← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း ၁၄၇ ရှုပ်ထွေးခြင်း

ကျိုးဝမ်ရှူ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီးနောက်တွင်ပင် စူးယောင်ကွမ်းတစ်ယောက် ဤကိစ္စက မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို စဥ်းစားမရနိုင် ရှိနေသေးသည်။

"ကျန်းရိဟွမ်းရဲ့ ပုံစံက တကယ့်ကို အပြစ်ကင်းစင်နေတာပဲ"

စူးယောင်ကွမ်းက သူမ၏အမြင်ကို တွေးတွေးဆဆ ရေရွတ်နေခဲ့သည်။

"သူက သရုပ်ဆောင် ကောင်းလွန်းနေတာလား၊ ဒါမှမဟုတ် ဒီကိစ္စရဲ့ နောက်ကွယ်မှာ တခြားအကြောင်းအရင်း တစ်ခုခု တကယ်ပဲ ရှိနေလို့လား"

"ခင်ဗျားက ဘယ်သူ့ကို သံသယဝင်နေလို့လဲ"

ကျိုးဝမ်ရှူက မေးလိုက်၏။

"အခုတော့ ငါ အားလုံးကို သံသယဝင်မိသလို ဘယ်သူ့ကိုမှလည်း သံသယမဝင်တော့ဘူး။ ဝမ်ရှီကို ကြည့်ရတာ အရမ်းသနားဖို့ ကောင်းတယ်၊ တစ်ဖက်က ကျန်းရိဟွမ်းကလည်း သရုပ်ဆောင်နေတဲ့ပုံ မပေါက်ဘူး"

"ဒါက ဝမ်ရှီကိုယ်တိုင် စီစဥ်ထားတဲ့ ပြဇာတ်တစ်ခုလည်း ဖြစ်နေနိုင်တယ်မလား”

ကျိုးဝမ်ရှူက ဆက်ရှင်းပြလာသည်။

"အခု လူတိုင်းက ကျန်းရိဟွမ်းကို သံသယဝင်နေကြပြီ၊ ရှောင်းယန်ချီလည်း သူ့ကို သံသယဝင်နေလောက်ပြီလေ။ ကျန်းရိဟွမ်းရဲ့ ဖြူစင်တဲ့ပုံရိပ်က ပျက်စီးသွားပြီဆိုတော့ ရှောင်းယန်ချီရဲ့ မျက်လုံးထဲမှာ သူက အရင်လို အပြစ်ကင်းစင်တော့မှာ မဟုတ်ဘူး။ ဝမ်ရှီက ရှောင်းယန်ချီရဲ့ နှလုံးသားထဲမှာရှိတဲ့ ကျန်းရိဟွမ်းရဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်ပြီး သူကိုယ်တိုင် အစားထိုးဝင်ရောက်နိုင်ဖို့ အခွင့်အရေးရှာနေတာလည်း ဖြစ်နိုင်တယ်"

စူးယောင်ကွမ်း : "..."

သူမ ကြောင်အမ်းအမ်းဖြင့် တရားထိုင်ခန်းထဲသို့ ဝင်လာခဲ့ပြီး တံခါးကို ပိတ်လိုက်ရင်း ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ငါ စိတ်အေးအေးထားဖို့ လိုတယ်၊ နင်လည်း သွားအိပ်တော့၊ စောစောအိပ်၊ မနက်ဖြန်ကျရင် နေ့ရက်အသစ်တစ်ခု ဖြစ်လာမှာပါ"

သူမ၏ ပုံစံကို ကြည့်ပြီး ကျိုးဝမ်ရှူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

'ငါ သူမကို ဒီလိုမျိုး စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ကိစ္စတွေကို မပြောပြခဲ့သင့်ဘူးလား'

‘ဒါပေမယ့် သူမက အရမ်း မိုက်မဲလွန်းတယ်လေ’

‘သူမက အိပ်မက်ထဲတုန်းကလည်း မိုက်မဲခဲ့တာပဲ၊ အခုတော့ အိပ်မက်ထဲကထက်စာရင် နည်းနည်းလေး ပိုတော်လာသလို ရှိပေမဲ့ မိုက်မဲနေတုန်းပဲ”

‘သူမသာ မိုက်မဲမနေဘူးဆိုရင် အမြဲတမ်း အခုလို ရှေ့တန်းကနေ ဝင်ပါဖို့ စိတ်အားထက်သန်နေမှာ မဟုတ်ဘူး။ သူမက မိန်းကလေးငယ်တစ်ဦး ဖြစ်နေတာတောင် ပြဿနာတွေကို ဘယ်လိုရှောင်ကွင်းရမယ်ဆိုတာကို မသိဘဲ သူမကိုယ်သူမ ထိခိုက်မှာကိုလည်း မကြောက်ဘဲ ဇွတ်တရွတ် ပြေးဝင်တတ်တယ်’

‘ပြီးတော့ ငါက အနှေးနဲ့အမြန် ထွက်သွားရမှာလေ။ တကယ်လို့ ငါ ထွက်သွားပြီးတဲ့နောက်မှာ ဒီမိုက်မဲတဲ့ မိန်းကလေးက အဲ့လူထက် ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့လူနဲ့ တွေ့ဆုံခဲ့ရင် ငါ့အိပ်မက်ထဲကလိုပဲ ဘယ်လိုသေဆုံးသွားမှန်းပင်တောင် သိလိုက်ရမှာ မဟုတ်ဘူး။’

ထိုသို့ တွေးမိလိုက်သည့်အခါ သူမ သေသေချာချာ မမြင်နိုင်သော အရာအချို့ကို သူ ပြောပြပေးပြီး သူမ ရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးရမည်ဟု ကျိုးဝမ်ရှူ ခံစားလိုက်ရသည်။ သူမ ပိုအသိအမြင်ကြွယ်လာရင် အလွယ်တကူ လှည့်စားခံရတော့မည် မဟုတ်ပေ။

"သခင်လေးကျိုး... သခင်လေးကျိုး..."

