← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) အထည်ချုပ်စက်ရုံ ဝန်ထမ်းအိမ်ရာ

အစိမ်းရောင် ရထားကြီးသည် တဂျိန်းဂျိန်း မြည်သံပေးကာ တုန်ခါလျက် ခရီးနှင်လာပြီးနောက်

နောက်ဆုံးတွင် ရှန်ဟိုင်းဘူတာသို့ ဆိုက်ရောက်လာခဲ့ပေသည်။

ကျိုးချန်ယဲ့၏ မိခင်သည် ဖောင်းကားနေသော အထုပ်အပိုးများကို သယ်ဆောင်လျက် လူအုပ်ကြီး နောက်မှ လိုက်ပါကာ ဘူတာရုံအပြင်ဘက်သို့ ထွက်လာခဲ့ပြီးနောက် အိမ်အပြန်ဘတ်စ်ကားပေါ်သို့ တိုးဝှေ့စီးနင်းခဲ့ရလေသည်။ များစွာသော အခက်အခဲများကို ဖြတ်ကျော်ပြီးနောက်တွင်မှ သူသည် အထည်ချုပ်စက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းအတွင်းသို့ ခြေချနိုင်ခဲ့လေရှာတော့သည်။

ထိုအိမ်ရာဝင်းအတွင်း၌ ပုံစံတူ အိမ်ရာအဆောက်အဦးများစွာ ရှိနေပြီး ကျိုးမိသားစုမှာ တတိယထပ် တွင် နေထိုင်ကြခြင်းဖြစ်လေသည်။ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါဝင်သော ထိုတိုက်ခန်းမှာ ဤ အိမ်ရာဝင်းအတွင်းရှိ အခြားတိုက်ခန်းများနှင့် ယှဉ်လျှင် အနည်းငယ်ကျယ်ဝန်းသည်ဟု ဆိုရပေမည်။

သူသည် တတိယထပ်သို့ တက်လာခဲ့စဉ်မှာပင် မျက်နှာချင်းဆိုင် တိုက်ခန်းတံခါးမှာ ကျွီခနဲ အသံပေးကာ ပွင့်လာခဲ့ပြီး ဝမ်ချွေဟွာသည် ကြွေဇလုံတစ်လုံးကို ကိုင်ဆောင်လျက် ဘေးစောင်း၍ ထွက်လာခဲ့လေ သည်။ သူသည် ကျိုးချန်ယဲ့၏ မိခင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်နှုတ် ဆက်လိုက် တော့သည်။

"ချန်ယဲ့အမေ... ပြန်လာပြီလား..."

အမေကျိုးသည် ပြုံးလျက် ရပ်တန့်လိုက်ကာ သူ၏လက်ထဲမှ အထုပ်ကို မြှောက်ပြရင်း ပြန်လည်ဖြေ လိုက်လေသည်။

" ဟုတ်ကဲ့... အန်တီဝမ်... ပြန်လာပါပြီ... စက်ရုံမှာ အလုပ်တွေက များနေတာနဲ့ အမြန်ပြန်လာခဲ့ရတာ... အန်တီဝမ်ရော ထမင်းစားပြီးပြီလား..."

"စားပြီးပါပြီ... ဆန်ပြုတ်လေး ပြုတ်ပြီး အချဉ်လေးနဲ့ပဲ ဖြစ်သလို စားလိုက်တာပါပဲ..."

ဝမ်ချွေဟွာသည် အမေကျိုး၏ လက်ထဲမှ အထုပ်အပိုးများကို အကဲခတ်ရန် အနားသို့ တိုးကပ်လာခဲ့လေ သည်။

"အလို... ပစ္စည်းတွေ အများကြီး ပါလာတာပဲလား... ပီကင်းမှာရော အားလုံး အဆင်ပြေရဲ့လား... မြေး လေးကရော ကျန်းမာရဲ့လား..."

