အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈) ကြွေးကောက်ရန် မြို့သို့ သွားခြင်း
"မလိုပါဘူး ဦးလေး... သူက ကျွန်တော့်သူငယ်ချင်းပါ... သူစိမ်းမှမဟုတ်တာ..."
လျူအာကျူးက ပြုံးလျက် ငြင်းပယ်လိုက်သည်။
သူသာ ရဲစခန်းသို့ ကြွေးသွားကောက်မည်ဟူသောအချက်ကို လျူဟိုင် သိသွားပါက မည်မျှအထိ ထိတ်လန့်သွားမည်ကို သူ တွေးပင်မတွေးရဲချေ။
ဘာပဲဖြစ်ဖြစ် ဤခေတ်ကာလရှိ လူများသည် နိုင်ငံပိုင်ဌာနများအပေါ် တော်တော်လေး ရိုသေကြောက်ရွံ့ကြဆဲ ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်၌ လုံခြုံရေးအရာရှိများသည် တကယ်ပင် သေနတ်ပစ်ဝံ့ကြသောကြောင့်ဖြစ်၏။
"မင်း တကယ် အဆင်ပြေရဲ့လား... အနိုင်ကျင့်မခံရစေနဲ့ဦး..."
လျူဟိုင်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။
လျူအာကျူး ရွာကိုပေးခဲ့သော တောကြက်နှစ်ကောင်ကြောင့် လူတိုင်း ခန္ဓာကိုယ် အားရှိသွားကြသည့်အပြင် ကျန်းမာရေးမကောင်းသော အဘိုးအိုအချို့၏ အသက်ကို လအနည်းငယ်ခန့် ပိုရှည်စေရန် ကူညီပေးခဲ့သည်ဟုဆိုလျှင်ပင် လွန်အကျူး ဖြစ်မည်မဟုတ်ချေ။
သူတို့က ရွာတည်းအတူတူ မျိုးရိုးတည်းအတူတူ ဖြစ်သည်ကို ထည့်တွေးလျှင်ပင် လျူအာကျူး သူစိမ်းများ၏ အနိုင်ကျင့်ခံရသည်ကို သူက ဤအတိုင်း စောင့်ကြည့်မနေနိုင်ပါချေ။
လျူအာကျူးက ကပျာကယာ ပြန်လည်နှစ်သိမ့်လိုက်လေသည်။
"စိတ်မပူပါနဲ့ ဦးလေး... ကျွန်တော့်သူငယ်ချင်းက အရင်က စစ်သားဟောင်းတစ်ယောက်ပါ... သူ့ရဲ့ အသက်မွေးဝမ်းကျောင်း ကိုယ်ကျင့်တရားအရ သူ လူတွေကို ဇွတ်အတင်း အနိုင်မကျင့်ပါဘူး..."
ထိုအခါမှ လျူဟိုင်က ရုတ်တရက် နားလည်သွားပြီး စိတ်အေးသွားတော့သည်။
သူသည် အသက်မွေးဝမ်းကျောင်း ကိုယ်ကျင့်တရားဆိုသည်ကို နားမလည်သော်လည်း စစ်သားများကိုမူ နားလည်လေသည်။
ဤခေတ်ကာလရှိ စစ်သားများသည် ပြင်းထန်သော အမျိုးသားဂုဏ်ဆောင်စိတ်ဓာတ် ရှိကြသဖြင့် ငွေအနည်းငယ်အတွက်နှင့် စစ်သားတစ်ယောက်၏ ဂုဏ်သိက္ခာ သို့မဟုတ် နိုင်ငံတော်၏ ပုံရိပ်ကို ဖျက်ဆီးရန် မဖြစ်နိုင်ချေ။
နွားလှည်းသည် ယိမ်းထိုးလျက် မောင်းနှင်လာရာ ပြည်သူ့ကွန်မြူနစ်အဖွဲ့နှင့် မလှမ်းမကမ်းနေရာသို့ လျူအာကျူးကို ခေါ်ဆောင်လာခဲ့လေပြီ။ လျူဟိုင်သည် အနည်းငယ် ညီညာသော လမ်းတစ်ကြောင်းကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီလမ်းကနေ သွားလိုက်... နည်းနည်းဝေးပေမဲ့ လမ်းလျှောက်ရတာ ပိုသက်သာတယ်..."
