အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) လျူကျန့်ကော် နေရပ်သို့ ပြန်ခြင်း
ကျိုးချန်ယဲ့သည် ထို့နောက်တွင် မိခင်နှင့် ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ ရောင်းချ ရာ ဌာနသို့ ဆက်လက်၍ သွားရောက်ခဲ့လေ၏။ သူ၏ ဇနီးသည်မှာ မီးတွင်းထဲတွင်သာ ရှိသေးသဖြင့် အာဟာရ ပြည့်ဝရန် လိုအပ်သောကြောင့် သူသည် ပရိုတင်းဓာတ် မြင့်မားသော နို့မှုန့်ဘူးအချို့နှင့် အရည်အသွေးကောင်းမွန်သော သကြားညို နှစ်ထုပ်ကို ရွေးချယ်လိုက်လေသည်။
ထို့ပြင် မွေးကင်းစ ကလေးငယ်များအတွက် သင့်လျော်သော နို့မှုန့်ဘူးအချို့၊ ဖန်နို့ဗူး တစ်လုံး၊ ကလေး ဝတ် ဂွမ်းခံ အင်္ကျီနှစ်ထည်နှင့်အတူ ဂွမ်းသားဖြင့် ပြုလုပ်ထားသော ပန်းပုံစံ ကလေးတံတွေးခံများ၊ ဂွမ်းသား သေးခံ ဆယ်ထည်တို့ကိုလည်း ရွေးချယ်ခဲ့လေ၏။
သူသည် ခေတ်မီ သေးခံများကို မသုံးချင်၍ မဟုတ်ပေ။ ဤခေတ်ကာလတွင် ထိုအရာများကို အသုံးမပြု ကြခြင်းကြောင့် ဖြစ်ပေသည်။
ယခင်က သူသည် ညဘက်၌ သားဖြစ်သူကို ခေတ်မီ သေးခံများ အကြိမ်အနည်းငယ် တိတ်တဆိတ် သုံးပေးခဲ့ဖူးသော်လည်း မိုးမလင်းမီတွင် အရာအားလုံးကို သေသေသပ်သပ် ပြန်လည် သိမ်းဆည်းရ လေသည်။ ညဉ့်နက်သန်းခေါင်တွင် ဇနီးဖြစ်သူ သိသွားမည်ကိုလည်း စိုးရိမ်ရသဖြင့် တကယ့်ကို ပင်ပန်းလှပေသည်။
ကံကောင်းသည်မှာ ချိုးချိုး၏ နောက်ဆုံး အဆင့်မြှင့်တင်မှုအပြီးတွင် နေရာလွတ်အတွင်းမှ ယူဆောင် လာသော ပစ္စည်းများကို ယခုခေတ်ကာလနှင့် ကိုက်ညီသော ပုံစံမျိုးဖြင့် အလိုအလျောက် ပြန်လည် ထုပ်ပိုးပေးနိုင်ခြင်းပင် ဖြစ်၏။ ဤအချက်က များစွာသော ဒုက္ခများကို လျှော့ချပေးခဲ့လေသည်။
ဤပစ္စည်းများသည် အပြင်လောကတွင် ဝယ်ယူရန် ခက်ခဲလှသဖြင့် ရှိထားခြင်းက ဇနီးဖြစ်သူအတွက် ကလေးကို ပြုစုစောင့်ရှောက်ရာ၌ များစွာ လွယ်ကူစေလိမ့်မည် ဖြစ်ပေသည်။
ထို့နောက် သူသည် သစ်သီးဝလံဌာနသို့ ရောက်ရှိလာခဲ့ရာ သစ်သီးများမှာ လတ်ဆတ်ပြီး အရည်ရွှမ်းနေ ကာ နံနက်ခင်း နှင်းစက်နံ့ပင် ရနေသကဲ့သို့ ခံစားရလေသည်။
သူသည် သူ၏ နေရာလွတ်အတွင်းရှိ သစ်သီးခြံမှ သစ်သီးအချို့ကို ဆွတ်ယူကာ ကုန်တိုက်၏ မြေ အောက် ဒုတိယထပ်တွင် အအေးခံ၍ သိမ်းဆည်းထားပြီး ဖြစ်လေသည်။ ယခုအခါ သစ်သီးခြံအတွင်း၌ သစ်သီးများမှာ ထပ်မံ၍ ဝေဆာနေခဲ့ပြန်လေပြီ။