"အားလုံး အဆင်ပြေပါတယ်... အသေးစိတ်ကိုတော့ နောက်မှ အေးအေးဆေးဆေး ပြောပြမယ်လေ... အခုတော့ အထဲဝင်ပြီး ပစ္စည်းတွေ အရင်ချလိုက်ဦးမယ်... အားတဲ့အခါမှ စကားပြောကြတာပေါ့..."

သူ၏စကားပင် မဆုံးသေးမီမှာပင် အမေကျိုး၏ နောက်ကွယ်မှ တံခါးမှာ အတွင်းဘက်မှ ပွင့်လာခဲ့လေ ၏။

"မေမေ... ပြန်လာပြီလား..."

ကျိုးချန်ယွီသည် တံခါးအနောက်မှ ထွက်လာခဲ့လေသည်။

"တံခါးနားမှာ အသံကြားကတည်းက မေမေ ပြန်လာတာလို့ သိနေတာ... ဒါပေမဲ့ ချန်ရှော့က မယုံဘူး လေ..."

"ချန်ယွီ..."

အမေကျိုးသည် အံ့အားသင့်သွားကာ မေးမြန်းလိုက်လေသည်။

"သမီး ဒီနေ့ ကျောင်းမသွားဘူးလား..."

"မေမေကလည်း... ဒီနေ့က ပိတ်ရက်လေ..."

ကျိုးချန်ယွီက နှုတ်ခမ်းလေးစူကာ သတိပေးလိုက်လေ၏။

"ဟုတ်သားပဲ..."

အမေကျိုးက သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်ကာ ပြောလိုက်သည်။

"မေမေလည်း မေ့သွားလို့ပါကွယ်..."

ထို့နောက် သူသည် စင်္ကြံလမ်းတစ်ဖက်ရှိ ဝမ်ချွေဟွာကို လက်လှမ်းပြလိုက်ကာ အော်ပြောလိုက် လေသည်။

"အန်တီဝမ်... ကျွန်မ အထဲဝင်တော့မယ်နော်... နောက်မှ စကားပြောကြတာပေါ့..."

ဝမ်ချွေဟွာ တစ်စုံတစ်ရာ ပြန်မပြောနိုင်သေးမီမှာပင် ကျိုးမိသားစု၏ သစ်သားတံခါးမှာ ဒိုင်းခနဲ အသံနှင့် အတူ ပိတ်သွားခဲ့လေတော့သည်။

ဝမ်ချွေဟွာ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားခဲ့လေသည်။ သူသည် မြေပြင်ပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ကာ ပိတ်သွားသော တံခါးကို ကြည့်၍ မနာလိုစွာဖြင့် ရေရွတ်လိုက်လေ၏။

"ဘာတွေများ အဟုတ်ကြီး ထင်နေလဲမသိဘူး... ပီကင်းမှာ တက္ကသိုလ်တက်နေတဲ့ သားတစ်ယောက်ရှိ တာဆိုပြီး... အရင်ကတော့ ဘယ်လောက်တောင် ဂုဏ်မောက်ခဲ့လဲ... နောက်ဆုံးတော့လည်း ဘာမှမသိ နားမလည်တဲ့ ကျေးလက်က မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်ရတာပဲ မဟုတ်ဘူးလား... ဘာတွေ ကြွားချင်နေတာလဲ မသိဘူး..."

————————————

အမေကျိုး အိမ်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ အဖေကျိုးသည် သူကိုင်ထားသော သတင်းစာကို အမြန်ချလိုက်ပြီး အနားသို့ လျှောက်လာကာ လေးလံသော အထုပ်များကို လှမ်းယူလိုက်လေသည်။

"မင်း ပြန်လာမှာကို ကြေးနန်းလေး ဘာလေး ရိုက်လိုက်ပါလား... ငါ ဘူတာကို လာကြိုလို့ရတာပေါ့... အခုတော့ ဒီပစ္စည်းတွေကို တစ်ယောက်တည်း သယ်လာရတာ ပင်ပန်းနေမှာပေါ့..."

