အခန်း ၃၈၁
Vol. 39 Ch. 381
အခန်း (၃၈၁) စုန်းမအိုကြီး
လီလန်သည် အဘွားကျန်းကို သရော်အပြုံးဖြင့် ကြည့်လိုက်သည်။
အဘွားကျန်း၏ မျက်နှာမှာ ချက်ချင်းပင် မှုန်ကုပ်သွားတော့သည်။
"မင်းက ဘယ်သူလဲ..."
"စုန်းမအိုကြီး သူများနာမည်ကို မမေးခင် ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ရမယ်ဆိုတာ ခင်ဗျားအမေက မသင်ပေးလိုက်ဘူးလား..."
"မင်း..."
လီလန်၏ စကားတစ်ခွန်းတည်းကပင် အဘွားကျန်းကို ဆွံ့အသွားစေခဲ့သည်။
ပိုင်ကျဲ့၏ တုံ့ပြန်မှုအရ ဤအဘွားကျန်းမှာ သူမ၏ ယခင်ယောက္ခမ ဖြစ်ဟန်တူလေသည်။
ပိုင်ကျဲ့က မုဆိုးမတစ်ဦးဖြစ်၏။
မုဆိုးမဆိုသည်မှာ အိမ်ထောင်ကျဖူးသော်လည်း ခင်ပွန်းဖြစ်သူ သေဆုံးသွားခြင်းကို ဆိုလိုသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူမသည် ကျန်ရစ်သူ ဖြစ်လေသည်။
အမျိုးသမီးတစ်ဦး မုဆိုးမဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ဂုဏ်သိက္ခာမှာ ထိခိုက်ရတော့သည်။
အကြောင်းရင်းများမှာ ရှင်းလင်းလှ၏။
အကြောင်းရင်းနှစ်ရပ် ရှိလေသည်။
ပထမအချက်မှာ မုဆိုးမတစ်ဦးသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ့်ဘာသာ အေးဆေးစွာ နေထိုင်ကာ အလွတ်သဘော မနေတတ်ပါက သူမအား စောင့်ကြိုနေသည်မှာ အမျိုးသားများ၏ အထောက်အပံ့ ကင်းမဲ့ခြင်းပင်ဖြစ်ပြီး ရွာရှိ လူရမ်းကားများနှင့် လူပျိုဟိုင်းများ၏ ပစ်မှတ်ထားခြင်းကို မလွဲမသွေ ခံရမည်ဖြစ်သည်။
ပစ်မှတ်ထားခံရသည်နှင့် တစ်ပြိုင်နက် သူမသည် သဘာဝကျကျပင် အလွယ်တကူ အနှောင့်အယှက်ပေးခံရမည်ဖြစ်ပြီး ထိုအနှောင့်အယှက်ပေးမှုများ ပြန့်နှံ့သွားပါက သူမ၏ ဂုဏ်သိက္ခာလည်း ထိခိုက်ရမည်ဖြစ်သည်။
ဒုတိယအချက်မှာ သူမ၏ အကျင့်စာရိတ္တ မကောင်းမွန်ဘဲ ပွင့်လင်းကာ ဖောက်ပြန်တတ်သူဖြစ်ပါက ပို၍ပြောစရာပင် မလိုတော့ပေ။ သူမတွင် ရွာထဲ၌ ချစ်သူများစွာ ရှိလာမည်ဖြစ်ပြီး မည်သည့်အမျိုးသားမဆို သူမ၏ အဖော်ဖြစ်လာကာ အဖော်များလုပ်လေ့ရှိသည့် အရာများကို လုပ်ဆောင်ကြမည်ဖြစ်သည်။
ဤအကြောင်းရင်းနှစ်ရပ်က ရွာထဲရှိ မုဆိုးမများအား နာမည်ဆိုးထွက်စေရန် တိုက်ရိုက်ဦးတည်စေလေသည်။
တကယ်တမ်းတွင် အရေးအကြီးဆုံး အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ အမျိုးသားများမှာ များသောအားဖြင့် မိသားစု၏ ကျောထောက်နောက်ခံများ ဖြစ်ကြပြီး ၎င်းတို့သာ မျှော်လင့်မထားဘဲ သေဆုံးသွားပါက မိသားစု၏ ကမ္ဘာကြီးမှာ ပြိုလဲသွားမည်ဖြစ်သည်။
ထိုကမ္ဘာကြီးကို ပြန်လည်မတ်မတ်ရပ်တည်နိုင်ရန် သဘာဝကျကျပင် မုဆိုးမတစ်ဦးတည်းကသာ လုပ်ဆောင်နိုင်ပေသည်။
အကယ်၍ မုဆိုးမတစ်ဦးသည် အမဲမလိုက်နိုင်၊ အလုပ်အကိုင်မရှိ၊ အိမ်မှုကိစ္စများလုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်းတို့ကိုသာသိပြီး ငွေကြေးမရှိပါက သူမကိုယ်တိုင်နှင့် မိသားစုကို မည်သို့ထောက်ပံ့နိုင်မည်နည်း။