ထို့နောက် ပန်းသီး (၅) ကျင်း၊ လိမ္မော်သီး (၅) ကျင်း၊ သစ်တော်သီး (၅) ကျင်းတို့ကို ရွေးချယ်လိုက်ပြီး စတော်ဘယ်ရီ (၂) ကျင်းနှင့် စပျစ်သီး (၂) ခိုင်တို့ကိုလည်း ယူဆောင်လိုက်လေသည်။ မီးနေသည် ကာလ အတွင်း ကျန်းမာရေး ပြန်လည် ကောင်းမွန်ရန် ဗီတာမင်ဓာတ်မှာ မရှိမဖြစ် လိုအပ်သဖြင့် ဤသစ်သီး များမှာ မိသားစုအတွက် ခေတ္တမျှ လောက်ငှနိုင်ပေလိမ့်မည်။
အမေထျန်အတွက် ထမင်းချက်ရာတွင် အဆင်ပြေစေရန် သူသည် ပျားအုံပုံစံ မီးသွေးခဲ အခု (၂၀၀) ကို လည်း ပြင်ဆင်လိုက်လေသည်။
နောက်ဆုံးတွင် သူသည် ဆေးဝါးဌာနသို့ သွားရောက်ကာ အသုံးများသော အအေးမိပျောက်ဆေး၊ အဖျားကျဆေး၊ အိုင်အိုဒင်း၊ ဂွမ်းတံနှင့် ပတ်တီးစ အချို့ကို ရွေးချယ်လိုက်လေ၏။ သို့မှသာ မိသားစုဝင် တစ်ဦးဦး နေထိုင်မကောင်း ဖြစ်ပါက အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်ပေသည်။
ဤပစ္စည်းများကို သေသေသပ်သပ် စီစဉ်ပြီးနောက်တွင် ကျိုးချန်ယဲ့သည် ပေါများလှသော ရိက္ခာများကို ကြည့်ကာ စိတ်အေးသွားခဲ့လေတော့သည်။
ထိုသို့ တွေးတောရင်း သူသည် နေရာလွတ်အတွင်းမှ အမြန်ထွက်လာခဲ့ရာ သူ၏ ဇနီးနှင့် သားဖြစ်သူမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ၏ နှုတ်ခမ်း၌ နူးညံ့သော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာခဲ့လေသည်။
သူသည် ပုခက်နားသို့ တိတ်တဆိတ် လျှောက်သွားကာ ကျောက်ခဲလေး၏ စောင်ကို သေသေချာချာ ပြန် ခြုံပေးလိုက်ပြီးနောက် ကုတင်ပေါ်သို့ တက်ကာ ဇနီးဖြစ်သူကို ရင်ခွင်ထဲ၌ ညင်သာစွာ ပွေ့ပိုက်လျက် ကျေနပ်စွာဖြင့် အိပ်စက်လိုက်လေတော့သည်။
နောက်ထပ် နှစ်ရက်အတွင်းတွင် သူသည် အခွင့်အရေးကို အသုံးချကာ နေရာလွတ်အတွင်း၌ ပြင်ဆင် ထားသော ပစ္စည်းများကို အိမ်သို့ တဖြည်းဖြည်း သယ်ယူခဲ့လေသည်။
————————————
ကျောင်းဆင်းခေါင်းလောင်းသံ မြည်သည်နှင့် ကျိုးချန်ယဲ့သည် ကျောင်းဂိတ်ဝသို့ လျှောက်သွားနေကြ သော ဝမ်အိုက်တန့်နှင့် လီဝေကျွင်းတို့ကို လှမ်းဖမ်းလိုက်ကာ ခေါင်းကိုအနည်းငယ် မော့လျက် ပြော လိုက်လေသည်....။
"မသွားကြနဲ့ဦး... ကျောင်းဂိတ်ဝက အစိုးရပိုင် စားသောက်ဆိုင်မှာ ငါ အစ်ကိုတွေကို အရက်လေး ဘာ လေး တိုက်ပါရစေဦး..."