အမေကျိုးသည် သမီးဖြစ်သူ ပေးသော ကြွေခွက်ကို ယူလိုက်ကာ ခရီးပန်းလာသမျှ ပြေပျောက်စေရန် ရေအနည်းငယ် သောက်လိုက်ပြီး လက်ယမ်းပြလိုက်လေ၏။

"ဘာလို့ အဲ့ဒီငွေတွေကို ဖြုန်းတီးနေမှာလဲ... ကျွန်မလည်း လမ်းသိတာပဲဟာကို..."

"မေမေ... သမီးရဲ့ တူလေးက ချစ်ဖို့ကောင်းရဲ့လား... ဒုတိယအစ်ကိုနဲ့ မရီးတို့ရော နေကောင်းကြရဲ့ လား..."

အစ်မဖြစ်သူ ကျိုးချန်ရှော့သည် အခန်းထဲမှ အသံကြား၍ ပြေးထွက်လာကာ မျက်လုံးလေးများ တောက်ပလျက် မေးမြန်းလိုက်လေသည်။

ထိုစကားကို ကြားသောအခါ အမေကျိုးသည် ရေသောက်ခြင်းကို ရပ်လိုက်ကာ ကြွေခွက်ကို ချ၍ စကား များ ဖောင်ဖွဲ့နေပေတော့သည်။

"အလိုလေး... ကျောက်ခဲလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ သမီးတို့ သိမှာ မဟုတ် ဘူး..."

"သူ့မျက်နှာလေးက ဝဝကစ်ကစ်နဲ့ အသားလေးကလည်း ဥခွံနွှာထားတဲ့ ကြက်ဥလေးလို ဖြူဖွေးနေ တာပဲ... မျက်လုံးလေးတွေကလည်း နက်မှောင်တောက်ပနေပြီး ပြုံးလိုက်ရင် မင်းတို့ ဒုတိယအစ်ကိုနဲ့ တစ်ပုံစံတည်းပဲတော်..."

"သူ နိုးလာရင် ခြေထောက်လေးတွေ ကန်လိုက်၊ လက်သီးဆုပ်လေးတွေ ယမ်းလိုက်နဲ့... နို့ဗူးစို့တဲ့အခါ ပါးဖောင်းလေးတွေ လှုပ်နေတာကို ကြည့်ပြီး မေမေကတော့ တစ်နေ့လုံး ပွေ့ထားရရင်တောင် မမော နိုင်ဘူး... ရင်ထဲမှာကို အေးမြသွားတာပဲ..."

ထိုစကားကို ကြားရသောအခါ အဖေကျိုး၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ပီကင်းသို့ ချက်ချင်း ပျံသန်းသွားကာ သူ၏ ချစ်စဖွယ် မြေးလေးကို ပွေ့ဖက်ထားချင်စိတ်များ တားမရအောင် ဖြစ်ပေါ်လာခဲ့ လေတော့သည်။

အမေကျိုးသည် ခင်ပွန်းဖြစ်သူ၏ ဂနာမငြိမ်ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ နှုတ်ခမ်း၌ အပြုံး တစ်ခု ပေါ်လာခဲ့ပြီး သူ၏ မျက်လုံးများတွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။

ထို့နောက် သူသည် ကျိုးချန်ယဲ့ ပြင်ဆင်ပေးလိုက်သော အထုပ်ကို ထုတ်ယူလိုက်ကာ ချည်ထားသော လျှော်ကြိုးအထူကြီးကို ကိုယ်တိုင် ဖြေလျှော့လိုက်ပြီး ပတ်ထားသော အဝတ်စများကို ဖယ်ရှားရင်း ပြောလိုက်လေသည်။

"ရှောင်ယဲ့နဲ့ ချန်ယဲ့တို့ ဇနီးမောင်နှံက သိပ်ကို အလိုက်သိကြတယ်... မိသားစုဝင် အကုန်လုံးအတွက် လက်ဆောင်တွေ ပြင်ပေးလိုက်တယ်လေ..."

