အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) ဗုဒ္ဓအား ပန်းလှူခြင်းလော သို့မဟုတ် မီးလောင်ရာလေပင့်ခြင်းလော
လျူအာကျူးသည် ကြွားဝါချင်၍ မဟုတ်သော်လည်း အရာရှိအိုကြီး ယူလာပေးသည့် လက်ဖက်ရည်မှာ အခြေခံအားဖြင့် လက်ဖက်ခြောက်မှုန့်များသာ ဖြစ်လေသည်။
၎င်းကို ကောင်းစုဟုပင် မခေါ်ဆိုနိုင်ပေ။
လျူအာကျူးသည် ထိုအရာထဲတွင် မြေကြီး သို့မဟုတ် သစ်မြစ်များပင် ရောနှောနေသလားဟု သံသယဝင်မိသည်။ ထိုစံပယ်လက်ဖက်ခြောက် အိတ်ကို မြင်လိုက်ရသည့်အခါ လုံခြုံရေးအရာရှိ အများအပြား၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ သူတို့အားလုံးသည် တိတ်တဆိတ် လှည့်ပြန်ကာ မိမိတို့၏ လက်ဖက်ရည်ခွက်များကို ဆွဲယူပြီး လျူအာကျူး၏ နောက်တွင် စာသင်ဆောင် ထမင်းစားတန်းစီသကဲ့သို့ တန်းစီလာကြတော့သည်။
အရာရှိအိုကြီးသည်လည်း တွန့်ဆုတ်မနေဘဲ မိမိ၏ လက်ဖက်ခြောက်များကို အံဆွဲထဲသို့ ပြန်ထည့်ကာ သော့ခတ်လိုက်သည်။
ဝမ်ကျန့်ကျွင်းသည် ဓာတ်ဘူးတစ်လုံးကို ကိုင်ကာ အပြေးအလွှား ရောက်လာပြီး အားနာဟန်ဖြင့် ပြောလိုက်သည်။
"ကြည့်စမ်းပါဦး... မင်းက ငါတို့ဆီ လာလည်တာကို ငါတို့က မင်းဆီက လက်ဖက်ရည်ကို ပြန်သောက်နေရတယ်..."
သူ၏ဘေးမှ အရာရှိအိုကြီးက စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
"မင်း အားနာတယ်ဆိုရင်လည်း မသောက်နဲ့ပေါ့..."
"ကျွန်တော်က ကျူးဇီ အလိမ်မခံရအောင် လက်ဖက်ရည်က စစ်ရဲ့လားဆိုတာ မြည်းစမ်းပေးရုံတင်ပါ..."
ဝမ်ကျန့်ကျွင်းက အရှက်မရှိ ရှင်းပြလိုက်ရာ အခြားအရာရှိများ၏ နှာခေါင်းရှုံ့ခြင်းကို ခံလိုက်ရသည်။
လျူအာကျူးသည်လည်း ကပ်စေးမနဲဘဲ လူတိုင်းအတွက် သောက်ရန် လက်ဖက်ခြောက်တစ်ဆုပ်စီ ခွဲပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် တာဝန်ကျအခန်းတစ်ခုလုံးတွင် လက်ဖက်ရည်နံ့များ မွှေးပျံ့သွားတော့သည်။
ဤအနံ့မွှေးသော လက်ဖက်ရည်တွင် ကောင်းကျိုးများစွာ ရှိသော်လည်း အကြီးမားဆုံး ကောင်းကျိုးမှာ ၎င်း၏ မွှေးရနံ့ပင် ဖြစ်၏။
ရေနွေးလောင်းပြီးနောက် အရာရှိများသည် လက်ဖက်ခြောက်များ ရေနွေးထဲတွင် အရွက်ကြီးများအဖြစ် ဖြည်းဖြည်းချင်း ပွင့်လာသည်ကို စောင့်ကြည့်နေကြသည်။ သူတို့သည် အေးသွားသည်အထိ မစောင့်တော့ဘဲ အငွေ့များကို မှုတ်ထုတ်ကာ တရှူးရှူးဖြင့် စတင်သောက်ကြတော့ရာ တစ်ယောက်ချင်းစီတိုင်းမှာ အလွန်ပင် စိတ်ကျေနပ်နေကြသည့်ပုံ ပေါ်သည်။