အမျိုးသမီးတစ်ဦးက ဆန့်ကျင်ဘက် လမ်းအတိုင်း သူ့ထံသို့ လျှောက်လာခဲ့သည်။

"ဘာကိစ္စရှိလို့လဲခင်ဗျ"

ကျိုးဝမ်ရှူက အပြစ်ကင်းစင်ဟန် ပြုံးပြရင်း ပြန်မေးလိုက်သည်။

"အဲ့ဒီ မျိုးရိုးကျန်းနဲ့ မိန်းမက တကယ့်ကို အရှက်မရှိတာပဲ။ အမိအရ လက်ပူးလက်ကျပ် မိတာတောင်မှ အခုထိ ဝန်မခံတဲ့အပြင် သူဌေးစူးကိုပါ မဟုတ်မမှန် စွပ်စွဲနေသေးတယ်။ သူ လုပ်တာမဟုတ်ဘဲ သူဌေးစူးက သူ့အပေါ် မနာလိုဖြစ်လို့ တမင်သက်သက် ထောင်ချောက်ဆင်တာပါတဲ့။ ဒါပေမဲ့ သခင်လေးကျိုး စိတ်မပူပါနဲ့၊ ကျွန်မတို့အားလုံး သူတို့ကို ဝိုင်းဆဲလိုက်ကြတယ်၊ နောက်ပိုင်း သူတို့ကိစ္စတွေနဲ့ သူဌေးစူးကိုရော သခင်လေးကိုပါ လာမရှုပ်ကြဖို့ ပြောလိုက်တယ်။ သူတို့ဘာသာသူတို့ပဲ ဆေးဖော်စရာရှိတာဖော်၊ စားစရာရှိတာ ချက်စားကြပါစေ"

"ယောင်ကွမ်းဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး ပြောပေးခဲ့တဲ့အတွက် အဒေါ်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ သူတို့က တကယ့်ကို အရှက်မရှိဘဲ အခြားလူတွေကိုပါ လိုက်ပြီး နာမည်ဖျက်ဖို့ ကြိုးစားနေကြတာ။ ကံကောင်းလို့ အဒေါ်ကြီးတို့လို အမှားအမှန် ခွဲခြားသိတဲ့လူတွေ ရှိနေလို့ပေါ့၊ မဟုတ်ရင် ယောင်ကွမ်း တကယ်ပဲ မတရား စွပ်စွဲခံရတော့မှာ"

"သခင်လေး... သူဌေးစူးကို ပြောပြပေးပါဦး၊ ကျွန်မတို့တွေ သူ့ကို ဘယ်သူ့မှ အနိုင်ကျင့်ခွင့် ပေးမှာ မဟုတ်ပါဘူး။ သူက ကျွန်မတို့ရဲ့ အသက်သခင် ကျေးဇူးရှင်မလေးပါ၊ ကျွန်မတို့ မျက်လုံးထဲမှာတော့ သူက သက်ရှိထင်ရှား နတ်သမီးလေးပဲ။ အမှန်အတိုင်း ပြောရရင် သူက အရမ်းစိတ်ကောင်းရှိတယ်၊ ကျွန်မသမီးလေးသာ ဖြစ်နေရင် အရမ်းကောင်းမှာပဲ။ ကျွန်မက မုန့်ဆိုင် ဖွင့်ထားတာလေ၊ နောက်ဆိုရင် မုန့်တွေကို အလကား လာစားလို့ ရတယ်နော်၊ ကြိုက်သလောက်သာ စား"

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျွန်တော်တို့လည်း အားနာမနေတော့ဘူးနော်"

ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ဤမျှအထိ ဆူညံပွက်လောရိုက်သွားပြီးနောက် လူတိုင်းလည်း ပင်ပန်းနွမ်းနယ်နေကြသဖြင့် အနားယူရန် သူတို့၏အခန်းဆီသို့ ခပ်သွက်သွက် ပြန်သွားကြသည်။

နောက်တစ်နေ့တွင် ရှောင်းယန်ချီက အားနည်းလှသော သူ့ခန္ဓာကိုယ်ကို ဆွဲလျက် ဘုရားကျောင်းအတွင်း၌ လူတစ်ယောက်ကို လိုက်လံရှာဖွေနေခဲ့သည်။

"ဟွမ်းအာ ပျောက်နေလို့ပါ၊ ခင်ဗျားတို့ သူ့ကို မြင်မိကြသေးလား"

အခြားလူများကတော့ သူ့ကို လုံးဝ လျစ်လျူရှုထားကြသည်။

ရှောင်းယန်ချီက လူတစ်ဒါဇင်မကကို လိုက်လံမေးမြန်းခဲ့သော်လည်း လူတိုင်းက သူ့ကို လေလို သဘောထားကြပြီး မသိချင်ယောင်ဆောင်သွားကြသည်။

