← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) ကျိုးချန်ယဲ့ အိမ်ပြန်လာခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ငါးရက်တာ ကာလမှာ ကုန်လွန်သွားခဲ့ပြီး ထျန်ရှောင်ယာသည်လည်း မီးတွင်းထဲမှ ထွက်ခဲ့ပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာလာပြီး မျက်နှာလေး မှာလည်း နီမြန်းကာ တောက်ပနေခဲ့လေသည်။

ယခုအခါ သူသည် ကုတင်ပေါ်မှ ဆင်း၍ လွတ်လပ်စွာ လမ်းလျှောက်နိုင်နေပြီ ဖြစ်သလို ပေါ့ပါးသော အိမ်အလုပ်အချို့ကိုလည်း လုပ်ကိုင်နိုင်ပြီ ဖြစ်လေသည်။

ကျောက်ခဲလေးမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ချစ်ဖို့ကောင်းလာခဲ့၏။ သူသည် နိုးနေသည့် အချိန် တွင် ဝိုင်းစက်နက်မှောင်နေသော မျက်လုံးအစုံဖြင့် ပတ်ဝန်းကျင်ရှိ လူများကို အစိုက်အပျက် ကြည့်နေ တတ်လေသည်။

သူ၏ ပါးစပ်လေးမှာလည်း တလှုပ်လှုပ်ဖြင့် ရှိနေတတ်ပြီး ထိုနုနယ်လှပသော ပုံရိပ်လေးကြောင့် မိသား စု တစ်ခုလုံးမှာလည်း အမြဲပင် ပြုံးပျော်နေကြရလေသည်။

တစ်ခါတစ်ရံတွင် သူသည် သတိလက်လွတ် ပြုံးလိုက်တတ်ပြီး တအိအိနှင့် အသံလေးများ ပြုလုပ်တတ် ရာ အမေထျန်နှင့် အခြားသူများမှာ ထိုအသည်းကျော်လေးကို အလှည့်ကျ ပွေ့ဖက်ထားကြလျက် ရင်ခွင် ထဲ၌သာ အမြဲတမ်း ယုယထားချင်နေကြလေတော့သည်။

အန်တီဆွန်းနှင့် ထျန်လီလီတို့မှာလည်း မကြာခဏဆိုသလို အိမ်သို့ လာရောက်လေ့ရှိကြပြီး ကြက်ဥ၊ သကြားညိုနှင့် အခြားသော အာဟာရဖြစ်စေမည့် ပစ္စည်းများကို ယူဆောင်လာပေးတတ်ကြသလို ထျန်ရှောင်ယာ ပျင်းမနေစေရန်အတွက်လည်း စကားလာပြောပေးတတ်ကြလေသည်။

ထိုနေ့တွင် ထျန်လီလီသည် လတ်ဆတ်သော သစ်သီးအိတ်တစ်အိတ်ကို ယူဆောင်လာခဲ့ပြန်ပြီး စနောက် ၍ ပြောလိုက်လေသည်...။

"ရှောင်ယာ... နင့်ရဲ့ ကျိုးချန်ယဲ့က တကယ်ကို အလိုက်သိတာပဲ... သူ မသွားခင်က အာယဲ့နဲ့ ကလေးကို စောင့်ရှောက်ပေးဖို့ အိုက်တန့်တို့ကို သေသေချာချာ မှာသွားတာလေ... နင်က ကလေးမွေးထားတာ မကြာသေးတော့ အိမ်မှာ လူအင်အား မလောက်မှာကို သူက စိုးရိမ်နေတာ..."

ထျန်လီလီက ထျန်ရှောင်ယာကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ...၊

"ရဲဘော်ကျိုးက တကယ်ကို စိတ်ရင်းကောင်းတာပဲ... ငါ့ရဲ့ အိုက်တန့်ကတော့ အမြဲတမ်း အမှုမဲ့အမှတ်မဲ့ နေနိုင်လွန်းတယ်..."