လက်ဖက်ရည်သောက်သည့်အခါ လက်ဖက်ရွက်များ ပါးစပ်ထဲသို့ ပါလာတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူတို့သည် ဝါး၍ မျိုချလိုက်ကြမည်ဖြစ်၏။
သို့သော် ယနေ့တွင်မူ သူတို့ မမျိုချရက်ကြပေ။ သူတို့သည် ၎င်းတို့ကို ပါးစပ်ထဲတွင် ခဏမျှ ငုံထားပြီးနောက် ခွက်ထဲသို့ ပြန်ထွေးထုတ်လိုက်ကြသည်။
ထိုလက်ဖက်ခြောက် အနည်းငယ်ကို သူတို့တစ်နေ့လုံး ထပ်ခါတလဲလဲ ရေနွေးထည့်၍ သောက်ကြလိမ့်မည်ကို ခန့်မှန်းနိုင်လေသည်။
လျူအာကျူးမှလွဲ၍ လူတိုင်းတွင် လက်ဖက်ရည်ခွက်ကိုယ်စီ ရှိနေသည်ကို မြင်သောအခါ ဝမ်ကျန့်ကျွင်းသည် မိမိ၏ခွက်ကို ချက်ချင်း ကမ်းပေးလိုက်သည်။
"ရော့... ငါ့ခွက်ထဲက သောက်လေ..."
လျူအာကျူးသည် သူ လက်ဖက်ရွက်များကို ခွက်ထဲသို့ ပြန်ထွေးထုတ်သည်ကို ခုနတင် မြင်လိုက်ရသဖြင့် တွန့်ဆုတ်မနေဘဲ လက်ဝှေ့ယမ်းလိုက်သည်။
"အစ်ကိုတို့ပဲ သောက်ကြပါ... ကျွန်တော်က လက်ဖက်ရည် သိပ်မကြိုက်လို့ပါ..."
ဝမ်ကျန့်ကျွင်းသည်လည်း လူအမဟုတ်ပေ။ လျူအာကျူး၏ ရွံရှာဟန်ကို မြင်သောအခါ သူ အနည်းငယ် အနေရခက်သွားသည်။
ခုနက လျူအာကျူးကို စနောက်ခဲ့သည့် အရာရှိငယ်လေးမှာမူ အော်ဟစ်ရယ်မောတော့သည်။
"အစ်ကိုဝမ်... အစ်ကို သွားမတိုက်တာ နာရီဝက်မကတော့ဘူး... ဘယ်သူက အစ်ကို့ရေကို သောက်ချင်မှာလဲ... လာပါ ကျူးဇီ... ငါ့ခွက်ထဲက သောက်..."
အလားတူ မသန့်ရှင်းသော လက်ဖက်ရည်ခွက်ကို ကြည့်ပြီး လျူအာကျူးက ထပ်မံ ငြင်းပယ်လိုက်ပြန်သည်။
"ရပါတယ်... ကျွန်တော် တကယ် လက်ဖက်ရည် မကြိုက်လို့ပါ..."
ထိုအရာရှိငယ်လေးမှာ ဆွံ့အသွားတော့သည်။
အခြားသူတစ်ယောက် မိမိကိုယ်စား အနေရခက်သွားသည်ကို မြင်သောအခါ ဝမ်ကျန့်ကျွင်းသည် အနေမခက်တော့ဘဲ အကျယ်ကြီး ရယ်မောလိုက်သည်။
"လီရှန့်ရန်... မင်းကရော မင်းကိုယ်မင်း သန့်ရှင်းလှပြီ ထင်နေတာလား... ကျူးဇီက ငါတို့အားလုံးကို တန်းတူပဲ ရွံရှာနေတာကွ..."
အခြားအရာရှိများကလည်း လိုက်၍ ရယ်မောကြလေသည်။
အရာရှိငယ် လီရှန့်ရန်သည် မိမိနှာခေါင်းကို အနေရခက်စွာ ပွတ်သပ်ရင်း စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"မင်းကလည်း ကျူးဇီရာ... ဘယ်သူ့ကို လာလိမ်နေတာလဲ... မင်း လက်ဖက်ရည်မသောက်ရင် ဘာလို့ ဒီလောက်ကောင်းတဲ့ လက်ဖက်ခြောက်တွေကို အမြဲဆောင်ထားရတာလဲ..."
