← Chapters

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း (၃၈၉) အလုပ်သမား ရဲဘော်၊ အင်ဂျင်နီယာ

အမှတ် (၈)စက်ကိရိယာစက်ရုံ၏ အဝင်ဝတွင် လုံခြုံရေးအစောင့်များ တာဝန်ကျနေသောကြောင့် အကူအညီတောင်းရန် လူတစ်ယောက်ယောက်ကို မရှာဘဲ ဝင်ရောက်ရန်မှာ ခက်ခဲလှပေသည်။

"ရှောင်နျူး မင်း စက်ကိရိယာစက်ရုံက လူတစ်ယောက်ယောက်ကို သိလား..."

"ကျွန်တော် သိတဲ့သူတစ်ယောက်တော့ ရှိတယ် ကျွန်တော့်ဝမ်းကွဲအစ်ကိုက ဒီစက်ရုံမှာ အလုပ်လုပ်တာလေ ဒါပေမဲ့ သူက ခွင့်ယူပြီး ဇာတိရွာကို ပြန်သွားတော့ မကြာခင် ပြန်လာမှာ မဟုတ်ဘူး..."

"ဒါဆိုလည်း ထားလိုက်ပါတော့ တစ်ယောက်ယောက်ကိုရှာပြီး ပိုက်ဆံနည်းနည်းပေးပြီး ငါတို့ကို ခေါ်သွားခိုင်းလိုက်ကြတာပေါ့..."

မည်သည့်ခေတ်တွင်မဆို ငွေက စကားပြောစမြဲပင် ဖြစ်သည်။ ငွေရှိလျှင် တစ္ဆေကိုပင် ကြိတ်ဆုံလှည့်ခိုင်း၍ ရနိုင်သေးရာ လူဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

"ဟိုလူလေ..."

လီလန်သည် အရပ်ရှည်ရှည် အလုပ်သမားတစ်ယောက်ကို ရွေးထုတ်ကာ ပေါ့ပေါ့ပါးပါးပင် လက်ညှိုးထိုးပြလိုက်သည်။

ရှောင်နျူးက တုံ့ပြန်လိုက်ပြီး ထိုလူထံသို့ ကိုယ်တိုင်ကိုယ်ကျ ချဉ်းကပ်ကာ စကားပြောဆိုရန် ပြင်ဆင်လိုက်လေသည်။

ကျန်းကျီချောင်သည် အလုပ်သမားရဲဘော်နှစ်ဦးနှင့်အတူ စက်ရုံသို့ ပြန်လာခဲ့ပြီး ကြမ်းကြုတ်သော နတ်ဆိုးကြီးထံမှ လွတ်မြောက်လာခဲ့သည့်အတွက် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သူသည် စက်ကိရိယာစက်ရုံ၏ ပင်မတံခါးပေါက်မှ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်မှ လူတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်လေသည်။

"ရဲဘော် ကျွန်တော်တို့ကို ကူညီပေးလို့ ရမလား..."

"ဟင်..."

ကျန်းကျီချောင်က ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုလူသည် လူမိုက်တစ်ယောက်လို ဝတ်ဆင်ထားပြီး လူရမ်းကားအငွေ့အသက်များ ရှိနေကာ လက်ဖမိုးပေါ်တွင် ချင်းလုံတက်တူးတစ်ခုကို ထိုးထား၏။

ကျန်းကျီချောင်၏ရင်ထဲတွင် ရင်းနှီးနေသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ သူသည် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်မိကာ ဤလူကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရလေသည်။

ရုတ်တရက် သူ့ခေါင်းထဲတွင် အသိတစ်ခု ဝင်လာပြီး လန့်ဖြတ်ကာ သတိရသွားတော့သည်။

"ခင်ဗျား... ခင်ဗျားက ဟို..."

ကျန်းကျီချောင်သည် လွန်ခဲ့သောအချိန်လေးက ချင်းယန် စက်ဘီးပြင်ဆိုင်ရှေ့တွင် ထိုကြမ်းကြုတ်သော နတ်ဆိုးကြီးကို ထောက်ခံအားပေးရန် လူအုပ်ကြီးကို ခေါ်ဆောင်လာသူမှာ ဤလူပင်ဖြစ်ကြောင်း ပြန်လည်အမှတ်ရသွား၏။

"ရဲဘော်က ကျွန်တော့်ကို သိလို့လား..."