ထျန်ရှောင်ယာသည် ခဏမျှ ကြောင်အသွားခဲ့ပြီးနောက် ရင်ထဲ၌ နွေးထွေးမှုများ လှိုက်တက်လာခဲ့ တော့လေသည်။ ထျန်လီလီက ဝမ်အိုက်တန့်ကို မကျေမနပ် ပြောနေသည်ကို ကြားသောအခါ သူက မျက်ခုံးလေး ပင့်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်...။

"အစ်ကိုဝမ်က နင့်အပေါ်မှာ ကောင်းတာပဲ မဟုတ်လား..."

စကားအဆုံးတွင် သူသည် ပါးစပ်လေးကို ပိတ်ကာ ရယ်မောလိုက်လေတော့သည်။

"အမယ်... နင်က ငါ့ကိုတောင် ပြန်စနေပြီပေါ့လေ..."

ထျန်လီလီက စိတ်ဆိုးချင်ယောင်ဆောင်ကာ ထျန်ရှောင်ယာကို ကလိထိုး လိုက်လေသည်။

ထိုသူနှစ်ဦး၏ ကြည်လင်သော ရယ်မောသံများနှင့်အတူ ကျောက်ခဲလေး၏ တအိအိ အသံလေးများမှာ ရောယှက်သွားခဲ့ပြီး အခန်းအတွင်း၌ ပျော်ရွှင်စရာ စကားသံများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။

အမေထျန်သည် ဟင်းသီးဟင်းရွက်များကို သင်နေရင်း ထိုသာယာသော ပုံရိပ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...၊

"ရှောင်ယဲ့က တကယ့်ကို အလိုက်သိတဲ့ ကလေးပါ..."

မိမိ၏ သမီးဖြစ်သူ ရှောင်ယာမှာ ဤကဲ့သို့ ကြင်နာတတ်ပြီး အားကိုးထိုက်သော ယောကျ်ားတစ်ယောက် ကို ရရှိထားသဖြင့် တကယ်ပင် ကံကောင်းလှပေသည်။

ထို့နောက် သူသည် ထျန်လီလီဘက်သို့ လှည့်ကြည့်လိုက်ကာ...၊

"အိုက်တန့်ကလည်း လူကောင်းတစ်ယောက်ပါ... သူက သူ့ဇနီးကိုလည်း ချစ်တယ်၊ ဖြတ်ထိုးဉာဏ် လည်း ကောင်းတယ်၊ ပြီးတော့ ရိုးလည်းရိုးသားတယ်လေ... သူက တကယ့် လူကောင်းလေး တစ် ယောက်ပါ..."

ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာနှင့် ထျန်လီလီတို့မှာ ရှက်ပြုံးလေးများ ပြုံးလိုက်ကြပြီး ရင်ထဲ၌လည်း မိမိတို့သည် မှန်ကန်သော သူနှင့် လက်ထပ်ခဲ့မိသည်ဟု ခံစားလိုက်ရကာ ချိုမြိန်သော နွေးထွေးမှုများကို ခံစားလိုက်ရလေတော့သည်။

————————————

ထိုနေ့ ညနေခင်းတွင် ကျိုးချန်ယဲ့သည် ခရီးပန်းလာသော ပုံစံဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့လေ၏။ သူ၏ ကျောပေါ်တွင် ဖောင်းကားနေသော အဝတ်အိတ် တစ်အိတ်ကို လွယ်ထားပြီး လက်ထဲတွင်လည်း ပိုက် ကွန်အိတ် အချို့ကို ကိုင်ဆောင်ထားလေသည်။

သူသည် ဝင်းခြံထဲသို့ ဝင်လိုက်သည်နှင့် ဝမ်းသာအားရ စိတ်ကို မထိန်းနိုင်ဘဲ အော်ဟစ် နှုတ်ဆက်လိုက် လေတော့သည်...။

"ရှောင်ယာ... အမေ... ဒုတိယအစ်ကို... ဒုတိယမရီး... ကျွန်တော် ပြန်လာပြီ..."

