အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း ၁၄၃ အိပ်မက်
ကျိုးဝမ်ရှူတစ်ယောက် အိပ်မက်တစ်ခု မက်နေခဲ့သည်။
အိပ်မက်ထဲတွင် သူ ကျွန်အဖြစ် ရောင်းစားခံရသည့် အချိန်ဆီသို့ ပြန်ရောက်သွားခဲ့သော်လည်း စူးယောင်ကွမ်းက သူ့ကို မဝယ်ခဲ့ချေ။ သူမက သူ့အစား ရှောင်းယန်ချီကိုသာ ဝယ်ယူခဲ့သည်။
သူကတော့ သေလုမြောပါး အခြေအနေဖြင့် ရထားလုံးထဲ၌ပင် ကွေးကွေးလေး လဲလျောင်းနေရဆဲ ဖြစ်သည်။ ကျန်သည့်အခြေအနေများ အားလုံးကတော့ ထပ်တူထပ်မျှပင်။ ထိုအိပ်မက်က အမှန်တကယ် လက်တွေ့ဘဝကဲ့သို့ ထင်နေရပြီး ထင်ယောင်ထင်မှားဖြစ်စေသဖြင့် သူ စူးစူးဝါးဝါး နာကျင်မှုကိုပင် အတိုင်းသား ခံစားနေရသည်။
ရှောင်းယန်ချီကို ရောင်းချပြီးနောက် ကျွန်ပွဲစားက ကျန်ရှိသော ကျွန်များကို ပြည့်တန်ဆာအိမ်တစ်ခုသို့ ခေါ်ဆောင်ကာ သွားရောက်ရောင်းချခဲ့သည်။ ပြည့်တန်ဆာအိမ်မှ မိန်းမကြီးက ထိုကျွန်များကို ကြည့်ကာ ရုပ်ရည်မချောမောဟု ပြောပြီး လုံးဝမကျေမနပ် ဖြစ်နေခဲ့သည်။ ကျွန်ပွဲစားက ရထားလုံးထဲတွင် ရုပ်ရည်ချောမောသော ကောင်လေးတစ်ဦး ရှိနေသေးကြောင်း သို့သော် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် အသက်ရှင်ရန်အတွက် ဆေးကောင်းဝါးကောင်းများ လိုအပ်ကြောင်း ပြောပြနေခဲ့သည်။ ထိုအခါမှသာ မိန်းမကြီးက ရထားလုံး၏ ကန့်လန့်ကာကို ဆွဲဟပြီး သူ့ကို လှမ်းကြည့်လာခဲ့သည်။ သူ၏ ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသည်နှင့် သူမက ချက်ချင်း ငွေနှစ်လျန် အကုန်အကျခံကာ သူ့ကို ဝယ်ယူလိုက်သည်။
ထိုမိန်းမကြီးက အမှန်တကယ်လည်း ငွေအမြောက်အမြား အသုံးပြုကာ သူ၏ဒဏ်ရာများကို ကုသပေးခဲ့ပြီး သူ ပြန်ကျန်းမာလာအောင် အကုန်အကျခံခဲ့သည်။ သို့သော် သူ့၏ ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့် တပြိုင်နက် သူမက သူ့ကို စိတ်တုန့်ပြန်မှု မမှန်သော သခင်အိုကြီးတစ်ဦးထံသို့ ဈေးကြီးကြီးဖြင့် ပြန်လည်ရောင်းချခဲ့သည်။ သူ ထိုအဘိုးကြီးကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ပြီး၊ မှောင်မိုက်သော လမ်းကြားထဲမှ လွတ်မြောက်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိခဲ့သော်လည်း ပြည့်တန်ဆာအိမ်မှ လူမိုက်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ နောက်သို့ ပြန်လည်ဆွဲခေါ်ခြင်း ခံခဲ့ရသည်။ သူ၏ နောက်ဆုံးအချိန် အခိုက်အတန့်တွင် သူ စူးယောင်ကွမ်းကို လှမ်းမြင်လိုက်ရပြီး သူမ၏ မျက်ဝန်းများထဲ၌ သနားကြင်နာမှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်ကို တွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် သူ သူ့၏ တိုတောင်းလှသော ဘဝကို သေခြင်းတရားဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သူ သေဆုံးပြီးနောက်တွင်လည်း သူ့ဝိဉာဏ်က ချက်ချင်း ပျောက်ကွယ်မသွားခဲ့ချေ။ သူ၏ ဝိညာဉ်က အန်းနင်ရွာလေးသို့ လိုက်ပါသွားခဲ့ပြီး စူးယောင်ကွမ်း၏ အနားတွင်သာ မှီတွယ်နေခဲ့သည်။ ထိုရွာသူမလေးနောက်သို့ သူ ဘာကြောင့် လိုက်ပါနေမိသည်ကို သူကိုယ်တိုင်လည်း နားမလည်ခဲ့ပေ။ ဖြစ်နိုင်သည်ကတော့ သူမ၏ နောက်ဆုံးအကြည့်လေးက သူ့အတွက် ဤလောက၌ တစ်ခုတည်းသော နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူ သူမ၏အနားတွင် နေထိုင်ရင်း သူမက သူမကိုယ့်သူမ အဟုတ်ကြီးထင်နေသော ထိုအမျိုးသားအတွက် ပေးဆပ်နေသည်ကိုလည်းကောင်း၊ ထိုသူ စာပေလေ့လာနိုင်ရန် အပင်ပန်းခံကာ ရုန်းကန်ထောက်ပံ့နေသည်ကိုလည်းကောင်း၊ ထိုသူကို မျက်နှာချိုသွေးကာ ပြုစုပေးရင်း သနားစရာကောင်းလောက်အောင် နှိမ့်ချနေခဲ့သည်ကိုလည်းကောင်း စောင့်ကြည့်နေခဲ့ရသည်။
