အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း ၁၄၉ မစွမ်းဆောင်နိုင်ခြင်း
ကျိုးဝမ်ရှူက သူ့ပါးစပ်ထဲမှ မုန့်များကို ပြန်ထွေးထုတ်ပစ်လိုက်သည်။
သူ သီးသွားသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေကာ လည်ပင်းကြောကြီးများ ထောင်တက်နေသည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက သူမ၏ကိုယ်ခန္ဓာတွင် ချိတ်ဆွဲထားသော ရေဘူးအား အမြန်ဖြုတ်ကာ သူ့ကို ရေတိုက်လိုက်သည်။
"ဒီမုန့်က တကယ့်ကို စားရတာ ဆိုးလွန်းတယ်၊ လူကို သီးတောင် သီးစေတယ်"
ကျိုးဝမ်ရှူက ထပ်ပြောလိုက်သေးသည်။
"ခင်ဗျားလည်း မစားနဲ့တော့၊ တခြားလူကိုပဲ ပေးလိုက်"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ငြိမ်ငြိမ်မနေသော လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး မုန့်ထုပ်ကို ပြန်သိမ်းဆည်းရင်း ပြောလိုက်သည်။
"နင်က အလောတကြီး စားတာကိုး။ နင် မသီးရင် ဘယ်သူ သီးမှာလဲ"
စူးယောင်ကွမ်းက ထိုမုန့်ထုပ်ကို သေသေချာချာ ထည့်သိမ်းနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးဝမ်ရှူက မချိုမချဥ် လေသံဖြင့် ထပ်ပြောလာခဲ့သည်။
"ဟုတ်တာပေါ့လေ။ မုန့်က ဘယ်လောက်ပဲ စားရဆိုးဆိုး ပေးတဲ့လူက မှန်ကန်နေရင်တော့ အဲ့ဒီမုန့်က အရသာရှိမှာပါလေ"
စူးယောင်ကွမ်းက သူ့နဖူးကို လှမ်းစမ်းလိုက်ရင်း ထပ်ပြောလိုက်သည်။
"နင် ရူးနေတာလား။ ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ၊ ငါ တစ်လုံးမှ နားမလည်ဘူး"
"အရင်တုန်းက ခင်ဗျား ပြောခဲ့တယ်မလား၊ ကျွန်တော်တို့ အတုအယောင်ဇနီးမောင်နှံတွေဆိုတော့ ကျွန်တော် သွားချင်တဲ့အချိန် သွားလို့ရတယ်ဆိုတာလေ။ ပြီးတော့ ကျွန်တော့်မှာ သဘောကျတဲ့လူ ရှိလာရင်လည်း ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပြီး ကွာရှင်းစာ ရေးပေးမယ်ဆိုတာရောလေ ဟုတ်တယ်မလား"
စူးယောင်ကွမ်းက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"
"အဲ့ဒီ သူဌေးကျန်းကို ခင်ဗျား ဘယ်လိုထင်လဲ"
ကျိုးဝမ်ရှူက သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ မေးလိုက်သည်။
စူးယောင်ကွမ်းက ဘာမှမဖြစ်ဟန်ဖြင့် ပြန်ပြောနေလေသည်။
"သူက စိတ်သဘောထား နွေးထွေးတယ်၊ ယဥ်ကျေးတယ်၊ ပြီးတော့ ကြင်နာတတ်တယ်၊ ကုန်သည်တွေထဲမှာတော့ သူက လူကြီးလူကောင်းတစ်ယောက်ပဲ"
"အကဲဖြတ်ချက်က တော်တော်လေး မြင့်မားတာပဲ"
ကျိုးဝမ်ရှူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မဟုတ်လို့လား"
စူးယောင်ကွမ်းက သူ့ကို မျက်စောင်းထိုးရင်း ပြန်ပြောလိုက်သည်။
"ငါတို့ဘက်က ရိက္ခာနဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားခဲ့တယ်ဆိုပေမဲ့ ဒါက ပင်လယ်ထဲက ရေတစ်စက်စာလောက်ပဲ ရှိတယ်။ တကယ်လို့ သူသာ တောင်ပေါ်ကို ခဏခဏ ရိက္ခာတွေ သယ်မလာပေးဘူးဆိုရင် ငါတို့တွေ စားစရာ ပြတ်လပ်သွားတာ ကြာနေလောက်ပြီ"
"သူက ရုံးတော်ကလူတွေရဲ့ မျက်နှာသာကို ရချင်လို့ ဒါတွေ အကုန်လုံး လုပ်နေတာ။ ဒါမှ သူတို့ဆိုင်က အာဏာပိုင်တွေဆီကနေ ဆုလာဘ်တွေရပြီး အခွန်ကင်းလွတ်ခွင့် ရမှာလေ"
ကျိုးဝမ်ရှူက ဆက်ပြောနေသေးသည်။
"ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ ခင်ဗျားက သင့်တော်တဲ့ ခင်ပွန်းတစ်ယောက်ကို ရှာချင်တယ်ဆိုရင်တောင် အဲ့ဒီလူကတော့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ အမူအရာတွေက ဟန်ဆောင်မှုတွေချည်းပဲ။ အမှန်တော့ သူက သူ့ရဲ့ မရီးနဲ့ မပြတ်မသားတဲ့ ပတ်သက်မှု ရှိနေတာ"
"မဖြစ်နိုင်ဘူး"
စူးယောင်ကွမ်းက အံ့အားသင့်စွာဖြင့် ပြန်အော်လိုက်သည်။
"သူဌေးကျန်းက အဲ့လိုလူစားမျိုး မဟုတ်ပါဘူး"
ကျိုးဝမ်ရှူက နှာခေါင်းရှုံ့လျက် လှောင်ပြုံး ပြုံးပြနေလေသည်။
"သြော်... ဟုတ်သားပဲ၊ သူက အဲ့လိုလူ မဟုတ်ဘူး။ ကျွန်တော်ကပဲ သူ့ကို အပုပ်ချချင်လို့ လုပ်ကြံပြောနေတာပေါ့"
ထိုသို့ပြောရင်းဖြင့် သူက စောစောက သူမလက်ထဲသို့ သူ ထည့်ပေးခဲ့သော မုန့်ထုပ်များကို ပြန်လုယူလိုက်သည်။
"ခင်ဗျားမှာ သူဌေးကျန်း ပေးထားတဲ့ မုန့်တွေ ရှိနေမှတော့ ကျွန်တော် ဝယ်လာတဲ့ ကြေးပြားတစ်ရာတန် မုန့်ထုပ်တွေကို မစားပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် ဒါတွေက သူ့မုန့်တွေလောက် မွှေးကြိုင်မနေဘူးလေ"
စူးယောင်ကွမ်း : “...”
