← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) သူမကို မင်းရဲ့ အစေခံအဖြစ် ထားလိုက်ပါ

"အစ်ကိုကြီး... ဘယ်သူ့ကို ငတုံးလို့ ခေါ်နေတာလဲ... ကျွန်တော်က ကြက်သားတစ်ဇလုံလုံး ချက်ထားတာကို... ကျွန်တော့်ကို သစ်သီးစည်သွတ်ဘူးစားစေချင်နေတာလား..."

လျူအာကျူးက လျူတာ့လျန်ကို စိတ်အိုက်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။

သူသည် စည်သွတ်အစားအစာများကို စားရသည်ကို တကယ်ပင် ငြီးငွေ့နေပြီဖြစ်၏။

သို့သော် ကြက်သားအစပ်ချက်ကိုမူ သူ စားချင်နေခဲ့သည်မှာ ကြာပြီဖြစ်လေသည်။

လျူအာကျူးသည် ရှေးဦးစွာ ကန်းပေါ်တွင် စားပွဲငယ်တစ်ခုကို တင်လိုက်ပြီး ပန်းကန်လုံး ငါးလုံး ယူဆောင်လာကာ ပြင်းရှသော တရုတ်ရိုးရာအရက် တစ်ပုလင်းကို ဖွင့်၍ သူတို့ငါးယောက်စလုံးအတွက် ငှဲ့ပေးလိုက်လေသည်။

ထိုခေတ်အခါက အမျိုးသမီးများသည် အရက်အနည်းငယ် သောက်နိုင်ကြပြီး အထူးသဖြင့် မြောက်ဘက်သို့ ရောက်လေလေ အရက်ဒဏ်ကို ပို၍ ခံနိုင်ရည်ရှိလေလေ ဖြစ်သည်။

လူငါးယောက် ဝေမျှသောက်ရန်အတွက် တစ်ပုလင်းတည်းနှင့် မလုံလောက်သောကြောင့် လျူအာကျူးသည် နောက်ထပ်တစ်ပုလင်းကို ထပ်ဖွင့်လိုက်လေသည်။

သူ၏ ပေါ့ပေါ့ပါးပါးနှင့် ငွေကို ရေလိုသုံးတတ်သော အပြုအမူကြောင့် တစ်မိသားစုလုံး အံ့အားသင့်သွားကြရ၏။

"အဖေ... အရက်နည်းနည်း သောက်ပါဦး..."

"အစ်ကိုကြီး... နျီဇီကို အခုချက်ချင်း သွားမခေါ်ရင် ဒီအရက်ရဲ့ အနံ့တွေ အကုန် ပျောက်ကုန်တော့မယ်..."

လျူအာကျူးက သတိပေးလိုက်လေသည်။

"အိုး... အိုး... အို... အခုပဲ သွားလိုက်မယ်..."

လျူတာ့လျန်သည် အရက်ပန်းကန်ကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်ပြီး သံဘူးတစ်ဝက်ကို ပွေ့ဖက်၍ အမြန်ပြေးထွက်သွားလေသည်။

လီဆွေ့ဆွေ့သည်လည်း အမှန်တကယ်တော့ သောက်ချင်နေသော်လည်း အရက်ပန်းကန်ကို လျူဖူရှန့်ဘက်သို့ တွန်းပေးလိုက်လေသည်။

"အဖေ... မိန်းမသားဖြစ်တဲ့ ကျွန်မက ဘာကိစ္စ အရက်သောက်ရမှာလဲ... အဖေပဲ သောက်ပါ..."

နျူဟုန်ဟွာကလည်း မချိပြုံး ပြုံးရင်း ပြောလေသည်။

"ကျူးဇီ... ငါတို့ ဒီလိုမျိုး ဆက်နေလို့မဖြစ်ဘူး... ဒါက ငွေဖြုန်းတီးနေတာ မဟုတ်ဘူးလား... မင်း အိမ်ထောင်ကျသွားရင် ဘဝကို ဘယ်လို ရှေ့ဆက်မလဲ..."