သို့သော် ထိုအမျိုးသားက အမှန်တကယ် အောင်မြင်မှု ရရှိသွားခဲ့သည်။ သူက တော်ဝင်စာမေးပွဲတွင် ထိပ်တန်းပညာရှင်အဖြစ် အမြင့်ဆုံးအဆင့်မှ အောင်မြင်ခဲ့သည်။ သူက ကတိအတိုင်း သူမကို လက်ထပ်ကာ ထိပ်တန်းပညာရှင်၏ ဇနီးအဖြစ် မြှောက်စားသည်ကို မြင်တွေ့ရပြီးနောက် ထိုမိုက်မဲသော မိန်းကလေးအနေဖြင့် နောက်ဆုံးတွင် ပေးဆပ်ခဲ့ရသမျှ အရာရာအတွက် ရလဒ်ကောင်း ပြန်လည်ရရှိလာခဲ့ပြီဟု သူ ထင်မှတ်ခဲ့မိသည်။ ဤသို့တွေးကြည့်လျှင်တော့ သူမ၏ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့မှုများက အချည်းနှီး မဖြစ်ခဲ့ဟု ဆိုရပေမည်။ သို့သော်ငြားလည်း သူမ ထိပ်တန်းပညာရှင်၏ ဇနီးအဖြစ် ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရရှာပေ။ ရှောင်းယန်ချီက သူမကို စက်ဆုပ်ရွံရှာသလို ဆက်ဆံခဲ့ပြီး သူမနှင့် တစ်ခါမျှ အခန်းအတူတူ မအိပ်ခဲ့သလို အိမ်တော်အတွင်းရှိ အစေခံများကပင် ဆင်းရဲသားမျိုးရိုးမှ ဆင်းသက်လာသော ဤသခင်မကို အထင်သေးရဲကြသည်။ သူ သူမအား သူများခိုင်းသမျှ လုပ်ရုံသာ လုပ်တတ်သည့် အရူးမလေးတစ်ဦးအဖြစ် မြင်တွေ့နေရသဖြင့် ဒေါသထွက်လွန်းသောေကြာင့် သူ၏ ဝိညာဉ်ကိုပင် ရုပ်လုံးပေါ်လာစေချင်မိခဲ့သည်။
ကျိုးဝမ်ရှူအနေဖြင့် စူးယောင်ကွမ်း၏နောက်သို့သာ လိုက်ပါနိုင်ခြင်းကြောင့် ရှောင်းယန်ချီ ဘာလုပ်နေသည်ကိုတော့ မမြင်တွေ့နိုင်ခဲ့ချေ။ စူးယောင်ကွမ်း နာမကျန်းဖြစ်ကာ ကုတင်ပေါ်တွင် သေဆုံးသွားခဲ့သည့်အချိန်ရောက်မှသာ သူလည်း ရှောင်းယန်ချီနှင့် ထိုယုတ်မာသောအမျိုးသမီး ကျန်းရိဟွမ်း၊ ထို့ပြင် သေချာပေါက် အရိုက်ခံရမည့် ထိုကလေးငယ်တို့ကို စူးယောင်ကွမ်း၏ အမြင်အာရုံမှတဆင့် မြင်တွေ့ခဲ့ရသည်။
စူးယောင်ကွမ်း သေဆုံးသွားခဲ့ပြီးနောက် ကျိုးဝမ်ရှူ၏ ဝိညာဉ်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။ သူ ပျောက်ကွယ်သွားခါနီးအချိန်တွင် ထိုနေရာ၌ လဲလျောင်းနေသော မိုက်မဲသည့် မိန်းကလေးကို စိုက်ကြည့်ရင်း တွေးတောခဲ့မိသေးသည်။
'တကယ်လို့သာ... အဲ့တုန်းက သူမ ငါ့ကို ဝယ်ခဲ့မယ်ဆိုရင် ပိုကောင်းမယ် ထင်တယ်'
'ဖြစ်နိုင်တာကတော့... ငါ သူမကို ချစ်မိသွားမှာ မဟုတ်ပေမယ့် အနည်းဆုံးတော့ ငါက သူမကို နာကျင်အောင် လုပ်မှာမဟုတ်ဘူး'
‘ဒီမိုက်မဲတဲ့ မိန်းကလေးက တကယ့်ကို အရူးမလေးပဲ... လူမဆန်တဲ့ ကောင်ကလွဲလို့ ဘယ်သူကများ သူမကို ဒီလောက်အထိ နာကျင်အောင် လုပ်ရက်နိုင်မှာလဲ’
ကျိုးဝမ်ရှူတစ်ယောက် နဖူးမှ ချွေးစေးများ တဖြိုင်ဖြိုင် စီးကျလျက် ရုတ်တရက် ဆတ်ခနဲ ထထိုင်လိုက်မိသည်။ သူ ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ အလင်းရောင် ထွက်ပြုစဖြစ်နေပြီး ဘေးအခန်းမှလည်း လှုပ်ရှားသံများ ထွက်ပေါ်နေချေပြီ။ မည်သူက ပထမဆုံး ထမင်းထချက်သည်ကို သူ သေချာပေါက် သိနေခဲ့သည်။
‘ဒီအိပ်မက်က...