ယခုအချိန်တွင် ရှောင်းယန်ချီ၌ အတိတ်ဘဝမှ မှတ်ဉာဏ်များ ရှိနေပြီဖြစ်ရာ ထိပ်တန်းပညာရှင်တစ်ဦး၏ မာနတရားတို့ ကိန်းအောင်းနေလေသည်။ ထို့အပြင် အတိတ်ဘဝတုန်းကလည်း စူးယောင်ကွမ်း၏ အလိုလိုက်ခြင်းကို အထူးခံခဲ့ရပြီး မည်သည့်အခါတွင်မျှ အားငယ်စရာ၊ နာကျင်စရာမျိုးကို မကြုံတွေ့ခဲ့ဖူးသဖြင့် ယခုကဲ့သို့ လျစ်လျူရှုခြင်းခံရမှုက သူ့ရင်ထဲမှ ဒေါသတရားကို အရှိန်အဟုန်ဖြင့် တောက်လောင်သွားစေသည်။

သူက စူးယောင်ကွမ်း လမ်းလျှောက်သွားသည်ကို လှမ်းမြင်သွားခဲ့ပြီး သူမနောက်သို့ ခပ်သွက်သွက် လိုက်သွားခဲ့သည်။ သို့သော် သူ သူမအနားသို့ မကပ်နိုင်သေးခင်မှာပင် ကျိုးဝမ်ရှူက သူ့ကို သတိပြုမိသွားပြီး ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။

“ဒုန်း...”

ရှောင်းယန်ချီတစ်ယောက် စူးယောင်ကွမ်း၏ ရှေ့မှောက်သို့ ဒူးထောက်လျက်သား လဲကျသွားပြီး မြေကြီးတွင် ပြပ်ပြပ်ဝပ်ဝပ် ဦးတိုက်အရိုအသေပြုနေသလို ဖြစ်သွားခဲ့ရသည်။

စူးယောင်ကွမ်း : "..."

‘ဒီဂါရဝပြုမှုကိုတော့ ငါ့အနေနဲ့ ကောင်းကောင်းကြီး လက်ခံနိုင်ပါတယ်လေ’

"မင်း..."

ရှောင်းယန်ချီက ကျိုးဝမ်ရှူကို ဒေါသတကြီး စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

"မင်း... ကျိုးမျိုးရိုးကောင်၊ မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့လေ။ ငါ တော်ဝင်စာမေးပွဲ အောင်မြင်သွားတဲ့အခါ မင်းကို နှိပ်ကွပ်မှာ မကြောက်ဘူးလား"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လှမ်းကြည့်လိုက်သည်။

"ဒီလူက တကယ့်ကို လူယုတ်မာပဲ။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်မနေတော့ဘူး၊ တောင်အောက်ကိုပဲ လွှင့်ပစ်လိုက်ရအောင်"

"မင်း... လုပ်ရဲလား"

ရှောင်းယန်ချီက ဒေါသချောင်းချောင်း ထွက်နေပြီး သူ့ကို အော်ဟစ်လိုက်သည်။

"သူက ဘာလို့ မလုပ်ရဲရမှာလဲ"

စူးယောင်ကွမ်းက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

"ရှင်က တော်ဝင်စာမေးပွဲတောင် မအောင်သေးဘူး၊ ဒီလောက်တောင် မောက်မာနေပြီ။ တကယ်လို့ အောင်မြင်သွားရင်လည်း အာဏာပြပြီး လာဘ်စားမယ့် အရာရှိဆိုးတစ်ယောက်ပဲ ဖြစ်လာမှာ။ ရှင့်လိုလူမျိုးက ကယ်တင်ဖို့ မတန်ဘူး"

"ငါက ဟွမ်းအာကို မြင်မိလားလို့ မေးချင်ရုံတင်ပါ"

ရှောင်းယန်ချီက နာကျင်မှုများကို အံတုရင်း မတ်တတ်ပြန်ရပ်ကာ ထပ်မေးလိုက်သည်။

"စောစောက ငါ ဟွမ်းအာကို မတွေ့လို့ သူ့ရဲ့ အခန်းထဲအထိ သွားရှာခဲ့သေးတယ်။ သူ့ရဲ့ အထုပ်အပိုးတွေက ရှိနေသေးပေမဲ့ သူ ဘယ်ရောက်နေမှန်း ငါ တကယ်မသိတော့ဘူး"

"သူ ဘယ်သွားလဲဆိုတာ ဘယ်သူက သိမှာလဲ"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"ကျွန်မတို့လည်း အရမ်းအလုပ်များနေတာ၊ ရှင့်အတွက် သူ့ကို အမြဲတမ်း စောင့်ကြည့်ပေးနေဖို့ အချိန်မရှိဘူး။ ရှင် သူ့ကို အဲ့လောက်တောင် မခွဲနိုင်မခွာရက် ဖြစ်နေရင်လည်း ရှင့်မျက်စိအောက်မှာပဲ သေသေချာချာ ထိန်းထားလိုက်လေ၊ ဒါဆိုရင် ပျောက်သွားမှာ မဟုတ်ဘူး"

ထိုအချိန်တွင် ကိုရင်လေးတစ်ပါးက လျှောက်လှမ်းလာပြီး ရှောင်းယန်ချီကို လှမ်းပြောလိုက်သည်။

"ဒကာမလေးက ဒကာကြီးအတွက် ယာဂုပြုတ်ပေးချင်လို့ဆိုပြီး ကိုရင်တို့ကို ဟင်းသီးဟင်းရွက်ရှိလားလို့ လာမေးခဲ့တယ်။ ကိုရင်ကလည်း ဘုရားကျောင်းက ဟင်းသီးဟင်းရွက်တွေက ဥယျာဉ်ထဲမှာ လတ်လတ်ဆတ်ဆတ် ခူးရတာလို့ ပြောလိုက်မိတယ်။ သူ ဟင်းသီးဟင်းရွက် သွားခူးနေတာ ဖြစ်နိုင်မလား"

