အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) ပညာရပ်ဆိုင်ရာ ဖလှယ်ရေး နှီးနှောဖလှယ်ပွဲ
ကျိုးချန်ယဲ့ တံခါးကို တွန်းဖွင့်လိုက်သည့် ခဏ၌ ကြက်စွပ်ပြုတ်နံ့ သင်းသင်းလေးနှင့်အတူ ကလေးနို့မှုန့် နံ့တို့က သူ့နှာခေါင်းထဲသို့ လွင့်ပျံ့လာခဲ့ပြီး နွေးထွေးသော အိမ်တွင်းလေထုကြောင့် လမ်းတစ်လျှောက် လုံး ခံစားနေရသည့် စိတ်ဖိစီးမှုများမှာလည်း လွင့်စင်သွားခဲ့လေတော့သည်။
ထျန်ရှောင်ယာမှာ ကုတင်ခေါင်းရင်းကို မှီလျက် သူ၏ရင်ခွင်ထဲရှိ ကျောက်ခဲလေးကို ညင်သာစွာ ပုတ်၍ ချော့သိပ်နေလေသည်။ တံခါးဖွင့်သံကို ကြားသောအခါ သူ မော့ကြည့်လိုက်ပြီး မျက်လုံးများတွင် အပြုံး ရိပ်များ ယှက်သန်းသွားကာ ပြောလိုက်လေသည်...။
"ပြန်လာပြီလား... ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ..."
ကျိုးချန်ယဲ့မှာ ကုတင်ဘေးသို့ ခြေဖျားထောက်ကာ လျှောက်သွားလိုက်ပြီး ကလေးငယ်၏ နီမြန်းနေ သော ပါးပြင်လေးကို ငေးကြည့်လျက် အသံကို အတတ်နိုင်ဆုံး လျှော့၍ ပြောလိုက်လေသည်...။
"ကျောင်းဆင်းခါနီးကျမှ ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ..."
စကားပြောနေစဉ် သူသည် ကလေးငယ်၏ လက်ကလေးကို လှမ်း၍ ထိတွေ့လိုက်ရာ ထိုနူးညံ့သော အထိအတွေ့ကြောင့် သူ၏ ရင်ထဲ၌ ပို၍ပင် ဗျာများသွားခဲ့ရလေသည်။
ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့၏ အမူအရာ ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားပြီး တိုးတိုးလေး မေးမြန်းလိုက်လေသည်...။
"ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်လာလို့လားဟင်..."
ကျိုးချန်ယဲ့သည် ကုတင်ဘေးတွင် ထိုင်လိုက်ကာ လက်ချောင်းလေးများဖြင့် အိပ်ယာခင်းကို သတိလက် လွတ် ပွတ်သပ်နေမိပြီး စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်လေသည်...။
"အစ်ကို့ရဲ့ ဆရာက အမျိုးသား ပညာရပ်ဆိုင်ရာ ဖလှယ်ရေး နှီးနှောဖလှယ်ပွဲမှာ တက်ရောက်ဖို့ အစ်ကို့ အတွက် နေရာတစ်ခု လျှောက်ထားပေးတယ်လေ... အဲ့ပွဲက ကျင်းရှီမှာ လုပ်မှာဆိုတော့ တစ်ပတ်ခွဲ လောက်တော့ ကြာလိမ့်မယ်..."
ထိုအချိန်မှာပင် အမေထျန်မှာ ကြက်စွပ်ပြုတ် ပန်းကန်ကို ကိုင်ဆောင်လျက် လိုက်ကာကို မကာ အထဲသို့ ဝင်လာခဲ့လေသည်။
ထိုသတင်းကို ကြားသောအခါ သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံးလျက် ပြောလိုက်လေ သည်...။
"ဒါက သတင်းကောင်းပဲလေ... ရှောင်ယဲ့... မင်းရဲ့ ဆရာက မင်းကို ဒီလောက်တောင် တန်ဖိုးထားတာပဲ ကွယ်... ဒီလို အခွင့်အရေးမျိုးဆိုတာ မီးအိမ်နဲ့ လိုက်ရှာရင်တောင် ရဖို့ ခက်တယ်နော်..."