ငါ ဘာကြောင့်များ ဒီလိုဆန်းကြယ်တဲ့ အိပ်မက်ဆိုးကို မက်ခဲ့ရတာလဲ’
သူက ဘေးနားရှိ ဗုဒ္ဓရုပ်ပွားတော်ကို မော့ကြည့်လိုက်ပြီး ရုပ်ပွားတော်၏ မျက်နှာတော်က လောကကြီးကို သနားကရုဏာ သက်နေသည့်အလား အလွန်ပင် အေးချမ်းနေလေသည်။
‘ရှောင်းယန်ချီက စူးယောင်ကွမ်းကို ထူးဆန်းတဲ့ စကားတွေ ခဏခဏ ပြောနေခဲ့တယ်။ အဲ့ဒါက ဒီအိပ်မက်ထဲက အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေနိုင်လား’
‘ငါကိုယ်တိုင် ဒီလိုအဓိပ္ပာယ်မရှိတဲ့ အိပ်မက်မျိုး မက်နိုင်ရင်.... ရှောင်းယန်ချီလည်း အဲ့လိုအရာတွေကို အိပ်မက်မက်ခဲ့တာမျိုး ဖြစ်နိုင်လား’
‘ဒါမှမဟုတ် ငါ ဘုရားကျောင်းထဲ ရောက်နေလို့ ထူးခြားတဲ့ အကြားအမြင်အချို့ ရရှိလာခဲ့တာလား’
နံနက်စာ စားသောက်နေချိန်တစ်လျှောက်လုံးတွင်လည်း ကျိုးဝမ်ရှူတစ်ယောက် အတွေးကမ္ဘာထဲ၌သာ နစ်မျောနေခဲ့သည်။
စူးယောင်ကွမ်းက သူ၏နဖူးကို လက်ဖြင့် လှမ်းစမ်းလိုက်သည်။
ကျိုးဝမ်ရှူတစ်ယောက် မှင်တက်သွားပြီးမှ သူ့ရှေ့ရှိ မျက်နှာလေးကို ငေးကြည့်နေမိပြန်သည်။ သူမက အိပ်မက်ထဲကထက် ပိုနုပျိုနေပြီး ပိုလှပချောမောနေလေသည်။
"နင် အရမ်း ပင်ပန်းနေလို့လား"
စူးယောင်ကွမ်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ပင်ပန်းရင်လည်း နားလိုက်ဦးလေ။ ဘုရားကျောင်းထဲမှာ ကိုရင်တွေ၊ ဘုန်းကြီးတွေ အများကြီးရှိတာပဲ၊ နင်တစ်ယောက် မရှိလည်း ဘာမှမဖြစ်ပါဘူး။ နင်က အပြင်းအထန် နေမကောင်း ဖြစ်ထားတာဆိုတော့ ခန္ဓာကိုယ်က အားအပြည့် ပြန်မပြည့်သေးဘူးလေ"
"ယောင်ကွမ်း..."
ကျိုးဝမ်ရှူက သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"အစတုန်းက ခင်ဗျား ဘာလို့ ရှောင်းယန်ချီကို မဝယ်ခဲ့တာလဲ"
စူးယောင်ကွမ်းကတော့ မျက်လုံးအဝိုင်းသားဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"နင်က တကယ်ပဲ ဒီကိစ္စကို စိတ်ထဲ ရောက်နေတာလား။ လူတိုင်းက ငါ သူ့ကိုပဲ ဝယ်သင့်တယ်လို့ ဘာလို့ ထင်နေကြတာလဲ မသိဘူး။ နင်က သူ့ထက် ပိုလည်းချောတယ်၊ ဈေးလည်း ပိုပေါတာကို... ငါက ဘာလို့ ငါ့ပိုက်ဆံတွေကို အလဟဿအကုန်ခံပြီး သူ့ကို ဝယ်ရမှာလဲ"
ကျိုးဝမ်ရှူက မျက်လွှာချလိုက်ရင်း တိုးတိုးလေး မေးနေရှာသည်။
"တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ကို မဝယ်ခဲ့ရင် ကျွန်တော် ဘာဖြစ်သွားမလဲ"
"ကဲပါ... နင်က ငါ နင့်ကို ဝယ်ခဲ့လို့ စိတ်ဆိုးနေတာလား၊ ငါနဲ့အတူ နေရတာ ဆင်းရဲလို့ ငါ့နောက် လိုက်ခဲ့ရတာကို နောင်တရနေပြီလား။ နှမြောစရာပဲ... အခုမှ နောင်တရလည်း အပိုပဲနော်။ နင်က ငါ့လက်ထဲကို ရောက်ဖို့ ကံပါလာပြီးသားပဲ"
စူးယောင်ကွမ်းက ပြောပြောဆိုဆိုနှင့် သူ့ပါးကို ဆွဲဖျစ်လိုက်ပြန်သည်။
"ဒီပါးက တကယ့်ကို ဆွဲလို့ကောင်းတာပဲ"
"ယောင်ကွမ်း... ဝမ်ရှူက အိမ်ပါသမက် ဆိုပေမဲ့ နင် သူများတွေရှေ့မှာ သူ့ကို မျက်နှာသာပေးရဦးမယ်လေ။ ကလေးတစ်ယောက်ကို ကစားနေသလိုမျိုး သူ့ပါးကို ဘာလို့ ဒီလိုကြီး ဆွဲဖျစ်နေရတာလဲ"
ကျန်းကျောက်တိက စိတ်မရှည်သလို ဝင်ပြောလိုက်သည်။
စူးယောင်ကွမ်းလည်း သူမလက်ကို အမြန်ပြန်ရုပ်လိုက်ပြီး သူမ၏ပန်းကန်ထဲမှ တို့ဖူးကို သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"မွန်းတည့်ကျရင် ငါတို့ တောင်အနောက်ဘက်ကို သွားပြီး အသားစားကြမယ်။ မနက်စာကိုတော့ ဒီအတိုင်းပဲ ရိုးရိုးရှင်းရှင်းလေး စားလိုက်ကြရအောင်"
ထိုအချိန်တွင် ကိုရင်ငယ်လေးတစ်ပါးက အနားသို့ ချဉ်းကပ်လာပြီး စူးယောင်ကွမ်းတို့အား လှမ်းပြောလိုက်သည်။
"ဒါကာမကြီးစူး... ဟိုဘက်က ဒါကာရှောင်းက ညတုန်းက အပြင်မှာ တစ်ညလုံး နေခဲ့လို့ ဒီနေ့ အပူချိန်ပြန်တတ်နေပြန်ပြီ။ သမားတော်မလေးကျန်း... သွားကြည့်ပေးပါဦး"