"ဒါဆိုရင်လည်း အမေနဲ့ မရီးကပဲ ကျွန်တော့်ကို ထိန်းကျောင်းပေးကြပေါ့..."

လျူအာကျူးက ပြုံးလျက် ပြောလိုက်လေသည်။

"အေး... အေး... ကောင်းပါပြီ... ငါ သေချာပေါက် ကူညီပေးမှာပါ..."

လီဆွေ့ဆွေ့က အလောတကြီး ခေါင်းညိတ်ပြလိုက်သည်။

နျူဟုန်ဟွာသည် ကုန်ကျစရိတ်အတွက် နှမြောနေသော်လည်း မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ကျီးကန်းက အမြီးရှည်ပြီး ယောက်ျားက အိမ်ထောင်ကျရင် အမေကို မေ့တတ်သည်ဟု ဆိုကြသည် မဟုတ်ပါလော။ လျူအာကျူးက သူမ၏ အကူအညီ လိုအပ်သည်ဟု ပြောသည်ကို သူမ ကြားချင်လှသည်။ ၎င်းက သူမကို အသုံးဝင်သည်ဟု ခံစားရစေပြီး သူသည် မိခင်ဖြစ်သူကို လာမတွေ့ဘဲ နှစ်ပေါင်းများစွာ နေသွားမည့်သူ မဟုတ်သကဲ့သို့ ခံစားရစေ၏။

ထို့အပြင် လျူအာကျူးသည် သူ၏ အစ်ကိုကြီး၊ မရီးတို့နှင့် အလွန်တည့်လွန်းသောကြောင့် နျူဟုန်ဟွာနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ကို ပို၍ပင် ပျော်ရွှင်စေလေသည်။

ညီအစ်ကိုတော်တော်များများသည် ကြီးပြင်းလာပြီး အိမ်ခွဲကြသည့်အခါ မတရားခွဲဝေမှုများကြောင့် ရန်ဖြစ်ကြပြီး တစ်သက်လုံး စကားမပြောဘဲ နေတတ်ကြသည် ဖြစ်၏။

"ဦးလေး... ဦးလေ..."

နျီဇီသည် သူမ၏ ခြေတံတိုလေးများဖြင့် အိမ်ထဲသို့ အပြေးဝင်လာရာ တံခါးဝသို့ပင် မရောက်သေးမီ သူမ၏အသံက အရင်ရောက်လာလေသည်။

လီဆွေ့ဆွေ့သည် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။

"အမေ မြင်ရဲ့လား... အဲ့ကျေးဇူးကန်းတဲ့ မြေခွေးမလေးက သူ့မှာ မိဘတွေရယ်၊ အဘိုးအဘွားတွေရယ် ရှိတာကိုတောင် မေ့သွားပြီ... သူ့ဦးလေးကိုပဲ ဂရုစိုက်တော့တာ..."

နျူဟုန်ဟွာကလည်း ပြေးလာသော နျီဇီကို အသည်းယားစွာဖြင့် စိုက်ကြည့်လိုက်သည်။

"ကလေးမ... နင့်အဘိုးနဲ့ အဘွားကို ဘာလို့ နှုတ်မဆက်တာလဲ..."

"အဘိုး... အဘွား..."

နျီဇီက အမြန်လှမ်းခေါ်လိုက်ရာ အားလုံးကို ထပ်မံရယ်မောသွားစေသည်။

အဘယ်ကြောင့်ဆိုသော် သူမ ခေါ်နေစဉ်မှာပင် သူမ၏ မျက်လုံးလေးများက စားပွဲပေါ်ရှိ စည်သွတ်အစားအစာများထံသို့ စူးစိုက်နေသောကြောင့် ဖြစ်၏။

နျူဟုန်ဟွာက နောက်ပြောင်ဆူပူလိုက်သည်။

"အဲ့ဒီသစ်သီးစည်သွတ်ဘူးက နင့်အဘွားလား..."

