အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) အစ်ကိုကျူးဇီ၏ ကလေးများကို မွေးဖွားပေးချင်ခြင်း
"ငါတို့ တောဟင်းရွက်ဆန်ပြုတ် မသောက်ဘူး..."
လျူအာကျူးသည် မိသားစု၏ ဂျုံအိတ်ကို ယူဆောင်လာခဲ့လေသည်။
“ငါတို့ ယာဂုပြုတ်မယ်..."
အိတ်ထဲရှိ သန့်ရှင်းပြီး ရွှေရောင်ဝင်းနေသော ပြောင်းဖူးမှုန့်များကိုကြည့်ရင်း ရှောင်ချွန်းအာ အံ့ဩမှင်တက်သွားခဲ့လေသည်။
သူမအတွက် ဤအရာသည် ရွှေတစ်အိတ်နှင့် ဘာမှမကွာခြားလှချေ။ သူမက ညစ်ပတ်သွားမည်ကိုဖြစ်စေ ဖိတ်စင်သွားမည်ကိုဖြစ်စေ စိုးရိမ်သောကြောင့် ထိတောင်မထိရဲခဲ့ပေ။
"ဘာဖြစ်လို့လဲ..."
လျူအာကျူးက ရှောင်ချွန်းအာကို လှမ်းကြည့်လိုက်လေသည်။
ရှောင်ချွန်းအာသည် မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် စိုးရိမ်မှုကြောင့် မျက်ရည်များ ဝဲနေလေသည်။
"ကျွန်မ... ကျွန်မ ယာဂုဘယ်လိုပြုတ်ရမလဲ မသိဘူး..."
ကြီးပြင်းလာသည့်တစ်လျှောက်လုံး သူမသည် တောဟင်းရွက်ဆန်ပြုတ် အမျိုးမျိုးကိုသာဖြစ်စေ ကန်စွန်းဥများကိုသာဖြစ်စေ အများဆုံး စားခဲ့ရသည်။
ရိုးရိုးသားသားပြောရလျှင် သူမ၏ဆယ်ကျော်သက်အရွယ်တွင် ၁၉၅၈ ခုနှစ်က စုပေါင်းထမင်းစားဆောင်များ ရှိစဉ်အချိန်က ခြောက်လခန့်သာ ဝအောင်စားခဲ့ဖူးသည်။
သို့သော် ထိုအချိန်က သူမသည် ဟင်းချက်ရာတွင် ကူညီရန် အရည်အချင်းမပြည့်မီခဲ့ပေ။ သူမသည် တောဟင်းရွက်ဆန်ပြုတ် ပြုတ်နိုင်ပြီး ပြောင်းဖူးမုန့်များကိုပင် ပေါင်းနိုင်လေသည်။
သို့ရာတွင် ထမင်းတစ်နပ် ဝဝလင်လင်စားရန်အတွက် မှုန့်များကို ယာဂုအဖြစ် ပြုတ်ရလောက်အောင် ဇိမ်ကျကျ ချက်ပြုတ်သည့်ကိစ္စမျိုးကိုမူ သူမ တကယ်ပင် မလုပ်တတ်ခဲ့ပေ။
လျူအာကျူးသည် နျူဟုန်ဟွာကို လှည့်ကြည့်လိုက်သော်လည်း သူမက ချက်ချင်းပင် ခေါင်းလွှဲသွားလေသည်။
သူမသည် ယာဂုမည်သို့ပြုတ်ရမည်ကို သိသော်လည်း သူမကိုယ်တိုင် မလုပ်ရက်နိုင်အောင် ဖြစ်နေလေသည်။
ဤမျှများပြားသော ပြောင်းဖူးမှုန့်များဖြင့် ပြောင်းဖူးမုန့် လုပ်လိုက်လျှင် ပိုမကောင်းပေဘူးလား။ ယာဂုထက် ပို၍ ဗိုက်ဝစေမည်မဟုတ်လော။
တောဟင်းရွက်ဆန်ပြုတ်အဖြစ် ပြုတ်လိုက်ပါက တစ်ပတ်ခန့်ပင် ခံနိုင်မည်ဖြစ်လေသည်။
လျူအာကျူးသည် ခေါင်းယမ်းလိုက်ပြီး ပြောင်းဖူးယာဂုတစ်အိုးကို ကိုယ်တိုင်ပင် ပြုတ်လိုက်သည်။ ထို့နောက် အိုးထဲသို့ သကြားဖြူ ဇွန်းကြီးနှစ်ဇွန်း ထည့်လိုက်သည်။