သူသည် ရှေးဦးစွာ အသားထူပြီး ခိုင်ခံ့သော ကျုံးရှန်းဝတ်စုံ အနက်ရောင် တစ်စုံကို ထုတ်ယူကာ အဖေကျိုးထံသို့ ကမ်းပေးလိုက်လေ၏။

"အဖိုးကြီး... ဒါက ရှောင်ယဲ့က ရှင့်အတွက် ဝယ်ပေးလိုက်တာ... အသားလေးကို ကိုင်ကြည့်ပါဦး... သိပ် ကောင်းတာပဲ... ဒါကို ဝတ်လိုက်ရင် ရှင် တော်တော် ကြည့်ကောင်းနေမှာ..."

အဖေကျိုးသည် ကျုံးရှန်းဝတ်စုံကို လှမ်းယူကာ လက်ဖျားလေးများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြော လိုက်လေသည်။

"ငွေတွေကို ဖြုန်းတီးလိုက်တာပဲ... ငါ့မှာ ဝတ်စရာ အဝတ်တွေ ရှိသားပဲကို..."

သို့သော် သူသည် မပြုံးဘဲ မနေနိုင်ခဲ့ချေ။ ထိုဝတ်စုံကို သူ၏ ခန္ဓာကိုယ်နှင့် တိုင်းထွာကြည့်ကာ များစွာ ကျေနပ်နေခဲ့လေသည်။

နောက်ထပ် ထုတ်ယူလိုက်သည်မှာ ရေတပ်ပြာရောင် လီနင်ဝတ်စုံ တစ်စုံဖြစ်ပြီး ချုပ်လုပ်မှုမှာ သေသပ် လှပကာ ကော်လာများမှာလည်း ညီညာနေခဲ့လေ၏။

အမေကျိုးသည် ထိုဝတ်စုံကို ယူ၍ သူ၏ကိုယ်နှင့် တိုင်းကြည့်ကာ တစ်ကိုယ်လုံး ပြုံးဖြီးနေခဲ့တော့သည်။

"ငါ့သားက ငါ့အကြိုက်ကို တကယ်သိတာပဲ... ငါက ဒီလိုပုံစံမျိုး ဝတ်ရတာ ကြိုက်မှန်း သူ သိတယ် ... အရောင်ကလည်း အတော်ပဲ... နှစ်သစ်ကူးမှာ အမျိုးတွေဆီ သွားလည်ဖို့ အကွက်တိပဲ..."

ကျိုးချန်ယွီ၏ မျက်လုံးများမှာမူ အထုပ်ထဲရှိ အပြာနုရောင် ဂါဝန်လေးများအပေါ်သို့ ရောက်ရှိနေခဲ့လေ သည်။ မိခင်ဖြစ်သူက ထိုဂါဝန်ကို ထုတ်လိုက်သည်နှင့် သူသည် ချက်ချင်း လှမ်းယူလိုက်ကာ ဂါဝန်ကို ဖြန့်၍ ပတ်ချာလည် လှည့်ကြည့်နေခဲ့တော့၏။ ဂါဝန်၏ အသားမှာ ပေါ့ပါးပြီး အရောင်အသွေးမှာလည်း ဆန်းသစ်လှပနေခဲ့လေသည်။

သူသည် ဟိုခုန်သည်ခုန် လုပ်ရင်း ပြောလိုက်လေသည်။

"မေမေ... ဒီဂါဝန်လေးက အရမ်းလှတာပဲ... သမီး မနက်ဖြန် ကျောင်းကို ဝတ်သွားမယ်... သူငယ်ချင်း တွေ အားလုံး သမီးကို ကြည့်ပြီး အားကျနေကြမှာ သေချာတယ်..."