လျူအာကျူးသည်လည်း မိမိ၏ လိမ်ညာမှုမှာ သိပ်မကောင်းလှကြောင်း ခံစားမိသဖြင့် အခြေအနေကို ပြေလည်စေရန် ပြုံးလျက် ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး... အစ်ကိုတို့ကို လှည့်စားဖို့ ပိုကောင်းတဲ့ အကြောင်းပြချက်တစ်ခု စဉ်းစားလိုက်ဦးမယ်... စိတ်မပူပါနဲ့... ကျွန်တော့်ဦးနှောက်က အလုပ်အရမ်းလုပ်တာ..."
ဤစကားကြောင့် လူတိုင်း ပို၍ ကျယ်လောင်စွာ ရယ်မောကြတော့သည်။ ဘယ်သူမှ စိတ်မဆိုးကြသည့်အပြင် လျူအာကျူးကို အလွန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်ကြလေသည်။
လီရှန့်ရန်သည်လည်း ရယ်မောရင်း ပြောလိုက်သည်။
"မင်းကတော့ ငါ့ညီလေးနဲ့ ကွက်တိပဲ... ငါ သူ့ကို တစ်နေ့ အချက်ရှစ်ရာလောက် ရိုက်ရင်တောင် အားရမှာ မဟုတ်ဘူး..."
"ဒါဆို မြန်မြန်ထိုင်ပါ အစ်ကိုလီ... ကျွန်တော့်အစ်ကိုက အစ်ကို့ကိုယ်စား ကလဲ့စားချေပေးပြီးသားပါ... ကျွန်တော်တို့ ငယ်ငယ်တုန်းက သူ ကျွန်တော့်ကို နေ့တိုင်း ရိုက်တာ..."
လျူအာကျူးက ပခုံးတွန့်ပြလိုက်သည်။
"အစ်ကိုလီ" ဟု ခေါ်လိုက်ခြင်းက လီရှန့်ရန်၏ မကျေနပ်မှုများကို လုံးဝ ပျောက်ကွယ်သွားစေသည်။ သူက လျူအာကျူး၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"မင်းက တော်သားပဲ သူငယ်ချင်းလေးရ... နောက်နောင် မင်းကို ဘယ်သူပဲ အနိုင်ကျင့်ကျင့် တောင်ဘက်လမ်းက လီရှန့်ရန်ဆိုတဲ့ နာမည်ကိုသာ ပြောလိုက်... ငါက ခရိုင်မြို့ထဲမှာ ရှုံးဖူးတာ မဟုတ်ဘူး... ဘယ်လူမိုက်လေးတွေကမှ ငါ့ကို မကြောက်ဘဲမနေဘူး..."
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့..."
လျူအာကျူးက အလွယ်တကူပင် သဘောတူလိုက်သည်။
ထိုစဉ် လျူအာကျူးနှင့် ယခင်က အရောင်းအဝယ် လုပ်ခဲ့ဖူးသော ညွှန်ကြားရေးမှူးသည် အနည်းငယ် ဝဖြိုးသော လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့်အတူ လျှောက်လှမ်းဝင်ရောက်လာသည်။
"အိုး... ဘာတွေပြောနေကြတာလဲ... တော်တော် စည်ကားနေပါလား..."
"အိုး... တော်တော် မွှေးတာပဲ..."
ထိုဝဖြိုးသော လူလတ်ပိုင်းအမျိုးသားက နှာခေါင်းရှုံ့၍ နမ်းကြည့်ကာ ပြောသည်။
"ဒါက အနံ့မွှေးတဲ့ လက်ဖက်ရည် မဟုတ်လား... စံပယ်လက်ဖက်ခြောက်ပဲ..."
