← Chapters

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း (၃၈၃) ပြင်းထန်လှသော ပါးရိုက်ချက်ကြီး

“ပိုင်ကျဲ့... ငါ့သားသေတာတောင် မကြာသေးဘူး... နင်က သေချာဝမ်းနည်းပူဆွေးမနေဘဲ ယနေ့ ဖောက်ပြန်နေတယ်ပေါ့...

ပြီးတော့ လမ်းမပေါ်မှာ ဒီလိုလူချောလေးနဲ့ ပေါ်တင်ကြီး ပလူးနေတယ်... နင့်မှာ အရှက်မရှိဘူးလား…”

ကျန်းဟယ်ရှီသည် မိန်းမကြမ်းတစ်ယောက်ပမာ ပိုင်ကျဲ့အား လက်ညှိုးထိုး၍ ဆဲရေးတိုင်းထွာတော့သည်။

“ကျွန်မ မလုပ်ပါဘူး... ကျွန်မ…”

ပိုင်ကျဲ့၏ လှပသောမျက်နှာလေးမှာ ဖြူရော်သွားပြီး ရှင်းပြလိုသဖြင့် ပါးစပ်လေး ဟဟဖြစ်သွားလေသည်။

သို့သော် သူမ၏လည်ချောင်းမှာ တစ်စုံတစ်ခုဆို့နေသကဲ့သို့ အသံမထွက်နိုင်ဘဲ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။

“စုန်းမအိုကြီး... ခင်ဗျားရဲ့ နံစော်နေတဲ့ ပါးစပ်ကို ပိတ်ထားစမ်း…”

လီလန်သည် လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် တည့်တည့်မတ်မတ် လျှောက်သွားလေသည်။

ဖြန်း... ဟူသော အသံနှင့်အတူ ကျန်းဟယ်ရှီ၏ ဝဖိုင့်နေသော မျက်နှာကို ပြင်းထန်စွာ ပါးရိုက်ချလိုက်တော့သည်။

လီလန်၏ ပါးရိုက်ချက်ကြောင့် ကျန်းဟယ်ရှီမှာ ကြက်သေသေသွားလေသည်။

“မင်း... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့…”

ကျန်းဟယ်ရှီက မျက်နှာကိုအုပ်ထားရင်း ကြောက်လန့်တကြား အမူအရာဖြင့် ပြောလိုက်သည်။

“ဘာလို့ မရဲရမှာလဲ…”

လီလန်က လှောင်ပြုံးပြုံးလိုက်သည်။

“အညစ်အကြေးတွေပြည့်‌နေတဲ့ပါးစပ်နဲ့ လျှောက်ပြောနေတဲ့ မိန်းမကြီး... ခင်ဗျားကို ရိုက်တာက ပေါ့တောင်ပေါ့သေးတယ်... နောက်တစ်ခါ ပါးစပ်ထပ်ဟရဲရင် ကြိုးတုပ်ပြီး မိလ္လာကျင်းထဲ ပစ်ချလိုက်မယ်…”

လီလန်သည် နောက်ပြောင်နေသည့် အပြုံးဖြင့် ပြောလိုက်သည်။

ထိုအပြုံးကို ရင်ဆိုင်လိုက်ရသောအခါ ကျန်းဟယ်ရှီ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပေါ်လာတော့သည်။

သူမ အသက်ရှင်လာခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် မည်သူကမျှ သူမကို ပါးမရိုက်ရဲခဲ့သလို ဤကဲ့သို့ ခြိမ်းခြောက်ရဲသူလည်း မရှိခဲ့ပေ။

“စုန်းမအိုကြီး... ခင်ဗျား စကားကို ပြင်ပြောဖို့ အကြံပေးချင်တယ်... နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောရဲရင် ပါးရိုက်ရုံတင် မကတော့ဘူးနော်…”