ထို့ကြောင့် စိတ်ဓာတ်ခိုင်မာမှုမရှိသော တချို့မုဆိုးမများမှာ အမျိုးသားများကို လှည့်စားရန် ၎င်းတို့၏ ရုပ်ရည်သွင်ပြင်အပေါ် မှီခိုကြပြီး အစာအာဟာရအတွက် ခန္ဓာကိုယ်ကို လဲလှယ်တတ်ကြသည်။
ပိုင်ကျဲ့ကဲ့သို့ စိတ်ဓာတ်ခိုင်မာကာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ပြီး လွတ်လပ်၍ အကျင့်စာရိတ္တကောင်းမွန်သော မုဆိုးမများမှာ အလွန်ပင် ရှားပါးလှပေသည်။ (ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတယ်)
ထိုအရာများအပြင် အရှေ့ပိုင်းပြည်နယ်သုံးခု တွင် ကြိုးဆွဲခြင်းဟုခေါ်သော အဆိုအမိန့်တစ်ခုလည်း ရှိသေးသော်လည်း ဤအခြေအနေမှာ ယေဘုယျအားဖြင့် အရင်းအချာ ညီအစ်ကိုများ သို့မဟုတ် ဖခင်ဘက်မှ ဝမ်းကွဲညီအစ်ကိုများကြားတွင်သာ ဖြစ်ပေါ်လေ့ရှိသည်။
ကြိုးဆွဲခြင်းဆိုသည်မှာ အစ်ကိုဖြစ်သူက ပြင်းထန်စွာ ဖျားနာနေပြီး သူ သက်တမ်းမရှည်တော့မည်ကို သိရှိကာ သူသေဆုံးသွားပြီးနောက် ဇနီးဖြစ်သူအား အနိုင်ကျင့်မခံစေလိုပါက တပ်ဖွဲ့ခေါင်းဆောင်နှင့် မိဘနှစ်ပါးစလုံး၏ သက်သေအဖြစ်ဖြင့် အိမ်ထောင်ကျပြီးဖြစ်သော ညီဖြစ်သူကို ခေါ်ယူကာ သူ၏ မရီးနှင့် လက်ထပ်စေခြင်းကို ဆိုလိုသည်။
လူတစ်ဦးတည်းက မိသားစုနှစ်စုကို ထောက်ပံ့ခြင်းသည် ကြိုးဆွဲခြင်းပင်ဖြစ်၏။
"လီလန် သွားကြစို့ သူတို့ကို ဂရုမစိုက်ပါနဲ့တော့..."
ပိုင်ကျဲ့က လီလန်၏ လက်ကို တက်ကြွစွာ ဆွဲရင်း တောင်းပန်လိုက်သည်။
သူမသည် သူမ၏ ယခင်ယောက္ခမကို အလွန်ကြောက်ရွံ့နေပုံရလေသည်။
"အစ်မ စိတ်မပူပါနဲ့ ကျွန်တော်ရှိနေသရွေ့ အစ်မကို ဘယ်သူမှ ထပ်အနိုင်ကျင့်မှာ မဟုတ်ဘူး..."
လီလန်က ပိုင်ကျဲ့၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
သူ၏ လက်ဝါးပြင်မှ နွေးထွေးမှုနှင့် ခွန်အားကို ခံစားရသဖြင့် ပိုင်ကျဲ့သည် မော့ကြည့်လိုက်ရာ လီလန်၏ ပြတ်သားသော အကြည့်နှင့် ဆုံတွေ့သွားပြီး သူမ၏ နှလုံးသားမှာ ဘယ်သောအခါမှ အေးစက်မသွားဘဲ အမြဲတမ်း ပူနွေးနေမည့် ကျောက်တုံးတစ်တုံး ပါဝင်နေသကဲ့သို့ နွေးထွေးသွားတော့သည်။
သူမက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"အင်း..."
"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ၊ သူတို့ကို ကျွန်တော် ရှင်းလင်းလိုက်မယ်..."
လီလန်က ပိုင်ကျဲ့အား စိတ်ချစေရန် အပြုံးတစ်ခု ဖော်ပြလိုက်သည်။
၎င်းသည် နွေဦးရာသီ၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးတစ်ခုဖြစ်ပြီး လူတစ်ဦး၏ မျက်နှာပေါ်သို့ တိုက်ခတ်လာသော နွေဦးလေညင်းကဲ့သို့ ညင်သာ၍ သက်တောင့်သက်သာရှိသော နွေဦးလေညင်းပင်ဖြစ်၏။
"အင်း နင့်ကို အစ်မယုံတယ်..."