လျူအာကျူးနှင့် အခြားသူများသည် ဤလူလတ်ပိုင်းအမျိုးသားကို ကြည့်လိုက်ကြပြီး သူသည် သာမန်လူ မဟုတ်ကြောင်း အသေအချာ သိလိုက်ကြသည်။
၎င်းကို ပုံမှန်မသောက်ဖူးလျှင် လက်ဖက်ရည် အမျိုးအစားကို ဤမျှမြန်မြန်ဆန်ဆန် ခွဲခြားနိုင်မည် မဟုတ်ပေ။
ညွှန်ကြားရေးမှူးသည်လည်း စာပွဲပေါ်တွင် ဖြန့်ထားသော လက်ဖက်ခြောက်များကို မြင်သောအခါ ချက်ချင်း ရှေ့သို့ တိုးလာပြီး နမ်းကြည့်လိုက်သည်။
"အဘိုးကြီးလွီ... မင်းနှာခေါင်းက တော်တော်စူးတာပဲ... ဒါက စံပယ်လက်ဖက်ခြောက် တကယ်ပဲ..."
ထိုသို့ပြောရင်း ညွှန်ကြားရေးမှူးက လက်ဖက်ခြောက်များကို ပေါ့ပေါ့ပါးပါးပင် ထုပ်ပိုးကာ မိမိအိတ်ကပ်ထဲသို့ ထည့်လိုက်လေရာ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သဘာဝကျပြီး ချောမွေ့လှသည်။
ဝမ်ကျန့်ကျွင်းက အမြန်မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ညွှန်ကြားရေးမှူး... ဒီလက်ဖက်ရည်က..."
"စံပယ်လက်ဖက်ခြောက်လား... ဘာစံပယ်လက်ဖက်ခြောက်လဲ..."
ညွှန်ကြားရေးမှူးက ဘာမှမသိသကဲ့သို့ ဗလာကျင်းသော မျက်နှာဖြင့် ကြည့်လိုက်သည်။
လုံခြုံရေးအရာရှိများ - "..."
အဘိုးကြီးလွီသည်လည်း ဘာမှမပြောဘဲ ပြုံးနေလေသည်။ သူသည် မိမိ၏ ရုံးခန်းထဲတွင် ဤလှည့်ကွက်ကို မကြာခဏ သုံးလေ့ရှိသဖြင့် ညွှန်ကြားရေးမှူး၏ ရုံးခန်းထဲသို့ ရောက်လျှင် ၎င်းအချို့ကို မည်သို့ ပြန်လည်လှည့်စားယူရမည်ကိုသာ တွေးတောနေတော့သည်။
ဝမ်ကျန့်ကျွင်းသည်လည်း မိမိညွှန်ကြားရေးမှူး၏ သဘာဝကို သိလေသည်။ သူသည် ပုံမှန်အားဖြင့် မိမိတို့ဘက်က ကာကွယ်ပေးတတ်သော်လည်း သူတို့၏ ပစ္စည်းများကို နှိုက်ယူခြင်းနှင့်မူ ဆန့်ကျင်ဘက် မဖြစ်ပေ။
ဥပမာအားဖြင့် ရုံးခန်းထဲတွင် ဖောင်တိန်တစ်ချောင်း ပျောက်ဆုံးသွားပါက ညွှန်ကြားရေးမှူး၏ ရုံးခန်းထဲတွင် အမြဲတမ်း ပြန်တွေ့နိုင်လေသည်။
ပုံမှန်ဆိုလျှင် သူတို့ စိတ်ထဲထားမည် မဟုတ်သော်လည်း ဤစံပယ်လက်ဖက်ခြောက်မှာ သူတို့ပိုင်ပစ္စည်း မဟုတ်ပေ။
ဝမ်ကျန့်ကျွင်းသည် စိတ်ကိုတင်းကာ အနားသို့ တိုးသွားပြီး လျူအာကျူးကို လက်ညှိုးထိုးပြလိုက်သည်။
"ညွှန်ကြားရေးမှူး... ကျူးဇီက..."
"တော်စမ်း... တော်စမ်း... မင်း ပြောလို့ မပြီးသေးဘူးလား..."
ညွှန်ကြားရေးမှူးက ဝမ်ကျန့်ကျွင်းကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်သည်။
"ငါက ကျူးဇီနဲ့ အဘိုးကြီးလွီကို ဧည့်ခံချင်လို့သာ မဟုတ်ရင် ဒီအမြတ်လေးကို ငါ ယူပါ့မလား..."