လီလန်က အေးစက်စွာ ပြောလိုက်သည်။

ကျန်းဟယ်ရှီ၏ မျက်နှာမှာ မှိုင်းညှို့သွားပြီး တိတ်ဆိတ်နေတော့သည်။

“ခင်ဗျားရဲ့သား အသက်တိုတာလည်း မဆန်းပါဘူး... ခင်ဗျားလို အမေမျိုးရှိနေတာ ဘယ်ရင်ပြားကြောင့် အဖိခံရပြီး မသေရင်တောင် ခင်ဗျားကြောင့် ဒေါသထွက်ပြီး သေမှာပဲ…”

“မင်း…”

“ကျုပ်က ဘာဖြစ်လဲ...ကျုပ်ပြောတာ တစ်ခုခုမှားသွားလို့လား... ခင်ဗျားသားက အလုပ်ရုံမှာ အလုပ်လုပ်နေတုန်း ဘယ်ရင်ပြားကြောင့် ကျောကုန်းဒဏ်ရာရသွားတာ မဟုတ်ဘူးလား…”

လီလန်သည် အစ်မပိုင်ကျဲ့ မြို့သို့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း သူမ၏ ဘဝအကြောင်းကို အဘိုးပိုင်ထံမှ အကုန်ကြားသိခဲ့ရသည်။

အဘိုးပိုင်သည် ထိုအကြောင်းကို ပြောပြတိုင်း သက်ပြင်းအကြိမ်ကြိမ်ချကာ..

“ငါ့သမီးလေးရဲ့ ဘဝက ခါးသီးလိုက်တာ... ငါ့သမီးလေးရဲ့ ဘဝက ခါးသီးလိုက်တာ…”

“အဲဒီတုန်းက အဲ့ကျန်းဆိုတဲ့ကောင်နဲ့ သူ့ကို ပေးမစားခဲ့သင့်ဘူး…”

“ငါနောင်တရတယ်... တကယ့်ကို နောင်တရတယ်…”

လီလန်က အစပိုင်းတွင် အဘိုးပိုင်သည် မြို့ရှိ သူ၏သမက် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားကာ ပိုင်ကျဲ့ မုဆိုးမဖြစ်သွားရသည့် အကြောင်းကို ပြောနေသည်ဟု ထင်ခဲ့မိသည်။

သို့သော် ယနေ့ ဤမိသားစုနှင့် ဆုံတွေ့လိုက်ရသောအခါ အဘိုးပိုင် ပြောနေသည်မှာ ထိုအကြောင်းမဟုတ်မှန်း လီလန် သဘောပေါက်သွားတော့သည်။

အဘိုးပိုင် ပြောနေသည်မှာ... အစ်မပိုင်ကျဲ့၏ ခါးသီးလှသော ဘဝအကြောင်းပင်ဖြစ်သည်။

သူမ အများကြီး ဒုက္ခရောက်ခဲ့ရသည်။ မြို့ပေါ်ရှိ ဤကျန်းမိသားစုထဲတွင် သူမ အများကြီး ဆင်းရဲဒုက္ခခံခဲ့ရလေသည်။

အစ်မပိုင်ကျဲ့ ခံစားခဲ့ရသော ဆင်းရဲဒုက္ခအများစုမှာ ဤယုတ်မာလှသော ယောက္ခမကြီးထံမှ လာခြင်းဖြစ်ကြောင်း လီလန် ရာနှုန်းပြည့် သေချာနေလေသည်။

လူတွေ ငတ်မွတ်ခေါင်းပါးနေသည့် အငတ်ဘေးနှစ်များအတွင်း လူတိုင်းမှာ ဆာလောင်လွန်း၍ မခံမရပ်နိုင်ဖြစ်ကာ တောရိုင်းဟင်းရွက်များကိုသာ စား၍ သစ်ခေါက်များကို ကိုက်ခဲနေရပြီး အာဟာရချို့တဲ့ကာ ပါးချိုင့်များပင် ဝင်နေကြသည်။

သို့သော် သူ့ရှေ့ရှိ ဤစုန်းမအိုကြီးမှာမူ ဝဖိုင့်ကာ ဖြူဖွေးနေပြီး မေးနှစ်ထပ်ပင် ထွက်နေသဖြင့် သေချာပေါက် ကောင်းကောင်းစားရကာ သူမ၏ အစားအသောက်များမှာ မဆိုးလှပေ။