ထျန်ရှောင်ယာ၏ ရင်ခွင်ထဲရှိ ကျောက်ခဲလေးမှာ ရုတ်တရက် အသံလေးပြုကာ ခန္ဓာကိုယ်လေးကို အနည်းငယ် လှုပ်ယမ်းလာခဲ့လေသည်။
သူသည် ကလေးငယ်ကို ပြန်လည် ချော့မြှူရန်အတွက် လက်ဖဝါးလေးဖြင့် ကလေး၏ တင်ပါးလေးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ကျိုးချန်ယဲ့ကို လှမ်းကြည့်လိုက်သော်လည်း ချက်ချင်းတော့ အဖြေမပေးခဲ့ ချေ။
ကျိုးချန်ယဲ့က သက်ပြင်းတစ်ချက် ချလိုက်ကာ...၊
"ဒါက ကောင်းတဲ့ အခွင့်အရေးဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ရှောင်ယာက မီးတွင်းထဲမှာပဲ ရှိသေးတယ်လေ... ကလေးကလည်း ငယ်သေးတော့ ကျွန်တော် တစ်ပတ်ခွဲလောက် မရှိရင် သူ့အတွက် စိတ်မချနိုင် ဖြစ်နေမိလို့ပါ..."
"မင်းကလည်း ဘာတွေ လျှောက်ပြောနေတာလဲ ကလေးရယ်..."
အမေထျန်က ကြက်စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး...
"သူ့ရဲ့ မီးနေသည် ကာလမှာ ငါရှိနေတာပဲကွယ်... ရှောင်ယာက သူ့ရဲ့ ကျန်းမာရေး ပြန်ကောင်းဖို့ပဲ အာရုံ စိုက်ရမှာ... ကလေးကိုလည်း ငါ ကူပြီး ထိန်းပေးလို့ ရတာပဲ..."
"မင်းက တက္ကသိုလ်ကျောင်းသား တစ်ယောက်လေ... ဒီလို ပညာရပ်ဆိုင်ရာ ဖလှယ်ရေးဆိုတာ တကယ့် ကို တန်ဖိုးရှိတာ... အဲ့ဒီကို သွားရင် မင်းရဲ့ အမြင်တွေ ပိုကျယ်လာလိမ့်မယ်... ဒါက မင်းရဲ့ အနာဂတ် တိုး တက်မှုအတွက် အရမ်း အရေးကြီးတယ်လေ... မိသားစု ကိစ္စတွေကြောင့် ဒီအခွင့်အရေးကို အဆုံးရှုံး မခံပါနဲ့ကွယ်..."
ထျန်ရှောင်ယာကလည်း ခေါင်းညိတ်ပြကာ ထောက်ခံလိုက်လေသည်...။
"အာယဲ့... အစ်ကို ကျွန်မတို့ကို စိတ်မချဖြစ်နေတာ သိပါတယ်... ဒါပေမဲ့ အစ်ကို့ဆရာက အစ်ကို့ကို တန်ဖိုးထားလို့ ဒီနေရာကို အခက်အခဲတွေကြားက ရအောင် လုပ်ပေးထားတာလေ..."
"တကယ်လို့များ အစ်ကိုသာ အခု လက်လျှော့လိုက်ရင် ဆရာ့ရဲ့ စေတနာကို စော်ကားသလို ဖြစ်သွားရုံ တင်မကဘူး… အစ်ကို နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှကိုလည်း ဖြုန်းတီးပစ်ရာ ရောက်လိမ့်မယ်..."
"အမေလည်း ရှိနေတာပဲ... ဒုတိယအစ်ကိုနဲ့ မရီးတို့ကလည်း ကျွန်မကို ကူကြည့်ပေးနေကြတာဆိုတော့ အရာအားလုံး အဆင်ပြေမှာပါ..."
သူသည် ကျိုးချန်ယဲ့၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများမှာ ကြည်လင်ပြတ်သားနေ ခဲ့ပေသည်...။
"စိတ်အေးအေးထားပြီး သွားပါ... ကျွန်မနဲ့ ကလေးက အိမ်မှာ အစ်ကို ပြန်လာမှာကို စောင့်နေပါ့မယ်..."
အမေထျန်ကလည်း ဆက်ပြောလိုက်လေသည်...။
"ရှောင်ယဲ့... ရှောင်ယာ ပြောတာ မှန်တယ်... ဒီလို အခွင့်အရေးကောင်းကို လက်လွတ်မခံသင့်ဘူး..."
"အိမ်မှာ ငါရယ်၊ မင်းရဲ့ ဒုတိယအစ်ကိုနဲ့ သူ့မိသားစုရယ် ရှိနေတာပဲ... ငါတို့ သုံးယောက်ပေါင်းမှ ရှောင်ယာနဲ့ ကလေးကို သေချာ မစောင့်ရှောက်နိုင်ဘဲ နေပါ့မလား..."