ရှောင်နျူးမှာ အနည်းငယ်

အံ့အားသင့်သွားသည်။

"မဟုတ်ပါဘူး…မဟုတ်ပါဘူး…ကျွန်တော် ခင်ဗျားကို မသိပါဘူး..."

ကျန်းကျီချောင်သည် လျင်မြန်စွာ လက်ယမ်းလိုက်ပြီး မျက်နှာဖြူရော်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"ရဲဘော်ကျန်း ဘာဖြစ်တာလဲ... သူတို့က မင်းရဲ့သူငယ်ချင်းတွေလား..."

အလုပ်သမားရဲဘော်တစ်ဦးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒီလူက နည်းနည်းရင်းနှီးနေသလိုပဲ တစ်နေရာရာမှာ မြင်ဖူးသလိုလို..."

နောက်ထပ် အလုပ်သမားရဲဘော်တစ်ဦးက ခေါင်းကုတ်ရင်း ပြန်လည်စဉ်းစားရန် ကြိုးစားလိုက်၏။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ ကျွန်တော်က ချင်းလုံဂိုဏ်းက ရှောင်နျူးပါ..."

"အား... ချင်းလုံဂိုဏ်း..."

"ခင်ဗျားက ချင်းလုံဂိုဏ်းကလား..."

အလုပ်သမားနှစ်ဦးမှာ ကြောက်လန့်တကြား တုန်ယင်သွားပြီး ကျန်းကျီချောင်ကဲ့သို့ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြတော့သည်။

"ဟုတ်ပါတယ် ချင်းလုံဂိုဏ်းကပါ..."

ရှောင်နျူးက ပြုံး၍ ပြောလိုက်သည်။

ဂိုဏ်း၏အမည်ကို ကြားရုံမျှဖြင့် လူအနည်းငယ်မှာ ကြောက်လန့်သွားသည်ကို မြင်သောအခါ ရှောင်နျူးမှာ အလွန်ပင် ကျေနပ်သွားလေသည်။

ထို့နောက် သူသည် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"ရဲဘော် ကျွန်တော် အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ ကူညီပေးနိုင်မလား..."

ရှောင်နျူးမှာ အလွန်ပင် ရင်းနှီးဖော်ရွေဟန်ရှိပြီး သူ၏အပြုံးမှာလည်း နူးညံ့သိမ်မွေ့နေ၏။ သို့သော်လည်း ကျန်းကျီချောင်နှင့် အခြားအလုပ်သမားများအတွက်မူ ထိုအပြုံးက အနည်းငယ် ကျောချမ်းစရာကောင်းနေပြီး အကယ်၍ သူတို့သုံးယောက်သာ ခေါင်းခါ၍ ငြင်းဆိုရဲပါက ဤချင်းလုံဂိုဏ်းခေါင်းဆောင်က သူတို့ကို ရိုက်နှက်တော့မည့်အလား ထင်မှတ်ရသည်။

"ဘာ... ဘာအကူအညီလဲ..."

ကျန်းကျီချောင်၏ အသံများမှာ တုန်ယင်နေသည်။

"ဒီလိုပါ ကျွန်တော် လူအနည်းငယ်ကို စက်ကိရိယာစက်ရုံထဲ ခေါ်သွားချင်လို့ပါ ခင်ဗျားတို့က စက်ကိရိယာစက်ရုံက အလုပ်သမားတွေမလား... ကျွန်တော်တို့ကို ခေါ်သွားပေးလို့ ရမလား..."