ထို့နောက် အစ်မပိုင်ကျဲ့ ရွာသို့ ပထမဆုံးအကြိမ် ပြန်ရောက်လာစဉ်က အလွန်ပိန်ချုံးနေခဲ့သည်ကို သူ ပြန်အမှတ်ရသွားသည်။

လီလန်၏ အကူအညီသာမပါခဲ့လျှင် လေတိုက်လျှင်ပင် လဲကျသွားတော့မည့် သူမ၏ အားနည်းလှသော ခန္ဓာကိုယ်ဖြင့် အနှေးနှင့်အမြန် ဖျားနာကာ ဒုက္ခရောက်သွားမည်သာဖြစ်သည်။

ချွေးမဖြစ်သူမှာ တုတ်ချောင်းတစ်ချောင်းပမာ ပိန်ချုံးနေပြီး ယောက္ခမဖြစ်သူမှာမူ ဝက်တစ်ကောင်လို ဝဖြိုးနေသည်။ သူမအိမ်တွင် ချွေးမဖြစ်သူမှာ ကောင်းကောင်းမစားမဝတ်ရဘဲ အနိုင်ကျင့်ခံနေရသည်ကို အရူးမဟုတ်သူတိုင်း မြင်နိုင်လေသည်။

ဤအရာကို တွေးမိသောအခါ လီလန်၏ ရင်ထဲတွင် ဒေါသအဟုန်များ ထောင်းခနဲ ထွက်ပေါ်လာတော့သည်။

“စုန်းမအိုကြီး... ကျုပ်ရဲ့ အစ်မပိုင်ကျဲ့က ခင်ဗျားတို့ ကျန်းမိသားစုနဲ့ အဆက်အသွယ် ဖြတ်ပြီးသွားပြီ... ဘာလို့ ဒီနေရာမှာ အညစ်အကြေးတွေ လျှောက်ပြောပြီး ဟောင်နေရတာလဲ…”

လီလန်၏ စကားကြောင့် ကြည့်ရှုနေသူများအကြား ဆူညံသွားတော့သည်။

“ဒီရဲဘော်မလေးက သူမရဲ့ ယောက္ခမဟောင်းနဲ့ အဆက်အသွယ် ဖြတ်လိုက်တာလား…”

“သူတို့က အဆက်အသွယ် ဖြတ်လိုက်ပြီဆိုတော့ မိသားစုနှစ်ခုက ဘာပတ်သက်မှုမှ မရှိတော့ဘူးလေ... ဘာလို့ သူ့ယောက္ခမဟောင်းက ဒီလောက်တောင် ဝင်ပါနေရတာလဲ…”

“ဒီအဘွားကျန်းက သိသိသာသာကို ခက်ထန်တဲ့ မျက်နှာထားရှိတယ်… သူ့စရိုက်က ကောင်းမှာမဟုတ်ဘူး… သူ့အိမ်ထဲ ဝင်လာတဲ့ ဘယ်သမီးမဆို သေချာပေါက် အနိုင်ကျင့်ခံရမှာပဲ…”

“ဒီအဘွားကျန်းက ရူးနေတာလား... သူတို့က အဆက်အသွယ် ဖြတ်ပြီးပြီပဲ... ဒီရဲဘော်မလေး ရည်းစားထားထား မထားထား သူ ဝင်စွက်ဖက်လို့ မရဘူးလေ…”

“ဒီအဘွားကျန်းက လူကောင်းမဟုတ်ဘူး..”

လမ်းသွားလမ်းလာများက သူမအား လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်ကို ကြားလိုက်ရသောအခါ ကျန်းဟယ်ရှီ၏ မျက်နှာအိုကြီးမှာ မခံမရပ်နိုင် ဖြစ်သွားတော့သည်။

“ဒီကောင်လေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ကြပါနဲ့... သူနဲ့ ဒီလင်သတ်တစ္ဆေမက…”

“ဖြန်း…”

အလွန်ကျယ်လောင်လှသော ပါးရိုက်သံကြီးက ကျန်းဟယ်ရှီ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

“အမေ…”

“မင်းကများ ငါ့အမေကို ရိုက်တယ်ပေါ့... မင်းကို အသေသတ်မယ်ကွ…”