'ဒီကောင်လေး ဆေးမှားသောက်လာတာလား...'
ကျိုးဝမ်ရှူ ထွက်သွားပြီးနောက် ကျန်းဖန့်တိက စူးယောင်ကွမ်း၏ အနားသို့ လျှောက်လာခဲ့သည်။
"ဝမ်ရှူက နင့်အတွက် မုန့်တွေကို တကူးတက ဝယ်လာပေးတာကို နင်ကတော့ သူဌေးကျန်းအကြောင်းပဲ တတွတ်တွတ် ပြောနေပြီး သူ ဝယ်လာတဲ့မုန့်ကို တစ်ကိုက်တောင် မမြည်းကြည့်ခဲ့ဘူးလေ။ သူ ဘယ်လိုလုပ်ပြီး စိတ်မဆိုးဘဲ နေမလဲ၊ သူ သဝန်တိုနေတာ အသေအချာပဲ"
စူးယောင်ကွမ်းက ရုတ်တရက် သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။
"သြော်... ဒါကြောင့်ကိုး"
‘သူက တကယ့်ကို ကလေးလို စိတ်ဆိုးနေတာပဲ။ ဒီလိုကိစ္စလေးကိုတောင် သဝန်တိုနေတာလား’
ထိုအချိန်တွက် ကိုရင်လေးတစ်ပါး ပြေးလာပြီး စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။
"ဒကာမကြီးစူး... ဒကာမကြီး ပြောတာ တကယ်မှန်တယ်။ အဲ့ဒီ ဒကာမကြီးကျန်းက တောင်ပေါ်စမ်းရေတွင်းမှာ တကယ်ကြီး ရေသွားချိုးဖို့ လုပ်နေတာ။ ကိုရင်တို့သာ အဲ့နေရာမှာ သွားမစောင့်နေရင် အဲ့ဒီ အဖိုးတန်စမ်းရေတွေ အလဟဿဖြစ်ကုန်တော့မှာပဲ"
"ဝူကျဲ... ဒီရက်ပိုင်း လူနာတွေ သိပ်မများတော့လို့ ကိုရင်တို့လည်း အဆင်ပြေပါတယ်။ အဓိက တာဝန်ကတော့ အဲ့ဒီလူနှစ်ယောက်ကို သေချာ စောင့်ကြည့်ပေးဖို့ပါပဲ၊ ဘုရားကျောင်းရဲ့ အေးချမ်းမှုကို လာမဖျက်ဆီးစေနဲ့ဦး။ သြော်... ပြီးတော့ အဲ့ဒီ ဝမ်ရှီကိုရောပဲ"
ဝမ်ရှီက နာမကျန်းဖြစ်ေနသည်ဟု အကြောင်းပြကာ တောင်အောက်သို့ မဆင်းဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျန်းရိဟွမ်းတစ်ယောက် အရှက်တကွဲ အကျိုးနည်း ဖြစ်သွားခဲ့ရသဖြင့် ရှောင်းယန်ချီအနေဖြင့် သူမထံမှ ထွက်ပေါ်နေသော အနံ့အသက်ကို သည်းခံနိုင် တော့မည်မဟုတ်ချေ။ ထို့ကြောင့် ဝမ်ရှီဘက်မှ မျက်နှာပန်းလှရန် အခွင့်အရေး တစ်ဖန် ပြန်ရလာခဲ့ချေပြီ။
"သူဌေးစူး... အဲ့ဒီ ဝမ်ရှီကတော့ တကယ်ပါပဲ။ သူက ကျန်းရိဟွမ်း ရေချိုးနိုင်ဖို့ ရေတွေတောင် တည်ပေးနေသေးတာ။ အိုး... ဘယ်လောက်တောင် ဂရုစိုက်ပေးလိုက်သလဲ၊ သူ ဆေးခတ်ခံရတဲ့ ကိစ္စကိုတောင် စိတ်ထဲမှာ လုံးဝ ရန်ငြိုးမထားတော့တဲ့ပုံပဲ။ အဲ့ဒီမိန်းမက ဘာကို လိုချင်နေတာလဲမသိဘူး"
စူးယောင်ကွမ်းက ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
"သူက ဒီလောက်အထိ သဘောထားကြီးပြနေတော့ ရှောင်းယန်ချီလည်း အခုအချိန်မှာ တကယ့်ကို အပြစ်မကင်းသလို ခံစားနေရတော့မှာပေါ့။ ပြီးတော့ ဝမ်ရှီက သူ့ကို အရမ်းချစ်မြတ်နိုးနေတယ်လို့ ခံစားရမှာပဲ။ သူ ဝမ်ရှီကို မချစ်ရင်တောင် ဝမ်ရှီရဲ့ ခံစားချက်တွေကို ငဲ့ညှာပြီး ကောင်းကောင်းမွန်မွန် စကားပြောပေးရလိမ့်မယ်၊ ဒါမှ နှလုံးသားအကြွင်းမဲ့ ပုံအောပေးထားတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ရင်းမှန်ကို မနာကျင်စေမှာလေ"
အဒေါ်ကြီး : "..."