နျီဇီသည် ရှက်ရွံ့ခြင်း၏ အဓိပ္ပာယ်ကို နားမလည်ပေ။ သူမသည် လျူအာကျူး၏ဘေးသို့ အမြန်ပြေးသွားကာ သူ၏ခြေထောက်ကို ဖက်တွယ်၍ အပေါ်သို့ တွယ်တက်ရန် ကြိုးစားရင်း အလွန်စိတ်မရှည်သည့်ပုံစံ ပေါက်နေလေသည်။

"နင့်ဦးလေးကို အနှောင့်အယှက်မပေးနဲ့... အမေ့ဆီလာခဲ့..."

လီဆွေ့ဆွေ့က လှမ်းအော်လိုက်သည်။

"မလာဘူး... သမီးက ဦးလေးကိုပဲ သဘောကျတာ..."

နျီဇီသည် မတုံးအပေ။ သူမ၏ မိခင်ထံသို့ သွားပါက သူမ မည်သည့်အရာမျှ စားရမည် မဟုတ်ပေ။

လျူအာကျူးသည်လည်း သူမက သူ့အပေါ် တွယ်ကပ်နေသည်ကို သဘောကျသည်။ သူသည် စည်သွတ်ဘူးတစ်ဘူးလုံးကို သူမရှေ့တွင် ချထားပေးပြီး ဇွန်းဖြင့် ဝါဝင်းသော မက်မွန်သီးတစ်ဖတ်ကို ခပ်ယူကာ ဟစိဟစိဖြင့် သွားရည်ကျကာ စားချင်ဇောကြီးနေသော နျီဇီ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။

ထိုမျှကြီးမားသော အဖတ်ကြီးကို မြင်လိုက်ရသောအခါ နျီဇီသည် မိခင်ဖြစ်သူက လက်ဖြင့် လာနှိုက်ယူသွားမည်ကို စိုးရိမ်သဖြင့် ပါးစပ်ကို အလောတကြီး ပိတ်လိုက်မိသည်။ သူမသည် ပါးဖောင်းဖောင်းလေးများဖြင့် အမြန်ဝါးစားနေပြီး ယိုစိမ့်ကျလာနိုင်သော ချိုမြိန်သည့် အရည်များကို ခံယူရန် သူမ၏ လက်သေးသေးလေးများကို မေးစေ့အောက်တွင် ခံထားလိုက်သည်။

နျီဇီတစ်ယောက် ဤမျှပျော်ရွှင်သော မျက်နှာထားဖြင့် စားသောက်နေသည်ကို မြင်ရသောအခါ လျူအာကျူးသည်လည်း အလွန ဝမ်းသာသွားရသည်။

"ကျွန်တော်တို့လည်း စားကြရအောင်... နျီဇီက ငရုတ်သီးစားလို့ မဖြစ်ဘူးဆိုတော့ သူ့ကို သစ်သီးစည်သွတ်ဘူးပဲ ခွံ့ကျွေးလိုက်တော့မယ်... လာကြ... သောက်ကြစို့..."

လျူအာကျူးက သူ၏ အရက်ကို ကောက်ကိုင်လိုက်သည်ကို မြင်သောအခါ စိတ်မရှည်စွာ စောင့်ဆိုင်းနေသော လျူဖူရှန့်သည်လည်း သူ၏ အရက်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး မှတ်ချက်ချလိုက်သည်။

"မင်းသာ မကိုင်ဘူးဆိုရင် အဖေလည်း မသောက်ရဲဘူး... မဟုတ်ရင် မင်းအမေရဲ့ လက်သည်းတွေက ငါ့ကို လည်ပင်းညှစ်သတ်သွားလိမ့်မယ်..."