"သွားသာသွားပါ... အဲ့ဒီမှာ ပညာကို ကြိုးကြိုးစားစား သင်ယူပြီး ငါတို့ မိသားစုအတွက် ဂုဏ်ဆောင် ပေးပါ... အိမ်က ကိစ္စတွေအတွက် ဘာမှ စိတ်မပူနဲ့... ဘာပြဿနာပဲ ပေါ်လာပေါ်လာ ငါတို့ ဖြေရှင်းနိုင်ပါ တယ်..."
ဒုတိယမရီးမှာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ခါးစည်းကို ကိုင်လျက် လက်များကို သုတ်နေခဲ့လေသည်။ သူသည် လူတိုင်းကို ထမင်းစားရန် လာခေါ်စဉ် ထိုစကားများကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ပြုံး ကာ ပြောလိုက်လေသည်...။
"အစ်ကိုယဲ့... အစ်ကိုတို့အတွက် ကျွန်မတို့ ရှိနေတာပဲ စိတ်ချလိုက်ပါ... ထျန်ရှောင်ယာနဲ့ ကျောက်ခဲ လေးကို မှဲ့တစ်ပေါက်မစွန်းအောင် သေချာ ဂရုစိုက်ပေးထားပါ့မယ်..."
"ကျင်းရှီကို သွားပြီး ပညာကို ကြိုးစားသင်ယူခဲ့ပါ... အစ်ကို ပြန်လာတဲ့အခါ ကျင်းရှီက စိတ်ဝင်စားစရာ အကြောင်းတွေနဲ့ အစ်ကို သင်ယူခဲ့တဲ့ အကောင်းဆုံးအရာတွေကို ကျွန်မတို့ကို ပြန်ပြောပြဦးပေါ့... ဒါမှ ကျွန်မတို့လည်း အမြင်ကျယ်သွားမှာလေ..."
သူ၏ ဇနီးသည်၏ နူးညံ့သော်လည်း ခိုင်မာသော မျက်လုံးများကို ကြည့်လိုက်ပြီးနောက် အမေထျန်နှင့် ဒုတိယမရီးတို့၏ အားပေးမှုကို ရရှိလိုက်သောအခါ ကျိုးချန်ယဲ့၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာ လာခဲ့တော့သည်။
သူ၏ မိသားစု ပြောသည်မှာ မှန်ကန်ကြောင်း သူ သိသော်လည်း စိုးရိမ်စိတ်မှာမူ လေးလံနေဆဲပင် ဖြစ် ချေသည်...။
"ဒါပေမဲ့ ကလေးက ညဘက်ဆို ခဏခဏ နိုးတတ်တာလေ... အမေတို့ကလည်း အခုတောင် အနားယူ ချိန် မလောက်ငဘူး ဖြစ်နေတာ... ကျွန်တော် မရှိရင် အမေတို့ ပိုပြီး ပင်ပန်းမှာကို စိုးရိမ်လို့ပါ..."
"ပင်ပန်းတာလေးက ဘာများ ဖြစ်သလဲကွယ်..."
ထျန်ရှောင်ယာက ပြုံးလိုက်ကာ...၊
"ကလေးက ကျွန်မတို့အတွက် မျက်စိအောက်က အမိမခံနိုင်တဲ့ ရတနာလေးပဲ... သူ့ကို ပြုစုရတာကို ကျွန်မ ပျော်ပါတယ်..."
"ပြီးတော့ အစ်ကိုက နှီးနှောဖလှယ်ပွဲကို သွားတက်တာက ကျွန်မတို့ မိသားစုရဲ့ ပိုကောင်းတဲ့ အနာဂတ် အတွက်ပဲ မဟုတ်လား..."
"ထပ်ပြီး တွေဝေ မနေပါနဲ့တော့... အမြင်ကျယ်အောင် သွားလိုက်ပါ... ပြီးရင် အမြန် ပြန်လာခဲ့ပေါ့..."
အမေထျန်ကလည်း ဝင်ပြောလိုက်လေသည်...၊
"ဟုတ်တာပေါ့... ငါ ငယ်ငယ်တုန်းက ကလေး လေးယောက်တောင် ပြုစုပျိုးထောင်ခဲ့တာပဲ... အခု တစ် ယောက်တည်းကို ဘာလို့ မနိုင်ရမှာလဲ... စိတ်မပူနဲ့... ရှောင်ယာနဲ့ ကလေးကို ငါ သေချာ စောင့်ရှောက် ပေးမယ်လို့ ကတိပေးပါတယ်..."