လျူအာကျူးက ဟုတ်ကဲ့ဟု ပြန်ထူးကာ လှည်းပေါ်မှ ခုန်ဆင်း၍ ထွက်ခွာသွားလိုက်သည်။
လျူဟိုင်သည် သူ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ နွားလှည်းကို ဆက်မောင်းနှင်လေသည်။
“ကလင်…ကလင်”
နောက်မှ စူးရှသော စက်ဘီးဘဲလ်တီးသံနှင့်အတူ လျူဟိုင်၏ မျက်နှာမှာ ပျက်သွားခဲ့ရသည်။
သူသည် လှည့်ကြည့်ရန်ပင်မလိုဘဲ မည်သူလာသည်ကို သိနေလေသည်။
"ဟိုင်ဇီ... ခုနက ကောင်လေးက ဘယ်သူလဲ... မင်းသားလား..."
ဖီးနစ်တံဆိပ် စက်ဘီးကို စတိုင်ကျကျ စီးနင်းလာသော လူတစ်ယောက်က နွားလှည်းဘေးတွင် လာရပ်လိုက်လေသည်။
လျူဟိုင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"သူသာ ငါ့သားဖြစ်ရင် သိပ်ကောင်းမှာပဲ... အဲဒီကောင်လေးက တော်တော်လေး အလားအလာရှိတာ..."
ထိုလူက ရယ်မောလိုက်သည်။
"မင်းတို့ လျူကျေးရွာကလူက ဘယ်လောက်တောင် အလားအလာ ရှိနိုင်မှာမလို့လဲ... အော်... ငါ့ကို အထင်မလွဲနဲ့ဦး... ငါပြောတာက ငါတို့က အရမ်းနီးစပ်တော့ မင်းတို့ရွာမှာ တကယ်တော်တဲ့သူရှိရင် ငါ ကြာလှပေါ့ သိနေမှာပေါ့... ဒါပေမဲ့ မကြာသေးခင်က မင်းတို့ဆီကနေ ရွှေဖီးနစ်ငှက် ပျံထွက်သွားတယ်လို့ မကြားမိပါဘူး... မင်းပြောတဲ့ အလားအလာရှိတဲ့ ကောင်လေးက ငါစီးနေတဲ့ သံဖီးနစ်လောက်တောင် နာမည်မကြီးပါဘူး..."
ဤလူသည် အမြဲတမ်း ကြွားလုံးထုတ်ရသည်ကို နှစ်သက်မှန်း လျူဟိုင် သိလေသည်။ အထူးသဖြင့် သူ၏သမီးဖြစ်သူမှာ မြို့သားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့က ဒုတိယလက်စွဲ စက်ဘီးအဟောင်းတစ်စီး ပေးခဲ့သဖြင့် သူသည် တစ်နေ့လုံး စက်ဘီးစီးကာ မာန်တက်နေတတ်သည်။ ပုံမှန်အားဖြင့် လျူဟိုင်သည် ဤလူကို အဖက်လုပ်ရန် မလိုလားချေ။
သို့သော် ယခုမူ ထိုလူ၏စကားများသည် လျူဟိုင်၏ စည်းကို ကျော်လွန်သွားခဲ့လေပြီ။ သူက ဒေါသတကြီး ပြောလိုက်သည်။
"ဝမ်အိုက်ကော်... မင်းက ဘာတွေကို အဲ့လောက်တောင် မာန်တက်နေတာလဲ... မင်း ဘယ်လောက်ပဲ တော်တော် မင်းတို့တစ်ရွာလုံးကို ဝက်သားကျွေးနိုင်လို့လား... အဲဒီကောင်လေး ကျူးဇီက တောကြက်နှစ်ကောင် ဖမ်းမိလို့ တစ်ရွာလုံးကို ဟင်းချိုတိုက်နိုင်ခဲ့တာကွ..."
"ပြီးတော့ မင်းစီးနေတဲ့ ကောက်ရိုးဖိနပ်ကို ကြည့်ဦး... သူက လွတ်မြောက်ရေးဖိနပ် စီးထားတာ... ဒါတင်မကသေးဘူး... သူ့အစ်ကိုက သူ့ဘာသာရွေ့လျက်ရှိတဲ့ လက်လှည့်ကားလေးကို လုပ်နိုင်တဲ့ ထိပ်တန်းပန်းပဲဆရာပဲ... ငါက ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို ပို့ဖို့အတွက် သူ့အစ်ကိုဆီမှာ နောက်တစ်စီးတောင် မှာထားပြီးပြီ... အချိန်တန်ရင် အဲဒါကို ခရိုင်ပရိဘောဂစက်ရုံက အလုပ်အကိုင်နဲ့ လဲဖို့က မလွယ်ဘူးလား... မင်းသမီး ဘယ်လောက်ပဲ တော်တော် ကျေးလက်အိမ်ထောင်စုစာရင်းပဲရှိပြီး အလုပ်မရှိသေးဘူး မဟုတ်လား..."