"ကိုရင်လေးက ဘာလို့ သူ့ကို ဟင်းသီးဟင်းရွက် သွားခူးခိုင်းရတာလဲ။ ခူးပြီးသား ဟင်းသီးဟင်းရွက်တွေ ရှိနေတာပဲကို ဘာလို့ သူကို အလကား သုံးခွင့်မပေးရတာလဲ"

ရှောင်းယန်ချီက မကျေမနပ်ဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"အော်... ခူးပြီးသား ဟင်းသီးဟင်းရွက်တွေက ကုန်သလောက် ဖြစ်နေလို့ပါ ဒကာကြီး။ သူ လိုချင်ရင်တော့ ကိုယ်တိုင် သွားခူးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုရင်တို့မှာလည်း စောင့်ရှောက်ရမယ့်လူတွေ အများကြီးရှိနေတာဆိုတော့ အခြားလူတွေအတွက် အလုပ်အကျွေးပြုပေးနေဖို့ အချိန်မရှိဘူးလေ"

ကိုရင်ငယ်လေးက နှုတ်ခမ်းကို စူလိုက်ပြီး လှည့်ထွက်သွားတော့သည်။

ကိုရင်ဆိုသည်မှာလည်း လူသားပင် ဖြစ်နေသေးရာ ဒေါသနှင့် မာနဆိုသည်က ရှိတတ်စမြဲပင်။

ဤလူကလည်း အမှန်တကယ် စိတ်ပျက်စရာ ကောင်းလှသည်။

ကိုရင်လေးက စေတနာဖြင့် သတင်းလာပေးခြင်း ဖြစ်သော်လည်း သူက ကျေးဇူးတင်စကား မပြောသည့်အပြင် ဤကဲ့သို့ အမူအရာမျိုးဖြင့် ပြန်လည်ပြောဆိုနေသေးသည်။

"ဝမ်ရှူ... ငါတို့လည်း သွားရအောင်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ခဏလောက် စောင့်ပါဦး..."

ရှောင်းယန်ချီက စူးယောင်ကွမ်းကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း ကျိုးဝမ်ရှူက ခြေထောက် မြှောက်လိုက်သည်ကို သူ မြင်လိုက်ရသောကြောင့် သူ့လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရသည်။

"ငါ အခု နေမကောင်းဖြစ်နေလို့ပါ၊ ဟွမ်းအာကို ရှာဖွေပေးဖို့ ငါ့ကို ကူညီပေးပါဦး"

"ကောင်းပြီလေ"

စူးယောင်ကွမ်း ထိုစကားပြောလိုက်သည်နှင့် တပြိုင်နက် ကျိုးဝမ်ရှူက သူမကို လှမ်းကြည့်လာခဲ့သည်။

စူးယောင်ကွမ်းက သူ့ကို အမူအရာဖြင့် စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်နှာပေါ်၌ ကျေနပ်နေမှုများ ဖြစ်ပေါ်လာပြီး သူ့မျက်ဝန်းများထဲ၌ မောက်မာဝင့်ကြွားမှုများ ပြည့်နှက်သွားခဲ့သည်။

'သူမ ငါ့ကို သဘောကျနေတုန်းပဲ'

‘ဒီဘဝမှာ သူမက ငါ့ကို မဝယ်ယူခဲ့ပေမယ့် ငါ့ရုပ်ရည်က သူမ အကြိုက်ဆုံးပုံစံမျိုး ဖြစ်နေတုန်းပဲ။ ကျိုးဝမ်ရှူလို ကောင်ငယ်လေးက ငါ့ကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ’

"လျန်ငါးဆယ်"

စူးယောင်ကွမ်းက သူမ၏ လက်ဖဝါးကို ဖြန့်ပြလိုက်သည်။

"ရှင် ကျွန်မကို အဲ့ဒီပိုက်ဆံပေးရင် ရှင့်အတွက် သူ့ကို ချက်ချင်း သွားရှာပေးမယ်။ ရှာပေးရုံတင်မကဘူး.... သူ့ကို ပွေ့ချီပြီး ခေါ်လာပေးဦးမှာ"

ရှောင်းယန်ချီ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။

"မင်းက ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။ မင်းက ဒီလိုမျိုး မဖြစ်သင့်ဘူးလေ။ အဲ့ဒီကောင်နဲ့ တွေ့ပြီးကတည်းက မင်းက ငွေမက်တဲ့လူတစ်ယောက် ဖြစ်လာတာပဲ"

"ပိုက်ဆံမရှိရင်လည်း မရှိဘူးပေါ့၊ ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ။ ဒီဘုရားကျောင်းထဲမှာ ကျွန်မတို့ စောင့်ရှောက်ဖို့ လိုအပ်နေတဲ့လူတွေ ဘယ်လောက်တောင်များလဲဆိုတာ ရှင် သိရဲ့လား"

စူးယောင်ကွမ်းက သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျိုးဝမ်ရှူကို ဆွဲကာ ထွက်ခွာလာခဲ့သည်။

"မြန်မြန် သွားရအောင်၊ ဒီလူက စိတ်မမှန်ဘူး။ အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်။ နင်ပါ အရူးမဖြစ်ချင်ရင် သူ့ကို ဝေးဝေးက ရှောင်ရမယ်"

ကျိုးဝမ်ရှူက ထောက်ခံလိုက်သည်။

"သူက သူ့ကိုယ်သူ ရုပ်ချောတယ်ဆိုပြီး ခင်ဗျားကို ဆွဲဆောင်ချင်နေတာ ဖြစ်မှာပေါ့။ လူတိုင်းက ဝမ်ရှီတို့၊ ကျန်းရိဟွမ်းတို့လို မျက်စိမွဲနေကြတာ မဟုတ်ဘူးဆိုတာကို သူ မသိဘူးထင်တယ်"