သူ၏ မိခင်ဖြစ်သူ ထပ်မံ ပါးရိုက်ခံရသည်ကို မြင်လိုက်ရသောအခါ ကျန်းရှီရွှီသည် နာကျင်မှုကို အံကြိတ်ခံကာ ရုန်းကန်ထလိုက်ပြီး လီလန်ကို အသေအကြေ တိုက်ခိုက်တော့မည့်ပုံစံ ဖမ်းလိုက်သည်။

လီလန်သည် ခြေထောက်ကို မြှောက်ကာ သူ၏ ရင်ဘတ်ကို ဆောင့်ကန်ချလိုက်သည်။

“ထွက်သွားစမ်း... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး…”

ထိုတစ်ချက်ကန်လိုက်မှုကြောင့် ကျန်းရှီရွှီမှာ ပက်လက်လန်သွားသော လိပ်တစ်ကောင်ပမာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“သား... သား…”

“မင်း... မင်း…”

သူမ၏သားဖြစ်သူ လီလန်၏ ကန်ကျောက်ခံလိုက်ရသည်ကို မြင်သောအခါ ကျန်းဟယ်ရှီမှာ ဒေါသထွက်လွန်း၍ ပါးများပင် ဖောင်းကားလာတော့သည်။

မင်း ဘာဖြစ်လဲ... မင်း...

“ကျုပ် ခုနက ပြောလိုက်တာကို နားမလည်ဘူးလား…”

“ခင်ဗျား စကားကို ပြင်ပြောဖို့ ငါ ပြောထားတယ်နော်... နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောရဲရင် ကြိုးတုပ်ပြီး မိလ္လာကျင်းထဲ ပစ်ချလိုက်မယ်…”

လီလန်က လှောင်ပြုံးပြုံးလိုက်သည်။

ဤကျန်းဟယ်ရှီသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အသိပညာကင်းမဲ့ကာ အဆင့်အတန်းနိမ့်ကျသော အဘွားအိုတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

ဤသို့သော လူမျိုးကို ပညာပေးရန် လိုအပ်ပြီး သူမအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှသာ ရပေမည်။

ပါးနှစ်ချက် အရိုက်ခံရပြီးနောက် မျက်နှာပေါ်မှ စပ်ဖျင်းဖျင်း နာကျင်မှုကို ခံစားလိုက်ရသောအခါ ကျန်းဟယ်ရှီက လီလန်အား အနည်းငယ် ကြောက်လန့်လာတော့သည်။

ဤသူက သူမထက်ပင် ပို၍ လူရမ်းကားဆန်ကာ တကယ်ကို လုပ်ရဲကိုင်ရဲ ရှိပေသည်။ ထို့အပြင် သူမလို အဘွားကျန်းတစ်ယောက်ကို လူအများကြီးရှေ့တွင် ဤသို့လုပ်ရဲလေသည်။

ကျန်းဟယ်ရှီမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ဤလမ်းသွားလမ်းလာများက လူငယ်တစ်ယောက်က အဘွားကျန်းတစ်ယောက်ကို အနိုင်ကျင့်နေသည်ကို ဤအတိုင်း ရပ်ကြည့်နေကြတော့မည်လား။

လူအုပ်ထဲတွင် ကျန်းကျီချောင်မှာ တိတ်တဆိတ် အံ့သြနေမိသည်။ သူသည် တကယ့်ကို ရက်စက်သော နတ်ဆိုးတစ်ပါးပင်ဖြစ်ကာ အဘွားကျန်းတစ်ယောက်ကိုပင် ရိုက်ရဲပြီး သူမက ငွေညှစ်မည်ကိုပင် အနည်းငယ်မျှ မကြောက်ရွံ့ချေ။

သို့သော် သေချာပြန်တွေးကြည့်လျှင် သူမက ငွေညှစ်မည်ဆိုလျှင်တောင် အလုပ်ဖြစ်မည် မဟုတ်ပေ။

ဤရက်စက်သော နတ်ဆိုးမှာ ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင် ဖြစ်နေသည်မဟုတ်ပါလော။