"အရက်သောက်တာကို စကားက များလိုက်တာ... သောက်မှာလား မသောက်ဘူးလား..."

နျူဟုန်ဟွာက စိုက်ကြည့်လေသည်။

"သောက်မှာပါ... သောက်မှာပါ..."

လျူဖူရှန့်သည် တစ်ငုံသောက်လိုက်ပြီး ချက်ချင်းပင် သဘောကျသွားလေသည်။

"ကောင်းတယ်... တကယ်ကောင်းတယ်..."

ထိုအရာကို မြင်သောအခါ နျူဟုန်ဟွာနှင့် လီဆွေ့ဆွေ့တို့သည်လည်း သူတို့၏ အရက်ပန်းကန်လုံးများကို သတိထားကာ ကောက်ကိုင်လိုက်ပြီး တစ်ငုံ သောက်လိုက်ကြသည်။

သူတို့သည် အရက်မသောက်ရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သောက်ရလျှင်ပင် ဈေးပေါသော အရက်ကြမ်းသာဖြစ်၏။

ယခုမူ ဤပြင်းရှသော တရုတ်ရိုးရာအရက်က လည်ချောင်းထဲသို့ စီးဆင်းသွားသောအခါ သူတို့သည် မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။

"အရမ်းကောင်းတာပဲ... ပြင်းရှတဲ့ တရုတ်ရိုးရာအရက်ဆိုတဲ့အတိုင်းပဲ..."

လူတိုင်းက ချီးကျူးနေကြသည်ကို မြင်သောအခါ နျီဇီလေးသည်လည်း နောက်ကောက်မကျချင်ပေ။ သူမသည် စည်သွတ်သွတ်ကို အမြန်ဖက်ကာ လူကြီးများကဲ့သို့ မျက်လုံးကို မှိတ်၍ သေးငယ်သော တစ်ငုံမျှ သောက်လိုက်သည်။ သို့သော် သူမသည် အသံမထွက်နိုင်သောကြောင့် သောက်ပြီးနောက် သူမဘာသာ အသံပြုလိုက်သည်။

"ရှလွတ်... အရမ်းကောင်းတာပဲ... ပြင်းရှတဲ့ တရုတ်ရိုးရာအရက်က အကောင်းဆုံးပဲ..."

အခြားသူများမှာ ချက်ချင်းပင် ပွဲကျသွားကြရာ နျီဇီမှာ အနည်းငယ် ရှက်သွားရသည်။ သူမသည် လျူအာကျူး၏ ရင်ခွင်ထဲတွင် ခေါင်းကို ဝှက်ထားပြီး အပေါ်သို့ မော့မကြည့်ရဲတော့ပေ။

လျူအာကျူးသည် သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်၍ အလိုလိုက်လိုက်ပြီးနောက် အခြားသုံးယောက်ကို ပြောလိုက်လေသည်။

"အရက်ချည်းပဲ မသောက်ကြနဲ့... ကျွန်တော် ချက်ထားတဲ့ ကြက်သားအစပ်ချက်ကိုလည်း မြည်းကြည့်ကြပါဦး..."

သူတို့သုံးယောက်သည် တူများဖြင့် ကြက်သားတစ်တုံးကို အမြန်ညှပ်ယူကာ မြည်းစမ်းလိုက်ကြသော်လည်း အစပ်ဒဏ်ကြောင့် အလွန်အမင်း ခံလိုက်ရသည်။

လျူအာကျူးက အစပ်ပြေစေရန် သစ်သီးစည်သွတ်ဘူးများကို လှမ်းပေးသော်လည်း မည်သူမျှ မထိရဲကြဘဲ အစပ်ဒဏ်ကိုသာ တောင့်ခံနေကြသည်။

သူတို့ပုံစံကို မြင်သောအခါ လျူအာကျူးက ဂရုမစိုက်ဘဲ သူကိုယ်တိုင်ပင် ကြက်သားအစပ်ချက်ကို မြည်းစမ်းလိုက်လေသည်။