ဤလုပ်ရပ်တစ်ခုတည်းကပင် သူ၏ နေရာလွတ်ထဲရှိ သကြားဖြူ သုံးပုံနှစ်ပုံကို ကုန်သွားစေခဲ့သည်။
ဤနှစ်ထဲတွင် သူ ပို၍စုဆောင်းထားရန် လိုအပ်ကြောင်းကို သူ တွက်ချက်လိုက်သည်။ သို့မဟုတ်ပါက နောက်နှစ်ရောက်လျှင် သကြားဖြူသည် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ၎င်းကိုဝယ်ယူရန် ဆေးရုံမှ ထောက်ခံစာ လိုအပ်မည်ဖြစ်သည်။
ယာဂုကျက်သွားသောအခါ လျူအာကျူးက ရှောင်ချွန်းအာကို လူတိုင်းအတွက် တစ်ပန်းကန်စီ ခပ်ပေးရန် ခိုင်းလိုက်လေသည်။
နျီဇီသည် သူ၏ပေါင်ပေါ်တွင် လိမ္မာစွာ ထိုင်နေပြီး ပူအိုက်နေသော ပြောင်းဖူးယာဂုကို မှုတ်ရန် သူမ၏နှုတ်ခမ်းလေးကို ဆူထားကာ သောက်ရန် စိတ်လောနေသည်။
လွန်ခဲ့သော နှစ်ရက်အကြာတွင် လျူဖူရှန့်နှင့် နျူဟုန်ဟွာတို့သည် သူတို့သား၏ ဖြုန်းတီးသော အလေ့အထများကို အနည်းငယ် အသားကျလာခဲ့လေပြီ။ သူတို့အတွက် နှမြောစရာကောင်းသော်လည်း ယာဂုကို ဖြည်းညင်းစွာ မျိုချကာ သောက်နေကြသည်။
သို့သော် သူတို့၏သောက်နှုန်းကို ကြည့်ရလျှင် လျူအာကျူး တစ်အိုးလုံး သောက်ပြီးသွားသည့်အချိန်အထိ သူတို့၏ပန်းကန်ထဲတွင် တစ်ဝက်ကျော်မျှ ကျန်နေဦးမည်ဖြစ်ပြီး သူ့အတွက်ပင် ပြန်လောင်းထည့်ပေးနိုင်မည် ဖြစ်လေသည်။
ထိုနှစ်ယောက်က အဆင်ပြေနေသေးသည်။
ယာဂုကို လူတိုင်းအား တိတ်တဆိတ် ချပေးပြီးနောက် ရှောင်ချွန်းအာသည် ခေါင်းငုံ့ကာ အပြင်သို့ ထွက်သွားလိုက်သည်။ သူမသည် တံခါးအနီးတွင် ဆောင့်ကြောင့်ထိုင်လျက် ခြေထောက်များကို တင်းကြပ်စွာ ဖက်ထားပြီး ချွန်နေသောမေးစေ့ကို ဒူးပေါ်တင်ကာ သူမ၏ခြေချောင်းများကို ငေးမောကြည့်နေလေသည်။
သူမသည် ဗိုက်ကိုဖိထားရန် ဤကဲ့သို့ ဘောလုံးတစ်လုံးပမာ ကွေးကွေးလေး နေတတ်နေလေပြီ။ အချို့က ဗိုက်ကို ပြားနေအောင် ဖိထားခြင်းဖြင့် ဗိုက်ဆာသလို ခံစားရမည်မဟုတ်ဟု ဆိုကြလေသည်။
ရုတ်တရက် ရှောင်ချွန်းအာသည် သူမ၏အရှေ့တွင် သန့်ရှင်းပြီး ကြည့်ကောင်းသော ရာဘာဖိနပ်တစ်ရန် ပေါ်လာသည်ကို သတိထားမိလိုက်လေသည်။
ထိုဖိနပ်များနှင့် နှိုင်းယှဉ်လိုက်လျှင် သူမ၏ ကြမ်းတမ်းနေသော ခြေထောက်များနှင့် စုတ်ပြတ်နေသော ကောက်ရိုးဖိနပ် နှစ်ခုစလုံးမှာ အလွန်ပင် နိမ့်ကျနေပုံပေါ်လေသည်။
အနည်းငယ် သိမ်ငယ်မှုကို ခံစားလိုက်ရသဖြင့် ရှောင်ချွန်းအာသည် ခြေထောက်များကို အနည်းငယ် ပြန်ရုပ်လိုက်ပြီး မော့ကြည့်လိုက်သည်။
"အစ်ကိုကျူးဇီ... ဘာလို့ မစားသေးတာလဲ..."