"မနက်စာ စားပြီးမှ သွားကြတာပေါ့"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကိုရင်လေး... သူက သန်သန်မာမာ ယောက်ျားတစ်ယောက်ပါ၊ ဘာမှ မဖြစ်နိုင်ပါဘူး"
တခြားသူသာဆိုလျှင် စူးယောင်ကွမ်းတစ်ယောက် ကျန်းကျင့်ကို ချက်ချင်း ခေါ်ဆောင်ကာ သွားကြည့်ပြီး ဖြစ်နေပေလိမ့်မည်။ သို့သော် ယခု ရှောင်းယန်ချီ ဖြစ်နေသဖြင့် အလျင်စလိုလုပ်ရန် မလိုအပ်ပေ။ သူက ကံကောင်းတတ်သူမို့ သေမည်မဟုတ်ချေ။
ကျိုးဝမ်ရှူက ဝင်ပြောလိုက်သည်။
"ခဏနေရင် ကျွန်တော် သွားကြည့်လိုက်မယ်။ သူက အမျိုးသားတစ်ယောက်ဖြစ်နေတော့ ခင်ဗျားတို့အမျိုးသမီးတွေ ပြုစုရတာ အဆင်မပြေဘူးလေ။ ဒါ့အပြင် ဆရာကြီးဝမ်ကလည်း သူ့ကို ကျွန်တော့်ဆီ အပ်နှံထားခဲ့တာမလား။ ကျွန်တော်ပဲသွားပြီး ကြည့်ရှုပေးတာက ပိုသင့်တော်ပါတယ်"
"သူ အရူးထနေရင် ဂရုစိုက်မနေနဲ့၊ ကိုရင်လေးတစ်ပါးပါးကိုပဲ သူ့ကို စောင့်ကြည့်ခိုင်းထားလိုက်"
စူးယောင်ကွမ်းက စိတ်မချသလို မှာကြားနေပြန်သည်။
"ကောင်းပါပြီ"
နောက်ပိုင်းတွင် စူးယောင်ကွမ်းလည်း အလုပ်များလွန်းသဖြင့် ထိုလူယုတ်မာ ရှောင်းယန်ချီ၏အကြောင်းကို မကြာမီ မေ့လျော့သွားခဲ့သည်။ ကျန်းမိသားစုစားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်သူ ကျန်းကျီချမ့်က ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပို့ဆောင်ပေးရင်း မြို့ထဲတွင် လူနာအသစ် ထပ်မတိုးတော့ကြောင်းနှင့် ကူးစက်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောပြလာခဲ့သည်။
"ကျွန်တော်တို့ဘက်မှာတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော့်လူတွေ စုံစမ်းရသလောက်တော့ ဘေးကပ်လျက်မြို့မှာ လူပေါင်းထောင်ချီ သေဆုံးနေကြရတယ်တဲ့"
ကျန်းကျီချမ့်က ဆက်ပြောပြနေသည်။
"လူအများကြီးက ကျွန်တော်တို့နယ်မြေထဲကို ခိုးဝင်ဖို့ ကြိုးစားနေကြတယ်လို့လည်း ကြားတယ်။ ခရိုင်အမတ်မင်းကတော့ တော်တော်လေး စိုးရိမ်နေရှာတယ်။ အသက်တွေကို ကယ်တင်ဖို့အတွက် သူတို့ကို ပစ်ပယ်ထားလို့မရဘူးဆိုပေမဲ့ သူတို့သာ ခိုးဝင်လာရင် ကျွန်တော်တို့ ဒေသခံတွေကိုပါ သက်ရောက်မှုရှိလာနိုင်တယ်"
"လူ့အသက်ဆိုတာ တန်ဖိုးရှိတာပဲလေ။ သူတို့ အသက်ရှင်ချင်ကြတာလည်း သဘာဝကျပါတယ်။ ကျွန်မတို့ လူတစ်စုကို စီစဥ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေမှာ စောင့်ကြပ်ခိုင်းထားလို့ ရတာပဲ။ တခြားအရပ်က ခိုးဝင်လာတဲ့လူတွေကို တွေ့ရင် ဘုရားကျောင်းဆီ ပို့ပြီး ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားလိုက်ပေါ့"
"ဒါပေမဲ့ ဒီလိုဆိုရင် ဒီဘက်မှာ အလုပ်တွေ အရမ်းများသွားလိမ့်မယ်"
"ကျွန်မတို့ အခုလို လုပ်နေကြတာတွေ အားလုံးက အသက်ပေါင်းများစွာကို ပိုပြီးကယ်တင်နိုင်ဖို့အတွက်ပဲ မဟုတ်ဘူးလား။ အသက်ကယ်ဖို့သာမဟုတ်ရင် ကျွန်မတို့ ဘာလို့ ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီး ဒီလိုတွေ လုပ်နေကြမှာလဲ။ လူတစ်ယောက် ပိုပြီးအသက်ရှင်နိုင်လေ မိသားစုတစ်စုကို ပိုပြီးကယ်တင်နိုင်လေပဲပေါ့"
"အော့မိသော့ဖော"
ကျောင်းထိုင်ဆရာတော်က ထိုနေရာတွင် မည်မျှကြာအောင် ရပ်နားထောင်နေသည်ကို မသိနိုင်သော်လည်း ဆရာတော်၏ မျက်နှာတော်ကို ကြည့်ရုံဖြင့် ကြားသင့်သမျှ အားလုံးကို ကြားသိသွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။
"ဒါကာတို့၊ ဒါယိကာမတို့ စုဆောင်းထားတဲ့ ကောင်းမှုတွေက သင်တို့ဆီကို ကောင်းချီးတွေ အဖြစ် ပြန်ရောက်လာမှာပါ။ ဗုဒ္ဓရဲ့ စောင့်ရှောက်မှုကိုလည်း ရရှိစေမှာပါ"