ပြောရလျှင် အသားက ကျစ်လျစ်ပြီး အစပ်အရသာက ပြင်းရှလှသဖြင့် အလွန်ကောင်းမွန်လေသည်တကား။

ကျန်သုံးယောက်မှာ အစပ်ဒဏ်ကြောင့် ထုံကျဉ်သွားကြသော်လည်း အရသာက အမှန်တကယ် ကောင်းမွန်ကြောင်းကို ခံစားလိုက်ကြရ၏။ အစပ်ဒဏ် လျော့ကျသွားသည်နှင့် သူတို့သည် ဒုတိယတစ်တုံးကို ထပ်မယူဘဲ မနေနိုင်ကြတော့ဘဲ နောက်ထပ် ရှူးရှူးရှဲရှဲအသံများ ထပ်ထွက်လာရပြန်သည်။

ဆက်တိုက်အနည်းငယ် စားပြီးသောအခါ သူတို့၏ ပါးစပ်များမှာ အနည်းငယ် အသားကျသွားပြီး အရသာက ပို၍ပင် ကောင်းမွန်လာသည်။ သူတို့၏ တူများမှာလည်း မရပ်တန့်တော့ပေ။

မကြာမီတွင် လျူတာ့လျန် ပြန်ရောက်လာပြီး သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေသည်။ ထိုင်ပြီးနောက် သူသည် တိတ်ဆိတ်စွာပင် အရက်ကို ကျိုက်ကျိုက်နှင့် သောက်လိုက်သည်။

လျူအာကျူးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။

"ဘာဖြစ်လို့လဲ အစ်ကိုကြီး... ဟုဇီဆီကို သံဘူးသွားပေးလိုက်ပြီလား..."

"ပေးလိုက်ပြီ... ဟုဇီက သူ့ဦးလေးကို သူ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါလို့ မှာလိုက်တယ်..."

လျူတာ့လျန်က အတင်းပြုံးပြရင်း ပြောလေသည်။

"ကောင်းပြီ... ဒါဆိုလည်း အရင်စားကြတာပေါ့..."

လျူအာကျူးသည် မတုံးအပေ။ အစ်ကိုကြီး၏ စိတ်အခြေအနေ မမှန်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး ဟုဇီဘက်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနိုင်သည်ဟု ခန့်မှန်းမိလေသည်။

သို့သော် အစ်ကိုဖြစ်သူက စကားမပြောချင်သောကြောင့် သူသည် ဆက်မမေးတော့ဘဲ အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။

လျူတာ့လျန်သည်လည်း အရက်ကို သောက်လိုက်ရာ အရက်ပန်းကန်တစ်ဝက်ခန့် သောက်ပြီးနောက် သူ၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာပြီး သူတို့နှင့်အတူ အသားများကို အားပါးတရ ဝင်စားတော့သည်။

အစားအသောက် ပြီးဆုံးချိန်တွင် အားလုံး ကျေနပ်သွားကြသော်လည်း ပေးဆပ်လိုက်ရသည်မှာ သူတို့၏ ပါးစပ်များအားလုံး နီရဲနေပြီး အစပ်ဒဏ်ကြောင့် အနည်းငယ် ရောင်ရမ်းနေခြင်းပင် ဖြစ်၏။

လျူအာကျူးသည်လည်း သူ၏ မရီးနှင့် မိဘများကို ဖွင့်ထားသော သစ်သီးစည်သွတ်ဘူးများ အတော်များများကို စားဖြစ်အောင် ချော့တစ်လှည့် ခြောက်တစ်လှည့်ဖြင့် ဖိအားပေးခဲ့သည်။

ရိုးအလွန်းသည့် အစ်ကိုကြီးတစ်ယောက်တည်းသာ လျူအာကျူးကို မည်သို့ပင်ဖြစ်စေ မယုံကြည်ရန် ငြင်းဆန်ခဲ့သည်။