"အဲဒါ မင်းကို ငါက ပြန်မေးရမှာ..."
လျူအာကျူးသည် မီးဖိုပေါ်တွင် တင်ထားသော ပန်းကန်အလွတ်ကို ကြည့်လိုက်လေသည်။
"ကျွန်မလား..."
ရှောင်ချွန်းအာက လျူအာကျူးက သူမကို စားစေချင်နေသေးသည်ဟု မထင်ထားခဲ့သောကြောင့် ခေါင်းကို အကြိမ်ကြိမ် ယမ်းလိုက်လေသည်။
"ကျွန်မ ဗိုက်မဆာဘူး..."
ဂွီ... ပြောင်းဖူးယာဂု၏ ဆွဲဆောင်မှုရှိသော ရနံ့ကြောင့် ရှောင်ချွန်းအာ၏ ဗိုက်ထဲမှ အသံမည်သွားခြင်းလည်း ဖြစ်နိုင်သည်။
ရှောင်ချွန်းအာ၏ မျက်နှာငယ်လေးမှာ ချက်ချင်းပင် နီရဲသွားပြီး ခေါင်းငုံ့ကာ ငိုချင်စိတ်ပေါက်သွားလေသည်။ သူမ ဘာကြောင့် ဤမျှသနားစရာကောင်းနေရသနည်း။ တကယ် ရှက်စရာကောင်းလိုက်တာ။
အစ်ကိုကျူးဇီက သူမကို သေချာပေါက် ရယ်တော့မည်မဟုတ်လော။
ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် နွေးထွေးပြီး ကြီးမားသော လက်တစ်ဖက်က သူမ၏ခေါင်းကို အုပ်ကိုင်လာသည်ကို ခံစားလိုက်ရလေသည်။ အရိုက်ခံရတော့မည်ဟု ထင်ကာ သူမ အလိုအလျောက် တွန့်ဆုတ်သွားမိသည်။
လျူအာကျူးက သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရုံသာ လုပ်ခဲ့ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
“မင်းက ငါ့အတွက် အလုပ်လုပ်ပေးပြီး ကျေးဇူးဆပ်ချင်တယ်ဆိုရင် ဗိုက်ဝအောင် စားရမယ်... ဒါမှမဟုတ် နှစ်ရက်လောက်နေလို့ မင်း လဲကျသွားရင် ငါပဲ အရှုံးပေါ်မှာမဟုတ်လား..."