"ယောင်ကွမ်းရေ... ဝမ်ရှူ ဟိုရှောင်းမျိုးရိုးလူကြောင့် အပူလောင်သွားပြီ။ မြန်မြန်သွားကြည့်ပေးပါဦး"
ကျန်းယင်းတိက အပြေးအလွှား ရောက်ရှိလာပြီး အလောတကြီး လှမ်းပြောလိုက်သည်။
အခန်း ၁၄၄ သူ မသေနိုင်ပါဘူး
စူးယောင်ကွမ်းနှင့် အခြားသူများ ရောက်ရှိလာချိန်တွင် အနီးနားရှိ လူပမာအချို့က ရှောင်းယန်ချီအား ဝိုင်းထားပြီး လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်နေကြသည်ကို မြင်လိုက်ရသည်။
ရှောင်းယန်ချီက တစ်ကိုယ်လုံး ကွေးကွေးလေးဖြစ်နေပြီး သူ့ခေါင်းကို လက်ဖြင့် ကာလျက် အော်ဟစ်ငြင်းဆန်နေရှာသည်။
"ငါ သူ့ကို လုပ်တာမဟုတ်ဘူး၊ သူ တမင်သက်သက် လုပ်တာ"
သူမတို့ ကျိုးဝမ်ရှူကို လှမ်းကြည့်လိုက်ရာ သူ၏အင်္ကျီလက်စက စိုရွှဲနေပြီး အငွေ့များပင် ထွက်နေဆဲဖြစ်သည်။ သူ၏မျက်ဝန်းများက နီရဲနေပြီး လူပမာအချို့ကလည်း သူ့ဘေးတွင် ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြသည်။
စူးယောင်ကွမ်းက ခြေလှမ်းကျဲကြီးများဖြင့် သူ့အနားသို့ လျှောက်သွားလိုက်ပြီး ကျိုးဝမ်ရှူ၏ အင်္ကျီလက်ကို ဆွဲတင်ကာ ကြည့်ရှူလိုက်သည်။ အရေပြားပေါ်တွင် အနည်းငယ် ရဲရုံရဲနေသည်ကို မြင်လိုက်ရမှသာ သူမ ရင်ထဲမှ အလုံးကြီးကျသွားခဲ့ရသည်။
စူးယောင်ကွမ်း ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် လူပမာများက ရှောင်းယန်ချီကို နောက်ထပ်နှစ်ချက်၊ သုံးချက်ခန့် ထပ်ကန်ပြီးနောက် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြသည်။
"မိန်းကလေးစူး... ဒီရှောင်းမျိုးရိုး စာပေပညာရှင်တွေရဲ့ မျက်နှာကို ဖျက်ဆီးနေတာ၊ သူက သခင်လေးကျိုးကို အမြဲတမ်း နှိပ်စက်နေတယ်။ မင်းက သခင်လေးကျိုးရဲ့ဇနီးပဲ... သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရမယ်နော်၊ ဒီပြင်ပလူကို အနိုင်ကျင့်ခွင့် မပေးနဲ့"
"သူ ဘယ်လို လုပ်လိုက်တာလဲ"
ကျန်းကျောက်တိက ဝင်မေးလိုက်သည်။
စကားပြောလိုက်သော အမျိုးသမီး၏ အသံက အလွန်ကျယ်လောင်လှရာ ကြည့်ရသည်မှာ သူမ၏ ရောဂါက တော်တော်လေး သက်သာနေပုံရသည်။ သူမက ရှောင်းယန်ချီဘက်မှ ကျိုးဝမ်ရှူကို တမင်သက်သက် ရန်စခဲ့ကြောင်း အော်ဟစ်စွပ်စွဲနေလေသည်။ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဈေးပေါ၍သာ ဝယ်ခဲ့ခြင်းဖြစ်ပြီး တကယ်တမ်း မချစ်မနှစ်သက်ကြောင်း၊ ကျိုးဝမ်ရှူက စာပေလည်း မတတ်သလို အနုပညာခြောက်ပါးတွင်လည်း မကျွမ်းကျင်ဘဲ ရုပ်ရည်ချောမောသည်မှပအ ဘာမှ အသုံးမကျကြောင်း ရှောင်းယန်ချီက ပြောဆိုခဲ့သည်ဟု ပြန်ပြောပြနေသည်။ ထို့အပြင် ကျိုးဝမ်ရှူက သူ၏ရုပ်ရည်ကို အသုံးချကာ သူတစ်ပါးကို မြှောက်ပင့်တွယ်ကပ်နေပြီး အပျော်ကစားစရာ သက်သက်မျှသာ ဖြစ်သည်ဟု စော်ကားခဲ့ကြောင်း ရှင်းပြလာခဲ့သည်။
"မိန်းကလေးစူး အမှန်တကယ် ချစ်တဲ့သူက သူလို့လည်း ပြောခဲ့သေးတယ်"
ထိုစကားများကို ကြားလိုက်ရချိန်တွင် စူးယောင်ကွမ်းက ပို၍ ပို၍ ထူးဆန်းလာသည်ဟု ခံစားလိုက်ရသည်။
ရှောင်းယန်ချီက ဟန်ဆောင်ကောင်းလွန်းပြီး သူ့၏ ဂုဏ်သိက္ခာနှင့် ပြင်ပသွင်ပြင်ကို အလွန်တန်ဖိုးထားသူ ဖြစ်သည်။ အကယ်၍ သူ့စိတ်ထဲ ထိုသို့တွေးနေခဲ့လျှင်ပင် သူ့ကိုယ်သူ ဤကဲ့သို့ ရုပ်ဆိုးအကျည်းတန်သော အောက်ခြေအဆင့်အထိ အဖြစ်ခံမည်မဟုတ်ပေ။
ရှောင်းယန်ချီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ထိုအမျိုးသမီးကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"လျှောက်မပြောနဲ့၊ ငါ အဲဒီလိုစကားမျိုး တစ်ခါမှ မပြောခဲ့ဘူး"
"ကျန်တဲ့လူတွေလည်း သက်သေခံနိုင်တယ်"
ထိုအမျိုးသမီးက ဘေးပတ်ဝန်းကျင်ရှိ လူများကို လှည့်ကြည့်ရင်း ထပ်ပြောလိုက်သည်။
"အားလုံးပဲ ဟုတ်တယ်မလား"