သားအမိနှစ်ဦး၏ အပြန်အလှန် ဖျောင်းဖျမှုကို နားထောင်ပြီးနောက် ကျိုးချန်ယဲ့၏ စိတ်ထဲမှ ဗျာများ မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နွေးထွေးမှုနှင့် အားနာစိတ်တို့သာ ကျန်ရစ်ခဲ့လေတော့ သည်။
သူသည် ပြတ်သားစွာ ခေါင်းညိတ်လိုက်ကာ...၊
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် အမေတို့ စကားကို နားထောင်ပါ့မယ်... အမေတို့ကို အားနာစရာ ဖြစ်မိပြီ..."
"ကိုယ့်မိန်းမကို ဘာလို့ ဒီလောက် အားနာနေရတာလဲ..."
ထျန်ရှောင်ယာက သူ့ကို အားနာသလို ကြည့်လိုက်ကာ...၊
"အရင်ဆုံး သွားပြီး လက်ဆေးလိုက်ဦး... ထမင်းစားလို့ ရတော့မယ်... မနက်ဖြန်ကျရင် အမေက အစ်ကို့ အတွက် အဝတ်အစားတွေ ပြင်ပေးလိမ့်မယ်..."
ကျိုးချန်ယဲ့က သဘောတူလိုက်သော်လည်း သူ၏ စိတ်ထဲ၌မူ အစီအစဉ်များ ဆွဲနေခဲ့လေပြီဖြစ်၏...။ သူသည် ကျင်းရှီသို့ စိတ်အေးလက်အေး သွားနိုင်ရန်အတွက် မိသားစု လိုအပ်သမျှကို မသွားခင်မှာပင် အားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပေးသွားရမည် ဖြစ်ပေသည်။
————————————
နောက်ထပ် နှစ်ရက်အတွင်းတွင် အမေထျန်မှာ ကျိုးချန်ယဲ့၏ အဝတ်အထုပ်များကို ပြင်ဆင်ပေးခြင်းနှင့် လမ်းခရီးအတွက် စားစရာများကို ပြင်ပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့လေသည်။ သူသည် အိမ်ရှိ အသုံး ဝင်မည့် ပစ္စည်းမှန်သမျှကို ကျိုးချန်ယဲ့ထံ ထည့်ပေးချင်နေခဲ့ခြင်းဖြစ်ပေသည်။
ကျိုးချန်ယဲ့မှာမူ သူတို့အား ဝိုင်းကူပေးရင်း စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်နိုင်မည့် အချိန်ကောင်းကို ချောင်းမြောင်းနေခဲ့လေသည်။
ညဉ့်နက်လာသောအခါ ကျောက်ခဲလေးမှာ သူ၏ ပုခက်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ထျန်ရှောင်ယာ မှာလည်း အိပ်မောကျနေခဲ့လေပြီဖြစ်၏။
စိတ်ထဲမှ အာရုံပြုလိုက်ရုံဖြင့် ကျိုးချန်ယဲ့သည် သူ၏ ကိုယ်ပိုင် နေရာလွတ်အတွင်းသို့ ရောက်ရှိသွား ခဲ့တော့သည်။
ရင်းနှီးပြီးသား နယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့် သစ်သီးခြံမှ မွှေးပျံ့သော အနံ့အသက်များက သူ့ထံသို့ လွင့်ပျံ့လာခဲ့လေ၏။
သူသည် ပစ္စည်းများ ဝယ်ယူရန် ကုန်တိုက်သို့ ချက်ချင်း မသွားဘဲ သစ်သီးခြံအတွင်းသို့ အရင်ဆုံး လမ်း လျှောက်သွားလိုက်ပြီး အနေတော် မှည့်နေသော ဒူးရင်းသီးတစ်လုံးကို ဆွတ်ယူလိုက်လေသည်။ ဒူးရင်း သီးကို အမြောင်းလိုက် ခွဲလိုက်သောအခါ ရွှေရောင်သန်းကာ အိစက်ညက်ညောသော အသားများ ပေါ် ထွက်လာပြီး မွှေးကြိုင်လှသော အနံ့မှာ နှာခေါင်းထဲသို့ တန်း၍ တိုးဝင်လာခဲ့လေသည်။
သူသည် အသားတစ်ဖတ်ကို အမြန်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ နူးညံ့သော ဒူးရင်းသီး အသားမှာ လျှာပေါ်တွင် အရည်ပျော်သွားပြီး နို့နံ့သင်းသင်းလေးနှင့်အတူ ချိုမြိန်အိစက်နေခဲ့လေပေ၏။
ထိုအရသာကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က ပင်ပန်းနွမ်းနယ်မှုများမှာ လွင့်စင်သွားခဲ့ပြီး သူ့ကိုယ် သူ စိတ်သက်သာရာ ရသွားစေခဲ့တော့သည်။
"ဟူး..."