ရှောင်နျူးက သူ၏တောင်းဆိုချက်ကို ပြောပြလိုက်သည်။

သူ စကားပြောနေစဉ်မှာပင် ခေါင်းလှည့်ကာ လီလန်၊ ပိုင်ကျဲ့နှင့် အခြားသူများဆီသို့ လက်ညှိုးထိုးပြရင်း ကျန်းကျီချောင်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို အချက်ပြလိုက်၏။

ထိုသို့အချက်မပြလိုက်လျှင် ပိုကောင်းပေလိမ့်မည်။ သူ အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းကျီချောင်သည် မလှမ်းမကမ်းမှ လီလန်က သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသဖြင့် သူ၏နှလုံးသားမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

*ကြမ်းကြုတ်တဲ့ နတ်ဆိုးကြီး... ဟို ကြမ်းကြုတ်တဲ့ နတ်ဆိုးကြီးပဲ... သူပဲ... ဘာလို့ သူဖြစ်နေရပြန်တာလဲ…*

ကျန်းကျီချောင်မှာ ငိုချင်လုနီးပါးပင် ဖြစ်သွားသည်။ သူသည် ဤလူနှင့် အဘယ်ကြောင့် ထပ်မံဆုံတွေ့ရပြန်သနည်း။

*ငါက သူ့ကို တမင်သက်သက် ရှောင်နေခဲ့တာတောင် ဘယ်လိုလုပ်ပြီး ပြန်တွေ့ရတာလဲ…*

*သူက စက်ကိရိယာစက်ရုံရဲ့ အဝင်ဝမှာ ရပ်နေသေးတာလား... သူက ငါ့ကို လာရှာတာပဲ…*

"ရဲဘော်..."

"ရဲဘော်... ရဲဘော်..."

ရှောင်နျူးသည် ကျန်းကျီချောင် ကြက်သေသေနေသည်ကို မြင်သောအခါ သူ၏မျက်နှာရှေ့တွင် လျင်မြန်စွာ လက်ယမ်းပြလိုက်သည်။

"ဟင်..."

"ဘာဖြစ်တာလဲ..."

"ကျွန်တော် ခုနကပြောတဲ့ကိစ္စလေ ခင်ဗျားတို့ ကျွန်တော်တို့ကို ခေါ်သွားပေးလို့ ရမလား..."

ရှောင်နျူးက သူ၏တောင်းဆိုချက်ကို ထပ်မံပြောဆိုလိုက်သည်။

"ဒါ... ဒါက..."

"မရဘူးလား..."

ရှောင်နျူး၏ လေသံမှာ တဖြည်းဖြည်း အေးစက်သွားပြီး သူ၏မျက်လုံးများတွင် သတိပေးမှုတစ်ခု ပါဝင်နေကာ အနည်းငယ် ကြမ်းတမ်းလာသည်။

ဤအရာသည် ဒုခေါင်းဆောင်က သူ့ကို ပေးအပ်ထားသော တာဝန်တစ်ခုဖြစ်သည်။ အကယ်၍ သူသာ ကောင်းစွာ မကိုင်တွယ်နိုင်ပါက အနာဂတ်တွင် ဒုခေါင်းဆောင်၏အောက်၌ မည်သို့ အမှုထမ်းနိုင်မည်နည်း။ ဒုခေါင်းဆောင်၏ အထင်သေးခြင်းကို ခံရမည်မဟုတ်လော။

"ရပါတယ်..."

"ရတယ်... ရတယ် ကျွန်တော်တို့ ခေါ်သွားပေးလို့ရပါတယ်..."

ကျန်းကျီချောင်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြက်ဆန်စားသကဲ့သို့ လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ရဲဘော် ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်..."

ရှောင်နျူးမှာ အတော်လေး သိုင်းသမားဆန်စွာဖြင့် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

သူက လီလန်ထံသို့ ချက်ချင်း လက်ယမ်းပြလိုက်သည်။

"ဒုခေါင်းဆောင် အကုန်အဆင်ပြေသွားပြီ လာခဲ့လို့ရပြီ..."

"ရှောင်နျူး ရှင်းလိုက်ပြီပဲ သွားကြစို့ ငါတို့ သွားရအောင်..."

ရှောင်နျူး လက်ယမ်းပြသည်ကို မြင်သောအခါ လီလန်သည် ပိုင်ကျဲ့နှင့် အခြားသူများကို ဦးဆောင်ကာ သွားလိုက်သည်။

သူတို့ ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကျန်းကျီချောင်၏ မျက်နှာကို သေချာစွာ မြင်လိုက်ရသောအခါ လီလန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး

"အိုး... ခင်ဗျားကိုး..."

"ခုနက လမ်းညွှန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..."