ဘေးနားရှိ လူများကလည်း ချက်ချင်း ဝိုင်းဝန်းထောက်ခံကြပြီး ရှောင်းယန်ချီက မိန်းကလေးစူးတွင် ခင်ပွန်းရှိနေသည်ကို သိလျက်နှင့် စိတ်ကူးယဉ်နေကြောင်း၊ ဖားပြုတ်က ငန်းသား စားချင်နေသည့်အလား ဖြစ်နေကြောင်း ဝိုင်းပြောကြတော့သည်။
"မင်းတို့ ပြဿနာရှာတဲ့ လူတစ်စုလုံးက ကျိုးဝမ်ရှူ လာဘ်ထိုးထားလို့ ငါ့ကို မဟုတ်မတရား စွပ်စွဲနေကြတာ! ပြီးတော့ မင်း... ကျိုးဝမ်ရှူ၊ မင်းက ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ။ စွတ်ပြုတ်ကို မင်းဘာသာ မှောက်တာလေ၊ ပြီးတော့ ဘာလို့ ငါ လုပ်တယ်လို့ ဇွတ်ပြောနေရတာလဲ"
ကျိုးဝမ်ရှူက မျက်မှောင်ကုတ်ထားပြီး နာကျင်ခံရခက်သော အမူအရာဖြင့် တိုးတိုးလေး ပြောပြနေရှာသည်။
"ယောင်ကွမ်း... သူ စွတ်ပြုတ် မှောက်တယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး၊ သူ မလုပ်ခဲ့ပါဘူး"
"မိန်းကလေးစူး... သူ့စကားကို မယုံနဲ့။ သူက ဗြောင်ကျကျ မှောက်ချခဲ့တာတော့ မဟုတ်ဘူးပေါ့။ တကယ်လို့ သူသာ သခင်လေးကျိုးအပေါ် ဗြောင်ကျကျ စွတ်ပြုတ်နဲ့ ပက်ရဲရင် အခုလောက်ဆို သူ့ကို အရာရှိတွေဆီ ပို့လိုက်ပြီ။ လက်သီးနဲ့ အချက်နည်းနည်း အထိုးခံရရုံနဲ့ ပြီးမှာမဟုတ်ဘူး။ သူက သခင်လေးကျိုး စွတ်ပြုတ်အိုး သယ်လာတာကို သိသိကြီးနဲ့ တမင်သက်သက် ခြေထိုးခံလိုက်တာ၊ အဲဒါကြောင့် သခင်လေးကျိုး အပူလောင်သွားတာ"
"ဒီလိုလုပ်တာက လူသတ်တာနဲ့ ဘာကွာလို့လဲ"
ရှောင်းယန်ချီ၏ ဘေးပတ်ပတ်လည်ရှိ လူများက သူ့ကို တရစပ် ဆဲဆိုကျိန်ဆဲနေကြပြန်သည်။
စူးယောင်ကွမ်းက ဘေးနားရှိ ကျန်းကျင့်ကို လှမ်းမေးလိုက်သည်။
"ရှောင်းယန်ချီက ဘာတွေလုပ်လိုက်လို့ လူတွေရဲ့ မကျေနပ်မှုကို ဒီလောက်အထိ ဆွဲဆောင်မိသွားတာလဲ"
ကျန်းကျင့်က ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။
"ကျွန်မလည်း မသိဘူး"
"ကဲ... တော်ကြတော့၊ ဆက်မငြင်းကြနဲ့တော့"
ကျန်းကျောက်တိက အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"နင်တို့အားလုံးက လူပမာတွေဖြစ်နေကြတာကို ဘာတွေငြင်းခုံနေကြတာလဲ၊ ငါ့မှာ ခေါင်းတောင် ကိုက်လာပြီ။ ရှောင်းမျိုးရိုးကောင်လေး... နင့်ကို ပြုစုစောင့်ရှောက်ဖို့ နင့်မိသားစုဆီ ငါ အကြောင်းကြားလိုက်မယ်။ ဝမ်ရှူက နင့်ကို ပြုစုပေးချင်စိတ်ရှိတာကိုပဲ နင်က ကျေးဇူးတင်သင့်တာ။ သူ့ကို ဘယ်လိုတောင် အနိုင်ကျင့်ရဲရတာလဲ။ ငါတို့ ဝမ်ရှူမှာ ကျောထောက်နောက်ခံ မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား။ နင်က ဒီလောက်တောင် လူမုန်းများနေမှတော့ နင့်အတွက် သီးသန့်အခန်းတစ်ခန်းပဲ စီစဥ်ပေးရတော့မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာသေးခင်က လူနာအတော်များများ ပြန်ကောင်းသွားကြလို့ အခန်းလွတ်တွေ အများကြီး ရှိနေသေးတယ်။ နင့်ကို တစ်ယောက်ခန်း သီးသန့်စီစဥ်ပေးလိုက်မယ်"
"အဒေါ်ကျန်း... ဒီကျိုးဝမ်ရှူက မျက်နှာနှစ်မျိုးနဲ့လူဗျ။ သူက ဒီလူတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး ကျွန်တော့်ကို ဝိုင်းတိုက်ခိုက်ခိုင်းနေတာ။ အဒေါ်တို့က အမှားအမှန်ကို သေချာမခွဲခြားဘဲ ကျွန်တော့်အပြစ်လို့ ဘာလို့ တရားသေ သတ်မှတ်နေရတာလဲ"
'အရင်ဘဝတုန်းကတော့ သူမက ငါ့အပေါ် အရမ်းကောင်းပေးခဲ့ပြီး ဘယ်တုန်းကမှ မကျေမနပ်ဖြစ်တာမျိုး မရှိခဲ့ဘူး။ ဒီဘဝမှာတော့ ငါက သူ့သမက်ဖြစ်မလာခဲ့တဲ့အပြင် သူ့ရဲ့ တကယ့်သရုပ်မှန်ကလည်း တော်တော်လေး အရုပ်ဆိုးအကျည်းတန်လှချည်လား'
‘အဲ့တုန်းက တော်ဝင်စာမေးပွဲအောင်ပြီးနောက်မှာ သူမ မြို့တော်မှာ စည်းစိမ်ခံစားနိုင်ဖို့ ငါ သူမကို လူလွှတ်ပြီး ခေါ်ခိုင်းခဲ့သေးတယ်။ လမ်းခရီးမှာ ဓားပြတိုက်ခံရပြီး သေဆုံးခဲ့ရတာကတော့ သူမကိုယ်တိုင်ရဲ့ ကံဆိုးမှုကြောင့်ပဲ’