'စာတတ်ပေတတ်တွေရဲ့ ဦးနှောက်က တကယ်ပဲ ဒီလောက်အထိ ထက်မြက်ကြတာလား။'
'ငါ့ကို ဦးနှောက်တွေ နောက်ထပ်အများကြီး ပိုပေးရင်တောင် ဒါတွေအကုန်လုံးကို တွေးမိမှာ မဟုတ်ဘူး။'
'ဟုတ်တာပေါ့လေ... ဒါကြောင့်မို့လည်း သူတို့က စာသင်နိုင်ကြတာကိုး၊ ငါကတော့ ပုံပြောသူတွေ ပြောတာ နားထောင်ရင်တောင် အိပ်ငိုက်နေတာ'
"ယောင်ကွမ်း... ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ"
ကျန်းကျင့်က အပြေးအလွှား ရောက်လာပြီး စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"မနေ့က ခေါ်လာတဲ့ လူနာတွေက အိမ်နီးနားချင်း မြို့ကလူတွေလေ။ သူတို့ရဲ့ ရောဂါအခြေအနေက အရမ်းပြင်းထန်လို့ ငါ သူတို့ကို အခန်းခွဲပြီး ထားလိုက်တယ်။ ဒါပေမဲ့ ရလဒ်ကတော့ ဘေးချင်းကပ် တရားထိုင်တဲ့အခန်းထဲက လူနာတွေပါ ရောဂါလက္ခဏာတွေ ပိုဆိုးလာကြတယ်"
"ငါ သွားကြည့်လိုက်မယ်"
"မသွားနဲ့ဦး။ နင်ပါ သူတို့ရဲ့ ရောဂါ ကူးစက်ခံရမှာကို ငါ စိုးရိမ်တယ်။ သူတို့ရဲ့ ရောဂါအခြေအနေက ငါတို့ဆီကလူတွေနဲ့ မတူဘူး။ ငါ ဆေးညွှန်းအသစ်တွေ ရေးပြီး ဆေးအသစ်တွေကို စမ်းသပ်ကြည့်ရမယ်"
ကျန်းကျင့်က သူမကို တားဆီးလိုက်သည်။
"ငါ ကူညီပေးမယ်"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"နင့်မှာ ကူညီပေးမဲ့လူ လိုတယ်၊ နင်တစ်ယောက်တည်း လုပ်လို့ မဖြစ်ဘူး။ ရောဂါအခြေအနေ ပိုဆိုးလာတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ"
"မနေ့က တောင်ပေါ်ကို ခေါ်လာတာ ဆယ့်နှစ်ယောက်၊ ပြီးတော့ ဘေးက တရားထိုင်တဲ့အခန်းထဲက အခြေအနေ ပိုဆိုးလာတာက နှစ်ဆယ့်ခုနစ်ယောက်၊ စုစုပေါင်း သုံးဆယ့်ကိုးယောက် ရှိတယ်"
ကျန်းကျင့်က ထပ်ရှင်းပြနေသည်။
"အခု အရေးကြီးဆုံးက အရေးပေါ်အခန်းနှစ်ခုရဲ့ ဘေးနားမှာရှိတဲ့ တခြားလူနာတွေကို အဝေးကို ရွှေ့ပစ်ဖို့ပဲ"
စူးယောင်ကွမ်းက ကျန်းကျောက်တိဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။
"အမေ... အမေက တခြားလူတွေကို သေချာကြည့်ထားပေးပါ။ ဒီအခန်းနှစ်ခုကိုတော့ သမီးနဲ့ ကျင့်အာ တာဝန်ယူလိုက်မယ်"
ကျန်းကျောက်တိက မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီး တားနေရှာသည်။
"သမီးလေး... အမေ နင်တို့ကို စိတ်မချဘူး။ အမေပဲ ကျင့်အာကို ကူညီပေးမယ်၊ နင် မသွားပါနဲ့"
"သမီးက ဆေးဖက်ဝင်အပင်တချို့ကို သိတော့ ကျင့်အာကို ပိုကူညီပေးနိုင်တယ်လေ။ စိတ်မပူပါနဲ့၊ သမီးနဲ့ ကျင့်အာနှစ်ယောက်လုံးက အရမ်းတော်တာလေ၊ ဘာမှ မဖြစ်စေရပါဘူး"
"ကျွန်တော်လည်း လိုက်မယ်"
ကျိုးဝမ်ရှူက ဝင်ပြောလာခဲ့သည်။
"အရင်တုန်းက ကျန်းကျင့် ပြောခဲ့ဖူးတယ်မလား၊ ရောဂါဖြစ်ဖူးတဲ့လူတွေက နောက်တစ်ကြိမ် ပြန်ကူးစက်ခံရဖို့ မလွယ်ဘူးဆိုတာလေ။ ကျွန်တော်က အရင်က အပြင်းအထန် ဖျားနာခဲ့ဖူးတာဆိုတော့ ကျွန်တော့်ခန္ဓာကိုယ်က ခင်ဗျားတို့ထက်စာရင် ပိုပြီးတော့ ခံနိုင်ရည်ရှိမှာ အသေအချာပဲ"
စူးယောင်ကွမ်းက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းကျင့်က ဆေးစာရင်းတစ်ခု ရေးမှတ်လိုက်ပြီး ကျိုးဝမ်ရှူကို ဆေးဖက်ဝင်အပင်များ သွားဝယ်ရန် တောင်အောက်သို့ အမြန်လွှတ်လိုက်သည်။
လတ်တလောရှိနေသော ဆေးဝါးပမာဏက သိသိသာသာ မလောက်မငှ ဖြစ်နေခဲ့ချေပြီ။