သူ့ရှေ့ရှိ ဤအလုပ်သမားရဲဘော်မှာ လီလန် ပိုင်ရှန်းမြို့နယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ချင်းယန် စက်ဘီးပြင်ဆိုင်၏ တည်နေရာကို ညွှန်ပြပေးခဲ့သော အလုပ်သမားပင်ဖြစ်သည်။

ထိုစဉ်က ဤအလုပ်သမားသည် သူ့ကိုမြင်သောအခါ ကြောင်ကိုမြင်သည့် ကြွက်တစ်ကောင်လို အဘယ်ကြောင့် ပြုမူနေရသနည်းဆိုသည်ကို ပိုင်ကျဲ့နှင့်ပင် တိုင်ပင်ဆွေးနွေးခဲ့သေးသည်။ နောက်ပိုင်းတွင်မှ ဤအလုပ်သမားသည် ပိုင်ရှန်းမြို့နယ်၏ အပြင်ဘက် သုံးကီလိုမီတာအကွာတွင် သူတစ်ယောက်တည်း လူခုနစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် ကြောက်ရွံ့သွားခြင်းဖြစ်နိုင်ကြောင်း လီလန် သဘောပေါက်သွားခဲ့လေသည်။

ပိုင်ကျဲ့သည်လည်း ဤအလုပ်သမားကို အကြိမ်အနည်းငယ် ပြုံးပြလိုက်ရာ သူမ၏အပြုံးမှာ အလွန်ပင် ကြင်နာဟန်ရှိသည်။

"မင်္ဂ... မင်္ဂလာပါ..."

ကျန်းကျီချောင်သည် ထိုကြမ်းကြုတ်သော နတ်ဆိုးကြီး လီလန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်ရှန်းမြို့နယ်အပြင်ဘက်တွင် လီလန် တစ်ယောက်တည်း လူခုနစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို သူ၏စိတ်ထဲတွင် ချက်ချင်းပင် ပြန်လည်သတိရလာတော့သည်။

လဲကျနေသော ဓားပြများနှင့် လူမိုက်များ၊ ကျိုးနေသော နံရိုးများ၊ ကြေမွနေသော သွားများ...

ဤအရာကို တွေးမိသောအခါ ကျန်းကျီချောင်မှာ မတုန်ယင်ဘဲ မနေနိုင်တော့ဘဲ ကြောက်လန့်မှုကြောင့် သူ၏မျက်နှာမှာ ဖြူရော်သွားသည်။

"အလုပ်သမားရဲဘော် ခင်ဗျား ကျွန်တော့်ကို အရင်က မြင်ဖူးလို့လား..."

လီလန်သည် တစ်ဝက်တစ်ပျက် အပြုံးဖြင့် ထပ်မံမေးမြန်းလိုက်သည်။

ကျန်းကျီချောင်သည် "အား" ဟု အာမေဍိတ်သံထွက်သွားပြီး လျင်မြန်စွာ ခေါင်းခါလိုက်ကာ

"မမြင်ဖူးပါဘူး…မမြင်ဖူးပါဘူး..ကျွန်တော် ခင်ဗျားကို မမြင်ဖူးပါဘူး..."

သူက ဘယ်လိုလုပ်ပြီး ဝန်ခံရဲမည်နည်း။ အကယ်၍ သူသာ ဝန်ခံလိုက်ပါက လီလန်၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ရှိခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်သွားမည်ဖြစ်ပြီး လီလန်က သူ့ကို အငြိုးထားပေတော့မည်။

ကျန်းကျီချောင်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် မသေချင်သေးပေ။

ကျန်းကျီချောင်၏ အမြင်တွင် ဤဂိုဏ်းဝင်တိုင်းမှာ ရက်စက်ကြမ်းကြုတ်သူများချည်းဖြစ်သည်။ ထို့အပြင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်သည့် ဤကြမ်းကြုတ်သော နတ်ဆိုးကြီးမှာမူ ပို၍ပင် ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"အိုး... တကယ်လား..."

လီလန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ

"ဘာလို့ ကျွန်တော်တို့ တစ်နေရာရာမှာ ဆုံဖူးသလို ခံစားနေရတာပါလိမ့်..."

"ဟိုနေရာမှာများလား..."