ထျန်ရှောင်ယာသည် ကျောက်ခဲလေးကို ပွေ့ချီလျက် အလျင်အမြန် ထွက်လာခဲ့လေ၏။ သူ၏ အကြည့် မှာ ကျိုးချန်ယဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့ရာ သူသည် အနည်းငယ် ပိန်သွားသော်လည်း မျက်ခုံး နှင့် မျက်လုံးများမှာမူ တောက်ပနေဆဲပင် ဖြစ်လေသည်။ သူက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်...။

"ပြန်လာပြီလား... လမ်းမှာ အရမ်း ပင်ပန်းလာမှာပေါ့..."

"ညီလေး... ပြန်လာပြီလား... ပစ္စည်းတွေကို အစ်ကို့ကို ပေး..."

ထျန်ချင်းလင်းသည် အနားသို့ လျှောက်လာကာ ဖောင်းကားနေသော အိတ်များကို လှမ်းယူ၍ အိမ်ထဲသို့ သယ်သွားပေးလေသည်။

ကျိုးချန်ယဲ့သည် သူ၏ ဇနီးသည်၏ ရင်ခွင်ထဲမှ ကျောက်ခဲလေးကို လှမ်းယူလိုက်လေ၏။ ထိုကလေး ငယ်မှာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ တိုးဝင်ကာ ခေါင်းလေးဖြင့် ပွတ်သပ်နေပြီး ဝိုင်းစက်သော မျက်လုံး လေးများဖြင့် သူ့အား စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက် သူသည် ရုတ်တရက် ပြုံးလိုက်ပြီး တအိအိ အသံလေးများပင် ပြုလုပ်နေခဲ့လေ၏။

ကျိုးချန်ယဲ့မှာ ရင်ထဲ၌ အရည်ပျော်သွားခဲ့ရတော့သည်။ သူသည် ခေါင်းငုံ့ကာ သားဖြစ်သူ၏ နဖူးကို နမ်းလိုက်ပြီး နှုတ်ခမ်းမှ အပြုံးကို မထိန်းနိုင်ဘဲ...

"ငါတို့ ကျောက်ခဲလေးက သူ့အဖေကို မှတ်မိသားပဲ..."

လူအုပ်ကြီးမှာ ရယ်မောပျော်ရွှင်စွာဖြင့် အိမ်မကြီးထဲသို့ ဝင်လာခဲ့ကြလေသည်။ ဒုတိယမရီး ကျောက် ရှောက်ထင်မှာ သွက်လက်သူ ဖြစ်သဖြင့် မီးဖိုချောင်ထဲသို့ ဝင်ကာ အငွေ့တထောင်းထောင်း ထနေသော သကြားညိုရေ တစ်ခွက်ကို ချက်ချင်း ယူဆောင်လာပေးခဲ့လေသည်။ သူသည် ကျိုးချန်ယဲ့၏ ဘေးရှိ ရှစ်မြှောင့်စားပွဲပေါ်တွင် ထိုခွက်ကို ဂရုတစိုက် ချပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"မောင်လေး... အမြန်ထိုင်ပြီး သကြားရေလေး သောက်လိုက်အုန်း… အမောဖြေလိုက်ဦး..."

"ကျေးဇူးတင်ပါတယ် ဒုတိယမရီး..."

ကျိုးချန်ယဲ့က အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

အမေထျန်က ဘေးမှ ကြည့်ကာ ပြုံးလျက် ပြောလိုက်၏...၊

"ရှောင်ယဲ့... မင်း ထမင်းမစားရသေးဘူး မဟုတ်လား... ရှောင်ယာနဲ့ ခဏလောက် စကားပြောနေဦး နော်... အမေ မီးဖိုချောင်ထဲသွားပြီး မင်းအတွက် ခေါက်ဆွဲပူပူလေး တစ်ပွဲ သွားလုပ်ပေးမယ်..."

သူသည် မီးဖိုချောင်ဘက်သို့ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် ဒုတိယမရီး ကျောက်ရှောက်ထင်က သူ၏ ယောက္ခမကို အမြန်ပင် ဝင်ကူလိုက်လေသည်။ သူသည် ထွက်မသွားမီ စားပွဲတွင် အူတူတူ ထိုင်နေ သော သူ၏ ခင်ပွန်းကိုလည်း အပြင်သို့ ဆွဲထုတ်သွားခဲ့လေ၏။

"မိန်းမ... မင်း ငါ့ကို ဘာလို့ ဒီကို ဆွဲထုတ်လာတာလဲ..."