ရှောင်ချွန်းအာသည် ဤကဲ့သို့သော ကြင်နာမှုကို တစ်ခါမှ မကြုံဖူးခဲ့သောကြောင့် လျူအာကျူးကို ငေးမောကြည့်နေမိသည်။
သူမ အိမ်တွင်လည်း အလုပ်လုပ်ခဲ့သော်လည်း သူမ၏မိဘများက သူမအပေါ် တစ်ခါမှ ဤမျှ မကြင်နာခဲ့ကြပေ။
သူမ အလုပ်ကို သေသေချာချာ လုပ်ခဲ့လျှင်လည်း အလုပ်လုပ်ရမည်မှာ သူမ၏တာဝန်ဖြစ်သည်ဟုသာ သတ်မှတ်ကြလေသည်။
အကယ်၍ မလုပ်ခဲ့ပါက အကောင်းဆုံးက အဆဲခံရမည်ဖြစ်ပြီး အဆိုးဆုံးမှာ အရိုက်ခံရမည်ဖြစ်၏။
ပိုဆိုးသည်မှာ သူမသည် အစ်မကြီးဖြစ်နေခြင်းပင်။ သူမ၏ ညီငယ်ညီမငယ်များ အမှားတစ်ခုခုလုပ်မိပါက သေချာမကြည့်ရှုပေးဟုဆိုကာ သူမသာ အပြစ်ပေးခံရမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ချွန်းအာသည် ယင်းကို အသားကျနေပြီဖြစ်သည်။ အချိန်ကြာမြင့်စွာ အညံ့ခံလာပြီးနောက် သူမ သိပ်မတွေးတော့ချေ။
ယနေ့တွင် လျူအာကျူးသည် သူမ၏ ကြာရှည်စွာ ထုံထိုင်းနေခဲ့သော ဝိညာဉ်ထဲသို့ တောက်ပလာသည့် အလင်းတန်းတစ်ခုပမာ ဖြစ်နေပြီး သူမကို နွေးထွေးမှု ခံစားရစေသည်။
အကြောင်းရင်းတစ်ခုခုကြောင့် သူမ၏အရှေ့ရှိ လူငယ်လေးအပေါ်တွင် သူမ ပြင်းထန်သော သံယောဇဉ်တစ်ခု ဖြစ်တည်လာခဲ့သည်။
အစ်ကိုကျူးဇီနှင့်သာ လက်ထပ်ခွင့်ရလျှင် မည်မျှကောင်းလိုက်မည်နည်းဟု ရှောင်ချွန်းအာသည် စိတ်ကူးမယဉ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
သူမသည် သူ့အတွက် နွားတစ်ကောင် သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ သေချာပေါက် အလုပ်လုပ်ပေးမည်ဖြစ်ပြီး နေ့တိုင်း ခြေထောက်ဆေးပေးခြင်း၊ သေးပုံးကို သွန်ပေးခြင်းနှင့် သူ့အတွက် သားယောကျ်ားလေးများ အများကြီး မွေးပေးမည်ဖြစ်လေသည်။
လျူအာကျူးသည် ရှောင်ချွန်းအာ၏ ကျေးဇူးကို ရန်နှင့်ဆပ်မည်ဟူသော အတွေးများကို လုံးဝမသိခဲ့ပေ။ သူသည် သူမ၏လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်သွားလေသည်။
"အလုပ်လုပ်ဖို့ စားရမယ်... ငါက ကျိုးပါဖေး(အရေခွံနွှာတဲ့သူ)လို မြေရှင်ကြီး မဟုတ်ဘူး..."
သူတို့နှစ်ယောက် လက်ချင်းချိတ်ကာ ဝင်လာသည်ကို မြင်လိုက်ရသောအခါ နျူဟုန်ဟွာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် အဒေါ်ကြီးတစ်ယောက်၏ အပြုံးမျိုးဖြင့် ပြုံးနေပြီး ထိုစုံတွဲလေးအတွက် နေရာဖယ်ပေးရန် သူမ၏အဘိုးကြီးကို သားအကြီးဆုံးအိမ်သို့ တစ်ညတာ ခေါ်သွားရန်ပင် စိတ်ကူးယဉ်နေမိသည်။ မကြာမီ သူမ မြေးလေးတစ်ယောက် ချီရတော့မည် ထင်ပါရဲ့။
လျူဖူရှန့်သည်လည်း မျက်လုံးများ ပြူးကျယ်သွားသော်လည်း ဒေါသကြောင့် ဖြစ်လေသည်။
"မင်း အကောင်... မြေရှင်ကြီးကျိုးပါဖေးဆိုတာ ဘာပြောတာလဲ... မြေရှင်ကြီးတိုင်း လူဆိုးတွေမဟုတ်ဘူးကွ..."