ပိုင်ကျဲ့က လီလန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း အားပါးတရ ခေါင်းညိတ်လိုက်သည်။
ပိုင်ကျဲ့ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ လီလန်သည် မြို့ရှိ ထိုအလုပ်သမားနှင့် လက်ထပ်ပြီးနောက် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမ အနိုင်ကျင့်မှုများစွာ ခံခဲ့ရမည်ကို သိရှိလိုက်သည်။
လူတို့သည် မိမိတို့ အထူးကြောက်ရွံ့သောအရာနှင့် ကြုံတွေ့ရသည့်အခါမှသာ သူတို့၏ သတ္တိကြောင်သော ဘက်ကို ပြသတတ်ကြသည်။
"အစ်မပိုင်ကျဲ့ ဒီလောက်တောင် ကြောက်ရွံ့နေရဖို့အတွက် သူမ ခံစားခဲ့ရတဲ့ နာကြည်းမှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေက..."
"တစ်နှစ်တာကာလ နေ့ရက်နဲ့ ညချမ်းပေါင်း သုံးရာကျော်တောင်..."
"ဒီလူတွေ တကယ်ပဲ သေသင့်တယ်..."
အရပ်ပုပု၊ ဝတုတ်တုတ်နှင့် ကြမ်းတမ်းသော မျက်နှာရှိသည့် အဘွားကျန်းကိုကြည့်ရင်း လီလန်၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
ဤအချိန်တွင် အရပ်ရှည်ရှည်နှင့် အမျိုးသားကလည်း သူ၏ ဘောင်းဘီခြေထောက်ကို ဆွဲတင်လိုက်သည်။
သူ၏ ဒူးခေါင်းမှာ အပြာရောင်နှင့် ခရမ်းရောင်တို့ ကြီးမားစွာ ဖုံးလွှမ်းနေပြီး ကျောက်ခဲဖြင့် အကန်ခံရသော နေရာမှာ ပို၍ပင် ရောင်ရမ်းနေလေသည်။
လီလန်၏ ကန်ချက်မှာ တကယ်ကိုပင် အင်အားပြင်းထန်လှပေသည်။
"လူယုတ်မာ မင်း ငါ့သားရဲ့ ခြေထောက်ကို ကန်ပြီး ဖျက်ဆီးလိုက်တယ်..."
"ရှင့်တို့အားလုံးပဲ အကဲဖြတ်ပေးကြပါဦး ဒီလူက ဒီလူက ငါ့သားရဲ့ ခြေထောက်ကို ကျောက်ခဲနဲ့ ကန်ပြီး ဖျက်ဆီးလိုက်ပါတယ်တော့..."
အဘွားကျန်း၏ အသံမှာ ရူးသွပ်လုမတတ် ဖြစ်နေ၏။ သူမသည် နစ်နာသူတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများကို တိုင်တည်၍ လီလန်အား ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ရန် ကြိုးစားနေလေသည်။
ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများသည် ထိုစကားကို ကြားသောအခါ မူလက ပွဲကြည့်ရန်နှင့် အဘွားကျန်းအား ထောက်ခံအားပေးရန် အနီးသို့ ချဉ်းကပ်ချင်ခဲ့ကြသည်။
သို့သော် လီလန်၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့သည် ချက်ချင်းပင် ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူရော်သွားကာ အမြန်လှည့်၍ ထွက်သွားကြတော့သည်။
လမ်းသွားလမ်းလာအချို့မှာ အဘွားကျန်း သနားဖွယ်ကောင်းလောက်အောင် ငိုကြွေးနေသည်ကို မြင်သောအခါ ကူညီချင်ခဲ့သော်လည်း သူတို့၏ အဖော်များက ပြန်ဆွဲထားခြင်းကို ခံလိုက်ရသည်။
သူတို့၏ အဖော်က ကြင်နာစွာဖြင့် အကြံပေးလိုက်သည်။
"မသွားနဲ့ အဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလို့လား..."
"ဘယ်သူမို့လို့လဲ သူ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး သက်ကြီးရွယ်အိုတစ်ယောက်ကို အနိုင်ကျင့်ရင် ငါ ကူညီရမှာပဲ..."
"ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်လေ..."
ထိုစကားကို ကြားသောအခါ ကြင်နာတတ်သူမှာ အေးခဲသွားပြီးနောက် ချက်ချင်းပင် အနေခက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ဒါဆို ငါ မသွားတော့ဘူး ငါ မသွားတော့ဘူး..."
