လုံးဝ မလိုလားတော့ချေ။ ယခင်ဘဝတွင် သူမ၏မိခင်က သူမကြောင့်နှင့် ဒုက္ခပေါင်းစုံကို အလူးအလဲ ခံစားခဲ့ရဖူးသည်။ ယခုဘဝတွင် သူမတို့အကြား၌ မည်သည့်ပတ်သက်မှုမျှ မရှိတော့သလို သူမအနေဖြင့်လည်း သူ့ကို ပြုစုပေးရမည့် တာဝန်ဝတ္တရား မရှိတော့ချေ။

"သမားတော်မလေးကျန်းက ဘာပြောလဲဟင်"

စူးယောင်ကွမ်းက အပြင်လူများ ရှေ့တွင် ကျန်းကျင့်အား "သမားတော်မလေးကျန်း" ဟု အမြဲတစေ တလေးတစား ခေါ်ဆိုလေ့ရှိသည်။

"သမားတော်မလေးကျန်း ပြောတာတော့... သူက ကူးစက်ရောဂါအပြင် အဆိပ်ပါ မိထားတာတဲ့။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကလည်း အကုန်မထွက်သေးဘူး။ အဆိပ်တွေ ကုန်သွားရင်တော့ သူ အဆင်ပြေသွားမှာပါတဲ့"

"ဒါဆိုရင်လည်း အဆိပ်တွေ ထွက်သွားအောင်ပဲ လုပ်ပေးလိုက်ပေါ့"

စူးယောင်ကွမ်းက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"ကျွန်မတို့ဆီမှာ လူနာတွေ ဒီလောက်တောင် များနေတာ၊ သူတစ်ယောက်တည်းကိုပဲ ဘယ်လိုလုပ် အချိန်ပေး ပြုစုနိုင်မှာလဲ။ အသက်အန္တရာယ် မစိုးရိမ်ရသရွေ့တော့ သမားတော်မလေးကျန်းရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ပေးလိုက်ပါ"

တစ်နေ့တာလုံး အလုပ်များပြားနေခဲ့ပြီး ခြေကုန်လက်ပန်းကျပြီးနောက်တွင်မှ စူးယောင်ကွမ်းနှင့် တခြားသူများလည်း နောက်ဆုံးတွင် အနားယူရန် အချိန်လေး ရလာခဲ့ကြသည်။

ဘုရားကျောင်းဝင်းတစ်ခုလုံးတွင် လူနာများနှင့် ပြည့်နှက်နေသဖြင့် ခြေချစရာနေရာပင် ရှာမရချေ။ ထို့ကြောင့် သူမတို့အဖွဲ့ အနောက်ဘက်တောင်ကုန်းပေါ်၌ နေရာကွက်လပ်လေးတစ်ခု ရှာဖွေပြီး အိုးကြီးတစ်လုံးဖြင့် စုပုံချက်ပြုတ်ကြရသည်။

ပစ္စည်းပစ္စယနှင့် ရိက္ခာများက အလွန် ရှားပါးနေပြီး နေ့စဉ် ပို့ဆောင်ပေးသော ဆန်၊ ဂျုံမှုန့်နှင့် ဟင်းချက်စရာများက လူပေါင်းရာချီအတွက် ခွဲတမ်းဖြစ်သည်။ ထို့ကြောင့် သူမတို့လည်း အိုးအကြီးကြီးတစ်လုံးကို တည်ကာ ဟင်းသီးဟင်းရွက်မျိုးစုံဖြင့် ဟင်းချက်ရပြီး ဘေးနားတွင်လည်း မုန့်ပြားအချို့ကို ကင်ထားကြသည်။ ထို့အပြင် ယုန်သားအချို့ကိုပါ ရောနှောထည့်သွင်းချက်ပြုတ်ထားသေးသည်။

ဗုဒ္ဓဘုရားကျောင်းက ဆိတ်ငြိမ်အေးချမ်းစွာ တရားဘာဝနာပွားများရာ နေရာဖြစ်သဖြင့် ပုံမှန်အားဖြင့် အသားငါး စားသုံးခွင့် မရှိချေ။ သို့သော်လည်း သူမတို့ နေ့စဉ်နေ့တိုင်း အလုပ်များလွန်းလှသဖြင့် အာဟာရပြည့်ဝသော အစားအစာများကို မမှီဝဲပါက ခန္ဓာကိုယ်က တောင့်ခံနိုင်မည် မဟုတ်တော့ပေ။ ဤသည်ကလည်း သူတို့ နောက်ဖေးခြံထဲ၌ သီးသန့်ခွဲပြီး စားသောက်ကြရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