"ဟုတ်ပါပြီ... ကျွန်တော် အဖေ့ကို ပြောနေတာမဟုတ်ဘူးလေ... အရမ်းကြီး ခုခံမပြောပါနဲ့ အဖေရာ..."
လျူအာကျူးက ရှင်းပြလိုက်သည်။
"အဲဒါက ပိုပြီး... ဟေ့... မင်း အကောင်... ခုခံမပြောနဲ့ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
လျူဖူရှန့်က တစ်ခုခုမှားနေမှန်း သိသွားပြီး ထပ်ဆဲပြန်လေသည်။
သူ၏ ခြေထောက်များသာ အဆင်မပြေဖြစ်မနေပါက ရှောင်ချွန်းအာသာ အနီးတွင်မရှိနေပါက လျူဖူရှန့်သည် သူ့ကို တကယ်ပင် ရိုက်ချင်နေမည်ဖြစ်သည်။
လျူအာကျူးသည် ရှောင်ချွန်းအာကို ခုံပေါ်သို့ ဖိထိုင်ခိုင်းလိုက်ပြီး သူမအတွက် ယာဂုတစ်ပန်းကန်ပင် သွားခပ်ပေးလိုက်လေသည်။
"သောက်လိုက်..."
နျီဇီသည် သူမ၏ကုလားထိုင်ပေါ်တွင် လိမ္မာစွာ ထိုင်လျက် ခြေထောက်လေးများကို လွှဲကာ ဝမ်းသာအားရ ပြောလိုက်လေသည်။
"သောက်လိုက်ပါ အစ်မချွန်းအာ... တကယ်ချိုတာနော်..."
ရှောင်ချွန်းအာက သူမ၏နှုတ်ခမ်းကိုကိုက်ကာ မလှုပ်ရဲဘဲ နေလေသည်။
"သကြားမပါတဲ့... ပန်းကန်တစ်ခုလောက် ပေးလို့ရမလား..."
"အဲဒီတောင်းဆိုမှုကတော့ တကယ့်ကို လွန်လွန်းသွားပြီ... မင်းအတွက် သီးသန့်မီးဖိုတစ်ခု ဖိုပေးရဦးမှာလား... မသိတဲ့သူတွေက ငါတို့အိမ်မှာ ရာထူးကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ရှိလို့ သီးသန့်စားသောက်ဆောင်ငယ်လေး လိုအပ်နေတယ်လို့တောင် ထင်သွားဦးမယ်..."
"မြန်မြန်သောက်လိုက်ပါ... ငါ လုပ်စရာတွေရှိတယ်... မင်းသောက်ပြီးတာနဲ့ အပြင်ထွက်ရမှာ..."
လျူအာကျူးက တိုက်တွန်းလိုက်လေသည်။
နျူဟုန်ဟွာကလည်း ကပျာကယာ ပြောလေသည်။
“ရှောင်ချွန်းအာ... သောက်လိုက်ပါ... အဆင်ပြေပါတယ်... ကလေးမွေးနိုင်အောင် ခန္ဓာကိုယ်ကို အားဖြည့်ထားရမယ်..."
"..."