ချင်းလုံဂိုဏ်း၏ နာမည်မှာ ပိုင်ရှန်းမြို့နယ်တွင် အလွန်ထင်ရှားလှပေသည်။
သာမန်ပြည်သူများမှာ သူတို့ကို မစော်ကားရဲကြပေ။
အစောပိုင်းက ချင်းယန် စက်ဘီးပြင်ဆိုင်တွင် လီလန်၏ ကျေးဇူးကို ခံစားခဲ့ရပြီး လမ်းဖြတ်သွားရင်း ဤမြင်ကွင်းကို မြင်လိုက်ရသူများလည်း ရှိလေသည်။
"ဒုခေါင်းဆောင်က ဘာလို့ ဒုက္ခရောက်နေရတာလဲ ဒုခေါင်းဆောင်ရဲ့ ကျေးဇူးကြောင့် ငါ့စက်ဘီးကို ပြင်နိုင်ခဲ့ပြီး တာယာအသစ်တွေ ရခဲ့တာ ဒီကျေးဇူးကို ဒုခေါင်းဆောင်ကို ပြန်ဆပ်ရမယ်..."
"ဒုခေါင်းဆောင်ကို ငါ သွားပြီး အားပေးထောက်ခံရမယ်..."
"..."
အလုပ်သမားသုံးဦး ဤလမ်းကို ဖြတ်လျှောက်လာကြသည်။
"ဟေ့…ကျန်းကျီချောင် မြန်မြန်ကြည့်စမ်း ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ..."
လုပ်ဖော်ကိုင်ဖက်တစ်ဦးက စပ်စုစွာ မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပါနဲ့ ပွဲကြည့်ဖို့ ငါ့ကို မဆွဲခေါ်သွားနဲ့..."
ကျန်းကျီချောင်က အေးစက်စွာ ပြောလိုက်သည်။
*ပွဲကြည့်မယ်… ပွဲကြည့်မယ်… မင်းက ဘာပွဲကို ကြည့်ချင်နေတာလဲ..*
ပွဲရှိတိုင်း ထိုကြမ်းကြုတ်သော နတ်ဆိုးကြီးက ရှိနေတတ်ပြီး အလွန်ကြောက်စရာကောင်းလှရာ သူက ထိုပွဲကို နောက်တစ်ခါ ထပ်ကြည့်ရဲပါတော့မည်နည်း။
"ငါ့ရဲ့ စပ်စုချင်စိတ်က သိပ်မပြင်းပြဘူး…ပွဲကြည့်တာမျိုးတွေအတွက်နဲ့ ငါ့ကို လာမခေါ်နဲ့..."
ကျန်းကျီချောင်က အသည်းအသန် ခေါင်းခါလိုက်သည်။
"ကြည့်လိုက်ပါဦးကွ အလုပ်ရုံက နောက်ဆုံးမှ အားလပ်ရက်ရပြီပဲဟာကို ဈေးဝယ်ထွက်ပြီး မပြန်ခင် နည်းနည်းလောက် ထပ်ဆော့ကြတာပေါ့..."
"အိုး…ဟိုအဘွားကျန်းက မြေကြီးပေါ်မှာ ထိုင်နေပြီပဲ… သွားကြစို့..သွားကြစို့.. ပွဲသွားကြည့်ရအောင်..."
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျန်းကျီချောင်အား အတင်းဆွဲကာ အဘွားကျန်းရှိရာသို့ ဆွဲခေါ်သွားလိုက်သည်။
ကျန်းကျီချောင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ပွဲကြည့်ရန် သူ၏ လုပ်ဖော်ကိုင်ဖက် ဆွဲခေါ်ရာနောက်သို့ ပါသွားရတော့သည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း... ထိုနေရာသို့ ချဉ်းကပ်သွားပြီးနောက် ကျန်းကျီချောင်သည် သူ၏ စူးရှသော မျက်လုံးများဖြင့် မုန်တိုင်း၏ ဗဟိုချက်တွင် ရပ်နေသော အရပ်ရှည်ရှည် ပုံရိပ်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
ဤအရပ်ရှည်ရှည် အမျိုးသား၊ ဤချောမောသော ဘေးစောင်းမျက်နှာ၊ ကြမ်းတမ်းသော သားရဲတစ်ကောင်ကဲ့သို့ ဤအငွေ့အသက်။
ကျန်းကျီချောင်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အလိုလို ပေါ်ပေါက်လာတော့သည်။
"အိုး ဘုရားသခင်… မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး….မဖြစ်နိုင်ဘူး…ဟိုကြမ်းကြုတ်တဲ့ နတ်ဆိုးကြီး ထပ်ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်..."
ကျန်းကျီချောင်မှာ လုံးဝကို ထုံထိုင်းသွားမိသည်။
သူသည် အနည်းငယ် ထပ်မံချဉ်းကပ်သွားပြီး ထိုသူကို ကြည့်လိုက်သည်။
သူသည် ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
"တကယ်ပဲ သူဖြစ်နေတာကိုး..."
"ဒါက… ဒါက…ဒါက..."