"ငါ့မျက်လုံးက အကောင်းကြီးပါနော်။ ဒီလောက် ရုပ်ဆိုးတဲ့လူကို ငါက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပါးပြင်လေးကို ဆွဲဖျစ်လိုက်ရင်း ထပ်ပြောလိုက်သေးသည်။

"အဓိကကတော့ ငါ့အနားမှာ ဒီလောက် ချောမောတဲ့ မောင်လေးတစ်ယောက် ရှိနေတာဆိုတော့ တခြားလူတွေကို ကြည့်လို့ကို မရတော့ဘူး"

အခန်း ၁၄၈ တွင်းထဲသို့ ပြုတ်ကျခြင်း

စူးယောင်ကွမ်းတစ်ယောက် အလုပ်ရှုပ်နေစဉ် ကျန်းကျောက်တိက နောက်မှ လှမ်းအော်ခေါ်လိုက်သည်။

"သမီးလေး... သူဌေးကျန်း ရောက်နေတယ်"

စူးယောင်ကွမ်း လှမ်းကြည့်လိုက်သောအခါ ကျန်းကျီချမ့်တစ်ယောက် ရိက္ခာအမြောက်အမြားနှင့် အဝတ်အထည်အမျိုးမျိုးအား သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။

"သူဌေးစူး... ကျွန်တော် တောင်ပေါ်တက်လာတုန်းက တစ်ယောက်ယောက် အော်ဟစ်အကူအညီတောင်းနေတာ ကြားလို့ သွားကြည့်ခဲ့တာ၊ မိန်းကလေးတစ်ယောက် မစင်တွင်းထဲ ပြုတ်ကျနေလို့ ကယ်လာခဲ့ရတယ်။ မင်း သူ့ကို သိလား"

ကျန်းကျီချမ့်က စပြောလိုက်သည်။

စူးယောင်ကွမ်းက ကျန်းကျီချမ့် ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အဝတ်ဟောင်းကြီးတစ်ခုဖြင့် ပတ်ထားသော ကျန်းရိဟွမ်းကို တွေ့လိုက်ရသည်။

ကျန်းရိဟွမ်းက လူ မြင်ခံရမည်ကို အလွန်ရှက်နေပုံရပြီး သူမ၏မျက်နှာကို ဖုံးအုပ်လျက် စူးယောင်ကွမ်း၏ အကြည့်ကို ရှောင်ဖယ်နေခဲ့သည်။

သို့သော် သက်ရှိထင်ရှား လူတစ်ယောက်လုံး မြေထဲသို့ ငုံ့ဝင်မတတ်ဖြစ်နေလျှင်ပင် မည်သို့လျှင် မမြင်ဘဲ နေမည်မဟုတ်ချေ။

စူးယောင်ကွမ်းက ဘေးနားရှိ ကိုရင်ငယ်လေးကို လက်ဟန်ပြခေါ်ကာ မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ မျက်လုံးဖြင့် အချက်ပြကာ တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။

ထို့နောက်တွင် ကိုရင်ငယ်လေးလည်း ခပ်သွက်သွက် ပြေးထွက်သွားခဲ့သည်။

"ကျွန်မ သူ့ကို သိတာပေါ့"

စူးယောင်ကွမ်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"သူရဲ့ မိသားစုဝင်တွေကို သွားအကြောင်းကြားခိုင်းလိုက်ပြီ၊ ခဏနေရင် လာခေါ်ကြလိမ့်မယ်"

ကျန်းကျီချမ့်က ယပ်တောင်ကို ခတ်ရင်း ရွတ်နောက်နောက် မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။

"သူဌေးစူး... မင်းရဲ့ အမူအရာက ကျွန်တော့်ကို ကြောက်လန့်စေတယ်။ ကြည့်ရတာ လူကုန်ကူးဖို့ ကြံစည်နေတဲ့ ပါးနပ်တဲ့ ကုန်သည်ကြီးတစ်ယောက်နဲ့တောင် တူနေပြီ"

"စိတ်မပူပါနဲ့ သူဌေးကျန်း၊ ကျွန်မက ရှင်နဲ့ မိတ်ဆွေအဖြစ်ပဲ လက်တွဲဖို့ ဆုံးဖြတ်ထားတာဆိုတော့ တခြားဘယ်သူ့ကိုပဲ ရောင်းစားရောင်းစား ရှင့်ကိုတော့ ရောင်းစားမှာ မဟုတ်ပါဘူး"

ထိုအချိန်တွင် ရှောင်းယန်ချီက ချွေးတလုံးလုံး၊ အသက်ရှူသံပြင်းပြင်းဖြင့် ကမူးရှူးတိုး ပြေးဝင်လာခဲ့သည်။

"ဟွမ်းအာ ဘယ်မှာလဲ"

ရှောင်းယန်ချီက မေးမြန်းလိုက်သည်။

စူးယောင်ကွမ်းက ကိုယ်ကိုပုန်းကွယ်နေသည့် ကျန်းရိဟွမ်းရှိရာဘက်သို့ လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။

"ဟိုမှာ ကြည့်လေ၊ သူ မစင်တွင်းထဲ ပြုတ်ကျသွားတာ"

"ဟွမ်းအာ... မင်း အဆင်ပြေရဲ့လား"