"စိတ်ရှုပ်စရာကောင်းလိုက်တာ။ လူအများကြီးက နင့်ကို မုန်းနေကြတာ... နင့်ကိုယ်နင် ပြန်မသုံးသပ်ချင်ဘူးလား"
ကျန်းကျောက်တိက ရွံရှာသော မျက်နှာအမူအရာဖြင့် ထပ်ပြောလိုက်သည်။
"ငါတို့မှာ နေ့တိုင်း အလုပ်ရှုပ်နေရတာ... နင်ကတော့ အားအင်တွေ ပြည့်ဝနေတာပဲ၊ ငါတို့ကို ပြဿနာ လာမရှာစမ်းပါနဲ့"
ကျန်းကျောက်တိက ကိုရင်လေးနှစ်ပါးကို ခေါ်ကာ သူ့အား ယခင်တရားထိုင်ခန်းဆီသို့ ခေါ်သွားခိုင်းလိုက်သည်။
ယခင်တရားထိုင်ခန်းသို့ သွားရမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။ သူ မသွားချင်သော်လည်း လူအများအပြား၏ အေးစက်စက်စိုက်ကြည့်မှုများကြောင့် ကျောချမ်းလာပြီး သူ့အထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကိုရင်လေးများ၏ နောက်မှ လိုက်သွားရတော့သည်။
ကျိုးဝမ်ရှူ၏ဘေးမှ ဖြတ်သွားစဥ် သူက မုန်းတီးနေဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။
"ကျိုးဝမ်ရှူ... ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားမှာမဟုတ်ဘူးနော်"
"မိန်းကလေးစူး... သူ သခင်လေးကျိုးကို ထပ်ပြီး ခြိမ်းခြောက်နေပြန်ပြီ"
အဒေါ်ကြီးက အော်ဟစ်တိုင်တန်းလိုက်ပြန်သည်။
"ကျွန်မတို့အားလုံး ကြားလိုက်ရတယ်နော်"
"ဒီလူက တကယ့်ကို အရှက်မရှိတာပဲ"
"ဟုတ်ပ... သူက သခင်လေးကျိုးကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာ"
ရှောင်းယန်ချီတစ်ယောက် ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး အောင့်တက်လာရသည်။
‘ငါ မြန်မြန်ထွက်သွားမှ ဖြစ်မယ်၊ မဟုတ်ရင် ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘဲ တစ်စုံတစ်ယောက်ကို ထိုးကြိတ်မိတော့မယ်’
သူက စူးယောင်ကွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် နာကျင်ခံရခက်မှုများ ပြည့်နှက်နေလေသည်။
"ကြည့်စမ်း... အဲဒါပဲလေ၊ သူက မိန်းကလေးစူး ရှေ့ရောက်ရင် အမြဲတမ်း အဲဒီလို ဆွဲဆောင်တဲ့အမူအရာမျိုး လုပ်ပြနေတာ၊ ဒါက သက်သက်ညှို့ယူနေတာ မဟုတ်ဘူးလား"
"ဟုတ်တယ်... ဟုတ်တယ်၊ တကယ့်ကို စိတ်များတဲ့ ယောကျာ်းပဲ"
"ငါ ကြားတာတော့ မိန်းမနှစ်ယောက်က သူ့ကို လုပြီး ရန်ဖြစ်ခဲ့ကြသေးတယ်ဆို၊ ဒီယောကျာ်းက ပြည့်တန်ဆာအိမ်က လာတာလားဟင်"
"သူက ဘယ်လိုစာသင်သားမျိုးလဲ၊ စာပေလေ့လာသူတွေရဲ့ သိက္ခာကို ချနေတာ"
နောက်ဆုံးတွင် ရှောင်းယန်ချီတစ်ယောက် အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ခွာသွားခဲ့ရသည်။
သူကဲ့သို့ သိမ်မွေ့သော ပညာရှင်တစ်ဦးအနေဖြင့် ဤမျှဆိုးသွမ်းသော ရွာသူမိန်းမကြီးများကို မယှဥ်ပြိုင်နိုင်သဖြင့် လက်တွေ့ကျကျ ဆုတ်ခွာသွားခဲ့ရသည်။
"ယောင်ကွမ်း... အရင်ဆုံး ဝမ်ရှူကို ဆေးလူးပေးလိုက်ပါဦး"
ကျန်းကျင့်က သူမထံသို့ ဆေးဘူးတစ်ဘူး ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
"အင်း"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဆွဲခေါ်လာခဲ့သည်။
လူစုလူဝေးနှင့် ဝေးရာသို့ ရောက်လာပြီးနောက် စူးယောင်ကွမ်းက သူ့ကို ကျောက်စားပွဲတွင် ဝင်ထိုင်ခိုင်းလိုက်ပြီး သူ့လက်မောင်းကို စားပွဲပေါ်တင်ကာ အင်္ကျီလက်ကို ဆွဲတင်ပြီး ဆေးလူးပေးနေခဲ့သည်။
"စောစောက အမှန်တကယ် ဘာဖြစ်ခဲ့တာလဲ"
စူးယောင်ကွမ်းက ထပ်မေးလိုက်သည်။
ကျိုးဝမ်ရှူက မျက်လွှာချလိုက်ရင်း ပြန်ပြောလာသည်။
"ခင်ဗျား သူ့အတွက် စိတ်မကောင်းဖြစ်နေတာလား"
စူးယောင်ကွမ်းက သူ့လက်မောင်းကို ခပ်ပြင်းပြင်းလေး ဖိချလိုက်ပြီး ထပ်မေးလိုက်သည်။
"သူ့အတွက် စိတ်မကောင်းဖြစ်ရမယ် ဟုတ်လား..."