ဝမ်အိုက်တန့်မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် နောက်ပြောင်လိုက်လေသည်...။
"ဟေ့... လောင်ကျိုး... မင်း အလုပ်တွေ ပြီးသွားပြီလား... ပြီးခဲ့တဲ့ ရက်တွေတုန်းက မင်းကို တစ်ခါမှ မတွေ့ရဘူးနော်... စာကြည့်တိုက်မှာပဲ ရှိနေတာလား ဒါမှမဟုတ် အိမ်ကိုပဲ ပြေးနေတာလား..."
ကျိုးချန်ယဲ့သည် နှုတ်ခမ်း၌ အပြုံးတစ်ခုဖြင့် လျှောက်လှမ်းနေရင်း ပြန်လည် ဖြေလိုက်လေသည်...။
"ဟုတ်တယ်... ပညာရပ်ဆိုင်ရာ ဖလှယ်ရေးပွဲအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းလို့ ပြီး သွားပြီလေ... ပြီးခဲ့တဲ့ ရက်တွေတုန်းက အရမ်း အလုပ်များနေလို့ အဆောင်ကိုတောင် မပြန်ဖြစ်လိုက် ဘူး..."
သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ...။
"ဟေ့... အစ်ကိုကြီး ကျန့်ကော်ရော... ဘယ်နား ရောက်နေတာလဲ... ငါ သူ့ကို မတွေ့မိပါလား..."
လျူကျန့်ကော်၏ အမည်ကို ကြားသောအခါ လီဝေကျွင်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားခဲ့ပြီး ခေါင်းခါလျက် ပြောလာခဲ့လေသည်...။
"အစ်ကိုကြီး ကျန့်ကော်က မနေ့ကပဲ ဆရာ့ဆီမှာ ခွင့်တိုင်သွားတယ်... သူတို့ အိမ်ကနေ အရေးပေါ် သတင်းရောက်လာလို့ နေရပ်ကို ညတွင်းချင်းပဲ ပြန်သွားပြီလေ..."
"သူ ခွင့်ယူထားတာလား..."
ကျိုးချန်ယဲ့မှာ အံ့အားသင့်သွားခဲ့လေသည်...။
"ပြီးခဲ့တဲ့ ရက်တွေမှာက ကျောင်းဆင်းတာနဲ့ အိမ်ကိုပဲ အမြန်ပြန်နေတာနဲ့ ငါ တကယ်ပဲ သတိမထားမိ လိုက်ဘူး... သူ့အိမ်မှာ ဘာဖြစ်လို့လဲဆိုတာ အစ်ကိုတို့ သိကြလား..."
လီဝေကျွင်းက မျက်မှောင်ကြုတ်ကာ...၊
"ငါတို့လည်း အသေးစိတ်ကို မသိဘူး... သူ ခွင့်တိုင်တုန်းကတော့ အိမ်မှာ ကိစ္စတစ်ခု ပေါ်လာလို့ဆိုတာပဲ ပြောသွားတာ... အဆောင်ကို ပြန်ပြီး အဝတ်အစား နှစ်စုံလောက်ကို အမြန်ထုပ်ပိုးပြီး ထွက်သွားတာ ပဲ..."
ကျိုးချန်ယဲ့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။ လျူကျန့်ကော်သည် အမြဲတမ်း စေ့စပ်သေချာ သူ ဖြစ်သဖြင့် ထိုကဲ့သို့ အလျင်စလို ဖြစ်နေခြင်းမှာ အိမ်တွင် ကြီးမားသော ကိစ္စတစ်ခု ပေါ်ပေါက်နေ ခြင်းကြောင့် ဖြစ်ရပေမည်။ သူသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ကာ...၊
"ကိစ္စသေးသေးလေး ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့... သူပြန်လာတဲ့အခါမှပဲ ငါတို့ သေသေချာချာ မေးကြည့်ကြတာပေါ့..."