"ကျူးဇီ သောက်လို့ အဆင်ပြေပြီး ဒီနေရာကို ခဏခဏလာရင် မင်းတို့အတွက်လည်း ကောင်းကျိုးတွေ ရှိလာမှာ မဟုတ်ဘူးလား..."
"ဒါနဲ့မှ မလုံလောက်သေးရင် ဒီလအတွက် မင်းရဲ့ ညဂျာဗျူတီတွေကို လုပ်စရာမလိုဘူး... ပြီးတော့ ကျူးဇီယူလာတဲ့ ပစ္စည်းတွေထဲက နောက်ထပ် သုံးကျင်းကို မင်း ယူနိုင်တယ်... ဘယ်လိုလဲ..."
ဝမ်ကျန့်ကျွင်းမှာ မှင်တက်သွားတော့သည်။ ဤအရာများသည် အလွန်ကောင်းမွန်သော သတင်းနှစ်ခုဖြစ်၏။ ပုံမှန်ဆိုလျှင် သူ ဝမ်းသာအားရ သဘောတူမိမည် ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ၎င်းက တကယ် အဆင်မပြေပေ။
"ညွှန်ကြားရေးမှူး... လက်ဖက်ရည်က ကျူးဇီ ပိုင်တာပါ..."
ဝမ်ကျန့်ကျွင်းက စိတ်ကိုတင်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ညွှန်ကြားရေးမှူးမှာ ဆွံ့အသွားတော့သည်။
လျူအာကျူးသည်လည်း ညွှန်ကြားရေးမှူးကို ပြုံးလျက် ကြည့်နေမိသည်။
*ကျွန်တော့်လက်ဖက်ရည်ကို သုံးပြီး ကျွန်တော့်ကို လာဘ်ထိုးနေတာပေါ့... အစ်ကိုကြီး ဘယ်လို ရှင်းမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့*
ဝမ်ကျန့်ကျွင်း၏ စကားကို ကြားသောအခါ အဘိုးကြီးလွီက ချက်ချင်း အော်ဟစ်ရယ်မောတော့သည်။
"အဘိုးကြီးလျူ... မင်းကတော့ တစ်မျိုးကြီးပဲ ဗျာ... လူတွေက ဗုဒ္ဓအား ပန်းလှူသည်လို့ ပြောလေ့ရှိကြပေမဲ့ မင်းရဲ့ ပန်းတွေကို ဘုရားဆီကနေ ပြန်ချေးထားတာ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး..."
ညွှန်ကြားရေးမှူးသည်လည်း အလွန် အရှက်ရသွားပြီး မြေလျှိုးချင်စိတ်ပင် ပေါက်သွားတော့သည်။
ဘယ်သူက ထင်ထားပါမည်နည်း။ သူသည် ဗုဒ္ဓအား ပန်းလှူရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင်မူ မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ သူက လက်ဖက်ရည်ကို အမြန် ပြန်ထုတ်ပေးပြီး ဟန်မပျက် ရယ်မောကာ ပြောလိုက်သည်။
"ဒါကို ဘယ်လို ပြောရမလဲ... ကျူးဇီ... လက်ဖက်ရည်ကို မြန်မြန် သိမ်းလိုက်ပါ... ခုလိုကောင်းတဲ့ ပစ္စည်းတွေကို သူတို့ဆီ ပေးတာက ဖြုန်းတီးရာ ရောက်တယ်..."
လျူအာကျူးက သူ လွတ်မြောက်နိုင်မည့် လမ်းကို ပေးလိုက်သည်။
"ရပါတယ်... ကျွန်တော့်အိမ်မှာ အများကြီး ကျန်ပါသေးတယ်... ဒါကို လူတိုင်းသောက်ဖို့ ဒ္နေရာမှာပဲ ထားခဲ့လိုက်ပါ့မယ်..."
"မိုက်မဲမနေနဲ့ ကောင်လေး... ဒီပစ္စည်းက မပေါဘူးကွ... ဘယ်သူ့အိမ်မှာ ဒီလောက်အများကြီး ရှိမှာလဲ..."