"အေးပါ... မေမေ အရင်က သမီးအတွက် ထိုးပေးထားတဲ့ အဖြူရောင် ဆွယ်တာလေးနဲ့ တွဲဝတ်လိုက်ရင် ပိုကြည့်ကောင်းပြီး နွေးလည်းနွေးတာပေါ့..."

အမေကျိုးသည် သမီးငယ်လေးကို ကြည့်ကာ ကြင်နာယုယစွာဖြင့် ပြောလိုက်လေသည်။

ကျိုးချန်ရှော့သည်လည်း အထုပ်၏ ထောင့်တစ်နေရာတွင် ရှိနေသော အပြာရောင် ဂုန်နီဖိနပ်အသစ် တစ်စုံကို ချက်ချင်း မြင်သွားခဲ့လေသည်။ ဤသို့သော ဖိနပ်မျိုးမှာ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ မြင်ရခဲ လှပေသည်။

သူသည် ထိုဖိနပ်ကို ဆွဲယူကာ ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလျက် ပြုံးပျော်လျက်ရှိနေတော့သည်။

"ဒုတိယအစ်ကိုက တကယ်ကို သဘောကောင်းတာပဲ... ဒီဖိနပ်မျိုးကို လိုချင်နေတာ တစ်နှစ်ခွဲလောက် ရှိပြီ... အခုတော့ ကာယအချိန်ကျရင် သမီးက အတန်းထဲမှာ အတော်ဆုံး ဖြစ်တော့မှာပေါ့..."

ထို့နောက် အမေကျိုးသည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ယုန်ဖြူနို့သကြားလုံး နှစ်ထုပ်နှင့် ပြောင်လက် နေအောင် တိုက်ချွတ်ထားသော သစ်သား လေးခွတစ်ခုကို ထုတ်ယူလိုက်လေသည်။ သူက ပြုံးလျက် ပြောလိုက်လေသည်။

"ဒီသကြားလုံးတွေနဲ့ လေးခွကတော့ သေချာပေါက် ရှောင်ရွှယ်ရဲ့ ကလေးတွေအတွက် ဖြစ်မှာပဲ..."

မိသားစုဝင် အားလုံးသည် စားပွဲတွင် ဝိုင်းဖွဲ့ထိုင်ကာ လက်ဆောင်ပစ္စည်းများကို ကြည့်လျက် ပျော်ရွှင် ရယ်မောနေခဲ့ကြလေသည်။ ထိုအခန်းလေးအတွင်း၌ နွေးထွေးပြီး သာယာသော လေထုမှာ လူတိုင်း၏ ရင်ကို နွေးထွေးစေခဲ့လေ၏။

ကျိုးချန်ယွီသည် သူချစ်မြတ်နိုးသော ဘူလာဂျီ ဂါဝန်လေးကို ပွေ့ဖက်ကာ မိခင်ဖြစ်သူ၏ အနားသို့ တိုးကပ်၍ လက်မောင်ကို ဆွဲကာ ချွဲနွဲ့လိုက်လေသည်။

"မေမေ... လာမယ့် နွေရာသီကျောင်းပိတ်ရက်ကျရင် သမီး ပီကင်းကို သွားပြီး ဒုတိယအစ်ကိုနဲ့ တူလေး ကို သွားတွေ့မယ်နော်... သမီး အခုထိ တူလေးကို မတွေ့ရသေးဘူး..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ရှော့ကလည်း ချက်ချင်းပင် ဝင်ပြောလိုက်လေ၏။

"မေမေ... သမီးလည်း နွေရာသီကျောင်းပိတ်ရက်မှာ တူလေးဆီ သွားလည်ချင်တယ်..."

"နွေရာသီကျောင်းပိတ်ရက် ဟုတ်လား... အဲ့ဒီအချိန်ကျရင် စက်ရုံမှာ အလုပ်ဘယ်လောက် များမလဲ မသိသေးဘူး..."