"ဘယ်သူလဲ... ဘယ်သူလဲ..."
နူးညံ့ပြီး ချိုသာသော အသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ကျိုးချန်ယဲ့ အသံလာရာ သို့ ကြည့်လိုက်သောအခါ အရင်ကထက် ပို၍ ဝဖီးလာသော ချိုးချိုးမှာ မွေးမြူရေးခြံအတွင်း၌ ခုန်ဆွ ခုန်ဆွ လုပ်နေသည်ကို မြင်လိုက်ရ၏။ သူ၏ လုံးဝန်းနေသော ခန္ဓာကိုယ်လေးမှာ မွေးမြူရေးခြံရှိ တိရစ္ဆာန်လေးများကို ပတ်ချာလည်ဝိုင်းကာ ပျော်ရွှင်နေခဲ့လေသည်။
"ကလေးဆန်လိုက်တာ..."
ကျိုးချန်ယဲ့သည် ဆူညံနေသော ထိုပုံရိပ်လေးကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်ပြီး ဒူးရင်းသီး တစ်လုံး လုံးကို ကျေနပ်စွာ ပွဲတော်တည်လိုက်လေတော့သည်။ သူသည် နှုတ်ခမ်းဘေးမှ အကြွင်း အကျန်များကို သုတ်လိုက်ကာ ကုန်တိုက်၏ မြေအောက် ဒုတိယထပ်သို့ ဦးတည် လျှောက်လှမ်းသွားခဲ့ လေတော့သည်။
သူသည် အချိန်ဆွဲမနေတော့ဘဲ အိမ်သုံးပစ္စည်း အရောင်းဌာနသို့ တန်းသွားလိုက်လေသည်။
ပထမဦးစွာ အရည်အသွေးမြင့် ဆန်နှင့် ဂျုံမှုန့် အိတ်အချို့ကို ရွေးချယ်လိုက်ပြီးနောက် အဆီပိုများသော ဝက်သား (၁၀) ကျင်း၊ ဝက်နံရိုး (၅) ကျင်း၊ ဝက်လက် (၆) ခုနှင့် ဆိတ်ခြေထောက် တစ်ချောင်းတို့ကို ယူလိုက် လေသည်။
အိမ်မှာ ဝက်ဆီ ကုန်ခါနီးနေသည်ကို သတိရသွားသဖြင့် သူသည် (၅) ကျင်းခန့်ရှိသော ဝက်ဆီဖတ် အသားတစ်တုံးကို အထူးတလည် ရွေးချယ်လိုက်လေသည်။
သူ၏ ယောက္ခမမှာ ဝက်ဆီချက်ရာတွင် ကျွမ်းကျင်သူ ဖြစ်လေသည်။ သူချက်သော ဝက်ဆီမှာ ကြည် လင် တောက်ပနေပြီး ကျန်ရစ်သော ဝက်ဆီဖတ်ကြော်လေးများကို ဆားလေးဖြူး၍ စားလိုက်လျှင် တကယ့်ကို စားမြိန်လှပေသည်။
ကျိုးချန်ယဲ့မှာ တံတွေးပင် မျိုချမိသွားပြီး ဝက်ဆီ (၅) ကျင်းကိုလည်း တိတ်တဆိတ် ထပ်မံ ထည့်လိုက် လေတော့သည်...။
ခေတ္တမျှ စဉ်းစားပြီးနောက် အိမ်တွင် အမြဲသုံးလေ့ရှိသော ဆား၊ ပဲငပိရည်နှင့် ရှာလကာရည် အချို့ကို လည်း ယူလိုက်လေသည်။
ဤပမာဏရှိသော ဆန်၊ ဂျုံနှင့် ဆီတို့မှာ မိသားစုအတွက် တစ်ပတ်ခွဲစာထက်ပင် ပို၍ လောက်ငှနိုင်မည် ဖြစ်ပေသည်။