သူမတို့အားလုံး မနက်မိုးလင်း မျက်စိပွင့်လာချိန်မှစ၍ ညဉ့်နက်သန်းခေါင်အထိ အလုပ်များကို ပင်ပန်းကြီးစွာ လုပ်ကိုင်ကြရပြီးမှ နောက်ဆုံးတွင်မှ အနားယူခွင့် ရကြသည်။ အကယ်၍ ကုသရန် အလွန်ခက်ခဲသော လူနာနှင့် ကြုံတွေ့ရပါကလည်း ကျန်းကျင့်နှင့် စူးယောင်ကွမ်းတို့ မကြာခဏ အခေါ်ခံရလေ့ရှိသဖြင့် ပုံမှန်ထက် ပိုစွမ်းအင်ပြည့်ဝနေရန် လိုအပ်နေသည်။

ကျန်းကျောက်တိက ကျန်းယွမ်ရှင်း၏ ပန်းကန်ပြားထဲသို့ ယုန်သားများ ခပ်ထည့်ပေးရင်း ပြောလိုက်သည်။

"နင်က အရမ်းပိန်လွန်းတယ်၊ များများစားစမ်း"

ကျန်းယွမ်ရှင်းက ချစ်စရာကောင်းပြီး နှုတ်ချိုသူလေး ဖြစ်ရုံမျှမက နေ့တိုင်းလည်း သူတို့၏အလုပ်များကို ကူညီလုပ်ကိုင်ပေးတတ်သဖြင့် အမျိုးသမီးများအားလုံးက သူ့ကို အလွန် နှစ်သက်ကာ အလိုလိုက်ကြသည်။

သူ ရောက်ရှိလာကတည်းက ကျိုးဝမ်ရှူတစ်ယောက် လူချစ်လူခင်နည်းလာကာ မျက်နှာသာပေးမခံရတော့ချေ။

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ ပန်းကန်ထဲသို့ အသားတစ်တုံး ခပ်ထည့်ပေးလိုက်ပြီးနောက် သူမ၏ ဒုတိယ‌ဒေါ်လေး၊ တတိယဒေါ်လေးနှင့် ဦးလေးဖြစ်သူတို့၏ ပန်းကန်ထဲသို့ပါ အသီးသီး ခပ်ထည့်ပေးလိုက်သည်။ နောက်ဆုံးတွင်မှ ကျိုးဝမ်ရှူအတွက် ယုန်ခြေထောက်တစ်ချောင်းကို ထည့်ပေးလိုက်သည်။

အခန်း ၁၄၂ ပတ်သက်နှောင်တွယ်မှု

ညစာစားပြီးနောက် မီးများကို ငြှိမ်းသတ်ကာ အားလုံးက သူတို့၏ အခန်းဆီသို့ ပြန်သွားခဲ့ကြသည်။

စူးယောင်ကွမ်းလည်း လဲလျောင်းအိပ်စက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက်ဆိုသလို လူပမာများထဲမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးက တစ်နေကုန် အော့အန်ပြီး ဝမ်းလျှောနေခဲ့သည်ကို သတိရသွားကာ ထိုကလေးငယ် မည်သို့ရှိနေမည်ကို တွေးပူမိသွားသည်။ စိတ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာသဖြင့် သူမ ချက်ချင်း ထထိုင်လိုက်သည်။

စူးမိသားစုမှ အမျိုးသမီးများအားလုံး ဤနေရာ၌ စုပြုံအိပ်စက်ကြခြင်း ဖြစ်ပြီး သူမက အလယ်တွင် ရောက်နေသဖြင့် တခြားသူများကို နိုးမသွားစေရန် သတိထားလှုပ်ရှားရသည်။ တခြားသူများမှာ အဝတ်အစားများပင် မချွတ်နိုင်ဘဲ အိပ်ပျော်နေကြချေပြီ။ သူမတို့၏ အသက်ရှူသံများက မှန်နေဆဲဖြစ်သော်လည်း ပင်ပန်းနွမ်းနယ်လွန်းလှသဖြင့် မျက်ခုံးများကို တွန့်ချိုးထားကြရှာသည်။