လီလန်က သူ့ကို တမင်သက်သက် နောက်ပြောင်လိုက်သည်။

"မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး ကျွန်တော်တို့ တစ်ခါမှ မဆုံဖူးပါဘူး..."

ကျန်းကျီချောင်က ပြတ်သားစွာ ပြောလိုက်သော်လည်း သူ၏နှလုံးသားမှာမူ "ဒုတ်... ဒုတ်... ဒုတ်" ဖြင့် ရပ်တန့်မသွားဘဲ ခုန်နေတော့သည်။

ပိုင်ကျဲ့မှာ သူ၏ဘေးတွင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွား၏။ သူမသည် လီလန်၏စရိုက်ကို အလွန်ကောင်းစွာ သိထားသည်။ လီလန် မျက်ခုံးပင့်၍ ပြုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၌ မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည်ဟု သေချာပေါက် အဓိပ္ပာယ်သက်ရောက်သည်။

"ကဲပါ လီလန်ရယ် ငါတို့ အလုပ်သမားရဲဘော်ရဲ့ အကူအညီ

လိုနေသေးတယ်လေ..."

ပိုင်ကျဲ့က နောက်ဘက်မှနေ၍ သူ့ကို သတိပေးလိုက်သည်။

ထိုအခါ လီလန်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာထားမှာ တည်ကြည်သွားသည်။

"အလုပ်သမားရဲဘော် ဒါဆိုရင်လည်း ခင်ဗျားကို အလုပ်ရှုပ်ခိုင်းရတော့မယ်..."

လီလန်သည် စကားပြောရင်း ရှောင်နျူးကို အကြည့်တစ်ချက် ပေးလိုက်၏။ ရှောင်နျူးသည် သဘောပေါက်သွားပြီး သူ၏အိတ်ကပ်ထဲမှ ငွေငါးယွမ်ကို ထုတ်ယူလိုက်သည်။

"အလုပ်သမားရဲဘော် ဒါက ခင်ဗျားအတွက်ပါ..."

ရှောင်နျူးသည် ကျန်းကျီချောင်၏ အင်္ကျီအိတ်ကပ်ထဲသို့ ငွေငါးယွမ်ကို တိတ်တဆိတ် ထည့်ပေးလိုက်သည်။

"ရဲဘော် ခင်ဗျားတို့က..."

ကျန်းကျီချောင်မှာ အံ့အားသင့်သွားတော့သည်။

*ဂိုဏ်းတစ်ခုက သူ့ကို ပိုက်ဆံနဲ့ တကယ်ပဲ လာဘ်ထိုးနေတာလား…*

*ဂိုဏ်းတွေမှာရော ဒီလို လူသားဆန်တဲ့ဘက် ရှိနေတာလား…*

*သူတို့က ဓားမကြီးတွေနဲ့ သံပိုက်လုံးတွေကို ကိုင်ဆောင်ပြီး ဟိုရွာက လူမိုက်တွေနဲ့ လူယုတ်မာတွေလို သူတို့ကို ခြိမ်းခြောက်ရမှာ မဟုတ်ဘူးလား…*

"ရဲဘော် စက်ရုံထဲကို ခေါ်သွားပေးဖို့ အဆင်ပြေပေမယ့် ဒီပိုက်ဆံ... ဒီပိုက်ဆံကတော့ မလိုပါဘူး..."

ကျန်းကျီချောင်သည် ခေါင်းခါလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ ငွေကို ပြန်ထုတ်ကာ ရှောင်နျူးထံသို့ ပြန်ထည့်ပေးလိုက်သည်။

ရဲဘော် ကျန်းကျီချောင်တွင်လည်း ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိများ ရှိနေပေသည်။

လီလန်မှာ အလွန်အံ့အားသင့်သွားပြီး ဤအရပ်ရှည်ရှည် အလုပ်သမားကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။

"အလုပ်သမားရဲဘော် ကျွန်တော့်နာမည်က လီလန်ပါ ခင်ဗျားနာမည်ကရော..."

"ကျွန်တော်... ကျွန်တော့်နာမည်က ကျန်းကျီချောင်ပါ အမှတ်(၈) စက်ကိရိယာစက်ရုံက အင်ဂျင်နီယာတစ်ယောက်ပါ..."

All Chapters