ထျန်ချင်းလင်းသည် မီးဖိုချောင် တံခါးဝသို့ ရောက်မှ သတိဝင်လာပြီး ပြောလိုက်သည်...။

"ငါ့ညီလေးနဲ့ သေသေချာချာ စကားမပြောရသေးဘူးလေ..."

ဒုတိယမရီးက ထိုစကားကို ကြားသောအခါ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ချေ။

အမေထျန်သည် သူ၏ အူတူတူကောင် သားဖြစ်သူကို လှည့်ကြည့်ကာ အလွန်ပင် စိတ်ပျက်သွားခဲ့ရ လေ၏။ ဘယ်သူကများ ဒီလို အလိုက်မသိလွန်းတဲ့ အူတူတူကောင်ကို မွေးထားတာလဲ မသိဘူးဟု သူ တွေးမိနေခဲ့လေသည်။

ထို့နောက် သူက အနည်းငယ် စိတ်တိုသော လေသံဖြင့်...

"နင် ဒီကိုလာပြီး ငါ့ကို မီးကူမွှေးပေးစမ်း..."

"ဟုတ်ကဲ့... ဟဲဟဲ..."

ထျန်ချင်းလင်းက ရယ်ကျဲကျဲဖြင့် လုပ်နေခဲ့လေသည်။ မိမိ၏ မိခင်ကို သူ မဆန့်ကျင်ရဲသလို နှီးဖျားစာ လည်း မစားချင်သဖြင့် ငြိမ်ငြိမ်လေးသာ လိုက်သွားခဲ့လေတော့သည်။

အိမ်မကြီးအတွင်း၌ ထိုဇနီးမောင်နှံနှင့် ကျောက်ခဲလေးတို့သာ ကျန်ရစ်ခဲ့လေတော့သည်။ ကျိုးချန်ယဲ့ သည် ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားကာ လက်ဖမိုးလေးကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့လေ သည်။ သူ၏ မျက်လုံးများမှာလည်း ဂရုဏာရိပ်များဖြင့် ပြည့်နှက်နေလျက်ရှိနေခဲ့ပြီး...၊

"ရှောင်ယာ... မင်း ပင်ပန်းနေမှာပဲနော်..."

"မပင်ပန်းပါဘူး... ကျောက်ခဲလေးက အရမ်းကို လိမ္မာပါတယ်... အမေတို့ကလည်း ကူညီပေးကြတော့ ကျွန်မ တကယ် မပင်ပန်းပါဘူး..."

ထျန်ရှောင်ယာက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ကာ ညင်သာစွာ ပြောလိုက်သည်...၊

"အစ်မလီလီနဲ့ အန်တီဆွန်းတို့လည်း ခဏခဏ လာပြီး စကားပြောပေးကြတယ်... အိမ်မှာ အားလုံး အဆင်ပြေပါတယ်..."

သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ မော့ကြည့်၍ ပြောလိုက်လေ သည်။

"ဟုတ်သားပဲ... အစ်ကို ထွက်သွားပြီး ရက်နည်းနည်းကြာတော့ အစ်ကိုကြီး ကျန့်ကော်နဲ့ သူ့ဇနီး ကျွန်မ တို့အိမ်ကို လာခဲ့ကြသေးတယ်..."

"အစ်ကိုကြီး ကျန့်ကော်နဲ့ သူ့ဇနီး ဟုတ်လား..."

ကျိုးချန်ယဲ့မှာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိလေသည်။ လျူကျန့်ကော်သည် သူ ပီကင်း မှ မထွက်ခွာမီ နေရပ်သို့ ခွင့်တိုင်၍ ပြန်သွားခဲ့သည်ကို သူ သတိရသွားခြင်းကြောင့် ဖြစ်ပေသည်။

"သူ လက်ထပ်လိုက်ပြီလား..."