အမျိုးသားများဖြစ်ကြသည့် ကျိုးဝမ်ရှူ၊ ဝမ်ဟွမ်ကျစ်နှင့် ကျန့်ညီအစ်ကိုကတော့ ဘေးခန်း၌ နေထိုင်ကြသည်။ အကယ်၍ တစ်ခုခုဖြစ်ပွားပါက လှမ်းအော်ခေါ်လိုက်ရုံဖြင့် ချက်ချင်း ရောက်ရှိလာနိုင်သည်။

စူးယောင်ကွမ်းက သူမ၏ အဝတ်အစားများကို သေသေချာချာ ပြန်ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့ပြီး လက်ကိုင်မီးအိမ်လေးကို ကိုင်လျက် လူပမာများထဲမှ ကလေးငယ်များ ထားရှိရာ နေရာဆီသို့ တိတ်တဆိတ် လျှောက်လှမ်းလာခဲ့သည်။

လူပမာများကို ရောဂါဝေဒနာ ပြင်းထန်မှုအလိုက် နေရာများ ခွဲခြားထားရုံမျှမက အသက်အရွယ်အလိုက်လည်း ခွဲခြားထားခဲ့သည်။ ဥပမာအားဖြင့် ကလေးငယ်များ၊ လူငယ်လူရွယ်များနှင့် သက်ကြီးရွယ်အိုများဟူ၍ နေရာ ခွဲခြားထားခြင်း ဖြစ်သည်။ ကလေးငယ်များ၏ နေရာတွင်လည်း ရောဂါလက္ခဏာ ပေါ့ပါးသူနှင့် ပြင်းထန်သူဟူ၍ ထပ်မံခွဲခြားထားပြီး လူငယ်လူရွယ်များ၏နေရာကိုတော့ ရောဂါလက္ခဏာ ပေါ့ပါးခြင်း၊ ပြင်းထန်ခြင်းအပေါ် ခွဲခြားရုံသာမက အမျိုးသားနှင့် အမျိုးသမီးအတွက်လည်း သီးသန့် ထပ်ခွဲထားသည်။ သက်ကြီးရွယ်အိုများ၏ နေရာတွင်လည်း ထို့အတူပင် ဖြစ်ကာ ရောဂါလက္ခဏာနှင့် ခွဲခြားပြီး အမျိုးသား၊ အမျိုးသမီး သီးခြားစီ ခွဲထုတ်ထားခဲ့သည်။

ကလေးငယ်များ ထားရှိရာနေရာက စူးယောင်ကွမ်းတို့အဖွဲ့ အနားယူသည့်နေရာနှင့် အနီးဆုံးတွင် ရှိပြီး ပတ်ဝန်းကျင် အခြေအနေကလည်း အကောင်းဆုံး ဖြစ်သည်။ ကလေးငယ်များက ခုခံအား ပိုမိုနည်းပါးသဖြင့် လုံးဝ လျစ်လျူရှုထား၍ မရနိုင်ဘဲ အနီးကပ် ဂရုစိုက် စောင့်ကြည့်ရန် လိုအပ်သောကြောင့်ပင်။

စူးယောင်ကွမ်း အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် တပြိုင်နက် ဘေးခန်းမှ လူတစ်ဦး၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ခြေသံကို ကြားရုံမျှဖြင့် စူးယောင်ကွမ်း ဖြစ်မှန်း မှတ်မိသွားသဖြင့် သူကလည်း ခုတင်ပေါ်မှ တိတ်တဆိတ် ဆင်းကာ နောက်မှ လိုက်ပါသွားခဲ့သည်။

"တော်သေးတာပေါ့... အားလုံး အဆင်ပြေနေလို့"

စူးယောင်ကွမ်းက ကလေးငယ်၏ နဖူးကို စမ်းသပ်ကြည့်ကာ ကိုယ်ပူချိန်တတက်နေခြင်း မရှိတော့သည်ကို အတည်ပြုလိုက်ပြီးနောက် သွေးခုန်နှုန်းကိုပါ စစ်ဆေးပေးလိုက်သည်။