အိမ်နီးနားချင်းမြို့မှ ကူးစက်လာသော ရောဂါက သူတို့ဆီမှ ရောဂါနှင့် မတူသဖြင့် ကုသပုံကုသနည်းကလည်း ကွဲပြားနေပေလိမ့်မည်။
ကျန်းကျင့်က လူနာများ၏ ရောဂါတုံ့ပြန်မှုအပေါ် မူတည်ပြီး ဆေးစာရင်းကို ပြန်ပြုစုခဲ့သည်။ ထိုဆေးဝါးများ ရောက်လာလျှင် လူနာများ၏ ရောဂါအခြေအနေနှင့် မည်သည့်ဆေးညွှန်းက အထိရောက်ဆုံးဖြစ်မည်ကို တစ်ခုချင်းစီ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။
ကျိုးဝမ်ရှူ ဆေးသွားဝယ်နေသည့် အချိန်တွင် စူးယောင်ကွမ်းက ကျန်းကျင့်၏နောက်မှ အရေးပေါ်လူနာဆောင်ထဲသို့ လိုက်ဝင်သွားခဲ့သည်။
သူမက ကျန်းကျောက်တိကို အခြေအနေများအား သေချာရှင်းပြခိုင်းထားပြီး မည်သူ့ကိုမျှ ဤနေရာသို့ မဝင်စေရန် တားမြစ်ခိုင်းလိုက်သည်။
လူတိုင်းက အခြေအနေ၏ ပြင်းထန်မှုကို သိကြသဖြင့် မည်သူမျှ မလွန်ဆန်ရဲကြချေ။
"သူဌေးစူးနဲ့ ဆေးဆရာမလေးကျန်းတို့ ဘာမှမဖြစ်ပါစေနဲ့။ ဗုဒ္ဓနဲ့ နတ်ဘုရားတွေက ဒီလိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူနှစ်ယောက်ကို စောင်မကြည့်ရှုပေးမှာပါ"
"အဲ့ဒီ အိမ်နီးနားချင်းမြို့က အရာရှိတွေကတော့ တကယ့်ကိုပဲ။ လူနာတွေကို ဆေးလည်း မကုပေးဘဲ မီးပဲရှို့ပစ်ကြတာ။ သူတို့တွေကလည်း ငါတို့ဆီကို အနိုင်နိုင် ထွက်ပြေးလာခဲ့ကြတယ်။ အခုတော့ ငါတို့ဆီကိုပါ ဒီကပ်ဘေးကြီး သယ်လာပေးသလို ဖြစ်သွားတာပေါ့"
"နင်သာ သူတို့နေရာမှာ ဆိုရင်ရော အသက်ရှင်ချင်မှာ မဟုတ်ဘူးလား။ လူတိုင်းက အသက်ရှင်ချင်ကြတာပဲလေ၊ သူတို့လည်း အသက်ရှင်ချင်ကြတာပဲ။ ဒါပေမဲ့လည်း အခုတော့ ငါတို့လည်း ဘာမှ မလုပ်ပေးနိုင်ကြတော့ဘူး"
ကျိုးဝမ်ရှူက ဆေးဝါးများနှင့်အတူ ခပ်သွက်သွက် ပြန်ရောက်လာခဲ့သည်။ သူ ပြန်ရောက်လာသည်နှင့် ကပ်ရောဂါကာကွယ်ဆေးကို အရင်သောက်လိုက်ပြီးနောက် ပါးစပ်နှင့် နှာခေါင်းကို သေသေချာချာ စည်းနှောင်ကာ အရေးပေါ်လူနာဆောင်ထဲသို့ ဝင်လာခဲ့သည်။
သူ တရားထိုင်သည့်အခန်းထဲသို့ ခြေချလိုက်သည်နှင့် ပြင်းထန်လှသော ပုပ်ပွနံကြီးက နှာခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာရာ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားသည့်တိုင် ထိုအနံ့ဆိုးကို မည်သို့မျှ ပိတ်ဆို့ထားနိုင်ခြင်း မရှိချေ။
"ဒီလူတွေ ဘယ်လိုနေလဲ"
"သူတို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနာတွေ အပြည့်ပဲ"
စူးယောင်ကွမ်းက ဆက်ရှင်းပြနေသည်။
"အခြေအနေက ငါတို့ ထင်ထားတာထက် ပိုဆိုးနေတယ်။ အခုကတော့ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ စမ်းသပ်ကြည့်ရတော့မှာပဲ။ သူတို့ ရောဂါက တကယ့်ကို ပြင်းထန်လွန်းတယ်"
"ယောင်ကွမ်း... အရာရှိတွေ ရောက်လာပြီ၊ တောင်ပေါ်ကို အပြင်းအထန် ဖျားနေတဲ့ လူနာ အယောက်နှစ်ဆယ် ထပ်ခေါ်လာတယ်"
ကျန်းကျောက်တိက အပြင်ဘက်မှ တုန်တုန်ယင်ယင် အသံဖြင့် လှမ်းပြောလာခဲ့သည်။
"သူတို့ကို ငါတို့ ဘယ်လိုလုပ်ကြမလဲ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"အမေ... အမေတို့က အနားမှာရှိတဲ့ တရားထိုင်တဲ့အခန်းတွေ အကုန်လုံးကို အမြန် ရှင်းပေးလိုက်ပါ။ ပြီးတော့ တခြားလူနာတွေကို တတ်နိုင်သမျှ အဝေးဆုံးမှာ သွားထားလိုက်ပါ။ ဒီနီးစပ်ရာ အခန်းတွေကိုတော့ အခြေအနေ ပြင်းထန်တဲ့ လူနာတွေအတွက်ပဲ ထားလိုက်တော့မယ်"