အမေကျိုးက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။

"သမီးတော့ ဂရုမစိုက်ဘူး... မေမေတို့နဲ့ ဖေဖေတို့ အလုပ်များရင် သမီးနဲ့ ချန်ရှော့ နှစ်ယောက်တည်း ပီကင်းကို သွားမှာ..."

ကျိုးချန်ယွီက မိခင်၏ လက်မောင်ကို ကိုင်ကာ နှုတ်ခမ်းလေးစူ၍ ချွဲနွဲ့နေခဲ့လေ၏။

အမေကျိုးသည် ပြုံးလျက် သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးလိုက်ကာ...၊

"အေးပါ... နောက်မှ အေးအေးဆေးဆေး တိုင်ပင်ကြတာပေါ့..."

————————————

ကျိုးချန်ယဲ့သည် ရှန်ဟိုင်းရှိ သူ၏ နွေးထွေးသော အိမ်လေးအကြောင်းကို တွေးတောရင်း ကျောင်းဆင်း ချိန်တွင် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် ပရော်ဖက်ဆာ ကျန်းက အတန်းတံခါးဝတွင် သူ့အား လာရောက် တားဆီးခဲ့လေသည်။

သူ၏ ဆရာဖြစ်သော ပရော်ဖက်ဆာ ကျန်းသည် ကျိုးချန်ယဲ့ကို အလွန်ပင် တန်ဖိုးထားသူ ဖြစ်လေ၏။ သူသည် ကျိုးချန်ယဲ့ကို လမ်းဘေးရှိ ကုက္ကိုပင်အောက်သို့ ခေါ်ဆောင်သွားကာ လိုရင်းကို တိုက်ရိုက် ပြောလိုက်လေသည်။

"ချန်ယဲ့... ကျောင်းက အခုပဲ အကြောင်းကြားစာ ထုတ်ပြန်လိုက်တယ်... နောက်တစ်ပတ်နေရင် ကျင်းရှီ တက္ကသိုလ်မှာ အမျိုးသား စက်မှုနည်းပညာ ဖလှယ်ရေး နှီးနှောဖလှယ်ပွဲ တစ်ခု ကျင်းပမယ်တဲ့..."

"ကျောင်းက မင်းကို ထူးချွန်ကျောင်းသား ကိုယ်စားလှယ်အဖြစ် အထူးရွေးချယ်လိုက်တယ်... ဒါက တစ် နိုင်ငံလုံးက ပညာရှင်တွေဆီကနေ သင်ယူဖို့နဲ့ အတွေ့အကြုံ ဖလှယ်ဖို့အတွက် ရခဲတဲ့ အခွင့်အရေးပဲ... ဒါက မင်းရဲ့ နောင်ရေးအတွက် အများကြီး အကျိုးရှိလိမ့်မယ်..."

ထိုစကားကို ကြားရသောအခါ ကျိုးချန်ယဲ့သည် ပထမတွင် ဝမ်းသာသွားခဲ့သော်လည်း နောက်တွင် မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။

"ပရော်ဖက်ဆာ ကျန်း... ဆရာက ကျွန်တော့်ကို အခုလို တန်ဖိုးထားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ခင်ဗျာ..."

"ဒါပေမဲ့... ကျွန်တော့်ဇနီးက ကလေးမွေးထားတာ မကြာသေးတော့ မီးတွင်းထဲမှာပဲ ရှိသေးတယ်... ကလေးကလည်း ငယ်သေးတော့ အိမ်မှာ လူမရှိရင် တကယ်ကို အခက်အခဲ ဖြစ်မှာပါ... ကျွန်တော် ခရီးအဝေးကို မသွားနိုင်မှာ စိုးရိမ်မိပါတယ်..."