“ရဲဘော်ကျန်း... လူရိုက်နေတဲ့ ရဲဘော်က ရင်းနှီးနေသလိုပဲ…”

အလုပ်သမားတစ်ယောက်က မေးစေ့ကို ပွတ်သပ်ရင်း ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ငါလည်း သူနဲ့ ရင်းနှီးနေသလိုပဲ…”

နောက်ထပ် အလုပ်သမားတစ်ယောက်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ရင်းနှီးနေသလိုပဲဆိုပြီး တွေးမနေကြနဲ့... သူက ခုနက ချင်းယန် စက်ဘီးပြင်ဆိုင်မှာ ရှိနေတဲ့လူလေ…”

ကျန်းကျီချောင်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

အလုပ်သမား :...

နောက်ထပ် အလုပ်သမားတစ်ယောက် :...

“ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်လား ….”

“ဒုက္ခပါပဲ... အဘွားကျန်းက သေချင်နေတာပဲ... ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်ကို သူက ရန်စရဲတယ်ပေါ့…”

အရပ်ပုပု ဝဝဖိုင့်ဖိုင့်နှင့် အဘွားကျန်းကို ကြည့်ကာ ကျန်းကျီချောင်၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်မှာ ခေါင်းခါရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။

“ဟုတ်ပါ့... အဲ့မိသားစုက ရူးနေတာပဲ... အခြားသူကိုမှ သွားမစဘဲ ချင်းလုံဂိုဏ်းကိုမှ သွားစရတယ်လို့…”

“ချင်းယန်မြို့နယ်က ပုဆိန်ဂိုဏ်းခေါင်းဆောင်တောင် ဒုခေါင်းဆောင်ကို မစရဲဘူး... ဒီအဘွားကျန်းက ဘယ်ကနေ ထွက်လာလို့ ဒီလောက်တောင် ရဲတင်းနေရတာလဲ…”

ထိုစကားကို ကြားသောအခါ ကျန်းကျီချောင်က ခေါင်းခါလိုက်ပြီး…

“မွေးခါစ နွားငယ်လေးက ကျားကို မကြောက်ဘူးဆိုသလို မသိနားမလည်တဲ့သူက မကြောက်ဆုံးပဲလေ... ဒီအဘွားကျန်းနဲ့ သူ့မိသားစုက ချင်းလုံဂိုဏ်း ဒုခေါင်းဆောင်ရဲ့ အစစ်အမှန် အဆင့်အတန်းကို မသိလို့ နေမှာပါ…”

“ဒါဆို ပွဲကောင်းကြည့်ရတော့မှာပေါ့…”

အလုပ်သမားတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အဘွားကျန်းနဲ့ သူ့မိသားစုသာ သူတို့ရန်စလိုက်တဲ့သူက ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဆိုတာကို သိသွားရင် သူတို့မျက်နှာတွေ ဘယ်လိုဖြစ်သွားမလဲ... သေချာပေါက် ကြည့်ကောင်းမှာပဲ…”

“ဟေ့... စက်ရုံကို ပြန်ကြရအောင်... ဒီနေရာမှာ ကြည့်စရာကောင်းတာ ဘာမှမရှိတော့ဘူး…”

“ရဲဘော်ကျန်း... မလောပါနဲ့ဦး... နည်းနည်းလောက် ထပ်ကြည့်ရအောင်ပါ…”

“ဒုက္ခပါပဲ... မြန်မြန်ကြည့်ကြစမ်း... ရဲစခန်းက ရဲတွေပါ ရောက်လာပြီ…”

ကျန်းကျီချောင်သည် လမ်းဘက်သို့ ကြည့်လိုက်ရာ ဦးထုပ်အဝိုင်းကြီးများနှင့် အဖြူရောင် ရဲယူနီဖောင်းများကို ဝတ်ဆင်ထားသော ရဲအချို့ကို အမျိုးသမီးတစ်ဦးက ဦးဆောင်လာပြီး ဤဘက်သို့ ကြည့်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော ကျန်းရှီရွှီ၏ မိန်းမပင် ဖြစ်တော့သည်။

All Chapters