ရှောင်းယန်ချီက စူးယောင်ကွမ်း ညွှန်ပြသည့်ဘက်မှ လူရိပ်ကို မြင်လိုက်ရပြီး ကျန်းရိဟွမ်းအား သေသေချာချာ မမြင်ရသေးခင် ထိုလူရိပ်ဆီသို့ အပြေးအလွှား သွားနေတော့သည်။

သူ မြန်မြန်ပြေးလာခဲ့သည့်အပြင် ခန္ဓာကိုယ်ကလည်း အားနည်းနေသဖြင့် အရှိန်မသတ်နိုင်တော့ချေ။ သူ့နှာခေါင်းက တစ်ခုခုမှားနေပြီဟု သိလိုက်ရပြီး ခြေလှမ်းကို ရပ်တန့်ရန် ကြိုးစားချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ အရှေ့သို့ လွင့်စင်သွားပြီး ကျန်းရိဟွမ်းကို လှမ်းဖက်မိသွားခဲ့သည်။

ကျန်းရိဟွမ်းကို အမျိုးသားတစ်ဦး၏ အဝတ်ဟောင်းဖြင့် ပတ်ပေးထားခြင်း ဖြစ်သည်။ အဝတ်အစား၏ အသားကို ကြည့်ခြင်းအားဖြင့် အဆင့်အတန်းရှိသော စားသောက်ဆိုင်ပိုင်ရှင် ကျန်းကျီချမ့်၏ အဝတ်အစား မဟုတ်မှန်း သေချာနေလေသည်။ သူက သူ့ပုံရိပ်ကို အလွန်အကျွံ ဂရုစိုက်လေ့မရှိသော်လည်း ရုပ်ပျက်ဆင်းပျက်တော့ အဖြစ်ခံမည်မဟုတ်ချေ။ အဖက်ခံလိုက်ရပြီးနောက်တွင်မှ ကျန်းရိဟွမ်းက သူမ၏မျက်နှာကို ဖော်ပြလာပြီး ရှောင်းယန်ချီကို နာကျင်ခံရခက်သော မျက်နှာအမူအရာဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုရှောင်း... ကျွန်မ မတော်တဆ ပြုတ်ကျသွားတာပါ"

"အော့..."

ရှောင်းယန်ချီက သူ့ကိုယ်ကို ကိုင်းကာ အန်ချပစ်လိုက်သည်။

ကျန်းရိဟွမ်း၏ မျက်နှာပေါ်တွင် မစင်များ ပေကျံနေဆဲဖြစ်သောကြောင့်ပင်။

"အော့..."

ကျန်းရိဟွမ်း၏ မျက်နှာကတော့ လုံးဝ ပျက်ယွင်းသွားပြီး ဟင့်ခနဲ ငိုချလိုက်တော့သည်။

"အစ်ကိုရှောင်း... ရှင်က ကျွန်မကို ရွံရှာတယ်ပေါ့လေ... အဟင့်... ကျွန်မက ရှင် ယာဂုသောက်ရအောင် ဟင်းသီးဟင်းရွက် သွားခူးပေးရင်း ဘေးနားက တွင်းထဲ ပြုတ်ကျသွားတာလေ။ ရှင်က အခု ကျွန်မကို ရွံရှာနေတယ်ပေါ့... ဟုတ်လား"

"မ... မဟုတ်... အော့... ငါ မရွံ... အော့..."

ရှောင်းယန်ချီက ပါးစပ်မှ ငြင်းဆန်နေသော်လည်း သူ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုကိုတော့ လိမ်ညာ၍ မရခဲ့ချေ။

"သူဌေးကျန်း... ဒါက သူ့ရဲ့ မိသားစုဝင်ပါ။ အခု သူ သူ့မိသားစုလက်ထဲ ရောက်သွားပြီဆိုတော့ ရှင်လည်း စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"လာပါ... ကျွန်မတို့ ဟိုဘက်သွားပြီး စကားပြောရအောင်"

"မသွားကြပါနဲ့ဦး... ရေတချို့လောက် ယူပေးကြပါဦး။ အော့..."

ရှောင်းယန်ချီက ကျန်းရိဟွမ်း ကိုယ်လက်သန့်စင်ရန်အတွက် ရေသွားခပ်ပေးရန် စူးယောင်ကွမ်းကို လူလွှတ်ခိုင်းချင်နေသော်လည်း လူတိုင်းက ထွက်ခွာသွားကြပြီဖြစ်ရာ မည်သူကမျှ သူတို့ကို အဖက်မလုပ်ကြတော့ချေ။

ကျန်းကျီချမ့်က ထိုလူနှစ်ယောက်ကို နောက်ပြန်လှည့်ကြည့်ရင်း စူးယောင်ကွမ်းကို မေးလိုက်သည်။

"သူဌေးစူး... မင်း အဲ့ဒီလူနှစ်ယောက်ကို သဘောမကျဘူးလား"

"ဘာလို့ အဲ့လိုမေးတာလဲ"

"မင်းက ပုံမှန်ဆို အရမ်းစိတ်သဘောထားကောင်းတာလေ၊ ဒါပေမဲ့ အဲ့ဒီလူနှစ်ယောက်ကို တွေ့တဲ့အခါကျတော့ ဘာအကူအညီမှမပေးဘဲ ဘေးကနေ ပွဲကြည့်သလို ကြည့်နေတယ်။ ပြီးတော့ တစ်ဖက်လူတွေကို ကြည့်တဲ့ မင်းရဲ့အကြည့်တွေကလည်း အေးစက်ပြီး မဖော်ရွေသလိုပဲ"