အခန်း ၁၅၀ ပိုမိုဆိုးရွားလာခြင်း
ခရိုင်ဝန်မင်းချန်က ဘုရားကျောင်းသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့က အရေးပေါ်လူနာဆောင်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သူက ကျန်းကျောက်တိကို ဆင့်ခေါ်ကာ အခြေအနေများကို မေးမြန်းနေခဲ့သည်။
"အရှင်... ကျွန်မတို့ဆီက လူနာတွေက အကုန်လုံးနီးပါး ပြန်ကောင်းနေကြပါပြီ၊ နောက်ဆယ်ရက်လောက်ဆိုရင် ရောဂါပျောက်ကင်းပြီး တောင်ပေါ်က ဆင်းနိုင်ကြတော့မှာပါ။ အခုတော့ ဒီကံဆိုးမိုးမှောင်ကျစေတဲ့ လူတွေကို သယ်လာကြလို့ ပြန်ကောင်းခါနီး လူတွေပါ ရောဂါအခြေအနေတွေ ပိုဆိုးကုန်ကြပြီ။ ဒါက အဆိုးဆုံး မဟုတ်သေးပါဘူး၊ အခြေအနေက အခုမှ စတာပဲ ရှိပါသေးတယ်။ ဒီပုံစံအတိုင်းဆိုရင် နောက်ထပ် ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ အရှင်... ဒီလိုသာ ဆက်ဖြစ်နေရင် ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး၊ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။ ဒီကပ်ရောဂါက မသေနိုင်တဲ့ မြေနဂါးလိုပဲ... တဖြည်းဖြည်းနဲ့ ပွားများလာနေတာ။ ကျွန်မရဲ့ သမီးလေးက အထဲမှာ ရှိနေသေးတယ်၊ တကယ်လို့ ကျွန်မရဲ့ သမီးတစ်ခုခု ဖြစ်သွားရင် ကျွန်မလည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး"
"အစ်မကြီးကျန်း... စိတ်မပူပါနဲ့။ မိန်းခလေးစူးက ကံကောင်းတဲ့လူမို့လို့ ဘာမှ မဖြစ်လောက်ပါဘူး။ အခုဆို ပြည်သူတွေက သူ့ကို သက်ရှိ လူသားဘုရားလောင်းလို့ တင်စားပြီး အားလုံးက ချစ်ခင်ကြည်ညိုနေကြတာလေ၊ ဗုဒ္ဓက မိန်းခလေးစူးကို စောင်မကြည့်ရှုမှာပါ"
ခရိုင်ဝန်မင်းချန်က ကျန်းကျောက်တိကို နှစ်သိမ့်လိုက်ပြီးနောက် သူ့၏ ဆုံးဖြတ်ချက်ကို ပြောပြလာခဲ့သည်။
"တခြားလူတွေကလည်း အကုန်လုံးနီးပါး ပြန်ကောင်းနေပြီဆိုတော့ ရောဂါအခြေအနေ မပြင်းထန်တဲ့လူတွေပါ ထပ်ပြီး ရောဂါမကူးရအောင် ဒီနေရာကို အမြန် ရှင်းလင်းပစ်ရမယ်"
ကျန်းကျောက်တိက မေးမြန်းလိုက်သည်။
"အရှင်ရဲ့ ဆိုလိုချက်က သူတို့ကို တောင်အောက် အရင်ဆင်းခိုင်းရမယ်လို့ ပြောတာလားဟင်"
"ဟုတ်တယ်... မင်းက ဒီရောဂါသက်သာတဲ့ လူနာတွေကို တောင်အောက် ခေါ်သွားလိုက်၊ ငါ သူတို့ ရောဂါလုံးဝပျောက်ကင်းတဲ့အထိ နေထိုင် စောင့်ရှောက်နိုင်ဖို့ နေရာစီစဥ်ပေးမယ်။ ပြီးတော့ ကူညီပေးနိုင်ဖို့ ကျွမ်းကျင်တဲ့ သမားတော်တွေကိုလည်း ဒီကို ထပ်လွှတ်ပေးမယ်"
"ကျွန်မ မသွားဘူး"
ကျန်းကျောက်တိက ချက်ချင်း ငြင်းဆိုလိုက်သည်။
"ကျွန်မ ကျွန်မရဲ့ သမီးနဲ့အတူ ဒီမှာပဲ နေချင်ပါတယ်"
ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့ကလည်း မထွက်ခွာလိုကြချေ။
"အဲ့ဒီ သမားတော်တွေသာ လာရဲရင် အရင်ကတည်းက သေချင်ယောင်ဆောင်နေကြမှာ မဟုတ်ဘူး။ သူတို့က သေမှာ ကြောက်ကြတာလေ၊ ဒါကြောင့် သူတို့ကိုပဲ ရောဂါသက်သာတဲ့လူတွေကို ပြုစုခိုင်းလိုက်ပါ။ ကျွန်မတို့ကတော့ အခြေအနေ ပြင်းထန်တဲ့လူတွေကို ပြုစုဖို့ ယောင်ကွမ်းနဲ့အတူ ဒီမှာပဲ နေခဲ့ပါ့မယ်"
"အရှင်... နောက်ထပ် ရောဂါသည်အယောက် နှစ်ဆယ်ထပ်ရောက်လာပြန်ပါပြီ"
ရဲမက်တစ်ဦးက အပြေးအလွှား ရောက်လာပြီး သတင်းပို့လိုက်သည်။