ဤသို့ ဒေါသတကြီး ပြောဆိုလိုက်ပြီးနောက် ဝမ်အိုက်ကော်၏ အံ့ဩမှင်တက်သွားသော မျက်နှာကို မြင်လိုက်ရသဖြင့် လျူဟိုင်က အလွန်ပင် ကျေနပ်သွားတော့သည်။
ဤလူ၏ ဖိနှိပ်ခြင်းကို ကြာမြင့်စွာ ခံခဲ့ရပြီးနောက် ယခုမှပင် သူ၏ဒေါသကို ဖွင့်ထုတ်နိုင်ခဲ့ပြီး အသာစီးရခဲ့လေပြီ။
အာကျူးဇီက တကယ့်ကို အရည်အချင်းရှိလို့ ကံကောင်းသွား၏။ ထိုကောင်လေး၏ ဖခင်ကို စာရင်းမှတ်သူအဖြစ် ခန့်ထားနိုင်မလားဆိုသည်ကို သူ ကြည့်ရပေမည်။ သို့မှသာ သူသည် ခြေထောက်ကျိုးနေလျှင်ပင် အလုပ်လုပ်နိုင်မည် ဖြစ်လေသည်။
လျူဟိုင်သည် စိတ်ထဲမှ လျူအာကျူးကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
သို့သော် ဝမ်အိုက်ကော်မှာမူ စကားများကို နားထောင်ရင်း စက်ဘီးနင်းရန်ပင် မေ့သွားခဲ့သည်။ သူသည် အသားဟင်းချိုအကြောင်းကိုသာ စဉ်းစားရင်း နွားလှည်းနောက်တွင် အဝေးကြီး ကျန်ရစ်ခဲ့လေသည်။
သူ အသိပြန်ဝင်လာသောအခါ ကပျာကယာ လိုက်လာခဲ့သည်။
"ဟိုင်ဇီ... မင်းပြောတာ တကယ်လား... မင်းတို့တစ်ရွာလုံး အသားစားရတယ်ဟုတ်လား..."
ယင်းကို ကြားလိုက်ရသောအခါ လျူဟိုင်၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
“ဒုက္ခတော့ရောက်ပြီ..”
သူ ကြွားချင်စိတ်လောသွားသဖြင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့တွင် အသားမစားရသည်မှာ ကြာပြီဖြစ်ကြောင်းကို မေ့သွားခဲ့သည်။ အကယ်၍ သူတို့တွင် အသားရှိပါလျက် ပြည်သူ့ကွန်မြူနစ်အဖွဲ့သို့ မပေးပို့ပါက သူသည် အကွက်ချ အကန်ခံရနိုင်ခြေ ရှိလေသည်။
ဝမ်အိုက်ကော်သည် လျူဟိုင်၏ မျက်နှာအမူအရာကို ကြည့်ကာ သူ လိမ်ညာနေခြင်းမဟုတ်ကြောင်း ရိပ်မိလိုက်သည်။ မနာလိုဖြစ်မိသော်လည်း ချက်ချင်းပင် မာန်တက်လျက် ပြောလိုက်သည်။
"ကောင်းပြီလေ လျူဟိုင်... မင်းက တကယ့်လူပဲ... ငါ အဲဒီကောင်လေးရဲ့ ပြောင်မြောက်တဲ့ လုပ်ရပ်တွေကို သေချာပေါက် ကူညီဝါဒဖြန့်ပေးမယ်..."
"နေဦး... နေဦး... အစ်ကိုအိုက်ကော်... အစ်ကိုကြီးအိုက်ကော်... ကျွန်တော် ကြွားလိုက်တာပါ..."
လျူဟိုင်က ကပျာကယာ ပြောလိုက်သည်။
"အင်း... ပြည်သူ့ကွန်မြူနစ်အဖွဲ့က အတွင်းရေးမှူးနဲ့ ညွှန်ကြားရေးမှူးတို့က ယုံမလားဆိုတာ ကြည့်ကြသေးတာပေါ့..."