သူ့စကားနှင့်ပြောရလျှင် သူသည် အခံရဆုံးသူ ဖြစ်သောကြောင့် ပညာတတ်များပြောသည့် မည်သည့်စကားကိုမျှ သူ မယုံကြည်ခြင်း ဖြစ်၏။

သူတို့ စားသောက်ပြီးနောက် လီဆွေ့ဆွေ့နှင့် နျူဟုန်ဟွာတို့ စတင်ရှင်းလင်းနေချိန်တွင် အပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျူးဇီ အိမ်မှာရှိလား..."

အနည်းငယ် မူးယစ်နေပြီး အိပ်ရန် ပြင်ဆင်နေသော လျူအာကျူးမှာ အပြင်သို့ ထွက်သွားရရာ လျူတာ့ကန်း၏ မိသားစုငါးယောက်ကို တွေ့လိုက်ရသည်။

"ဦးလေးကန်း... သတိရပြီလား... အိမ်မှာ ဘာလို့ အနားမယူဘဲ ဘာလာလုပ်တာလဲ..."

လျူအာကျူးက မေးလိုက်လေသည်။

"ကျူးဇီ... မင်းပါးစပ် ဘာဖြစ်သွားတာလဲ..."

လျူတာ့ကန်းက စိုးရိမ်တကြီးဖြင့် မေးလေသည်။

လျူအာကျူးသည် သူ၏ ရောင်ရမ်းနေသော နှုတ်ခမ်းကို စမ်းလိုက်ပြီး အစပ်စားထားသောကြောင့် ဖြစ်ကြောင်း ရှင်းပြတော့မည့်ဆဲဆဲပင် လျူတာ့ကန်းသည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပန်းကန်ဆေးနေသော နျူဟုန်ဟွာကို ဦးညွှတ်ကာ ပြောလေသည်။

"အစ်မဟုန်ဟွာ... ကျူးဇီက သူ့ရဲ့ မွန်မြတ်တဲ့ စေတနာနဲ့ ကျွန်တော့်ကို ကြက်တစ်ကောင် ပေးခဲ့တာပါ... ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်... ဒီကိစ္စကြောင့် ကလေးကို မရိုက်သင့်ပါဘူး... သူ့ပါးစပ်ကိုတောင် ရိုက်လိုက်သေးတယ်... ကြည့်ပါဦး... သူ့ပါးစပ်တွေ အကုန်ရောင်နေပြီ... သူက ကလေးပဲလေ... ဘာသိမှာလဲ... ရိုက်ချင်ရင် ကျွန်တော့်ကိုသာ ရိုက်ပါ..."

လျူအာကျူးမှာ ကြောင်အမ်းသွားရသည်။

*နေပါဦ… ဒါက ဘယ်လိုအခြေအနေကြီးလဲ*

သူ၏ဘေးတွင် လျူတာ့ကန်း၏ မိသားစုတစ်ခုလုံးသည်လည်း ဒူးထောက်ချလိုက်ကြလသည်။ အထူးသဖြင့် လျူတာ့ကန်း၏ ဇနီးက မျက်ရည်များကြားမှ ပြောလေသည်။

"ကျူးဇီ... အဒေါ့်ယောက်ျားနဲ့ အဒေါ်တို့ တစ်မိသားစုလုံးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... အခုချိန်ကစပြီး အဒေါ်တို့မိသားစုက မင်းကို ကျွဲနွားတွေလို အလုပ်အကျွေးပြုပါ့မယ်... ပြီးတော့ ရှောင်ချွန်းအာကိုလည်း မင်းအနားမှာနေပြီး အစေခံအဖြစ် ဒါမှမဟုတ် တစ်ခုခုအဖြစ် ခစားခိုင်းလိုက်ပါ..."

All Chapters