သူမ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် တခြားကလေးငယ်များကိုပါ တစ်ခါတည်း ဝင်ရောက်စစ်ဆေးပေးရမည် ဖြစ်သည်။ စူးယောင်ကွမ်းက ကလေးတစ်ယောက်ချင်းစီ၏ အခြေအနေကို စစ်ဆေးပေးနေရင်း အေးချမ်းစွာ အိပ်ပျော်နေကြသော ကလေးငယ်များကို ကြည့်ကာ သူမ၏ မျက်နှာထက်တွင် ကြင်နာဂရုစိုက်မှုများ ပြည့်နှက်နေလေသည်။

ထိုအချိန်တွင် သူမ၏ ကိုယ်ပေါ်၌ လမင်း၏ ငွေရောင်အလင်းတန်းများ ဖြာကျနေသယောင် ရှိနေကာ လောကကြီးကို ကယ်တင်ရန် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ထင်မှတ်နေရသည်။

ကျိုးဝမ်ရှူက တံခါးဝတွင် ရပ်နေပြီး သူမ ကလေးငယ်များအား စောင်များ ခြုံပေးနေသည်ကိုလည်းကောင်း၊ တစ်ယောက်ချင်းစီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ ကိုယ်အပူချိန်ကို စစ်ဆေးပေးနေသည်ကိုလည်းကောင်း ငေးမောကြည့်ရှုနေခဲ့သည်။ ထိုမြင်ကွင်းက အလွန် လှပလွန်းလှသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသဖြင့် မည်သို့မျှ မနှောင့်ယှက်ချင်တော့ချေ။

စူးယောင်ကွမ်းက အလုပ်အားလုံးကို အဆုံးသတ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့ပြီး သမ်းဝေရင်းဖြင့် အနားယူရန် သူမ၏အခန်းဆီသို့ ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို လူတစ်ယောက်က ဝုန်းကနဲ ပြေးထွက်လာပြီး သူမ၏ ရှေ့မှ လမ်းပိတ်ရပ်လိုက်သည်။

"ယောင်ကွမ်း..."

ရှောင်းယန်ချီက အောက်ခံအင်္ကျီအဖြူရောင်ကိုသာ ဝတ်ဆင်ထားပြီး ဆံပင်များကို ဖားလျားချထားလျက် သူမ၏ရှေ့တွင် နာမကျန်းဖြစ်နေသော အလှပဂေးတစ်ဦးအလား ရပ်နေလေသည်။

"မင်း ဘာလို့ ငါ့ဆီ လာမကြည့်တာလဲ။ ငါ သေခါနီးဖြစ်နေပြီ"

စူးယောင်ကွမ်းက ရှောင်းယန်ချီအား မဲ့ပြုံးဖြင့် ပြန်ကြည့်ကာ ကန်ထုတ်လိုက်သည်။ ဝုန်းကနဲ မြည်သံနှင့်အတူ ရှောင်းယန်ချီတစ်ယောက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး သူမ၏ရှေ့တွင် ပြားပြားဝပ်ဝပ် ဦးတိုက်နေသလို ဖြစ်သွားခဲ့သည်။

"အား..."

ရှောင်းယန်ချီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

စူးယောင်ကွမ်းက သူ့ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း လှမ်းပြောလိုက်သည်။

"ဒီက သခင်လေးရှောင်း... ရှင် ရူးသွားပြီလား။ ကျွန်မက ရှင့်အမေ မဟုတ်ဘူး။ ရှင် သေခါနီးဖြစ်နေတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ကျွန်မက ဘာလို့ ရှင့်ဆီကို လာကြည့်ရမှာလဲ။ ရှင် ဒီနေရာမှာ ရှိနေနိုင်တာကလည်း ကျွန်မ သူများတွေရဲ့ အပြစ်တင်တာကို မခံချင်လို့ပဲ။ ကျွန်မသာ လုပ်နိုင်မယ်ဆိုရင် ရှင့်ကို တိရစ္ဆာန်တွေနဲ့ပဲ အတူတူ ထားလိုက်ချင်တယ်"

"ယောင်ကွမ်း... မင်းက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"