ဝမ်အိုက်ကော်က လှောင်ပြုံးပြုံးကာ စက်ဘီးကို အားကုန်နင်း၍ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
လျူဟိုင်သည် နောင်တရစွာဖြင့် သူ့ပေါင်ကို ရိုက်လိုက်ပြီး နွား၏တင်ပါးကို ကပျာကယာ ရိုက်ကာ လိုက်ဖမ်းတော့သည်။
လျူအာကျူးသည် ဤနေရာတွင် ဘာဖြစ်နေသည်ကို မသိပါချေ။ သူသည် ခရိုင်မြို့ကို မြင်နေရပြီဖြစ်သဖြင့် မြို့ထဲသို့ ဝင်ရန် ခြေလှမ်းများကို မြန်ဆန်လိုက်လေသည်။
လမ်းမများပေါ်တွင် လူအများအပြား သွားလာနေကြသည်။ အများစုမှာ လက်အစွပ်များနှင့် တံတောင်ဆစ်တွင် အဖာများပါသော အပြာရောင် အလုပ်သမားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ယင်းက အလှအပကို အနည်းငယ် ထိခိုက်စေသော်လည်း ထိုအလုပ်သမားများသည် ထိုသို့မထင်ကြဘဲ အလွန်ပင် ဂုဏ်ယူနေကြလေသည်။
အထူးသဖြင့် လမ်းဘေးရှိ လူများက ထိုအလုပ်သမားများကို မနာလိုသော မျက်လုံးများဖြင့် ကြည့်ကြသောအခါ ၎င်းတို့၏ အာဟာရချို့တဲ့နေသော မျက်နှာများပေါ်တွင် ကျေနပ်ပျော်ရွှင်သော အပြုံးများ မလွဲမသွေ ပေါ်လာတတ်သည်။
အလုပ်သို့ စက်ဘီးစီးကာ သွားကြသောသူများမှာမူ ပို၍ပင် မာန်တက်နေကြသေးသည်။
သူတို့၏ လမ်းတွင် လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့သည် စူးရှသော ဘဲလ်သံကို ခဏခဏ တီးတတ်ကြသည်။ ယင်းမှာ နောက်ပိုင်းခေတ်ရှိ လူများက အိပ်ဇောပိုက်မှ အသံကျယ်ကျယ်ထွက်ရန် စပေါ့ကား အင်ဂျင်ကို ဝူးဝူးဝါးဝါးမြည်အောင် လုပ်ရသည်ကို သဘောကျကြသည်နှင့် တူလှပေသည်။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် လျူအာကျူးသည် နောက်ဆုံးတွင် ရဲစခန်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့လေသည်။
သူသည် အထဲသို့ ဦးစွာ ခေါင်းပြူ၍ ကြည့်လိုက်ရာ ယခင်က သူနှင့် ကုန်သွယ်ဖူးသော ဝမ်ကျန့်ကျွင်းမှာ တာဝန်ကျနေသူများထဲတွင် ပါဝင်နေသည်ကို မြင်သဖြင့် ရဲရဲဝံ့ဝံ့ပင် လျှောက်ဝင်သွားလိုက်သည်။
"အစ်ကိုဝမ်... အလုပ်ရှုပ်နေတာလား..."
ဝမ်ကျန့်ကျွင်းသည် ရေသောက်နေရင်း လျူအာကျူး ဖြစ်နေသည်ကို မြင်သောအခါ ဝမ်းသာအားရ မတ်တတ်ရပ်လိုက်သည်။
"အစ်ကိုကျူးဇီ... လာ... ထိုင်... ထိုင်ပါဦး... ငါ မင်းအတွက် ရေခပ်ပေးမယ်..."
တာဝန်ကျနေသော အခြား လုံခြုံရေးအရာရှိ သုံးဦးသည်လည်း ဝမ်ကျန့်ကျွင်းက မည်သူ့ကို ဤမျှယဉ်ကျေးနေရသနည်းဟု တွေးကာ လျူအာကျူးကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြသည်။
ဝမ်ကျန့်ကျွင်းက လျူအာကျူးအတွက် ရေနွေးကြမ်းတစ်ခွက် ခပ်ပေးလိုက်သော်လည်း သူ၏ လက်ဖက်ခြောက်ဘူးမှာ အလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ရှက်ကန်းကန်းဖြင့် ပြောလိုက်သည်။
"ကျူးဇီ... လောလောဆယ် ဒါပဲသောက်လိုက်ဦး... ငါ မင်းအတွက် လက်ဖက်ခြောက် သွားဝယ်ပေးမယ်..."
ယင်းက အခြားအရာရှိ သုံးဦးကို ပို၍ပင် အံ့ဩသွားစေသည်။
နှုတ်ခမ်းထောင့်တွင် မှဲ့ပါသော လူငယ်အရာရှိတစ်ဦးက မနေနိုင်ဘဲ စနောက်လိုက်သည်။
“အစ်ကိုဝမ်... ဒါက အစ်ကို့ရဲ့ ယောက်ဖတော့ မဟုတ်ပါဘူးနော်..."
"ဘာယောက်ဖလဲ... ငါတို့ ဝေစုခွဲခဲ့တဲ့ အဲဒီဝက်ကို သူ ယူလာပေးတာကွ..."