"နောက်ထပ် လာနေတဲ့လူတွေလည်း ရှိသေးတယ်လို့ ကြားပါတယ်။ အရင်တုန်းက အိမ်နီးနားချင်းမြို့က မြို့ကို ပိတ်ထားပြီး လူတွေကို လျှောက်မသွားဖို့ တားမြစ်ထားတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး လူနာတွေ ဒီလောက်အထိ များလာရတာလဲ။ ဒီလူနာတွေကို ကြည့်ရတာလည်း နောက်ဆုံးထွက်သက် ရောက်နေတဲ့ပုံစံတွေချည်းပဲ။ အိမ်နီးနားချင်းမြို့က ဒီလူတွေကို တမင်သက်သက် ဒီကို မောင်းထုတ်လိုက်တာများလား မသိဘူး"
ခရိုင်ဝန်မင်းချန်က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် အမိန့်ပေးလိုက်သည်။
"အိမ်နီးနားချင်းခရိုင်ရဲ့ အခြေအနေကို သွားစုံစမ်းဖို့ လူလွှတ်လိုက်ကြစမ်း"
"အမိန့်တော်အတိုင်းပါ ခင်ဗျာ"
ရဲမက်က ထပ်ပြောနေသေးသည်။
"တကယ်လို့ သူတို့က လူနာတွေကို တမင်သက်သက် ဒီကို ပို့လိုက်တာဆိုရင်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ယုတ်မာလွန်းရာကျနေပါပြီ"
"သူတို့မှာ ဘယ်လိုပရိယာယ်ပဲ ရှိရှိ... ဒါတွေက အသက်ရှင်နေတဲ့ လူသားတွေဖြစ်နေမှတော့ ငါတို့ ဥပေက္ခာပြုထားလို့ မဖြစ်ဘူး။ ဒါပေမဲ့ စူးမိသားစုတစ်စုတည်းရဲ့ အင်အားနဲ့တော့ မလောက်ငှနိုင်ဘူး။ လာရောက်ကူညီပေးချင်တဲ့လူမှန်သမျှကို စုစည်းလိုက်ပါ။ ဒါပေမဲ့ အရင်ဆုံး သူတို့ကို သေသေချာချာ ရှင်းပြထားရမယ်။ အိမ်နီးနားချင်းခရိုင်က လာတဲ့လူနာတွေရဲ့ ရောဂါက ငါတို့ဆီက ရောဂါနဲ့မတူဘူး၊ သူတို့ကို ပြုစုရတာက ပိုပြီးတော့ အန္တရာယ်များတယ်။ တကယ်လို့ ဂရုမစိုက်မိရင် ကိုယ်တိုင်ပါ ရောဂါကူးစက်ခံရနိုင်တယ်ဆိုတာကို သေသေချာချာ ရှင်းပြထား"
ကျောင်းထိုင်ဆရာတော် ကြွရောက်လာပြီး ဘုန်းတော်ကြီးများကို ဦးဆောင်ကာ ရောဂါသက်သာသော လူပမာများကို တောင်ခါးပန်းရှိ ဝါးကျောင်းဆောင်များဆီသို့ ရွှေ့ပြောင်းပေးလိုက်သည်။
ထိုဝါးကျောင်းဆောင်များက ဘုန်းကြီးနှင့် ကိုရင်လေးများ တရားအားထုတ်ရာ နေရာဖြစ်ပြီး ပြင်ပလူများကို လုံးဝ ခြေချခွင့်မပြုခဲ့ပေ။ ယခုတစ်ကြိမ်တွင်တော့ ကျောင်းထိုင်ဆရာတော်က ထိုကန့်သတ်ဌာနကို ဖွင့်လှစ်ပေးခဲ့ပြီး လူနာများကို ဆေးဝါးကုသကာ နားနေနိုင်ရန် ခွင့်ပြုပေးခဲ့သည်။
ရှောင်းယန်ချီက လူအုပ်ထဲတွင် ရပ်နေခဲ့ပြီး စူးယောင်ကွမ်း ရှိနေသည့် တရားထိုင်ခန်းဆီသို့ လှမ်းကြည့်နေလေသည်။
‘ငါ့ရဲ့ အတိတ်ဘဝတုန်းကဆိုရင် သူမက ငါ့ကို ကယ်တင်ခဲ့ပြီး ငါ့အတွက် အများကြီး လုပ်ပေးခဲ့တယ်။ ဒီဘဝမှာတော့ သူမက ဘာပတ်သက်မှုမရှိတဲ့ လူစိမ်းတွေကို ကယ်တင်ဖို့အတွက် သူ့ရဲ့ အသက်ကိုတောင် စွန့်စားနေပြန်ပြီ။ အတိတ်မှာပဲဖြစ်ဖြစ်၊ ဒီဘဝမှာပဲဖြစ်ဖြစ် သူမက တကယ့်ကို မိုက်မဲတဲ့ မိန်းမတစ်ယောက်ပဲ’
‘ဒါပေမယ့် ဘာလို့ ဒီမိုက်မဲတဲ့ မိန်းမလို့ ထင်ရတဲ့လူအတွက် ငါ ခံစားချက် တစ်စုံတစ်ရာကို ခံစားနေရတာလဲ။ သူမရဲ့ တောက်ပမှုကို ငါ ခံစားနေရပြီး သူမရဲ့ ရှိနေခြင်းကို လျစ်လျူရှုဖို့ ခက်ခဲစေတယ်’
သူ အတွေးများနေစဥ်တွင် ဝမ်ရှီက ရှောင်းယန်ချီ၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"မိန်းကလေးကျန်းလည်း ဖျားနေတဲ့ပုံပဲ။ သူလည်း ဟိုလူတွေလို ရောဂါမျိုး ကူးစက်ခံရတာ ဖြစ်နိုင်မလား"