ထိုသူ သုံးဦး အစိုးရပိုင် စားသောက်ဆိုင်သို့ ဝင်လိုက်သည်နှင့် ကျိုးချန်ယဲ့သည် ဟင်းပွဲစာရင်းကို ကြည့်လိုက်ပြီး ကောင်တာသို့ အော်ပြောလိုက်လေသည်...။
"ရဲဘော်... ဝက်သားနီချက် တစ်ပွဲ၊ ငါးကြော် တစ်ပွဲ၊ ဝက်သား ငရုတ်စိမ်းကြော် တစ်ပွဲနဲ့ အာလူးချောင်း ကြော် တစ်ပွဲ ပေးပါ... ပြီးတော့ ထမင်း သုံးပန်းကန်နဲ့ မန်ထို သုံးလုံးလည်း ပေးဦးနော်..."
ခေတ္တမျှ စဉ်းစားပြီးနောက် သူက ထပ်လောင်း ပြောလိုက်လေသည်...။
"အရက် ဖြူ နှစ်ကျင်းကို ကြွေခွက်ထဲ ထည့်ပြီး ပေးပါဦး..."
"ကောင်းပါပြီ ရဲဘော်... စုစုပေါင်း (၆) ယွမ်နဲ့ (၉၈) ပဲ ပြား ကျသင့်ပါတယ်... ရိက္ခာလက်မှတ် (၂) ကျင်းနဲ့ အရက်လက်မှတ်( ၂) ကျင်းလည်း ပေးရပါမယ်..."
ဝန်ထမ်းက စာရင်းတွက်ချက်လျက် ပြန်လည် ပြောလိုက်လေသည်။
ကျိုးချန်ယဲ့သည် ငွေကို ကျွမ်းကျင်စွာ ပေးချေလိုက်ပြီးနောက် ၎င်းတို့ သုံးဦးသည် ထောင့်တစ်နေရာရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြလေသည်။
မကြာမီမှာပင် စားစရာများ ရပြီဖြစ်ကြောင်း ဝန်ထမ်းက အကြောင်းကြားလာခဲ့လေ၏။ သူတို့သည် ဟင်းပွဲများကို စားပွဲပေါ်သို့ အမြန်သယ်ယူလာခဲ့ကြပြီး အရက်ဖြူကို ကြွေခွက်ထဲသို့ ထည့်လိုက်ရာ အရက်နံ့ သင်းသင်းလေးမှာ လွင့်ပျံ့လာခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် ကြွေခွက်ကို ကိုင်ကာ ဝမ်အိုက်တန့်နှင့် လီဝေကျွင်းတို့အား ဝေပေးလိုက် ပြီးနောက် ခွက်နှုတ်ခမ်းကို လက်ဖြင့် ပုတ်လျက် ပြောလိုက်လေသည်...။
"အရင်ဆုံး တစ်ငုံလောက် သောက်ကြတာပေါ့... ပြီးခဲ့တဲ့ ရက်တွေမှာ ငါ အရမ်း အလုပ်များနေလို့ အစ်ကိုတို့နဲ့ စကားမပြောဖြစ်တာကို ဒီထမင်းဝိုင်းနဲ့ပဲ တောင်းပန်ပါတယ်..."
အရက်နှင့် ဟင်းပွဲများကို အကြိမ်အနည်းငယ် သုံးဆောင်ပြီးနောက် ကျိုးချန်ယဲ့သည် သူ၏ ကြွေခွက်ကို ချလိုက်ကာ ဝမ်အိုက်တန့်ကို ကြည့်၍ လေးနက်စွာ ပြောလိုက်လေသည်...။
"အိုက်တန့်... မင်းနဲ့ မရီးကို ငါ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ..."
ဝမ်အိုက်တန့်သည် ကြွေခွက်ထဲရှိ အရက်ကို တစ်ကျိုက်တည်းနှင့် သောက်ချလိုက်ပြီးနောက် ပါးစပ်ကို သုတ်လျက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်...။
"လောင်ကျိုး... ညီအစ်ကိုတွေကြားမှာ ဒီလိုတွေ အားနာနေစရာ မလိုပါဘူး... ပြောချင်တာရှိရင် ပွင့်ပွင့် လင်းလင်းသာ ပြောစမ်းပါ..."