ပရော်ဖက်ဆာ ကျန်းသည် သူ၏ ပခုံးကို ပုတ်ကာ လေးနက်စွာဖြင့် အကြံပေးလိုက်လေသည်။

"မင်းက မင်းရဲ့ မိသားစုကို ဂရုစိုက်ပြီး မင်းရဲ့ ဇနီးနဲ့ ကလေးကို ချစ်တယ်ဆိုတာ ဆရာ သိပါတယ်... ဒါကို လည်း ဆရာ နားလည်ပါတယ်..."

"ဒါပေမဲ့ ဒီနှီးနှောဖလှယ်ပွဲက ငါးနှစ်မှာ တစ်ကြိမ်ပဲ ကျင်းပတာ... ရတဲ့ နေရာတွေကလည်း အရမ်းကို တန်ဖိုးရှိတယ်... လူအများကြီးက သွားချင်နေကြပေမဲ့ အခွင့်အရေး မရကြဘူး... မင်းက ဆရာ့ရဲ့ အလား အလာ အရှိဆုံးနဲ့ အရည်အချင်း အရှိဆုံး ကျောင်းသားပဲ... မင်း မသွားဖြစ်ရင် တကယ့်ကို နှမြောစရာ ကောင်းလိမ့်မယ်..."

"အိမ်က ကိစ္စတွေကို တစ်ခုခု စဉ်းစားကြည့်ပါဦး... တခြားနည်းလမ်း မရှိရင်လည်း မင်းရဲ့ ယောက္ခမကို နောက်ထပ် ရက်နည်းနည်းလောက် ကူညီပေးဖို့ တောင်းဆိုကြည့်ပေါ့... ဒီအစီအစဉ်က နှစ်ပတ်ပဲ ကြာ မှာပါ... မင်း ချက်ချင်း ပြန်လာလို့ ရပါတယ်... မင်းကိုယ်မင်း တိုးတက်အောင် လုပ်နိုင်မယ့် ဒီအခွင့် အရေးကြီးကို လက်လွတ်မခံချင်ပါနဲ့ကွာ..."

ကျိုးချန်ယဲ့သည် ရခဲသော ပညာရေး အခွင့်အရေးနှင့် သူ၏ ဂရုစိုက်မှုကို လိုအပ်နေသော ဇနီးနှင့် ကလေးတို့အကြား ဗျာများနေခဲ့လေတော့သည်။

သူသည် အကြပ်ရိုက်နေသဖြင့် ပရော်ဖက်ဆာ ကျန်း၏ စေတနာကို ကျေးဇူးတင်ကြောင်း ပြောကာ ဆိုလိုက်လေသည်။

"ဆရာ... ကျွန်တော် အိမ်ပြန်ပြီး ဇနီးနဲ့ တိုင်ပင်ပါရစေဦး... ပြီးမှ ဆရာ့ကို အကြောင်းပြန်ပါ့မယ်..."

"အေးပါ..."

ပရော်ဖက်ဆာ ကျန်းသည် မျှော်လင့်ချက် အပြည့်ရှိသော မျက်လုံးများဖြင့် ကျိုးချန်ယဲ့၏ ပခုံးကို ပုတ် ကာ ပြောလိုက်လေသည်။

"မင်းဆီက သတင်းကောင်းကို ဆရာ စောင့်နေပါ့မယ်..."

ကျိုးချန်ယဲ့သည် ခေါင်းညိတ်ပြကာ ပရော်ဖက်ဆာ ကျန်းနှင့် လမ်းခွဲပြီးနောက် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့လေသည်။

ဤကိစ္စကို သူ၏ ဇနီးအား မည်သို့ ပြောပြရမည်ကို သူ စဉ်းစားနေခဲ့လေသည်။ သူ၏ ဆရာကိုလည်း စိတ်မပျက်စေချင်သကဲ့သို့ အိမ်ရှိ ဇနီးနှင့် ကလေးကိုလည်း တကယ့်ကို စိတ်မချ ဖြစ်နေမိခဲ့လေတော့ သည်။

All Chapters