ရှောင်းယန်ချီက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်တာ။ ဒါက အိမ်နီးနားချင်းမြို့က ကူးစက်တဲ့ ရောဂါလေ၊ ဟွမ်းအာက မြို့ပြင်ကလူတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးဘူး။ သူ အဲ့ဒီရောဂါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အအေးမိရုံတင်ပါ၊ အအေးမိပျောက်ဆေး တိုက်လိုက်ရင် ရပါပြီ"
"တော်သေးတာပေါ့... တော်သေးတာပေါ့"
ဝမ်ရှီက သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ရေရွတ်လိုက်သည်။
ရှောင်းယန်ချီက သူမ၏ လှုပ်ရှားမှုကို လှမ်းကြည့်နေခဲ့ပြီး သူ့အကြည့်များက သူမ၏ ပြည့်တင်းသော ရင်အုံထက်တွင် ခေတ္တမျှ စွဲငြိသွားပြီး သူ့ပါးပြင်များ ပူထူလာသဖြင့် ရှက်ရွံ့စွာ ခေါင်းကို အမြန်လွှဲလိုက်ရသည်။
"ဟွမ်းအာ... ဖျားနေတာကို မင်းက ဘာလို့ သူ့ဘေးမှာ နေပြီး မပြုစုပေးတာလဲ။ ဘာလို့ နေရာအနှံ့ လျှောက်သွားနေရတာလဲ"
ပြောပြောဆိုဆိုနှင့် သူက သူ၏ အခန်းဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားတော့သည်။
ဝမ်ရှီ၏ မျက်ဝန်းထဲတွင်တော့ အောင်နိုင်သူတစ်ယောက်ကဲ့သို့ အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
‘ယောက်ျားတွေကတော့ အတူတူချည်းပါပဲ... ကျားသစ်က သူ့အစက်အပြောက်ကို ဘယ်တော့မှ မဖျောက်နိုင်ဘူး။ ရှောင်းယန်ချီက အခုတော့ ကျန်းရိဟွမ်းကို ရတနာတစ်ခုလို တန်ဖိုးထားနေပေမဲ့ အနှေးနဲ့အမြန်တော့ သူလည်း ငါ့ရဲ့သွေးဆောင်မှုကို မလွန်ဆန်နိုင်ဘဲ ငါ့ရဲ့ ခြေဖဝါးအောက်မှာ ပြပ်ပြပ်ဝပ် သစ္စာခံရမှာပါပဲ’
......။......။......
အရေးပေါ်လူနာဆောင်အတွင်း၌...
တစ်စုံတစ်ယောက် ဝင်လာသံကို ကြားသဖြင့် စူးယောင်ကွမ်း လှည့်ကြည့်လိုက်ရာ ကျန်းကျောက်တိနှင့် တခြားလူများကို မြင်လိုက်ရသဖြင့် ဒေါသတကြီး လှမ်းပြောလိုက်သည်။
"ဘာလို့ ဝင်လာကြတာလဲ။ သမီး ပြောထားတယ်မဟုတ်..."
"နင် ဘာပြောထားလို့လဲ"
ကျန်းကျောက်တိက စူးယောင်ကွမ်း၏ စကားကို ဖြတ်ပြောရင်း သူမ၏ နားရွက်ကို လှမ်းဆွဲလိမ်လိုက်သည်။
"အား... အား... အမေ..."
စူးယောင်ကွမ်းတစ်ယောက် အရှုံးပေးကာ တောင်းပန်လိုက်ရသည်။
"အမေ... သမီး နားရွက် ပြတ်ထွက်တော့မယ်"
"ပြတ်ထွက်သွားတာကမှ ပိုကောင်းဦးမယ်၊ ဒါမှ နင် ငါ့စကားကို နားထောင်မှာ"
"ဘယ်သူက ပြောလဲ။ တကယ်လို့ သမီးရဲ့ နားရွက်သာ ပြတ်သွားရင် သမီး အမေ ပြောတာတွေကို မကြားရတော့ဘဲ လုံးဝ စကားနားထောင်တော့မှာ မဟုတ်ဘူး"
"ယောင်ကွမ်း... ဒီလူနာတွေ အကုန်လုံးက ဘေးမြို့ကနေ ရောက်လာကြတာ၊ ဒီလူအုပ်ကြီးကိုလည်း ကြည့်ဦး။ နောက်မှာ ထပ်လာနေတဲ့လူတွေ အများကြီး ရှိသေးတယ်"
ဝမ်ဟွမ်ကျစ်က ဝင်ပြောလာခဲ့သည်။
"မင်းတို့သုံးယောက် အသက်ကုန်အောင် လုပ်ရင်တောင် ဒီလောက်များတဲ့လူတွေကို မပြုစုနိုင်ဘူး။ တကယ်လို့ ငါတို့သာ အထဲကို မဝင်လာရင် နင်တို့တွေ ဒီမှာတင် အလုပ်လုပ်ရင်း အမောဆို့ သေသွားတာကို ဒီအတိုင်း ကြည့်နေရမှာလား။ ပြီးတော့ စောစောက ခရိုင်ဝန်မင်းလည်း ရောက်လာပြီး ခဏနေရင် ကူညီပေးဖို့ နောက်ထပ် လူတစ်စု လွှတ်ပေးမယ်လို့ ပြောသွားတယ်"
နောက်ကွယ်တွင် လူနာများ ထပ်ရှိနေသေးသည်ကို ကြားလိုက်ရသဖြင့် သူတို့အတွက် လူအင်အား တကယ်လိုအပ်နေမှန်း စူးယောင်ကွမ်း နားလည်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူမတို့ အသက်ကုန်အောင် အလုပ်လုပ်လျှင်ပင် ဤမျှများပြားသော လူနာများကို ကုသပေးနိုင်မည် မဟုတ်ချေ။
"အား..."