ရှောင်းယန်ချီက သူမကို နာကြည်းမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးနေပြန်သည်။

"ငါက မင်း အချစ်ဆုံးလူလေ... မင်း ဘာလို့ စိတ်ပြောင်းသွားရတာလဲ"

"ဟက်... နင်က ဘာကောင်မို့လို့ ငါ့ရဲ့ အချစ်ဆုံးလူ ဖြစ်ချင်နေရတာလဲ။ သေသေချာချာ နားထောင်စမ်း ရှောင်းချီ... နင်က အရမ်း ရုပ်ဆိုးလွန်းတယ်၊ ဝမ်ရှူရဲ့ လက်ညှိုးတစ်ချောင်းကိုတောင် မမှီဘူး။ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အရှက်ခွဲမနေနဲ့တော့"

နောက်ကွယ်မှ ကန်ချက်တစ်ချက် ရောက်ရှိလာပြီး ရှောင်းယန်ချီ၏ ခန္ဓာကိုယ်က ရှေ့သို့ လွင့်စဥ်သွားကာ မျက်နှာချင်းဆိုင်ရှိ တိုင်လုံးကြီးကို ဆောင့်မိသွားသည်။ ဒုန်းကနဲ မြည်သံနှင့်အတူ ရှောင်းယန်ချီ၏ သတိစိတ်များ လွင့်ပြယ်သွားပြီး ထိုနေရာ၌ မလှုပ်မယှက် လဲလျောင်းသွားရရှာသည်။

စူးယောင်ကွမ်းက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားပြီးနောက် မှောင်ရိပ်ထဲမှ ထွက်ပေါ်လာသော ကျိုးဝမ်ရှူကို မော့ကြည့်ရင်း မေးလိုက်သည်။

"နင် ဘယ်တုန်းက ရောက်နေတာလဲ"

ကျိုးဝမ်ရှူက ပါးလျသောအင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ဆံပင်များ ဖားလျားကျနေကာ သူ၏ နုနယ်ထင်ရှားသော မျက်နှာသွင်ပြင်ကြောင့် ညမှောင်ရိပ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော မြူနှင်းများ ဖုံးလွှမ်းနေသယောင် ရှိနေပြီး ဆွဲဆောင်မှုရှိသော မြေခွေးဝိညာဉ်တစ်ခုအလား ထင်မှတ်နေရသည်။

"ကျွန်တော်က ရေအိမ်သွားချင်လို့ ထွက်လာတာ၊ ဒီဘက်က အသံကြားရလို့ လာကြည့်မိပေမယ့် ဒီလောက် အရှက်မဲ့တဲ့အရာကို တွေ့ရလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ သူက ဘာလို့ အမြဲတမ်း ခင်ဗျား သူ့ကို ကြိုက်နေတယ်လို့ ထင်နေရတာလဲ။ ခင်ဗျား သူ့ကို ဘာတွေ လုပ်ခဲ့လို့လဲ"

စူးယောင်ကွမ်း : "...ဖြစ်နိုင်တာကတော့ ငါက သူ့ကို ခဏခဏ ပြဿနာရှာလို့နေမှာပေါ့။ သူက ဦးနှောက်မကောင်းလို့ ငါ့ရဲ့ နှိပ်စက်မှုတွေကို စွဲလမ်းနေတာဖြစ်လိမ့်မယ်"

ကျိုးဝမ်ရှူက သူ၏မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားရကျပ်နေသော အမူအရာကို ပြသလာသည်။

"အော်... ဒါဆို သူက ဒီလို စိတ်ကူးယဉ်ဆန်ပြီး ထူးဆန်းတဲ့ ဝါသနာမျိုး ရှိတာပေါ့"

စူးယောင်ကွမ်းကလည်း ထိုနေရာ၌ လဲလျောင်းနေသော ရှောင်းယန်ချီကို စိုက်ကြည့်ရင်း တွေးတောနေလေသည်။

‘ဒီရှောင်းယန်ချီက တကယ့်ကို အရှက်မရှိသလို အရမ်းလည်း ယုတ်မာကောက်ကျစ်တယ်’