ညွှန်ကြားရေးမှူးက လျူအာကျူး၏ စကားကို အတည်မယူဘဲ သူသည် လုံခြုံရေးစခန်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် တမင် ဝယ်ယူလာခြင်းသာဖြစ်မည်ဟု ထင်မှတ်နေသည်။
လျူအာကျူးသည် မိမိ၏ အင်္ကျီအတွင်းထဲသို့ လက်နှိုက်ကာ နောက်ထပ် လက်ဖက်ရည်အိတ် အသေးနှစ်အိတ်ကို ထုတ်ယူ၍ စာပွဲပေါ်သို့ တင်လိုက်သည်။
အဆင်ပြေစေရန်အတွက် လက်ဖက်ရည်များကို အိတ်အသေး အများအပြား ခွဲထားခဲ့မိသည်မှာ တော်ပါသေးသည်။
ထိုလက်ဖက်ရည် နှစ်အိတ်ကို ကြည့်ပြီး ညွှန်ကြားရေးမှူးသည် ခေတ္တမျှ မှင်တက်သွားသည်။ ထို့နောက် သူ ကိုင်ထားသော အိတ်မှာ သူ၏အိတ်ကပ်ထဲသို့ သဘာဝကျကျ ပြန်လည် ရောက်ရှိသွားတော့သည်။
"အဟမ်း... မင်းဆီမှာ တကယ်ပဲ လက်ဖက်ရည် အများကြီး ရှိတာပဲ... ကျန့်ကျွင်း... ငါတို့ မှောင်ခိုမှုတွေကို စုံစမ်းစစ်ဆေးတုန်းက စစ်သုံးကုတ်အင်္ကျီအရှည်အချို့ ရခဲ့တယ် မဟုတ်လား... နောက်ကျရင် ကျူးဇီကို တစ်ထည် ပေးလိုက်ပါ... ပြီးရင် အဲဒါကို ပျက်စီးသွားပြီလို့ အစီရင်ခံစာတင်လိုက်... ငါ လက်မှတ်ထိုးပေးမယ်..."
ဝမ်ကျန့်ကျွင်းက သဘောတူလိုက်သည်။
လျူအာကျူး၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူ စစ်သုံးကုတ်အင်္ကျီအရှည်တစ်ထည် ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤခေတ်ကာလ၏ ဆောင်းရာသီမှာ အလွန်ပင် ချမ်းစိမ့်လှပြီး ဖြတ်သန်းရ ခက်ခဲလှကြောင်း သိထားသင့်သည်။ စစ်သုံးကုတ်အင်္ကျီအရှည်သည် ဆောင်းရာသီအတွက် အကောင်းဆုံးခေတ်မီ ဖက်ရှင်ပစ္စည်း ဖြစ်လေသည်။
၎င်းတို့တွင် ဝါဂွမ်းများစွာ ပါဝင်ပြီး အလွန် ထူထဲလှရုံသာမက အချို့သော အဆင့်မြင့် အင်္ကျီများတွင် သိုးသားရေ အတွင်းခံများပင် ပါရှိတတ်သည်။ ၎င်းတို့သည် အလွန်ပင် စတိုင်ကျပြီး နွေးထွေးလှပေသည်။
ဆိုးသည်မှာ ဤစစ်သုံးကုတ်အင်္ကျီအရှည်များကို ပုံမှန်အားဖြင့် စစ်တပ်သို့သာ ထောက်ပံ့လေ့ရှိပြီး သာမန်လူများအတွက် ရရှိရန် ခက်ခဲလှခြင်းပင်။
လက်ဖက်ရည်တစ်အိတ်က ဤမျှများပြားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ၎င်းက လျူအာကျူးကို တစ်ခု သတိပြုမိစေသည်။ ဤလုံခြုံရေးစခန်းတွင် သူတို့၏ မှောင်ခိုမှု စုံစမ်းစစ်ဆေးခြင်းမှ ရရှိထားသော ကောင်းမွန်သည့် ပစ္စည်းများစွာ ရှိနေရမည်ဖြစ်၏။ သူသည် ၎င်းတို့ကို ထပ်မံ ရရှိနိုင်မည့် နည်းလမ်းကို ရှာဖွေရပေဦးမည်။