"အစ်ကိုတို့ သိတဲ့အတိုင်းပဲ... ငါ မနက်ဖြန်ကျရင် ပညာရပ်ဆိုင်ရာ ဖလှယ်ရေးပွဲအတွက် ကျင်းရှီကို သွား ရတော့မယ်... တစ်ပတ်ခွဲလောက် ကြာလိမ့်မယ်..."
ကျိုးချန်ယဲ့သည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဆက်လက်၍...၊
"ငါ့ဇနီးက ကလေးမွေးထားတာ မကြာသေးတော့ မီးတွင်းထဲမှာပဲ ရှိသေးတာလေ... ယောက္ခမကလည်း အသက်ကြီးပြီဆိုတော့ ငါ တကယ်ကို စိတ်မချဖြစ်နေမိတယ်..."
"ယောက္ခမရဲ့ သားက ရှိနေတယ်ဆိုပေမဲ့လည်း သူက လျောင်နင်ကနေ အခုမှ ရောက်လာတာဆိုတော့ ပီကင်းကို သေသေချာချာ မသိသေးဘူး..."
"မင်းရဲ့ ဇနီးနဲ့ ရှောင်ယာကလည်း နယ်ခံချင်း တူသလို ခင်လည်း ခင်ကြတာဆိုတော့... မင်းနဲ့ မရီး ငါ့မိသားစုကို ခေတ္တလောက် ကူညီပြီး စောင့်ရှောက်ပေးကြပါဦး..."
"အရေးပေါ် ကိစ္စတစ်ခုခု ပေါ်လာရင်တော့ အစ်ကိုတို့ကိုပဲ အကူအညီ တောင်းရတော့မှာပဲ..."
ဝမ်အိုက်တန့်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ...၊
"ဒီကိစ္စအတွက်တော့ စိတ်မပူနဲ့... ငါနဲ့ လီလီ့ကိုသာ လွှဲထားလိုက်တော့... ငါ့မေမေနဲ့ လီလီက ရပ်ကွက် ကော်မတီရုံးမှာ အလုပ်လုပ်နေတာဆိုတော့ မင်းတို့ ရပ်ကွက်က ငါတို့ လက်အောက်မှာပဲ ရှိတာလေ... ငါ့ဇနီးက မရီးကို သေချာ ဂရုစိုက်ပေးမှာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."
"ငါလည်း မင်းတို့အိမ်ကို ခဏခဏ သွားကြည့်ပေးမယ်... အကူအညီ တစ်ခုခု လိုအပ်ရင်တော့ ငါ ချက်ချင်း ဖြေရှင်းပေးမှာပေါ့..."
ဘေးတွင် ရှိနေသော လီဝေကျွင်းကလည်း ချက်ချင်းပင် ဝင်ပြောလိုက်လေသည်...၊
"အစ်ကိုယဲ့... စိတ်မပူပါနဲ့... ကျွန်တော်လည်း မကြာမကြာ သွားကြည့်ပေးပါ့မယ်..."
ထိုစကားများကို ကြားသောအခါ ကျိုးချန်ယဲ့၏ ရင်ထဲ၌ နွေးထွေးသွားခဲ့ရပြီး သူ၏ ကြွေခွက်ကို မြှောက် လိုက်ကာ...၊
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့... ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်... ငါ ပြန်လာတဲ့အခါ အားလုံးကို အရက်ကောင်းကောင်း ထပ်တိုက်ပါ့မယ်..."