"ဟုတ်တယ်... သူတို့ နှစ်ယောက်က ဒီလမ်းထဲမှာပဲ ခြံဝင်းတစ်ခု ငှားနေကြတာလေ... အစ်ကို ပြန်လာ ရင် ဆုံကြမယ်လို့လည်း ပြောသွားတယ်..."

စကားပြောနေရင်း ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့၏ ရင်ခွင်ထဲမှ ကျောက်ခဲလေးကို လှမ်းယူရန် ပြင် လိုက်လေသည်...။

"လာ... ကျောက်ခဲလေးကို ကျွန်မ ပေးလိုက်ပါ... အစ်ကို ရေလေးသောက်ပြီး ခဏလောက် အနားယူ လိုက်ဦး..."

ကျိုးချန်ယဲ့သည် ကျောက်ခဲလေးကို ဇနီးဖြစ်သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ပြီး ခေါင်း ညိတ်ပြလိုက်ကာ...၊

"ကောင်းပါပြီ... မနက်ဖြန်ကျရင် အစ်ကို သူတို့ဆီ သွားကြည့်လိုက်ဦးမယ်..."

ထိုအချိန်မှာပင် အပြင်ဘက်မှ အမေထျန်၏ အသံ ထွက်ပေါ်လာခဲ့လေသည်...။

"ရှောင်ယဲ့... ခေါက်ဆွဲ လာစားဦးလေ..."

ကျိုးချန်ယဲ့သည် မော့ကြည့်လိုက်ရာ အမေထျန်မှာ ပန်းကန်ကြီး တစ်လုံးကို ကိုင်ဆောင်ထားပြီး ခွက် နှုတ်ခမ်းမှ အငွေ့များ ထောင်းထောင်းထနေသည်ကို မြင်လိုက်ရလေသည်။

သူသည် လိုက်ကာကို မကာ သတိထား၍ ဝင်လာခဲ့ရာ ကျိုးချန်ယဲ့က အမြန်ထ၍ သူ့ထံမှ ပန်းကန်ကို လှမ်းယူလိုက်လေသည်...။

"အမေ... ဖြည်းဖြည်းလာပါ... ကျွန်တော် ယူပါ့မယ်..."

ပူပူနွေးနွေး ခေါက်ဆွဲတစ်ပွဲ စားလိုက်ရပြီးနောက်တွင် သူ၏ ပင်ပန်းနွမ်းနယ်မှုများမှာ လုံးဝ ပျောက် ကွယ်သွားခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် ပါးစပ်ကို သုတ်လိုက်ကာ လှည့်ကြည့်လိုက်ပြီး စားပွဲပေါ်သို့ ဂုန်နီအိတ်နှင့် ပိုက်ကွန် အိတ်တို့ကို တင်လိုက်ကာ ပြုံးလျက် ဖွင့်ပြလိုက်လေ၏။

သူသည် လူတိုင်းအတွက် ပြင်ဆင်လာသော လက်ဆောင်များကို ထုတ်ယူလိုက်ရာ သူ၏ မျက်နှာတွင် လည်း အပြုံးများဖြင့် ပြည့်နှက်နေခဲ့လေသည်...။

"ဒီတစ်ခေါက် ကျင်းရှီကနေ အားလုံးအတွက် ပစ္စည်းအချို့ ဝယ်လာခဲ့တယ်... အကုန်လုံးက ဒေသထွက် ပစ္စည်းတွေချည်းပဲ... အစ်ကိုတို့ ကြိုက်မကြိုက် ကြည့်ကြည့်ကြပါဦး..."

ထို့နောက် သူသည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ထုတ်ယူကာ အမေထျန်ထံသို့ ကမ်းပေးလိုက်လေသည်။

"အမေ... ဒါက ကျင်းရှီက နာမည်ကြီး မာဟွားမုန့်နဲ့ ဆန်မုန့်တွေလေ... အမေ ကြိုက်တတ်တဲ့ အချိုကဲပြီး ကြွပ်ကြွပ်လေးတွေပေါ့..."

"ပြီးတော့ ဒါက ဂွမ်းသား ခေါင်းပေါင်းပုဝါ အိအိလေးလေ... ဆောင်းတွင်းကျရင် လေကာဖို့နဲ့ နွေးနွေး ထွေးထွေး ရှိဖို့အတွက် ကောင်းတာပေါ့..."