‘သူလည်း အတိတ်ဘဝကနေ ပြန်လည်မွေးဖွားလာခဲ့မှတော့ ငါနဲ့ ဝေးဝေးမှာ နေသင့်တာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါက အရင်ဘဝတုန်းက သူ့လက်ချက်နဲ့ သေဆုံးခဲ့တာရလေ’

ထိုဘဝ၏ နောက်ဆုံးအချိန်အခိုက်အတန့်များတွင် သူက သူကိုယ်တိုင် ဓားကို မကိုင်စွဲခဲ့သော်လည်း မမြင်ရသော ဓားသွားများက သူမ၏ရင်ဘတ်ကို ထိုးစိုက်နေခဲ့သဖြင့် သူမအနေဖြင့် သေချင်စိတ်ပေါက်ခဲ့ရသည်။

ဤဘဝတွင်တော့ သူမက သူ့ကို သွားမနှောင့်ယှက်ခဲ့ချေ။ သူမ သူ့ကို လက်လွှတ်ပေးခဲ့ပြီးပြီဖြစ်ရာ သူ ထိုယုတ်မာသောအမျိုးသမီးနှင့်သာ အတူတူ ပတ်သက်နှောင်တွယ်နေသင့်ပြီး တခြားသူများကို ဆက်မဖျက်ဆီးသင့်တော့ဟု စူးယောင်ကွမ်း တွေးနေမိသည်။

သူက အဘယ်ကြောင့် ယခုအချိန်အထိ ဤမျှအထိ အရှက်မဲ့ပြီး သူမ၏အနားသို့ ချဉ်းကပ်ကာ မဟုတ်မမှန်သော စကားလုံး ပြောဆိုနေရသည်ကို သူမ လုံးဝ နားမလည်နိုင်တော့ချေ။

‘သူ အဲ့နောက်ဆုံးအချိန် အခိုက်အတန့်ကို မမှတ်မိတော့တာ ဖြစ်နိုင်လား’

‘ငါက သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတာကို သူ မသိလို့ အတိတ်ဘဝတုန်းကလို ငါက သူ့အပေါ် ဆက်ပုံအပ်ထားပြီး ငါရဲ့ နှလုံးသားနဲ့ မျက်ဝန်းများက သူ့အပေါ်မှာပဲ အကြွင်းမဲ့ သစ္စာရှိနေတယ်လို့ ထင်မှတ်နေပြီး ဒီလောက်အထိ အရှက်မရှိ တွယ်ကပ်နေတာလား’

စူးယောင်ကွမ်းတစ်ယောက် သဘောပေါက်သွားသယောင် ရှိလာခဲ့သည်။

ထိုအချိန်တွင် ကျိုးဝမ်ရှူက သူမ၏နားနားသို့ ကပ်လျက် တိုးတိုးလေး မေးနေပြန်သည်။

"ချောလား"

စူးယောင်ကွမ်းလည်း အတွေးများနေရာမှ သတိပြန်ဝင်လာပြီး သူမဘေးနားရှိ ကောင်လေးကို ဇဝေဇဝါ မော့ကြည့်လိုက်မိသည်။

"ဟင်..."

သူမ လှည့်ကြည့်လိုက်ချိန်တွင် အနီးကပ် မြင်တွေ့နေရသည့် ချောမောသော မျက်နှာတစ်ခုကို ထင်ထင်ရှားရှား တွေ့လိုက်ရသည်။ သူ၏ မက်မွန်ပွင့်ပုံမျက်ဝန်းအိမ်များက မှောင်ရိပ်ထဲ၌ပင် တောက်ပနေပြီး ကောင်းကင်ယံမှ ကြယ်တာရာများထက်ပင် ပိုမိုဆန်းကြယ်နေကာ လူကို စွဲမက်နေစေသည်။

"ချောတယ်"

သူမ မသိစိတ်ဖြင့် အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။

ကျိုးဝမ်ရှူ : "..."