"သူဌေးကျန်း... ဒီလောကမှာ ကျေးဇူးမသိတတ်တဲ့ လူစားမျိုးဆိုတာ ရှိတယ်။ သူတို့အတွက် ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး သူတို့က ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ဘူး၊ ဒါက သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ပဲ သတ်မှတ်ကြတာ။ အဲ့ဒီလူနှစ်ယောက်က ကွက်တိပဲ"

ကျန်းကျီချမ့်က ခေါင်းညိတ်လိုက်ရင်း ပြန်ပြောလာခဲ့သည်။

"ကျွန်တော် နားလည်ပါပြီ"

စူးယောင်ကွမ်းက ကိုရင်ငယ်လေးဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။

"စမ်းရေတွင်းကို စောင့်ကြပ်ဖို့ လူအနည်းငယ်လောက် လွှတ်ပေးပါဦး။ ကျန်းရိဟွမ်းတစ်ယောက် ရေချိုးဖို့ စမ်းရေတွင်းဆီ တည့်တည့်သွားမှာ စိုးရိမ်လို့ပါ၊ အဲ့ဒီစမ်းရေက ကျွန်မတို့အားလုံးအတွက် သောက်သုံးရေလေ"

"ဒကာမလေးစူး ပြောတာ မှန်ပါတယ်။ ကိုရင် အခုချက်ချင်း တခြားကိုရင်တွေကို ခေါ်ပြီး သွားစောင့်လိုက်ပါ့မယ်"

ကိုရင်ငယ်လေးက ထိုစကားကို ကြားကြားချင်း ခပ်သွက်သွက် ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင် ကျိုးဝမ်ရှူက မြင်းလှည်းကို မောင်းနှင်ကာ ပြန်ရောက်လာခဲ့သည်။ သူသည် သူက ရောဂါသက်သာသွားသော ရွာသားအချို့ကို တောင်အောက်သို့ လိုက်ပို့ပေးခဲ့ပြီး ယနေ့တွင် လူနာသစ်မရှိတော့ကြောင်း အစိုးရရုံးတွင် သေချာစုံစမ်းခဲ့ပြီးနောက် စူးယောင်ကွမ်း ကြိုက်တတ်သည့် မုန့်အချို့ကို ဝယ်ကာ အမြန်ပြန်လာခဲ့ခြင်းပင်။

ကျန်းဖန့်တိက သူ ပြန်ရောက်လာသည်ကို မြင်သွားပြီး လက်လှမ်းပြလိုက်သည်။

"ဝမ်ရှူ... ဒီကို အမြန်လာဦး"

ကျိုးဝမ်ရှူက သူမအနားသို့ လျှောက်လာပြီး မုန့်ထုပ်ကို ကျန်းဖန့်တိထံ ကမ်းပေးလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒုတိယဒေါ်လေးက မုန့်နံ့လေး ရလို့မလား။ ရော့... ဒီတစ်ထုပ်က ဒေါ်လေးနဲ့ ဝမ်းကွဲချွန်းနီအတွက်"

ကျန်းဖန့်တိက မုန့်ထုပ်ကို ယူလိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"မင်းက တကယ့်ကို အလိုက်သိတဲ့ ကောင်လေးပဲ။ ဒါပေမဲ့ ဒေါ်လေးက မင်း ဝယ်လာတဲ့မုန့်ကို စားချင်လို့ မဟုတ်ပါဘူး၊ သူဌေးကျန်း တောင်ပေါ်ကို တက်လာတဲ့အကြောင်း မင်းကို ပြောပြချင်လို့ ခေါ်လိုက်တာ"

"သူ တောင်ပေါ်တက်လာတော့ ဘာဖြစ်လဲ"

ကျိုးဝမ်ရှူက ဂရုမစိုက်ဟန်ဖြင့် ပြန်မေးလိုက်သည်။

ကျန်းဖန့်တိက မလှမ်းမကမ်းရှိ လူနှစ်ယောက်ကို လက်ညှိုးထိုးပြရင်း ပြန်ဖြေလိုက်သည်။

"အဲ့ဒီလူနှစ်ယောက်ကို ကြည့်ရတာ လိုက်ဖက်တယ်လို့ မင်း မထင်ဘူးလား"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းနှင့် ကျန်းကျီချမ့်တို့ ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။

စူးယောင်ကွမ်းနှင့် ကျန်းကျီချမ့်တို့နှစ်ဦးစလုံးက မျက်နှာတွင် အပြုံးကိုယ်စီဖြင့် စကားပြောနေကြသည်။ စူးယောင်ကွမ်းက ကျန်းကျီချမ့်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေပြီး ထိုအကြည့်က သန်မာထက်မြက်သူတစ်ဦးအပေါ် ထားရှိသည့် လေးစားမှုမျိုး ဖြစ်သော်လည်း ကျိုးဝမ်ရှူနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူမက သူ့ကို မောင်ငယ်လေးတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့်သာ ကြည့်လေ့ရှိသည်။

အိမ်ထောင်ရေးတွင် ကျရှုံးခဲ့ဖူးသော ကျန်းဖန့်တိပင်လျှင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူကြားမှ ဆက်ဆံရေးက ပုံမှန်မဟုတ်သည်ကို ရိပ်မိနေသည်။ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို မကြာခဏဆိုသလို စနောက်တတ်ပြီး သူတို့၏ပုံစံက ဇနီးမောင်နှံထက် ကလေးငယ်နှစ်ယောက်နှင့် ပိုတူနေလေသည်။