ဝမ်ကျန့်ကျွင်းက သူ့ကို စိုက်ကြည့်လိုက်သည်။
ထိုအခါ ကျန်အရာရှိများအားလုံး ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြပြီး လျူအာကျူးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။
သူက ယောက်ဖမဟုတ်ဘဲ ဓနရှင်နတ်မင်းကြီး ဖြစ်နေတာကိုး။
ဝမ်ကျန့်ကျွင်းက ဤမျှယဉ်ကျေးနေသည်မှာ မဆန်းတော့ပါချေ။
သို့သော် ဓနရှင်နတ်မင်းကြီးက ဤမျှ ငယ်ရွယ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ထိုလူငယ်အရာရှိသည် ချက်ချင်းပင် လျှောက်လာပြီး သူ့ကို စီးကရက်တစ်လိပ် လှမ်းပေးလိုက်သည်။
“အစ်ကိုကျူးဇီ... ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့... ခုနက ကျွန်တော် ရည်ရွယ်ချက်ရှိရှိ ပြောတာမဟုတ်ပါဘူး... စနောက်လိုက်တာပါ..."
လျူအာကျူးက စီးကရက်ကို ယူလိုက်ပြီး ထိုလူငယ်အရာရှိက မီးညှိပေးသည်ကို စောင့်ဆိုင်းကာမှ ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ အစ်ကိုရာ... ကျွန်တော့်မှာ လုံခြုံရေးအရာရှိ ယောက်ဖတစ်ယောက် တကယ်ရှိရင် ကျွန်တော် ပျော်လွန်းလို့ သေသွားမှာပေါ့..."
ယောကျ်ားများဟူသည် ကိစ္စအသေးအမွှားလေးများအပေါ် ရန်ငြိုးအာဃာတ ထားလေ့မရှိကြချေ။ ပုံမှန်အားဖြင့် စီးကရက်တစ်လိပ် အတူတူသောက်ပြီးလျှင် စိတ်အနှောင့်အယှက်ဖြစ်စရာများ ပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။
အထူးသဖြင့် လျူအာကျူးသည် စကားပြော အလွန်တတ်သဖြင့် အရာရှိများ၏ သူ့အပေါ် အထင်ကြီးမှုမှာ ချက်ချင်းပင် တိုးမြင့်သွားခဲ့ပြီး အားလုံးက သူ့ကို ချီးမွမ်းရန် ရောက်လာကြတော့သည်။
"အစ်ကိုကျူးဇီက တကယ့်ကို ကြည့်ကောင်းတဲ့သူပဲ... မင်း ဘယ်မှာ အလုပ်လုပ်လဲ..."
"အခု ငါတို့ဆီမှာ အလုပ်နေရာ အလွတ်မရှိတာကတော့ နှမြောစရာပဲ... မဟုတ်ရင် မင်းကို ငါ့ရဲ့ အလုပ်သင်တပည့်အဖြစ် ခန့်ရတာက သေချာပေါက် ကောင်းတဲ့အရာဖြစ်မှာ..."
"လုံခြုံရေးအရာရှိ ဖြစ်ဖို့ကျတော့ အိမ်ထောင်စုစာရင်း ပြောင်းရမှာဆိုတော့ စီစဉ်ရတာ နည်းနည်းခက်လိမ့်မယ်... ဒါပေမဲ့ ကောင်လေး... မင်းက အိမ်ထောင်ပြုမယ့်အရွယ် ရောက်နေပြီပဲ... မင်းမှာ ရည်းစားရှိပြီလား... ဒီဦးလေးက လူတစ်ယောက်လောက် အောင်သွယ်ပေးရမလား..."
"ကျန့်ကျွင်း... လက်ဖက်ခြောက် သွားမဝယ်နဲ့တော့... ကျူးဇီကို ငါ့ဟာပဲ တိုက်လိုက်..."
လူအနည်းငယ်သည် လျူအာကျူးကို ဝိုင်းအုံကာ စိတ်အားထက်သန်စွာဖြင့် စကားစမြည် ပြောနေကြသည်။
အရာရှိအိုကြီး ထုတ်ယူလာသော လက်ဖက်ခြောက်မှုန့်များကိုကြည့်ရင်း လျူအာကျူးသည် သူ၏အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်ကာ အိတ်ကပ်အမြှုပ်ထဲမှ နှိုက်သလို ဟန်ဆောင်လျက် သူ၏ နေရာလွတ်ထဲမှ လက်ဖက်ခြောက် အထုပ်ငယ်လေးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။
"ကျွန်တော့်ဟာကိုပဲ သောက်ကြတာပေါ့..."