ထိုသူ သုံးဦးမှာ ခေတ္တမျှ ထပ်မံ စကားပြောဖြစ်ကြပြီး ကျိုးချန်ယဲ့ကို လမ်းခရီးတွင် ဂရုစိုက်ရန်နှင့် မိမိ ကိုယ်ကိုယ် ဂရုစိုက်ရန် မှာကြားခဲ့ကြရာ ကျိုးချန်ယဲ့ကလည်း သဘောတူခဲ့လေသည်။
နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာပြီး နောက်ကျနေပြီ ဖြစ်သဖြင့် ၎င်းတို့ သုံးဦးမှာ စကားဝိုင်းကို ရပ်နားလိုက်ကြပြီး အသီးသီး လမ်းခွဲကာ ပြန်လာခဲ့ကြတော့လေသည်။
အိမ်သို့ လျှောက်လှမ်းနေစဉ် သူသည် လျူကျန့်ကော်အတွက် စိတ်ထဲ၌ ဝေဝေဝါးဝါး စိုးရိမ်မိနေခဲ့ လေသည်။ သူ၏ ယခုအကြိမ် ခွင့်ယူခြင်းမှာ သာမန်ကိစ္စတစ်ခု မဟုတ်နိုင်ကြောင်း သူ ခံစားနေရခြင်း ကြောင့် ဖြစ်ပေသည်။
"အမှတ် (+၁၀၀)"
"…."
ကျိုးချန်ယဲ့သည် ခေတ္တမျှ ရပ်တန့်သွားခဲ့လေ၏။ သူ၏ ရှေ့တွင် အပြာနုရောင်ရှိသော တစ်ဝက်တစ်ပျက် အလင်းပေါက် မျက်နှာပြင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်...။
[ပိုင်ရှင်... ကျိုးချန်ယဲ့
လိင်... ကျား
အသက်... (၂၁)
အမှတ်... (၂၀၄)
ကျွမ်းကျင်မှု... မရှိသေးပါ
ဘဏ္ဍာငွေ... (၅၈,၀၀၂.၉၆) ယွမ်၊ ရှေးဟောင်းပစ္စည်းနှင့် ကျောက်မျက်ရတနာ အချို့၊ ပီကင်းရှိ ရှင်းဟွာ တက္ကသိုလ် အနီးမှ ဝင်းခြံပါသော အိမ်တစ်လုံး]
ကျိုးချန်ယဲ့သည် သူ၏ စနစ်မျက်နှာပြင်ပေါ်တွင် ရုတ်တရက် တိုးလာသော အမှတ်များကို ကြည့်ကာ ခဏမျှ ကြောင်အသွားခဲ့လေသည်။
ကျောက်ခဲလေး မွေးဖွားစဉ်က မည်သည့် အမှတ်မှ ပေါ်မလာသဖြင့် အမှတ်များ ထပ်မံ ရရှိတော့မည် မဟုတ်ဟု သူ ထင်ထားခဲ့မိလေသည်။ မထင်မှတ်ဘဲ ဤအမှတ်များမှာ နောက်ကျမှ ရောက်ရှိလာခြင်း ဖြစ်ပေသည်...။
သူသည် စနစ် ဆိုင်ခန်းကို အမြန်ဖွင့်လိုက်ပြီး လဲလှယ်နိုင်သော စာရင်းကို ကြည့်လိုက်လေ သည်...
[ဓာတ်ပုံရိုက်သကဲ့သို့ မှတ်သားနိုင်စွမ်း... အမှတ် (၁၀၀)
အခြေခံ ဆေးပညာ... အမှတ် (၁၀၀)
အခြေခံ ကိုယ်ခံပညာ... အမှတ် (၁၀၀)
စက်မှုကျွမ်းကျင်မှု... အမှတ် (၂၀၀)
ဂီတကျွမ်းကျင်မှု... အမှတ်( ၂၀၀)
ပန်းချီကျွမ်းကျင်မှု... အမှတ် (၂၀၀)]
"စက်မှုကျွမ်းကျင်မှုလား..."
ကျိုးချန်ယဲ့မှာ အံ့အားသင့်သွားခဲ့လေသည်။ သူသည် နှီးနှောဖလှယ်ပွဲသို့ သွားရန် ပြင်ဆင်နေချိန်တွင် ဖြစ်သဖြင့် သည် "စက်မှုကျွမ်းကျင်မှု" ဆိုသည်မှာ တကယ့်ကို အချိန်ကိုက်ပင် ဖြစ်ပေတော့သည်...။