ကျိုးဝမ်ရှူက ကျန်ရှိနေသော မုန့်သုံးထုပ်ကို ကျန်းဖန့်တိလက်ထဲသို့ ကမ်းပေးလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒုတိယဒေါ်လေး... ဒီတစ်ထုပ်က အမေ့အတွက်၊ ဒီတစ်ထုပ်က ဦးလေးနဲ့ တတိယဒေါ်လေးအတွက်၊ ပြီးတော့ ဒီတစ်ထုပ်က ကျန်းကျင့်အတွက်... သူတို့ကို ဝေပေးလိုက်ပါဦးနော်"

ထို့နောက် သူက ကျန်ရှိသော မုန့်နှစ်ထုပ်ကို ကိုင်ကာ စူးယောင်ကွမ်းရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

ထိုအချိန်တွင် ကျန်းကျီချမ့်က သူ့နောက်လိုက်ထံမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော မုန့်ထုပ်အချို့ကို လှမ်းယူလိုက်ပြီး စူးယောင်ကွမ်းကို ပြောနေခဲ့သည်။

"ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ ထုတ်ကုန်အသစ်တွေပါ။ သူဌေးစူး... မြည်းစမ်းကြည့်ပြီး ဝေဖန်အကြံပြုပေးပါဦး"

"ဒါတွေက ဘာမုန့်တွေလဲဟင်၊ ဘာလို့ အသားနံ့ ရနေတာလဲ"

စူးယောင်ကွမ်းက ဆီစိမ်စက္ကူအထုပ်များကို ဖွင့်ကြည့်လိုက်ပြီး အထဲတွင် လက်ရာမြောက်စွာ လှလှပပ ပြုလုပ်ထားသော မုန့်များကို တွေ့လိုက်ရသည်။

"ဒါတွေက ရိုးရိုးမုန့်တွေပါပဲ၊ ဒါပေမဲ့ အငန် အရသာရှိပြီး အထဲမှာ အသားပါတယ်။ မြည်းကြည့်ပါဦး၊ တကယ်လို့ ကြိုက်တယ်ဆိုရင် တောင်အောက်ဆင်းလာတဲ့အခါ စားသောက်ဆိုင်မှာ အဝကျွေးပါ့မယ်"

"ဒါဆိုရင်တော့ ကျွန်မ အားနာနေမှာ မဟုတ်ဘူးနော်"

စူးယောင်ကွမ်းက မုန့်များကို သိမ်းဆည်းလိုက်ရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... သူဌေးကျန်း"

"သူဌေးစူးကပဲ ကျွန်တော်တို့က မိတ်ဆွေတွေလို့ ပြောထားခဲ့တာလေ၊ ဒီလို အသေးအဖွဲလေးတွေအတွက် အားနာနေစရာ မလိုပါဘူး"

ကျန်းကျီချမ့်က ကျိုးဝမ်ရှူ လျှောက်လာသည်ကို မြင်သွားပြီး အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ညီလေးကျိုး"

ကျိုးဝမ်ရှူက “အင်း” ဟုသာ ပြန်ထူးလိုက်ပြီး စူးယောင်ကွမ်း၏လက်ထဲမှ မုန့်ထုပ်များကို ဆွဲလုယူကာ ထပ်ပြောလိုက်သည်။

"ကျေးဇူးပါပဲ သူဌေးကျန်း။ ကျွန်တော်က အငန်စာတွေကို သဘောကျတာနဲ့ အတော်ပဲ၊ ဟိုအချိုမုန့်တွေက အီလွန်းတယ်"

ထိုသို့ပြောပြီးနောက် သူက သူ ဝယ်လာခဲ့သော မုန့်များကို စူးယောင်ကွမ်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ခင်ဗျားက အချိုကြိုက်တာမလား၊ ဒါတွေက ခင်ဗျားအတွက်"

"ရိုင်းလှချည်လား၊ အခု ပြန်ပေးစမ်း"

စူးယောင်ကွမ်းက ပြန်လှမ်းလုရန် ကြိုးစားသော်လည်း သူမက ကျိုးဝမ်ရှူလောက် အရပ်မရှည်သဖြင့် ခုန်လိုက်သည့်တိုင်အောင် မုန့်ထုပ်များကို မမီနိုင်ခဲ့ချေ။

ကျန်းကျီချမ့်က ထိုနှစ်ယောက် စနောက်ကျီစယ်နေကြသည်ကို ကြည့်ပြီး ခပ်အေးအေး ပြောလာခဲ့သည်။

"ဒါဆိုရင်တော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

"ကောင်းကောင်းသွားပါ သူဌေးကျန်း"

စူးယောင်ကွမ်းက သူမ၏ လှုပ်ရှားမှုကို ရပ်တန့်ကာ ကျန်းကျီချမ့်ကို နှုတ်ဆက်လိုက်သည်။

ကျန်းကျီချမ့် လှည့်ထွက်သွားသည်နှင့် တပြိုင်နက် စူးယောင်ကွမ်းက မုန့်ကို နောက်တစ်ကြိမ် လှမ်းလုရန် ထပ်ကြိုးစားလိုက်သော်လည်း ကျိုးဝမ်ရှူက မုန့်တစ်ဖဲ့ကို အမြန်ဖဲ့ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီ ဖြစ်သည်။

"အဟွတ်...အကဟွတ်..."

ရလဒ်က သူ သီးသွားခဲ့သည်။

ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် စူးယောင်ကွမ်းက သူ့ကျောကို အမြန်ပုတ်ပေးရင်း ပြောလိုက်သည်။

"စားချင်ရင်လည်း အေးအေးဆေးဆေး စားလေ၊ ငါက နင်နဲ့ တကယ် လုစားမှာ မဟုတ်ပါဘူး။ အပြင်ကို ပြန်ထွေးထုတ်"

All Chapters