ကျိုးဝမ်ရှူက နာကျင်စွာ ညည်းတွားလိုက်သည်။
စူးယောင်ကွမ်းက သူ့အနားသို့ လျှောက်သွားရင်း မေးမြန်းလိုက်သည်။
"ဘာဖြစ်တာလဲ... နင် ဒဏ်ရာရသွားလို့လား"
"ဒီလူက ဓားမြှောင်တစ်လက် ဝှက်သယ်လာတာ၊ ကျွန်တော် သတိမထားမိဘဲ လက်ချောင်းကို ရှမိသွားတာပါ"
ကျိုးဝမ်ရှူက ပြန်ဖြေလိုက်သည်။
"ဆေးလေး နည်းနည်း ထည့်လိုက်ရင် ရပါပြီ"
"ကျင့်အာ... ဝမ်ရှူကို အမြန်လာကြည့်ပေးဦး၊ သူ လူနာသယ်လာတဲ့ ဓားမြှောင်နဲ့ အရှခံလိုက်ရလို့"
စူးယောင်ကွမ်းက လှမ်းခေါ်လိုက်သည်။
ကျန်းကျင့်က အပြေးအလွှား ရောက်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒီလို အခြေအနေမျိုးမှာ ဒဏ်ရာရလို့ လုံးဝမဖြစ်ဘူး။ ဒဏ်ရာရရင် ရောဂါပိုး ကူးစက်ခံရဖို့ ပိုလွယ်တယ်၊ မြန်မြန်... ဒဏ်ရာပေါ်ကို အရက်ပြင်းပြင်း အရင်လောင်းချလိုက်၊ ပြီးရင် ဆေးမှုန့်ဖြန်းပြီး သန့်ရှင်းတဲ့ ပိတ်ဖြူစနဲ့ စည်းထားလိုက်"
ခရိုင်ဝန်အမတ်မင်း ပြောခဲ့သော လူများကလည်း မကြာမီ ရောက်ရှိလာကြသည်။ ထိုလူများအားလုံးက ရင်းနှီးနေသော မျက်နှာများ ဖြစ်နေကြသည်။ လွန်ခဲ့သော ရက်ပိုင်းကပင် သူတို့က လူနာများအဖြစ် တောင်ပေါ်သို့ တက်လာခဲ့ကြသူများ ဖြစ်ပြီး ယခုတစ်ကြိမ်တွင်တော့ သမားတော်ကျန်းကို ကူညီရန် ရောက်ရှိလာကြခြင်းပင်။
"ရှင်တို့တွေ ဘာလို့ ပြန်လာကြတာလဲ"
ရင်းနှီးနေသည့် ထိုအမျိုးသား၊ အမျိုးသမီးများကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်း၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားရသည်။
လူနာဟောင်းတစ်ဦးက ပြန်ဖြေလာခဲ့သည်။
"သူဌေးစူးက ဘာအကျိုးအမြတ်မှ မမျှော်ကိုးဘဲ ငါတို့ကို ကိုယ်ကျိုးစွန့် ကယ်တင်ပေးခဲ့တာလေ။ အခု ငါတို့ ဒီဘေးဆိုးကနေ လွတ်မြောက်လာပြီဆိုတော့ ဒီကျေးဇူးတရားကို တခြားလူတွေဆီ ပြန်ပြီး ပေးဆပ်ရမှာပေါ့"
"သူဌေးစူး... စိတ်မပူပါနဲ့၊ သူတို့ကို ကျွန်တော်တို့ သေသေချာချာ စောင့်ရှောက်ပေးပါ့မယ်"
"စောစောကတင် တောင်ပေါ်ကို လူတွေအများကြီး ထမ်းတင်လာတာ ကျွန်တော်တို့ မြင်ခဲ့တယ်၊ ကျွန်တော်တို့ တောင်အောက်ဆင်းခါနီးတင် အိမ်နီးနားချင်းခရိုင်က လူနာတွေ ဒီနေရာကို ရေလွှမ်းမိုးသလို တိုးဝှေ့ဝင်ရောက်လာကြတာလေ"
"အဲ့ဒီလူတွေလည်း အရမ်းသနားဖို့ ကောင်းရှာပါတယ်။ ကျွန်တော်တို့မှာတော့ ခရိုင်အမတ်မင်းနဲ့ သူဌေးစူးတို့လို စိတ်ကောင်းရှိတဲ့လူတွေ ကူညီပေးလို့ တော်သေးတာပေါ့၊ သူတို့ဆီမှာတော့ အဲ့လိုမရှိဘူး။ ဟိုဘက်က အရာရှိတွေက သူတို့ကို အရှင်လတ်လတ် မီးရှို့သတ်ကြတာဗျ"
စူးယောင်ကွမ်းက လူနာများကို စတင်ကုသရန် အားလုံးကို တာဝန်ခွဲဝေပေးလိုက်သည်။
ကျန်းကျင့်က ဆေးနည်းများ စမ်းသပ်နေဆဲဖြစ်သဖြင့် လူနာများကို ရောဂါလက္ခဏာအလိုက် နေရာအသီးသီး ခွဲခြားထားလိုက်ပြီး နေရာတစ်ခုစီအတွက် မတူညီသော ဆေးရည်များ ပြင်ဆင်ကာ လူနာများ၏ တုံ့ပြန်မှုကို စောင့်ကြည့်ရန်အတွက် အရင်ဆုံး ဆေးတိုက်ကျွေးထားလိုက်သည်။