သူက သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် ပါးနှစ်ဖက်ကို ဖောင်းလိုက်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပြန်သည်။

ထို့နောက် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းပြီး ပျံသန်းတော့မည့်အလား တစ်ဟုန်ထိုး ထွက်ခွာသွားတော့သည်။

စူးယောင်ကွမ်းလည်း သူ့နောက်မှ ခပ်မြန်မြန် လိုက်လံဖမ်းဆီးရင်း အော်ပြောလိုက်ရသည်။

"အိုး... နင် နားလည်မှုလွဲသွားပြီ။ ငါက နင့်ကို ချောတယ်လို့ ပြောတာပါ၊ မြေပြင်ပေါ်မှာ လဲနေတဲ့ ဝက်ကို ပြောတာမဟုတ်ဘူး"

ကျိုးဝမ်ရှူက သူ့ခြေလှမ်းများကို ပြန်နှေးကွေးလိုက်သည်။

ဤဘုရားကျောင်းအတွင်း၌ လူပေါင်းစုံ ရှိနေသဖြင့် လူမိုက်အချို့နှင့် လူဆိုးကောင်များ ထွက်ပေါ်လာခြင်းက ရှောင်လွှဲ၍မရနိုင်ပေ။ သူမက ခွန်အားကြီးမားလှသည်ဆိုသော်လည်း သူမက မိန်းကလေးတစ်ဦး ဖြစ်နေသေးသဖြင့် တစ်လောကလုံးတွင် အနှိုင်းမဲ့နေသည်တော့ မဟုတ်ပေ။ အကယ်၍ ရက်စက်ကြမ်းကြုတ်သော လူများနှင့် တိုးပါက သူမသာလျှင် နာကျင်ခံစားရပေလိမ့်မည်။ သို့သော် သူမကတော့ ဤအချက်ကို သတိမပြုမိဘဲ အမြဲတမ်း ပထမဆုံး လှုပ်ရှားသူဖြစ်ချင်ကာ အရှေ့မှ မဆင်မခြင် တိုးဝင်နေတတ်စမြဲပင်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏အနားသို့ အမီလိုက်သွားပြီး ပြောလိုက်သည်။

"ဒီနေ့ လူနာ ရှစ်ယောက်တောင် ထပ်ပြီး နေကောင်းသွားပြီနော်။ သူတို့က ပြန်ကောင်းလာပြီးတာတောင် ချက်ချင်း မပြန်ကြသေးဘဲ တခြားလူနာတွေကို ကူညီပြုစုပေးဖို့ ကျန်နေခဲ့ကြတယ်။ ဒီအတိုင်းဆိုရင်တော့ လူနာအားလုံး မကြာခင် ပြန်ကောင်းလာကြတော့မှာ"

ကျိုးဝမ်ရှူက ကိုယ်ရောင်ကိုယ်ဝါများ ဖြာထွက်နေသယောင် ရှိသော စူးယောင်ကွမ်းကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ခင်ဗျား ဒါတွေအားလုံးကို ဘာလို့ လုပ်ပေးနေတာလဲ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ဒီဘဝမှာ ငါတို့လုပ်သမျှအရာတိုင်းက ရည်ရွယ်ချက် ရှိနေဖို့ မလိုဘူး။ ဒီလို သဘာဝကပ်ဘေးမျိုးကို လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်ပေမယ့် အားလုံး စည်းလုံးညီညွတ်ကြမယ်ဆိုရင်တော့ သဘာဝတရားကိုတောင် အောင်နိုင်လိမ့်မယ်။ ဒါ့အပြင် အခုဆိုရင် ငါတို့ရဲ့ ထောင်ယောင်ဖန့်ကို ဘယ်သူက မသိဘဲ နေတော့မှာလဲ။ ဒါက ကုသိုလ်လည်းရ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကိုလည်း တည်ဆောက်နိုင်ပြီး ကောင်းချီးတွေလည်း စုဆောင်းနိုင်တော့ အကျိုးရှိတဲ့ အလုပ်လေ။ ငါတို့ ဘာလို့ မလုပ်ဘဲ နေရမှာလဲ"

"ဒါကာမကြီးစူး... အနားယူပါတော့။ ကျွန်တော်တို့တွေ မနက်ဖြန်ကျရင်လည်း ကောင်းမှုတွေကို ဆက်ပြီး လုပ်ဆောင်ရဦးမှာ"

ကျိုးဝမ်ရှူက အမျိုးသမီးများ၏ အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး သူမ ဝင်သွားသည်ကို စောင့်ကြည့်ပြီးနောက် တံခါးကို ပြန်ပိတ်လိုက်သည်။

All Chapters