အမေထျန်သည် လက်ဆောင်ကို လှမ်းယူလိုက်ကာ တစ်ကိုယ်လုံး ပြုံးဖြီးနေခဲ့တော့သည်...

"ဒီကလေးကတော့လေ... အဝေးမှာ စာသွားသင်နေတာကို ပစ္စည်းတွေ ဝယ်ဖို့ ငွေတွေ ဖြုန်းနေပြန်ပြီ... အိမ်မှာ အကုန် ရှိသားပဲကို... ပိုက်ဆံတွေ အလဟဿ မသုံးပါနဲ့ဆိုတာကို..."

ထို့နောက် ကျိုးချန်ယဲ့သည် ပြောင်လက်နေသော ဟီးရိုး ဖောင်တိန်တစ်ချောင်းကို ထုတ်ယူကာ ထျန်ချင်းလင်းထံသို့ ကမ်းပေးလိုက်လေသည်...။

"ဒုတိယအစ်ကို... ဒီဖောင်တိန်ကို ကျင်းရှီမှာ ဝယ်လာတာ... စာရေးရတာ တကယ့်ကို ချောမွေ့တယ်... လုပ်အားရမှတ်တွေ မှတ်ဖို့နဲ့ တခြားစာရေးတဲ့ နေရာတွေမှာ သုံးဖို့ အရမ်းကို အဆင်ပြေမှာပါ..."

ထျန်ချင်းလင်းသည် ဖောင်တိန်ကို ကိုင်ကာ အထပ်ထပ် အခါခါ ကြည့်နေခဲ့ပြီး...၊

"ကျေးဇူးတင်ပါတယ် ညီလေးရာ... ဒီဖောင်တိန်က တကယ့်ကို ကောင်းတာပဲ... ငါကလည်း ဖောင်တိန် ကောင်းကောင်း တစ်ချောင်း လိုချင်နေတာလေ... အခုတော့ အလုပ်လုပ်တဲ့အခါနဲ့ လုပ်အားရမှတ်တွေ မှတ်တဲ့အခါ ဖြစ်သလို သုံးနေစရာ မလိုတော့ဘူးပေါ့..."

ထို့နောက် သူသည် ဖောင်တိန်ကို သူ၏ အတွင်းအိတ်ထဲသို့ အဖိုးတန် ရတနာတစ်ခုကဲ့သို့ သေသေချာချာ ထည့်သိမ်းလိုက်လေတော့သည်။

ကျိုးချန်ယဲ့သည် သေသေသပ်သပ် ခေါက်ထားသော တာကာလွန် ပိတ်စ တစ်စကို ထုတ်ယူကာ သူ၏ ဒုတိယမရီးထံသို့ ကမ်းပေးလိုက်လေ၏...

"ဒုတိယမရီး... ဒါက ကျင်းရှီ ကုန်တိုက်ကြီးကနေ ဝယ်လာတဲ့ တာကာလွန် ပိတ်စလေ... မြို့ပေါ်မှာ ခေတ်အစားဆုံး အပြာနုရောင်လေးပေါ့... ဒါကို အဝတ်အစား ချုပ်ဝတ်ဖို့ သိမ်းထားလိုက်ပါဦး..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် လက်လှမ်း၍ ပိတ်စကို ထိတွေ့ကြည့်လိုက်ရာ အေးစိမ့်ပြီး ချောမွေ့သော အထိအတွေ့ကို ခံစားလိုက်ရလေသည်။ သူ၏ မျက်လုံးများမှာလည်း ချက်ချင်းပင် တောက်ပသွားခဲ့ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်...။

"အလိုလေး... သည်ပိတ်စက တကယ်လှပြီး အထိအတွေ့ကလည်း တကယ်ကောင်းတာပဲ... အစ်မ လည်း တာကာလွန် ပိတ်စနဲ့ အဝတ်အစား ချုပ်ဝတ်ချင်နေတာ ကြာပြီလေ... ကျေးဇူးတင်ပါတယ် မောင်လေးရယ်..."

All Chapters