"အား... နာတယ်..."
ကျိုးဝမ်ရှူက နာကျင်စွာ အော်ဟစ်လိုက်သည်။
စူးယောင်ကွမ်းက ကပျာကယာ ခေါင်းငုံ့ပြီး လေမှုတ်ပေးရင်း စိုးရိမ်တကြီး တောင်းပန်နေရှာသည်။
"တောင်းပန်ပါတယ်... ငါ တမင်လုပ်တာ မဟုတ်ပါဘူး။ နင်က ငါ စိတ်တိုအောင် အဓိပ္ပာယ်မရှိတာတွေ ဘာလို့ လာပြောနေရတာလဲ"
ကျိုးဝမ်ရှူက သူမ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများထဲတွင် အောင်နိုင်သူအလား အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"တကယ်တော့ ငါ သူ့ကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ သူက အဲဒီစကားတွေကို တကယ်ပြောခဲ့တာလား"
စူးယောင်ကွမ်းက ထပ်မေးလိုက်သည်။
"သူ ပြော ပြော၊ မပြော ပြော... ခုန ကြားလိုက်ရတဲ့ စကားတွေကိုတော့ ခင်ဗျား မကြားချင်ယောင်ဆောင်လိုက်ပါ၊ အားလုံးက အဓိပ္ပာယ်မရှိ လျှောက်ပြောတဲ့ စကားတွေပဲ။ ကျွန်တော် စိတ်ထဲမထားပါဘူး။ သူ့လိုလူမျိုးက နိရန်မြစ်ထဲက ရေလိုပဲ။ တချို့လူတွေက အဲဒီမှာ အဝတ်လျှော်ကြတယ်၊ တချို့လူတွေက သေးခံတွေ လျှော်ကြတယ်၊ အပေါ်ယံကြည့်ရင် သန့်ရှင်းနေသလိုနဲ့ တကယ်တမ်းကျတော့ ညစ်ပတ်ပေရေနေတာ"
စူးယောင်ကွမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူက လူကို ဆဲတာတောင် ဒီလောက် ယဥ်ကျေးပြေပြစ်အောင် ဆဲတတ်တာပဲ”
သူမ ဘဝနှစ်ဘဝတိုင် ဖြတ်သန်းခဲ့ရပြီး ယခုဘဝတွင် သူမ၏ အကြီးမားဆုံး အောင်မြင်မှုက ခွန်အားအနည်းငယ် ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်မချမ်းသာစရာ ရှိလာတိုင်း သူမက လက်သီးဖြင့်သာ ဖြေရှင်းတတ်သည်။
ကျိုးဝမ်ရှူက သူ့ဒဏ်ရာကို စူးယောင်ကွမ်း ဆေးလူးပေးနေသည်အား ငြိမ်ငြိမ်လေး ကြည့်နေမိသည်။
‘ငါ့ရဲ့ အိပ်မက်ထဲမှာ ရှောင်းယန်ချီက စူးယောင်ကွမ်းကို ရိုင်းစိုင်းပြီး တုံးအတယ်လို့ ပြောပြီး အထင်သေးခဲ့တယ်။ အမှန်တော့ အဲ့ကောင်က မျက်စိမွဲနေတာ။ စူးယောင်ကွမ်းက စိတ်အားထက်သန်ပြီး ရိုးသားဖြူစင်တဲ့သူ... သူ အမြတ်တနိုးတန်ဖိုးထားတဲ့ ကျန်းရိဟွမ်းထက် အဆပေါင်းရာချီ သာလွန်နေတာကို သူ မမြင်နိုင်ခဲ့ဘူး’
‘တကယ်လို့ ငါ့ရဲ့ အစီအစဥ်သာ အောင်မြင်ခဲ့လျှင် သူမအတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ရှာပေးမယ်။ အဲ့လူက ချမ်းသာရုံတင်မကဘဲ အရှိန်အဝါလည်း ကြီးမားရမယ်။ ရှောင်းယန်ချီဆိုတဲ့ကောင်းကို လက်လှမ်းမမီနိုင်တဲ့ အရာက ဘယ်လိုအရာဆိုတာ ကောင်းကောင်းကြီး ပြပေးရမယ်။’
"ဘာတွေ ငေးနေတာလဲ။ ငါ မေးနေတာကို မကြားတဲ့အထိ ဘာတွေ လျှောက်တွေးနေတာလဲ"
စူးယောင်ကွမ်းက သူ့မျက်နှာရှေ့တွင် သူမ၏လက်ကို ဝှေ့ယမ်းပြနေသည်။
"ဘာ... ဘာမေးလိုက်တာလဲ"
"နာလို့လားလို့ မေးနေတာ"
စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် ခေါင်းငုံ့လိုက်ပြီး သူ့၏ နီရဲနေသော အရေပြားလေးကို ဖွဖွလေး လေမှုတ်ပေးနေသည်။