လျူအာကျူးသည် သူ၏မိခင်ကို လှမ်းကြည့်လိုက်ပြီး သူမ နောက်တစ်ခါ အထင်လွဲနေပြန်ပြီဖြစ်ကြောင်း သိလိုက်သည်။
ထိုစကားများကြောင့် ရှောင်ချွန်းအာ၏ မျက်နှာသည်လည်း ရဲရဲနီသွားသော် ယင်းမှာ သူမသည် ပန်းကန်ကို ယူကာ သတိထား၍ စတင်သောက်လေသည်။
သူမသည် လျူအာကျူး၏ ကလေးများကို မွေးပေးချင်နေလေသည်။ သူမတွင် တရားဝင်အဆင့်အတန်း မရှိလျှင်ပင် ကိစ္စမရှိပေ။
လျူအာကျူးသည် အနီးတွင်ထိုင်ကာ သူတို့အားလုံး ယာဂုသောက်ပြီးသွားသည်အထိ စောင့်ကြည့်နေလေသည်။
သူတို့ သောက်ပြီးသွားပြီးနောက် ပန်းကန်များကို လျက်ကြခြင်း သို့မဟုတ် အကြွင်းအကျန်များကို ခြစ်ယူရန် လက်ချောင်းများကို အသုံးပြုခြင်း သို့မဟုတ် အိုးထဲသို့ ရေနှင့် တောဟင်းရွက်များထည့်ကာ ထပ်ပြုတ်ရန် ပြောဆိုနေကြခြင်းများသည် သူနှင့် မသက်ဆိုင်သော ကိစ္စများသာ ဖြစ်လေသည်။
လျူအာကျူးသည် ရှောင်ချွန်းအာကို နျီဇီအား အပြင်သို့ ခေါ်သွား၍ ဆော့ကစားစေရန် ပြောလိုက်ပြီး နေ့လယ်စာအတွက် ပေါက်စီများလုပ်ရန် သူ၏မိခင်အား ညွှန်ကြားခဲ့ကာ လျူတာ့ကန်း၏ မိသားစု ဗိုက်ဝစေရန် တောင်ပေါ်သို့ ယူသွားပေးရန် ရှောင်ချွန်းအာကို မှာကြားခဲ့သည်။ ထိုမှသာ သူသည် ကြွေးကောက်ရန် ခရိုင်မြို့သို့ ထွက်လာခဲ့သည်။
သူ အပြင်သို့ထွက်လိုက်သည်နှင့် နွားလှည်းမောင်းကာ ဖြည်းညင်းစွာ ယိမ်းထိုးလာသော ဦးလေးဟိုင်နှင့် ဆုံလေသည်။
"ဦးလေးဟိုင်... ဘယ်သွားမလို့လဲ..."
လျူအာကျူးက စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"အစည်းအဝေးလုပ်ဖို့ ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို သွားမလို့..."
ဦးလေးဟိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလေသည်။
"သုံးရက်အတွင်း အစည်းအဝေး နှစ်ကြိမ်တောင်... စိတ်အနှောင့်အယှက်ဖြစ်စရာပဲ..."
လျူအာကျူးက ဦးလေးဟိုင်ကို သနားသလိုကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။
*သုံးရက်အတွင်း အစည်းအဝေး နှစ်ကြိမ်လေးကို ခင်ဗျားက စိတ်အနှောင့်အယှက် ဖြစ်နေပြီလား…*
*နှစ်အနည်းငယ်ကြာလို့ လေတိုက်လာတဲ့အခါကျရင် တစ်ရက်ကို အစည်းအဝေး သုံးကြိမ်လုပ်ရင်တောင် ရပ်တန့်နိုင်မှာမဟုတ်ဘူး…*
"ကွက်တိပဲ... ကျွန်တော် မြို့ကိုသွားမလို့... သွားမယ့်လမ်းက အတူတူပဲဆိုတော့ ကျွန်တော့်ကို တင်သွားပေးပါ..."
လျူအာကျူးသည် လမ်းမလျှောက်ချင်သောကြောင့် နွားလှည်းပေါ်သို့ ခုန်တက်လိုက်သည်။
လျူအာကျူး နေရာယူပြီးသွားသောအခါ ဦးလေးဟိုင်က လှည်းမောင်းရင်း မေးလိုက်လေသည်။
“ခရိုင်မြို့ကို မင်းက ဘာသွားလုပ်မလို့လဲ..."
"ကြွေးသွားကောက်မလို့..."
လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ဦးလေးဟိုင်က သူ့ကို လှည့်ကြည့်လိုက်သည်။
"ကြွေးသွားကောက်မလို့... ဒါဆိုရင် ငါ အစည်းအဝေးမသွားခင် မင်းနဲ့အရင် လိုက်ခဲ့ပေးမယ်... မင်းက ငယ်သေးတော့ အဲဒီလူတွေက မင်းကို အနိုင်ကျင့်မှာ စိုးလို့လေ..."